သဘောတူညီချက်
Vol. 38 Ch. 527
ဝမ်ဝေ့က အဆောင်မှတဆင့် တိုက်ပွဲကို ကြည့်ရှုလိုက်သည်။ ပထမဦးစွာ ဖန်းလီကျွမ်းနှင့် ဟွမ်ယွမ်တို့တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မြင်လိုက်ရသည်။
ရှုရှစ်၏ ခန္ဓာကိုယ်မှ ကမ္ဘာဦးအငွေ့အသက် ထွက်ပေါ်လာပြီး ချန်ချန်းအား အားအပြည့်ဖြင့် တွန်းလွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်အထက် ပင်ကိုခုခံရေး ချပ်ဝတ်နှင့်အတူ ဧကရာဇ်တစ်ပိုင်းအဆင့် ခုခံရေးအသုံးအဆောင်ပစ္စည်းများလည်း ထွက်ပေါ်လာသည်။ သို့သော် သူမ၏ တွန်းထုတ်လိုက်မှုက ထိုအသုံးအဆောင်ပစ္စည်းများအား ချိုးဖျက်ကာ ချန်ချန်းအား လွင့်စင်သွားစေသည်။
ဝမ်ဝေ့ ဆုံးဖြတ်သလောက် ထိုသူသည် ဒဏ်ရာ မရရှိသော်လည်း တွန်းလိုက်သည့်အားက ကြီးလွန်းသည့်အတွက် တိုက်ပွဲ၏ နေရာမှ လွင့်ထွက်သွားခြင်း ဖြစ်သည်။ ထို့နောက် အရေးမပါသည့် လူများက ရှုရှစ်အား တားကြဖို့ ကြိုးစားကြသော်လည်း သူမက သူတို့အား ဖြတ်ကျော်ကာ အိမ်သို့ ပြန်သွားလေသည်။
ထိုစဉ် ဟွမ်ယွမ်ကို ဖိနှိပ်ပြီး ဖန်းလီကျွမ်းကို ဒဏ်ရာရအောင် လုပ်ပြီးသည့်နောက်တွင် ဖုန်းဟွမ်က အဖြူရောင်နှင့် အနက်ရောင်သက်တံ အဖြစ် ပြောင်းလဲကာ ပျံသန်းထွက်သွားသည်။ မည်သူကမှ သူ့ကို မတားဆီးနိုင်ကြပေ။
လူတချို့က အစီအရင်ခင်းကာ ဟို့ဖုန်းဟွမ်ကို အနိုင်ယူဖို့ ကြိုးစားကြသော်လည်း သူမက အရှိန်အဝါ ထုတ်လွှတ်လိုက်သည့်အခါ ထိုလူများကို ဖိနှိပ်လိုက်ပြီး မလှုပ်မယှက် ဖြစ်သွားစေသည်။ ထို့နောက် သူမက သူမကျောတွင် ဇာမဏီတောင်ပံ ထွက်ပေါ်လာပြီး ပျံသန်းထွက်သွားသည်။
မိုရှင်းယွင်က ကျင်းဝူဟွားကို တိုက်ခိုက်လိုက်သည်။ သူမ၏ လက်တစ်ချက်အဝှေ့တွင် အာကာပြင်ဓားချက်များက တစ်ဖက်လူအား တိုက်ခိုက်လာသည်။ သို့သော်လည်း ထိုလူက တစ်လက်မပင် မလှုပ်ပေ။
ထိုဓားချက် ကျင်းဝူဟွားဆီ ချဉ်းကပ်လာသည့်အခါတိုင်း သူမနှင့် ထိတွေ့မိသည့်အခါ လောင်ကျွမ်းသွားလေ၏။ တိုက်ခိုက်မှုအနည်းငယ်အပြီးတွင် မိုရှင်းယွင်က မျက်မှောင်ကြုတ်ကာ ရပ်တန့်လိုက်ပြီး ထွက်သွားလေသည်။ ကျင်းဝူဟွားကမူ နေမင်းပေါ်သို့ ပျံသန်းသွား၏။
သူမက ဘာမှတောင် မလုပ်ခဲ့ဘူးပဲ…
ဝမ်ဝေ့က ခေါင်းခါကာ တွေးလိုက်မိသည်။ ထို့နောက် သူက ကိစ္စများ အလုပ်မများခင် အိမ်သို့ ပြန်လာခဲ့လိုက်၏။
