နယ်ခြား၏ လာရောက်တွေ့ဆုံမှု
Vol. 37 Ch. 508
အကြီးအကဲ လက်သီးနီနှင့် ယဲ့ချန်းတို့က တာအိုအခွင့်အလမ်းဂိုဏ်းဝင်ပေါက်သို့ လျှောက်လှမ်းလာကြသည်။
“ ရပ်လိုက်ကြ” အဝင်ပေါက်ကို စောင့်ကြပ်နေသည့် သူတော်စင်အဆင့် ကျင့်ကြံသူနှစ်ဦးက ပြောလိုက်၏။
“ မင်းတို့က ဘယ်သူတွေလဲ”
“ ကျုပ်တို့က သိုင်းပညာ မူလဂိုဏ်းကပါ။ တရားဝင် လာရောက်တွေ့ဆုံတာပါ” အကြီးအကဲ လက်သီးနီက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“ သိုင်းပညာ မူလဂိုဏ်းလား” သူတို့က ထိုနာမည်ကို တစ်ခါမှ မကြားဖူးသည့်အတွက် တစ်ဦးနှင့် တစ်ဦးကြည့်လိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့က ထိုလူအား ချက်ချင်းနှင်မထုတ်ပေ။
“ ကြိုတင်အကြောင်းကြားစာများ ပို့ထားသေးလား”
ယဲ့ချန်းက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခုပြောချင်သော်လည်း သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရသည်။ ထိုစဉ် အကြီးအကဲ လက်သီးနီက သူသည် အမှားတစ်ခုကို ပြုလုပ်မိကြောင်း သဘောပေါက်သွား၏။
သိုင်းပညာအထွတ်အထိပ်ကမ္ဘာတွင် သိုင်းပညာရှင်များက အလွယ်တကူ သွားလာနိုင်ပြီး လောကဝတ်ကဲ့သို့ အရာများဖြင့် တားဆီးခြင်း မခံရပေ။ ထို့ကြောင့် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း ရုတ်တရက် သွားရောက်တွေ့ဆုံသလို လက်ရည်စမ်းခြင်းက ပုံမှန်သာဖြစ်၏။ ထို့ကြောင့် ကြိုတင်အကြောင်းကြားရခြင်းမှာ ရှားပါးပြီး ကြီးကျယ်သည့် အခမ်းအနားမျိုးအတွက်သာ ဖြစ်သည်။
ကံဆိုးစွာဖြင့် အသင်္ချေအင်ပါယာကမ္ဘာ၏ ယဉ်ကျေးမှုက တာအိုယဉ်ကျေးမှုဖြင့် လွှမ်းမိုးခံထားရပြီး ထိုသို့သော ပုံမှန်ကျင့်ဝတ်ထုံးတမ်းများက ထွန်းကားလေသည်။
အကြီးအကဲ လက်သီးနီက သူ့အမှားကို သတိပြုမိပြီးနောက် တုံ့ဆိုင်းသွားလေ၏။ သူက တည်းခိုဆောင်ကို ပြန်ပြီးတော့အကြောင်းကြားစာကို ပို့ရမည်လား။ သို့မဟုတ် ယခု သွားရောက်တွေ့ဆုံမည့်နည်းလမ်းကို ရှာဖွေရမည်လား။
သူက ချက်ချင်း ဆုံးဖြတ်ချက်မချသေးဘဲ ဤခရီးစဉ်တွင် သူတို့အား တိတ်တဆိတ် လိုက်လံစောင့်ရှောက်ပေးနေသည့် တာအိုဘိုးဘေးအား ဆက်သွယ်လိုက်သည်။
ခဏစောင့်ဦး…
ထိုသတင်းစကားသာ သူ ရရှိလိုက်ခြင်းဖြစ်၏။ အကြီးအကဲလက်သီးနီက သူတို့တည်ရှိမှုသည် အာရုံခံမိပြီးသားဖြစ်ကြောင်း နားလည်လိုက်သည်။ သူ ခန့်မှန်းသည်ကလည်း မှန်နေ၏။
အစောင့်များက သံသယဝင်လာပြီး နောက်ထပ်မေးခွန်းများ မမေးခင် ဂိုဏ်းမှ တစ်စုံတစ်ယောက်က ထိုလူများအား ဂိုဏ်းချုပ်ဆီ ခေါ်သွားဖို့ အမိန့်ဖြင့် ပျံသန်းကာ ရောက်လာသည်။
