← Chapters

ရွေးချယ်ခံ

Vol. 38 Ch. 524

ရွေးချယ်ခံ

Vol. 38 Ch. 524

ပြန်လည်ကျင့်ကြံခြင်းက အင်အားတိုးမြင့်လာခြင်းဟု အမြဲတမ်း မဆိုလိုပေ။ သို့သော် ထိုအရာကို ရွေးချယ်သည့်လူများက ဆုံးဖြတ်ချက် ပြတ်သားသည့်လူများ ဖြစ်ကြ၏။ သူတို့၏ တစ်ဘဝလုံး ကျင့်ကြံဆင့်များကို စွန့်ပယ်ကာ အားနည်းသည့် သေမျိုးအဖြစ် လူမည်မျှက ပြန်သွားနိုင်မည်နည်း။ အကယ်၍ တစ်စုံတစ်ခုသာ မှားယွင်းသွားခဲ့လျှင် သူတို့သည် ကာကွယ်နိုင်စွမ်း မရှိပေ။

ထို့ကြောင့် ကျင်းဝူဟွား လျှောက်လှမ်းသည့် လမ်းစဉ်က အနည်းဆုံးတော့ သူမသည် စိတ်ဓာတ်ခိုင်မာသည့်လူ ဖြစ်ကြောင်း ပြသနေ၏။ ကံကြမ္မာကံကြွေးကို ဆေးကြောဖို့ စည်းပိတ်ခြင်းဖြစ်စဉ်ကို ကျော်ဖြတ်ခဲ့သည့်လူများသည် အဆင့်မြင့်တာအိုနှလုံးသား ရှိကြသောကြောင့် ကျင့်ဝူဟွား၏ အောင်မြင်မှုများသည် မူမမှန်မှုတော့ မဟုတ်ပေ။

သူမကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့ကမူ မိုရှင်းယွင်ကို အာရုံစိုက်ထားလိုက်သည်။ သူက ဝါးမျိုရေးတာအိုသည် တားမြစ်ခံ ဖြစ်ကြောင်း သိကတည်းက သူမအပေါ် သံသယရှိလာလေ၏။ သူမက အဆင်ပြေနေဟန်ပေါ်ကာ တားမြစ်ခံ အရှိန်အဝါမျိုးလည်း မရှိသလို စမ်းသပ်ချက် ခံယူထားသည့် အရိပ်အယောင်မျိုးလည်း မရှိပေ။

ပထမဦးစွာ ဝမ်ဝေ့က သူမသည် နေမင်းကိုးပါး ဧကရာဇ်လိုမျိုး တူညီသည့်နည်းလမ်းဖြင့် သူမ၏ တကယ့်တာအိုအစစ်ကို ဖုံးကွယ်ကာ ရုပ်ခန္ဓာစွမ်းရည်ကိုသာ ထုတ်သုံးခဲ့ခြင်းဟု ထင်ထားခဲ့၏။ သို့သော် ယခုတွင် သူက ပိုမိုရှုပ်ထွေးလာသည်ကို ခံစားမိလိုက်သည်။

သူမက ကောင်းကင်ဝါးမျိုရေး ဧကရာဇ်ရဲ့ နယ်ရုပ်များလား…

သူ သိထားသလောက်နှင့် ကောင်းကင်ဝါးမျိုရေး ဧကရာဇ်အပေါ် လေ့လာသုံးသပ်ချက်များအရ ထိုသူသည် သူ့အတွက် အကျိုးအမြတ် ရှိသည့်အရာများကိုသာ လုပ်သည့် တစ်ကိုယ်ကောင်းဆန်သော ကျင့်ကြံသူဖြစ်ကြောင်း သိထားရ၏။ ထို့ကြောင့် ဝမ်ဝေ့က ထိုသူ့တွင် မျိုးဆက်ရှိလာပြီး သူ၏ ဝါးမျိုရေးရုပ်ခန္ဓာကို ရရှိထားသည့် အချက်ကို အမြဲလိုလို တွေးနေမိသည်။

တချို့ဧကရာဇ်များက သူတို့၏ မျိုးဆက်များကို အသုံးပြုပြီး သူတို့ဘာသာသူတို့ ပြန်လည်ရှင်သန်လာနိုင်ကြောင်း ကြားပြီးသည့်နောက်တွင် မိုရှင်းယွင်အပေါ် ပိုမိုသံသယရှိလာခဲ့သည်။