ဂိုဏ်းထဲတွင် သူ့လူဝင်စားများ နေထိုင်သည့် ကမ္ဘာများနှင့် ဆက်နွယ်ထားသည့် အလွှာအကူးအပြောင်း အစီအရင် ရှိနေသည်။ သူက ထိုနေရာတွင် ရုပ်သေးရုပ်များ ချန်ထားခဲ့ပြီး အရေးပေါ်ကိစ္စဖြစ်လာသည့်အခါ ချက်ချင်းသွားလာနိုင်ရန်အတွက် အစီအရင်ကို တည်ဆောက်ခိုင်းထားခြင်း ဖြစ်၏။
ဝမ်ဝေ့က သူတို့အား အသုံးပြုကာ အချိန်မြှင့်တင်ရေးအစီအရင်တွင် အချိန်သလင်းကျောက်ကို ထည့်သွင်းလိုက်သည်။ နောက်တစ်ရက်တွင် သူက အဖွဲ့အား ပြင်ဆင်ပြီး စစ်ဆေးမှု ဒုတိယအသုတ်အတွက် အသင့်ပြင်ထားလိုက်သည်။ ဤတစ်ကြိမ်တွင် သူ၊ လီကျွင်းနှင့် အရိပ်နှင့်သာ သွားလိမ့်မည်။
ထျဲ့ကန်က နောက်ထပ် အလယ်အလတ်ကမ္ဘာတွင် ရောက်ရှိနေပြီး ယန်းလီလင်းကမူ အလိုအလျောက် မီးပြင်းမိုအတွက် သီးသန့်ကျင့်ကြံနေဆဲ ဖြစ်၏။
ဝမ်ဝေ့က သူ့မူလအဆီအနှစ်ကို အမှတ်အသားပြားထဲ ထည့်သွင်းလိုက်သည့်အခါ အလင်းတန်းက သူတို့သုံးယောက်ကို လွှမ်းခြုံသွားပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကြသည်။ သူတို့က ဦးတည်ချက်သို့ ရောက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က ပတ်ဝန်းကျင်ကို မစစ်ဆေးသေးဘဲ အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။
“ ဘိုးဘေး ရှိလား”
“ အင်း။ ငါ မင်းနောက်ကနေ လိုက်ခဲ့တယ်”
“ အခြေအနေဘယ်လိုလဲ”
“ တခြားကမ္ဘာ့အသိုက်အဝန်းက မသေမျိုးအဆင့် ပုဂ္ဂိုလ်တွေအများကြီးပဲ”
“ ထင်ထားတဲ့အတိုင်းပဲ။ အရာအားလုံးအတွက် ကျေးဇူးပါ”
“ အဲလိုပြောနေဖို့ မလိုပါဘူးကွာ”
အဆောင်ကို သိမ်းလိုက်ပြီးသည့်နောက်တွင် သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။ သူက လက်ရှိ အိမ်များစွာရှိနေသည့် ရှေးဟောင်းမြို့အတွင်း ရှိနေ၏။ အလျင်အမြန် စစ်ဆေးကြည့်လိုက်သည့်အခါ သူက ဘာမှမူမမှန်မှုကို မတွေ့ရပေ။
သူ့စိတ်ထဲ သတင်းအချက်အလက် တချို့ပေါ်ထွက်လာပြီး သူ့စံအိမ်၏ တည်နေရာကို ညွှန်ပြနေသည်။ ဝမ်ဝေ့က ထိုနေရာအတိုင်း လိုက်လာခဲ့ပြီးသည့်နောက်တွင် စံအိမ်များ အတူတူစုထားသည့် မြို့အပိုင်းသို့ ရောက်လာခဲ့၏။
သူက လှမ်းကြည့်လိုက်သည့်အခါ ဖုန်းဟွမ်နှင့် ဟို့ဖုန်းဟွမ်တို့ ရောက်နေသည်ကို မြင်လိုက်ရသည်။
