← Chapters

ဂိုဏ်းချုပ်

Vol. 37 Ch. 512

ဂိုဏ်းချုပ်

Vol. 37 Ch. 512

ဝမ်ဝေ့က သူ့သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီးနောက် တစ်စုံတစ်ခု ကွဲပြားနေသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။

“ မိုးမြေက ပြောင်းလဲသွားပြီး ကျင့်ကြံရတာ ပိုပြီးလွယ်ကူလာတဲ့ပုံပဲ။ အထွတ်အထိပ်လမ်းစဉ် ပွင့်သွားပြီလား”

ထို့နောက် ဝမ်ဝေ့က သူ ကျင့်ကြံနေသည်မှာ အချိန်မည်မျှကုန်ဆုံးသွားကြောင်း တွက်ချက်ကြည့်လိုက်သည်။ အပြင်ဘက်တွင် နှစ်ငါးရာမျှ ဖြစ်ကာ အချိန်ပင်ကိုရတနာအတွင်း နှစ်နှစ်ထောင်ခန့် ဖြစ်၏။

အချိန်ကို တွက်ချက်ပြီးသည့်နောက်တွင် သူက ဝူဟုန်ရှိသည့် ဧည့်ခန်းသို့ လျှောက်လှမ်းလာလိုက်သည်။ သူမက စာအုပ်များ ဖတ်ရှုနေဆဲ ဖြစ်၏။ သူက သူမကို အနောက်ဘက်မှ အသာလေး ထွေးပွေ့လိုက်သည်။

“ မင်း ဒီစာအုပ်တွေကို ဖတ်ပြီးတာ ကြာလောက်ပြီလို့ ထင်နေတာ”

“ ကျွန်မ တစ်ခါတည်းနဲ့ မဖတ်မိဖို့ရာ ထိန်းချုပ်ထားရတယ်လေ။ ပြီးတော့ ကျွန်မ ဒါတွေကို တော်တော်များများ ပြန်ဖတ်ပြီးသွားပြီ”

“ တကယ်ကြီးလား။ ကိုယ်ဆိုရင် ဝတ္ထုတွေကို ပြန်ဖတ်ရတာ မုန်းတယ်။ တစ်ခေါက်နဲ့ဆို လုံလောက်ပြီ”

“ တကယ်လား။ ရှင်က ပထမတစ်ခေါက် ဖတ်ရတာပဲ သဘောကျတာလား။ ဒုတိယ တစ်ခေါက်ဖတ်ရတာ ပိုကောင်းတယ်လို့ မထင်ဘူးလား”

“ မဟုတ်ဘူး။ ဝတ္ထုတွေက ပထမတစ်ခေါက်လောက် မကောင်းခဲ့ရင် ဒုတိယအကြိမ် ဖတ်လိုက်တာက ပထမအတွေ့အကြုံကို ပျက်စီးသွားစေမှာကို ကြောက်လို့” ဝမ်ဝေ့က ပြောလိုက်သည် “ ပြီးတော့ ကိုယ် သိပြီးသား အရာတစ်ခုကို ဆက်ဖတ်ချင်စိတ် မရှိတော့ဘူးလေ”

“ ရှင့်ရဲ့ စာဖတ်တဲ့အကျင့်က အတော်လေး ထူးဆန်းတာပဲ” သူမက နောက်ဆုံးစာကြောင်းကို ဖတ်လိုက်ပြီးနောက် စာအုပ်ကို ပြန်လည်သိမ်းကာ သူ့အား ပြန်လည်ထွေးပွေ့လိုက်သည်။

“ ရှင် ကျင့်ကြံတုန်းက ဘယ်လိုနေလဲ”

“ ကောင်းတယ်”

“ ကျွန်မ အဲဒါသိပါတယ်။ ဒါပေမဲ့ ရှင့်ခန္ဓာကိုယ်က ဖျက်ဆီးခြင်း စည်းမျဉ်းကို ဘာလို့ ခံစားမိနေတာလဲ”

