← Chapters

အင်မော်တယ်တပိုင်း နယ်ပယ်တွင် အခြေချခြင်း

Vol. 29 Ch. 402

အင်မော်တယ်တပိုင်း နယ်ပယ်တွင် အခြေချခြင်း

Vol. 29 Ch. 402

ဤအသက်ရှည်ဂိုဏ်း ကျင့်ကြံသူက ထွက်သွားရန် ပြင်နေပြီ ဖြစ်ကာ  မိုဝူကျီ ဘာမျှ ထပ်မပြောခင် အားနာသည့် အမူအရာဖြင့်

“ဒီက တာအို ရောင်းရင်းအတွက် ကျုပ်တတ်နိုင်တာ ဘာမှ မရှိဘူး။ ဒီနေရာမှာ မြေကမ္ဘာ အင်မော်တယ် အဆင့်အောက်က လူတွေက ကျောက်တုံးနက်တွေကို မတူးနိုင်ကြဘူးလေ။ ခင်ဗျားက လောကအင်မော်တယ် အလယ်အလတ် အဆင့်ဆိုတော့ မြေကမ္ဘာအင်မော်တယ် အဆင့်ရောက်ဖို့ အတော် လိုသေးတယ်လေ...”

ထိုကျင့်ကြံသူမှာ မိုဝူကျီကို ပြောမပြနိုင်သည့် တစ်စုံတစ်ခု ကျန်ရှိနေသေးဟန် ပေါ်သည်။ ထိုအကြောင်းမှာ ကျောက်တုံးအနက်များ မရှိဘဲ မြေကမ္ဘာ အင်မော်တယ်အဆင့်ထိ ရောက်ဖို့ရာ ကျင့်ကြံဖို့ လုံးဝ မဖြစ်နိုင်ပေ။ သူက မြေကမ္ဘာ အင်မော်တယ် အဆင့်အထိ မကျင့်ကြံနိုင်ရုံသာမက သူ့ကျင့်ကြံဆင့်များပင် လျော့ကျ သွားနိုင်သည်။

“အဲလိုဆို အင်မော်တယ်တပိုင်း နယ်ပယ်ရဲ့ အမှတ်အသား လက်ပတ်တွေကို ဘယ်လိုလုပ်ရမလဲ ပြောပြလို့ ရမလား။ ပြီးတော့ ကျုပ်ဆီ လက်ပတ်မရှိရင် အကျိုးဆက်တွေ ဘာတွေ ရှိသေးလား” မိုဝူကျီက မြန်မြန် မေးလိုက်သည်။

“အင်မော်တယ်တစ်ပိုင်း နယ်ပယ် လက်ပတ်နဲ့ဆိုရင် ဒီနယ်မြေမှာ နေထိုင်ခွင့်ရမယ်။ အပြင်ဘက်မှာ အန္တရာယ်မျိုးစုံ ရှိတယ်လေ။ ပြီးတော့ အင်မော်တယ်တစ်ပိုင်း နယ်မြေ အပြင်ဘက်မှာ ကျင့်ကြံလို့ မရဘူး။ ဒီအတွင်းက ဝိညာဉ်စွမ်းအားတွေက ခင်ဗျားကို အခြားနေရာထက် ကျင့်ကြံခွင့် ပေးနိုင်လိမ့်မယ်။ အဲဒီအတွက်တော့ အခြား အကျိုးဆက် မရှိပါဘူး” ထိုကျင့်ကြံသူက မိုဝူကျီ မေးခွန်းကို စိတ်ရှည်လက်ရှည် ဖြေပေးလိုက်သည်။

မကျင့်ကြံနိုင်တာလား ...