ကောင်းကင်ဝါးမျိုရေးဧကရာဇ် လုပ်ခဲ့တာက အသင်္ချေအင်ပါယာကမ္ဘာကို ပျက်စီးလုနီးပါးပဲ။ အဲဒါကြောင့် သူ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ထွက်သွားပြီးတဲ့နောက်မှာ အရင်ဧကရာဇ်တွေက သူ့ဆီ သွားတွေ့ပြီးတော့ အပြုအမူတွေကို ပြန်လည်ပေးဆပ်ခိုင်းမှာ ကျိန်းသေတယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဤသည်က ကောင်းကင်ဝါးမျိုရေး ဧကရာဇ်သည် ဒိုင်မေးရှင်းအနိမ့်မှ ထွက်သွားရမည့် အကြောင်းအရင်းတစ်ချက် ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့မိ၏။

သူ့နာမည်နှင့် သမိုင်းကြောင်းတွင် တည်ရှိနေသေးသည့်အတွက် သူက အသက်ရှင်နေဆဲ ဖြစ်လိမ့်မည်။ သို့သော်လည်း အသင်္ချေအင်ပါယာကမ္ဘာ၏ ယခင်ဧကရာဇ်များက သူ့ခန္ဓာကိုယ်၏ ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်ချေမြင့်မားသည်။ ထို့ကြောင့် သူက ပြန်လည်ရှင်သန်ဖို့ မိုရှင်းယွင်၏ အကူအညီကို လိုအပ်နေ၏။

ဝမ်ဝေ့က မိုရှင်းယွင်၏ ထူးဆန်းမှုအမျိုးမျိုးကို သိပြီးသည့်နောက်တွင် ထိုအရာကို အသိအမှတ်ပြုခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ သူမ၏ သတင်းအချက်အလက်များကို ပြန်လည်စဉ်းစားလိုက်၏။

သူက ကျောင်းတော်၏ စစ်ဆေးမှုအပြီးတွင် ထူးဆန်းလာမှုများကို သတိထားမိလိုက်သည်။ ယခင်က သူသည် သူမ၏ ကံကြမ္မာကြိုးမျှင်ကို အလွယ်တကူ ဖတ်ရှုနိုင်ကာ မူမမှန်မှုကို မတွေ့ခဲ့ရပေ။ ယခုမူ သူမ၏ အပြောင်းအလဲက မည်သို့ဖြစ်လာခဲ့သနည်း။

ဝါးမျိုရေးကျင့်စဉ် ဇူဇကာဝါးမျိုရေး ကျင့်စဉ်လား။ သိပ်မကြာဘူး သူမက အဲဒါကို ရသွားတာဆိုတော့ သူမရဲ့ အပြောင်းအလဲအတွက် ဒြပ်ကူးဖြစ်နေနိုင်တယ်။

ဝမ်ဝေ့က ထိုကောက်ချက်ချမှုအား အလျင်အမြန် ငြင်းပယ်လိုက်သည်။ အကြောင်းမှာ ကမ်းခြေပွဲအတွင်း သူ တိတ်တဆိတ် ထားရှိခဲ့သော လျှို့ဝှက်ကံကြိုးမျှင်သည် သာမန်သာ ဖြစ်နေလေ၏။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည့်အချိန် ထိုကြိုးမျှင်က ပျောက်ကွယ်သွားကြောင်း သတိထားမိလိုက်သည်။

သူက ယခုအချိန်အထိ ပျောက်ကွယ်သွားကြောင်း သတိမထားမိခဲ့ပေ။

မသေမျိုးအဆင့် တစ်ယောက်ယောက်က သူမအတွက် ဖယ်ရှားပေးလိုက်တာလား…

ဝမ်ဝေ့က ထိုဖြစ်နိုင်ချေကို ငြင်းပယ်လိုက်သည်။ ဝူဟုန်က ထိုကြိုးမျှင်များကို ထိုအဆင့်ကျင့်ကြံသူများ၏ အာရုံခံမှုမှ ကာကွယ်ဖို့ စည်းတံဆိပ် ချမှတ်ပေးခဲ့သည်။ ထိုကြိုးမျှင်ကို ဖယ်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းက ထိုသူများကိုယ်တိုင် သူတို့စွမ်းရည်ဖြင့် အာရုံခံမိပြီး သူတို့ကိုယ်တိုင်ဖယ်ရှားခြင်းမှသာ ဖြစ်၏။

