ကံကြမ္မာမဲ့ စွမ်းရည်များ
Vol. 37 Ch. 509
အကြီးအကဲ လက်သီးနီက သူ့တည်းခိုဆောင်သို့ ပြန်ရောက်သည့်အခါ ကြွက်သားများရှိပြီး ထွားကျိုင်းသည့် အမျိုးသားတစ်ဦးက သူ့အား စောင့်ဆိုင်းနေလေ၏။
“ အထွတ်အထိပ် အကြီးအကဲ” အကြီးအကဲ လက်သီးနီနှင့် ယဲ့ချန်းတို့က အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။
“ ညှိနှိုင်းမှုက ထင်ထားသလို မဖြစ်ခဲ့ဘူးမလား” အထွတ်အထိပ် အကြီးအကဲက မေးလိုက်သည်။
“ ဟုတ်ကဲ့” အကြီးအကဲ လက်သီးနီက အခြေအနေအား ရှင်းပြလိုက်သည်။
အထွတ်အထိပ်အကြီးအကဲက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်၏ “ ဒီလိုဆိုရင် သူတို့ရဲ့ အပေးအယူကိုပဲ လက်ခံလိုက်တော့”
“ ဒါပေမဲ့ ကျန့်ချောင်းရဲ့ ခန္ဓာကိုယ်ကရော”
“ သန့်စင်ပြီးသွားလောက်ပြီ” အထွတ်အထိပ် အကြီးအကဲက သက်ပြင်းချကာ ပြောလိုက်သည်။ သူက ကျန့်ချောင်းသည် တစ်စုံတစ်ယောက်၏ တားမြစ်ခံစစ်ဆေးမှုတွင် ပါဝင်ပတ်သက်နေသည်ကို သိထားသည့် လူတချို့ထဲမှ တစ်ဦး ဖြစ်၏။
သူက ကျန့်ချောင်း၏ နှလုံးသားနတ်ဆိုးသည် သူ့မိသားစု သေဆုံးမှုနှင့် ပတ်သက်နေပြီး ထိုအရာအပေါ် တာဝန်ရှိသည့်သူကို သတ်လိုက်မှသာ သူ့စိတ်က သိမ်မွေ့သွားပြီး ပိုမိုကောင်းမွန်သည့် အနေအထားသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် သိုင်းပညာမူလဂိုဏ်း၏ အထက်ပိုင်းများက သူ့ကို တိုက်ခိုက်ဖို့ သဘောတူခဲ့ပြီး ဂိုဏ်း၏ ဧကရာဇ်အသုံးအဆောင်ပစ္စည်းသုံးခုကိုပင် ငှားပေးခဲ့သည်။ သူတို့၏ စိတ်ထဲတွင် ကျန့်ချောင်း၏ ကျရှုံးမှုကို တွေးမထားမိကြပေ။ အထူးသဖြင့် ထိုသူသည် အကွက်ကျကျမြင်ပြီး ထိုဟွင်သွမ်းရတနာ ရှိထားသည့်အခါတွင် ဖြစ်၏။
“ အထွတ်အထိပ် အကြီးအကဲ … ကျန့်ချောင်းက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အမွေဆက်ခံသူနဲ့ ဘာလို့ တိုက်ခိုက်ရတာလဲ”
ထိုအထွတ်အထိပ်အကြီးအကဲက အကြီးအကဲ လက်သီးနီအား ကြည့်ကာ တားမြစ်ခံစစ်ဆေးမှုနှင့် သူတို့နှစ်ဦးကြားမှ ကံဆက်နွယ်မှုအကြောင်း ဘာမှမဖုံးကွယ်ထားဘဲ ရှင်းပြလိုက်သည်။
ထို့နောက် အကြီးအကဲ လက်သီးနီက သက်ပြင်းချကာ “ ကံကြမ္မာမဲ့ကို ဒီလိုမျိုး ဆုံးရှုံးလိုက်ရတာ နှမြောစရာပဲ”
“ ဟုတ်တယ်”