မိုဝူကျီက သူ့ချီသွေးကြောများကို  ချက်ချင်း လှည့်ပတ် ကြည့်လိုက်သည့်အခါ တစ်ပတ်အပြီးတွင် သူက တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ ထိုဝိညာဉ် စွမ်းအားများတွင် ပုံစံသာ ရှိပြီး စုပ်ယူလို့ ရသည့် စွမ်းအားမပါပေ။ အများအပြားက လွင့်ပျောက်သွားပြီး အလွန်သေးငယ်သည့် အစိတ်အပိုင်းလေးသာ ချီသွေးကြောထဲ ရောက်သွားတော့သည်။

မိုဝူကျီက သူ့ရှေ့မှ အဆောက်အအုံ ကြီးကြီးကို ကြည့်လိုက်သော်လည်း ထိုအဆောက်အဦမှာ ဘာမျှ ထူးခြားမနေပေ။ ပတ်လည်တွင် တပ်ဆင်ထားသည့် အစီအရင်များ မရှိသလို  ယခင်တစ်ခါ သူရောက်သွားသည့် ချောက်နက်နှင့်လည်း မတူချေ။ ကျင့်ကြံနိုင်သော  ဤနေရာလေးမှာ စုစည်းလာပြီး အင်မော်တယ်တစ်ပိုင်း နယ်ပယ် ဖြစ်လာခြင်း ဖြစ်သည်။

“ခင်ဗျား ဒီနေရာ အင်မော်တယ် တစ်ပိုင်း နယ်ပယ်အဆင့်ထဲ ထာဝရ မနေဘူးဆိုရင် ခင်ဗျားမှာ လက်ပတ်မရှိလည်း ဘယ်သူမှ ဂရုမစိုက်တော့  စိုးရိမ်စရာ မလိုပါဘူး” အသက်ရှည်ဂိုဏ်းမှ ကျင့်ကြံသူက စိတ်ရှည်စွာ ဖြေပေးနေဆဲ ဖြစ်ကာ အူကြောင်ကြား ဖြစ်နေသည့် မိုဝူကျီကို သတိပေး လိုက်သေးသည်။

မိုဝူကျီက စိတ်ထဲ မထားသောကြောင့် ခေါင်းညိတ် ပြလိုက်သည်။ သူက အခြားလူများလည်း သူ့လိုမျိုး ဝိညာဉ်စွမ်းအား နည်းနည်းလေးသာ စုပ်ယူနိုင်လားတော့ သူ မသိပေ။

သို့သော်လည်း မိုဝူကျီက လက်ရှိစွမ်းအားလေးဖြင့် အပြင်ဘက်မှ အန္တရာယ်များကို ရင်ဆိုင်ရန် မဖြစ်နိုင်သည့်အတွက် အင်မော်တယ် တစ်ပိုင်း နယ်ပယ်အပြင်ဘက်တွင် နေရန် ဆန္ဒမရှိပေ။

“ဒီက စီနီယာကို ဘယ်လိုများ ခေါ်ရမလဲ” မိုဝူကျီက သူ့တွင် အကူအညီ လိုနိုင်ကြောင်း သိ၍ မိတ်ဆွေဖွဲ့ရန် ကြိုးစားလိုက်သည်။

“ကျုပ်က လန်ဟောင်ပါ ...”

“တာအိုရောင်းရင်းလန် ... ကျုပ် ကျင့်ကြံဆင့်က နိမ့်ပေမဲ့ ကျုပ်က တခြား ကိစ္စတွေကိုတော့ ကူညီနိုင်ပါတယ်။ ဥပမာဆိုရင် ကျုပ်က သတ္တုတူးဖို့ ကူညီပေးတာမျိုး ဒါမှမဟုတ်ရင် လူသစ်ခေါ်ပေးတာမျိုး တစ်ခုခုပေါ့။ အသက်ရှည်ဂိုဏ်းက ကျုပ်အတွက် လက်ပတ် လုပ်ပေးဖို့ပဲ တောင်းဆိုတာပါ  ...”  မိုဝူကျီက လက်ပတ်အလိုရှိလျှင် အဖွဲ့တစ်ခုခုထဲ ဝင်ရမည်မှန်း သံသယဝင်မိသည်။ ထိုအရာက မှန်သည် ဖြစ်ဖြစ်၊ မှားသည် ဖြစ်ဖြစ် လန်ဟောင်ကို ရှာလိုက်ခြင်းက မမှားပေ။

