အကြွေးပြန်ဆပ်ခြင်း
Vol. 38 Ch. 528
အရူးဘုရင် “ ငါက ချီသွေးကြောဖွင့်လှစ်ခြင်းအဆင့် (အဆင့်၃)ကို ရောက်သွားပြီးတော့ အနည်းဆုံး ဂိုဏ်းငယ် ဆယ်ခုကို ဖျက်ဆီးနိုင်ခဲ့တယ်။ တကယ်ကို နေ့ရက်ကောင်းပဲ”
ပညာရှင် “ ခင်ဗျားက ဂိုဏ်းတွေ ဘယ်လောက်တောင် ဖျက်ဆီးခဲ့တာလဲ။ ခင်ဗျားလက်ထဲက အသက်တွေအတွက် အပြစ်ရှိစိတ် မခံစားမိဘူးလား”
အရူးဘုရင် “ အပြစ်ရှိစိတ် အဲဒါက ဘာလဲ။ ဘာပဲဖြစ်ဖြစ် ငါက အဲဒီလူတွေရဲ့ သွေးအသားနဲ့ ဝိညာဉ်ကို ကံအမှတ်လဲလှယ်ဖို့ စုပ်ယူမှာပဲလေ။ အခု ငါက သုံးနိုင်မဲ့ ဝင်ငွေတစ်ခု ရှိနေပြီ”
ပညာရှင် “ ခင်ဗျားလိုလူတွေကို စွမ်းအားပေးလိုက်တာက အမှားကြီးမှားနေတယ်လို့ ထင်နေတုန်းပဲ”
သမားတော် “ ငါလည်း အဲဒီစကားကို သဘောတူတယ်”
အရူးဘုရင် “ မင်းတို့က ကျင့်ကြံရေးလောကရဲ့ ထိပ်ဆုံးကို ရောက်ဖို့ လိုတာ မရှိဘူးလေ။ မင်းတို့က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ တစ်နေဦးမယ်ဆိုတာ သေချာတယ်။ မင်းတို့က ကျင့်ကြံရေးအတွက် ဘာမှလုပ်မှာ မဟုတ်ဘူး”
သမားတော် “ ခင်ဗျားကို ပြန်ပြောရရင် ကျုပ်ကတော့ အစစ်အမှန်ယွမ်အဆင့် (အဆင့်နှစ်) အထွတ်အထိပ်ကို ရောက်နေပြီ။ ချီသွေးကြောဖွင့်လှစ်ခြင်းအဆင့်ကို ရောက်တော့မယ်”
ပညာရှင် “ ကျုပ်က အလယ်အလတ် ချီသွေးကြောဖွင့်အဆင့်ကို ရောက်နေပြီ”
အရူးဘုရင် “ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းတို့က ဘာလို့အဲ့လောက်မြန်နေရတာလဲ”
ပညာရှင် “ ကျင့်ကြံဖို့က ခင်ဗျားတစ်ယောက်တည်း ကံကောင်းနေတာ မဟုတ်ဘူး”
အရူးဘုရင် “ မင်းက တိုင်းပြည်ရဲ့ ဘုရင် ဖြစ်လာတာလား။ မဟုတ်သေးဘူး မင်းရဲ့ သဘောထားနဲ့ဆိုရင် အုပ်ချုပ်ရေးလမ်းစဉ်က မသင့်တော်ဘူး။ မင်းက ကံကြမ္မာတိုင်းပြည်ရဲ့ အမတ်ချုပ် ဖြစ်လာတာလား”
ပညာရှင် “ ခင်ဗျားရဲ့ ဂုဏ်ပုဒ်ကလွဲပြီး ခင်ဗျားက အတော်လေးတော့ ဉာဏ်ရှိသား”
အရူးဘုရင် “ ရိုင်းစိုင်းတဲ့ ကောင်စုတ်လေးပဲ။ ဘာပဲဖြစ်ဖြစ် သမားတော် ခင်ဗျားရဲ့ ကျင့်ကြံဆင့်က ဘယ်လိုလုပ်မြန်နေရတာလဲ”
သမားတော် “ ကျုပ်လည်း မသိဘူး။ ပါရမီ နေမှာပေါ့”
အရူးဘုရင် “ အာ ကျုပ်တို့ကြားမှာ ဘယ်သူက ပါရမီမရှိဘဲ နေလို့လဲ။ မဟုတ်ရင် ဒီနေရာကို ရောက်လာမှာတောင် မဟုတ်ဘူး”
သမားတော် “ ဒီလိုဆိုရင် ကျုပ်လည်း မသိဘူး”
အရူးဘုရင် “ ကျုပ်ကို ခဏအချိန်ပေး”
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင်
အရူးဘုရင် “ ခင်ဗျားက ယုံကြည်မှုစွမ်းအားကို သုံးခဲ့တာကိုး”
သမားတော် “ ဘာကိုပြောချင်တာလဲ”
