← Chapters

ဝံပုလွေဘုရင်ကြီး ဒေါသူပုန်ထခြင်း

Vol. 29 Ch. 399

ဝံပုလွေဘုရင်ကြီး ဒေါသူပုန်ထခြင်း

Vol. 29 Ch. 399

“ဒီဘုရင်ကြီးက မင်းကို တဂျွတ်ဂျွတ် ဝါးစားပစ်မယ် ...” မိုဝူကျီ စကားများကို ကြားသည့်အခါ ကန်ရွယ် မျက်လုံးမှာ နီရဲလာကာ လက်ဖဝါး ဖြန့်လိုက်သည်နှင့် မှော်ရတနာ ပေါ်လာသည်။ သူ့ပတ်လည်မှ အရှိန်အဝါများတွင် လူသတ်ငွေ့များ ဖုံးလွှမ်းနေသည်။

မိုဝူကျီက စိတ်ထဲတွင် ပျော်ရွှင်နေမိသည်။ သူ့ကျင့်ကြံဆင့်မှာ အာကာသ ဝံပုလွေဘုရင်ကြီးထက် များစွာ နိမ့်ကျပေ၏။ ထို့ကြောင့် သူက ထိုစကားများကို ပြောပြီး ဝံပုလွေဘုရင်ကြီး ဒေါသကို ဆွပေးလိုက်ခြင်း ဖြစ်သည်။

အာကာသ ဝံပုလွေဘုရင်ကြီး ဒေါသထွက်သွားသည်နှင့် သူက အသာစီး ရလာပေလိမ့်မည်။ ထို့အပြင် ဤသို့သော နေရာ၌ သူ့တွင် သဘာဝ သိုလှောင်ရေး လမ်းကြောင်းနှင့် စိတ်စွမ်းအား သိုလှောင်ရေး လမ်းကြောင်း ရှိနေသည့်အတွက် အရေးသာနေလေပြီ။

အာကာသ ဝံပုလွေဘုရင်ကြီး၏ မှော်ရတနာမှာ သရဖူတစ်ခု ဖြစ်ပေသည်။ ကန်ရွယ်က သရဖူကို ပစ်လွှတ်လိုက်သည့်အခါ ရွှေရောင်အလင်းကွင်းများ ဖြစ်ပေါ်လာလေ၏။ ရွှေရောင် အလင်းများက မိုဝူကျီဆီ လူသတ်ငွေ့များဖြင့် ပြေးဝင်သွားသည်။

မိုဝူကျီက တျန်းဂျီတုတ်ကို ဝှေ့ယမ်းလိုက်သည့်အခါ အဆုံးမဲ့ တုတ်အရိပ်များ ဖြစ်ပေါ်လာသည်။ ယခုအချိန်အထိ မိုဝူကျီက သူ့တျန်းဂျီတုတ်ကို မည်သည့် အမျိုးအစားဖြင့် ပြုလုပ်ထားမှန်း မသိသေးသော်လည်း သူ့တျန်းဂျီတုတ်မှာ သာမန်နှင့် အလှမ်းကွာဝေးမှန်းတော့ သိပေသည်။ မြောက်မြားစွာသော တိုက်ပွဲများနောက်တွင် သူ့တျန်းဂျီတုတ်မှာ ခြစ်ရာလေးပင် မရဖူးပေ။ သူ့ပညာရှင်နှလုံးသားနှင့် လောင်မြိုက်လိုက်သော်လည်း သူ့တျန်းဂျီတုတ်မှာ ခြစ်ရာမရှိ ကျန်ရှိနေဆဲ ဖြစ်သည်။

“ဘုန်း” အဆုံးမဲ့တုတ် အရိပ်များက ထိုရွှေရောင် အလင်းကွင်းများနှင့် ထိပ်တိုက် တွေ့သွားသည်။

