← Chapters

ညစာစားပွဲ

Vol. 38 Ch. 532

ညစာစားပွဲ

Vol. 38 Ch. 532

ဝမ်ဝေ့က စဉ်းစားနေသည့် အမူအရာဖြင့် အိမ်သို့ ပြန်လာခဲ့လိုက်သည်။ စကားဝိုင်းဖြင့် သူသည် အဆုံးမဲ့လေဟာနယ်အတွင်း နည်းနည်းလေးမျှသာ သိထားကာ ပြောင်းလဲဖို့ လိုနေကြောင်း သဘောပေါက်လိုက်၏။ ထို့ကြောင့် အိမ်သို့ပြန်ရောက်ပြီးသည့်နောက်တွင် သူက ဘိုးဘေးဝမ်ဝူချန်အား ဆက်သွယ်ကာ ကုန်သွယ်ရေးဗဟိုချက်အကြောင်း မေးမြန်းခဲ့သည်။

“ အဲဒါလား။ မိစ္ဆာမျိုးနွယ်က အဲဒီခေတ်ကာလတုန်းက ဖျက်ဆီးပစ်လိုက်တယ်လို့ပဲ မှတ်မိတာ။ သူတို့က ပြန်ဆောက်ထားတာ ထင်တယ်”

“ အဲဒါဆိုတော့ ဂိုဏ်းက ယုံကြည်မှုခေတ်ကာလကတည်းက ဗဟိုချက်ရဲ့ အဖွဲ့ဝင် မဟုတ်တော့တာပေါ့”

“ အဲလိုပဲ”

“ မိစ္ဆာကပ်ဘေးပြီးတဲ့နောက်မှာ တစ်ယောက်ယောက်က အဖွဲ့ပြန်ဝင်ဖို့ မစဉ်းစားခဲ့ကြဘူးလား”

“ အဲဒီတုန်းက ငါတို့အများစုက သေသွားတာမျိုး ဒါမှမဟုတ် ဒဏ်ရာရသွားတာမျိုး ဖြစ်နေတာဆိုတော့ ဘယ်သူကမှ အဆုံးမဲ့လေဟာနယ်အကြောင်း ဂရုမစိုက်နိုင်ခဲ့ကြဘူး။”

“ အဲဒါဆို ပြန်လည်အားဖြည့်ပြီးတဲ့နောက်မှာရော”

“ အဲဒီအခါကျ ငါတို့က ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၊ ဧကရာဇ်ကိုးပါးကျိန်စာနဲ့ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကြောင့် စိုးရိမ်နေရတယ်။ အဲဒါကြောင့် ဒီလိုအရာကို တစ်ယောက်မှ ဂရုမစိုက်ခဲ့ကြဘူး”

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက နောင်အနာဂတ်တွင် မည်သည့်အရာကို အာရုံစိုက်ထားရမည်ကို သိလိုက်၏။

“ ဧကရာဇ်ကိုးပါးကျိန်စာဆိုမှ ဘာဖြစ်သွားတာလဲ။ ကျွန်တော် အဲဒီစွမ်းအားကို မခံစားမိတော့ဘူး။”

“ မင်း တုယီနယ်ပယ်အဆင့်ဝင်တုန်းက ကောင်းကင်တာအိုက ကျိန်စာစွမ်းအား အများစုကို ဖယ်ရှားပေးခဲ့တယ်။ မင်း တားမြစ်ခံ ဖြစ်လာပြီးတဲ့နောက်မှာ လွှမ်းမိုးမှုအားလုံးကို ဖယ်ရှားပေးခဲ့တယ်”

“ အကြောင်းအရင်းကိုရော သိထားလား”

“ ငါတို့တွေက အကြောင်းအရင်းတချို့ကို တွက်ချက်ကြည့်ပေမဲ့ ဒီမျိုးဆက်ရဲ့ ထာဝရကံကြမ္မာရယ်၊ ရောက်ရှိလာမဲ့ ခေတ်အပြောင်းအလဲရယ် … ကျောင်းတော်ဆီကနေ ခေတ်တစ်ခုရဲ့ စိတ်ဝိညာဉ်ဖယ်ရှားနိုင်လိုက်တဲ့အချက်ရော။