ထိုလူက အကြီးအကဲ လက်သီးနီနှင့် ယဲ့ချန်းတို့အား ဝမ်ထျန်းနှင့် သွားရောက်တွေ့ဆုံဖို့ ထျန်းဝေတောင်ထိပ်ဆီ ခေါ်ဆောင်သွားသည်။
အကြီးအကဲက ထိုသူ့အား ကြည့်လိုက်သည်နှင့် ပထမဆုံးတွေးမိသည့်အရာမှာ သူ့ထက် အဆင့်တစ်ဆင့်ခွဲလောက် မြင့်နေသော်လည်း ထိုသူသည် သူ့အား ဓားချက်အနည်းငယ်ဖြင့် သတ်နိုင်ကြောင်း ဖြစ်၏။
တကယ်ကို ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက်ပဲ…
ထိုအရာက သူ၏ ဒုတိယအတွေး ဖြစ်၏။
“ လက်သီးနီက တာအိုရောင်းရင်းကို လာရောက်တွေ့ဆုံပါတယ်”
“ အားနာနေစရာ မလိုပါဘူး။ ထိုင်ကြပါ” ဝမ်ထျန်းက သူ့ရှေ့မှ ထိုင်ခုံများကို ညွှန်ပြရင်း အဖန်ရည်ကမ်းကာ ပြောလိုက်သည်။
“ ခင်ဗျားတို့ဂိုဏ်းရဲ့ ဧကရာဇ်အသုံးအဆောင် ပစ္စည်းသုံးခုကြောင့် ရောက်လာတာမလား”
“ ဟုတ်ပါတယ်။ ပြီးတော့ ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်ငယ်လေး ဘာဖြစ်သွားတာလဲဆိုတာကိုလည်း သိချင်လို့ပါ”
“ သူက ငါ့သားနဲ့ ပဋိပက္ခဖြစ်ပြီး အဲဒီတုန်းက သေသွားပြီ” ဝမ်ထျန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ဟူး ငါ အကြောက်ဆုံး ရလဒ်ဖြစ်လာပြီပဲ…
အကြီးအကဲ လက်သီးနီက တွေးလိုက်သည်။ သူက တာအိုအခွင့်အလမ်းဂိုဏ်းကို နက်နက်နဲနဲ စုံစမ်းခဲ့သောကြောင့် သူတို့၏ ကောင်းကင်ရွေးချယ်ခံအကြောင်းကို သိထားသည်။ တခြားတစ်ယောက် သို့မဟုတ် အဆင့်အတန်းနိမ့်သည့် တစ်ယောက်ယောက်ကသာ ကျန့်ချောင်းကို သတ်ဖို့ မျှော်လင့်နေမိသည်။ ဤနည်းဖြင့် သူတို့၏ဂိုဏ်းက ညှိနှိုင်းမှုတွင် ပိုမိုအကျိုးအမြတ်ရရှိနိုင်လိမ့်မည်။
သူတို့က ညှိနှိုင်းစဉ်အတွင်း အခွင့်ကောင်းယူနိုင်ရန် တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် ဖိအားပေးနိုင်မည့် အခွင့်အရေးရှိထားသောကြောင့် အရေးပါသည့်သူ မဟုတ်ဖို့သာ မျှော်လင့်ထားခဲ့မိသည်။ အရိုးသားဆုံးပြောရလျှင် ဤရလဒ်ကို သိထားပြီးသား ဖြစ်၏။ အကြောင်းမှာ လူတိုင်းက ကျန့်ချောင်းကို သတ်နိုင်ကြသည် မဟုတ်ပေ။
“ အရှင်းဆုံးပြောရရင် လူငယ်မျိုးဆက်အတွင်းက ကျုပ်တို့ဂိုဏ်းချုပ်ငယ်လေးကို သတ်နိုင်တယ်ဆိုတာ ယုံကြည်ဖို့ ခက်တယ်”
“ ဒါက လူငယ်မျိုးဆက်ကြားက အငြိုးတရားဆိုတာကို အာမခံနိုင်တယ်” ဝမ်ထျန်းက တခြားသူ၏ စကားကို လျစ်လျူရှုကာ ပြန်ဖြေလိုက်သည်။
“ ကျုပ် စီနီယာအစ်ကိုက သူ့ ရွယ်တူတွေအားလုံးကို ဖိနှိပ်ထားနိုင်တဲ့ ထိပ်တန်း ကောင်းကင်ရွေးချယ်ခံတစ်ယောက်ပဲ။ မျိုးဆက်တူအတွင်းက တစ်ယောက်ယောက်က သူ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ” ယဲ့ချန်းက ပြန်လည်ချေပလိုက်သည်။
“ မင်းတို့ရဲ့ အထွတ်အထိပ်က ငါတို့နဲ့ မတူလို့ နေမှာပေါ့” ဝမ်ထျန်းက ပြန်ဖြေလိုက်သည်။
