← Chapters

စုဝေးခြင်း

Vol. 38 Ch. 523

စုဝေးခြင်း

Vol. 38 Ch. 523

“ အခု သွားကြတော့မှာလား” လူများစွာက ထိုလျှို့ဝှက်နယ်မြေတွင် ပါဝင်ယှဉ်ပြိုင်ဖို့ သွားနေသည်ကို မြင်မိသည့် လီကျွင်းက မေးလိုက်သည်။

“ အလျင်လိုဖို့ မလိုပါဘူး။ အခုက ကြေညာရုံဆိုတော့ အားလုံးရောက်လာတဲ့အထိ စောင့်လိမ့်မယ်” ယန်းလီလင်းပြောလိုက်သည်။

“ သူမ ပြောတာမှန်တယ်။ ငါတို့တွေ မသွားခင် ဂိုဏ်းရဲ့ ကိစ္စတွေအကုန်လုံးကို သေချာအောင် လုပ်ခဲ့ရဦးမယ်”

ထို့နောက် ဝမ်ဝေ့က ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို စစ်ဆေးဖို့ တခြားအကြီးအကဲများကို အစည်းအဝေး ခေါ်လိုက်သည်။ အထူးသဖြင့် တခြားကမ္ဘာ၏ ချဲ့ထွင်မှုအပေါ် ဖြစ်၏။

ယခင် ငါးနှစ်အတွင်း အရာအားလုံးက ချောချောမွေ့မွေ့ဖြစ်နေကာ ဂိုဏ်း၏ အဖွဲ့ခွဲများ တည်ထောင်ထားပြီး ပါရမီရှင်များနှင့် အရင်းအမြစ်များကို စုဆောင်းနေပြီ ဖြစ်၏။ တိုင်းပြည်တစ်ခု အုပ်ချုပ်သည့် အလယ်အလတ် ကမ္ဘာတစ်ခုတွင် မတော်တဆ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး ဂိုဏ်း၏ အဖွဲ့ခွဲတည်ထောင်မှုကို ဆန့်ကျင်ခဲ့သည်။

ထျဲ့ကန်က ထိုအရာကို လျင်လျင်မြန်မြန် ဖြေရှင်းဖို့ရာ အညောင်းအညာဆန့်ရင်း ပျော်ရွှင်နေသည်။ ဂိုဏ်းက ဖွံ့ဖြိုးတိုးတက်နေသည့် အစောပိုင်းကာလဖြစ်သည့်အတွက် ဖြည်းဖြည်းချင်း လုပ်ဆောင်ဖို့သာ ဆုံးဖြတ်ထား၏။

ဝမ်ဝေ့က ကိစ္စများ၏ တိုးတက်ပုံကို ကြည့်ကာ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ ဘာမှမမှားကြောင်း သေချာအောင် လုပ်ပြီးသည့်နောက်တွင် သူက ကိစ္စတစ်ခုခု ရုတ်ချည်း ပေါ်ထွက်လာခဲ့လျှင် ဖြေရှင်းဖို့ရာ ကိုယ်ပွားကို ထားရစ်ခဲ့သည်။

နောက်ဆုံးတွင် သူက ယန်းလီလင်း၊ လီကျွင်းနှင့် တခြားသူနှင့်အတူ ဂိုဏ်းမှ ထွက်လာခဲ့လိုက်သည်။ အဖွဲ့က သူတို့၏ ဦးတည်ရာသို့ ချက်ချင်းကူးပြောင်းသွားလာမည့်အစား လေဟာနယ်သင်္ဘောကို အသုံးပြုခဲ့သည်။

တောင်ပိုင်းမီးငှက် ကုန်းမြေ၊ အနီရောင် သဲနယ်မြေ

ထိုနယ်မြေတစ်ခုလုံးတွင် သဲပဲရှိပြီး သဲက ပုံမှန်အဝါရောင်အစား အနီရောင် ဖြစ်နေလေသည်။ သာမန်ကန္တာရကဲ့သို့ နေ့အခါတွင် ကျစ်ကျစ်တောက်ပူပြီး ညအခါတွင် အေးစက်နေသည်။

ထို့အပြင် နတ်ဆိုးသားရဲများက သဲအောက်တွင် နေထိုင်ကြပြီး အစာစားချိန် ရောက်လာသည့်အခါမှ အပေါ် တက်လာကာ လူသားများကို စားသုံးကြသည်။

