အရင်းအမြစ်များ
Vol. 37 Ch. 505
“ ရှင်သာ ထာဝရဧကရာဇ် ဖြစ်လာသရွေ့ နှလုံးသားငါးခုဧကရာဇ်ကို အနိုင်ယူနိုင်တယ်” ဝူဟုန်က ပြောလိုက်သည်။
“ ဘယ်လိုဖြစ်ပြီးတော့လဲ”
“ ထာဝရဧကရာဇ်ရဲ့ အင်အားက ကွဲပြားတယ်။ ကျွန်မရဲ့ တွက်ချက်မှုအရ ရှင့်ခန္ဓာကိုယ်ကို အထွတ်အထိပ်အထိ ကျင့်ကြံပြီးတဲ့နောက်မှာ မဟာတာအိုအရင်းအမြစ်ရဲ့ ဆေးကြောမှုက ရှင့်ခန္ဓာကိုယ်ကို ပိုမိုအားကောင်းလာစေပြီးတော့ ငါးရာခိုင်နှုန်း အပိုခွန်အား ပေးလာလိမ့်မယ်။ တကယ်လို့ ရှင့်ရဲ့ လူဝင်စားကိုးယောက် အစီအစဉ်သာ အောင်မြင်သွားမယ်ဆိုရင် နောက်ထပ် ငါးရာခိုင်နှုန်း တိုးမြင့်လာနိုင်တယ်။ အဲဒါကြောင့် ရှင်က သုံးဆယ်ရာခိုင်နှုန်း နားလည်စွမ်းအားရှိထားတဲ့ ဧကရာဇ်တွေနဲ့ တိုက်ခိုက်နိုင်တယ်”
“ အဲလိုမျိုးလား”
“ အဲဒါက အဆုံးသတ် မဟုတ်သေးဘူး” ဝူဟုန်က ဆက်ပြောလိုက်သည် “ ရှင့်ရဲ့ စံပြအရည်အသွေးဝိညာဉ်က နောက်ထပ် ဆယ်ရာခိုင်နှုန်း တိုးမြှင့်ပေးပြီးတော့ ရှင်သာ ထိန်းချုပ်နိုင်မယ်ဆိုရင် ရှင့်စိတ်စွမ်းအားက နောက်ထပ် ဆယ်ရာခိုင်နှုန်း တိုးမြင့်ပေးလိမ့်မယ်။ ပြီးတော့ ရှင့်ရဲ့ မဟာတာအိုအရင်းအမြစ်အပေါ် ထိန်းချုပ်နိုင်မှုနဲ့ တာအိုဆန္ဒက နောက်ထပ် နှစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းအထိ တိုးမြင့်ပေးနိုင်တယ်။
အဲဒါကြောင့် တွက်ချက်ကြည့်ရင် ရှင်တာအိုကို သက်သေပြပြီးတာနဲ့ ၅၃ ရာခိုင်နှုန်းနားလည်နိုင်စွမ်းရှိတဲ့ ဧကရာဇ်နဲ့ ယှဉ်နိုင်လိမ့်မယ်။ ရှင်က တကယ်ကို အားကောင်းတော့မှာပဲ” ဝူဟုန်က ခံပြင်းမှုဖြင့် ပြောလိုက်သည်။
“ ဟား…ဟား…” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြန်ပြောလိုက်၏။
“ ဒါက အဆုံးသတ် မဟုတ်သေးဘူး။ တကယ်လို့ ရှင်သာ ရှင့်အစွမ်းထိန်းချုပ်ရေးပညာရပ်ကို ကောင်းကင်တာအိုအဆင့်အထိ ကျင့်ကြံနိုင်မယ်ဆိုရင် နောက်ထပ် ၅ရာခိုင်နှုန်း တိုးမြင့်လာလိမ့်မယ်။
ပြီးတော့ ရှင့်တာအိုသက်သေပြပစ္စည်းအတွက် ပိုမိုကောင်းမွန်တဲ့ ပစ္စည်းကို ရှာတွေ့နိုင်မယ်ဆိုရင် နောက်ထပ် ရာခိုင်နှုန်းအနည်းငယ် တိုးမြင့်ပေးနိုင်တယ်။ ရှင်က ထာဝရဧကရာဇ်ဖြစ်လာပြီးပြီးချင်း ကောင်းကင်ဘုံအဆင့်နဲ့ လက်ရည်တူဖြစ်နေတာ ယုံတောင် မယုံနိုင်ဘူး”
