ဓားအရှင်
Vol. 37 Ch. 518
ဝမ်ဝူချန်က မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ယောက်က ထိုကောင်လေး၏ အစီအစဉ်အား သူ့အား လာရောက်အကြောင်းကြားဖူးသည်ကို အမှတ်ရသွားမိသည်။ သို့သော်လည်း အချက်အလက် မပြည့်စုံသည့်အတွက် သူက ထိုသို့လုပ်နိုင်မည်ကို မသိခဲ့ပေ။
“ ကောင်လေး မင်းက ဒီလိုအရာမျိုးကို ဘယ်လိုလုပ်မှာလဲ”
ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် အံ့ဖွယ်အသိစိတ်ဖြင့် ဆက်သွယ်ကာ သူ့အစီအစဉ်အား ရှင်းပြလိုက်သည်။ ဝမ်ဝူချန်က နားထောင်နေရင်း အမူအရာက ပိုမိုလေးနက်လာလေ၏။
“ မင်း အစီအစဉ်က အလုပ်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အဆုံးမဲ့လေဟာနယ် တစ်ခုလုံးရဲ့ ရန်သူဖြစ်ဖို့ ပြင်ဆင်ပြီးသွားပြီလား”
“ အဲဒါက အဲ့လောက်ဆိုးမှာ မဟုတ်ပါဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည် “ လူတော်တော်များများက ကျွန်တော်ဘက်မှာ ရှိမှာ သေချာပါတယ်။ လူအားလုံးလည်း အကျိုးအမြတ် ရရှိနိုင်တာပဲလေ”
ဝမ်ဝူချန်က ခေါင်းခါလိုက်ပြီး “ မင်းက ကျင့်ကြံသူတွေကို လျှော့တွက်နေတာပဲ။ ကမ္ဘာအများစုက သူစိမ်းကြောက်ကြတယ်။ မဟာဧကရာဇ်တွေတောင် အပါအဝင်ပဲ။ အဲဒါကြောင့် သူတို့က အကျိုးမြတ်ရှိနေတယ်ဆိုရင်တောင် အပြင်လူတွေကို သူတို့အလွှာဆီ ကျူးကျော်ခွင့်ပေးမှာ မဟုတ်ဘူး”
“ အဲဒါဆိုတော့ ကျွန်တော်က ခုခံမှုအကြောင်းကို ပိုပြီးတော့ သတိထားသင့်တာပေါ့”
“ မင်း နားလည်ရင် ပြီးတာပဲ” ဝမ်ဝူချန်က မပျောက်ကွယ်သွားခင် ပြောလိုက်သည်။
ဝမ်ဝေ့ကမူ နှုတ်ခမ်းများ တွန့်ချိုးသွား၏။ “ကျွန်တော်ကိုပါ တစ်ခါတည်း အိမ်ခေါ်သွားရောပေါ့”
သူက ရေရွတ်လိုက်ပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။
လျှို့ဝှက်နယ်မြေအတွင်း ဝမ်ဝူချန် ရောက်လာသည်နှင့် အသံက မေးလိုက်သည် “ ဒီတစ်ခါ သူ ဘာလုပ်လိုက်ပြန်ပြီလဲ”
ထို့နောက် ဝမ်ဝူချန်က အခြေအနေအား ရှင်းပြလိုက်သည်။
