← Chapters

ကုရွှမ်း

Vol. 38 Ch. 522

ကုရွှမ်း

Vol. 38 Ch. 522

ဝမ်ဝေ့က သီးသန့်ကျင့်ကြံရေး ဝင်ရောက်ပြီးသည့်နောက်တွင် ထိုအဖွဲ့လိုက်စကားပြောခန်းမှ လူများအတွက် ကျမ်းများကို ပြီးပြည့်စုံအောင် အချိန်ယူခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သူက ဓာတ်ငါးပါးစည်းမျဉ်း၊ အရိပ်စည်းမျဉ်းနှင့် ချီယွီလျှိုချင် စည်းမျဉ်းတို့ကို နားလည်ခဲ့သည်။

သူက ဆေးလုံးစည်းမျဉ်း၊ အဆောင်စည်းမျဉ်း၊ အစီအရင်စည်းမျဉ်းနှင့် မွမ်းမံသန့်စင်ရေးစည်းမျဉ်းတို့ကို နားလည်ဖို့ အချိန်ယူခဲ့သည်။ သူက ထိုကျွမ်းကျင်အတတ်ပညာများ၏ မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့ရာ အုတ်မြစ် ချထားလိုသည်။ ထိုအခါမှ သူသည် နောင်အနာဂတ်တွင် ဧကရာဇ်ဆေးလုံး သို့မဟုတ် ဧကရာဇ်အဆောင်ကို ပြုလုပ်နိုင်လိမ့်မည် ဖြစ်၏။

ဧကရာဇ်အဆင့် လူများသည် ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံးကို ဧကရာဇ်အဆင့် ရောက်ရှိဖို့ရာ သူတို့၏ မဟာတာအိုအရင်းအမြစ်ဖြင့် အားဖြည့်ပေးရသည်။ သို့သော်လည်း ထိုသို့သော ဧကရာဇ်ဆေးလုံးမျိုးက ဆေးလုံးတာအို မဟာအရင်းအမြစ်ဖြင့် သန့်စင်ထားသည့်အရာလောက် အာနိသင်မကောင်းပေ။

ထို့အပြင် သူ ဝူဟုန်ဆီမှ သင်ထားရသည့် တခြားသော အရေးသာချက်များလည်း ရှိ၏။ နမူနာအားဖြင့် အချိန်မြှင့်တင်ရေး အစီအရင်သည် မသေမျိုးအဆင့် ကျင့်ကြံသူများအတွက် အသုံးမဝင်ပေ။ ထိုအရာက သီးသန့် သို့မဟုတ် ထူးကဲသည့် လျှို့ဝှက်နယ်မြေ ဖြစ်မနေသရွေ့ ဖြစ်သည်။ သို့သော် ထိုအရာများက အချိန်ကြာလာသည်နှင့် အသုံးမဝင်ဖြစ်သွားလိမ့်မည်။

ဒိုင်မေးရှင်းအမြင့်တွင် အချိန်က အသုံးမဝင်ဆုံး ဖြစ်သလို တန်ဖိုးအရှိဆုံးအရာလည်း ဖြစ်နေသည်။ ထိုမသေမျိုးအဆင့် ကျင့်ကြံသူများသည် သူတို့၏ သက်တမ်းကို စိုးရိမ်စရာ မလိုသော်လည်း သူတို့သည် ကျင့်ကြံဖို့ရာအတွက် အချိန်အမြောက်အများကို သုံးစွဲရသည်။

ထို့ကြောင့် အချိန်မြှင့်တင်ရေး အစီအရင်က သူတို့၏ ပြဿနာအတွက် ဖြေရှင်းနည်း ဖြစ်၏။ ကံဆိုးစွာဖြင့် အဆင့်မြင့်သက်ရှိအနေဖြင့် သူတို့သည် သေမျိုးအဆင့် အချိန်နှင့် သက်ဆိုင်သည့် အစီအရင် သို့မဟုတ် စွမ်းရည်များအတွက် ခုခံနိုင်စွမ်း ရှိနေလေပြီ။ သို့သော်လည်း မသေမျိုး ကျင့်ကြံသူများ ဖန်တီးထားသည့် အချိန်အစီအရင်များသည် အစီအရင်တာအို သို့မဟုတ် အချိန်တာအိုကို ကျင့်ကြံသည့် တစ်စုံတစ်ယောက် သို့မဟုတ် အဆင့်မြင့်သက်ရှိမှ အစီအရင်တာအို ကျင့်ကြံသူအထိ လိုအပ်တတ်သည်။

