တော်လှန်ခြင်း
Vol. 39 Ch. 542
ဝမ်ဝေ့က ဝိညာဉ်ကွန်ယက်ထဲ ဝင်ရောက်ဖို့ မျက်လုံးကို မှိတ်လိုက်သည်။ သူက လူသားများနှင့် လက်လှမ်းမမှီသည့် အရာများအတွက် ရှာဖွေခြင်းကဏ္ဍကို ပြုလုပ်လိုက်သည်။ နတ်ဆိုးမျိုးနွယ်က ကမ္ဘာ၏ လူဦးရေကို ၆၀ ရာခိုင်နှုန်းရှိပြီး လူသားမျိုးနွယ်က ၃၀ရာခိုင်နှုန်းရှိကာ ကျန် ဆယ်ရာခိုင်နှုန်းက နတ်ဆိုးသားရဲများဖြင့် ဖွဲ့စည်းထားသည်။ အထူးသဖြင့် ဉာဏ်ရည်နိမ့်သော်လည်း ဝိညာဉ်စွမ်းအား စုပ်ယူနိုင်သည့် တိရစ္ဆာန်မျိုး ဖြစ်၏။
ကျင့်ကြံရေးအချိန်ကာလတစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် နတ်ဆိုးသားရဲများက မသန့်စင်သည့် သွေးမျိုးဆက်ရှိသည့် အဆင့်နိမ့် နတ်ဆိုးမျိုးနွယ်အဖြစ် ဆင့်ကဲပြောင်းလဲလာကြသည်။ အကယ်၍ ထိုအဆင့်နိမ့် နတ်ဆိုးမျိုးနွယ်၏ အရေအတွက်ကို ရေတွက်ကြည့်ပါက သူတို့က နတ်ဆိုးမျိုးနွယ်၏ အရေအတွက် ၄၀ ရာခိုင်နှုန်းလောက်အထိ ရှိနေနိုင်သည်။
ဝမ်ဝေ့က သူ လိုအပ်သည့် သတင်းအချက်အလက်ကို ရှာဖွေပြီးသည့်နောက်တွင် လူသားများနေထိုင်သည့် နေရာငါးခုကို တွေ့ရှိသွားသည်။ သို့သော်လည်း သူ့ဝိညာဉ်ကွန်ယက်က ထိုလူများ၏ ဝိညာဉ်ကို မဆွဲထုတ်နိုင်ပေ။ ထိုအရာက ထိုနေရာများတွင် ချထားသည့် မသေမျိုးအဆင့် အင်အားစု သို့မဟုတ် အစီအရင်တချို့ကြောင့် ဖြစ်မည်မှန်း သိလိုက်၏။
သူက ထိုနေရာငါးခု အထဲသို့ မဝင်ရောက်ခင် အောင်မြင်နိုင်နှုန်းကို တွက်ချက်ကြည့်လိုက်သည်။ နတ်ဆိုးများဖြင့် ပြည့်နှက်နေသော မြို့တစ်ခု ရှိသော်လည်း အပေါ်ယံမျှသာ ဖြစ်၏။ သူက လူသားများသည် ထိုနေရာရှိ နတ်ဆိုးများအား ထိန်းချုပ်ကာ နတ်ဆိုးပိုင်နက်ဖြစ်နေသေးဟန် လုပ်ဆောင်ထားကြောင်း သိလိုက်ရသည်။
ထို့အပြင် ထိုမြို့အတွင်း ဝင်ရောက်ဖို့ ကမ္ဘာငယ်၏ အဝင်ဝတစ်ခု ရှိ၏။ ခေတ္တမျှ ရှာဖွေပြီးသည့်နောက်တွင် သူက ထိုလျှို့ဝှက်နယ်မြေအတွင်း စိတ်တိုင်းကျ ဝင်ထွက်နိုင်သည့် လူတစ်ဦးကို ရှာဖွေတွေ့ရှိသွားသည်။ ဝမ်ဝေ့က သူ့နောက်မှ လိုက်မသွားပေ။ ထိုအစား သူက ဝိညာဉ်ကွန်ယက်အတွင်း နာမည်ပေးထားသော နေရာလွတ်ဖြစ်သည့် ဝိညာဉ်နယ်မြေထဲ ထိုလူ၏ ဝိညာဉ်အား ဆင့်ခေါ်လိုက်သည်။
ထိုလူအား သူ့အင်အားနှင့် ဆန်းကြယ်မှုများကို ပြသပြီးသည့်နောက်တွင် သူတို့၏ ခေါင်းဆောင်အား ဆက်သွယ်ဖို့ ပြောလိုက်သည်။ သိပ်မကြာခင် လူလတ်အရွယ် အမျိုးသားတစ်ဦးက လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်လာ၏။ ထို့နောက်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် တာအိုဘိုးဘေးတစ်ယောက်က ဝမ်ဝေ့၏ ပုံရိပ်ယောင်နှင့် တွေ့ဆုံဖို့ မြို့ထဲရှိ လျှို့ဝှက်အိမ်လေးအတွင်း ရောက်ရှိလာသည်။
“ အရှင် … ကျုပ်က တာအိုဆရာ အစိမ်းရောင်နှလုံးသားပါ။ အရှင့်ကို ဘယ်လိုများ ခေါ်ဆိုရမလဲ”