“ အော် အဲဒါက နေဝင်ဖျိုးဖျဧကရာဇ်ရဲ့ နားလည်နိုင်စွမ်းကို သုံးပြီးတော့ စည်းမျဉ်းအဆင့်တစ်ခုကို နားလည်ထားလို့လေ။ ဒါပေမဲ့ အဲဒါက ကိုယ့်ရဲ့ ပင်မစည်းမျဉ်းတော့ ဖြစ်မှာမဟုတ်ဘူး”

ဝူဟုန်က ကျင့်ကြံသူများသည် စည်းမျဉ်းနားလည်ရေးအဆင့်တွင် စည်းမျဉ်းများစွာ နားလည်နိုင်ကြောင်း သဘောပေါက်၍ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း စည်းမျဉ်းအုတ်မြစ်အဆင့်တွင် သူတို့က စည်းမျဉ်းတစ်ခုကိုသာ ပင်မတစ်ခုအဖြစ် ရွေးချယ်ထားပြီး ကျန်အရာက အရန်စည်းမျဉ်းများ ဖြစ်သွားလိမ့်မည်။

ပင်မစည်းမျဉ်းက တာအိုကျင့်ကြံသူ ကျင့်ကြံမည့် အဓိကတာအို ဖြစ်လာမည်ဖြစ်ကာ ကောင်းကင်ရွေးချယ်ခံများကို ကောင်းကင်အလိုဆန္ဒက မဟာတာအိုအရင်းအမြစ်၏ အဆင့်အထိ နားလည်ဖို့ရာ ခွင့်ပြုထားမည့်အရာလည်း ဖြစ်သည်။

“ အဖေက ရှင့်ကို စောင့်နေတယ်”

ဝမ်ဝေ့က သူမ၏ ပါးပြင်အား နမ်းရှိုက်ပြီးနောက် ထျန်းဝေ့တောင်ထိပ်အား အဖေနှင့် တွေ့ဆုံဖို့ ထွက်သွားလေသည်။

“ မင်း ရောက်လာပြီပဲ”

“ အထွတ်အထိပ်လမ်းစဉ် ပွင့်သွားတာ ဘယ်လောက်ကြာသွားပြီလဲ” ဝမ်ဝေ့က မေးလိုက်သည် “ ကျွန်တော် နှောင့်နှေးအောင်များ လုပ်မိသွားပြီလား”

“ နှစ် ၂၀ပဲ ရှိပါသေးတယ်။ အဲ့လောက်ကြီးလည်း နောက်မကျပါဘူး”

“ အဖေ့ ကြည့်ရတာ သိပ်ဂရုမစိုက်တော့တဲ့ပုံပဲ။ အဖေက အဖေ့မျိုးဆက်မှာ ပထမဆုံး အစစ်အမှန်အုပ်ချုပ်သူ ဖြစ်လာချင်တယ် ထင်နေတာ”

“ ငါက ကုသိုလ်အတွက်ပဲ လိုချင်တာပါ” ဝမ်ထျန်းက ပြန်ဖြေလိုက်သည်။

“ ဒါပေမဲ့ အခု ငါတို့ဂိုဏ်းမှာ ကုသိုလ် ပြတ်လပ်မနေဘူး။ ပြီးတော့ တချို့လူတွေက ကောင်းကင်တာအိုက အတားအဆီးကို ဖယ်လိုက်တာနဲ့ အဆင့်ချက်ချင်း တက်လှမ်းသွားကြတာတွေ ရှိတယ်။ သူတို့က သေမျိုးတဖန်ကိုတောင် ပြန်လည်မဖြတ်ကျော်ကြဘူး။”