လန်ဟောင်က ခေါင်းခါပြကာ  “ကျုပ် မကူညီချင်တာတော့ မဟုတ်ဘူး။ လက်ပတ်လုပ်ဖို့က လွယ်ပါတယ်။ ကျုပ်တို့ အသက်ရှည်ဂိုဏ်းက စိတ်စွမ်းအင် ကျောက်ချော ဆယ်တုံး ပေးဖို့  လိုတယ်။ ဒါပေမဲ့ ပြဿနာက ခင်ဗျားကို လက်ပတ် လုပ်ပေးပြီးသွားရင် ခင်ဗျား သတ္တု မတူးနိုင်ရင်တောင်  ကျုပ်တို့က ခင်ဗျားကျင့်ကြံဖို့ စိတ်စွမ်းအင် ကျောက်ချော  ပေးရတော့မှာလေ ...  ကျုပ် အသက်ရှည်ဂိုဏ်းက အဲလိုလူတွေအတွက် မတတ်နိုင်ဘူး ...”

မိုဝူကျီက ကျန်လူများ အဘယ်ကြောင့် ထွက်သွားသည်ကို နားလည်သွားလေ၏။ သူတို့က တစ်ယောက်ယောက်ကို အဖွဲ့ထဲ ဖိတ်ခေါ်ပါက သူက အကျိုးပြုနိုင်သည် ဖြစ်စေ၊ အကျိုးမပြုနိင်သည် ဖြစ်စေ လစာပေးဖို့ လိုအပ်ပေသည်။

“တာအိုရောင်းရင်းလန် ... တကယ်လို့ ကျုပ်က သတ္တုမတူးနိုင်ရင် ခင်ဗျားရဲ့ စိတ်စွမ်းအင် ကျောက်တုံး မယူဘူးလေ။ ခင်ဗျားတို့ အသက်ရှည်ဂိုဏ်းက လက်ပတ်အတွက် ပေးလိုက်ရတဲ့ စိတ်စွမ်းအင် ကျောက်ချောကိုလည်း တစ်နည်းနည်းနဲ့  ပြန်ပေးပါ့မယ် ...” မိုဝူကျီက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

မိုဝူကျီက လစာမယူတော့ကြောင်း ကြား၍ လန်ဟောင်က ခဏတာ စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် သဘောတူလိုက်သည် “ကောင်းပြီလေ...  ကျုပ်နောက်လိုက်ခဲ့ ...”

အသက်ရှည်ဂိုဏ်းတွင် လူသစ်ခေါ်ယူရန်၊ သတင်းပို့ပေးရန် အစရှိသဖြင့် ထိုတာဝန်များအတွက် တောက်တိုမည်ရ လိုအပ်နေသေးသည်။ သူက မိုဝူကျီသည် သူတို့အတွက် သတ္တုရှာပေးမည် ဆိုသည့် အကြောင်းကို‌တော့ လုံးဝ လျစ်လျူမရှုထားသလို ဂရုလည်း မစိုက်ချေ။ ဤနေရာတွင် လောကအင်မော်တယ် အဆင့်လေးဖြင့် ကျောက်တုံးနက် မိုင်းတွင်း ရှာဖို့ရာ စဉ်းစားနေခြင်းက မဖြစ်နိုင်ပေ။

မိုဝူကျီကို လက်ခံရန် ဆုံးဖြတ်လိုက်သည့်  အရေးကြီးဆုံး အချက်မှာ  မိုဝူကျီက လစာမယူကြောင်း ပြော၍ ဖြစ်သည်။ အသက်ရှည်ဂိုဏ်းတွင် လစာပေးစရာ မလိုသည့် သူတစ်ယောက်ရှိသည်မှာ သူ့အတွက် ကောင်းပေသည်။ လိုအပ်နေသည့် စိတ်စွမ်းအင် ကျောက်ချော အရေအတွက်မှာလည်း သူတတ်နိုင်သည့် အထဲတွင် ရှိ၏။

သူက လန်ဟောင်နောက် လိုက်သွားကာ အမေးအဖြေ လုပ်ရင်းဖြင့် မိုဝူကျီက အင်မော်တယ် တစ်ပိုင်း နယ်ပယ်အကြောင်း ပိုမို သိရှိလာသည်။