ကံကြမ္မာမဲ့သူများသည် ကန့်သတ်ချက်မရှိ မွေးဖွားလာသူများ ဖြစ်၏။ အတိအကျဆိုရလျှင် သူတို့သည် တခြားသူများထက် သာလွန်စွာ မွေးဖွားလာကြသည်။ ထို့ကြောင့် ကံကြမ္မာမဲ့တာအိုသက်သေပြသည်နှင့် သူတို့သည် ထာဝရအရှင်များကို ဖန်တီးဖို့ရာ အရင်းအမြစ်ချီ နေရာလွတ်တွင် ကြာမြင့်စွာ နေနိုင်လိမ့်မည်။
ထိုအရာက သူတို့အတွက် တာအိုအရင်းအမြစ်ကို သန့်စင်ဖို့လည်း ပိုမိုလွယ်ကူစေ၏။ ထို့အပြင် သူတို့က ပုံမှန်မဟာဧကရာဇ်များကဲ့သို့ ကံကြမ္မာသက်ရောက်မှု မခံရပေ။ ထို့ကြောင့် သူတို့က တန်ပြန်သက်ရောက်မှု မခံရဘဲ လူအများအတွက် ကံကြမ္မာကို ဖြတ်တောက်နိုင်သလို ဒိုင်မေးရှင်းအနိမ့်တွင်လည်း အပြစ်ပေးခြင်း မခံရဘဲ ကြာကြာနေထိုင်နိုင်သည်။
ကံကြမ္မာမဲ့သည် ဒိုင်မေးရှင်းအနိမ့်တွင် ပိုမိုလုပ်ဆောင်နိုင်၏။ အထူးသဖြင့် သူတို့၏ ဝိညာဉ်စွမ်းအား၊ သွေးစွမ်းအားနှင့် အသက်ဓာတ်အတွက် မဟာကမ္ဘာများကို ဖျက်ဆီးပြီးအထဲရှိလူများကို သန့်စင်ခြင်းကဲ့သို့ အရာမျိုး ဖြစ်၏။
သာမန်ဧကရာဇ်များက ထိုကမ္ဘာထောင်ချီကို ဖျက်ဆီးပြီးသည့်နောက်တွင် အကျိုးဆက်ကို ခံစားရမည်ဖြစ်၏။ အကယ်၍ သူတို့က ထာဝရဧကရာဇ် သို့မဟုတ် သူတို့၏အဓိကတာအိုက ကံကြမ္မာဖြစ်နေလျှင်ပင် အကျိုးဆက်ခံစားရဦးမည်သာ ဖြစ်သည်။
တူညီသည့် စည်းမျဉ်းက ကံကြမ္မာမဲ့သက်ရှိများအပေါ် သက်ရောက်မှုရှိသည်မှာ သူတို့က အဆင့်နိမ့်သည့် တတိယတန်းစားဧကရာဇ် ဖြစ်နေသည့်အခါတွင်ပင် ဖြစ်၏။ ထိုအရာများက သူတို့တာအိုကို သက်သေပြပြီး ရရှိမည့်အရာများ ဖြစ်သော်လည်း သေမျိုးအဆင့်တွင်မူ တခြားသော အကျိုးအမြတ်များစွာလည်း ရှိသေး၏။ နမူနာအားဖြင့် သူတို့သည် သူတို့အလို မရှိပါက သူတို့၏ စမ်းသပ်ချက်ကို ဖြတ်ကျော်စရာမလိုပေ။
အဆုံးမဲ့ကမ္ဘာအတွင်းရှိ ကမ္ဘာအနှံ့တွင် ကျင့်ကြံသူများ၊ သိုင်းပညာရှင်များ၊ နတ်ဘုရားများ သို့မဟုတ် လေ့ကျင့်သူများက သေချာသည့် ကျင့်ကြံဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ သူတို့သည် မိုးမြေစမ်းသပ်ချက်ကို ခံယူရသည်သာ ဖြစ်၏။ ကံကြမ္မာမဲ့သက်ရှိများက ခြွင်းချက် ဖြစ်သည်။
ထိုစည်းမျဉ်းအတွက် တစ်ခုတည်းသော ခြွင်းချက်မှာ ကံကြမ္မာမဲ့သည် နှလုံးသားနတ်ဆိုး၏ သက်ရောက်မှုကို ခံစားရဆဲသာဖြစ်၏။ သို့သော်လည်း ထိုအရာက ဝမ်ဝေ့ ကြုံတွေ့ရသကဲ့သို့ ပုံသဏ္ဌာန်မျိုး ထွက်ပေါ်လာခြင်း မဟုတ်ပေ။
