အောင်မြင်မှုနှင့် ရည်ရွယ်ချက်
Vol. 38 Ch. 521
ဝမ်ဝေ့က ဆေးလုံးအနည်းငယ် ထုတ်ကာ အားပြန်ဖြည့်လိုက်သောကြောင့် သူ့အသားရောင်က နာရီပိုင်းအတွင်း ပြောင်းလဲလာသည်။
“ အချိန်စည်းမျဉ်းအပေါ် ငါ့ထိန်းချုပ်နိုင်စွမ်းက အကောင်းကြီး မဟုတ်သေးဘူး။ မဟုတ်ရင် ဒီနည်းစနစ်ကိုသုံးဖို့ ငါ့အတွက် အရမ်း ဝန်ထုပ်ဝန်ပိုးဖြစ်မှာ မဟုတ်ဘူး။”
ထိုပြဿနာကို သတိထားမိပြီးသည့်နောက်တွင် အစပိုင်းကတည်းက သူ ရည်ရွယ်ထားသည့် ပင်မရည်ရွယ်ချက်ထဲက တစ်ခုဖြစ်သည့် အစွမ်းထိန်းချုပ်ရေးပညာရပ်ကို စည်းမျဉ်းအပေါ် သက်ရောက်မှုရှိစေရန် ဆင့်ကဲပြောင်းလဲဖို့ရာ အလေးထားလိုက်သည်။
ထို့နောက် သူက ထိုငါးယောက်၏ စကားဝိုင်းကို စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှထူးထူးခြားခြား မရှိသည့်အတွက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဝိညာဉ်ကွန်ယက်သည် ကမ္ဘာအသီးသီးမှ ဆက်နွယ်ဖို့ရာ ဝိညာဉ်စွမ်းအား အမြောက်အများ လိုအပ်သည်ကို သတိထားမိလိုက်သည်။
ဝမ်ဝေ့က အလွန်ဝေးကွာသည့် တခြားကမ္ဘာမှ ဖြစ်သောကြောင့် ဝိညာဉ်စွမ်းအားကုန်ဆုံးမှုက ပိုမိုမြင့်မားလေသည်။ သူ့တွက်ချက်မှုအရ တစ်နာရီတိုင်းတွင် ဧကရာဇ်တစ်ပိုင်း အယောက်တစ်ရာ၏ ဝိညာဉ်စွမ်းအားလောက် ကုန်ဆုံးနေလေ၏။
ထိုအရေအတွက်က ဝမ်ဝေ့အတွက် ဘာမှမဟုတ်သော်လည်း ကမ္ဘာ့အသိုက်အဝန်းများစွာ ထပ်မံရရှိလာသည့်အခါ ပမာဏက ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်။
ကံကောင်းစွာဖြင့် ထို၅ယောက်က ဆက်သွယ်မနေသရွေ့ ထိုစွမ်းရည်ကို ယာယီ ရပ်တန့်ထားနိုင်သည်။
“ ဒါက ပြဿနာ ဖြစ်လာနိုင်တယ်” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း နည်းလမ်းကို စဉ်းစားလိုက်သည်။ ထို့နောက် သူက ဧကရာဇ်တစ်ပိုင်းအဆင့် ဝိညာဉ်မှော်အသုံးအဆောင်ပစ္စည်းကို သူ့ဝိညာဉ်စွမ်းအား ပြန်လည်ဖြည့်စည်းဖို့အတွက် သန့်စင်လိုက်၏။ ထိုအသုံးအဆောင်ပစ္စည်းက ဝိညာဉ်ကွန်ယက်၏ စွမ်းအင်ဗဟိုချက်အဖြစ် လုပ်ဆောင်ပေးစဉ် ဝမ်ဝေ့က လိုအပ်သည့်အခါ ပြန်လည်အားဖြည့်ဖို့သာ လိုအပ်လေသည်။
သူ အသုံးအဆောင်ပစ္စည်း သန့်စင်နေရင်း ရက်အနည်းငယ်ကြာ ကုန်ဆုံးသွားသည်။ ယခု သူက နောက်လုပ်ဆောင်ရမည့် အပြုအမူကို စဉ်းစားနေ၏။ ထိုလူများအတွက် သူ ဖန်တီးထားသည့် နည်းစနစ်များက မပြီးပြည့်စုံသေးပေ။