အင်မော်တယ်တစ်ပိုင်း နယ်ပယ် တစ်ခုလုံးကို စောင့်ရှောက်ဖို့ တာဝန်ယူထားသူက ကွမ်းချွမ် ဟူသော ပါရမီရှင် ဖြစ်ပြီး အင်မော်တယ် တစ်ပိုင်းနယ်ပယ်တွင် အဖွဲ့အမျိုးမျိုး ရှိ၏။ အဖွဲ့လိုက် ပူးပေါင်း လုပ်ကိုင်ကြသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သတ္တုတူးဖော်ရန် ဖြစ်သည်။ သတ္တုမှာ ကျောက်တုံးနက်များနှင့် အလားသဏ္ဌာန် တူသော်လည်း မည်သူကမျှ ဘာမှန်း မသိကြ၍ ကျောက်တုံးနက်ဟုသာ ခေါ်ဆိုကြသည်။

ထို့အပြင် ထိုကျောက်တုံးနက်များကို သာမန် သိုလှောင်လက်စွပ် အတွင်း ထည့်သိမ်းထားဖို့ရာ မဖြစ်နိုင်သောကြောင့် လူအများက ခြင်းတောင်းများ သယ်ဆောင်နေရခြင်း ဖြစ်သည်။

တူးဖော်ရရှိသော သတ္တုများကို အင်မော်တယ် တစ်ပိုင်းနယ်ပယ်ဆီမှ  ကွမ်းချွမ်ဆီ ပေးပို့ရပြီး ထိုကွမ်းချွမ်မှာ ထိုသတ္တုများ အလဲအလှယ်အနေနှင့် စိတ်စွမ်းအင် ကျောက်ချောများကို ပြန်လည်ပေးပို့ပေးသည်။

အင်မော်တယ် တစ်ပိုင်းနယ်ပယ်ထဲမှ ကျင့်ကြံသူများမှာ ထိုစိတ်စွမ်းအင် ကျောက်ချောများကို အသုံးပြု၍ ကျင့်ကြံကြရသည်။ သတ္တုတူးဖော်နိင်သည့် သူများက စိတ်စွမ်းအင် ကျောက်ချော ပိုရရှိလေသည်။

“ညီအစ်ကိုလန် ... တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် စိတ်စွမ်းအင် ကျောက်ချောက ဘာနဲ့တူလဲဆိုတာ ပြလို့ ရမလား” မိုဝူကျီက လခြမ်းကွေး အကျဉ်းထောင်မှ စိတ်စွမ်းအင် ကျောက်ချောများကို တွေးမိသောကြောင့် တူညီသည့် ကျောက်တုံး အမျိုးအစား ဖြစ်နေမလား သံသယ ဝင်လာမိသည်။

လန်ဟောင်က စိတ်စွမ်းအင် ကျောက်ချောကို ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်သည်  “ဒီဟာကို နောက်ထပ် နာမည်တစ်ခု ရှိသေးတယ်။ အင်မော်တယ် တစ်ပိုင်းကျောက်တုံးတဲ့ ... အဲဒါက သာမန်စိတ်စွမ်းအင် ကျောက်တုံးတွေထက် ကျင့်ကြံဆင့်အပေါ် သက်ရောက်မှု ပိုရှိတယ် ...”

စိတ်စွမ်းအင် ကျောက်ချော မိုဝူကျီ လက်ထဲ ရောက်လာသည်နှင့် သူ့လက်ထဲမှာ ရှိသည့်အရာမှာ လခြမ်းကွေး အကျဉ်းထောင်မှ ရလာသည့် ကျောက်တုံးများနှင့် တစ်ပုံစံတည်း ဖြစ်ကြောင်း သိလိုက်သည်။

လခြမ်းကွေး အကျဉ်းထောင်က ဒီနေရာက ဖြစ်ပေါ်လာတာ များလား ...