“ မင်း အားကျနေတာ ကြည့်လို့ကောင်းတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ ရှင့်ကို နှစ်အနည်းငယ် ပိတ်ထားပြီးတော့ ဖိနှိပ်စေချင်တာလား”
“ မင်းနှလုံးသားထဲက မနာလိုမှုအတွက် ကိုယ့်ကို ဒေါသမထွက်ပါနဲ့ကွာ”
ဝူဟုန်က မျက်လုံးဝေ့ကြည့်လိုက်ပြီး သူ့အား လျစ်လျူရှုထားလိုက်သည်။
“ အဲဒါဆို ကောင်းကင်ဘုံအဆင့် ဖြစ်လာဖို့ ရာခိုင်နှုန်း ဘယ်လောက်လိုတာလဲ”
“ ကောင်းကင်ဘုံအဆင့်အတွက် ၇၀ ရာခိုင်နှုန်း … စံပြအတွက် ၉၀ရာခိုင်နှုန်းပဲ”
“ အဲလောက်တောင်လား။ အဲဒါဆို မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့ပဲ လိုတာပေါ့”
“ ဘယ်ဟုတ်မလဲ။ ကောင်းကင်ဘုံအဆင့်ဖြစ်လာဖို့ တခြားအရာတွေ ရှိသေးတယ်။ တကယ်လို့ ရှင်က ထာဝရအဆင့် ဖြစ်ချင်တယ်ဆိုရင်ပေါ့”
“ ကိုယ် သိပြီ” ဝမ်ဝေ့က တခြားဘာမှထပ်မမေးတော့ဘဲ ပြောလိုက်သည်။ ထိုကိစ္စများက သူနှင့် အလှမ်းဝေးကွာလွန်း၏။ ထို့ကြောင့် သူက တခြားတစ်ခုကိုသာ မေးလိုက်သည် “ မင်း ထာဝရဧကရာဇ် ဖြစ်လာပြီးတော့ ခွန်အားက ဘယ်လောက်ရှိလဲ”
“ ကျွန်မ မိစ္ဆာမင်းသားကို စည်းပိတ်ပြီး စုပ်ယူပြီးတော့ အခြေခံအုတ်မြစ်အဖြစ် ထားပြီးတဲ့နောက်မှာ နောက်ထပ် ၅ရာခိုင်နှုန်း ထပ်ရရှိလာတယ်။ ကျွန်မရဲ့ ဝိညာဉ်က ထူးခြားတော့ သူ့ဝိညာဉ်စွမ်းအားကို စုပ်ယူပြီးတာနဲ့ နောက်ထပ် အရည်အသွေးမြင့်မားသွားပြီးတော့ နောက်ထပ် ၅ ရာခိုင်နှုန်းရလာတယ်။
အဲဒီနောက် ကျွန်မရဲ့ တာအိုသက်သေပြပစ္စည်းကို အခြေခံအုတ်မြစ်အနေနဲ့ ဟွင်သွမ်းရတနာဆယ်ခု အသုံးပြုခဲ့တော့ ၅ ရာခိုင်နှုန်း တိုးမြင့်လာတယ်။ ပြီးတော့ ကျွန်မက မိစ္ဆာနတ်ဘုရားတွေကို စည်းပိတ်ပြီးတော့ စုပ်ယူခဲ့တာကြောင့်မလို့ အခြေခံအုတ်မြစ်က ပိုမိုသိမ်မွေ့သွားပြီးတော့ နောက်ထပ် ၅ ရာခိုင်နှုန်း တိုးမြင့်လာတော့ စုစုပေါင်း ၄၀ ရာခိုင်နှုန်းပဲ”
“ ဟွင်သွမ်းရတနာ ဆယ်ခုတောင်လား။ မင်းက ဘယ်လောက်တောင် ချမ်းသာနေတာပါလိမ့်”
“ ကျွန်မက အဲ့ခေတ်ကာလက ကံကြမ္မာသမီးတော်ပဲလေ။ ချမ်းသာရမှာပေါ့။ ပြီးတော့ ရတနာတွေက ကျွန်မ ဖြတ်ကျော်ခဲ့ရတဲ့ အရာအားလုံးအတွက် ကောင်းကင်တာအိုရဲ့ ဆုလာဘ်ပဲလေ။”