ကြည့်ရတာ ငါတို့ကို ကမ္ဘာ့အသိုက်အဝန်းပေါ် မူတည်ပြီးတော့ အဖွဲ့ဖွဲ့ပေးထားတဲ့ပုံပဲ…
ဝမ်ဝေ့က သူတို့၏ စံအိမ်အား ကြည့်ကာ လက်မြှောက်လိုက်ပြီး သူ့လက်ဖဝါးထဲ ကုဗတုံးငယ်တစ်ခုကို ဖန်တီးလိုက်သည်။ သူက ထိုကုဗတုံးကို ထိန်းချုပ်ကာ အိမ်ထဲ ဝင်ရောက်လိုက်သည်။ ထိုအရာက ထူးဆန်းသည့် အာကာပြင်အတက်အကျလှိုင်း ထုတ်လွှတ်လာသော်လည်း ပုံမှန်ပြန်ဖြစ်သွားလေ၏။
၃ယောက်သား စံအိမ်အတွင်း ဝင်လာခဲ့လိုက်ကြသည်။ ထူးဆန်းသည်က သူတို့ ၅မီတာလောက် လျှောက်လှမ်းပြီးသည့်နောက်တွင် ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပြီး နေရာလွတ်တစ်ခုတွင် ပေါ်ထွက်လာသည်။
စံအိမ်က ထိုနေရာလွတ်အလယ်တွင် တည်ရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံးက စိမ်းစိုနေသည့် ကွင်းပြင်တစ်ခု ဖြစ်သည်။ ကောင်းကင်ပြာတွင် တိမ်တိုက်များပြည့်နေပြီး နေရောင်က တောက်ပစွာ ဖြာကျနေသည်။
လျှို့ဝှက်နယ်မြေလား…သခင်လေးက ဒီလိုပြီးပြည့်စုံတဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို ချက်ချင်းဖန်တီးနိုင်တာလား…
အရိပ်(၂)က သူ့ဝတ်ရုံခေါင်းဆောင်းအောက်မှ တွေ့လိုက်မိသည်။ ကျင့်ကြံသူများက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်တွင် လျှို့ဝှက်နယ်မြေ သို့မဟုတ် ဒိုင်မေးရှင်းအငယ်များကို ဖန်တီးနိုင်ကြ၏။ သို့သော်လည်း ဖြစ်စဉ်ကမူ အားလုံး၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ကွဲပြားလေသည်။
ကျင့်ကြံသူအများစုက သူတို့၏ လျှို့ဝှက်နယ်မြေကို ဖန်ဆင်းဖို့ ရက်အနည်းငယ် အချိန်ယူရလေသည်။ ပတ်ဝန်းကျင်အကြောင်း ထည့်မပြောရသေးပေ။ တချို့အားနည်းသူများက လေဟာနယ်ကျောက်တုံး သို့မဟုတ် တခြားသော အာကာပြင်ဓာတ် အရင်းအမြစ်များ မပါရှိဘဲ မလုပ်ဆောင်နိုင်ကြပေ။
ဝမ်ဝေ့က အရိပ်(၂)၏ အတွေးများကို မသိဘဲ လက်မြှောက်ကာ ကောင်းကင်အထက် အစီအရင်များစွာ ဖန်တီးလိုက်သည်။ သူ့လက်ရှိအောင်မြင်မှုအတွက် အာကာပြင်နှင့် အစီအစဉ်ကျမှု စည်းမျဉ်းပေါင်းစပ်ထားရုံသာ ဖြစ်၏။
အာကာပြင်စည်းမျဉ်းဖြင့် သူ့အနေနှင့် ဒိုင်မေးရှင်းကို ချက်ချင်းဖန်တီးဖို့ လွယ်ကူလှသည်။ ပတ်ဝန်းကျင်အတွက်မူ သူက ဒိုင်မေးရှင်း၏ စည်းမျဉ်းကို ဖန်တီးဖို့ အစီအစဉ်ကျမှု စည်းမျဉ်းကို အသုံးပြုလိုက်ခြင်း ဖြစ်၏။