လခြမ်းကွေး အကျဉ်းထောင်မှ အကျဉ်းထောင်မှူး အားလုံးမှာ လောက အင်မော်တယ်အဆင့် ကျင့်ကြံသူများ ဖြစ်ဟန် မပေါ်ပေ။ နမူနာအားဖြင့် အကျဉ်းထောင်မှူးကို သတ်ခဲ့သည့် မုန့်ယီစန်းမှာလည်း လောက အင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။ သို့သော်လည်း ဤနေရာရှိ အားလုံးမှာ မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး လောက အင်မော်တယ်အဆင့် တချို့တော့ ရှိကောင်း ရှိနိုင်ပေမဲ့လည်း မိုဝူကျီက တစ်ယောက်ကိုမျှ အာရုံခံ၍ မရပေ။

မိုဝူကျီက စိတ်စွမ်းအင် ကျောက်ချောကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်ကို သတိပြုမိပြီး လန်ဟောင်က သူ့ကို နောင်တွင် သူလည်း ထိုသို့ရလာမည့်အကြောင်း နှစ်သိမ့်ပေးချင်မိသည်။ သို့သော်လည်း လောက အင်မော်တယ် အဆင့်ဖြင့် ဖြစ်လာဖို့ရန် မဖြစ်နိုင်သည့်အတွက် ထုတ်မပြောတော့ပေ။

လက်ပတ်လုပ်သည့် ကိစ္စမှာ အလွန်ရိုးရှင်းပြီး မိုဝူကျိက နာမည်ပြောပြီးသည့် နောက်တွင် လန်ဟောင်က စီမံရေးဌာနကို  စိတ်စွမ်းအင် ကျောက်ချော ဆယ်တုံး ထုတ်ပေးလိုက်သည့်အခါ လက်ပတ် ရရှိလာလေ၏။ တကယ်တော့ မိုဝူကျီသာ ကျောက်ချောဆယ်တုံး ရှိနေလျှင် သူကိုယ်တိုင် လာလုပ်၍လည်း ရပေသည်။

မိုဝူကျီက အသက်ရှည်ဂိုဏ်းကို ဝင်လိုက်သည်မှာ သူက ထိုစိတ်စွမ်းအင် ကျောက်ချောများကို ကျင့်ကြံဖို့ရာ အကုန်သုံးခဲ့သည့်အတွက် ဆယ်တုံး မတတ်နိုင်တော့ပေ။

မိုဝူကျီ လက်ပတ်ရအောင် ကူညီပြီးနောက် လန်ဟောင်က မိုဝူကျီကို စိတ်စွမ်းအင် ကျောက်ချော ဆယ်တုံးအတွက် ချေးငွေစာရွက်ကို ရေးမှတ်လိုက်သည်။

သတ္တုတူးကာ  အဖွဲ့ကို အကျိုးပြုသည့် အဖွဲ့သားအတွက် လက်ပတ် လုပ်သည့်အခါ ထိုစိတ်စွမ်းအင် ကျောက်ချောဆယ်တုံးကို အဖွဲ့က ကိုယ်စား ပေးအပ်ပေးသည်။ သို့သော်လည်း မိုဝူကျီ၏ ကျင့်ကြံဆင့်နှင့် အသက်ရှည်ဂိုဏ်းတွင် အကျိုးပြုနိုင်ခြေ နည်းပါးမှုကြောင့်  လန်ဟောင်က မိုဝူကျီကို ချေးငွေစာရွက် မှတ်ထားခြင်း ဖြစ်သည်။

“မိုဝူကျီ ... ခင်ဗျားက အင်မော်တယ် တစ်ပိုင်းနယ်ပယ်ထဲ ဖြစ်နေသရွေ့ ကိုယ်ပိုင် အင်မော်တယ် ဂူဆောက်ဖို့  ရှာလို့ ရတယ်။ ပြီးတော့ အသက်ရှည်ဂိုဏ်းက နောက်နှစ်ရက်နေရင် မနက်မှာ မိုင်းတွင်းနေရာ ခွဲဝေပေးဖို့  စုဝေးပွဲ ရှိတယ်။ နောက်မကျစေနဲ့ ...” လက်ပတ် လုပ်သည့်နေရာက ထွက်လာသည်နှင့် လန်ဟောင်က မိုဝူကျီ ပခုံးပုတ်ကာ ထပ်မပြောတော့ဘဲ ထွက်သွားတော့သည်။