“ ဒီကောင်လေးက အတော်ရက်ရောတာပဲ” အသံက ထိုစွမ်းရည်သည် ဂိုဏ်းအတွက် မည်သို့ဖြစ်ကြောင်း သိထားလေသည်။ အကယ်၍ အစစ်အမှန်အုပ်ချုပ်သူ တစ်ယောက်ကသာ လိုအပ်ချက်နှင့် ပြည့်မှီသရွေ့ ဂိုဏ်းက သူတို့အား တာအိုဘိုးဘေးစမ်းသပ်ချက် ခံယူဖို့ အလွှာနိမ့်သို့ ပို့ဆောင်နိုင်ပြီး ဝမ်ဝေ့က စမ်းသပ်ချက် အောင်မြင်ဖို့ ကူညီပေးနိုင်သည်။
ထိုနည်းလမ်းက သူ တန်ပြန်သက်ရောက်မှုကို ခံနိုင်သရွေ့ အသက်ဝင်နေမည် ဖြစ်၏။ ပြောရလျှင် အစစ်အမှန် ကောင်းကင်တာအို ဝင်ရောက်မစွက်ဖက်မချင်း အသက်ဝင်နေနိုင်သည်။
“ ငါတို့တွေ သူ့ကို အခု စမ်းသပ်သင့်တယ်လို့ ထင်လား” အသံက မေးလိုက်သည်။ သူတို့အဆင့်ရှိ ကျင့်ကြံသူများက တခြားသူ၏ စမ်းသပ်ချက်များကို ဝင်ရောက်မစွက်ဖက်နိုင်သလို သူတို့၏ ပြစ်ဒဏ်ကလည်း အစစ်အမှန်ကောင်းကင်တာအိုဆီမှ ကျရောက်လာမည်ဖြစ်၏။
ဝမ်ဝေ့က ထိုသို့အောင်မြင်မှုမျိုး ရရှိသည်မှာ သူ၏ သဘာဝမကျသည့် စိတ်စွမ်းအားကြောင့် ဖြစ်ပြီး ကံကြမ္မာမဲ့စွမ်းရည်က သူ့အား ကောင်းကင်တာအို၏ ပြစ်ဒဏ်နှင့် အာရုံခံမှုကို ကာကွယ်ပေးထား၍ ဖြစ်သည်။
“ မဟုတ်သေးဘူး” ဝမ်ဝူချန်က ပြန်ဖြေလိုက်သည်။
“ တကယ်လို့ သူ့ဘေးကင်းမှုကို စိုးရိမ်နေတယ်ဆိုရင် ငါတို့ ကာကွယ်ပေးလို့ရပါတယ်”
“ ဒီလိုလုပ်တာက အဆိုးသက်ရောက်မှုတွေ ရှိမလားဆိုတာ မသိသေးဘူး။ အဲဒါကြောင့် ဖြစ်နိုင်ချေရှိတဲ့ ထာဝရဧကရာဇ်တစ်ယောက်အတွက် တာအိုဘိုးဘေးတွေကိုမစွန့်စားတာ ကောင်းလိမ့်မယ်။”
“ အမှန်ပဲ” အသံက ပြောလိုက်သည်။ အကယ်၍ သူတို့၏ အပြုအမူများက ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင် ထိုကောင်လေးအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု ဖြစ်စေခဲ့လျှင် အကျိုးအမြတ်က မထိုက်တန်ပေ။
“ ပြီးတော့ ဒီကောင်လေးက ငါတို့ထင်ထားတာထက် တန်ဖိုးပိုရှိပြီးတော့ ပိုဉာဏ်များတယ်” ဝမ်ဝူချန်က ဝမ်ဝေ့ ရှင်းပြသည့် အစီအစဉ်အကြောင်းကို ပြောပြလိုက်သည်။
အသံက မိနစ်ပိုင်းအကြာ တိတ်ဆိတ်သွားလေ၏။
“ ဒီလိုဆိုရင် ငါတို့တွေ ကြိုတင်စထားဖို့ ပြင်ထားတာ ကောင်းမယ်။”
ဝမ်ဝူချန်က မျက်မှောင်ကြုတ်လိုက်ပြီး “ မင်းက ဘာကိုစိုးရိမ်နေတာလဲ”