သူ့ဆီမှာ ချီကံကောင်းမှု အများကြီး ရှိနေကတည်းက ကျန့်ချောင်းနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတာကို ခန့်မှန်းမိသင့်တာ။ ဒါက ပုံမှန်မဟုတ်ဘူး…
ကံကြမ္မာမဲ့တွင် ချီကံကောင်းမှု မရှိပေ။ အနည်းဆုံးတော့ လူအများက သူတို့၏ ကံကောင်းမှုကို စစ်ဆေးကြည့်သည့်အခါ သာမန်သာ ဖြစ်နေလိမ့်မည်။ သို့သော်လည်း ကံကြမ္မာမဲ့အားလုံးတွင် သက်တန့်ကံကောင်းမှုရှိသည့် ပါရမီရှင်များကဲ့သို့ ကံအပြောင်းအလဲ အခွင့်အရေးများ တွေ့ကြုံတတ်သလို တစ်ခါတစ်ရံတွင် ကံကြမ္မာသားတော်အဆင့်အထိ ဖြစ်၏။
သူတို့၏ စွမ်းရည်အတွက် အကြောင်းအရင်းမှာမူ သူတို့အနီးအနားမှ လူများ၏ ကံကောင်းမှုကို စုပ်ယူစဉ် သူတို့၏ ချီကံကောင်းမှုကမူ သာမန်ဖြစ်နေလေသည်။
မိုးမြေကမျှတပြီး အကြွင်းမဲ့ မရှိပေ။ ကံကြမ္မာမဲ့က မွေးဖွားလာကတည်းက ကံကြမ္မာကနေ လွတ်မြောက်လာသော်လည်း ထိုအချက်က အကြွင်းမဲ့ မဟုတ်ပေ။ ၉၉ ရာခိုင်နှုန်းသော ကံကြမ္မာမဲ့တို့က သာမန်သေမျိုးမိသားစုတွင် မွေးဖွားလာကြပြီး သူတို့၏ တစ်ဘဝလုံးတွင် သူတို့၏ အဆင့်အတန်းကို မသိဘဲ နေထိုင်သွားကြရသည်။ သူတို့သေဆုံးပြီး သံသရာသို့ ဝင်ရောက်သွားပါက ထိုခေါင်းစဉ်ကို ဆုံးရှုံးသွားလိမ့်မည်။
ကံကောင်းမှုကို စုပ်ယူနိုင်စွမ်းကြောင့် ကံကြမ္မာမဲ့၏ မိသားစုများက ကပ်ဘေးမခံစားရဘဲ ကြွယ်ဝချမ်းသာမှုအပြည့် ရှိတတ်ကြသည်။
ကံကြမ္မာမဲ့အတွက် သူတို့၏ စွမ်းအားကို အသက်သွင်းပြီး အကျိုးအမြတ် ခံစားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျင့်ကြံရေးနောက် လိုက်ခြင်းနှင့် ထိုအရာကို ရှာဖွေခြင်းတို့ ဖြစ်သည်။
အကြီးအကဲ လက်သီးနီက ခေါင်းခါလိုက်ပြီး ထိုအရာကို စဉ်းစားကြည့်လိုက်သည်။
ကျန့်ချောင်း၏ ချီကံကောင်းမှုက ဂိုဏ်းအတွက် အာရုံစိုက်စရာဖြစ်လာခဲ့ပြီး သူ့ကို ဆန့်ကျင်သူများက ထိုအကြောင်းပြချက်အား အသုံးပြုကာ သူ အဆင့်လျော့ကျအောင် လုပ်ဖို့ ကြံခဲ့ကြသည်။ သို့သော်လည်း စစ်ဆေးမှုများစွာအပြီးတွင် ဂိုဏ်းက သူသည် ကံကြမ္မာမဲ့ ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ သို့သော် တစ်စုံတစ်ယောက်ဆီမှ ကောင်းချီးပေးခံထားရသည့် ကံကောင်းမှုအမြောက်အများ ရှိနေသူ ဖြစ်သည်။