မိုဝူကျီက အသက်ရှည်ဂိုဏ်း တည်နေရာကို သိသည်။ သူတို့ စောစော လမ်းလျှောက်နေစဉ်က မြင်လိုက်ရသည်။ ဤနေရာတွင် အဖွဲ့နာမည် အများကြီး ချိတ်ဆွဲထားသည့်အတွက် သင်္ဘော ဆိပ်ကမ်း ကပ်သည့်နေရာနှင့်ပင် တူနေသေးသည်။

အင်မော်တယ် တစ်ပိုင်း နယ်ပယ်အတွက် မိုဝူကျီက စိတ်စွမ်းအင် ကျောက်ချောများမှာ သူ့အာရုံကို ဖမ်းစား သွားသောကြောင့် စိတ်ဝင်စားမိသည်။

မိုဝူကျီက ထိုကျောက်ချောများ၏ အသုံးဝင်ပုံကို သေချာသိထား၍ ထိုကျောက်ချော များကြောင့် မဟုတ်ပါက သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်း နိုင်ပါ့မလား မသေချာပေ။ စိတ်စွမ်းအင် ကျောက်ချောအတွင်းမှ ဝိညာဉ်စွမ်းအားမှာ သိပ်သည်းရုံသာမက အရည်အသွေးလည်း မြင့်မားပေသည်။

တခြားလူများက မိုဝူကျီကို သူ့ကျင့်ကြံဆင့်လေးဖြင့် သတ္တုမတူးနိုင်ကြောင်း ထင်နေကြသော်လည်း မိုဝူကျီက သူ့ကိုယ်သူ ဘယ်တော့မှ မယုံမကြည် မဖြစ်ပေ။ သူက ကျောက်တုံးနက် ရှိသရွေ့ သူ တူးဖော်နိုင်လိမ့်မည် ဖြစ်ကြောင်း ယုံကြည်သည်။ သူသာ တူးဖော်ပြီး စိတ်စွမ်းအင် ကျောက်ချောများနှင့် လဲလှယ်နိုင်ပါက သူ့ကျင့်ကြံဆင့် အင်မတန် မြင့်မားလာရန် အသုံးပြုနိုင်လိမ့်မည်။

ထို့ကြောင့် မိုဝူကျီက အင်မော်တယ်ဂူ ရှာသည့်အခါ သူ့ပထမဆုံး သတ်မှတ်ချက်မှာ သူ့ကျင့်ကြံခြင်းအတွက် သင့်တော်ရန် ဖြစ်သည်။ သူ့ချီသွေးကြော  ၁၀၆ ခုလုံးကို လှည့်ပတ် လိုက်သည့်အခါ နေရာတစ်ခုလုံးအပေါ် သက်ရောက်မှု ရှိသွားနိုင်သည်။ အကယ်၍ သူက ဝိညာဉ်စွမ်းအား ဖုံးကွယ်ရေး အစီအရင် တပ်ဆင်ထားလျှင်ပင် ဘေးဝန်းကျင်မှ သက်ရောက်မှုကိုသာ ဖိနှိပ်ထားနိုင်သောကြောင့် သူက နှိမ်ချနေရမည်။

အဆုံးသတ်တွင် မိုဝူကျီက လူအုပ်ကြီးနှင့် မနီးမဝေးဖြစ်သည့် အစွန်ဖျား နေရာကိုသာ ရွေးချယ် လိုက်တော့သည်။

ဤနေရာမှာ သီးခြား ဖြစ်နေသော်လည်း ဟိတ်ကြီးဟန်ကြီး မနိုင်လှပေ။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် သီးခြား နေချင်ကြသည့် ကျင့်ကြံသူ အများအပြား ရှိကြသည်။

သူ့နေရာကို ရွေးချယ်ပြီးနောက် မိုဝူကျီက သူ့ဂူကို စတင်၍ တည်ဆောက်တော့သည်။ သူ့လက်စွပ်အတွင်း၌ သတ္တုအမျိုးမျိုး ရှိနေသည့်အပြင် သူက ဤနေရာမှ သတ္တုရိုင်း တချို့လည်း ရရှိနိုင်သည်။ မိုဝူကျီက ဧည့်ခန်း၊ ကျင့်ကြံခန်း၊ သိုလှောင်ခန်းနှင့် အခန်းပို စသည့် လေးခန်း ပါဝင်သော ဂူငယ်လေးကို ဆောက်လုပ်လိုက်သည်။