“ တခြားဂိုဏ်းတွေကိုပေါ့”
“ ငါတော့ မထင်ဘူး”
“ ငါက ဒီကောင်လေးကို စောင့်ကြည့်နေတာ။ သူက အတော်လေးကို ပွင့်လင်းမြင်သာ ရှိလွန်းတယ်။ ငါက သူ့ကို နည်းနည်းတစ်ကိုယ်ကောင်းဆန်ဖို့ မျှော်လင့်မိတယ်”
“ တခြားဂိုဏ်းတွေကို ငါတို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ အခွင့်အရေးပေးမှာကို စိုးရိမ်နေတာလား”
“ ဟုတ်တယ်။ ငါတို့သာ ကြိုတင်ပြင်ဆင်ထားသရွေ့ ငါတို့က အကျိုးအမြတ်အများဆုံး ရရှိလိမ့်မယ်”
ဝမ်ဝူချန်က ခေါင်းခါကာ “ တကယ်လို့ သူ့အစီအစဉ် အလုပ်ဖြစ်မယ်ဆိုရင် ဘက်မလိုက်တဲ့ အနေအထားတစ်ခုတော့ ပြဖို့လိုတယ်။ အထူးသဖြင့် အနာဂတ်ဧကရာဇ်ရဲ့ ထုံးတမ်းစဉ်လာအတွက်ပေါ့။ ဒါပေမဲ့ အဲဒါက အပေါ်ယံပါပဲ။ ဒီကောင်လေးက ငါတို့ကို ဂရုစိုက်ပေးပါလိမ့်မယ်”
“ မင်း ပြောတာ မှန်တယ်။ ဒါပေမဲ့ သတိထားလို့ မမှားဘူး”
ဝမ်ဝူချန်က ဘာမှမပြောတော့ပေ။ ထိုသူက မည်သို့လုပ်ဆောင်မည်ဖြစ်ကြောင်း သိထားလေသည်။ ဂိုဏ်းက အုတ်မြစ်ကို ထိခိုက်ခြင်းမရှိ ကပ်ဘေးများစွာ ရှင်သန်ခဲ့သည်မှာ သူတို့၏ သတိထားမှုကြောင့်သာ ဖြစ်၏။
“ ဒီကောင်လေးက တန်ဖိုးပြသလာပြီဆိုတော့ ငါတို့လည်း အတူတူ လုပ်ပေးသင့်တယ်” အသံက ပြောလိုက်သည် “ သူ့လူဝင်စားအတွက် အရင်းအမြစ် နည်းနည်းထပ်ပေးချင်သေးလား”
“ အဲလို မလိုပါဘူး”
“ ဘာလို့လဲ”
“ ငါတို့ရဲ့ တည်ထောင်သူအရ ငါတို့တွေ ဒီကောင်လေးကို အများကြီး စမ်းသပ်ပြီးသွားပြီ။ သူက ငါတို့ရဲ့ သတ်မှတ်ချက်တွေထက်ကို ကျော်လွန်နေတယ်။ သူက ထူးချွန်လို့ ငါတို့တွေ အဆင့် သတ်မှတ်ရမှန်းတောင် မသိတော့ဘူး။ ဒါပေမဲ့ ငါတို့တွေ သူ့ရဲ့ အရင်းအမြစ် စုစည်းနိုင်စွမ်းကိုတော့ မစမ်းသပ်ဖူးသေးဘူး။ ဒါက အခွင့်ကောင်းလို့ ထင်တယ်”
“ မင်းက ရှေးဟောင်းမျိုးနွယ်ရဲ့ လမ်းစဉ်အတိုင်း လိုက်ချင်တာလား” အသံက မေးလိုက်သည်။ ရှေးဟောင်းမျိုးနွယ်နှင့် ဧကရာဇ်မျိုးနွယ် တချို့သည် သူတို့၏ ကောင်းကင်ရွေးချယ်ခံကို စမ်းသပ်သည့် တခြားနည်းလမ်းများ ရှိ၏။