“ သူတော်စင်အဆင့်မှာ နှစ်အကြာကြီး ရပ်တန့်နေတာဆိုတော့ သူ ဒီလိုတွေရဲ့ အုတ်မြစ်က အတော်လေး ခိုင်မာနေမှာပဲ။ အဲဒါဆိုတော့ သေမျိုးတစ်ဖန်က သူတို့အတွက် ရေခဲတောင်ထိပ်ဖျားလိုပေါ့။ အဲလိုဆိုရင်တောင် အဖေကတော့ ဖြတ်ကျော်ဦးမှာမလား”

“ ဟုတ်တာပေါ့။ ဒါပေမဲ့ အဲဒီမတိုင်ခင် မင်းရဲ့ ဂိုဏ်းချုပ်အခမ်းအနားကို စောင့်ကြပ်ပေးရဦးမယ်”

“ အခမ်းအနား ကျင်းပဖို့ နောက်လထဲက မင်္ဂလာရှိတဲ့ တစ်ရက်ရက်ကို ရွေးလိုက်လေ။ ပြီးတော့ တခြားဂိုဏ်းကသူတွေကိုရော ဖိတ်ရဦးမှာလား”

“ ထာဝရအိပ်မက်ဂိုဏ်းနဲ့ ယုမျိုးနွယ်ကလွဲရင် ကျန်တဲ့သူတွေကို အကြောင်းကြားဖို့ပဲ လိုတယ်။ မင်းက ကိန်းကြီးခမ်းကြီး အခမ်းအနားမျိုး မလုပ်ချင်ဘူးဆိုရင်ပေါ့”

“ အဲလို မလိုတော့ပါဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက ထိုသို့သော အခမ်းအနားမျိုးကို သိုသိုသိပ်သိပ်ကိုသာ သဘောကျ၏။ ထိုသို့သော အခမ်းအနားမျိုးက ရင်းနှီးသည့် မိတ်ဆွေများဖြင့်သာ ဖြတ်ကျော်သင့်သည့် အခမ်းအနားဟု ယုံကြည်ထားသည်။

ထို့ကြောင့် နှစ်ဦးသားက ကိစ္စများအား ဆွေးနွေးလိုက်ပြီးနောက် ဝမ်ဝေ့က လီကျွင်းနှင့် သူ့အမေအား တွေ့ဆုံဖို့ ထွက်သွားလေသည်။

ထို့နောက် တစ်လတာကြာမြင့်ပြီးသည့်နောက်တွင် တာအိုအခွင့်အလမ်းဂိုဏ်းတွင် ပျော်ပွဲရွှင်ပွဲကျင်းပသည့် အခြေအနေ ဖြစ်နေ၏။ တပည့်များနှင့် အကြီးအကဲများက သူတို့၏ ဂိုဏ်းချုပ်အသစ်သည် ယနေ့တာဝန်ယူမည် ဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေကြ၏။

ဝမ်ကျူ၏ အလုပ်က တပည့်များကြားတွင် ဝမ်ဝေ့၏ ဂုဏ်သတင်းအား ထိန်းထားဖို့ ဖြစ်ပြီး သူ ဂိုဏ်းချုပ်ဖြစ်လာသည့်အခါ သူတို့က ထောက်ပံ့ပေးဖို့ရာ ဖြစ်သည်။ ဝမ်ဝေ့က လက်ရှိကမ္ဘာမှ အားအကောင်းဆုံး ကောင်းကင်ရွေးချယ်ခံအဖြစ် သတ်မှတ်ထားခံရသည့်အချက်ကြောင့် သူ့ ဂုဏ်သတင်းကို ထိန်းသိမ်းထားဖို့ လွယ်ကူလှသည်။ အထူးသဖြင့် တိထျန်းက နှစ်တစ်သောင်းကြာ ထွက်ပေါ်မလာသည့်အခါတွင် ဖြစ်၏။

မင်္ဂလာရှိသည့်နေ့ရက်တွင် ဂိုဏ်းချုပ် ထန်ကျစ်ချန်းနှင့် သူတော်စင်မ ကုအန်းတို့ကလည်း ထွက်ပေါ်လာသည့်အတွက် ဝမ်ထျန်းက သူတို့အား ကြိုဆိုနေရသည်။