ထို့နောက် အစီအရင်တာအို အလကားသက်သက် မဖြစ်စေရန် အမျိုးမျိုးသော အစီအရင်များ တပ်ဆင်ထားသေး၏။ စွမ်းအင် စုစည်းခြင်း အစီအရင်၊ ဖုံးကွယ်ရေး အစီအရင်၊ ကာကွယ်ရေး အစီအရင်နှင့် လျှို့ဝှက် သတ်ဖြတ်ရေး အစီအရင်  ... စသည်များ ပါဝင်ပေသည်။

နှစ်ရက်တာ ကြိုးစားပြီးနောက် မိုဝူကျီက နောက်ဆုံးတွင် သူ့အင်မော်တယ် ဂူ တည်ဆောက်ခြင်း ပြီးဆုံးသွားလေပြီ။

ဤအင်မော်တယ် တစ်ပိုင်းနယ်ပယ်အတွင်း ကျင့်ကြံဖို့ရာအတွက် ဝိညာဉ်စွမ်းအား စုပ်ယူခြင်းမှာ ပိုမို လွယ်ကူလာပေသည်။ သို့သော်လည်း အလကားသက်သက် ဖြစ်သွားသည့် ဝိညာဉ်စွမ်းအားများ ရှိနေသေးသောကြောင့် ဤနေရာရှိ ဝိညာဉ်စွမ်းအားများကို အပြည့်အဝ မစုပ်ယူနိုင်သေးပေ။

မိုဝူကျီက နှစ်များစွာ ကျင့်ကြံပြီးနောက် ထိုမှိန်ဖျော့ဖျော့ ခံစားချက်မှာ မိုးမြေ ဥပဒေသများနှင့် ဆက်စပ်နေကြောင်း သိလာသည်။ ဤနေရာတွင် သူကဲ့သို့ ကျင့်ကြံဆင့် အနိမ့်ဆုံးလူပင် ဤနေရာမှ စည်းမျဉ်း ဥပဒေသများကို ခံစားနိုင်သည်။ မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူ ဒါမှမဟုတ် ကောင်းကင် အင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် သူတို့လည်း ကျင့်ကြံဆင့်ပေါ် မူတည်၍ စည်းမျဉ်း ဥပဒေသများကို သေချာပေါက် ခံစားမိလိမ့်မည်။ ဝိညာဉ်စွမ်းအားများက မည်မျှသိပ်သည်းနေ၍ မည်မျှပင် ကောင်းနေစေကာမူ မိုးမြေ စည်းမျဉ်း ဥပဒေသများ မရှိလျှင် မိုးမြေ၏ ကြီးမြတ်သော တာအိုသဘောတရားကို ဉာဏ်အလင်း မပွင့်နိုင်ပေ။

အကယ်၍ သူသာ အမှန်တကယ် တိုးတက်လိုပါက စိတ်စွမ်းအင် ကျောက်ချောတုံးများကို ရှာရမည်။

***

တတိယမြောက် မနက်ခင်းတွင် မိုဝူကျီက ရှုပ်ယှက်ခတ်နေသည့် အိမ်တွေကြားမှ အသက်ရှည်ဂိုဏ်းသို့ ရောက်ရှိနေလေပြီ။ မိုဝူကျီက မနက်စောစော ထလာသော်လည်း အိမ်အတွင်း လူရာကျော် ရှိနေပြီ ဖြစ်၍ သူက အနည်းငယ် နောက်ကျ သွားလေသည်။

အားလုံးက မိုဝူကျီကို ကြည့်လိုက်သည့်အခါ လူသစ်လေးမှန်း တန်းသိလိုက်ကြသည်။

ဘေးတွင် ထိုင်နေသည့် လန်ဟောင်က ခေါင်းကိုခါကာ မိုဝူကျီမှာ လူသစ်လေး ဖြစ်ရုံသာမက ကျင့်ကြံဆင့် အနိမ့်ဆုံးလည်း ဖြစ်ပေသည်။ သို့သော်လည်း နောက်ဆုံးမှ ရောက်လာလေသည်။

***

All Chapters