အကြီးအကဲ လက်သီးနီက ယဲ့ချန်း၏ ပုခုံးအား အသာပုတ်ကာ စကားပြောခြင်းမှ တားဆီးလိုက်သည်။ ထို့နောက် သူက အပြုံးလေးဖြင့် ပြောလိုက်၏ “ လူငယ်မျိုးဆက်ကို ခွင့်လွှတ်ပေးလိုက်ပါ။ သူ့ကို ကောင်းကောင်းမပြုစု မပျိုးထောင်နိုင်ခဲ့တာ ကျုပ်တို့အမှားပါပဲ။
ဒါပေမဲ့ သူ ပြောတာလည်း ဟုတ်တယ်။ တကယ်လို့ ခင်ဗျားဘက်က စိတ်မရှိရင် ကျုပ်တို့ ဂိုဏ်းချုပ်ငယ်လေးကို အနိုင်ယူခဲ့တဲ့လူငယ်လေးကို တွေ့ခွင့်ရမလား”
“သူက လတ်တလော…”
သူက မျက်မှောင်ကြုတ်လိုက်ပြီး အဆောင်တစ်ခုကို ထုတ်လိုက်သည် “ သူကလည်း ခင်ဗျားတို့ကို တွေ့ချင်နေတဲ့ပုံပဲ”
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အခန်းအတွင်း ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာပြီး အကြီးအကဲလက်သီးနီနှင့် ယဲ့ချန်းတို့ကို လွှမ်းခြုံသွားသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ခဏမျှကြာမြင့်ပြီးသည့်နောက် သူတို့၏ ဝိညာဉ်၊ စွမ်းအားနှင့် သူတို့ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာများပင် ထိုအရှိန်အဝါအောက် ဖိနှိပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
“ ကျုပ်က အခုမှ အဆင့်တက်ထားတာဆိုတော့ ကောင်းကောင်းမထိန်းချုပ်နိုင်သေးတာ အားနာပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
ထိုစဉ် အကြီးအကဲ လက်သီးနီက အမူအရာ ပျက်ယွင်းနေ၏။ အကယ်၍ သူသာ ထိုဓားသမားဆီက ဓားချက်အနည်းငယ်ကို တောင့်ခံနိုင်သည်ဟု ခံစားမိခဲ့လျှင် ထိုလူငယ်လေးဆီမှ တိုက်ကွက်တစ်ခုကိုပင် အသက်ရှင်သန်နိုင်မည် မဟုတ်ကြောင်း သိလိုက်၏။
ထိုအရာက ပုံရိပ်ယောင်တစ်ခုမှအပ ဘာမှမဟုတ်ကြောင်း ထည့်မပြောရသေးပေ။ မည်သို့ပင်ဆိုစေကာမူ အကြီးအကဲလက်သီးနီက အချိန်အတော်ကြာနေထိုင်ခဲ့သည့် မြေးခွေးအိုကြီး ဖြစ်နေဆဲ ဖြစ်၏။ ထို့ကြောင့် သူက စိတ်ခံစားချက်ကို အလျင်အမြန် ထိန်းချုပ်ကာ ယဲ့ချန်းအား သူ့ အံ့ဖွယ်အသိစိတ်ဖြင့် အကြောက်တရားကို ဖြေလျှော့ပေးလိုက်ပြီး ထိုတွေ့ဆုံမှုမှ နှလုံးသားနတ်ဆိုး ဖြစ်လာနိုင်ချေအား တားဆီးလိုက်သည်။
“ ဒါက ဂိုဏ်းချုပ်ငယ် ဝမ်ဝေ့ ဖြစ်ရမယ်။ မင်းရဲ့ ဂုဏ်သတင်းက အချည်းနှီးမဟုတ်ဘူးပဲ” အကြီးအကဲ လက်သီးနီက ပြောလိုက်သည်။
ဝမ်ဝေ့က သူ့အား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “ ကျုပ်က အချိန်မဖြုန်းချင်ဘူး။ အဲဒါကြောင့် ဒဲ့တိုးပဲ ပြောမယ်။ ခင်ဗျားတို့ဂိုဏ်းရဲ့ ဧကရာဇ်အသုံးအဆောင်တွေကို တခြားပစ္စည်း ဒါမှမဟုတ် အဆင့်တူ၊ တန်ဖိုးတူ အရင်းအမြစ်တွေနဲ့ လဲလှယ်နိုင်တယ်”
“ ဘာ ငါ့ စီနီယာအစ်ကို ရှိခဲ့တဲ့ တခြားပစ္စည်းတွေကရော ….”