သဘောတရားအရ ပြောရလျှင် သူတို့က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အထိသာ အသုံးပြုနိုင်၏။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နှင့်အထက် ကျင့်စဉ်များသည် စည်းမျဉ်းနားလည်ခြင်း ပါဝင်နေသည်။
သူတို့က အသုံးပြုသူအား သီးသန့်စည်းမျဉ်းကို နားလည်ဖို့ ကူညီပေးနိုင်သည်။ သို့သော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်လိုသည့် ကျင့်ကြံသူအများစုက ထိုအရာများကို ကိုးကားချက်အဖြစ်သာ အသုံးပြုကြသည်။
ယခင်မျိုးဆက်၏ နားလည်မှုများက လူတစ်ယောက်အတွက် အကျိုးရှိမည်ဟု မဆိုပေ။ လူအားလုံးက ကွဲပြားကြပြီး စည်းမျဉ်းနားလည်ပုံကလည်း ကွဲပြားကြသည်။
ဂိုဏ်းတွင် ဓာတ်ငါးပါးစည်းမျဉ်း ပါရှိသည့် အထွတ်အထိပ်အဆင့် ကျမ်းများစွာ ရှိပြီး သူ့အနေနှင့် ကူးယူပြီး ဆင့်ကဲပြောင်းလဲလိုက်ရုံသာ ဖြစ်သည်။ သူ့အမေက စာပေစိတ်ဓာတ်နှင့် သမာသမတ်ချီအတွက် ကျင့်စဉ်တချို့ကို ဖန်တီးထားသောကြောင့် ပညာရှင်၏ ကျမ်းအတွက် ပြဿနာ မရှိပေ။
ငါက အရိပ်အုပ်ချုပ်သူရဲ့ ဧကရာဇ်ကျမ်းကို ဖတ်ဖူးတယ်ဆိုတော့ လုပ်ကြံသတ်ဖြတ်သူအတွက် နေရာလွတ်စည်းမျဉ်းရဲ့ နားလည်နိုင်စွမ်းကို ထည့်ပေါင်းလိုက်ရုံပဲ။ ပြီးတော့ စိတ်ခံစားချက်တွေအပေါ် စုယာရဲ့ နားလည်နိုင်စွမ်း ရှိထားတယ်ဆိုတော့ သားသတ်သမားရဲ့ ကျမ်းအတွက်ကလည်း မခက်ခဲဘူး။
တစ်ခုတည်းသော ကျန်ရှိနေတာက အရူးဘုရင်ရဲ့ ကျင့်စဉ်ပဲ။ အဲဒါက ငါ့အတွက် အချိန်ယူရလိမ့်မယ်။ ဒါပေမဲ့ အုပ်ချုပ်သူစည်းမျဉ်းကို နားလည်တာက ငါ့ရဲ့ ဧကရာဇ်စကားက စည်းမျဉ်းပဲဆိုတဲ့ စွမ်းရည်ကို တိုးမြှင့်ပေးနိုင်လောက်တယ်…
ထို့နောက် သူက တစ်စုံတစ်ခုကို တွက်ချက်ကြည့်လိုက်ရင်း အကြည့်က ပြောင်းလဲသွားသည်။
“ လျှို့ဝှက်နယ်မြေဖွင့်ဖို့ ငါးနှစ် လိုသေးတယ်။ ငါ့အတွက် အနာဂတ်ကိုယ်နဲ့ဆိုရင် နှစ် ၅၄၀ အချိန်ရတယ်။ အချိန်က လုံလောက်တာထက် ပိုပါတယ်လေ”
သူက သီးသန့်ကျင့်ကြံရေးအချိန်ကို ဝင်ရောက်ဖို့ ပြင်ဆင်နေစဉ် တစ်စုံတစ်ခုကို ရေရွတ်လိုက်မိသည် “ အဲ့လောက်တောင် စောတယ်လား”
သူက မျက်လုံးမှိတ်လိုက်ပြီး စိတ်နန်းဆောင်ထဲ ဝင်ရောက်ကာ စုန့်ကျင်းယွမ်၏ ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်။
“ စီနီယာ ကျွန်တော်ကို ကူညီရမယ်နော်”
ဝမ်ဝေ့က မုတ်ဆိတ်သပ်လိုက်ပြီး ထိုလူအား တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ ကောင်လေး မင်းက ဒီရလဒ်ကို မျှော်လင့်ထားသင့်တာပဲလေ”
“ ကျွန်တော် သိပါတယ်။ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း လက်ခံပါတယ်”