သူတို့က သူတို့၏ ပါရမီရှင်များအား ကျင့်ကြံဖို့ အရွယ်ရောက်သည်နှင့် ဂိုဏ်းမှ အဝေးသို့ ပို့ဆောင်လိုက်ကြသည်။ ထိုပါရမီရှင်များက သဘာဝလွန်အဆင့် သို့မဟုတ် အံ့ဖွယ်ခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိမှသာ ဂိုဏ်းသို့ ပြန်လာနိုင်ကြသည်။
ထိုကျင့်ကြံရေးခရီးစဉ်အတွင်း ကောင်းကင်ရွေးချယ်ခံများက ကံကောင်းမှု၊ ဉာဏ်ရည်၊ တခြားဂိုဏ်းများနှင့် ပူးပေါင်း၍ သို့မဟုတ် တခြားသူများဆီမှ လုယက်ခြင်း အစရှိသဖြင့် သူတို့ဘာသာသူတို့ အရင်းအမြစ်ရှာဖွေရသည်။
မျိုးနွယ်များက ကျင့်စဉ်နှင့် တာအိုကာကွယ်သူသာ ထောက်ပံ့ပေးထားလေ၏။ တချို့အင်အားစုများတွင်မူ ကျင့်စဉ်များပင် မပေးထားပေ။
အင်အားစုများက ကောင်းကင်ရွေးချယ်ခံများကို လေ့ကျင့်ပေးဖို့ နည်းလမ်းအဖြစ် လုပ်ဆောင်ကြ၏။ အနည်းဆုံးတော့ တချို့ကတော့ လုပ်ဆောင်ကြဆဲ ဖြစ်သည်။ ရှေးဟောင်းမျိုးနွယ်များက လုပ်ဆောင်ကြသည်မှာ သူတို့၏ အရင်းအမြစ် လိုအပ်နေမှုကြောင့် ဖြစ်၏။
ရှေးဟောင်းမျိုးနွယ်၏ အဖွဲ့ခွဲအများစုက အရင်းအမြစ်များရယူဖို့ ပြင်ပဆီ စေလွှတ်ခံရသူများဖြစ်သော်လည်း အလားအလာရှိသည့် ကောင်းကင်ရွေးချယ်ခံအဖြစ် သတ်မှတ်ခံလိုက်ရသည့် ပင်မအဖွဲ့ဝင်များကမူ မျိုးနွယ်၏ အရင်းအမြစ်များဖြင့် ကျင့်ကြံနိုင်သည်။
“ အဲလိုမျိုးပေါ့” ဝမ်ဝူချန်က ပြောလိုက်သည်။
“ ကောင်းပြီ။ ဒါပေမဲ့ ငါတို့တွေ သူ့ကို တစ်ခုခုနဲ့ ဆုလာဘ်ပေးဖို့ လိုတယ်လို့တော့ ခံစားမိနေတုန်းပဲ”
“ သူက ဂိုဏ်းဆီမှာ မဟာဧကရာဇ်သွေး ရှိလားလို့ မေးဖူးတယ်လို့ သူ့အဖေက ပြောဖူးတယ်”
“ ဧကရာဇ်ရဲ့သွေးလား။ ငါတို့တွေ အဲဒါကုန်သွားတာ ကြာလှပြီလေ။”
“ အဲဒါက ကံဆိုးတာပဲ”
“ ဒီလိုဆိုရင် ငါ ဓားရှင်ကို မေးကြည့်လိုက်မယ်။ သူမများ ယူပေးနိုင်မလားလို့”
ဓားအရှင်က ပါရမီထူးကဲသည့် လူငယ်မျိုးဆက်အပေါ် မျက်နှာသာပေးလေသည်။ မူလအရှင်ကမူ သူ့တာဝန်များကိုသာ အလေးအနက်ထားပြီး စည်းကမ်းကြီးသည့်လူတစ်ဦး ဖြစ်၏။ သူမ၏ ဆိုးကွက်ကမူ တင်းကြပ်သည့် သတ်မှတ်ချက်များ ရှိနေခြင်း ဖြစ်သည်။