အဲဒါဆိုတော့ မိုရှင်းယွင်က အခု အရမ်းအားကောင်းလာတာလား။ သူမက ကံတာအိုကျွမ်းကျင်သူ ဖြစ်နေပြီလား…

ဝမ်ဝေ့က တစ်စုံတစ်ခု လစ်ဟာနေမှန်း သိသည့်အတွက် ဦးနှောက်ကို အလုပ်ပေးကာ စဉ်းစားလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို အမှတ်ရလိုက်၏။ တာအိုကိုးကွယ်ရေးကျောင်းတော်မှ ကျန်းရွှမ် ဖြစ်၏။ မိုရှင်းယွင်က သူ့ အဆင့်(၇) ရုပ်ခန္ဓာနောက်ကို လိုက်နေသည်မှာ နှစ်များစွာ ကြာမြင့်နေလေပြီ။

ဝမ်ဝေ့က ထိုသူ့အပေါ် ထားရှိခဲ့သည့် ကံကြိုးမျှင်ကို စစ်ဆေးကြည့်လိုက်သည်။

သေသွားပြီလား။ မဟုတ်သေးဘူး။ အတော်လေးတော့ နီးကပ်နေပြီ။ ပြီးတော့ သူ့ကောင်းကင်ရုပ်ခန္ဓာက ပျောက်ကွယ်သွားပြီ…

သူက ထိုလူသည် ကမ္ဘာဦးစိတ်ဝိညာဉ်သာ ကျန်ရှိတော့ပြီး အချိန်မရွေး ပျောက်ကွယ်လုနီးပါးဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ပို၍ထူးဆန်းသည်က သူ့ဝိညာဉ်မှ စည်းမျဉ်းအပိုင်းအစသည်လည်း မရှိတော့ပေ။

မိုရှင်းယွင်က သူ့ဆီကနေ ရသွားပြီပဲ။ သူက သူမရဲ့ အပြောင်းအလဲအတွက် ဒြပ်ကူးဖြစ်နေနိုင်မလား။

ကံဆိုးစွာဖြင့် သတင်းအချက်အလက်က နည်းပါးလွန်းသည့်အတွက် ဝမ်ဝေ့က သူမအား လျှို့ဝှက်နယ်မြေတွင် တိတ်တဆိတ် လေ့လာဖို့သာ ဆုံးဖြတ်လိုက်သည်။ ဝမ်ဝေ့က စဉ်းစားနေစဉ်အတွင်း တစ်စုံတစ်ခုကို ခံစားမိသည့်အတွက် တစ်ဖက်ကို လှမ်းကြည့်လိုက်သည်။

သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ လက်ရှိလူအားလုံးကလည်း လှည့်ကြည့်လိုက်ကြ၏။

ပြိုင်ဘက်ကင်းအလှတရား ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးက ရွှေကြာပွင့်သဏ္ဌာန်ရှိသည့် မှော်အသုံးအဆောင်ပစ္စည်းပေါ်တွင် ရပ်နေလေသည်။ သူမ၏ နောက်တွင်လူနှစ်ယောက် ပါရှိ၏။ ကံဆိုးစွာဖြင့် သူမ၏ အလှတရားက ထိုလူနှစ်ယောက်ကို မှေးမှိန်သွားစေသည်။

“ ဒီမျိုးဆက်ရဲ့ အလှဆုံးမိန်းကလေး ရှုရှစ်ပဲ” ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

ရှုရှစ်က စိတ်ခံစားချက် မပြသဘဲ တည်ငြိမ်နေလေသည်။ ယခင်တောက်ပသည့် ဝတ်စုံများနှင့် မတူညီဘဲ သူမက ခန္ဓာကိုယ်ကွက်တိကျသည့် အနက်ရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုအရာက တိုက်ခိုက်ဖို့ရာအတွက် သင့်တော်လှသည်။ ထို့အပြင် သူမက လူများအား သူမ၏ မျက်နှာလှလှလေးကိုပဲ သတိထားမိတာ မဖြစ်စေရန်  အားကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်ဖော်ထားသည်။

သူမက အားလုံးအား ကြည့်ကာ ဝမ်ဝေ့ဆီ စက္ကန့်ပိုင်းမျှ အကြည့်ရပ်တန့်သွားလေသည်။ ထို့နောက် သူမက ဘာမှမပြောဘဲ နေရာဝင်ယူလိုက်၏။