ထိုလိုအပ်ချက်နှစ်ခုက အင်မတန် ရှားပါးသောကြောင့် အချိန်အစီအရင် ဖန်တီးနိုင်သည့် အစီအရင်ဆရာများက ဒိုင်မေးရှင်းအမြင့်တွင် ရှားပါးလှသည်။

နောက်ထပ် ဖြစ်နိုင်ချေတစ်ခုက ကာလံဒေသံကို စိတ်ကြိုက်ပြောင်းလဲနိုင်သည့် စံပြ ရှိဖို့ရာဖြစ်ပြီး သို့မဟုတ် သူတို့၏ နောက်ဖေးဥယျာဉ်လိုမျိုး အချိန်မြစ်ကြောင်းကို ဖြတ်ကာ အစီအရင်ဖန်တီးဖို့ ဖြစ်သည်။

ဝမ်ဝေ့က နောင်အနာဂတ်အတွက် အုတ်မြစ်ကို ချထားလိုပြီး တာအိုအခွင့်အလမ်းဂိုဏ်းအတွက် မသေမျိုးအဆင့် အချိန်အစီအရင်ကို ချန်ထားခဲ့လိုသည်။ တာအိုအခွင့်အလမ်းဂိုဏ်းတွင် ထိုအဆင့်မျိုး အချိန်အစီအရင် မရှိပေ။

အထွေထွေသောင်းပြောင်း ဧကရာဇ်က အစီအရင်တာအိုကို အရန်တာအိုအဖြစ် ကျင့်ကြံသည့် တစ်ဦးတည်းသော ဧကရာဇ် ဖြစ်သော်လည်း သူက အချိန်တာအိုကို မကျင့်ကြံပေ။ ထို့ကြောင့် သူက အစီအရင် ချန်ထားခဲ့ခြင်း မရှိပေ။

ဂိုဏ်းက အချိန်မြှင့်တင်ရေးနှင့် ထူးကဲသည့် နယ်မြေတချို့ရှိသော်လည်း မသေမျိုးအဆင့် အင်အားစုများက အချိန်အတော်ကြာ အသုံးပြုပြီးသည့်နောက်တွင် အသုံးမဝင်တော့ပေ။ ထို့အပြင် ထိုလျှို့ဝှက်နယ်မြေ၏ အချိန်မြှင့်တင်မှုက သူတို့လိုအပ်သလောက်လည်း မများပြားပေ။ ထိုစည်းမျဉ်းများကို နားလည်ပြီးသည့်နောက်တွင် ဝမ်ဝေ့က စည်းမျဉ်းပေါင်းစပ်ခြင်း ဖြစ်စဉ်ကို ဖြတ်ကျော်လိုက်သည်။ ကျင့်ကြံသူများက စည်းမျဉ်းအုတ်မြစ်မှ သူတို့၏ စည်းမျဉ်းကို ဆင့်ကဲပြောင်းလဲဖို့ရာ စည်းမျဉ်းအမျိုးမျိုးကို ပေါင်းစပ်နိုင်သည်။

နမူနာအားဖြင့် မီးဓာတ်စည်းမျဉ်းက သန့်စင်ယန် စည်းမျဉ်းအဖြစ် ဆင့်ကဲပြောင်းလဲနိုင်သလို ရေဓာတ်စည်းမျဉ်းက သန့်စင်ယင် အဖြစ် ပြောင်းလဲနိုင်သည်။ သို့မဟုတ် မြူစည်းမျဉ်း၊ တိမ်စည်းမျဉ်းနှင့် ဒီရေလှိုင်း စည်းမျဉ်းတို့ကို ပေါင်းစပ်ကာ အဆင့်မြင့် ရေဓာတ်စည်းမျဉ်းအဖြစ် ပြောင်းလဲနိုင်သည်။

နောက်ထပ် နမူနာကောင်းက ဝူဟုန်၏ စည်းပိတ်ခြင်း စည်းမျဉ်း ဖြစ်၏။ ထိုအဆင့်တွင် သူမက စည်းပိတ်ခြင်း စည်းမျဉ်း၊ ထိန်းချုပ်ရေးစည်းမျဉ်း၊ စုပ်ယူရေးစည်းမျဉ်း၊ အစီအရင် စည်းမျဉ်းနှင့် ကောင်းကင်ဘုံတာအို (ဗဟုသုတ) စည်းမျဉ်း အနည်းငယ်ကိုပါ ပေါင်းစပ်ခဲ့သည်။