လူတချို့က ထိုအရာသည် သူတို့၏ တည်ထောင်သူ သိုင်းပညာဘိုးဘေးဖြစ်လိမ့်မည်ဟု ကောက်ချက်ချခဲ့ကြသည်။ ယခုအကြီးအကဲ လက်သီးနီက ထိုချီကံကောင်းမှုသည် ကောင်းကင်တာအိုက ကျန့်ချောင်းအပေါ် တွက်ချက်နိုင်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် ထားထားသည့် ထိန်းချုပ်မှုတစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရသည်။
ကံကြမ္မာမဲ့သက်ရှိများက မည်မျှပင် ထူးခြားနေစေကာမူ သူတို့သည် သေမျိုးဖြစ်သည့်အချက်ကို မပြောင်းလဲပေ။ မသေမျိုးအဆင့် ကျင့်ကြံသူများက သူတို့၏ တည်ရှိမှုကို အာရုံခံစားနိုင်ရုံသာမက သူတို့၏ ကံကြမ္မာကို ပြောင်းလဲထိန်းချုပ်နိုင်လေ၏။
လူများစွာက ရလဒ်သုံးခု ရှိတတ်ပြီး သေမျိုးဘဝတွင် နေထိုင်ကာ သေဆုံးသွားခြင်း သို့မဟုတ် သူတို့၏ ဝိညာဉ်ကို စုပ်ယူကာ သန့်စင်ဖို့ တခြားကျင့်ကြံသူဆီ ထိန်းချုပ်ခံရခြင်း သို့မဟုတ် အစစ်အမှန် လွတ်လပ်ခွင့်ရရှိသည့် ကျင့်ကြံရေးလမ်းစဉ်သို့ လျှောက်လှမ်းခြင်းတို့ ဖြစ်သည်။
၉၅ ရာခိုင်နှုန်းက ပထမရလဒ်နှစ်ခုတွင် ကျရှုံးသွားကြပြီး ၅ ရာခိုင်နှုန်းကသာ ကျင့်ကြံရေးလမ်းစဉ်အပေါ်သို့ ရောက်ရှိလာကြသည်။ ထိုသို့ဆိုလျှင်ပင် သူတို့က တာအိုကို သက်သေမပြနိုင်လျှင် ကံကြမ္မာမဲ့များက သေဆုံးသွားပြီး သံသရာသို့ ဝင်ရောက်သွားကြရမည်။ သို့သော်လည်း အဆင့်မြင့်ပြီး ဉာဏ်ရှိသည့်သူများက နောက်ဘဝအထိ သူတို့၏ အဆင့်အတန်းကို ထိန်းထားဖို့ နည်းလမ်းများ ရှာဖွေတတ်ကြသည်။
အထွတ်အထိပ် အကြီးအကဲက တိတ်ဆိတ်နေသည့် ယဲ့ချန်းအား ကြည့်လိုက်သည်။
“ ဘာဖြစ်လို့လဲ” ယဲ့ချန်းက အံကြိတ်ကာ ပြောလိုက်၏ “ အထွတ်အထိပ် အကြီးအကဲ ကျွန်တော် အားကောင်းချင်တယ်”
သူက ထိုအရှိန်အဝါရှေ့တွင် အင်အားမဲ့ကာ အကြောက်တရား ခံစားခဲ့သည့်အကြောင်းကို မစဉ်းစားဘဲ မနေနိုင်ပေ။ သူက ထိုသို့ မခံစားချင်တော့ပေ။
ဒီကောင်လေးက လူတော်တော်များများ ထင်ထားသလို မျှော်လင့်ချက် ကင်းမဲ့နေတာမျိုးတော့ မဟုတ်ဘူးပဲ။ သူ့ဆီမှာ သူ့အင်အားရှိတယ်…
အထွတ်အထိပ် အကြီးအကဲက တွေးလိုက်မိသည်။
“ ငါတို့တွေ ဂိုဏ်းကို ပြန်ရောက်ရင် တည်ထောင်သူ ချန်ခဲ့တဲ့ လျှို့ဝှက်နယ်မြေကို မင်းအတွက် ဖွင့်ပေးမယ်။ မင်း အောင်မြင်ပြီး အားကောင်းလာဖို့ကတော့ မင်းအပေါ်မှာ မူတည်တယ်”