ဤသို့ ခက်ခဲကြမ်းတမ်းသည့် ပတ်ဝန်းကျင်မျိုး ရှိသော်လည်း လူများစွာက ဤနေရာတွင် နေထိုင်ကြလေသည်။ အထူးသဖြင့် ကျင့်ကြံသူများ ဖြစ်၏။ သဲက လေလွင့်ကျင့်ကြံသူများ အမဲလိုက်ပြီး ရောင်းချဖို့အတွက် ရတနာသိုက်ကြီးသဖွယ် ဖြစ်၏။

ကောလဟာလများအရ သဲနီနေရခြင်း၏ အကြောင်းအရင်းမှာ မဟာဧကရာဇ်တစ်ပါး သေဆုံးခဲ့ဖူး၍ ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်အနေအထားကို ပြောင်းလဲသွားစေ၏။ နှစ်များစွာ ကြာသည့်အခါ ထိုကောလဟာလက အမှန်ဖြစ်လာလေသည်။

ထိုနယ်မြေရှိ အရင်းအမြစ်အများစုကို ဧကရာဇ်၏ သွေးနှင့် တာအိုစည်းချက်များဖြင့် အားဖြည့်ထားလေသည်။ သဲအောက်တွင် နေထိုင်သည့် နတ်ဆိုးသားရဲများက တစ်စုံတစ်ခုကြောင့် ဆင့်ကဲပြောင်းလဲလာဟန်ပေါ်၏။ ကြည့်ရသည်မှာ ဧကရာဇ်သွေး ဖြစ်ဖို့များသည်။

မဟာအဆောင်မြို့တော်က ဤပိုင်နက်အား လွန်ခဲ့သည့်ခေတ်များစွာကတည်းက ထိန်းချုပ်ထားခဲ့သည်။ အကြောင်းမှာ နတ်ဆိုးသားရဲ၏ သွေးများက အဆောင်ပြုလုပ်ရာတွင် ပစ္စည်းကောင်းဖြစ်နေ၍ ဖြစ်သည်။

သို့သော်လည်း သူတို့က ထိန်းချုပ်ဖို့ရာအတွက် ချဉ်းကပ်မှုကောင်းကို ပြုလုပ်ခဲ့သည်။ သူတို့က လေလွင့်ကျင့်ကြံသူများအား အမဲလိုက်ခွင့်ပြုထားပြီး ဆေးလုံး၊ အဆောင်နှင့် လက်နက်ကဲ့သို့ အရာများဖြင့် လဲလှယ်နိုင်သည်။

ထိုချဉ်းကပ်မှု၏ ရလဒ်အနေဖြင့် မဟာအဆောင်မြို့တော်သည် ထိုနေရာတစ်ဝိုက်တွင် ဂုဏ်သတင်းကျော်ကြားလှသည်။ သို့သော်လည်း ဝမ်ဝေ့က သူတို့၏ ချဉ်းကပ်မှုမှာ သူတို့ဘာသာသူတို့ ရှာဖွေဖို့ ဤပိုင်နက်က ကြီးလွန်းနေ၍ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။

နတ်ဆိုးသဲသားရဲများက မြေအောက်ထဲတွင် နေထိုင်ကြသည်။ ထို့ကြောင့် သူတို့အား အလွယ်တကူ ရှာမတွေ့နိုင်ပေ။ အပူဒဏ်လွန်ကဲမှုကြောင့် နေရာက ရေရှည်မနေနိုင်အောင် ပြုလုပ်ထားသည်။

အကယ်၍ မဟာအဆောင်မြို့တော်သာ အရင်းအမြစ်အား တပည့်များကိုသာ အမဲလိုက်ခိုင်းမည်ဆိုလျှင် လူများစွာလိုအပ်ပြီး အချိန်များစွာကုန်ကာ အရင်းအမြစ်များစွာလည်း ကုန်လိမ့်မည်။

ထိုစဉ် လေလွင့်ကျင့်ကြံသူများကို သူတို့အတွက် အလုပ်ခိုင်းလိုက်ခြင်းက ပိုက်ဆံများစွာ ချွေတာဖြစ်သွားသလို သူတို့၏ အမဲလိုက်စဉ်အတွင်း ပျောက်ကွယ်သွားမည့် သူတို့တပည့်များ၏ အသက်ကိုလည်း ကယ်တင်လိုက်သလိုဖြစ်သွားသည်။