အရူးဘုရင် “ ခင်ဗျားက လူနာကို ကုသပေးပြီးတော့ သူတို့ရဲ့ စိတ်လိုလက်ရ ကျေးဇူးတင်မှုကို ခံလိုက်တိုင်း သူတို့ရဲ့ စိတ်ခံစားချက်က ခင်ဗျားရဲ့ ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးနိုင်တဲ့ ယုံကြည်မှုစွမ်းအားအဖြစ် ပြောင်းလဲသွားတယ်။ အဲဒါကြောင့် ခင်ဗျားက ကျင့်ကြံရေး မြန်ဆန်နေတာပဲ”
သမားတော် “ အတော်လေး အံ့ဩဖို့ကောင်းသားပဲ။ ခဏ ခင်ဗျားက ဘယ်လိုလုပ် ဒါတွေကို သိတာလဲ”
အရူးဘုရင် “ ကျုပ်က ရှာဖွေရေးလုပ်ငန်းစဉ်ကို အသုံးပြုလိုက်တာလေ”
ပညာရှင် “ ကျေးဇူးပြုပြီး ပြောပြပေးပါဦး”
အရူးဘုရင် “ ခင်ဗျားတို့တွေ အခုထိ မသိသေးဘူးလား။ တကယ်လို့ တစ်ခုခုသိချင်တယ်ဆိုရင် ရှာဖွေရေးလုပ်ငန်းစဉ်ကို အသုံးပြုလိုက်ရုံပဲ။ အဲဒီအဖြေရဲ့ တန်ကြေးနဲ့အတူ အဖြေ ထွက်လာလိမ့်မယ်”
လုပ်ကြံသတ်ဖြတ်သူ “ အရူးဘုရင်… ရှင် ချမ်းသာလား”
အရူးဘုရင် “ မင်းတို့နဲ့ ယှဉ်ရင်တော့ ငါက ချမ်းသာတာပေါ့”
လုပ်ကြံသတ်ဖြတ်သူ “ အဲဒါဆိုရင် ကျွန်မကို ကံအမှတ် ချေးလို့ရမလား”
အရူးဘုရင် “ မင်းက လိုချင်တာကို ချေးပြီးတော့ ဝယ်လို့ရတယ် မဟုတ်ဘူးလား”
လုပ်ကြံသတ်ဖြတ်သူ “ ကျွန်မ ကြိုးစားကြည့်ပြီးပြီ။ ဒါပေမဲ့ ကျွန်မက ကျင့်စဉ်ကနေ အကြွေးနက်နေတယ်ဆိုပြီးတော့ ထပ်ပြီးတော့ မချေးဘူးလို့ပြောတယ်”
အရူးဘုရင် “ မင်းက ဘာဝယ်ချင်တာလဲ။ ဘာကြောင့်ဝယ်ချင်တာလဲ။ အမှန်အတိုင်းပြောပြ”
လုပ်ကြံသတ်ဖြတ်သူ “ ကောင်းပြီ။ ကျွန်မက မိဘမဲ့ကလေးတွေကို ငယ်ငယ်လေးကတည်းက လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့ ခေါ်လေ့ကျင့်ပေးခဲ့တဲ့ အဖွဲ့အစည်းကပဲ။ ဒီကျင့်စဉ်နဲ့ အစစ်အမှန်ယွမ်အဆင့်ကို ရောက်ပြီးတဲ့နောက်မှာ သူတို့လုပ်ခဲ့တာတွေအတွက် ကျွန်မ သူတို့အားလုံးကို သတ်ပစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ သိလိုက်ရတာက ဒါက ကျင့်ကြံရေးလောက ထိပ်တန်းအင်အားစုတစ်ခုရဲ့ သေမျိုးအဖွဲ့ခွဲအပြင် ဘာမှမပိုဘူး။ အဲဒါကြောင့် အဲဒီအဖွဲ့ကို ဖျက်ဆီးပစ်ဖို့ အဆင့် (၉)အဆောင်ကို ဝယ်ဖို့လိုတယ်”
နန်းတော်အတွင်း အရူးဘုရင်က ရွှေရောင်နဂါးပလ္လင်တွင် မျက်လုံးမှိတ်လျက် ထိုင်နေသည်။ သူက လုပ်ကြံသတ်ဖြတ်သူသည် အဆင့်(၉) အဆောင်အရင်းအမြစ်ကို ဝယ်လိုကြောင်း ကြားပြီးသည့်နောက်တွင် တုံ့ဆိုင်းသွားမိ၏။ သူ သတ်ဖြတ်ထားသည့် ဂိုဏ်းများဖြင့်ပင် သူက ကံအမှတ်ကို အဆင့်(၆) အရင်းအမြစ်များဖြင့်သာ လဲလှယ်နိုင်ရုံမျှ ဖြစ်၏။ သူက သူမအား မည်သို့ ချေးငှားနိုင်မည်နည်း။