အားလုံးက စောင့်ဆိုင်းနေစဉ် အဝေးတစ်နေရာမှ ရွှေရောင်အလင်းတန်းကြီးက ဖြည်းဖြည်းချင်း မှေးမှိန်သွားပြီး လျှို့ဝှက်နယ်မြေက ပွင့်လာတော့မည် ဖြစ်ကြောင်း ပြသနေသည်။ ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ လူတချို့က ထွက်ပေါ်မလာသေးကြောင်း သတိထားမိလိုက်၏။

စွင်းကျောင်းလုံ၊ ပင်လယ်မျိုးနွယ်၊ ပို၍အရေးကြီးသည်က ယန်မျိုးနွယ်၏ ဧကရာဇ်မျိုးဆက် ဖြစ်၏။ ရွှေကျီးမျိုးနွယ် ပေါ်ထွက်လာသည့်အတွက် သူသည်လည်း ပေါ်ထွက်လာလိမ့်မည်ဟု ထင်ထားခဲ့မိသည်။

နာရီပိုင်း စောင့်ဆိုင်းပြီးသည့်နောက်တွင် အလင်းတန်းက ပျောက်ကွယ်သွားပြီး အာကာပြင်လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။ လူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး မည်သူက ပထမဆုံးဝင်မလဲဟု တွေးနေကြသည်။ သို့သော်လည်း ကျင်းဝူဟွားက ရွှေရောင်မီးတောက်အဖြစ် ပြောင်းလဲကာ အထဲသို့ ပြေးဝင်သွားသည်။

သူမ၏ အပြုအမူက တခြားကောင်းကင်ရွေးချယ်ခံများ၏ ယှဉ်ပြိုင်လိုစိတ်ကို နှိုးဆွပေးနိုင်လိုက်သောကြောင့် သူတို့သည်လည်း အရှိန်အဟုန်မြင့်ကာ ဝင်ပေါက်အတွင်း ပြေးဝင်သွားကြသည်။

လူတချို့ကသာ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြ၏။ ဖုန်းဟွမ်၊ ဟွမ်ယွမ်၊ ဝမ်ဝေ့နှင့် သူ့အဖွဲ့၊ ကျန်းပိယုနှင့် ရှုရှစ်တို့ ဖြစ်ကြသည်။

ဝမ်ဝေ့က သူမအား အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ဖုန်းဟွမ်နှင့် ဟွမ်ယွမ်တို့က နှစ်သန်းများစွာ နေထိုင်ခဲ့သည့် လူအိုကြီးများ ဖြစ်သောကြောင့် သူတို့၏ သတိထားမှုကို နားလည်နိုင်သည်။

ကျန်းပိယု၏ သန်စင်လှသော စိတ်နှလုံးသားနှင့် ပြိုင်ပွဲတွင် စိတ်မဝင်စားမှုကြောင့် ထိုသို့ ဖြစ်နိုင်သော်လည်း ရှုရှစ်က ထိုသို့သတိထားနေလိမ့်မည်ဟု ထင်မထားမိပေ။ သို့သော်လည်း သူမ၏ အတွေ့အကြုံများကို ပြန်လည်စဉ်းစားပြီးသည့်နောက်တွင် သတိထားသည်က ပုံမှန်သာ ဖြစ်နေသည်။

ဝမ်ဝေ့က အာကာပြင်လမ်းကြေင်းကို ကြည့်ကာ အထဲရှိလူများသည် ဘာမှမဖြစ်ကြောင်း အာရုံခံလိုက်မိသည်။ ထို့နောက် သူက ဂမ္ဘီရအစွမ်းကို ထုတ်သုံးကာ သူ့အတွက် ဖြစ်နိုင်ချေ အန္တရာယ်များအား တွက်ချက်ကြည့်လိုက်၏။ သူက ဘာမှမတွေ့ရှိသည့်နောက်တွင် ဘိုးဘေးဝမ်ဝူချန်၏ တည်ရှိမှုကို ခံစားမိ၍ ဝေဟင်သို့ မော့ကြည့်လိုက်သည်။

သူက မသေမျိုးအဆင့် ပုဂ္ဂိုလ်များသည် ဤလျှို့ဝှက်နယ်မြေကို တိတ်တဆိတ် စောင့်ကြည့်နေကြောင်း ခန့်မှန်းမိလိုက်၏။ ထို့ကြောင့် သူက စိတ်အေးမိသွားသည်။