“ အဟုတ်ပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည် “ ဟွင်သွမ်းရတနာတွေက ထာဝရဧကရာဇ်အသုံးအဆောင်တွေနဲ့ ယှဉ်နိုင်မယ်လို့ ထင်ထားတာ။ မင်း ဆယ်ခုနဲ့ဆိုရင် မင်းအင်အားက သိသိသာသာ တိုးမြင့်သွားသင့်တာ မဟုတ်ဘူးလား”
ဝူဟုန်က ခေါင်းခါကာ “ ဒိုင်မေးရှင်းအနိမ့်ကလူတွေက ပင်ကိုနဲ့ ဟွင်သွမ်းအဆင့် ရတနာတွေရဲ့ စွမ်းအားကို အထင်ကြီးလွန်းတယ်။ တကယ်တမ်း အဲဒီရတနာတွေကို ခွဲခြားထားတာက မဟာဧကရာဇ်တွေနဲ့ မသေမျိုးအဆင့် ပုဂ္ဂိုလ်တွေအတွက် သူတို့ရဲ့ သက်ရောက်မှုကြောင့်ပဲ။ သူတို့ရဲ့ တကယ့်စွမ်းအားကြောင့် မဟုတ်ဘူး။
အဲလိုရတနာမျိုးတွေရဲ့ အရေးသာချက်က သူတို့ကို အသုံးပြုတဲ့အခါမှာ တန်ပြန်သက်ရောက်မှု မခံစားရတာပဲ။ ကျင့်ကြံသူတွေက ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်နေရင်တောင် ဧကရာဇ်အသုံးအဆောင်ပစ္စည်းတွေရဲ့ စွမ်းအားအပြည့်အဝကို ထုတ်သုံးနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ပင်ကို ဒါမှမဟုတ် ဟွင်သွမ်းရတနာတွေက ထိပ်တိုက်ရင်ဆိုင်နိုင်တယ်ဆိုတာက ပုံမှန်ပါပဲ။”
“ ကိစ္စတွေက ထင်ထားသလောက် မရိုးရှင်းဘူးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ ဟုတ်တယ်။ ပင်ကိုနဲ့ ဟွင်သွမ်းရတနာရဲ့ တကယ့်တန်ဖိုးအစစ်က သူတို့ကို ပင်ကိုအထွတ်အထိပ်ရတနာ ဒါမှမဟုတ် ဟွင်သွမ်းအထွတ်အထိပ် ရတနာအဖြစ် ပြောင်းလဲနိုင်တာပဲ။ အဲဒီဟာက ဒိုင်မေးရှင်းအမြင့်က စံပြ ဒါမှမဟုတ် ကောင်းကင်ဘုံအဆင့်တွေနဲ့ ယှဉ်နိုင်တဲ့ တကယ့်ရတနာအစစ်ပဲလေ။ တချို့အရာတွေက အဲလိုမျိုး အင်မတန်အားကောင်းပြီးတော့ ကြောက်မက်ဖွယ် စွမ်းအားမျိုး ရှိကြတယ်”
ဝမ်ဝေ့က ထိုအရာကို စဉ်းစားမိပြီးနောက် အကြည့်များက လင်းလက်တောက်ပသွားသည်။ ထို့နောက် သူက ပင်ကိုနှင့် ဟွင်သွမ်းရတနာများကို စုစည်းပြီး တက်လှမ်းပြီးသည့်နောက်တွင် အထွတ်အထိပ်ရတနာအဖြစ် ပြောင်းလဲရမည်။
“ ရှင် တွေးနေတာကို သိတယ်။ ဒါပေမဲ့ အဲဒီအရာတွေကို အထွတ်အထိပ်ရတနာအဖြစ် ပြောင်းလဲဖို့ရာ ခက်ခဲတယ်။ ပြီးတော့ အချိန်နဲ့ အခွင့်ကောင်းလည်း လိုအပ်သေးတယ်”
ဝမ်ဝေ့က ထိုအရာကို ခန့်မှန်းထားပြီးသားဖြစ်သော်လည်း သူ့ဆုံးဖြတ်ချက်ကို မပြောင်းလဲပေ။ ထို့အပြင် သူက ထိုဖြစ်စဉ်ကို အရှိန်မြှင့်တင်ရမည့် အတွေးတချို့ပါ ရှိထားလေသည်။ သူက အလုပ်ဖြစ်မည်လားဟု မသေချာသော်လည်း အခြေခံအစီအစဉ်ဖြင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။