ထို့အပြင် မြို့က လေလွင့်ကျင့်ကြံသူများ ထိုအရင်းအမြစ်များ လဲလှယ်သည့်အခါ မြို့က ပိုက်ဆံများ ပိုမိုရရှိနိုင်သည်။ ပြောရလျှင် သူတို့က ဈေးဆုံးဖြတ်သည့်သူသာ ဖြစ်၏။

“ အစ်ကိုကြီး ဘယ်လိုတွေးလဲ”

“ အင်း ဒါက မဟာအဆောင်မြို့တော်က ဒီနယ်မြေကို ရှင်းထားတဲ့ပုံစံ”

“ လေလွင့်ကျင့်ကြံသူတွေကို အသုံးပြုလိုက်တာ တကယ်ကို အတွေးကောင်းပဲ။ အဲဒါက ပိုက်ဆံအများကြီး စုမိလိမ့်မယ်လို့ ထင်တယ်”

“ ကျွန်မတော့ အဲလိုမထင်ဘူး” ယန်းလီလင်းက ပြောလိုက်သည်။

“ အော် မင်းဆီမှာ နောက်ထပ်အကြံကောင်းများ ရှိလို့လား”

“ အစ်ကိုကြီးက ကြီးမားပြီးတော့ ဈေးပေါတဲ့ အလုပ်သမားတွေရဲ့ အရေးပါမှုအကြောင်းကို ပြောဖူးတာ မမှတ်မိဘူးလား။ မြို့ကသာ ရုပ်သေးရုပ်တွေကို အသုံးပြုမယ်ဆိုရင် ဒီပိုင်နက်မှာ တူးဖော်ရေး အရင်းအမြစ်တွေ သုံးဖို့ ကိစ္စမျိုး မရှိတော့ဘူးလေ”

လီကျွင်းက အနည်းငယ် ရှုံ့မဲ့သွားပြီး “ ကိုယ်တော့ စက်တွေနဲ့ လူ့စွမ်းအားအရင်းအမြစ်ကို အစားထိုးတဲ့သဘောကို မကြိုက်ဘူး”

ဝမ်ဝေ့က သူ့အား ထူးထူးဆန်းဆန်းကြည့်ကာ “ မင်းက ဘယ်တုန်းက ရှေးရိုးဆန်သွားတာတုန်း”

လီကျွင်းက သက်ပြင်းချလိုက်ပြီး “ ကောင်းကင်ဘုံဗိမာန်ကမ္ဘာ အပြီးမှာ ကျွန်တော် ရုပ်သေးရုပ်အဖွဲ့ကို လေ့ကျင့်ပေးခဲ့တယ်။ ဒါပေမဲ့ တကယ့် တပ်သားတွေ လေ့ကျင့်သလိုမျိုးနဲ့ မတူဘူး”

“ ဒါပေမဲ့ ရုပ်သေးရုပ်တစ်ခုက ရှင့်လူတွေရဲ့ အသက်ကို ချွေတာပြီးသား ဖြစ်သွားတယ်လေ”  ယန်းလီလင်းက ပြောလိုက်သည်။

“ ကိုယ် သိပါတယ်။ ဒါပေမဲ့ သူတို့ကို အခုထိ မကြိုက်သေးဘူး”

သူမက ထိုအရာကို ပထမဆုံးကြားဖူးသည့်အတွက် အနည်းငယ် အံ့အားသင့်သွားမိသည် “ ရှင်က ရုပ်သေးရုပ်တွေကို မကြိုက်ဘူးဆိုရင် ကျွန်မတို့နယ်မြေထဲမှာရှိတဲ့ ယာဉ်တွေကိုလည်း မကြိုက်ဘူးလို့ ပြောတာလား”

“ မဟုတ်ဘူး။ အဲဒါက သေမျိုးတွေရဲ့ ဘဝကို ကောင်းမွန်လွယ်ကူအောင် လုပ်ပေးတော့ အဆင်ပြေပါတယ်”

“ အဲဒါဆိုတော့ ရှင့်ပြဿနာက စက်ပစ္စည်းတွေက စစ်တပ်နဲ့ ပတ်သက်လာတဲ့အခါပဲ ပြဿနာရှိတာပေါ့”

“ အဲလိုဖြစ်မယ် ထင်တယ်။ ရုပ်သေးရုပ် ဒါမှမဟုတ် စက်ပစ္စည်းတွေအပေါ် မှီခိုတာက ရေရှည်အတွက် မကောင်းဘူးလို့ ထင်နေတုန်းပဲ”