ပြီးတော့ အဲဒီကောင်စုတ်လေး တိထျန်းရဲ့ တည်ရှိမှုအကြောင်းရောပဲ။ ဘာပဲဖြစ်ဖြစ် တကယ့်အကြောင်းအရင်းက အရေးမကြီးဘူးလေ။ အရေးကြီးတာက ငါတို့တွေဆီကနေ ကျိန်စာ ဖယ်ရှားခံလိုက်ရပြီဆိုတာပဲ”

“ဟုတ်တယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည် “ ဂိုဏ်းက ကြယ်တာရာသခင်တောင်နဲ့ မဟာမိတ်ဖွဲ့ပြီးတော့ ကုန်သွယ်ရေးဗဟိုချက်ကို ဝင်မဲ့အကြောင်း ဘယ်လိုတွေးမိလဲ”

“ မင်းက ဂိုဏ်းချုပ်ပဲ။ မင်းပဲ ဒီလိုဟာတွေ မင်းဘာသာမင်း ဆုံးဖြတ်လိုက်။ ဂိုဏ်းချုပ်အနေနဲ့ မင်းက ဗဟိုချက်မှာ အခြေချစေချင်ရင် မသေမျိုးပုဂ္ဂိုလ်အများစုကို စေလွှတ်လို့ရတယ်”

“ ကောင်းပြီ။ ဝမ်ကျူ ပြန်လာတဲ့အချိန်ကျရင် ကျွန်တော် ကံကြမ္မာအရိပ်တပ်ဖွဲ့ကို အဆုံးမဲ့လေဟာနယ်အတွင်း ပို့ထားလိုက်မယ်။ ပြီးတော့ ဗဟိုချက်ကို စမှတ်အနေနဲ့ အသုံးပြုတာက အကြံကောင်းပဲ”

“ ကောင်းပြီ”

ထို့နောက် နှစ်ယောက်သားက စကားဝိုင်းကို အဆုံးသတ်လိုက်ကြသည်။ သိပ်မကြာခင် လီကျွင်းက အိမ်အတွင်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြေးလာလေ၏။

“ ဘာဖြစ်လို့လဲ”

“ အစ်ကိုကြီးအတွက် အသုံးဝင်မဲ့ သတင်းအချက်အလက် တချို့ကို ကျွန်တော် ရခဲ့တယ်” ထို့နောက် သူက ဝမ်ဝေ့အား အဆောင်တစ်ခု ပေးလာသည်။

ထိုအရာက သူနှင့် တခြားသော ပြိုင်ပွဲဝင်များ တိုက်ခိုက်ထားသည့် ပုံရိပ်ပါဝင်နေသော အဆောင် ဖြစ်၏။

“ မင်း ဘယ်လိုလုပ် ဒါရလာတာလဲ” ဝမ်ဝေ့က စစ်ဆေးမှုမစတင်ခင် ပြိုင်ပွဲများကို ကန့်သတ်ထားကြောင်း သိလေသည်။

“ အဲဒီလူတွေကို အိပ်မက်နည်းစနစ်ကနေ တိုက်ခိုက်ဖို့ ဖျောင်းဖျနိုင်ခဲ့တယ်လေ”

“ ကောင်းသား” ဝမ်ဝေ့က ထိုတိုက်ပွဲနှင့် အတွေ့အကြုံများကို ကြည့်ရင်း ပြောလိုက်သည်။ စစ်ဆေးမှုက ကမ္ဘာ့အသိုက်အဝန်း ၁၂ခုက လူများ ပါဝင်ရုံသာမကပေ။ အသင်္ချေအင်ပါယာကမ္ဘာ၊ ကြယ်တာရာသားရဲကမ္ဘာနှင့် ဧကရာဇ်တာအိုကမ္ဘာကဲ့သို့သော ပင်မအဖွဲ့အစည်း ၁၂ခုတွင် အနည်းဆုံး ပါဝင်ယှဉ်ပြိုင်သူ ၃ ယောက်ရှိပြီး ကျန်ကမ္ဘာများကမူ ပါဝင်ယှဉ်ပြိုင်သူတစ်ယောက် သို့မဟုတ် နှစ်ယောက်ရှိတတ်ကြသည်။