သူက မြက်ပင်၊ ကောင်းကင်ပြာ၊ တိမ်တိုက်နှင့် နေမင်းတို့အတွက် လိုအပ်သည့် စည်းမျဉ်းများကို ဖန်တီးလိုက်သောကြောင့် ထိုအရာများက ချက်ချင်းဆိုသလို ထွက်ပေါ်လာခြင်း ဖြစ်၏။
အစီအရင်ကို ဖန်တီးပြီးသည့်နောက်တွင် အဖွဲ့က စံအိမ်အတွင်းဝင်လိုက်သည့်အခါ သူတို့၏ နေ့စဉ်ဘဝတွင် ခစားဖို့ ရွေးချယ်ပေးထားသည့် အစေခံတချို့ကို မြင်လိုက်ရသည်။
ဝမ်ဝေ့က ထိုလူများ၏ ကံကြမ္မာကြိုးမျှင်များကို ဖတ်ရှုပြီး သူတို့၏ နောက်ခံနှင့် ပတ်သက်ပြီး ဘာမှမမှားယွင်းကြောင်း သေချာအောင် လုပ်လိုက်သည်။
ထိုစဉ် ဖုန်းဟွမ်နှင့် ကျင်းဝူဟွားတို့က ပုံမှန်နှင့် ကွဲပြားဟန်မပေါ်သည့် စံအိမ်အား ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ အမြင်တွင် ထိုစံအိမ်က သူတို့နှင့် တူညီသည့် နေရာအတွင်း မဟုတ်တော့ပေ။
ဖုန်းဟွမ်က သူ့မျက်လုံးဖြင့် အရာများစွာကို မြင်လိုက်ရသည့်အတွက် စည်းမျဉ်း၏ လှပမှုအပေါ် ပင့်သက်ရှိုက်လိုက်မိသည်။ ထိုသို့သက်ပြင်းချပြီးသည့်နောက်တွင် သူက စံအိမ်အတွင်း ဝင်ရောက်ကာ အစီအရင်များ ခင်းကျင်းလိုက်သည်။
“ ကျွန်တော်တို့ရဲ့ နောက်အစီအစဉ်က ဘယ်လိုလဲ” လီကျွင်းက လှည့်ပတ်ကြည့်ရင်း မေးလိုက်သည်။
“ ငါတို့တွေ ကျန်ငါးယောက်ကို ဆက်သွယ်ဖို့ လိုတယ်” ဝမ်ဝေ့က ကျောက်စိမ်းအဆောင် ၅ခု ကို ထုတ်ကာ တခြားသူများ၏ စံအိမ်အတွင်း ပို့ဆောင်လိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက် သူ့ရှေ့တွင် တခြားသော ပုံရိပ်များ ထွက်ပေါ်လာ၏။
“ မိန်းကလေးဟို့ … ကျုပ်တို့ စကားပြောခဲ့တာ တော်တော်လေး ကြာပြီပဲ။ ဘယ်လိုအခြေအနေရှိလဲ” ဝမ်ဝေ့က အပြုံးလေးဖြင့် မေးလိုက်သည်။
“ ကျွန်မ အဆင်ပြေပါတယ်။ သခင်လေးဝမ်ရော အခြေအနေဘယ်လိုလဲ”
“ ယခင်နှစ်ထောင်ပိုင်းကတော့ သိပ်မကောင်းခဲ့ဘူးပေါ့။ ဒါပေမဲ့ ကျုပ် ဒီမှာ ကောင်းကောင်းကြီး အသက်ရှူနေပါသေးတယ်။ အဲဒါကြောင့် ဘာမှတော့ မညည်းတွားသင့်ဘူးလို့ ထင်တာပဲ။ မိန်းကလေးကျင်းဝူ၊ မိန်းကလေးထုံ …. ဒါက ကျုပ်တို့ ပထမဆုံးတွေ့ဆုံမှုလို့ ထင်တယ်”
“ ရှင် ယုံမလားတော့ မသိဘူး။ ကျွန်မက ရှင့်အကြောင်းတွေ အများကြီးသိတယ်” ထုံရို့ပင်းက အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ပြုံးကာ ပြောလိုက်သည်။