ယခင်မျိုးဆက်အနည်းငယ်အတွင်း ဝမ်ထျန်းကသာ သူ့အိမ်မက်မှတဆင့် သူမ၏ အကူအညီကို ရယူနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။ သူက ဓားတာအို အောင်မြင်မှုများအတွင်း သူမအပေါ် ကျေးဇူးကြွေးများ ရှိခဲ့သည်။
အသံက ပျောက်ကွယ်သွားပြီး တခြားလျှို့ဝှက်နယ်မြေတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် မြေ၊ တိမ်၊လေ၊ မြက်၊ သစ်ပင်နှင့် တည်ရှိသမျှအရာအားလုံးက ဓားဖြင့် ပြုလုပ်ထားသည့် ကမ္ဘာတစ်ခု ဖြစ်၏။
သူတို့က လျှို့ဝှက်နယ်မြေအလယ်သို့ ရောက်ရှိလာသည့်အခါ ဓားနှစ်ချောင်း စိုက်ထားသည့် ခေါင်းတလားတစ်ခုကို မြင်လိုက်ရသည်။
“ ကျွန်တော် တင်ပြစရာတွေ ရှိလို့ပါ”
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် စည်းချက်ကြသည့် အသံတစ်သံ ထွက်ပေါ်လာသည် “ ဒီတစ်ခါ ဘာကိစ္စလဲ”
ထို့နောက် အသံက ဝမ်ဝေ့၏ လတ်တလော အဖြစ်အပျက်များနှင့် အနာဂတ်အတွက် အစီအစဉ်နှင့်အတူ ဧကရာဇ်သွေး တောင်းဆိုချက်များကိုပါ ရှင်းပြလိုက်သည်။
ကျောက်စိမ်းကဲ့သို့ ဖြူစွတ်နေသည့် လက်တစ်ခုက ခေါင်းတလားကို တွန်းလိုက်ပြီး အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ အကြည့်တစ်ချက်တည်းဖြင့် ထိုအမျိုးသမီးသည် ပြိုင်ဘက်ကင်း အလှလေးဖြစ်လိမ့်မည်ဟု ချက်ချင်းတွေးမိကြလိမ့်မည်။
ကံဆိုးစွာဖြင့် သူတို့သည် သေချာမသိနိုင်ပေ။ အကြောင်းမှာ သူမ၏ မျက်နှာအထက် ငွေရောင်မျက်နှာဖုံး တစ်ခုရှိနေ၍ သူမသည် သူမ၏ အလှတရားကို ဖုံးကွယ်ထားသည်လား သို့မဟုတ် ပုံစံမကျမှုတချို့ကို ဖုံးကွယ်ထားသည်လား သို့မဟုတ် လျှို့ဝှက်ချက်များစွာ ရှိနေသည့် အမျိုးသမီးလား သိချင်အောင် ပြုမူနေသည်။
သူမက လတ်တလော ကမ္ဘာဝင်တိုက်မှုဆီမှ ထိုလူငယ်လေးအကြောင်းကို ကြားထားဖူးပြီး သူ့တားမြစ်ခံစစ်ဆေးမှု အောင်မြင်ပါက သူ့အား ဆက်သွယ်ဖို့ စီစဉ်ထားခဲ့သည်။ သူမက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ရင်း သူမ၏ အကြည့်များက အာကာပြင်သဘောတရားကိုပင် လျစ်လျူရှုကာ ထိုးဖောက်သွားလေ၏။
သူမက ဝမ်ဝေ့သည် သူ့မိသားစုနှင့်အတူ ညစာစားနေသည်ကို မြင်လိုက်ရသည်။