“ ထာဝရဧကရာဇ်တွေက သူတို့အဆင့်အထက် တိုက်နိုင်တယ်လို့ ထင်လား” သူက မေးလိုက်သည်။
“ ကျွန်မက အဲဒါတော့ မသိဘူး။ ဒါပေမဲ့ ဓားဧကရီနဲ့ အကြွင်းမဲ့စတင်ခြင်းဧကရာဇ်တွေရဲ့ အောင်မြင်မှုအရ သူတို့က တိုက်ပွဲခွန်အား ၃၀ရာခိုင်နှုန်းထက်တော့ ပိုလောက်တယ်”
“ ကိုယ်သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထို့နောက် သူက အရေးကြီးသည့်မေးခွန်းကို ထုတ်မေးလိုက်၏။
“ အဲဒါဆိုတော့ ကိုယ့်အနေနဲ့ ကျန်းပိယုရဲ့ အဆိုပြုချက်ကို လက်ခံသင့်တယ်လို့ ထင်လား”
“ ရှင့်သဘောပဲလေ”
“ ကိုယ်က ကောင်းကင်တာအိုကနေ ပုန်းအောင်းနေနိုင်တဲ့ နှလုံးသားငါးခု ဧကရာဇ်ရဲ့ ရတနာကို စိတ်ဝင်စားတယ်။ ပြီးတော့ သူမက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကိုတောင် ဝင်စွက်ဖက်နိုင်တယ်လေ။ အဲဒီအရာက ပင်ကို ဒါမှမဟုတ် ဟွင်သွမ်းအထွတ်အထိပ် ရတနာဖြစ်နေမယ်လို့ ထင်လား”
“ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင်လည်း အဲလောက်အဆင့်ထိ နီးကပ်နေတဲ့ အရာမျိုးပေါ့”
ဝမ်ဝေ့က သူနှင့် ခေတ္တစကားပြောပြီးသည့်နောက်တွင် တစ်လအကြာ သီးသန့်ကျင့်ကြံဖို့ ဝင်ရောက်သွားခဲ့သည်။ သူက သူ့အနာဂတ်အစီအစဉ်များအား အသေးစိတ် စီမံလိုက်၏။ ထိုအရာက ပြီးဆုံးသည့်နောက် သူက စာရွက်တစ်ပွေ့နှင့်အတူ ဝူဟုန်ဆီ ထွက်လာသည်။
“ ကိုယ်တို့နောက်ဆုံး စကားဝိုင်းကနေ စဉ်းစားနေတာ။ သာမန်အရင်းအမြစ်ကမ္ဘာတွေက ကျင့်ကြံဆင့် အများကြီးရှိတယ်ဆိုတာ ပုံမှန်လို့ပြောတယ် ဟုတ်တယ်မလား”
“ ဟုတ်တယ်။ ခဏလေး ရှင်က အရင်းအမြစ်ကမ္ဘာတွေနဲ့ တူညီတဲ့ မသေမျိုးကို ရရှိဖို့ ကျင့်ကြံရေးနည်းစနစ်ကို ဖန်တီးချင်နေတာလား”
“ ဟုတ်တယ်”
“ ကံဆိုးတာက မဖြစ်နိုင်ဘူး”
“ ဘာလို့လဲ”
“ လူတော်တော်များများက ရှင်နဲ့ အတွေးအတူတူ ရှိကြတယ်။ ဒါပေမဲ့ သူတို့အားလုံး ကျရှုံးခဲ့ကြတယ်” ဝူဟုန်က စာအုပ်တစ်အုပ်ဖတ်နေရင်း ပြန်ဖြေလိုက်သည်။