ရလဒ်အနေဖြင့် သူမ၏ စည်းပိတ်ခြင်း စည်းမျဉ်းက အားကောင်းကာ ထူးခြားလှသည်။

ထိုကျင့်ကြံရေးအဆင့်တွင် ဖြစ်နိုင်ချေများလည်း ရှိသေး၏။ ကျင့်ကြံသူများက ထိုအဆင့်တွင် အချိန်ယူရလေ့ ရှိသည်။

ထိုအဆင့်တွင် ဝမ်ဝေ့က သူ့လူဝင်စားများ၏ ကွဲပြားသည့် စည်းမျဉ်းများကို ကံကြမ္မာစည်းမျဉ်းအဖြစ် ပေါင်းစပ်မည်။

ကံကောင်းမှု၊ ကြမ္မာ၊ ကာလံဒေသံ၊ သံသရာ၊ အစီအစဉ်ကျမှု၊ မကျမှုနှင့် ကံဟူ၍ ဖြစ်သည်။

ထိုအရာပြီးဆုံးသွားသည်နှင့် သူက ယင်ယန် စည်းမျဉ်းအား သူ့ကံကြမ္မာစည်းမျဉ်းနှင့် လွတ်လပ်ခွင့် စည်းမျဉ်းတို့ကို ပေါင်းစပ်ဖို့ ပေါင်းကူးတံတားအဖြစ် အသုံးပြုမည်။ ထိုအခါ ကံကြမ္မာနှင့် လွတ်လပ်ခွင့် နှစ်ခုလုံးကို ပါဝင်သည့် ထူးကဲသည့် ကံကြမ္မာစည်းမျဉ်းကို ဖန်တီးနိုင်လိမ့်မည်။

ဝမ်ဝေ့၏ အံ့ဖွယ်ပင်လယ်အတွင်း သူက ပင်မစည်းမျဉ်းကို အခြေချပြီးသွားလေပြီ။ ထိုစည်းမျဉ်းမျိုးစေ့က တောက်ပနေပြီး မျိုးစေ့မှ အဖူးလေး ထွက်နေသည်။

သူက စည်းမျဉ်းခန္ဓာအဆင့်သို့ တရားဝင် ဝင်ရောက်သွားပြီဖြစ်ကြောင်း သိလိုက်၏။ ထိုအဆင့်က ဝမ်ဝေ့သည် မလိုအပ်ဘူးဟု ထင်နေသည့် အဆင့်လည်း ဖြစ်သည်။ ထိုအဆင့်တွင် ကျင့်ကြံသူ၏ စည်းမျဉ်းက သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အား ပိုမိုအားကောင်းလာအောင် အားဖြည့်ပေးလိမ့်မည်။

သို့သော်လည်း သူက ခွန်အားအစစ်အမှန် တာအိုလမ်းစဉ်ကို လျှောက်လှမ်းနေသောကြောင့် စည်းမျဉ်းကို အသုံးပြု၍ သူ့ခန္ဓာခွန်အားကို မတိုးမြှင့်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ထိုအဆင့်က အသုံးမဝင်ဘူးဟု ခံစားမိသည့်အကြောင်းအရင်း မဟုတ်ပေ။

ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်အတွင်း ဝင်ရောက်ကာ တစ်စုံတစ်ခုကို စမ်းသပ်ကြည့်လိုက်သည်။

သူ့ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို မီတာ ၃၀၀ အထိ ကြီးမားလာ၏။

သူ့ဘိုးဘေးက စည်းမျဉ်းခန္ဓာကိုယ်အဆင့်သည် ဗလာခေတ် မတိုင်ခင်ခေတ်ကာလမှ ကိုးဆင့်မြောက် ကျင့်ကြံရေးအဆင့်မှ ကိုးကားချက်ကို ယူထားခဲ့သည်။ ထိုအရာက နာမည်အတိုင်း ဖြစ်၏။ ထိုအဆင့်တွင် ကျင့်ကြံသူများက သူတို့၏ ခန္ဓာကိုယ်ကို ကြီးမားအောင် လုပ်နိုင်သောကြောင့် သူတို့၏ အင်အား၊ အရှိန်နှင့် ခုခံကာကွယ်နိုင်စွမ်းတို့က တိုးမြင့်လာလိမ့်မည်။