“ မှီခိုလွန်းအားကြီးတာက ထိခိုက်နစ်နာစေတာပေါ့” ဝမ်ဝေ့က ပြောလိုက်သည် “ ပြီးတော့ ယာဉ်တွေရဲ့ အဓိကရည်ရွယ်ချက်က အကူအညီသက်သက်ပဲ။ ဒီနယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ယန်းလီလင်းရဲ့ အစီအစဉ်ကို ကြည့်လိုက်။ ဒါက အပေါ်ယံမှာ ပြီးပြည့်စုံတယ်လို့ ထင်ရပေမဲ့ ဟာကွက်‌တွေရှိနေတယ်။ အဖြေက ကံကောင်းမှုပဲ”

“ ကံကောင်းမှုလား။ အော် ကျွန်မသိပြီ” ယန်းလီလင်းက ပြောလိုက်သည် “ နတ်ဆိုးသားရဲတွေကို အမဲလိုက်တာအပြင် လေလွင့်ကျင့်ကြံသူတွေက အဖိုးတန်ရတနာတွေကို ရှာဖွေတွေ့ရှိဖို့ သူတို့ရဲ့ သဘာဝကံကောင်းမှုကို လိုတယ်။ ရုပ်သေးရုပ်တွေက အဲလိုမျိုး မရှိဘူး”

“ အတိအကျပဲ။ အဲဒါကြောင့် ကျင့်ကြံရေးလောကမှာ လူသားအရင်းအမြစ်ကို စက်အရင်းအမြစ်နဲ့ အစားထိုးပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါက မိုးမြေသတ်မှတ်ထားတဲ့ စည်းမျဉ်းပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ ငါတို့ရောက်ပြီ”

သူက အဝေးတစ်နေရာကို လှမ်းကြည့်ရင်း စောင့်ဆိုးနေသည့်လူများအထဲ သူ သိထားသည့် လူများကို မြင်လိုက်ရသည်။ ဖန်းလီကျွမ်း၊ ဖုန်းဟွမ်၊ ဟွမ်ယွမ်၊ မိုရှင်းယွင်၊ ကျန်းပိယုနှင့် ကျောင်းတော်စစ်ဆေးမှုမှ ထိပ်တန်းကောင်းကင်ရွေးချယ်ခံ သုံးဆယ်တို့လည်း ပါဝင်သည်။ ထို့အပြင် မြင့်တက်လာကာ နာမည်ရကာစဖြစ်သည့် လူများစွာလည်း ပါဝင်၏။

ဝမ်ဝေ့က မူလလက်နက်တောင်မှ ချန်ချန်းဟု ခေါ်သည့်သူကို အာရုံစိုက်ထားလိုက်သည်။ သူက သူ့အစစ်အမှန် အမြင်စွမ်းရည်ကို အသက်သွင်းလိုက်သည့်အခါ သူ့နှုတ်ခမ်းများက တွန့်ချိုးသွားလေသည်။

သူက ချန်ချန်း၏ ခန္ဓာကိုယ်ကို ဝိုင်းပတ်ထားသည့် ရွှေရောင်အလင်းတန်းကို မြင်လိုက်ရသည်။ သူ့မျက်ဝန်းမှ လူတစ်ယောက်တွင် ရတနာမည်မျှရှိသည်ကို မြင်နိုင်သည့်စွမ်းရည်ကို ဖန်တီးနိုင်ခဲ့သည်။

ဒီလူက  ငါ့ကိုတောင် ဒီလိုစွမ်းရည်အသစ်မျိုး ဖန်တီးနိုင်အောင် လုပ်နိုင်တယ်ဆိုတော့ ဒီလူက ရတနာဘယ်လောက်များ ပိုင်ဆိုင်နေတာလဲ…

ဝမ်ဝေ့က ဆွံ့အမိသွားသည်။

သူတို့အဖွဲ့ရောက်ရှိလာမှုက လူများစွာ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ သို့သော်လည်း သူတို့က နေရာယူကာ စောင့်ဆိုင်းနေလေ၏။ ထိုစဉ် ဝမ်ဝေ့က အားလုံးကို လေ့လာကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက်ကို အာရုံစိုက်ထားမိလိုက်၏။