“ ကောင်းပြီ။ အဲဒါဆို ပြဿနာက ဘာလဲ”
“ အထွတ်အထိပ်အကြီးအကဲနဲ့ တွေ့ပြီးတော့ ကျွန်တော် သူတို့ရဲ့ သံသယတွေကို ရှောင်ရှားဖို့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်မဲ့ အကြောင်းပြချက်ကို သုံးခဲ့တယ်။ ဒါပေမဲ့ စုန့်သာရှန့်က သူ ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆန်ပြီးတော့ ကျွန်တော်က သူ့ကို လှည့်ဖျားပြီးတော့ အနိုင်ယူခဲ့တယ်ဆိုပြီးတော့ သတင်းတွေ လျှောက်ဖြန့်နေတယ်။ ပြီးတော့ ကျွန်တော်ကို နောက်ထပ် စိန်ခေါ်ထားသေးတယ်။
အဲဒါကြောင့် ကျွန်တော်က သူ့စိန်ခေါ်မှုကို နောက်ထပ် ပင်ကိုရတနာပေးမှ လက်ခံမယ်ဆိုပြီး သတင်းလွှင့်လိုက်တယ်။ သူ့ကို ငြိမ်ကျသွားစေမယ်လို့ ထင်ထားမိတာ။ ဒါပေမဲ့ သူက ပင်ကို ဆေးပင်ကို ဘယ်ကနေ ရလာတယ်တော့ မသိဘူး။ အခု သူက ကျွန်တော့်ကို စောင့်နေတယ်”
“ နောက်ထပ် ပင်ကိုဆေးပင်ရှိတယ်ဆိုမှတော့ မင်းကို ကူညီရမှာပေါ့”
“ စီနီယာ ကျွန်တော် ခင်ဗျားရဲ့ စွမ်းအားကို ဈေးနည်းနည်းနဲ့ သုံးလို့ရမဲ့ နည်းလမ်းများ ရှိမလား”
ဝမ်ဝေ့က ငြင်ငြင်သာသာ ပြုံးလိုက်ပြီး “ ရှိတာပေါ့။ မင်းရဲ့ မိသားစုကို မင်းက အားကောင်းတဲ့ သွေးမျိုးဆက် ရထားတယ်လို့ပြောလိုက်။ ဒါပေမဲ့ မင်း အသုံးပြုတိုင်း သက်တမ်း နှစ်နှစ်သိန်း ကုန်ဆုံးသွားတယ်ဆိုတဲ့အကြောင်းပါ ပြောလိုက်။ အဲဒါက သွေးတစ်စက်ချင်းစီရဲ့ တန်ကြေးပဲ”
“ ဘယ်လို … စီနီယာ အဲဒါက မများလွန်းဘူးလား”
“ မများပါဘူး။ ငါ့စွမ်းအားနဲ့ဆိုရင် မင်းက မင်းကမ္ဘာရဲ့ကောင်းကင်ရွေးချယ်ခံတွေအကုန်လုံးကို အနိုင်ယူပြီးတော့ အရင်းအမြစ်တွေနဲ့ ကံကြမ္မာကို စုဆောင်းနိုင်တယ်။ အဲဒီအခါ မင်းတာအိုကို သက်သေပြမဲ့ အခွင့်အရေးကလည်း တိုးမြင့်လာမှာပဲ။ ဒါပေမဲ့ အဲဒီအခွင့်အရေးက ရှာတွေ့နိုင်ချေလည်း မြင့်မားတယ်ဆိုတော့ မင်းကို အကြံမပေးဘူး”
စုန့်ကျင်းယွမ်၏ အကြည့်များက လင်းလက်တောက်ပလာကာ “ အဲဒါဆို ကျွန်တော်က ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ စီနီယာရဲ့ စွမ်းအားကို အသုံးပြုလို့ရလား”
“ ဘယ်ရမလဲ။ မသေမျိုးကျင့်ကြံသူတွေက ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွေကို ဝင်ရောက်စွက်ဖက်ဖို့ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်”
စုန့်ကျင်းယွမ်က ထိုအရာကို ကြားပြီး စိတ်ပျက်သွားသည်။ သူက မသေမျိုးအဆင့်ရောက်ဖို့ နည်းလမ်းတွေ့သည်ဟု ထင်လိုက်မိသည်။ သို့သော်လည်း ဝမ်ဝေ့က သူ့စိတ်အခြေအနေကို ဂရုမစိုက်ပေ။