ဝမ်ဝေ့က ယဲ့ချန်းက ကြည့်လိုက်သည်။ သူက အကြည့်တစ်ချက်တည်းဖြင့် ထိုလူ၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုလိုက်ပြီး သူ့အကြောင်းအားလုံးကို သိလိုက်ရ၏။ သူက ဧကရာဇ်အဆင့် စည်းတံဆိပ်များဖြင့် တားဆီးထားသော ကျင့်စဉ်များမှ လွဲ၍ မွေးကတည်းမှ ယခုအထိ အခိုက်အတန့်အားလုံးကို သိလိုက်ရသည်။
သူက ကျန့်ချောင်း၏ မှတ်ဉာဏ်များမှ ယဲ့ချန်းအကြောင်းကို သိထားလေသည်။ သူက သိုင်းပညာမူလဂိုဏ်း၏ ဂိုဏ်းချုပ်၏ တရားမဝင်သား တစ်ယောက်ဖြစ်၏။ သူ့ပါရမီက ထူးချွန်သော်လည်း အကောင်းဆုံးတော့ မဟုတ်ပေ။
သို့သော်လည်း သူ့ဖခင်၏ အရင်းအမြစ်များဖြင့် သူက ဂိုဏ်းအတွင်းရှိ ပြိုင်ဘက်အားလုံးကို အနိုင်ယူရုံမျှဖြင့် အမွေဆက်ခံသူ ဖြစ်လာခဲ့သည်။ ထိုအရာက သိုင်းပညာဘိုးဘေး အမှတ်အသားဖြင့် ကျန့်ချောင်း မပေါ်ထွက်လာခင်အထိ ဖြစ်သည်။
ထို့နောက် ယဲ့ချန်း နောက်ဂိုဏ်းချုပ်ဖြစ်မည့် ကိစ္စနှင့် ပတ်သက်ပြီး မပျော်ကြသည့် လူအားလုံးက ကျန့်ချောင်းအား ထောက်ပံ့ပေးလာကြသည်။ ကလေးမရရှိသော်လည်း တရားမဝင်သားကို အမွေဆက်ခံသူမဖြစ်လိုသည့် ဂိုဏ်းချုပ်၏ ဇနီးလည်း အပါအဝင်ဖြစ်၏။
ပို၍ပြောစရာရှိသည်မှာ ကျန့်ချောင်းက ဉာဏ်များကာ ယဲ့ချောင်အား သူ့အား ထောက်ပံ့ပေးဖို့ပင် ဖျောင်းဖျနိုင်ခဲ့ပြီး သူ့အား ချစ်မြတ်နိုးရသည့် ညီလေးတစ်ယောက်လို ဆက်ဆံပေးခဲ့သည်။
စိတ်ဝင်စားစရာပဲ…
ဝမ်ဝေ့က အကြီးအကဲ လက်သီးနီနှင့် ထိုသူကြားမှ စကားဝိုင်းကို တွေးမိပြီးနောက် တွေးလိုက်မိသည်။
“ ဒါက ငါ့ရဲ့ တိုက်ပွဲဆုလာဘ်ပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
အကြီးအကဲ လက်သီးနီက အခြေအနေကို သဘောပေါက်သည့်အတွက် ယဲ့ချန်းအား တားလိုက်သည်။ သူက ဤနည်းလမ်းသည် တစ်ဖက်လူအတွက် အကောင်းဆုံးဖြစ်မည်မှန်း သဘောပေါက်လိုက်၏။
ဂိုဏ်း၏ ချီကံကောင်းမှုနှင့် ဆက်နွယ်ထားသည့် အသုံးအဆောင်ပစ္စည်းများက ဆုံးရှုံး၍မရပေ။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူတို့က နယ်ခြားဧကရာဇ် အသုံးအဆောင်ပစ္စည်းများဖြင့် လဲလှယ်ရလျှင်ပင် ပြန်ယူဆောင်သွားရမည်။