သဘာဝစွမ်းအားများက ပြင်းထန်စွာ ပေါက်ကွဲသွားသည်။  မိုဝူကျီ စိတ်နှလုံးမှာလည်း လေးလံသွားလေသည်။ သူက ကန်ရွယ်ကို သတ်ရန် ရည်ရွယ်ထားပြီး ကန်ရွယ်က သဘာဝစွမ်းအားနှင့် စိတ်စွမ်းအားကို ဤနေရာတွင် သုံးနိုင်လား ကြည့်ကြည့်ချင်မိသည်။ သို့သော်လည်း သူက သူ့ကိုယ်ပိုင် စွမ်းအားများမှာလည်း သိသိသာသာ အားနည်းနေကြောင်း မေ့လျော့သွားမိသည်။

သူက ဆံဖြူ မိန်းကလေးဆီမှ အတော်ကြာ အလိုက်ခံခဲ့ရ၍ သူ့သဘာဝစွမ်းအားများမှာ ကုန်သလောက်နီးပါး ဖြစ်နေလေပြီ။ ဤနေရာထဲ ဝင်မလာခင် သူက လက်သီးနှစ်ချက် ထုတ်လွှင့်လိုက်ရသေး၏။ ထိုလက်သီးချက်များမှာ သဘာဝစွမ်းအား အတော် သုံးလိုက်ရသည်။

ထိုအတွေးဖြင့် မိုဝူကျီက နောက်ဆုတ် လိုက်သည်။

ကန်ရွယ်၏ ဒေါသမှာ ကောင်းကင်ထိ ရောက်နေပြီ ဖြစ်၍ သူက လိုက်ပါလာသည်။ သို့သော်လည်း သူချောက်နက်ထဲမှ ထွက်လိုက်သည်နှင့် သူ့ခံစားချက်များကို ရေအေး လောင်းချလိုက်သည့်အလား ဖြစ်သွားသည်။ သူက သဘာဝစွမ်းအားများ မထုတ်လွှင့် နိုင်တော့သောကြောင့် သူ့ရွှေရောင် အလင်းကွင်းမှာလည်း မှိန်ကျသွားသည်။

မိုဝူကျီက ထိုအခွင့်အရေးကို မည်သို့ လက်လွှတ် ပေးနိုင်မည်နည်း။ သူက ရှေ့တက်ပြီး ကန်ရွယ် ရင်ဘတ်ကို ကန်ဖို့ရာ တွေဝေမနေတော့ပေ။

ထိုလူဆယ်ယောက်ကျော်မှာ ချောက်နက်အတွင်း ထိုင်နေကြသောကြောင့် ထိုအထဲရှိ ဝိညာဉ်စွမ်းအားမှာ ပိတ်လှောင်မထားကြောင်း သိလိုက်သည်။ အာကာသ ဝံပုလွေဘုရင်ကြီးက နမူနာ ဖြစ်လေ၏။ မူလက အာကာသ ဝံပုလွေဘုရင်ကြီးမှာ သူ့မှော်ရတနာကို အသက်သွင်း နိုင်ခဲ့သော်လည်း ထွက်လာသည်နှင့် သူ့မှော်ရတနာမှာ ချက်ချင်း ထိုးကျသွားတော့သည်။

သူက ကန်ရွယ်ကို ကန်ပစ်ချင်ပြီး ထိုခွေးကောင်ကို သင်ခန်းစာ တစ်ခုခုတော့ သင်ပေးချင်မိသည်။

“ဖူး” မိုဝူကျီ၏ သဘာဝ စွမ်းအားများမှာ အားလုံးနီးပါး ကုန်ခန်းနေသော်လည်း ထိုကန်ချက်မှာ ကန်ရွယ်အတွက် သွေးတစ်ပွက် အန်ဖို့ရာ လုံလောက်ပေသည်။

သို့သော် ကန်ရွယ်  အကန်မခံလိုက်ရသေးခင် ကျာပွတ်ရှည်တစ်ခုက သူ့ကို ပြန်ဆွဲချသွားခဲ့သည်။

ကန်ရွယ်က နောက်ဆုံးတွင် တည်ငြိမ်သွားလေ၏။ ဝံပုလွေဘုရင်တောင်မှာ တကယ် ဖျက်ဆီးခံလိုက်ရလျှင်ပင် မိုဝူကျီကို ရင်မဆိုင်နိုင်သေးပေ။ တိုက်ခိုက်လိုက်ခြင်းမှာ သေချင်နေသည်သာ ဖြစ်ရမည်။