ဝမ်ဝေ့ သိထားသလောက် ဤစစ်ဆေးမှုတွင် ပါဝင်ယှဉ်ပြိုင်မည့်သူ ၃၀မှ ၄၀ ရှိလေသည်။ လီကျွင်း၏ အချက်အလက်က သူ့အတွက် အရေးပါလေ၏။ ထို့ကြောင့် သူက တခြားတိုက်ပွဲများအား ကြည့်နေရင်း ရက်အနည်းငယ်ကြာ အနားယူခဲ့သည်။

တချို့ကမ္ဘာအသိုက်အဝန်းများက လီကျွင်း၏ ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့လောက်အောင်အထိ ဉာဏ်ကောင်းလှသည်။ သူတို့က သတင်းအချက်အလက်၏ အရေးပါမှုကို သိထားကြလေ၏။ အဆုံးတွင် ညစာစားပွဲနေ့ရက်ရောက်ရှိလာလေသည်။

“ ဂိုဏ်းချုပ်…. အကြီးအကဲ လီကျွင်းက ထွက်သွားပါပြီ” အရိပ်(၂)က ပြောလိုက်သည်။

“ ငါ သိတယ်။ မင်းက ငါ့ကို နောက်မကျဖို့ သတိပေးနေတာမလား။ ဒါပေမဲ့ ငါ့အကြောင်းအရင်းနဲ့ ငါ ရှိတယ်” ဝမ်ဝေ့က သူ့အနက်ရောင်ဝတ်ရုံကို ပြင်ဆင်လိုက်ရင်း ပြောလိုက်သည်။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ချင်သော်လည်း သူ့အဝတ်အစားများက ရန်သူ၏ သွေးများ စွန်းထင်းထားသည်ကို စဉ်းစားမိသည့်အခါ စိတ်ပြောင်းသွားသည်။

ထိုအရာသည် အလိုလိုသန့်ရှင်းနိုင်သည့် စွမ်းရည်ရှိထားသော်လည်း သူက တခြားတစ်ခုကိုသာ ဆုံးဖြတ်ခဲ့၏။ တစ်ခါတစ်ရံတွင် ခြိမ်းခြောက်သည့် အငွေ့အသက်မျိုး ရှိသည်က ပို၍ကောင်းလေသည်။

သွေးက အဖြူရောင်ထက်စာရင် အနက်ရောင်အပေါ်မှာ ပိုကြည့်ကောင်းတယ်…

ထို့နောက် သူက ရုတ်ချည်းဆိုသလို အချိန်ကျလာကြောင်း ခံစားမိ၍ ဦးတည်ရာသို့ ထွက်လာခဲ့လိုက်သည်။

ထိုစဉ် အရိပ်(၂)က ခေတ္တမျှ စိတ်ရှုပ်ထွေးသွားမိ၏။ သူ သိထားသလောက် သခင်ငယ်လေးသည် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ဝင်ရောက်ရသည်ကို သဘောကျသည့်သူမျိုး မဟုတ်ပေ။

အနည်းဆုံးတော့ အချိန်အများစုတွင် ထိုအရာသာ အမှန် ဖြစ်၏။

ဝမ်ဝေ့က ရထားလုံးထဲ ဝင်ကာ ကမ္ဘာငယ်၏ အလယ်သို့ ပျံသန်းလာလိုက်သည်။ ထိုနေရာက ညစာစားပွဲ ကျင်းပမည့်နေရာ ဖြစ်၏။ သူက အမှတ်အသားပြားကို ပြလိုက်ပြီးသည့်နောက်တွင် အထဲသို့ ဝင်ရောက်လာ၏။

သူ ထင်ထားသည့်အတိုင်း သူက နောက်ဆုံးရောက်လာသောကြောင့် အားလုံးက သူ့အား လှည့်ကြည့်လာကြသည်။