သဘောတရားအရပြောရလျှင် သူက မသေမျိုး ဖြစ်သည့်အတွက် သူ့အနေနှင့် တခြားကမ္ဘာ့အသိုက်အဝန်း၏ ကောင်းကင်အလိုဆန္ဒကို ဝင်ရောက်စွက်ဖက်ဖို့ရာ ပြဿနာ မရှိသင့်ပေ။ သူ့လိုမျိုး တခြားကမ္ဘာ့အသိုက်အဝန်းမှ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲပစ်နိုင်သည့် ကောင်းကင်ရွေးချယ်ခံ အရေအတွက်က အဆုံးမဲ့လေဟာနယ်အတွင်း လက်တစ်ဖက်နှင့် ရေတွက်လို့ရသည်။
ကံကြမ္မာဖြင့် အဆင့်အတန်းကို ရရှိပြီးသည့်နောက်တွင် သူက ထိုသို့အရာကို လုပ်ဆောင်နိုင်လောက်၏။ သို့သော် သူက မစွန့်စားလိုပေ။ အကယ်၍ အစစ်အမှန် ကောင်းကင်တာအိုကသာ သူ့အား သုတ်သင်ပစ်ဖို့ ဆုံးဖြတ်လိုက်လျှင် သို့မဟုတ် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင် သူ့အား တန်ပြန်သက်ရောက်မှု ခံစားစေခိုင်းစေခဲ့လျှင် ကပ်ဘေး ဖြစ်လာလိမ့်မည်။
တိထျန်းကို အနိုင်ယူမည့် အခွင့်အရေးကလည်း အထွတ်အထိပ် အခြေအနေနှင့်ပင် မသေချာသေးပေ။ အကယ်၍ သူသာ တိုက်ပွဲမတိုင်ခင် ဒဏ်ရာအပြင်းအထန် ရရှိသွားပါက သူ့တွင် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
“ ဒီလိုဆိုရင် ခင်ဗျားရဲ့ အပေးအယူကို လက်ခံတယ်”
ဝမ်ဝေ့က သူ့အား သွေးတစ်စက်ပေးလိုက်ပြီး ပြန်လွှတ်လိုက်သည်။ ထို့နောက် သူက အဖြစ်အပျက်အား ကြည့်လိုက်သည်။ စုန့်ကျင်းယွမ်က တစ်ဖက်လူအား ပင်ကိုရတနာအတွက် စာချုပ်ကို ရေးထိုးခိုင်းခဲ့သည်။ ထို့နောက် သူ့သွေးမျိုးဆက်၏ တန်ကြေးအကြောင်း ရှင်းပြကာ မကြာခဏ မတိုက်ခိုက်လိုကြောင်း ရှင်းပြခဲ့သည်။
စုန့်ကျင်းယွမ် စကားအရ သူ့သွေးမျိုးဆက်ကို အသုံးပြုဖို့ရာ အခွင့်အရေး နှစ်ခုသာ ရှိသည်။ ယခု သူက စုန့်သာရှန့်အပေါ် တစ်ခု အသုံးပြုလိုက်ခြင်း ဖြစ်၏။
မျိုးနွယ်၏ အကြီးအကဲများက သူ့ဖြေရှင်းချက်ကို ယုံကြည်ကြသည်။ စုန့်သာရှန့်ကမူ စုန့်ကျင်းယွမ် သူ့အား ထပ်မံမရိုက်မချင်း ခေါင်းမာမာနဲ့ ကျန်ရှိနေဆဲဖြစ်၏။
စုန့်မျိုးနွယ်စုဝင်တိုင်းက စုန့်ကျင်းယွမ်၏ တိုက်ခိုက်စွမ်းကြောင့် အံ့အားသင့်သွားကြပြီး ဤမျိုးဆက်အတွင်း နောက်ထပ်မဟာဧကရာဇ် ပြုစုပျိုးထောင်နိုင်သည့် အရေးကို တွေးမိကာ စိတ်လှုပ်ရှားလာမိကြသည်။
ထိုအခါ စုန့်ကျင်းယွမ်ကမူ လိမ်ညာရသည့်အတွက် အပြစ်ရှိစိတ် ခံစားမိလာ၏။
ကံဆိုးစွာဖြင့် သူသည် နောက်ပြန်ဆုတ်ဖို့ နောက်ကျနေပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက ဝမ်ဝေ့ထံ ဆေးပင် လာမပေးခင် ပင်ပန်းနွမ်းနယ်ဟန်ဆောင်လိုက်သည်။