ကန်ရွယ်ကို ပြန်ဆွဲချသွားသူမှာ ခပ်ပုပု ဝံပုလွေနက် ဖြစ်သည်။

“မိုဝူကျီ မဆိုးဘူးပဲ ... ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကြယ်တာရာသခင် ဖြစ်လာပြီးတော့ လောကအဆင့်ဇယား အဆင့်တစ်တောင် ဖြစ်လာသေးတယ်။ ငါသာ မမှားရင် မင်းက မြေကမ္ဘာ အင်မော်တယ်အဆင့် မရောက်သေးဘူး မလား။ မင်း ဘယ်လောက် အားကောင်းကောင်း မြေကမ္ဘာ အင်မော်တယ်အဆင့် မဟုတ်ရင် ဝံပုလွေဘုရင်တောင်ဆီ ရောက်လာနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းက လောကအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့် ဆိုရင်တောင် ဘယ်လိုလုပ် ဝံပုလွေ ဘုရင်တောင်ကို ဖျက်ဆီးနိုင်ပါ့မလဲ ...”

ဝံပုလွေနက် လေသံမှာ တည်ငြိမ်နေသော်လည်း မတူမတန်သည့် အငွေ့အသက်တချို့ ပါဝင်နေသည်။ သူမက ကန်ရွှယ်၏သား ကန်ကြွယ် အသတ်ခံလိုက်ရသည့် အကြောင်းကို မကြားသကဲ့သို့ ပြုမူနေသည်။ သူမက ဝံပုလွေဘုရင်တောင် တစ်ခုတည်းကိုသာ ဂရုစိုက်ပြီး မိုဝူကျီက ဝံပုလွေ ဘုရင်တောင်ကို ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မည်ဟု မယုံပေ။

မိုဝူကျီက ဤနေရာတွင် သဘာဝ စွမ်းအားများနှင့် စိတ်စွမ်းအားကို အသုံးပြုနိုင်ခြင်းမှာ သူ့ကိုယ်ပိုင် လျှို့ဝှက်ချက် ရှိနေခြင်း မဟုတ်ပါလော။ သို့သော်လည်း လူတိုင်းတွင် လျှို့ဝှက်ချက် ကိုယ်စီ ရှိကြသည် မဟုတ်ပါလော။

ကန်ရွယ်က အသိ ပြန်ဝင်လာသည်။ သူက အရင်တစ်ခါ ထိပ်တိုက် ရင်ဆိုင်မှုတွင် မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ မြေကမ္ဘာ အင်မော်တယ်အဆင့် မရောက်သေးကြောင်း ပြောနိုင်ပေသည်။ မြေကမ္ဘာ အင်မော်တယ်အဆင့် မရောက်သေးသည့် ကျင့်ကြံသူက မည်သို့ ဝံပုလွေ ဘုရင်တောင်ကို ဖျက်ဆီးပစ်နိုင်မည်နည်း။

“တကယ်လို့ ငါသာ မမှားရင် အဲဒီအလင်းက ဆံဖြူ မိန်းကလေးကြောင့် ဖြစ်လာတာ နေလိမ့်မယ်။ မင်း မြင်တော့ ခုန်ဝင်လိုက်တာ မလား” မိုဝူကျီ ဘာမျှ ပြန်မပြောနိုင်ခင် ဝံပုလွေနက်က ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့်အလား ဝင်ပြောလိုက်သည်။

မိုဝူကျီ နှလုံးခုန် မြန်ဆန်မိသွားသည်။

ဒါက ဖြစ်နိုင်တာပဲ ...