“ ပုံမှန်ဆိုရင် ရှင်က သူများ မလုပ်နိုင်တာကို လုပ်နိုင်တဲ့ စွမ်းရည်ကို အထင်မသေးပါဘူး။ ဒါပေမဲ့ ဒီကိစ္စမှာ မဖြစ်နိုင်ဘူး။ ရှင်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ စည်းမျဉ်းတစ်ခုလုံးကို ပြန်ရေးသားနိုင်မဲ့ စွမ်းရည် မရှိသရွေ့ပေါ့။ အဲဒါက ကျွန်မ အထွတ်အထိပ်အခြေအနေမှာ ရှိနေတုန်းက လုံးဝ မဖြစ်နိုင်ခဲ့တဲ့အရာပဲ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး “ အဲဒါဆို အဲဒီလူတွေရဲ့ ကြိုးစားမှုက ဘာဖြစ်သွားတာလဲ”
“ သူတို့ဖန်တီးထားတဲ့ အဆင့်အများစုက အဆင့်ငယ်အဖြစ် ပြောင်းလဲသွားပြီးတော့ အရင်းအမြစ်ကမ္ဘာရဲ့ သေမျိုးနယ်ပယ်အဆင့် ၉ဆင့် ဖြစ်သွားတယ်။ ပြီးတော့ တချို့အဆင့်တွေက အသုံးမဝင်သလို မရရှိနိုင်ကြတော့ သေမျိုးတွေအတွက် ဇာတ်ကြောင်းတစ်ခုအပြင် ဘာမှမပိုဘူး။
အဲဒါကြောင့် စစ်ဆေးမှုတွေနဲ့ အမှားအယွင်းတွေ ပြန်ပြင်ပြီးတဲ့နောက်မှာ အဲဒီလူတွေက အရင်းအမြစ်ကမ္ဘာရဲ့ စည်းမျဉ်းက သေမျိုးကျင့်ကြံဆင့် ကိုးခုနဲ့ မသေမျိုးကျင့်ကြံဆင့် သုံးခုကိုပင် ခွင့်ပြုပေးထားတယ်ဆိုတာကို သိလိုက်ကြတယ်”
ဝမ်ဝေ့က ခေတ္တမျှစဉ်းစားပြီးနောက် သူ့လက်ထဲမှ စာရွက်အား ဖြန့်ကာ “ အဲဒါဆို ဒီအစီအစဉ်က အသုံးမဝင်ဘူးပဲ။ ကောင်းပြီ။ ကိုယ့်အဖေနဲ့ သွားတွေ့လိုက်ဦးမယ်”
သူက ဝူဟုန်၏ ပါးပြင်အား နမ်းရှိုက်ပြီးနောက် ထျန်းဝေ့တောင်ထိပ်သို့ ထွက်သွားလိုက်သည်။
“ မင်းက ဘာလို့ အဆောင်နဲ့ မဆက်သွယ်လိုက်ရတာလဲ”
“ ကျွန်တော်က စာရွက်တွေကို ပိုသဘောကျတယ်”
ဝမ်ထျန်းက ခေါင်းခါလိုက်ပြီးနောက် စာရွက်တစ်ထောင်ကျော်ပါနေသည့် စာတမ်းအား စက္ကန့်ပိုင်းမျှဖြင့် ဖတ်ရှုလိုက်သည်။ သူက ထိုအရာကို ဖတ်ရှုပြီးသည့်နောက်တွင် နှုတ်ခမ်းများက တွန့်ချိုးသွား၏။ သူက သူ မှန်ရဲ့လားဟု အကြိမ်တချို့ ထပ်မံဖတ်ကြည့်လိုက်သည်။
သူ့သားအား ကြည့်ကာ “ မဖြစ်နိုင်ဘူး”
“ ဘာလို့လဲ”
“ မင်းရူးနေလား။ မင်း ဘာတောင်းဆိုနေတယ်ဆိုတာကို နားမလည်ဘူးလား။ မင်းက မင်းရဲ့ လူဝင်စားကိုးယောက်ကို ကျင့်ကြံဖို့ အရင်းအမြစ်တွေအကုန်လုံးကို ပေးစေချင်နေတာလား။ ပြောရရင် မင်းက ဂိုဏ်းကို မင်း ဆယ်ယောက်ကို ပြုစုပျိုးထောင်ခိုင်းချင်နေတာပဲ”
“ အဲလိုဆိုတော့ မရဘူးလား”
“ မင်း တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ဘယ်လောက်တန်ဖိုးကြီးလဲ သိရဲ့လား” ဝမ်ထျန်းက ပြောလိုက်သည်။ သူ့နဖူးအထက် သွေးကြောများပင် ထောင်ထွက်နေ၏။