“ တာအိုရောင်းရင်းတို့ မင်္ဂလာပါ” ဝမ်ဝေ့က လက်နှစ်ဖက်ယှက်ကာ အနည်းငယ် ဦးညွှတ်လိုက်၏။ သူ့အသံက အခန်းတစ်ခုလုံးကို ပျံ့နှံ့သွားသည့်အတွက် အားလုံးက သူ့အား အာရုံစိုက်လာစေသည်။ ထို့ကြောင့် ဝမ်ဝေ့က လှောင်ပြောင်လိုသည့် အရိပ်အယောင်၊ သိချင်လိုသည့် အကြည့်များ၊ သတ်ဖြတ်လိုသည့် အငွေ့အသက်များပင် ခံစားမိလိုက်သည်။

“ စိတ်ဝင်စားစရာပဲ”  နောက်ထပ် အသံတစ်သံက အခန်းအတွင်း ပျံ့နှံ့လာသောကြောင့် လူများက အကြည့်လွှဲသွားကြသည်။ ဝမ်ဝေ့ပင် ထိုလူအား ကြည့်လိုက်ရင်း လေးနက်သည့် အမူအရာမျိုး ရှိနေသည်။

ထိုလူက အဖြူရောင်ဝတ်ရုံကို အပြာရောင်ပုံစံဖော်ထားသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ရုပ်ချောချော လူငယ်လေးတစ်ဦး ဖြစ်၏။ သူ့ဆံပင်အနက်ရောင်ကို ထိပ်တွင် ထုံးထားပြီး နဖူးအထက်တွင် ဆံပင်များကို ထိန်းဖို့ရာ ဖဲကြိုးဖြင့် စီးထားသည်။

ထိုလူငယ်လေးက ဘေးနားရှိအကြည့်များကို လျစ်လျူရှုပြီး ဝမ်ဝေ့အား ကြည့်လိုက်၏။ ကိုယ်နှင့် ကွက်တိဖြစ်သည့် သိုင်းဝတ်စုံနှင့်မတူဘဲ ရှည်လျားသည့် အင်္ကျီလက်များ ရှိသောကြောင့် သူက အဖန်ရည်အား မစင်စေရန် ညာဘက်အင်္ကျီလက်ကို ဘယ်လက်ဖြင့် ကိုင်ထားလိုက်သည်။

လူငယ်လေး၏ နှေးကွေးလှသည့် အပြုအမူများက သဘာဝအတိုင်း ဆွဲဆောင်မှု ရှိနေလေသည်။ မိုးမြေက သူ၏ စကားတိုင်းနှင့် ကောင်းချီးများကို ချီးကျူးနေသကဲ့သို့ ဖြစ်၏။

“ သခင်လေး ချူးလော့ … ဘာပြောချင်တာလဲ။” သူ့စားပွဲမှ ပါဝင်ယှဉ်ပြိုင်သူတစ်ယောက်က မေးလိုက်သည်။

ချူးလော့က ထိုစကားပြောသူအား ကြည့်ကာ ပြောလိုက်၏ “ တစ်ခါတစ်လေ မင်းတို့တွေက ဘယ်လောက်အားနည်းလဲဆိုတာ ငါ့ကို ဦးနှောက်ခြောက်စေတယ်”

“ အဲဒါကရော ဘာကိုပြောတာလဲ” နောက်ထပ် စားပွဲမှလူက မေးလိုက်သည်။

သို့သော် ချူးလော့က ထိုလူအား မကြည့်ဘဲ ဝမ်ဝေ့အား ကြည့်ထားလေသည်။

“ အင်အားကြီးပုဂ္ဂိုလ်တိုင်းရဲ့ အပြုအမူတိုင်းက အလေးချိန်ဆိုတာ ရှိတယ်။ အဲဒီအရာက ကံအဖြစ် ဖွဲ့စည်းလာနိုင်တယ်။ အဲဒါကြောင့် ကျင့်ကြံသူတွေက ကာကွယ်မှုမရှိဘဲ ဧကရာဇ်တစ်ယောက်စီက ဦးညွှတ်မှုကို မခံယူရဲကြဘူး။ ကံအလေးချိန်က သူတို့ကို ဖျက်ဆီးပစ်နိုင်သလို ကံဆိုးမှုနဲ့လည်း ကျိန်စာ ဖြစ်စေနိုင်တယ်”

ချူးလော့က စကားပြောပြီးသည့်နောက်တွင် အဖန်ရည် သောက်လိုက်သည်။ သို့သော် လူများက သူ့အား စိုက်ကြည့်နေလေ၏။ ထိုအရာက ဘာဆိုင်လဲဟု စဉ်းစားနေမိသည်။ သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး ဆက်ပြောလိုက်သည်။