ချီကံကောင်းမှု စစ်ဆေးပွဲအတွင်း သူက လှည့်ဖျားရေးကောင်းကင် အသက်ရှည်ကျမ်း နာမည်ဖြင့် ပြိုင်ဘက်များကို လျှို့ဝှက်နယ်မြေအတွင်း မျှားခေါ်ကာ  ဖောက်ခွဲပစ်ခဲ့ဖူးသည်။ သူက ထိုသို့နည်းလမ်းတူများနှင့် သူ့အပေါ် လုပ်ကြံသည်ကို မလိုချင်ပေ။

ထို့နောက် သူက လမ်းကြောင်းအတွင်း သူ့အဖွဲ့နှင့်အတူ ပျံသန်းသွားလိုက်သည်။

ဝမ်ဝေ့က နေရာလွတ်တစ်ခုသို့ ရောက်သည့်အခါ လူအားလုံးက စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။ ကောင်းကင်ရွေးချယ်ခံ အားလုံးက ရှေ့တန်းတွင် စောင့်စားနေသည်ကို မြင်သည့်အခါ သူက ပျံသန်းသွားပြီး ထိုနေရာတွင် ရပ်တန့်လိုက်သည်။

သူ့ရှေ့တွင် ကလေးတစ်ယောက် လွင့်မျောနေ၏။ ထူးဆန်းသည်က သူက အပေါ်ပိုင်းခန္ဓာကိုယ်သာ ရှိထားပြီး အောက်ပိုင်းက ကမ္ဘာမြေမှ မှော်မီးခွက်စောင့် ဘီလူးလိုမျိုး ဖြစ်နေသည်။ ကလေးက မျက်နှာအထက်တွင် ထူးဆန်းသည့် မျက်နှာဖုံးမျိုး ရှိကာတစ်ဝက်က တုံးတုံးအအ အပြုံးမျိုးရှိပြီး ကျန်တစ်ဝက်ကမူ ရက်စက်ကာ လှည့်ဖျားသည့် အပြုံးမျိုး ရှိ၏။

“ အားလုံးလည်း ရောက်ပြီဆိုတော့ စလိုက်ကြရအောင်” ကလေးက ပြောလိုက်သည်။ သူ့အသံက ကလေးတစ်ယောက် အသံအစား မိန်းမအိုကြီးတစ်ယောက်၏ အသံမျိုး ဖြစ်နေသည်။

လျှို့ဝှက်နယ်မြေ စိတ်ဝိညာဉ်လား…ဒီကုရွှမ်းက ပွဲကြည့်ရတာ ကြိုက်တဲ့သူပဲကိုး…

ဝမ်ဝေ့က တွေးလိုက်မိသည်။

“ ငါ့နာမည်က ချင်းဟွမ်ထျန်း။ ဒါပေမဲ့ ငါ့ကို အရှင်စိတ်ဝိညာဉ်လို့ ခေါ်လို့ရတယ်။ မင်းတို့ခန့်မှန်းမိတဲ့အတိုင်း ဒီလျှို့ဝှက်နယ်မြေက ငါ့ဆရာရဲ့ ကျမ်းကို အမွေဆက်ခံဖို့ ထိုက်တန်တဲ့သူတွေကို ရွေးချယ်ဖို့ပဲ။ အခု ပထမဆုံးအဆင့် ရွေးချယ်မှုကို စလိုက်ရအောင်”

အရှင်စိတ်ဝိညာဉ်က လက်ဝှေ့လိုက်ပြီးသည့်အခါ အမှတ်အသားပြားများစွာ ထွက်ပေါ်လာသည်။ ထို့နောက် ပြိုင်ပွဲဝင်များက စစ်ဆေးကြည့်နေ၏။ စက္ကန့်ပိုင်းမျှပင် မကြာဘဲ အမှတ်အသားတစ်ခုက ဝမ်ဝေ့၏ လက်အတွင်း ကျဆင်းသွားသည်။

ထို့နောက် အမှတ်အသားပြားနှစ်ခုက ယန်းလီလင်းနှင့် လီကျွင်းထံ ဝေ့ဝဲနေသည်။ သူတို့ကို စစ်ဆေးကြည့်ပြီးနောက် အမှတ်အသားပြားက သူနှင့် ဝမ်ဝေ့တို့ကို ကြည့်လိုက်ပြီး ကျော်သွားလေသည်။