ဆံဖြူ မိန်းကလေးမှာ အားကောင်းလွန်းသောကြောင့် သူမကြောင့် ထိုအလင်းများ ပေါ်လာခြင်း ဖြစ်နိုင်ပေသည်။

“နှစ်ယောက် တစ်ယောက်လား ... ကျုပ်တို့ ကြယ်တာရာ ဘုရင်တောင်က မကြောက်တတ်ဘူး။ ညီလေးမို ... မင်း ဆက်တိုက်ချင်ရင် ကျုပ် လော့ချွမ်းဟယ်ကိုပါ ထည့်တွက်လိုက်  ....” ဝံပုလွေနက်က ကန်ရွယ်ကို ကယ်ရုံမျှ ဖြစ်ပြီး မိုဝူကျီကို ဘာမျှ မလုပ်သော်လည်း လော့ချွမ်းဟယ်က မကျေနပ်သေးဘဲ ရှေ့ထွက်လာသည်။

ဝံပုလွေနက်က လော့ချွမ်းဟယ်ကို ကြည့်ကာ  လှောင်ပြောင် ပြောလိုက်သည်  “လော့ချွမ်းဟယ် ... ငါတို့သာ တကယ်တိုက်ရင် ငါ့ရဲ့ ဝံပုလွေဘုရင်တောင်နဲ့ ကူနို့က မကြောက်ရမဲ့သူတွေပါ။ ပြီးတော့ ရှင့် ကျန်းရှင်းက တာအိုရောင်းရင်းတွေက မတိုက်ချင်တာ အသိသာကြီး။  ရှင် တိုက်ချင်တာ သေချာရဲ့လား ...”

ထိုစကားတွင် ဝံပုလွေနက်က ကူနို့ကြယ်တာရာ ကျင့်ကြံသူများကို ဆွဲသွင်း လိုက်သော်လည်း သူတို့က ပြန်လည်ချေပမည် မဟုတ်ကြောင်း သေချာသည်။ ဝံပုလွေဘုရင်တောင်နှင့် ကူနို့ကြယ်တာရာမှာ ကျန်းရှင်းနှင့် အမြဲတမ်း တိုက်ခိုက်ကြရသည်။ သူတို့သာ တကယ်တိုက်ပွဲ ဖြစ်လာပါက သူတို့အားလုံးကို ဆွဲသွင်းရလိမ့်မည်။ ဇာစ်မြစ်မသိသည့် ကျင့်ကြံသူနှစ်ယောက် အတွက်တော့ သူတို့အနေနှင့်  တိုက်ပွဲတွင် ဝင်ပါလိမ့်မည် မဟုတ်ပေ။

သူတို့သာ နေရာကျဉ်းကျဉ်းလေးတွင် တိုက်ခိုက်ကြပါက ချောက်တစ်ခုလုံး ပျက်စီး သွားနိုင်ပေသည်။ ထိုအရာမှာ အားလုံးအတွက် မကောင်းချေ။

ပြန့်ရွမ်းပိက ရုတ်တရက် ထပြောလိုက်သည်  “တာအိုရောင်းရင်းလော့ ... တာအိုရောင်းရင်း ဝံပုလွေနက် ပြောတာ မှန်တယ်။ ကျုပ်တို့က အခု တစ်လှေတည်း စီးနေကြရတဲ့ လူတွေပဲ  ... မတိုက်ခိုက်သင့်ဘူး ...”

လော့ချွမ်းဟယ်က အေးစက်စွာ ပြောလိုက်သည်  “ကျုပ်တို့ မတိုက်ရင်လည်း ကောင်းပြီလေ ... ဒါပေမဲ့ ကျုပ်နေရာကို ပြန်ပေးရမယ် ...”

ယခင်က သူ့နေရာကို ပေးလိုက်ရခြင်းကို စိတ်ထဲ မကျေမနပ် ဖြစ်နေဆဲ ဖြစ်သည်။ သူက ပြန့်ရွမ်းပိနှင့် မုယင်ချောင်ထက် နောက်ဆုံးမှ ရောက်လာသည့်အတွက် ထိုလူနှစ်ယောက်မှာ ဝံပုလွေနက်နှင့် ဖရက်တက်တို့နှင့် သဘောတူညီမှု တချို့ လုပ်ထားသောကြောင့်သာ သူ့ကိုယ်သူ စိတ်ထိန်းထားရခြင်း ဖြစ်သည်။ ထိုအရာမှာ သူ့ကိုယ်ပိုင် ကိစ္စ ဖြစ်သည့်အတွက် ဘာမျှ မလုပ်နိုင်ပေ။

ယခုအခါ နောက်ထပ် ကြယ်တာရာသခင် ရောက်လာပြီ ဖြစ်၍ သူ့ကိုယ်ထဲ မကျေနပ်များကို သိမ်းထားစရာ မလိုတော့ပေ။