ထိုသူက ၁၅၇ စင်တီမီတာရှိသည့် သေးသေးပုပု အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူမက မျက်လုံးကြီးကြီးနှင့် ချစ်စဖွယ်မျက်နှာမျိုးရှိကာ သတိမထားမိနိုင်လောက်အောင် သေးငယ်ပြားချပ်သည့် ရင်ဘတ်မျိုး ရှိသည်။

အမျိုးသမီးကျင့်ကြံသူများကဲ့သို့ သူမတွင် ဖြူစွတ်သည့် အသားအရည် ရှိထားသော်လည်း သူမ၏ သွင်ပြင်ကို နောက်ထပ် သတိထားမိသေးသည့်အချက်မှာ သေးသွယ်ကာ ထက်ရှသည့် လက်ချောင်းမျိုး ဖြစ်၏။

သူမက သူမ၏ အင်အားစုမှ မဟုတ်သည့်သူများနှင့် စကားပြောနေရင်း စိတ်အားထက်သန်နေဟန်ပေါ်သည်။ သူမက စကားပြောဆိုပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်အား ပြုံးမိစေလောက်အောင် ဆွဲဆောင်မှုမျိုး ရှိ၏။

ထုံရို့ပင်းက တစ်ခုခုတော့ ထူးဆန်းနေတယ်…

သူက ထူးထူးဆန်းဆန်း ရင်းနှီးပြီးသားခံစားချက်ကို ခံစားမိနေသော်လည်း ဘယ်နေရာမှ ဖြစ်လာမှန်း မစဉ်းစားနိုင်ပေ။ လူများစွာ သတိမထားမိခဲ့သည့် သူ အသုံးပြုနေသော ကံကြမ္မာဖတ်ရှုရေး နည်းစနစ်ကို သူမက ဘာမှမကြိုးစားဘဲဖြင့် ပိတ်ဆို့ထားနိုင်သည်။

သူက အတွေးတစ်ခုပေါ်လာကာ ဝိညာဉ်ကွန်ယက်စွမ်းအားဖြင့် သူမ၏ ဝိညာဉ်ကို ကြည့်လိုက်သော်လည်း လျှို့ဝှက်ဆန်းကြယ် မြူများဖြင့် တားဆီးထားသည်ကို မြင်လိုက်ရ၏။

ဒီဟာက မသေမျိုးအဆင့် အရာတွေနဲ့ ပတ်သက်လာတဲ့အခါမျိုးပဲ ဖြစ်လာတတ်တာပါ။ အဲဒါဆိုတော့ သူမဆီမှာ အဲလိုမျိုး တစ်ခုခုရှိနေတာလား…

သို့သော်လည်း ဝမ်ဝေ့က ထိုရှင်းပြချက်ကို မကျေနပ်သေးပေ။ အကြောင်းမှာ မည်သူကမှ သူမလိုမျိုး မဖြစ်ပေ။ သူက ကောင်းကင်ရွေးချယ်ခံများသည် မသေမျိုးလက်နက်၊ တာအိုလက်နက်နှင့် ဧကရာဇ်အသုံးအဆောင်များ မရှိသည်ကို မယုံပေ။

အဲဒါဆိုရင် သူ့ဝိညာဉ်ကွန်ယက်က ထုံရို့ပင်းကို ဆင့်ခေါ်သလိုမျိုး အဲဒီလူတွေရဲ့ ဝိညာဉ်ကို မဆင့်ခေါ်နိုင်ဘူးလို့ ဘာလို့မပြရတာလဲ

သူမကို အာရုံစိုက်ထားကြည့်ရမယ် …

ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ ရင်းနှီးပြီးသား လူတချို့ကို မြင်လိုက်ရသည်။ လော့ချန်နှင့် ဝူမင်တို့ ဖြစ်၏။ ဝူမင်က စိတ်ဝိညာဉ်ခရီးလမ်းတွင် တွေ့ဆုံခဲ့သည့်လူ ဖြစ်သည်။ ဝမ်ဝေ့က ထိုကောင်လေးသည် သူ့ဘိုးဘေးဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သိရှိပြီးသည့်နောက်တွင် မူလသင်္ကေတနန်းဆောင်ဆီ သွားရဲသည့် သတ္တိရှိမှုကို လေးစားမိ၏။

ထိုကောင်လေး၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို ခံစားမိ၍ ခေါင်းမော့ကြည့်လိုက်သည်။