နဝမအဆုံးစွန် အုတ်မြစ်လား။ ဒါက တကယ်ကြီးလား…
ဓားအရှင်က ထိုကိစ္စဆီ အမှန်တကယ်ဟု မယုံကြည်နိုင်ဖြစ်နေမိသည်။ သူမက တစ်စုံတစ်ယောက် အောင်မြင်အောင် ကြိုးစားနေသည်ကိုပင် ရှာတွေ့ခဲ့၏။
ကြည့်ရတာ နောက်ထပ် တစ်ယောက်ရှိနေပုံပဲ…
သူမက အနောက်ဘက်ကုန်းမြေသို့ ကြည့်လိုက်သည့်အခါ စည်းပိတ်ထားသည့်နေရာအတွင်း တိထျန်း ကျင့်ကြံနေသည်ကို မြင်လိုက်ရ၏။
ဒီတစ်ယောက်က အောင်မြင်ပြီးသွားပြီပဲ။ ဟူး ဒီမျိုးဆက်ကတော့ တကယ်ပါပဲ…
“ ဆုံးဖြတ်ချက်ကရော ဘယ်လိုလဲ” အသံက မေးလိုက်သည်။
“ အဆုံးမဲ့လေဟာနယ်ထဲ သွားပြီးတော့ သူ့အတွက် သွေး သွားယူပေးမယ်။ ပြီးတော့ ကံကြမ္မာတာအိုကျင့်ကြံတဲ့ ဧကရာဇ်ရှိလားဆိုတာပါ ရှာခဲ့မယ်”
“ ကံကြမ္မာနဲ့ ပတ်သက်တဲ့ အရာအများစုက တားမြစ်ခံတာအိုတွေဆိုတော့ ရှာတွေ့ပါ့မလား မသိဘူး”
ဧကရာဇ်အဆင့်အထိ တားမြစ်တာအိုကို ကျင့်ကြံထားသည့်သူများက သာမန်လူ မဟုတ်ပေ။ သူတို့သည် ဒိုင်မေးရှင်းအနိမ့်တွင် ရှိနေနိုင်သည့် အခွင့်အရေးက နည်းပါးလှ၏။
“ ငါသိတယ်။ ဒါပေမဲ့ ငါ့ရည်ရွယ်ချက်က ကံကြမ္မာတာအိုကို အရန်တာအိုအနေနဲ့ ထားခဲ့တဲ့သူတွေကို လိုက်ရှာရမယ်။ သူတို့ရဲ့ ပင်မတာအိုအဖြစ်တော့ မဟုတ်ဘူးပေါ့”
ဧကရာဇ်နှင့် တာအိုဘိုးဘေးများသည် တာအိုကို သက်သေပြပြီးသည့်နောက်တွင် အရန်မဟာတာအိုအရင်းအမြစ်ကို ကျင့်ကြံသည်မှာ ပုံမှန်သာဖြစ်၏။ သို့သော် ပင်မတာအိုနှင့် အရန်တာအိုအကြားတွင် ကန့်သတ်ချက်တချို့တော့ ရှိသည်။
“ အဲလိုဆိုရင်တောင် ရှားတော့ ရှားပါးလိမ့်မယ်။” အသံက ပြောလိုက်သည်။
“ ငါ လိုချင်တာ ရှာမတွေ့ဘူးဆိုရင် တာအိုသင်္ချိုင်းမြေကို သွားမယ်”
“ အဲဒါက အန္တရာယ် မများလွန်းဘူးလား”
“ ငါ မြန်မြန်သွက်သွက်လက်လက် လုပ်ပြီးတော့ တခြားသူတွေ မတုံ့ပြန်နိုင်ခင် တတိယတန်းစား ဧကရာဇ်ကို ခေါင်းဖြတ်ခဲ့မယ်။ အဲဒါဆို အဆင်ပြေပါတယ်”
အသံက ခေတ္တမျှ ဆွံ့အသွားမိ၏ “ ထာဝရဧကရာဇ်တွေက ပြန်လည်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ”