“ အထွတ်အထိပ် အကြီးအကဲကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် စိတ်မပျက်စေရပါဘူး”
အထွတ်အထိပ် အကြီးအကဲက ခေါင်းညိတ်လိုက်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းဘက်သို့ လှမ်းကြည့်လိုက်သည်။ ဤလာရောက်တွေ့ဆုံစဉ်အတွင်း သူက ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတချို့ကြောင့် ဖိနှိပ်ခံထားရပြီး ထာဝရဧကရာဇ်နှစ်ယောက် ရှိသည့် ဂိုဏ်းတစ်ခု၏ အုတ်မြစ်သည် မည်မျှနက်နဲကြောင်း သိခွင့်ရခဲ့သည်။
“ ကောင်းပြီ။ သွားကြစို့”
“ အခုလား”
“ မမျှော်လင့်ထားတာ ဖြစ်မလာခင် အခု ထွက်သွားတာ အကောင်းဆုံးပဲ”
အကြီးအကဲ လက်သီးနီက ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက်တွင် ထိုလူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ ဤကမ္ဘာတွင် ဂိုဏ်းများစွာက တစ်ဦးနှင့်တစ်ဦး အကွက်ချကာ ယှဉ်ပြိုင်နေသည့်အတွက် ဘေးကင်းသည့်နေရာတော့ မဟုတ်ပေ။
တစ်ယောက်ယောက်က မသေမျိုးအဆင့် ပုဂ္ဂိုလ်ကို လွှတ်ကာ သူတို့ကို သတ်ခိုင်းနိုင်သည်။ သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းသို့ လာရောက်ခဲ့သည့်အတွက် ထိုလူက အဓိက တရားခံ ဖြစ်နေနိုင်သည်။
အကယ်၍ အခြေအနေက မပြတ်သားလျှင် သိုင်းပညာမူလဂိုဏ်းနှင့် တာအိုအခွင့်အလမ်းဂိုဏ်းသည် ရန်သူများဖြစ်လာပြီး အလွှာကြားတွင် ဧကရာဇ်တာအိုစစ်ပွဲ စတင်လာနိုင်သည်။
ထို့ကြောင့် အထွတ်အထိပ် အကြီးအကဲက ထိုနှစ်ယောက်အား အသင်္ချေအင်ပါယာကမ္ဘာအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး အိမ်ပြန်ဖို့ ပြင်လိုက်သည်။ ထိုဆုံးဖြတ်ချက်ချပြီးနောက် သိပ်မကြာခင် သူ ထွက်သွားခဲ့သည့် နေရာတွင် မသေမျိုးအဆင့် ပုဂ္ဂိုလ် ပေါ်ထွက်လာသည်။
ထိုပုဂ္ဂိုလ်များအတွက် ကံဆိုးသည်မှာ တာအိုအခွင့်အလမ်းဂိုဏ်းမှ လူများကလည်း ပေါ်ထွက်လာသည်။ ထို့ကြောင့် တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ပြီး ထိုလူများက ဒဏ်ရာရရှိကာ ထွက်ပြေးသွားခဲ့ကြသည်။
“ အဲဒီမိစ္ဆာကျင့်ကြံသူတွေက တကယ်ကို အရူးတွေပဲ။ ဘာမဆိုလုပ်နိုင်ကြတယ်” ဝမ်ဝူချန်က လေဟာနယ်ထဲတွင် မတ်တပ်ရပ်နေရင်း ပြောလိုက်သည်။
“ ဘာမှမထူးဆန်းဘူး” နောက်ထပ်အသံတစ်သံက ပြောလိုက်၏။