ဝမ်ဝေ့က ထိုအဆင့်ကို အသုံးမဝင်ဘူးဟု ထင်မိသည့်အချက်မှာ သူ့ခန္ဓာကိုယ်က မည်မျှအားကောင်းနေစေကာမူ သူ မထင်မှတ်ထားလောက်အောင်အထိ မများပြား၍ ဖြစ်သည်။

ဒုတိယအချက်ကမူ ထိုနည်းစနစ်သည် အထွတ်အထိပ်နယ်ပယ်အဆင့်တွင် ဓမ္မခန္ဓာရှိလာသောကြောင့် အသုံးမဝင်တော့၍ ဖြစ်သည်။

သူတော်စင်အဆင့်တွင်ပင် လူများက ထိုအရာကို အသုံးမပြုကြတော့ပေ။ အကြောင်းမှာမူ ပိုင်နက်က ပိုမိုအားကောင်းလေသည်။

ဝမ်ဝေ့က ရှေးဟောင်းဧကရာဇ် ခေတ်ကာလအတွင်း တိုက်ခိုက်ရေးနည်းလမ်းများသည် ယခုခေတ်ကာလနှင့် ကွဲပြားကြောင်း ကောက်ချက်ချလိုက်၏။ ရှေးဟောင်းကျင့်ကြံသူများသည် စည်းမျဉ်းခန္ဓာကိုယ်ကို ပိုမိုမှီခိုအားထားခဲ့ကြသည်။

ဝမ်ဝေ့က ထိုနည်းစနစ်ကို ဖယ်ရှားလိုက်ပြီး မူလအရွယ်အစားအဖြစ် ပြန်လည်ပြောင်းလိုက်သည်။ ထို့နောက် သူက စည်းမျဉ်းခန္ဓာအကြောင်း ဖတ်ရှုဖူးသည့် ရှေးဟောင်းကျင့်ကြံရေး နည်းစနစ်၏ ပုံတူကို ထုတ်လိုက်သည့်အခါ ကွဲပြားချက်ကို ရုတ်ချည်းသဘောပေါက်သွားသည်။

“ စည်းမျဉ်းခန္ဓာက ဓမ္မခန္ဓာကိုယ်နဲ့ တကယ်တော့ အတူတူပဲ”

ဝမ်ဝေ့က ရှေးဟောင်းကျင့်ကြံသူများသည် ခွန်အားအစစ်အမှန် တာအိုလမ်းစဉ်ကို မလျှောက်လှမ်းနိုင်သည်မှာ သူတို့၏ ခန္ဓာကိုယ်အတွက် စည်းမျဉ်းအသုံးပြု၍ ဖြစ်သည်ဟု ထင်ခဲ့မိသော်လည်း သူ မှားယွင်းခဲ့သည်။ သူတို့က စည်းမျဉ်းများကို သူတို့၏ ခန္ဓာကိုယ်ကို ကမ္ဘာဦးနတ်ဘုရားများနှင့် ဆင်တူဖို့ရာ ပြန်လည်တည်ဆောက်ပြီး စည်းမျဉ်းများကို တိုက်ကွက်အဖြစ် အသုံးပြုကြသည်။

ရှေးဟောင်းကျင့်ကြံသူများအတွက် ထိုဧရာမခန္ဓာကိုယ်ကြီးက သူတို့၏ တကယ့်ခန္ဓာကိုယ်အစစ် ဖြစ်ကာ လူသားအရွယ်ကမူ သူတို့၏ ခန္ဓာကိုယ်ကို ကျုံ့ထားခြင်း ဖြစ်၏။

ဝမ်ဝေ့က စည်းမျဉ်းခန္ဓာကိုယ်နှင့် ဓမ္မခန္ဓာကိုယ်သည် အတူတူဖြစ်ကြောင်း ပြောသည်မှာ ဧကရာဇ်တစ်ပိုင်းအဆင့် အပြီးတွင် ကျင့်ကြံသူက သူတို့၏ ဓမ္မခန္ဓာကိုယ်ကို တကယ့်ခန္ဓာကိုယ်အစစ်နှင့် ပေါင်းစပ်ပြီး သူတို့ ကျင့်ကြံသည့် ဓမ္မခန္ဓာကိုယ်အရွယ်အစားက တကယ့်ခန္ဓာကိုယ် ဖြစ်လာသည်။