ထို့အပြင် သူမက ထိုသို့အဆင့်မြင့် အရင်းအမြစ်များကို အဘယ်ကြောင့် လိုအပ်နေသနည်း။ သူမအနေဖြင့် အဖွဲ့လိုက်စကားပြောခန်းတွင် သတိမထားမိအောင် လုပ်နိုင်မည့် နည်းလမ်းများစွာ ရှိလေသည်။ ထို့ကြောင့် လုပ်ကြံသတ်ဖြတ်သူပြောသည့် ကိစ္စများက မရိုးရှင်းပေ။
မည်သို့ပင်ဆိုစေကာမူ အရူးဘုရင်က ကိစ္စတစ်ခုကို တွေးကြည့်ပြီးမိလိုက်သည်။ သူ ကျင့်ကြံနေသည့် ကျင့်စဉ်က အတော်လေးကို အားကောင်းလှသည်။ သူ ဖျက်ဆီးခဲ့သည့် ဂိုဏ်းငယ်တစ်ခုအတွင်း သူက အားကောင်းသည့် ဂိုဏ်းကြီးတစ်ခု၏ အပိုင်ဖြစ်သည့် မပြီးပြည့်စုံသည့် ကျင့်စဉ်တစ်ခုကို ပြန်လည်ရှာတွေ့ခဲ့သည်။
ထိုဂိုဏ်းက ဤကမ္ဘာတစ်ခုလုံးတွင် အားအကောင်းဆုံး အင်အားစုတစ်ခု ဖြစ်၏။ အရူးဘုရင်က ထိုကျင့်စဉ်နှင့် သူကျင့်ကြံသည့် ကျင့်စဉ်ကို ယှဉ်ကြည့်လိုက်သည့်အခါ ခွေးချေးများသာဟု ပြောရလိမ့်မည်။ ထိုကျင့်စဉ်က အဆင့်နှစ်ခုသာ ပါဝင်သော်လည်း သူက ကွာခြားချက်ကို မြင်နိုင်သေး၏။
ထို့ကြောင့် သူက အတွေးတစ်ခု ရလာမိသည်။
အရူးဘုရင် “ မင်းကို ငါ့အမှတ်တွေ ချေးပေးနိုင်တယ်။ ဒါပေမဲ့ တောင်းဆိုချက် တစ်ခုတော့ ရှိတယ်”
လုပ်ကြံသတ်ဖြတ်သူ “ ကျေးဇူးပြုပြီးပြောပါ”
အရူးဘုရင် “ အရင်ဦးဆုံး ငါ ချေးထားတာထက် ငါးဆပြန်လိုချင်တယ်”
လုပ်ကြံသတ်ဖြတ်သူ “ ကောင်းပြီ”
လုပ်ကြံသတ်ဖြတ်သူက အရူးဘုရင်သည် ထပ်မံ တောင်းဆိုလိမ့်မည်ဟု တွေးထားခဲ့မိပြီး အခွင့်ကောင်းယူခံရဖို့ပင် ပြင်ဆင်ထားခဲ့သည်။
အရူးဘုရင် “ ဒုတိယအနေနဲ့ မင်းက ငါ့အတွက် လုပ်ကြံသတ်ဖြတ်သူအဖွဲ့ကို လေ့ကျင့်ပေးစေချင်တယ်။ သူတို့က ငါတစ်ယောက်တည်းရဲ့ အမိန့်ကိုပဲ နာခံရမယ်။ လိုအပ်တဲ့အခါ မင်းသူတို့ကို ထိန်းချုပ်ဖို့ လျှို့ဝှက်နည်းလမ်းတွေ မချန်ထားနဲ့”
လုပ်ကြံသတ်ဖြတ်သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက်တွင် အရူးဘုရင်၏ တောင်းဆိုချက်က သူမ၏ ကျင့်ကြံရေးနည်းစနစ်အပေါ် အခွင့်ကောင်းယူထားကြောင်း သဘောပေါက်သွားသည်။ သူ့လိုမျိုး သူမက မည်မျှ ထူးခြားကြောင်း သိခဲ့ရသည်။ ထိုမတိုင်ခင် သူမက သိုင်းပညာနယ်ပယ်အဆင့် (အဆင့်၄)သို့ ရောက်ပြီးသည့်နောက်တွင် နောက်တစ်ခု ပြောင်းလဲဖို့ စီစဉ်ထားခဲ့သည်။
ထိုကျင့်စဉ်ဖြင့် သူမက အရိပ်နှင့် လေဟာနယ်အသိကို နားလည်လာလိမ့်မည်။ သူမ လုပ်ဖို့လိုအပ်သည်က ထိုကျင့်စဉ်နှင့် လိုက်ဖက်သည့် တခြားကောင်းမွန်သည့်ကျင့်စဉ်ကို ပြောင်းဖို့ဖြစ်၏။