အပေါ်ဘက်တွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဇာမဏီ စီးနင်းလာသည့် ဟို့ဖုန်းဟွမ်ကို မြင်လိုက်ရ၏။

ထိုဇာမဏီကို ကျင့်စဉ်မှန်း မသိသည့်သူများက သူမအား တအံ့တဩဖြင့် ကြည့်နေလေ၏။ သိရှိသည့်သူများကမူ ထိုဇာမဏီသည် မည်မျှအသက်ဝင်ကြောင်း အကြည့်ချင်း ဖလှယ်ကာ ဆွေးနွေးနေကြသည်။ ပင်ကိုနတ်ဆိုး၏ အငွေ့အသက်တချို့ပင် ခံစားမိလေသည်။

ဝမ်ဝေ့က သူမ ထွက်ပေါ်လာမှုအကြောင်း သိထားသည်။ သူမက ရွှမ်းဝူချိုးပိုင်အား အနိုင်ယူခဲ့ပြီး သူ့သွေးမျိုးဆက်ကို စုပ်ယူခဲ့သည်။ ထိုအရာက ရှေးဟောင်းမျိုးနွယ်အတွင်း သိသာကြီးမားသည့် ဖြစ်ရပ်ဖြစ်သည့်အတွက် သူ့ကံကြမ္မာအရိပ်က ထိုသတင်းကို အလျင်အမြန် သိရှိခဲ့သည်။

ဘယ်ဖက်တွင်မူ ဧရာမခြေသုံးချောင်း ရွှေကျီးတစ်ကောင် ရှိနေလေသည်။ ထိုအရာက ဆင်းသက်လာပြီးသည့်နောက်တွင် သိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်အသွင် ပြောင်းလဲသွား၏။ သူ့နဖူးအထက် ရွှေရောင်အမှတ်အသားက တတိယမျက်လုံးသဖွယ် ဖြစ်နေလေသည်။ သူမက ပုခုံးအထက် ဆံပင်တို ရှိ၏။

“ ဒါက…” လီကျွင်းက ရေရွတ်လိုက်သည်။

“ ဒါက ရွှေကျီးဧကရာဇ် သွေးမျိုးဆက်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ သူမက ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်ရမဲ့အစား လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ဘယ်လိုဖြစ်နေတာလဲ”

“ ငါလည်း သိချင်နေတာ။ အရိပ်(၂) … သူမ အကြောင်း သိထားလား”

“ ဟုတ်ကဲ့ သခင် အဲ…ဂိုဏ်းချုပ်”

အရိပ်(၂)က သူ့စိတ်ခံစားချက်ကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီးနောက် သူမအကြောင်း ပါဝင်နေသည့် အဆောင်အား ပေးလိုက်သည်။ ခေါင်းဆောင်ဝမ်ကျူ သီးသန့်ကျင့်ကြံနေစဉ်အတွင်း သူက ခေါင်းဆောင်ကြီးကို ခစားဖို့ တာဝန်ယူထားခြင်း ဖြစ်၏။ သူက အရှုပ်အထွေးများ မလုပ်လိုပေ။

ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်ဖြင့် ထိုကျင်းဝူဟွား၏ သတင်းအချက်အလက်များကို အလျင်အမြန် ဖတ်ရှုလိုက်သည်။

အစကတည်းက သတင်းအချက်အလက် များများစားစား မရှိပေ။ သူမက ရွှေကျီးမျိုးနွယ်၏ တခြားအဖွဲ့ဝင်များနှင့် ပဋိပက္ခတချို့ဖြစ်လာခဲ့သည်။ ထိုပဋိပက္ခဖြစ်ရသည့် အကြောင်းအရင်းကို မသိသော်လည်း ဖြေရှင်းပြီးသည့်နောက်တွင် သူမက အချိန်အတော်ကြာ ပျောက်ကွယ်သွား၏။ ထို့နောက် အင်အားတိုးမြင့်လာသော်လည်း နိမ့်ကျသည့် ကျင့်ကြံဆင့်ဖြင့် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ပြန်လည်ကျင့်ကြံတာလား ….

သူမအား မျက်မှောင်ကြုတ်ကာ ကြည့်ရင်း တွေးလိုက်မိသည်။ သူက ထုံရိုပင်းဆီမှ သူ့အာရုံခံမှုအားလုံးကို ပိတ်ဆို့ထားသလိုမျိုး တူညီသည့် မြူကို ခံစားမိလိုက်၏။

***

All Chapters