ရွေးချယ်ခံစစ်ဆေးမှုက တစ်နာရီ ကြာမြင့်ခဲ့ပြီး အားလုံးကို အံ့အားသင့်သွားစေသည်က လူ ၆ ယောက်သာ ရွေးချယ်ခံခဲ့ရသည်။ ဝမ်ဝေ့၊ ဟို့ဖုန်းဟွမ်၊ ဖုန်းဟွမ်၊ ကျင်းဝူဟွား၊ ရှုရှစ်နှင့် ထုံရို့ပင်းတို့ ဖြစ်ကြသည်။

“ မင်းတို့ ၆ ယောက်လုံးအတွက် ဂုဏ်ပြုပါတယ်။ မင်းတို့က နောက်ပြိုင်ပွဲအတွက် အရည်အချင်း ပြည့်မှီတယ်”

“ အရှင်စိတ်ဝိညာဉ် ဒီလူတွေပဲလား” ကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။

“ ဟုတ်တယ်”

“ ဒါက မမျှတဘူးမလား”

“ ဟုတ်တာပေါ့။ ဒါပေမဲ့ မင်းက မျှတတယ်လို့ ခံစားရရင် သူတို့ဆီကနေ လုယူလို့ရတယ်”

ထိုစကားများဖြင့် လူ ၉၅ ရာခိုင်နှုန်းကျော်က လက်လျှော့လိုက်ကြသည်။

“ နောက်ပြိုင်ပွဲအချိန်က ဘယ်တော့လဲ” ဝမ်ဝေ့က မေးလိုက်၏။

“ နောက်တစ်လနေရင်”

“ ကျွန်တော်တို့နဲ့အတူ လူထပ်ခေါ်လို့ရသေးလား”

“ မင်းတို့ အလိုရှိသလို လုပ်လို့ရတယ်” ထိုစကားများ ပြောပြီးသည့်နောက်တွင် မျက်နှာဖုံးရှိ ကောက်ကျစ်ကာ ရက်စက်သည့်အပြုံးက ပိုမိုအသက်ဝင်လာဟန်ပေါ်သည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး ထပ်မေးလိုက်သည် “ ဒုတိယအသုတ်မှာ တခြားကမ္ဘာ့အသိုက်အဝန်းက ကောင်းကင်ရွေးချယ်ခံတွေရော ရှိနေမှာလား”

“ အင်း” အရှင်စိတ်ဝိညာဉ်က ဝမ်ဝေ့အပေါ် အာရုံစိုက်ထားလိုက်ပြီး ခြုံငုံကြည့်ကာ “ မင်း ပြောတာမှန်တယ်။ သူတို့တွေ အများကြီး ရှိလိမ့်မယ်”

တခြားလေးယောက်က ရုတ်ချည်းဆိုသလို အလေးအနက် ဖြစ်လာကြသည်။ သူတို့က အမွေအနှစ်ကို ရရှိဖို့ မလွယ်ကူကြောင်း သဘောပေါက်လိုက်ကြ၏။ သို့သော်လည်း သူတို့၏ မျက်ဝန်းအထက် တိုက်ခိုက်လိုစိတ် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူတို့က တခြားကမ္ဘာအသိုက်အဝန်းမှ ကောင်းကင်ရွေးချယ်ခံများနှင့် မည်သူက ပိုကောင်းကြောင်း ယှဉ်ပြိုင်လိုသည်။

ဝမ်ဝေ့ကလည်း စိတ်လှုပ်ရှားနေမိသည်။ သို့သော် သူက တခြားကောင်းကင်ကမ္ဘာ့အသိုက်အဝန်းမှ တခြားကောင်းကင်ရွေးချယ်ခံများနှင့် ယှဉ်ပြိုင်နိုင်၍ မဟုတ်ဘဲ သူ့ဝိညာဉ်ကွန်ယက်၏ ပိုင်နက်ကို ချဲ့ထွင်နိုင်မည့် အခွင့်အရေး ရောက်ရှိလာ၍ ဖြစ်သည်။ ထိုအခါ သူက လူဝင်စားများအတွက် အရင်းအမြစ် စုဆောင်းဖို့ စိုးရိမ်စရာ မလိုတော့ပေ။

“ နောက်ထပ် မေးခွန်းရှိသေးလား” အရှင်စိတ်ဝိညာဉ်က မေးလိုက်သည် “ ဘာမှမရှိရင် မင်းတို့တွေ ထွက်သွားလို့ရပြီ”

***

All Chapters