ကံဆိုးစွာဖြင့် သူမက အဆင့်(၄)နှင့် အဆင့်(၅)ဂိုဏ်းများမှ ကျင့်စဉ်တချို့ကို ခိုးယူပြီးသည့်နောက်တွင်ပင် ထိုကျင့်စဉ်များက မည်မျှ ဆိုးရွားနေကြောင်း သဘောပေါက်သွားသည်။ အထူးသဖြင့် သူမ ကျင့်ကြံနေသည့်အရာနှင့် ယှဉ်လိုက်သည့်အခါတွင် ဖြစ်၏။ သူမက အဆင့်(၉)ဂိုဏ်း၏ ကျင့်စဉ်ကို မမြင်ဖူးသေးသော်လည်း သူတို့က သူမ၏ ကျင့်စဉ်လောက် ကောင်းလိမ့်မည်ဟု မထင်ပေ။
လုပ်ကြံသတ်ဖြတ်သူ “ ရှင့်တောင်းဆိုချက်ကို သဘောတူတယ်။ ဒါပေမဲ့ ရှင့်လူတွေကို ဘယ်လိုလေ့ကျင့်ပေးရမှာလဲ”
အရူးဘုရင် “ ငါ စောစောကပဲ ပြောတယ်လေ။ မင်းတို့တွေ ရှာဖွေရေးလုပ်ငန်းစဉ်ကို မကြာမကြာ အသုံးပြုသင့်တယ်။ ငါတို့တွေက တခြားကမ္ဘာတစ်ခုကို ကူးသန်းရေးအစီအရင်ကနေ သွားလာနိုင်တယ်။ ပြဿနာတစ်ခုက တန်ကြေးမြင့်မားနေတာပဲ။
ဒါပေမဲ့ လေဟာနယ်သင်္ဘောလိုမျိုး ဈေးနည်းတဲ့ အရာတွေလည်း ရွေးချယ်စရာ ရှိသေးတယ်။ ဒါပေမဲ့ ကမ္ဘာကြားမှာ သွားလာဖို့ အချိန်တော့ ယူရလိမ့်မယ်။ ဒါပေမဲ့ ခရီးကို မြန်စေချင်ရင် အပိုထပ်ပေးနိုင်တယ်။”
တခြားလူလေးယောက်က ထိုသတင်းကို ကြားပြီးသည့်နောက်တွင် အလေးအနက် ဖြစ်လာကြသည်။ ထိုသတင်းအချက်အလက်က အဖွဲ့တစ်ခုလုံးအား ပြောင်းလဲသွားစေ၏။
လုပ်ကြံသတ်ဖြတ်သူ “ သိရတာ ကောင်းတယ်။ တခြားတစ်ယောက်ယောက်ကများ ကျွန်မကို ပိုက်ဆံချေးနိုင်သေးလား”
မည်သူကမှ သူမအား ပြန်မဖြေကြပေ။
လုပ်ကြံသတ်ဖြတ်သူ “ ရှင်တို့ကို နဂိုချေးတဲ့ ပမာဏထက် သုံးဆပြန်ပေးမယ်”
အခုထိတိုင် အဖြေမရသေးပေ။
လုပ်ကြံသတ်ဖြတ်သူ “ ရှင်တို့က ဉာဏ်ကောင်းတယ်လို့ ထင်ထားမိတာ။ အရူးဘုရင်တစ်ယောက်ထဲ ဒီမှာ ဉာဏ်ရှိတဲ့သူ ဖြစ်နေတာကို”
ပညာရှင် “ မင်းက ဘာပြောချင်တာလဲ”
လုပ်ကြံသတ်ဖြတ်သူ “ ကျွန်မက အဆင့် (၉)ဂိုဏ်းကို ဖျက်ဆီးပြီးတဲ့နောက်မှာ သူတို့ရဲ့ အရင်းအမြစ်တွေကို ရလာမှာပဲ။ အဲဒါဆိုရင် ကံအမှတ်က လစ်ဟာနေမှာ မဟုတ်တော့ဘူး။ အဲဒါကြောင့် ရှင်တို့ကို အကြွေးပြန်ဆပ်ဖို့ စိတ်ပူနေစရာ မလိုဘူး”
ပညာရှင် “…”
သမားတော် “ … ”
အရူးဘုရင် “ သူမက အဆင့်(၉)ဂိုဏ်းကို ဖျက်ဆီးပြီးသွားရင် ကံအမှတ်တချို့တောင် ပြန်ချေးနိုင်ဦးမယ်။”
လုပ်ကြံသတ်ဖြတ်သူ “ အတိအကျပဲ။ ပြီးတော့ ပညာရှင် … ရှင့်အတွက် လုပ်ကြံသတ်ဖြတ်သူတချို့ လေ့ကျင့်ပေးဖို့မလိုတာ သေချာရဲ့လား”
ပညာရှင် “ ကောင်းပြီ။ မင်းကို ပိုက်ဆံချေးမယ်။ မင်း ကတိကို မမေ့နဲ့”
ပညာရှင်က သူ့ကိုယ်သူ တော်ဝင်အမတ်ဟု ယူဆထားသော်လည်း အုပ်ချုပ်ရေးလမ်းစဉ်က ရှုပ်ထွေးကြောင်း နားလည်ထားလေသည်။ ထို့ကြောင့် သူ့လက်အောက်တွင် လျှို့ဝှက်အင်အားစုတစ်ခု မွေးမြူထားသည်မှာ ဘာမှမမှားယွင်းပေ။
သမားတော် “ ငါရောပဲ”