တခြားနည်းဖြင့်ဆိုရလျှင် ဝမ်ဝေ့၏ အဘိုး အမြဲလိုလို အသွင်ယူထားသည့် လူသားအသွင်သည် တကယ့်ခန္ဓာကိုယ် မဟုတ်ဘဲ သာမန်လူများနှင့် ဆက်နွယ်ဖို့ရာအတွက်သာ အသုံးပြုသည့် အသေးစား ပုံစံငယ် ဖြစ်သည်။

“ ငါက အတော်ကြီး ကြီးမားလိမ့်မယ်လို့ ထင်နေမိတယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ဓမ္မခန္ဓာကိုယ်သည် ကြီးမားကာ မြင့်မားလိမ့်မည်ဟု ခံစားမိနေ၏။ အကယ်၍ သူ့လူဝင်စားမှ ဓမ္မခန္ဓာကိုယ် ၈ ယောက်နှင့် တာအိုကို သက်သေပြပြီးသည့်နောက်တွင် ကျင့်ကြံမည့် မိစ္ဆာနတ်ဘုရားသွေးစက်ကို ပေါင်းစပ်လိုက်လျှင် သူက အင်မတန် ကြီးမားနေလိမ့်မည်။

ဝမ်ဝေ့က ခန္ဓာကိုယ်အကြီးကြီးဖြင့် တိုက်ခိုက်ရသည့်သဘောကို မကြိုက်ပေ။ ထိုအစား သူက ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားဖြင့် အသေးစားပုံစံငယ်ကိုသာ သဘောကျ၏။

မည်သို့ပင်ဆိုစေကာမူ ထိုအရာက ရှောင်လွှဲ၍ မရပေ။

“ ဟမ်” သူက တည်နေရာတစ်ဖက်သို့ လှမ်းကြည့်လိုက်ရင်း ရေရွတ်လိုက်သည် “ အခုအချိန်ကျလာပြီလား”

သူက ဂိုဏ်း၏ ဝေဟင်အထက်တွင် ပေါ်ထွက်လာသည်။ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ရင်း သူက ကောင်းကင်အထိ ထိုးဖောက်သွားသည့် ရွှေရောင်အလင်းတန်းကို မြင်လိုက်ရသည်။

“ ဒါက ဘာလဲ။ လျှို့ဝှက်နယ်မြေ ပွင့်လာတာလား” အခုလေးတင် ရောက်ရှိလာသည့် လီကျွင်းက မေးလိုက်သည်။

“ ကြည့်ရတာ တစ်ကမ္ဘာလုံးကို ကြေညာနေတဲ့ပုံပဲ” ယန်းလီလင်းက ပြောလိုက်သည် “ ဒါပေမဲ့ ဒါက တစ်ယောက်ယောက် အပိုင်လား။ ဧကရာဇ်တစ်ယောက်ယောက်များလား”

“ အဲဒါက ကုရွှမ်းအပိုင်ပဲ” လီကျွင်းက ပြောလိုက်သည်။

“ ရှင်က ဘယ်လိုလုပ် သိတာလဲ” သူမက မေးလိုက်၏။

“ အဲဒီဟာက ဖုံးကွယ်ထားဖို့တောင် မကြိုးစားဘူးလေ”

ယန်းလီလင်းက မျက်မှောင်ကြုတ်လိုက်ပြီးနောက် မိုးမြေ၏ လျှို့ဝှက်ချက်အား တွက်ချက်ကြည့်လိုက်သည်။

“ ရှင် ပြောတာမှန်တယ်။ သူက တည်ရှိမှုကိုတောင် ဖုံးကွယ်မထားဘူးပဲ”

“ လှည့်ဖျားရေးကောင်းကင် အသက်ရှည်ကျမ်း” လီကျွင်းက အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ပြောလိုက်သည် “ ကောလဟာလတွေအရ ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် နှစ် သန်းကိုးဆယ် သက်တမ်းရအောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ တာအိုကျမ်းပဲ။ ဘယ်သူက မလိုချင်ဘဲ နေမှာလဲ”

“ အဲဒါက အဲဒီကျမ်းရဲ့ တကယ့်တန်ဖိုးအစစ် မဟုတ်သေးဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ တခြားလျှို့ဝှက်ချက်တွေ ရှိနေသေးတာလား”

“ ကုရွှမ်းက အဲဒီကျင့်စဉ်ကို ဧကရာဇ်တစ်ယောက်ဆီကနေ တာအိုအရင်းအမြစ်မျိုးစေ့နဲ့ လဲလှယ်ဖူးတယ်ဆိုတာကို သိတယ်မလား”