“ ဒီလိုဆိုတော့ နည်းနည်း စွန့်စားကြည့်တာပေါ့” သူက ရေရွတ်လိုက်ပြီးနောက် သိုင်းပညာအထွတ်အထိပ် ကမ္ဘာမှ တခြားလူများအား ရှာဖွေလိုက်ပြီး စုန့်ကျင်းယွမ်ကို လုပ်ခဲ့သလိုမျိုး လိမ်လည်ဖို့ လုပ်လိုက်သည်။ သူ့အနေနှင့် မှန်ကန်သည့်သူကို တွေ့ဖို့ရာ ရက်အနည်းငယ်ကြာ အချိန်ယူခဲ့ရသည်။ သို့သော် သူက အောင်မြင်ခဲ့၏။
ပထမနှစ်ယောက်က စုန့်ကျင်းယွမ်ထက် ဉာဏ်ပိုများပြီး အဆောင်ကို ရွေးချယ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူက တစ်ဦးချင်းစီမှ ပင်ကိုရတနာ ရလိုက်သည့်လိုက်သည့်အတွက် စုစုပေါင်း ကိုးပင် ရရှိလိုက်သည်။
နောက်ဆုံးတစ်ယောက်ကမူ ထူးခြားလေသည်။ သူက ဇနီးသည် သေဆုံးသွားသည့် အစစ်အမှန်အုပ်ချုပ်သူ တစ်ယောက်ဖြစ်ကာ သူမကို ကယ်တင်ဖို့ရာ ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံး လိုအပ်နေသူ ဖြစ်၏။ ကံဆိုးစွာဖြင့် သူမအား ကယ်ဖို့ရာ နှစ်များစွာ ကြိုးစားပြီးသည့်နောက်တွင် ဆင်းရဲနေလေပြီ။
သူက လေလွင့်ကျင့်ကြံသူ တစ်ယောက်အနေနှင့် အရင်းအမြစ်များစွာ မရှိပေ။ သူ့ဇနီးကို ကုသဖို့ လိုအပ်သည့် ဆေးပင်များက ရှားပါးလှ၏။ ထို့ကြောင့် ဝမ်ဝေ့က သူနှင့် အပေးအယူ လုပ်လိုက်သည်။
သိုင်းပညာအထွတ်အထိပ်ကမ္ဘာတွင် ဆေးပညာများနှင့် ပြည့်နှက်နေသည့် တားမြစ်နယ်မြေတစ်ခု ရှိ၏။ ထိုအထဲတွင် ပင်ကိုရတနာရှိသည်ဟု ကောလဟာလများလည်း ရှိဖူးသည်။ ထို့ကြောင့် ဝမ်ဝေ့က ထိုလူအား အထဲသို့ ဝင်နိုင်ရန် စွမ်းအားပေးခဲ့သည်။
သူက ပထမဦးစွာ သူ့ဇနီးအတွက် လိုအပ်သည့် ဆေးပင်များကို ရယူပြီး အတွင်းပိုင်းသို့ ဝင်ကာ ပင်ကိုရတနာနှစ်ခုကို ရှာဖွေပေးရမည်။ ကံဆိုးစွာဖြင့် အမည်မသိ စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူ့အား သုတ်သင်ခဲ့၏။
ဝမ်ဝေ့က ဆေးပင်နှစ်ခုနှင့် ထိုသူ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းအား ကာကွယ်ပေးနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် သူက ကမ္ဘာ့အသိုက်အဝန်းကို ဖြတ်ကျော်၍ သူ့ဆီ ပြန်ရောက်လာသည့် ကြောက်မက်ဖွယ်အကြည့်ကို ခံစားမိလိုက်သည်။
သို့သော် သူက ဘိုးဘေးဝမ်ဝူချန်နှင့် ဝူဟုန်တို့၏ အငွေ့အသက်ဖြင့် လွှမ်းခြုံကာ အလျင်အမြန် တုံ့ပြန်နိုင်လိုက်သည်။ အကြည့်က သူ့အား လျစ်လျူရှုသွားသည်။ ထို့နောက် သူက ဆေးလုံးအား သန့်စင်ကာ တတိယလူ၏ ဇနီးကို ကယ်တင်ရင်း သူ့ဝိညာဉ်ကို ကုသပေးခဲ့သည်။