သမားတော်က သူ့အပြုအမူသည် လူများစွာ၏ သေခြင်းတရားကို ဖြစ်စေနိုင်သောကြောင့် အနည်းငယ် အပြစ်ရှိစိတ် ခံစားနေရသည်။ သို့သော်လည်း သူက တခြားကမ္ဘာတစ်ခုမှတစ်ခုသို့ သွားလာနိုင်ကြောင်း သင်ယူပြီးသည့်နောက်တွင် အလျင်လိုလာမိ၏။ သူက သူ့ကမ္ဘာအား ထိုလူများ၏ ကျူးကျော်မှုမှ ကာကွယ်နိုင်ဖို့ရာ အားကောင်းဖို့ လိုအပ်နေသည်။ အထူးသဖြင့် အရူးဘုရင်ဆီမှ ဖြစ်၏။
ထို့ကြောင့် သူက ထိုလူများကို သတ်သည်မှာ သူ မဟုတ်ကြောင်း ကိုယ့်ဘာသာ အယုံသွင်းလိုက်သည်။ သူတို့၏ သေဆုံးမှုကံကြွေးက သူ့ခေါင်းပေါ် မကျသင့်ပေ။
သားသတ်သမား “ ငါက အခုမှရောက်လာတာ။ မင်းတို့ရဲ့စကားဝိုင်းကို တွေ့တော့ ငါလည်း မင်းကို ချေးနိုင်တယ်”
ထို့နောက် အဖွဲ့က လုပ်ကြံသတ်ဖြတ်သူဆီ ကံအမှတ်များ ချေးလိုက်ကြပြီး အဖွဲ့လိုက် စကားဝိုင်းအား အာမခံချက်အနေဖြင့် အသုံးပြုလိုက်သည်။
ထိုမြေအောက်ဂူထဲတွင် တင်ပျဉ်ခွေကာ ထိုင်နေသည့် သူမက လက်ထဲတွင် အဆောင်ကိုင်ကာ မျက်လုံးပွင့်လာ၏။
“ နောက်ဆုံးတော့ ငါ ရလာပြီ” သူမက ရေရွတ်လိုက်သည်။ အခြားသူများ၏ အမှတ်ဖြင့် (အထူးသဖြင့် အရူးဘုရင်၏ အမှတ်နှင့်) သူမ၏ စုဆောင်းမှုတို့ဖြင့် နောက်ဆုံးတွင် ထိုအဆောင်ကို ဝယ်နိုင်လေပြီ။
ငါ့သုံးသပ်ချက်အရ ကံကောင်းမှုကို ခိုးယူတဲ့ တန်ပြန်သက်ရောက်မှုက ဒီသတ်ဖြတ်ရေးကျောင်းဆောင်ဆီကနေ ရောက်လာဖို့များတယ်။ ကြည့်ရတာ ငါ့အပြုအမူတွေကို သိပြီးတော့ ဖြစ်လောက်တယ်။ တကယ်လို့ ငါက သူတို့တွေ ငါ့တန်ပြန်သက်ရောက်မှု ဖြစ်မလာခင် ဖျက်ဆီးနိုင်ခဲ့ရင် ဘယ်လိုဖြစ်သွားမှာလဲ…
တန်ပြန်သက်ရောက်မှုက ပျောက်ဆုံးသွားမည် ဖြစ်နိုင်သလို နှောင့်နှေးသွားလိမ့်မည်။ အကယ်၍ အလုပ် မဖြစ်လျှင်ပင် သတ်ဖြတ်ရေးကျောင်းဆောင်တွင် ပင်ကိုရတနာတချို့တော့ ရှိနေလိမ့်မည်။
“ ဖော်ပြချက်အတိုင်း အားကောင်းဖို့ပဲ မျှော်လင့်ပါတယ်” လုပ်ကြံသတ်ဖြတ်သူက ထိုနေရာမှ ထွက်လာကာ ရေရွတ်လိုက်သည်။
ထိုစဉ် ဝမ်ဝေ့က သူတို့၏ စကားဝိုင်းကို ကြည့်နေသည်။ ထိုလူများ လဲလှယ်သည့်အရာ အများစုက အဆင့်တစ်နှင့် အဆင့်လေးကြားဖြစ်ကာ အသုံးမဝင်သည့်ပစ္စည်းများသာ ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က သူတို့လဲလှယ်သည့် သက်တမ်းနှင့် ကံကောင်းမှုကိုမူ တန်ဖိုးထားသည်။
ထိုလူများက တစ်စုံတစ်ယောက်၏ ကံကောင်းမှုကို ခိုးယူသည့်အချိန်တိုင်း ၂၀ရာခိုင်နှုန်းက သူ့ဆီ ရောက်လာလိမ့်မည်။ ထို့အပြင် လုပ်ကြံသတ်ဖြတ်သူ၊ အရူးဘုရင်နှင့် သားသတ်သမားကဲ့သို့ လူများက သူတို့ပစ်မှတ်၏ သွေးအသား၊ ဝိညာဉ်နှင့် သက်တမ်းကိုပင် စုပ်ယူကြသည်။