ထို့အပြင် တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့ဝါးမျိုပြီးသား အရာကို ပြန်ထွေးထုတ်မည့် အစီအစဉ် မရှိပေ။
ဂိုဏ်းက အသုံးအဆောင်ပစ္စည်းအတွက် အလွှာစစ်ပွဲကို မစတင်သရွေ့ ဒါက အကောင်းဆုံးရလဒ်ပဲ…
“ ဂိုဏ်းချုပ်ငယ်ဝမ်ဝေ့ … ကျုပ်တို့ ဂိုဏ်းချုပ်ငယ်ရဲ့ အလောင်းကို ဂိုဏ်းဆီ ပြန်ယူသွားလို့ရမလား။ သူ့အောင်မြင်မှုတွေနဲ့အတူတူ ကောင်းကောင်း သဂြိုလ်ပေးချင်တယ်”
“ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ လှည့်ကွက်မျိုး ကစားနေလို့ အကျိုးမရှိဘူး။ ခင်ဗျားရော ကျုပ်ရောက ကံကြမ္မာမဲ့ တစ်ယောက်ရဲ့ တန်ဖိုးကို သိကြတာပဲ။ အဲဒါကြောင့် အဖြေက မရဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည့်အတွက် အကြီးအကဲ လက်သီးနီက သက်ပြင်းချလိုက်သည်။
“ ကောင်းပါပြီ။ အဲဒါဆိုရင် ဆုံးဖြတ်ချက်မချခင် ဂိုဏ်းဆီကို ပြန်ပြီးတော့ အကြောင်းကြားလိုက်ပါဦးမယ်”
“ သဘောအတိုင်းပါပဲ” ဝမ်ထျန်းက ဝင်ပြောလိုက်သည်။
“ နောက်တစ်ခေါက် မလာခင်တော့ ကြိုတင်အကြောင်းကြားစာ ပို့ပေးပါ”
အကြီးအကဲ လက်သီးနီက မချိပြုံး ပြုံးလိုက်ပြီးနောက် အားလုံးကို ဦးညွှတ်ကာ ယဲ့ချန်းနှင့်အတူ ထွက်ခွာသွားသည်။
“ မင်းက ဘာလို့ ဒီရောက်နေတာလဲ။ မင်းက ကျင့်ကြံနေတာ မဟုတ်ဘူးလား”
“ ကျွန်တော် ကျင့်ကြံနေတာ။ ဒါပေမဲ့ တစ်ခုခုအရေးကြီးတာ ဖြစ်တော့မယ်လို့ ခံစားမိလို့ ရောက်လာတာ”
“ အဲလိုလား”
“ ဟုတ်တယ်” ဝမ်ဝေ့က ယဲ့ချန်းနှင့် အကြီးအကဲ လက်သီးနီကြားမှ စကားဝိုင်းအကြောင်းကို ရှင်းပြလိုက်သည်။
“ မှတ်တမ်းတွေအရတော့ ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က တာအိုကို သက်သေပြပြီး ဝါးမျိုရေးဇုန်ကို ချက်ချင်းသွားခဲ့တယ်။ အဲဒီနောက် သူက အဆုံးမဲ့လေဟာနယ်ထဲ ထွက်သွားခဲ့တယ်။ အဲဒီနောက် သူက ရူးသွပ်လောက်တဲ့ အုပ်စိုးမှုကို စတင်ခဲ့တာပဲ။ အဲဒါဆိုတော့ ဒီသတင်းအချက်အလက်က အဓိပ္ပာယ်ရှိတယ်”
ယခင်က တာအိုအခွင့်အလမ်းဂိုဏ်း မဟုတ်ဘဲ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်သည် ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်နှင့် ပတ်သက်ပြီး တာဝန်ယူခဲ့ရသည်။ ဂိုဏ်းက ကပ်ဘေးအတွင်း မဆုံးရှုံးရစေရန် နောက်ဆုတ်နေခဲ့စဉ် ကျောင်းတော်ကမူ အားနည်းသွားခဲ့၏။