“ မင်းက မင်းရဲ့ လူဝင်စားခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ပင်ကိုရတနာတွေအကုန်လုံးကို လိုချင်တယ်။ ပြီးတော့ လူဝင်စားတစ်ခုချင်းစီမှာ ပင်ကိုရတနာ ရှစ်ခုရှိတယ်။ မင်းက ဆုံမှတ်တွေကို ဖွင့်လှစ်ပြီး အားဖြည့်ပေးဖို့ ကြယ်တာရာအဆီအနှစ်ပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် နောက်ထပ် ပင်ကိုရတနာအရင်းအမြစ် တစ်ခုပဲ။ မင်းက လူဝင်စားတစ်ခုချင်းစီအတွက် ပင်ကိုရတနာကိုးခု လိုနေတာဆိုတော့ စုစုပေါင်း ၈၁ ခုတောင်လေ။ ပြီးတော့မင်းက မင်း လူဝင်စားတွေ ကြီးထွားမဲ့ မဟာကမ္ဘာဝန်းကျင်မှာ အချိန်အစီအရင်ကိုလည်း ထားစေချင်သေးတယ်”
“ အဲလိုမလုပ်ရင် သူတို့က ဧကရာဇ်တစ်ပိုင်းအဆင့်ကို အချိန်မီ ရောက်မှာ မဟုတ်ဘူးလေ” ဝမ်ဝေ့က ပြန်လည်ငြင်းခုန်လိုက်၏။
“ သူတို့က ရမှာ မဟုတ်တာသိတယ်။ ဒါပေမဲ့ အဲဒီအစီအရင်တွေက ဘယ်လောက်ဈေးကြီးတယ်ဆိုတာ ပြောင်းလဲမသွားဘူး။ ကမ္ဘာတစ်ခုလုံးကို ပြောမထားနဲ့ ငါတို့မိသားစုမှာ ကောင်းကင်အရင်းအမြစ်တွေ ပြုတ်ကျနေတဲ့ သစ်ပင်ကြီးများ ရှိနေတယ်လို့ ထင်နေလား။”
“ ကျွန်တော်တို့ဆီမှာ အရင်းအမြစ်တွေရှိတယ်ဆိုတာ သိပါတယ်”
“ ငါတို့ဆီမှာ ရှိတာပေါ့။ ဒါပေမဲ့ အားလုံးကို မင်းဆီမှာ သုံးလို့ မရဘူးလေ”
“ ကျွန်တော် သုံးလိုက်တော့ ဘာဖြစ်လို့လဲ။ ကျွန်တော်ဆီမှာ ဒီဟာရှိရင်ရော ဘယ်လိုလဲ” ဝမ်ဝေ့က ဝမ်ဝူချန်၏ အမှတ်အသားပြားအား ပြကာ မေးလိုက်သည်။ ဝမ်ထျန်းက ထိုအရာကို စစ်ဆေးပြီးသည့်နောက် “ အဲလိုဆိုရင်တောင် မင်းက လူဝင်စားသုံးယောက်အတွက်ပဲ အရင်းအမြစ် ရမယ်”
ဝမ်ဝေ့က နှုတ်ခမ်းများတွန့်ချိုးသွားပြီး “ အဖေက ဒုတိယမျိုးဆက် သခင်လေးကို မပျော်ရွှင်အောင် လုပ်နေတာပဲ”
“ မင်း ဘယ်လိုပြုမူတယ်ဆိုတာကို ကြည့်ဦး။ မင်းက ငါ့ထက် အားကောင်းနေတယ်ဆိုရင်တောင် ငါက မင်းအဖေပဲ။ မင်းကို ရိုက်လို့ရသေးတယ်”
“ ကောင်းပါပြီ။ ကျွန်တော် တောင်းပန်ပါတယ်”
“ အဲလိုမှ ပိုကောင်းသေးတယ်။ မင်း ဒီကိစ္စကို မင်းအမေဆီ မပြတာ အကောင်းဆုံးပဲ။ ယုမျိုးနွယ်က ငါတို့ဂိုဏ်းလိုမျိုး ထောက်ပံ့နိုင်တဲ့ စွမ်းရည်မရှိဘူး။ တကယ်လို့ သူမသာ ဒီအကြောင်းသိသွားရင် မင်းရဲ့ လူဝင်စားတစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ သူတို့ရဲ့ အခြေခံအုတ်မြစ်ကိုတောင် ပျက်စီးအောင် လုပ်ပစ်လိမ့်မယ်”
“ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ဆီမှာ ချမ်းသာတဲ့ ဇနီးလေး ရှိသေးတယ်လေ”
ဝမ်ထျန်းက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် “ ပြီးတော့ သိပ်မကြာခင် မင်း ဂိုဏ်းချုပ်အခမ်းအနားကို ပြင်ဆင်ရတော့မယ်”
“ သိပ်မကြာခင်လား။ ဘာလို့လဲ။ အဖေ အဆင်ပြေနေတာပဲ မဟုတ်ဘူးလား”
“ အထွတ်အထိပ်လမ်းစဉ်က မကြာခင်ပွင့်လာတော့မှာဆိုတော့ သေမျိုးတဖန်ဆီ ပြန်လည်ဝင်ရောက်ဖို့လိုတယ်။ အဲဒီအကြောင်းကို တွေးပြီးတော့ မင်းဆီ ရာထူးကို မြန်မြန်အပ်နှင်းဖို့ ဆုံးဖြတ်လိုက်တာ”
“ ကောင်းပါပြီ။ ကျွန်တော် အဆင်သင့် လုပ်ထားလိုက်ပါမယ်”
ဝမ်ထျန်းက သူ့အား ခေါင်းညိတ်ပြီးနောက် နှင်ထုတ်လိုက်သည်။ ထို့ကြောင့် ဝမ်ဝေ့က သူ့အိမ်တော်ဆီ ပြန်ရောက်လာပြီး ဝူဟုန်ထံမှ အရင်းအမြစ်များ တောင်းဆိုလိုက်သည်။ သူက သူ့ဇနီးလေးဆီမှ တောင်းဆိုဖို့ရာ အရှက်မရှိပေ။
“ ကျွန်မ ရှင့်ရဲ့ လူဝင်စား နှစ်ယောက်စာအတွက် အရင်းအမြစ်ဖဲ့ပေးနိုင်တယ်” သူမက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ ဘာလို့လဲ”
“ ကျွန်မဆီမှာ အဲ့လောက် အရင်းအမြစ်တွေ မရှိဘူး။ ဒါက ရှိသမျှအကုန်ပဲ။ ပြီးတော့ ရှင်က ကျွန်မအပေါ် အရမ်းမှီခိုလို့ မဖြစ်ဘူးလေ”
“ မင်းရဲ့ သူငယ်လေးအဖြစ် ပြုစုပျိုးထောင်ပေးမယ်ဆိုတဲ့ ကိစ္စက ဘယ်လိုဖြစ်သွားပြီလဲ”
ဝူဟုန်က ဝတ္ထုကိုသာ ဆက်လက်ဖတ်ဖို့ အာရုံစိုက်ထားရင်း သူ့အား လျစ်လျူရှုထားလေသည်။ သူမက သူ့ဇာတ်ကွက်အတွက် အချိန်မရှိပေ။ ထိုစဉ် ဝမ်ဝေ့က စီးပွားရေးခရီးစဉ်အတွက် အမေရိကသို့ သွားရောက်ခဲ့စဉ်အခါက အချိန်ကို ပြန်လည်တွေးမိသွားသည်။
သူက ယဉ်ကျေးမှု ကွဲပြားမှုကြောင့် ရှုးဂါးမာမီ၏ သဘောတရားကို လက်ခံခဲ့စဉ်အခါက အနည်းငယ် အံ့အားသင့်မိသွားခဲ့သည်။ သူက သူ့တွင် တစ်ယောက်လောက်ရှိဖို့ရာ မျှော်လင့်ခဲ့ဖူးကြောင်း အမှတ်ရလိုက်၏။ ယခုအချိန်ထိ သူက တစ်ယောက်ရှိခဲ့သည်ဟု တွေးခဲ့မိသည်။ သို့သော် ယခုတွင် သူမ၏ ထောက်ပံ့မှုက ကန့်သတ်ချက်နှင့် ဖြစ်နေလေ၏။
“ ကောင်းပြီ။ လိုအပ်နေတဲ့ အရင်းအမြစ်ကို ကိုယ်တိုင်ရှာမယ်” ဝမ်ဝေ့က မည်သို့လုပ်ဆောင်ရမည်ကို အတွေးတစ်ခု ရှိထားပြီဖြစ်၏။ အဖြေကား သူ့ဝိညာဉ်ကွန်ယက်စွမ်းအင် ဖြစ်သည်။
***