ဝမ်ဝေ့က သူ့နားလည်နိုင်စွမ်းကို တိုးမြှင့်ဖို့ ကံကောင်းမှုနှင့် သက်တမ်းကို လိုအပ်နေ၏။ ပြောရလျှင် သူက တိထျန်း၏ ရွှေရောင်စည်းမျဉ်းသစ်ပင်ကို အမှီလိုက်ဖို့ လမ်းကြောင်းရှည်ကြီး လိုအပ်နေသေးသည်။
စာရင်းကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူက လုပ်ကြံသတ်ဖြတ်သူအပေါ် အာရုံစိုက်ထားလိုက်သည်။ သူမက တုံ့ဆိုင်းခြင်း မရှိဘဲ သတ်ဖြတ်ရေးကျောင်းဆောင် တည်ရှိသည့်နေရာသို့ ကူးသန်းသွားကာ အဆောင်ကို အသက်သွင်းလိုက်သည်။ ထို့နောက် ကောင်းကင်မှ ဧရာမလက်ကြီး ဆင်းသက်လာ၏။
အစစ်အမှန်ကမ္ဘာအဆင့် (အဆင့်၉) သိုင်းပညာရှင်များလည်း ဝေဟင်အထက် ပေါ်ထွက်လာကာ သူတို့၏ ကိုယ်ပိုင်ကမ္ဘာဖြင့် ထိုလက်ကြီးအား တားဆီးထားကြသည်။ ကံဆိုးစွာဖြင့် ထိုအဆောင်တွင် ဝမ်ဝေ့၏ အင်အား ၅၀ ရာခိုင်နှုန်း ပါဝင်နေ၏။
ထို့ကြောင့် ထိုလက်ကြီးက ထိုကမ္ဘာများအား တုံ့ဆိုင်းခြင်းမရှိ ဖျက်ဆီးပစ်လိုက်သည်။
ဘန်း
ကြီးကျယ်ခမ်းနားလှသည့် ကျောင်းဆောင်ကြီးက တုန်လှုပ်သွားပြီး ပျက်စီးသွားလေသည်။ တပည့်များ၊ အကြီးအကဲများ၊ တာဝန်ခံများနှင့် ဂိုဏ်းချုပ်ပင်မကျန် သေဆုံးသွားလေ၏။ ထူးဆန်းသည်က သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အကောင်းအတိုင်း သေဆုံးသွားကြသောကြောင့် အကျိုးအကြောင်းမရှိ သေဆုံးသွားသလိုမျိုး ဖြစ်နေသည်။
လုပ်ကြံသတ်ဖြတ်သူက ထိုလူများကို အကောင်းအတိုင်း မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ ကျင့်ကြံဆင့်ဖြင့် ထိုလူများနှင့် ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေသည်ကို နားမလည်နိုင်ပေ။ ထို့ကြောင့် သူမက ရှာဖွေရေးလုပ်ငန်းစဉ်ကို သွားရောက်လုပ်ဆောင်လိုက်၏။
ထို့နောက် သူမက ထိုလူများ၏ ခန္ဓာကိုယ်ကို အကောင်းအတိုင်း ထားပေးသည်မှာ သူမအား သူတို့၏ ကံကောင်းမှုကို စုပ်ယူပြီး သူတို့၏ ခန္ဓာကိုယ်နှင့် သက်တမ်းကို အသုံးပြုနိုင်ရန် ဖြစ်သည်။ ထို့အပြင် သူမက တိုက်ခိုက်မှုသည် ကျောင်းဆောင်ရှိ အရင်းအမြစ်ခန်းမကို အကောင်းအတိုင်း ချန်ထားပေးခဲ့ကြောင်း သတိထားမိလိုက်သည်။
လုပ်ကြံသတ်ဖြတ်သူက သူမစိတ်အတွင်း သတ်ဖြတ်ရေးကျောင်းဆောင်တွင် မရှိသည့်သူများအား ရှင်းထုတ်ပစ်လိုလားဟု မေးခဲ့သည်။
ထို့နောက် သူမက အမှားကို သဘောပေါက်သွား၏။ သတ်ဖြတ်ရေးကျောင်းဆောင်က ကမ္ဘာအနှံ့ အဖွဲ့ခွဲများစွာ ရှိလေသည်။ ထိုအဖွဲ့များတွင် အဆင့်(၉)အင်အားစု ပုဂ္ဂိုလ်များ ရှိ၏။
သူတို့က သူမသည် သူတို့ဂိုဏ်းကို ဖျက်ဆီးပစ်ကြောင်း သိသွားသည့်အခါ သူတို့အား ကမ္ဘာအဆုံးအထိ အမဲလိုက်ကြလိမ့်မည်။