“ ဂိုဏ်းချုပ် ဝမ်ထျန်း … ရှင်က တကယ်ကို အမွေဆက်ခံသူကောင်းကောင်းရှိထားတာပဲ”

“ ဟုတ်ပါ့ဗျာ”

“ ဟူး ကျွန်မရဲ့ တပည့်လေးကတော့ အဆင်သင့် မဖြစ်သေးတာ နှမြောစရာပဲ”

ကုအန်းက ရှက်ရွံစွာဖြင့် ခေါင်းငုံ့လိုက်သည်။ ဂိုဏ်းတော်တော်များများ သို့မဟုတ် အင်အားစု တော်တော်များများက ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံများဆီ ခေါင်းဆောင်ပိုင်းကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်၏။ သို့သော်လည်း လူတချို့ကမူ သူတို့၏ ကောင်းကင်ရွေးချယ်ခံများသည် ထိုတာဝန်အတွက် အဆင်သင့် မဖြစ်သေးကြောင်း ယုံကြည်ထားကြသည်။

“ အချိန်ယူတာလည်း ကောင်းပါတယ်” ဝမ်ထျန်းက အပြုံးလေးဖြင့် ပြောလိုက်သည် “ အရှင်းဆုံးပြောရရင် ကျုပ်က ဒီဝန်ထုပ်ဝန်ပိုးကို သူ့ဆီ လွှဲပြောင်းပေးလိုက်တာ စောလွန်းနေမလားလို့ သံသယဖြစ်မိတုန်းပဲ။ နောက်ဆုံးတော့လည်း ငှက်တွေလည်း ဖြည်းဖြည်းချင်း အပျံသင်ရင်း အသိုက်ကနေ ထွက်သွားရမှာပဲလေ”

“ အမှန်ပဲ” ထန်ကျစ်ချန်းက သူမ တပည့်၏ ခေါင်းလေးကို သပ်ပေးရင်း ပြောလိုက်သည်။

ယုမျိုးနွယ်စုက ရောက်ရှိလာပြီး ယုယန်က သူတို့အား ဧည့်ခံလေသည်။ ယခုအခါ သူမ အစ်မနှင့် ဆက်ဆံရေးက ပြေလည်သွားပြီဖြစ်သည့်အတွက် သူမ တူဖြစ်သူ၊ အစ်မဖြစ်သူတို့နှင့် ပျော်ပျော်ရွှင်ရွှင် စကားစမြည် ပြောနေသည်။

ဧည့်သည်များ ရောက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က အားလုံးနှင့် တွေ့ဆုံဖို့ ပေါ်ထွက်လာ၏။ သူက အကြီးအကဲများနှင့် စကားစမြည်ပြောပြီး အဖွဲ့ခွဲခေါင်းဆောင်များနှင့်လည်း တွေ့ဆုံလိုက်သည်။

ဝမ်၊ ယန်းနှင့် လီမိသားစုတို့ကလည်း သူတို့မိသားစုဝင်အများစု နေထိုင်သည့် ကမ္ဘာငယ်များ ရှိထားကြပြီး ထိုလူများက မျိုးနွယ်ခွဲအဖွဲ့ဝင်များ ဖြစ်ကြသည်။ မျိုးနွယ်ခွဲတိုင်းတွင် ခေါင်းဆောင်တစ်ယောက်စီ ရှိ၏။

အားလုံးကို ဧည့်ခံပြီးနောက် အခမ်းအနားက စတင်လိုက်သည်။ ဝမ်ဝေ့နှင့် ဝမ်ထျန်းတို့က စင်မြင့်ရှေ့တွင် ရပ်နေကြပြီး အားလုံးက သူတို့အား ကြည့်နေကြသည်။ စင်မြင့်ရှေ့တွင် ဝမ်ဝေ့က ဂိုဏ်းအား သူ တတ်စွမ်းသမျှ အစွမ်းကုန် ဖွံ့ဖြိုးအောင်လုပ်ပြီး ကာကွယ်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