“စီနီယာလော့ ... သူတို့က စီနီယာနေရာကို ယူသွားတာလား” မိုဝူကျိက တျန်းဂျီတုတ်ကို ဝေ့လိုက်ရင်း လူသတ်ငွေ့များ ထွက်ပေါ်လာသည်။

အရင် သူက ဤနေရာ ကျဉ်းကျဉ်းလေးကို စိတ်ထဲ မထားခဲ့ပေ။ သို့သော် ယခုမှာ ရတနာသဖွယ် ဖြစ်နေမှန်း သိသည့်အတွက် အာကာသ ဝံပုလွေဘုရင်ကြီးမှာ အထဲတွင် စွမ်းအား သုံးလို့ရနေလျှင် ထိုချောက်အတွင်း၌ ပိတ်လှောင်ထားမှု မရှိကြောင်း ဆိုလိုနေသည် မဟုတ်ပါလော။ သူက စွမ်းအား မြန်မြန် ပြည့်ဝအောင် လုပ်ဖို့ လိုအပ်နေသည့်အတွက် နေရာတစ်နေရာ တိုက်ခိုက်ရမည်။

ပြန့်ရွမ်းပိက အနည်းငယ် မျက်မှောင်ကြုတ်မိ လိုက်သည်။ သူက လော့ချွမ်းဟယ် စကားများကို မကြိုက်ပေ။ သူက အာဏာရှင် ဖြစ်ချင်၍ မဟုတ်ဘဲ အဖွဲ့တစ်ခုတွင် စည်းမျဉ်း စည်းကမ်းများ ရှိသင့်သည်ဟု ယုံကြည်ထား၍ ဖြစ်သည်။ သူက ထိုနေရာကို ပြန်ယူရန် လိုအပ်နေသော်လည်း ထိုစကားမှာ သူက ပြောရမည် ဖြစ်ကာ လော့ချွမ်းဟယ်မှ မဟုတ်ပေ။

“ဟုတ်တယ်။ အဲဒါက အစက ကျုပ်နေရာ ...  အဲခွေးကောင်က ကျုပ်ကို မောင်းထုတ်လိုက်တာ  ...”  လော့ချွမ်းဟယ်က ဝံပုလွေဘုရင်ကြီး နေရာကို ညွှန်ပြရင်း ပြောလိုက်သည်။

ထို့နောက် သူက ဆက်ပြောလိုက်သည်  “ဂျူနီယာမို ... ကျုပ်တို့တွေက ကြယ်တာရာ ဘုရင်တောင်က ကြယ်တာရာသခင်တွေပဲ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ဝါစဉ်တွေ ဘာတွေ လုပ်မနေဘဲ  ညီအစ်ကိုပဲ ခေါ်ကြတာပေါ့။ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ညီအစ်ကိုအဖြစ် မှီခိုကြတာပေါ့ ...”

“ကောင်းပါပြီ” မိုဝူကျီက တွန့်ဆုတ် မနေတော့ပေ။ အကယ်၍ သူတို့ တိုက်ဖို့ လိုပါက သူက တိုက်ခိုက်လိုက်မည်။ ယခု သူက အကူအညီရပြီ ဖြစ်၍ ကြောက်စရာ တစ်ခုမျှ မရှိချေ။

“ကန်ရွယ် အဲဒီနေရာ သူတို့ ပြန်ပေးလိုက်” ဝံပုလွေနက်က ရုတ်တရက် ပြောလိုက်သည်။

လော့ချွမ်းဟယ်က ဝံပုလွေနက်ကို ကြည့်လိုက်သည်။ သူမက သူ့ဆီမှ နေရာ တောင်းထားသောသူ ဖြစ်ပြီး ယခုအခါ ကန်ရွယ်ကို ပြန်ပေးရန် ပြောနေလေသည်။ ထိုဝံပုလွေနက်ကြီးက အတော်လေး စိတ်ရှည်မှန်း သိသာလှသည်။