ဒါက ငါ့ရဲ့ ကံကောင်းမှု တန်ပြန်သက်ရောက်မှုများလား…
ထို့ကြောင့် သူမက စကားဝိုင်းကို ဆက်သွယ်ကာ သဘောတူလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို လုပ်ကြံသတ်ဖြတ်သူက သူမသည် အားကောင်းသည့် သက်ရှိတစ်ယောက်နှင့် ဆက်နွယ်သွားသလို ခံစားလိုက်ရမိလိုက်၏။
ကံကြမ္မာအရှင်…
သူမ၏ အကြည့်က ရုတ်ချည်းဆိုသလို ပြောင်းလဲသွားပြီး ဖျက်ဆီးခံထားရသည့် ကျောင်းဆောင်နှင့် ဆက်နွယ်နေသည့် အဝါရောင်ကြိုးမျှင်မြောက်များစွာကို မြင်လိုက်ရသည်။ သူမက ထိုကြိုးမျှင်များသည် သူမနှင့် ဆက်နွယ်နေသည်ကိုပါ မြင်လိုက်ရ၏။
ထို့နောက် မမြင်ရသည့်ဓားတစ်ခုက ထိုကြိုးမျှင်အားလုံးကို ဖြတ်တောက်ပစ်လိုက်ဟန်ပေါ်သည်။ လုပ်ကြံသတ်ဖြတ်သူက ကျောင်းဆောင်အဖွဲ့ခွဲ လုပ်ကြံသတ်ဖြတ်သူများ သေဆုံးသွားသော်လည်း ကမ္ဘာမှ ဖျောက်ဖျက်ခံလိုက်ရသလိုမျိုး ဖြစ်သွားသည်ကို သိလိုက်သည်။ ကံကြမ္မာအရှင်၏ စွမ်းအားက သူတို့၏ မှတ်ဉာဏ်နှင့် တည်ရှိမှုအကြောင်းကို ရှင်းထုတ်ပစ်လိုက်လေသည်။
သူမက ထိုမြင်ကွင်းကို တွေ့ကြုံလိုက်သည့်အခါ အားကျလာမိ၏။ ထို့နောက် သူမက အလျင်အမြန် ထိန်းချုပ်လိုက်သည်။ သူမက ဂိုဏ်း၏အရင်းအမြစ်ခန်းမအတွင်း ဝင်လိုက်သည့်အခါ သူမ၏ နဖူးအထက် အလင်းရောင်လေး ဝင်ရောက်လာ၏။
သူမက အစပိုင်းတွင် ကြောက်ရွံ့နေသော်လည်း ထိုအရာသည် ဂိုဏ်း၏ အဖိုးတန်အရင်းအမြစ်များ၏ သတင်းအချက်အလက်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူမ၏ ဦးတည်ချက် ရောက်သည့်အခါ လုပ်ကြံသတ်ဖြတ်သူက ယခင်တိုက်ကွက်သည် ကျောင်း၏ အစီအရင်ကို ဖျက်ဆီးပစ်ခဲ့ကြောင်း မအံ့ဩမိပေ။
သူမက တုံ့ဆိုင်းခြင်းမရှိ သီးသန့်နေရာသို့ ပြေးသွားလိုက်သည်။
ပင်ကိုရတနာနှစ်ခုလား။ ကြည့်ရတာ ငါက ကံကောင်းပုံပဲ…
သူမက အကြွေးပြန်ပေးဖို့ တစ်ခုသာ လိုသောကြောင့် ကျန်တစ်ခုကို ဘာလုပ်ရမည်ကို စဉ်းစားနေမိသည်။ သို့သော်လည်း လုပ်ကြံသတ်ဖြတ်သူက အလဲအလှယ်လုပ်ဖို့ မရွေးချယ်ခင် တုံ့ဆိုင်းနေခြင်း မရှိပေ။
ဒုတိယပင်ကိုရတနာဖြင့် သူမက ကံကြမ္မာရှင်အတွက် ကျင့်စဉ်နှင့် တန်ကြေးအတွက် ကံအမှတ်များကို ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီး မြောက်များစွာ ကျန်ရှိနေသေးသည့်အတွက် ချမ်းသာသည်ဟုပင် ယူဆလို့ရသည်။
ဝမ်ဝေ့က သူ့လက်ထဲမှ ပင်ကိုရတနာနှစ်ခုအား ကြည့်လိုက်သည်။ သူတို့က အဆင့်နိမ့်ဖြစ်သော်လည်း သူက စိတ်ထဲ မထားပေ။ သူက အကြွင်းမဲ့အဆင့် ပင်ကိုရတနာများဖြင့် ကွာခြားချက်တန်ဖိုးကို လိုက်ညှိကာ ဂိုဏ်းမှ လဲလှယ်နိုင်သည်။