“ ဒီလူက ဒီနေရာကို သုံးပြီးတော့ မင်းတို့အားလုံးအပေါ် လျှို့ဝှက်ကံကြိုးတွေ ထားခဲ့တယ်။ သူ ဦးညွှတ်လိုက်ပြီး မင်းတို့ကို တာအိုရောင်းရင်းလို့ ခေါ်လိုက်တဲ့အချိန်မှာ မင်းတို့အားလုံးအပေါ် သူက ကံအလေးချိန်ကို ထားပြီးသား ဖြစ်သွားပြီ။ သူ့အပြုအမူနဲ့ ပတ်သက်ပြီး တော်တာကတော့ သူ့ဦးညွှတ်မှုကို တိတ်တဆိတ် လက်ခံတဲ့သူတွေက ပစ်မှတ်ထားဖို့ အလွယ်ကူဆုံး ဖြစ်ပြီးတော့ ကျန်တဲ့သူတွေကိုတော့ သူက အတင်းအကြပ် ကံကြိုးထားလိမ့်မယ်။ မင်းတို့က သိတောင် သိလိုက်မှာ မဟုတ်ဘူး”

ချူးလော့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ထိုနည်းလမ်းသည် ကံထိန်းချုပ်မှု အမြောက်အများ လိုအပ်သလို အခန်းအတွင်းရှိ လူအားလုံး၏ စိတ်ကို ဖမ်းစားနိုင်သည့် အသိဉာဏ်လည်း လိုအပ်ကြောင်း မပြောလိုက်ပေ။

ထိုစကားများကို ပြောလိုက်ပြီးသည့်နောက်တွင် လူများ၏ အမူအရာက ပြောင်းလဲသွားကြပြီး နည်းလမ်းအမျိုးမျိုးဖြင့် သူတို့၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်နေကြသည်။

ထိုစဉ် အေးဆေးတည်ငြိမ်နေသည့် ဝမ်ဝေ့က ချူးလော့အား ကြည့်လိုက်၏။ ထို့နောက် အခန်းအတွင်းရှိ လူများအား ကြည့်လိုက်သည်။ ထို့နောက် သူက အားလုံးအား အဆင့်ခွဲခြားနိုင်လိုက်သည်။ ပထမအဖွဲ့ သူ လုပ်လိုက်သည့်အရာကို ချက်ချင်းသဘောပေါက်သည့်သူများ ဖြစ်၏။ သူ့အား အံ့အားသင့်သွားစေသည်က ချူးလော့အပြင် အနောက်ဘက်တွင် သူ့မျက်နှာကို ခေါင်းဆောင်းနှင့် ဖုံးထားသည့် နောက်ထပ် လူတစ်ယောက်လည်း ရှိနေသေးသည်။

ဒုတိယအဖွဲ့တွင်မူ သူ့အပြုအမူများကို ထုတ်ဖော်ပြီးသည့်နောက်မှ သတိထားမိခြင်းဖြစ်ပြီး သူတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ကံကြိုးကို ဖယ်ရှားလိုက်သူများ ဖြစ်၏။

တတိယအဖွဲ့ကမူ လူများက ကံကြိုးကို စစ်ဆေးမိသော်လည်း ဖယ်ရှားနိုင်မည့် နည်းလမ်း မရှိပေ။

နောက်ဆုံးအဖွဲ့ကမူ လူများက သတိပင်မပြုမိလိုက်ပေ။

ဝမ်ဝေ့က ညင်ညင်သာသာ ပြုံးလိုက်ရင်း တာအိုအခွင့်အလမ်းဂိုဏ်း၏ နေရာ၌ ထိုင်လိုက်၏။ တခြားသော ပါဝင်ယှဉ်ပြိုင်သူများကမူ သူ့အား ခပ်ကြမ်းကြမ်း ကြည့်လာကြသည်။ အသင်္ချေအင်ပါယာကမ္ဘာမှ သူတို့ငါးယောက်က ဒုတိယအဖွဲ့တွင် ပါဝင်လေ၏။