ကန်ရွယ်က ဘာမျှ မပြောတော့ဘဲ နေရာဖယ်ပေး လိုက်သည်။

“ဂျူနီယာမို ... မင်း အရင်နားလိုက် ... ငါတို့တွေ နောက်မှ ဆက်ဆွေးနွေး ကြတာပေါ့” လော့ချွမ်းဟယ်က မိုဝူကျီ စွမ်းအားမှာ ပြန်မပြည့်ဝသေးကြောင်း ပြောနိုင်သည်။

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ကာ ကန်ရွယ် မူလနေရာတွင် ဝင်ထိုင်လိုက်သည်။ သူက လက်ကို မြှောက်ကာ မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး အပုံလိုက်ကို ထုတ်ယူကာ သူ့စွမ်းအားများ ပြန်လည် ဖြည့်တင်းဖို့သာ အာရုံစိုက် ထားတော့သည်။

မိုဝူကျီ၏ ကြောက်ခမန်းလိလိ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းကို မြင်၍ အားလုံးက လေအေးများ မှုတ်ထုတ် လိုက်ကြသည်။ သူတို့မှာ အတွေ့အကြုံများသည့် မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်အပြင် ပါရမီရှင်များကြားမှ ပါရမီရှင် ဖြစ်ကြသည်။ သူတို့က အတင်းကာရော ဝိညာဉ်စွမ်းအား စုပ်ယူနေလျှင်ပင် သူတို့က မိုဝူကျီကို မယှဉ်နိုင်ပေ။

မိုဝူကျီက ဝိညာဉ်စွမ်းအားများ အပြင်းအထန် စုပ်ယူနေသောကြောင့် တစ်ယောက်မျှ သူ့ကို မနှောင့်ယှက်ကြပေ။ နေ့ရက်များက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေ၏။ မိုဝူကျီ၏ စွမ်းအားများမှာလည်း အပြည့်အဝ ပြန်ကောင်းလာပြီ ဖြစ်သည်။

သူက ရုတ်တရက် မတ်တတ် ရပ်လိုက်သည်။ မနီးမဝေးမှ ဝံပုလွေဘုရင်ကြီးလည်း မျက်ခုံး တွန့်သွားလေသည်။

သူက မိုဝူကျီကြောင့် ခေါင်းကိုက် နေရသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထိုလူမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ဖြစ်စဉ်ကတည်းမှ ချီထုံ မလုပ်ရဲသည့် အရာဖြစ်သည့် သူ့မျိုးဆက်ဝံပုလွေကို သတ်လိုက်သည့် လုပ်ရပ်ကို လုပ်ခဲ့ပြီးပြီ ဖြစ်၏။ ယခု မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ဤမျှအဆင့်ထိ ရောက်ရှိနေပြီ ဖြစ်၍ မိုဝူကျီက သူ့ဆီ ချီတက်လာလျှင်ပင် အံ့ဩစရာ ကိစ္စတော့ မဟုတ်ပေ။

မိုဝူကျီက ရုတ်တရက် ရပ်လိုက်သည့်အခါ သတိပြုမိသူမှာ ကန်ရွယ် တစ်ယောက်တည်း မဟုတ်ဘဲ အားလုံးက လှည့်ကြည့် လိုက်ကြသည်။ အားလုံးမှာ ကန်ရွယ်နှင့် အတူတူ တွေးမိလိုက်ကြသည်။ မိုဝူကျီသည် တိတ်ဆိတ် နေလိမ့်မည်ဟု မယုံကြပေ။ သူ တိတ်ဆိတ်နေသည့် အကြောင်းအရင်းမှာ သူ့အင်အား အပြည့်အဝ ပြန်မကောင်းသေး၍ ဖြစ်သည်။ ယခု သူ့စွမ်းအားများ ပြန်ကောင်းလာပြီ ဖြစ်၍ ဝံပုလွေနက်ပင် မိုဝူကျီကို ရန်မစချင်တော့ပေ။

မိုဝူကျီက ဤကျဉ်းမြောင်းမြောင်း ချောက်နက်မှ ထွက်လာပြီး သူ အရင်က ကျရောက်လာသည့် နေရာဆီ ပြန်သွားလိုက်သည်။ သူက စိတ်စွမ်းအားကို အတင်းကျပ် ထုတ်သုံးလိုက်သည်။ သူ့စိတ်စွမ်းအားမှာ ထုတ်လွှင့်၍ မရသေးပေ။