သူ့ချီပန်းပွင့်မှ ထုတ်လုပ်နေသည့် ဟွင်သွမ်းချီ ကြိုးမျှင်က ထိုကွာခြားချက်အတွက် လုံလောက်ပေသည်။
“ ကြည့်ရတာ ငါ လိုအပ်တဲ့ အရင်းအမြစ်တွေရဖို့ မဟာကမ္ဘာထဲက ဂိုဏ်းတချို့ကို ဖျက်ဆီးပစ်ရမဲ့ပုံပဲ…” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထို့နောက်တွင် ခေါင်းခါလိုက်၏။ ခိုးယူခြင်းကသာ ပို၍ ကောင်းလေသည်။
သူ့စွမ်းရည်ဖြင့် ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်က ဘာမှမဟုတ်ပေ။ ထို့ကြောင့် သူတို့၏ အရင်းအမြစ်ခန်းမအတွင်း ခိုးဝင်ကာ သူလိုအပ်သည်ကို သိမ်းယူလိုက်မည်။ သူက စိတ်လွတ်လက်လွတ် သတ်ဖြတ်နေစရာ မလိုပေ။ သူက ကံဝဋ်ကြွေး သက်ရောက်မှု မခံရသော်လည်း သတ်ဖြတ်ရသည်ကို မလိုအပ်သရွေ့ မကြိုက်ပေ။
ထိုအတွေးပေါ်လာပြီးနောက် ဝမ်ဝေ့က လှုပ်ရှားလိုက်သည်။ ပထမဦးစွာ သူက ပင်ကိုရတနာနှစ်ခုအား ဂိုဏ်းမှ သူ့ကိုယ်ပွားဆီ ပေးပို့ကာ သူ လိုအပ်သည့် အရင်းအမြစ်များဖြင့် လဲလှယ်ခိုင်းလိုက်သည်။ ထို့နောက် လူဝင်စားများဆီ ပို့ဆောင်ခိုင်းလိုက်၏။
ထို့နောက် သူက ရုပ်သေးရုပ်တွင် ထည့်ထားသည့် စိတ်ဝိညာဉ်အမှုန်တစ်ခုအား ဝိညာဉ်ကွန်ယက်ကို အသုံးပြုပြီး ပင်ကိုရတနာရှိသည့် ကမ္ဘာများအား စတင်ရှာဖွေခိုင်းလိုက်သည်။
ဝမ်ဝေ့က ရုပ်သေးရုပ် အလုပ်လုပ်နေသည်ကို ကြည့်လိုက်ရင်း သက်ပြင်းချလိုက်၏။ သူက ဤနေရာသို့ ရောက်လာစဉ်ကတည်းက သူ့အလိုလိုသိစိတ်က လူဝင်စားအတွက် အရင်းအမြစ်များကို တတ်နိုင်သမျှ မြန်မြန် စုဆောင်းသင့်ကြောင်း ပြောနေလေသည်။
ထို့ကြောင့် သူက ရုတ်ချည်းဆိုသလို အလျင်လိုလာမိ၏။
ထို့နောက် သူက စကားဝိုင်းအပေါ် အာရုံစိုက်ထားလိုက်သည်။
“ ငါ့အတွက် ယုံကြည်မှု စုစည်းပေးမဲ့ တစ်ယောက်ယောက် လိုအပ်တယ်။ သမားတော်ရဲ့ နည်းလမ်းက အရမ်းကို နှေးကွေးလွန်းတယ်”
ထို့ကြောင့် ဝမ်ဝေ့က အဖွဲ့ဝင်ထပ်ပေါင်းဖို့ နောက်ထပ်လူတစ်ယောက်ကို ရှာဖို့ ဆုံးဖြတ်လိုက်သည်။ သူက မူလက အကောင့်အတုဖြင့် ထိုလူများကို ကံအမှတ်ရအောင် လှုံ့ဆော်ပေးချင်သော်လည်း လုပ်ကြံသတ်ဖြတ်သူ၏ အပြုအမူများက ထိုအကြံအစည်ကို အချည်းနှီး ဖြစ်သွားစေသည်။
ဝမ်ဝေ့က ထိုလူငါးယောက်နှင့် အခြေခံအားဖြင့် တူညီပြီး ကိုးကွယ်ခံလိုသည့် လူတစ်ယောက်ကို ရွေးချယ်ခဲ့သည်။
နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အလယ်အလတ်ကမ္ဘာမှ လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထို့နောက် အဖွဲ့သားများက သတင်းစကားတစ်ခု ရရှိလိုက်ကြသည်။
“ တင် … နတ်ဘုရားဖြစ်ချင်သူက စကားဝိုင်းကို ဝင်ရောက်လာပါတယ်”
***