ဝမ်ဝေ့က ကျမ်းသစ္စာ ကျိန်ဆိုပြီးသည်နှင့် ဂိုဏ်း၏ ဝေဟင်ထဲ ကောင်းချီးတိမ်တိုက်များက ထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးထံ ဂိုဏ်းချုပ်အပြောင်းအလဲ ဖြစ်ကြောင်း ကြေညာသွားသည်။

အခမ်းအနား ပြီးဆုံးသွားသည်နှင့် ဧည့်သည်တော်များက ညစာ စားပွဲကျင်းပပြီး ဝမ်ဝေ့ကမူ သူ့မိသားစုနှင့် မိတ်ဆွေများနှင့်အတူ စားသောက်နေသည်။

နောက်တစ်ရက်တွင် သူက သူ့ဖခင်၊ သူ့အရိပ်၊ ဝမ်ကျူတို့နှင့် တွေ့ဆုံဖို့ ထွက်သွားလေသည်။

“ ဒါက မင်းအတွက်” ဝမ်ထျန်းက အဆောင်တစ်ခုအား ပေးရင်း ပြောလိုက်သည် “ ဒီထဲမှာ မင်း ဂိုဏ်းချုပ်အနေနဲ့ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေ အကုန်လုံးပါတယ်။ ငါက မင်းကို သတိပေးဖို့ မလိုဘူးဆိုပေမဲ့ ဒါက မင်းတစ်ယောက်တည်း အတွက်ပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ယူလိုက်သည်။ ထို့နောက် ဝမ်ထျန်းက ဝမ်ကျူအား ကြည့်ကာ “ ဂိုဏ်းရဲ့ စည်းမျဉ်းအရ အရိပ်ခေါင်းဆောင်က ဂိုဏ်းချုပ်ထက် အရည်အချင်း ပြည့်မှီနေတယ်လို့ ယုံကြည်ချက် ရှိနေတယ်ဆိုရင် စိန်ခေါ်လို့ရတယ်။ တကယ်လို့ မင်း အောင်မြင်မယ်ဆိုရင် မင်းက ဂိုဏ်းချုပ် ဖြစ်လာလိမ့်မယ်။ မင်း သူ့ကို စိန်ခေါ်မှာလား”

“ ကျွန်မ စိန်မခေါ်ပါဘူး” ဝမ်ကျူက အလျင်အမြန် ပြောလိုက်သည်။ သူမ၏ ရာထူးသည် သူမ၏ အင်အားကြောင့် မဟုတ်ဘဲ သစ္စာရှိမှုကြောင့် ရထားမှန်း သိလေသည်။ သူမတွင် ရှိထားသည့် အာဏာကြောင့် စိတ်ရှုပ်ထွေးသွားမည် မဟုတ်ပေ။

“ ကောင်းပြီ” ဝမ်ထျန်းက သူတို့နှစ်ဦးထံ ကျမ်းနှစ်ခု ထုတ်ပေးလာသည်။ ဝမ်ဝေ့က ခေါင်းစဉ်ကို ဖတ်ရှုလိုက်သည့်အခါ “သခင်၏ အရိပ်” ဟု မြင်လိုက်ရ၏။

သူက ထိုအရာကို ဖတ်ရှုလိုက်သည့်အခါ သူ့မျက်ဝန်းအထက် အံ့အားသင့်မှုတစ်ခု ပေါ်ထွက်လာသည်။ ထိုနည်းစနစ်က ဝမ်ကျူအား သူ့အရိပ်အဖြစ်  သန့်စင်ပေးသည့် နည်းလမ်း ဖြစ်သည်။ ထို့ကြောင့် သူမက သူတို့၏ နီးကပ်သည့် ဆက်နွယ်မှုအပေါ် မူတည်၍ သူ့အင်အားကို ရရှိနိုင်သည်။