သူက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်း လိုက်သော်လည်း ဗလာနတ္ထိနေရာကြီးသာ မြင်ရလေ၏။

“တာအိုရောင်းရင်းမို ...  ကျုပ်တို့တွေ ဒီနေရာကို ရောက်လာတာ နှစ်ထောင်ချီနေပြီ။ ထွက်ဖို့ လမ်းမရှိဘူး” ဇာစ်မြစ်မသိရသည့် ကျင့်ကြံသူ တစ်ယောက်က မိုဝူကျီ လျှောက်လုပ်မိမည်ကို စိုးရိမ်၍ အရင်ဦးစွာ သတိပေးလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြပြီးနောက် ချောက်အတွင်းမှ လူဆယ်ယောက်ကျော်ကို ကြည့်ကာ  “အားလုံး ဒီထဲက ခဏ ထွက်ပေးလို့ ရမလား။ ဒီချောက်နက်ကို ခဏလောက် စစ်ကြည့်ချင်တယ် ...”

အားလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး မိုဝူကျီ စကားကို ပြန်မဖြေကြပေ။

နေရာကို လက်လွှတ် ရမှာလား ...

အပြင်တွင် ရပ်လိုက်ခြင်းက သူတို့စိတ်စွမ်းအား ထုတ်လွှင့်၍ မရသလို သဘာဝ စွမ်းအားလည်း အသုံးပြု၍ မရချေ။

သူတို့ကိုယ်သူတို့ မိုဝူကျီ၏ သဲအိတ် အဖြစ် ခံရမည်လား ...

“တာအိုရောင်းရင်းမို၊ တာအိုရောင်းရင်း မန်ဟိုင်ပြောတာ မှန်တယ်။ ကျုပ်တို့က တစ်နေရာလုံးကို ရှာနေတာ နှစ်ထောင်ချီနေပြီ။ ထွက်ဖို့ လမ်းမရှိဘူး ...” မုယင်ချောင်က ပြောလိုက်သည်။

သူက မိုဝူကျီ စကာများကို မကြိုက်ပေ။ မိုဝူကျီတွင် လျှို့ဝှက်ကတ်များ ရှိနေလျှင်ပင် သူက ဤနေရာတွင် ဂျူနီယာလေး ဖြစ်နေဆဲ ဖြစ်သည်။

မိုဝူကျီက အသာအယာ ပြောလိုက်သည်  “ကျုပ် အမွှေးတိုင် တစ်ဝက်စာပဲ အချိန်ယူမယ်။ တကယ်လို့ အဲဒီအချိန်အတွင်း ဘာမျှရှာမတွေ့ရင် အားလုံးကို နောက်တစ်ခါ မနှောင့်ယှက်တော့ဘူး။ ဒါပေမဲ့ ကျုပ် တစ်ခုခု ရှာတွေ့ရင်ရော ... အဲဆို ကျုပ်တို့ အားလုံး လွတ်မြောက် နိုင်လိမ့်မယ် ...”

မိုဝူကျီက အားလုံး၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်တော့ဘူးဟု ပြောစဉ် သူ့အသံတွင် သရော်သံအချို့ ပါဝင်နေပေသည်။ သူက ထိုလူအားလုံးကို ထွက်သွားလိုသည့် အကြောင်းအရင်းမှာ သူ့စိတ်ဝိညာဉ် မျက်လုံးဖြင့် နေရာတစ်ခုလုံးကို စစ်ဆေးကြည့်ချင်လို၍ ဖြစ်သည်။ အကယ်၍ အားလုံးက အထဲတွင် ရှိနေပါက သူ့စိတ်ဝိညာဉ် မျက်လုံးအကြောင်း လူသိသွားပေလိမ့်မည်။

ဤနေရာတွင် သူ့ကျင့်ကြံဆင့်က အနိမ့်ဆုံး ဖြစ်သည့်အတွက် သူ့ကတ်ကို သေချာ သိမ်းထားရန် လိုအပ်ပေသည်။

***

All Chapters