“ အော် ဘယ်လိုဖြစ်ပြီးတော့လဲ”
“ ဘာမှတော့ အရေးမကြီးပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အောင်မြင်မှုအများကြီးက ရှင့်အပေါ် အကြွေးတင်နေတယ်”
“ အဲလိုလား။ ဒါက ကျုပ်အတွက်တော့ အသစ်ပဲ” ဝမ်ဝေ့က ယခင် သူနှင့် သူမကြားတွင် ခံစားမိသည့် ကံကြမ္မာကြိုးမျှင်ကို စဉ်းစားမိကာ ပြန်ဖြေလိုက်သည်။ သူက သတင်းအချက်အလက် များများ မရရှိသည်မှာ နှမြောစရာကောင်းလှ၏။
“ မိန်းကလေးရှု … ဆုံးရှုံးမှုအတွက် စိတ်မကောင်းပါဘူး”
“ ရှင်ကလား” ရှုရှစ်က ပြန်မေးလိုက်သည်။
“ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ စကားကောင်းကောင်းပြောလိုက်ရလို့ ဘာမှဆုံးရှုံးတာ မရှိဘူးလေ။ ဘာလို့ မပြောဘဲ နေရမှာလဲ”
ရှုရှစ်က မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှပြန်မပြောပေ။
“ ကျွန်မက ရိုင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင်တို့တွေ တဲ့တိုးပြောလို့ရမလား” ကျင်းဝူဟွားက ပြောလိုက်သည် “ ကျွန်မက ရှင်တို့ လူသားတွေရဲ့ လောကဝတ်တွေအကြောင်းကို မကြိုက်ဘူး”
“ အဲလိုဆိုလည်း ထားလိုက်ပါ” ဝမ်ဝေ့က သူမ၏ စကားများကို စိတ်ထဲမထားပေ။
“ ဒုတိယအသုတ် မတိုင်ခင် သဘောတူညီချက်လေး လုပ်ချင်လို့။ ကျုပ်တို့တွေ တစ်ယောက် သတင်းကို တစ်ယောက် မရောင်းဖို့ပဲ”
လူငါးယောက်က ထိုစကားများ၏ အရေးပါပုံကို စဉ်းစားလိုက်မိကြသည်။ ပြိုင်ပွဲအတွင်း သတင်းအချက်အလက်က အဖိုးတန်လာလိမ့်မည်။ လူများစွာက တခြားကမ္ဘာ့အသိုက်အဝန်းမှ ကောင်းကင်ရွေးချယ်ခံများ၏ သတင်းအချက်အလက်ကို တတ်နိုင်သမျှ များများစုစည်းကြလိမ့်မည်။
အများဆုံးရရှိနိုင်သည့် သတင်းအချက်အလက်က သူတို့၏ကမ္ဘာမှ လူများထံ ဆက်သွယ်ကာ သတင်းအချက်အလက် လဲလှယ်ခြင်း ဖြစ်၏။ သို့မဟုတ် တန်ကြေးမြင့်မြင့်ဖြင့် ရောင်းချခြင်း ဖြစ်သည်။ သို့သော်လည်း ဤသဘောတူညီချက်က နယ်ခြားကျင့်ကြံသူများအတွက် သူတို့၏ သတင်းအချက်အလက်ကို ရယူဖို့ ပိုမိုခက်ခဲအောင် ပြုလုပ်ထားသည်။
“ ကျွန်မ သဘောတူတယ်” ထုံရို့ပင်းက ပြောလိုက်သည်။ ကျန်သူများကလည်း လိုက်ပြောလိုက်ကြ၏။ ထိုသူများထဲတွင် တိတ်ဆိတ်နေသည့် ဖုန်းဟွမ်နှင့် ရှုရှစ်လည်း အပါအဝင် ဖြစ်သည်။ ဘာမှမပြောသည့်သူမှာ ကျင်းဝူဟွား တစ်ယောက်သာ ဖြစ်၏။