ထိုကျမ်းအရ သူမသည် လုံလုံလောက်လောက် သစ္စာရှိပါက သူ့အင်အား၏ ၉၅ ရာခိုင်နှုန်းကို ရရှိနိုင်လေသည်။ ထို့အပြင် သူမက သူ့အရိပ်ဖြစ်လာပြီးသည့်နောက်တွင် သစ္စာဖောက်နိုင်မည် မဟုတ်ပေ။ သူမ၏ အသက်က သူ့လက်ထဲတွင် ဖြစ်၏။

သူမ တစ်ခုခုဖြစ်သွားလျှင် ဝမ်ဝေ့က တန်ပြန်သက်ရောက်မှု အနည်းငယ်သာ ခံစားရမည်ဖြစ်သော်လည်း သူ သေဆုံးသွားခဲ့လျှင် သူမကလည်း လိုက်လံသေဆုံးလိမ့်မည်။

ထိုနည်းစနစ်က ထူးခြားသောကြောင့် တာအိုကို သက်သေပြပြီးသည့်အခါတွင်ပင် အသက်ဝင်နေဆဲ ဖြစ်၏။

“ ဒါက ဆန့်ကျင်နည်းစနစ်များလား”

“ ဟုတ်တယ်။ မင်းတာအိုကို သက်သေပြပြီးတဲ့နောက် ဝမ်ကျူက တာအိုဘိုးဘေး ဒါမှမဟုတ် ထာဝရအရှင် ဖြစ်လာတာနဲ့ သူမက မင်းအင်အား တစ်စိတ်တစ်ပိုင်းကို ရရှိလိမ့်မယ်။ အဲဒါကြောင့် သူမက ဆန့်ကျင်ကောင်းကင်ရွေးချယ်ခံ တစ်ယောက် ဖြစ်သွားမှာပဲ”

ဝမ်ဝေ့က သက်ပြင်းချကာ “ အရိပ်အုပ်ချုပ်သူ ဧကရာဇ်က ကျွန်တော်တို့ရဲ့ ၈ယောက်မြောက် ဧကရာဇ်ဖြစ်နေတာ နှမြောစရာပဲ။ မဟုတ်ရင် ကျွန်တော်တို့ဆီမှာ ဆန့်ကျင်ကောင်းကင် ရွေးချယ်ခံတွေ အများကြီးရှိနေမှာ”

ထိုနည်းစနစ်ဖြင့် ဂိုဏ်းသည် ဆန့်ကျင်ကောင်းကင် ရွေးချယ်ခံနှစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်သည်။

အကယ်၍ သူတို့၏ အင်အားကို ငှားယူနိုင်သည့် အရိပ်ကို သန့်စင်နိုင်လျှင် သံသရာတစ်ပတ် ဖန်တီးနိုင်သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုအရာသည် ကန့်သတ်ချက်ရှိကြောင်း ခန့်မှန်းမိလိုက်၏။

“ မင်း ဆုံးဖြတ်ချက်က ဘယ်လိုလဲ” ဝမ်ဝေ့က ဝမ်ကျူဆီ လှည့်ကာ မေးလိုက်သည်။

“ သခင်လေး မဟုတ်ဘူး … ဂိုဏ်းချုပ် ဒါက ကျွန်မအတွက် ဂုဏ်ယူစရာပါ”

သူမက ထိုအခွင့်အရေးက မည်သို့သော အခွင့်အရေးဖြစ်ကြောင်း နားလည်လေသည်။ သူမသည် ဂိုဏ်းချုပ်၏ အင်အား ၇၀ ရာခိုင်နှုန်းဖြင့် သူမသည် ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံ အများစုကို ဖိနှိပ်ထားနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိ၏။ တိမျိုးနွယ်စု၏ အမွေဆက်ခံသူကမူ ခြွင်းချက် ဖြစ်၏။