ဘာဖြစ်လို့လဲ … အရင်ကထက် ပိုပြီးတော့ လေးနက်နေပါလား…

လီကျွင်းက အံ့ဖွယ်အသိစိတ်မှတဆင့် ဝမ်ဝေ့အား မေးမြန်းလိုက်သည်။

အခုပြောလိုက်တဲ့သူက အတော်လေး အန္တရာယ်များတယ်…

အဲဒါတော့ ဟုတ်ပါတယ်။ အစ်ကိုကြီးရဲ့ နည်းလမ်းကိုတောင် သူက အာရုံခံမိတယ်ဆိုတော့ အားကောင်းမှာ အသေအချာပဲ…

မဟုတ်ဘူး။ ငါ ပြောချင်တာက သူက တိထျန်းလိုမျိုး အငွေ့အသက်ရနေတယ်။  

တကယ်ကြီးလား။ ဒီလို မကောင်းဆိုးဝါးက အဲလိုမျိုး တည်ရှိနေသေးတယ်လား…

ကြည့်ရတာ ငါ့လူဝင်စားတွေကို အလျင်လိုနေရတဲ့ အရိပ်အမြွက်ကို မှတ်မိတယ်မလား။ ကြည့်ရတာ သူ့ကြောင့်လို့ ထင်တယ်…

လီကျွင်းက ချူးလော့၏ စားပွဲအား အမူအရာ လေးနက်စွာဖြင့် ကြည့်လိုက်သည်။ သူက တိထျန်းသည် မည်သို့ မကောင်းဆိုးဝါးမျိုး ဖြစ်ကြောင်း နားလည်ထား၏။ သူ့အစ်ကိုကြီးက ထိုသို့အဆင့်မျိုးရောက်ဖို့ ကြိုးစားနေဆဲဖြစ်ကာ မရောက်ရှိသေးပေ။

သူ့အကြောင်း သတင်းအချက်အလက် စုစည်းနိုင်မဲ့ အကြံတစ်ခု ရှိတယ်…

ဘယ်လိုလဲ…

အစီအစဉ်ကို ကြားပြီးသည့်နောက်တွင် ဝမ်ဝေ့၏ နှုတ်ခမ်းများက တွန့်ချိုးသွားလေ၏။

ကြည့်ရတာ အလုပ်ဖြစ်ပါ့မလားပဲ။ မင်းက သူက သတင်းအချက်အလက် မထွက်အောင် တခြားသူတွေနဲ့ မဟာမိတ်ဖွဲ့ထားလောက်တယ်…

မဟုတ်ဘူး။ အဲဒီလူက မောက်မာပြီးတော့ ယုံကြည်ချက်လွန်ကဲနေတဲ့ အငွေ့အသက်မျိုး ပေးနေတယ်။ သူက သတင်းအချက်အလက် ထွက်တာ၊ မထွက်တာကို ဂရုစိုက်မယ်မထင်ဘူး…

ကောင်းပြီ။ ကြိုးစားကြည့်ပေါ။ ငါ ယန်းလီလင်းကို ဘာမှမပြောဖို့ ကတိပေးတယ်…

ဝမ်ဝေ့က တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည့်အခါ အခန်းအတွင်း ကြည့်လိုက်မိသည်။ ထိုအခါ ခေါင်းဆောင်း ဆောင်းထားသည့်လူက သူ့အား နက်နက်နဲနဲ စိုက်ကြည့်နေလေ၏။

သို့သော်လည်း ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး သူ့အား လျစ်လျူရှုထားလိုက်သည်။

ထိုစဉ် ခေါင်းဆောင်းနှင့်လူက စက္ကန့်ပိုင်းကြာ ဆက်လက်စိုက်ကြည့်နေလေ၏။

ကံကြမ္မာလွှမ်းမိုးရေး ဧကရာဇ် … ငါ နောက်ဆုံးတော့ တွေ့ပြီ။ ဘာပဲဖြစ်ဖြစ် မင်း မကြီးထွားခင် သတ်ပြီးတော့ ကောင်းကင်အသင်္ချေကမ္ဘာအားလုံးက သက်ရှိတွေအကုန်လုံးကို ကယ်တင်ရမယ်…

***

All Chapters