“ အဲဒီကြွက်တွေက ဂုဏ်ကျက်သရေထွန်းလင်းတောက်ပြောင်မဲ့ ခေတ်ကာလရောက်လာမဲ့ မျိုးဆက်ကို ဝင်ရောက်မစွက်ဖက်တာ အကောင်းဆုံးဆိုတာ သိထားလိမ့်မယ်။ ပြီးတော့ သူတို့က ဒီကောင်လေးရဲ့ ဇနီးရှိနေသရွေ့ ထွက်လာရဲမှာ မဟုတ်ဘူး”
အသံက သူမသည် အဘယ်ကြောင့် စွန့်စားလိုမှန်း နားလည်သွားသည်။
“ ဒီလိုဆိုရင်တောင်…”
“ ငါ ပြောထားတဲ့အတိုင်း ငါ အဆုံးမဲ့လေဟာနယ်ထဲမှာ အရင်ရှာကြည့်မယ်” ဓားအရှင်က ပြောလိုက်သည်။
“ ကျွန်တော် တစ်ခုခုများ မေးလို့ရမလား”
“ မင်းက ငါ ဒီလောက်ထိ ဘာလို့ လုပ်ပေးလဲဆိုတာကို မေးချင်နေတာလား”
“ ဟုတ်ပါတယ်”
“ အားလုံးက ခေတ်သစ် ရောက်လာပြီဆိုတာကို သိကြတယ်။ ဒါပေမဲ့ မင်း ပြောသလိုမျိုး ဒီကောင်လေးက ဒီခေတ်သစ်ကို စတင်မဲ့ လူလို့ ယုံကြည်တယ်။ သူ့လက်ထဲမှာ အသင်္ချေအင်ပါယာကမ္ဘာ မြင်တွေ့ဖူးသမျှထဲမှာ အကြွယ်ဝဆုံးအချိန် ဖြစ်လာလိမ့်မယ်လို့လည်း ထင်တယ်။ ပြောရမယ်ဆိုရင် အဆုံးမဲ့လေဟာနယ်တစ်ခုလုံးတောင် ဖြစ်နေနိုင်တယ်”
အသံက မည်သို့ပြန်ပြောရမှန်း မသိတော့ပေ။ သူမက ထိုကောင်လေးကို မြှင့်မြှင့်မှန်းထားလိမ့်မည်ဟု မထင်ထားမိပေ။ သို့သော် သူက ဓားအရှင်၏ စကားကို သံသယ မဖြစ်မိပေ။ ဂိုဏ်း၏ သက်တမ်းအရင့်ဆုံးနှင့် အားအကောင်းဆုံး ကျင့်ကြံသူများအနက် တစ်ယောက်ဖြစ်သူ၊ ရှေးဟောင်းဧကရာဇ်ခေတ်ကာလကတည်းက နေထိုင်ခဲ့သောသူအနေဖြင့် သူမ၏ အမြင်နှင့် အတွေ့အကြုံတို့က သူ ယှဉ်နိုင်သည့်အရာတော့ မဟုတ်ပေ။
“ ကောင်းပါပြီ။ အဲဒါဆို ငါ သွားတော့မယ်။ မူလအရှင်ကို ငါ့အတွက် သေချာထိန်းသိမ်းထားဖို့ ပြောလိုက်ဦး”
ထို့သို့ပြောပြီးသည့်နောက်တွင် သူမက ခေါင်းတလားမှ ဓားနှစ်ချောင်းကို ယူ၍ ပျောက်ကွယ်သွားသည်။ သူမက လုပ်ဆောင်လိုက်ပြီးသည်နှင့် အသင်္ချေအင်ပါယာကမ္ဘာအတွင်း ပုန်းအောင်းနေသော သို့မဟုတ် အိပ်စက်နေသော ရှေးဟောင်းတည်ရှိမှုများစွာက အာရုံခံမိလိုက်ကြပြီး ထိုရူးနှမ်းသည့် အမျိုးသမီး ဘာလုပ်မည်ကို သိချင်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ အများစုက သူမ၏ ပစ်မှတ်သည် သူတို့ မဟုတ်ဖို့သာ ဆုတောင်းနေကြ၏။
***