ခေတ်တစ်ခုအပြီး ကျောင်းတော်မှ ပျိုးထောင်ထားခဲ့သည့် တစ်ဦးတည်းသော ထာဝရဦးသျှောင်က အသတ်ခံလိုက်ရ၍ သူတို့၏ အစီအစဉ် အလုပ်ဖြစ်ခဲ့သည်။ ထိုအရာက သိသာသော်လည်း နည်းဗျူဟာကောင်း ဖြစ်၏။ အကယ်၍ ကျောင်းတော်ကသာ သူတို့၏ ၉ယောက်မြောက် ဧကရာဇ်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီး ထာဝရဦးသျှောင် နောက်ခံရှိထားခဲ့လျှင် သူတို့သည် တာအိုအခွင့်အလမ်းဂိုဏ်းကို အခက်အခဲတချို့ဖြင့် ဖျက်ဆီးပစ်နိုင်လိမ့်မည်။
ကျောင်းတော်က ကောင်းကင်ဝါးမျိုရေးဧကရာဇ်ကို တားဆီးရသည့် အကြောင်းအရင်းအတွက်မူ သူတို့တွင် ခေတ်ကာလ၏ စိတ်ဝိညာဉ်ရှိထားပြီး ထိုသို့လုပ်ဆောင်ရမည့် တာဝန်ဝတ္တရား ရှိထားလေသည်။ ထိုသို့သာ မဟုတ်ပါက ထိုအရာသည် သူတို့ဆီမှ စွန့်ခွာကာ တန်ပြန်သက်ရောက်မှုကို ခံစားရစေလိမ့်မည်။
ထို့အပြင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူတို့၏ ကျောင်းသားဖြစ်ခဲ့ဖူးပြီး ကျောင်းအုပ်၏ ရာထူးအတွက်ပင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ထို့ကြောင့် သူက သူတို့နှင့် ကံကြမ္မာကြိုးမျှင် နက်ရှိုင်းစွာ ဆက်နွယ်နေ၏။
ဂိုဏ်းက တံခါးပိတ်ဝါဒကို ကျင့်သုံးထားသည့်အတွက် ထိုကပ်ဘေးနှင့် ပတ်သက်ပြီး တခြားသူများလောက် သတင်းအချက်အလက် များများစားစား မရှိပေ။
ထိုဖြစ်စဉ်အတွင်း တခြားဂိုဏ်းများက ထိုအကြောင်းပြချက်ကို အသုံးပြုကာ သူတို့အား ဝိုင်းဝန်းတိုက်ခိုက်လာမည့်အရေးကို ရှောင်ရှားဖို့ အကူအညီတချို့တော့ ပေးခဲ့၏။
“ အဲဒါဆို တခြားအလွှာတွေက ဒီလိုလုပ်နေတာမျိုးကို တားဆီးသင့်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ငါလည်း အဲလိုတွေးနေမိတာ” ဝမ်ထျန်းက ပြန်ဖြေလိုက်ပြီး သူ့အရိပ်အား ဆက်သွယ်ကာ နယ်ခြားအလွှာများနှင့် ဆက်နွယ်မှု ရှိနိုင်သည့် ဂိုဏ်းများ သို့မဟုတ် အင်အားစုများအကြောင်း ရှာဖွေခိုင်းလိုက်သည်။
ထိုစဉ် ဝမ်ဝေ့၏ ပုံရိပ်ယောင်က ဝါးမျိုရေးဇုန်အကြောင်း မေးဖို့ ဝူဟုန်အား သွားရောက်တွေ့ဆုံလိုက်သည်။
***