သူက ဤသို့သော အပေးအယူကို မည်သို့ ငြင်းဆန်နိုင်မည်နည်း။

“ မင်း လက်ခံလိုက်တာ ကောင်းပြီ။ ဒါပေမဲ့ ဒီနည်းစနစ်က ကျင့်ကြံဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ကျရှုံးတဲ့အတွက် ပေးဆပ်ရမဲ့ တန်ကြေးက သေခြင်းတရားပဲ။ အဲဒါကြောင့် မင်းရဲ့ အောင်မြင်နိုင်ချေကို တိုးမြှင့်ပေးမဲ့ အရိပ် ပင်ကိုရတနာကို ရှာမတွေ့ခင်အထိ စောင့်လိုက်ဦး”

“ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

ဝမ်ထျန်းက ထိုအရာကို မြင်ပြီး ပြုံးလိုက်သည်။

“ အဖေ တစ်ခုခုဖြစ်လို့လား” ဝမ်ဝေ့က မေးလိုက်သည်။

“ မဟုတ်ဘူး။ ဂိုဏ်းချုပ်လို့ အခေါ်မခံရတာ နည်းနည်းထူးဆန်းနေလို့”

“ အဖေ ဖြည်းဖြည်းချင်းနေသားကျသွားမှာပါ”

ဝမ်ထျန်းက ခေါင်းညိတ်လိုက်ပြီး သူ့အရိပ်ဖြစ်သူအား ကြည့်လိုက်သည်။

ထိုသူက ဝမ်ကျူထံ နောက်ထပ်အဆောင်တစ်ခု ထုတ်ပေးလာသည်။ သူ့အသံက အမျိုးသားရော အမျိုးသမီးရော ရောနေဟန်ပေါ်သည် “ စည်းမျဉ်းအရ ငါ့လက်ထဲက သတင်းအချက်အလက်တွေအကုန်လုံးက အခု မင်းထိန်းချုပ်မှုအောက်မှာပဲ။ မင်းက မင်းရဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ကို ဖြည်းဖြည်းချင်း ဖွဲ့စည်းနိုင်တယ်”

အာဏာလွဲပြောင်းသည့် ဖြစ်စဉ်က ပြဿနာမရှိဘဲ ချောမွေ့နေသည်။  ဝမ်ကျူနှင့် အရိပ်တို့က သူတို့ဘာသာသူတို့ ထွက်သွားလိုက်သည်။

ထို့နောက် ဝမ်ထျန်းက သူ့သားအား သူ အုပ်ချုပ်ခဲ့စဉ်အတွင်း သတိထားသင့်သည့် ကိစ္စများနှင့် တွေ့ကြုံခဲ့သမျှ အဖြစ်အပျက်များအား ပြန်လည်ပြောပြလေသည်။

ထို့နောက် သားအဖနှစ်ယောက်က တခြားခေါင်းစဉ်ကို  ပြောခဲ့ကြ၏။

“ အဖေ သေမျိုးတစ်ဖန်နဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာ သိလား”

“ သိတယ်။ မင်းအမေလည်း အတူတူပဲ”

“ အဖေတို့ ဘယ်အချိန်ထွက်သွားမှာလဲ”

“ မနက်ဖြန်”

“ အဲလောက်တောင် မြန်မြန်ကြီးလား”

“ မင်း အဆင်ပြေမှာပါ။ တကယ်လို့ မင်း နားမလည်တာ ရှိရင် အဘိုးကို မေးလိုက်”

“ ကောင်းပါပြီ။ ဘေးကင်းပါစေ”

ဝမ်ထျန်းက သူ့ပုခုံးအား ပုတ်ပြီး ထွက်သွားလေသည်။ ထိုစဉ် ဝမ်ဝေ့က မျက်လုံးမှိတ်လိုက်ပြီး ဂိုဏ်းချုပ် ဖြစ်လာရခြင်းကြောင့် ရရှိလိုက်သည့် ချီကံကောင်းမှုကို ခံစားလိုက်သည်။

***

All Chapters