သူမက မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။
ထိုသဘောတူညီချက်က သူမအတွက် အကျိုးမရှိပေ။ ပြောရလျှင် သူမကို ပစ်မှတ်ထားသည်ဟု ဆိုနိုင်ပေသည်။ ကျင်းဝူဟွားက ဤမျိုးဆက် စတင်ကတည်းက တစ်ခါမှ ထွက်ပေါ်မလာဖူးသည့်အတွက် သူမအကြောင်း သတင်းအချက်အလက်က အနည်းဆုံးဖြစ်သောကြောင့် အသုံးမဝင်လောက်ဘူးဟု ဆိုနိုင်လေသည်။ သူမက ဧကရာဇ်သွေးမျိုးဆက် ဖြစ်၏။ သူမက ထိုလူများ၏ သတင်းအချက်အလက်ကို မရောင်းချနိုင်သောကြောင့် ထိုသဘောတူညီချက်သည် နစ်နာမှုရှိ၏။ ပြဿနာက သူမကသာ ငြင်းပယ်လျှင် သူတို့က အတူတကွပေါင်းစည်းကာ သူမအား ဖိနှိပ်ကြလိမ့်မည်။
သူမက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဝမ်ဝေ့အားကြည့်ကာ ပြောလိုက်သည် “ ကျွန်မ သဘောတူတယ်”
“ ကောင်းပြီ။ ခင်ဗျားတို့ဆီကို စာချုပ် ပို့ပေးလိုက်မယ်”
ဝမ်ဝေ့က သူ လိုအပ်သည့်စာချုပ်ကို ဖန်တီးစဉ် ဝိညာဉ်စာချုပ်နှင့် မဟာတာအိုကျမ်းသစ္စာအထိ ပါဝင်လေသည်။ ထိုအရာက လူတစ်ယောက်၏ ကျမ်းသစ္စာ သို့မဟုတ် ကောင်းကင်တာအို၏ ကျမ်းသစ္စာထက်ပင် ပိုမိုတင်းကြပ်လေသည်။ ထိုအရာကို မလိုက်နာသည့် သူတိုင်းက ဆိုးဆိုးရွားရွား တန်ပြန်သက်ရောက်မှုကို ခံစားရမည် ဖြစ်၏။ သူက သတင်းအချက်အလက်ကို မရောင်းချနိုင်ကြောင်း ပြောသော်လည်း သူတို့အနီးအနားရှိလူများက ရောင်းချနိုင်သောကြောင့် ဟာကွက် မရှိအောင်၊ သေချာအောင် လုပ်လိုက်သည်။
သူက ဧကရာဇ်သွေးမျိုးဆက်သည် ထိုသို့စာချုပ်မျိုးကို ခုခံနိုင်ချေရှိသည်လားဟု မသိသည့်အတွက် သတိကြီးကြီး ထားထားသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဤနည်းလမ်းသည် တခြားသူများအား သူတို့အကြောင်း ရယူမည့်အရေးကို လုံးဝကာကွယ်တားဆီးပေးထားနိုင်မည် မဟုတ်ကြောင်း နားလည်လေ၏။ ကျင့်ကြံသူများက သတင်းအချက်အလက်ကို ရယူဖို့ တခြားသော စုံစမ်းရေး နည်းစနစ်များကိုလည်း အသုံးပြုနိုင်သည်။
အားလုံးက သဘောတူညီကြောင်း လက်မှတ်ထိုးပြီးသည့်နောက်တွင် ဆက်သွယ်ရေး အဆောင်ကို ဖြတ်တောက်လိုက်ကြသည်။ ဝမ်ဝေ့က အရိပ်(၂)ကို စုံစမ်းဖို့ စေလွှတ်လိုက်၏။ ယခုက သူက အချိန်ရလာပြီဖြစ်၍ အဖွဲ့လိုက်စကားပြောခန်းကို စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
***