နောက်ပိုင်းဖြစ်ပျက်သည့်ကိစ္စများကမူ သူ့ဇနီးသည် စိတ်ပူရမည့် ကိစ္စများသာဖြစ်၏။
ဝမ်ဝေ့က သူ့စံအိမ်အတွင်း အားပါးတရ ပြုံးနေသည်။ လူဝင်စားငါးယောက်စာဟု ဆိုထားသော်လည်း တကယ်တမ်းမူ လူဝင်စားလေးယောက်သ သူတို့ကျင့်ကြံရေးအတွက် အရင်းအမြစ်အား ရရှိထားလေသည်။
အကြောင်းမှာ သူ့အဖေက သူ့ခန္ဓာကိုယ်အသစ် ဖွဲ့စည်းသည့် အရင်းအမြစ်များကို လူဝင်စားတစ်ယောက်အနေနှင့် တွက်ခဲ့၍ ဖြစ်သည်။ ကောင်းသည်မှာ ကိုးယောက်မြောက် လူဝင်စားအတွက် အရင်းအမြစ် မလိုအပ်၍ သူ့အနေနှင့် နောက်ထပ်လေးယောက်စာသာ ရှာဖွေရတော့မည်။
ယခု သူက လူဝင်စား တစ်ယောက်၏ ခန္ဓာကိုယ် လေ့ကျင့်ပေးဖို့အတွက် ပင်ကိုရတနာ ဆယ်ခု ရှိထားလေပြီ။ သူ့အနေနှင့် ကျန်ရှိနေသည့် ၃ယောက်အတွက် ဆက်လက်စုဆောင်းရဦးမည်။ ထိုအရာများ စုဆောင်းရသည်ကို လွယ်ကူသည်ဟု တွေးမိပြီးသည့်နောက်တွင် ဝမ်ဝေ့က ရုတ်ချည်းဆိုသလို ရည်မှန်းချက်ကြီးလာမိ၏။
သူက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းအတွက် ပင်ကိုဆေးပင်တစ်ခုအထက် ပိုမိုစုပ်ယူနိုင်လားဟု သိချင်လာမိသည်။ ထိုချဉ်းကပ်မှုက ယခင်က မလုပ်ဆောင်ခဲ့ဖူးသော်လည်း ကြိုးစားကြည့်ဖို့ ထိုက်တန်လေသည်။
အကယ်၍ မဖြစ်နိုင်လျှင်ပင် သူက အဓိက ခန္ဓာကိုယ်ကို ပင်ကိုဆေးပင်နှင့် ပစ္စည်းများအစား ဟွင်သွမ်းအဆင့်ဖြင့် အစားထိုးလိုသည်။
ကောင်းပြီ။ လက်တွေ့ဆန်ဆန် စဉ်းစားကြည့်တာပေါ့။ ငါက အဓိကခန္ဓာကိုယ်အတွက် လုပ်ဆောင်နိုင်ပေမဲ့ လူဝင်စား တော်တော်များများအတွက်တော့ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး…
ဝမ်ဝေ့က ရည်မှန်းချက်ကို ထိန်းချုပ်လိုက်ပြီးသည့်နောက် ထိုကျမ်းများအား ပြင်ဆင်ဖို့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်ရန်ပြင်ဆင်လိုက်သည်။ ထို့နောက် သူက ထိုအခွင့်အရေးအား လေဟာနယ်ဖြိုခွင်းခြင်း နောက်အဆင့် တက်လှမ်းဖို့ အသုံးပြုချင်သည်။
သူ မလုပ်ဆောင်ခင် အသံတစ်သံကို ကြားလိုက်ရ၏။
“ ကောင်လေး မင်းက ဘယ်လိုပြဿနာရှာရမယ်ဆိုတာကို သိတာပဲ။ နောက်တစ်ခါ အဲလိုမစွန့်စားမိစေနဲ့။ နားလည်လား”
“ ဟုတ်ကဲ့ ဘိုးဘေး” ဝမ်ဝေ့က တည်နေရာတစ်ခုသို့ လှမ်းကြည့်ရင်း ဦးညွှတ်ကာ ပြန်ဖြေလိုက်သည်။
ထိုစဉ် ဝမ်ဝူချန်က သူ့အား အပြုံးလေးဖြင့် ကြည့်နေ၏။ သူက ထိုကောင်လေးသည် တွက်ချက်ကာ စွန့်စားပြီး မည်သည့်အချိန် နောက်ဆုတ်ရမည်မှန်း သိသည်ကို သဘောကျသည်။ ထိုကောင်လေးက လောဘကြောင့် မျက်ကန်း ဖြစ်မသွားသည်ကိုလည်း သိထား၏။
***