“ ထိုက်ယီနက်နဲမုခ်ကလူတွေ ထွက်ပေါ်လာတာကို ပိုအံ့ဩမိတယ်” တတိယလူက ပြောလိုက်သည်။
“ ငါကတော့ မအံ့ဩဘူး။ သူတို့က လောကီရေးရာတွေနဲ့ မပတ်သက်ဘူးဆိုပြီးတော့ အယုံသွင်းထားတဲ့ တာအိုသူတော်စင်တွေက ဒီလိုခိုးကြောင်ခိုးဝှက်လုပ်တဲ့နေရာမှာ သူတို့ထက် တော်တဲ့သူမရှိဘူး” ဝမ်ဝူချန်က ပြောလိုက်သည်။
“ အမှန်ပဲ။ ငါတို့တွေ သူတို့ထဲကတချို့ကို ဒဏ်ရာပေးခဲ့တယ်ဆိုတော့ သူတို့တွေ ခဏတော့ ငြိမ်သွားဦးမှာပါ”
ဝမ်ဝူချန်က ခေါင်းညိတ်လိုက်ပြီး တခြားတစ်ခုကို မေးလိုက်သည် “ မင်းတို့တွေ ဂိုဏ်းချုပ်ဆီက သတင်းရလိုက်သေးလား”
“ ရလိုက်တယ်။ ငါတို့တွေ မိုမိသားစုနဲ့ ကောင်းကင်ဝါးမျိုရေးဧကရာဇ်က နယ်ခြားအလွှာနဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိနေခဲ့တာ။ ဒါပေမဲ့ ဘယ်တုန်းကမှ အတည်မပြုနိုင်ခဲ့ဘူး။”
“ အရင်တုန်းက ကျောင်းတော်က သူ့ကို လိုက်ဖမ်းခဲ့တုန်းက သူက ဆရာတစ်ယောက်ကို သတ်ခဲ့တယ်လေ။ အဲဒီဆရာက သူနဲ့ နယ်ခြားတွေရဲ့ ဆက်နွယ်မှုကို သိထားလို့များလား”
“ အဲလိုဖြစ်နေနိုင်တယ်”
“ ငါကတော့ အဲဒီအကြောင်းကို ဂရုမစိုက်ဘူး။ ငါ သိချင်တာက သိုင်းပညာ မူလဂိုဏ်းက လူတွေက ဒီလိုလျှို့ဝှက်ချက်မျိုးကို ဘယ်လိုသိနေတယ်ဆိုတာကိုပဲ”
“ လူတော်တော်များများက အဆုံးမဲ့လေဟာနယ်အတွင်းမှာ သူ့ရူးမိုက်မှုအကြောင်းအရင်းကို စုံစမ်းကြပြီးတော့ ဝါးမျိုရေးဇုန်အထိတောင် သွား စစ်ဆေးခဲ့သေးတယ်။ ဒါပေမဲ့ ဘာမှမတွေ့ရဘူး။ အဲဒါဆိုတော့ သူတို့က ဘယ်လိုလုပ်သိနေတာလဲ”
“ ကြည့်ရတာ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကို ထောက်ပံ့ပေးတဲ့အဖွဲ့ထဲမှာ သူတို့အလွှာလည်း ပါနေတဲ့ပုံပဲ”
“ အဲလိုဆို ရှင်းပြပြီးသား ဖြစ်သွားပြီ”
ထို့နောက် လေဟာနယ်က ချက်ချင်းဆိုသလို တိတ်ဆိတ်သွားသည်။
“ ငါတို့တွေ တခြားဂိုဏ်းတွေပါ စုဝေးပြီးတော့ အပြင်ဘက်ကနေ လွှမ်းမိုးမှု မခံရအောင် ကာကွယ်ထားသင့်တယ်လို့ ထင်တယ်။ ပြီးတော့ ဒီမျိုးဆက်မှာ ခေတ်သစ် စလာတော့မယ်ဆိုတာကိုလည်း သိထားတာပဲ။ ငါတို့အနေနဲ့ နယ်ခြားအင်အားစုရဲ လွှမ်းမိုးမှု မကျူးကျော်လာအောင် ကာကွယ်ထားတာက အကောင်းဆုံးပဲ”
“ သဘောတူတယ်”
“ ငါရောပဲ”
“ ဒီလိုဆိုရင် ငါ တခြားဂိုဏ်းကို ဆက်သွယ်လိုက်မယ်” ဝမ်ဝူချန်က ပြောလိုက်သည်။
***