“ အင်း … အဲဒါက အကုန်လုံးသိကြတာပဲလေ”

“ လူအများစု မသိကြတာက တာအိုဘိုးဘေး ဖြစ်လာပြီးတဲ့နောက်မှာ သူက သူ့ကျင့်စဉ်ကို ဆန့်ကျင်ကျမ်းအဖြစ် ပြောင်းလဲခဲ့တယ်”

“ တကယ်ကြီးလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ယန်းလီလင်းက အမှန်တကယ် အံ့အားသင့်မိနေသည်။ အကြီးအကဲအသစ် တစ်ယောက်အနေနှင့် သူက ကမ္ဘာ၏ လျှို့ဝှက်ချက်တချို့ကို သိလာသောကြောင့် ဆန့်ကျင်ကျင့်စဉ်၏ အရေးပါမှုကို သိထားလေသည်။ အထူးသဖြင့် ဧကရာဇ်တစ်ပါး မဖန်တီးထားသည့် ကျင့်စဉ် ဖြစ်၏။

“ လှည့်ဖျားခြင်းတာအို” ဝမ်ဝေ့က ရေရွတ်လိုက်သည် “ သူက မဟာတာအိုအရင်းအမြစ်ကို လှည့်စားဖို့ နည်းလမ်းကို ဖန်တီးခဲ့တယ်။ သူက အဲဒီစွမ်းအားကို ငှားယူမဲ့အစား အရင်းအမြစ်ကို ထိန်းချုပ်ခဲ့တယ်။ အဲဒါကြောင့် သူက မဟာဧကရာဇ် တစ်ယောက်ရဲ့ စွမ်းအားကို ရလာတာပဲ”

“ ဒါက…” လီကျွင်းက ဆွံ့အမိသွားသည် “ ဒါပေမဲ့ ကန့်သတ်ချက်တချို့တော့ ရှိတယ်မလား”

“ ရှိတာပေါ့။ သူ အသုံးပြုနိုင်တဲ့ စွမ်းအားက အချိန်ပမာဏ ကန့်သတ်ချက် ရှိတယ်။ ဒါပေမဲ့ အဲဒီကျင့်စဉ်က ဆန့်ကျင်ကျင့်စဉ် ဖြစ်နေတဲ့အချက်က ပြောင်းလဲမသွားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ လက်ထဲရောက်အောင် ယူရမယ်”

တာအိုဘိုးဘေး၏ ကျင့်စဉ်က မဟာတာအိုအရင်းအမြစ်အပေါ် နားလည်နိုင်စွမ်း၏ ရာခိုင်နှုန်းကို အခြေခံထားသည်။ အကယ်၍ ထိုကျင့်စဉ် ပြောင်းလဲမှုက တာအိုဘိုးဘေး၏ နယ်ပယ်အဆင့်အပေါ် မူတည်နေလျှင်ပင် ကြောက်မက်ဖို့ ကောင်းနေလိမ့်မည်။

နမူနာအားဖြင့် မဟာတာအိုအရင်းအမြစ် နားလည်နိုင်စွမ်း ၂၀ရာခိုင်နှုန်း ရှိထားသည့် တာအိုဘိုးဘေးက လှည့်ဖျားရေးကောင်းကင် အသက်ရှည်ကျမ်းကို အသုံးပြုကာ အတုအယောင် ထာဝရဧကရာဇ်၏ စွမ်းအားကို ရယူခဲ့သည်။ အကယ်၍ သူတို့၏ နားလည်နိုင်စွမ်းက ၂၀ ရာခိုင်နှုန်းအထက် မြင့်မားနေပါက သူတို့၏ အင်အားသည် ပိုမိုတိုးပွားသွားလိမ့်မည်။

ယခု ဝမ်ဝေ့က ထိုပြောင်းလဲနှုန်းသည် အလွန်အားကောင်းဖို့ရာ မဖြစ်နိုင်မှန်း သိထားလေသည်။ သို့သော် ထိုသို့မဟုတ်လျှင်ပင် သူ တာအိုကို သက်သေပြပြီးသည့်နောက်တွင် နောင်အနာဂတ်အတွက် ထိုကျင့်စဉ်ကို ဆင့်ကဲပြောင်းလဲဖို့ ကြိုးစားနိုင်သည်။

***

All Chapters