“ ငါ့နာမည်က ချူးမို” ဝမ်ဝေ့က သူ့သွင်ပြင်ကို ဖုံးကွယ်ထားရင်း ပြောလိုက်သည်။
“ အရှင်ချူးမိုက နောက်ထပ်ကောင်းကင်အလိုဆန္ဒကမ္ဘာကလား” တာအိုဆရာ အစိမ်းရောင်နှလုံးသားက လေးလေးစားစားဖြင့် မေးလိုက်သည်။ သူက သူ့ရှေ့ရှိလူဆီမှ ဘာသတင်းအချက်အလက်မှ အာရုံမခံမိကြောင်း သတိပြုမိသွားသည်။
“ ဘာလို့ အဲလိုပြောရတာလဲ”
“ ကျုပ်တို့ရဲ့ ခုခံကာကွယ်မှုကို ကူညီပေးမယ်ဆိုပြီးတော့ နယ်ခြားအလွှာတွေကို ကြုံရတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ မဟုတ်ရင် ကျုပ်တို့တွေ ဒီလောက်ထိ ကြာရှည်ခံနိုင်မယ် မထင်ဘူး”
“ ဟုတ်တယ်။ မင်း ပြောတာမှန်တယ်။ နတ်ဆိုးအထွတ်အထိပ်ကမ္ဘာက ငါတို့နဲ့ ရန်ကြွေးရှိတယ်။ အဲဒါကြောင့် သူတို့တွေ ပျက်သုဉ်းသွားရမယ်”
တာအိုဆရာ အစိမ်းရောင်နှလုံးသားက ပြုံးလိုက်သော်လည်း ထိုစကားများကို အလေးအနက် မထားပေ။ ယခင်လူများက သူတို့အား ကူညီဖို့ အရင်းအမြစ်တချို့ ထောက်ပံ့ပေးခဲ့ပြီး ထွက်မသွားခင် အသေးအဖွဲ့ နတ်ဆိုးမျိုးနွယ်တချို့ကိုသာ ဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့် သူက တူညီသည့် ရလဒ်ကိုသာ ပြင်ဆင်ထား၏။
သူက ထိုလူများသည် သူတို့၏ အရင်းအမြစ်များနှင့် ပတ်သက်ပြီး ကပ်စေးမနည်းသရွေ့ ကျေနပ်လေသည်။
ဝမ်ဝေ့က ထိုလူ၏ အခြေအနေကို မြင်တွေ့ပြီးနောက် မျက်မှောင်ကြုတ်ကာ “ ကြည့်ရတာ ခင်ဗျားတို့က သိပ်မျှော်လင့်ထားတဲ့ပုံမပေါ်ဘူးပဲ။ ဒီလိုဆိုရင် ကျုပ်အစီအစဉ်ရဲ့ ပထမဆုံးအဆင့်ကို ပြောပြမယ်။ အဲဒါမှ ခင်ဗျားတို့ ပါချင်တာ၊ မပါချင်တာ ဆုံးဖြတ်ပေါ့”
“ ကျုပ်တို့က မပါချင်ဘူးလို့ ဆုံးဖြတ်ရင် ဘယ်လိုဖြစ်မှာလဲ”
“ ငါက တခြားအခြေစိုက်စခန်းကို သွားမယ်”
“ တကယ်လို့ သူတို့ကလည်း မပါချင်ဘူးဆိုရင်ရော”
“ အဲဒါဆိုရင် ငါ့ဘာသာငါ အင်အား ပျိုးထောင်မယ်”
“ ကြည့်ရတာ အရှင်က ဆုံးဖြတ်ထားတဲ့ပုံပဲ။ ကောင်းပါပြီ။ အစီအစဉ်ကို ပြောပြပေးပါ”
“ ငါတို့မစခင် အရင်ဆုံး ဒီတာအိုစာချုပ်ကို လက်မှတ်ထိုးပြီးတော့ ငါတို့ရဲ့ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မထုတ်ဖော်ပါဘူးလို့ ကျိန်ဆိုရမယ်”
တာအိုဆရာ အစိမ်းရောင်နှလုံးသားက ထိုစာချုပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုတာအိုစာချုပ်က အမြင့်ဆုံးအဆင့်ဖြစ်ကာ မဟာဧကရာဇ်ကိုပင် ချည်နှောင်ထားနိုင်သည်။ သို့သော်လည်း ထိုအရာကို ဖတ်ရှူပြီးသည့်နောက်တွင် သူက စိတ်သက်သာရာရစွာဖြင့် လက်မှတ် ရေးထိုးလိုက်၏။
စာချုပ်တွင် ရေးထိုးထားသည်က သူသည် သူတို့၏ ဆွေးနွေးမှုနှင့် ပတ်သက်၍ ဘာသတင်းအချက်မှ မထုတ်ဖော်ရကြောင်းနှင့် လူသားမျိုးနွယ်ကို သစ္စာမဖောက်ဖို့ရာ အကြောင်းသာ ပါရှိလေသည်။ အမှန်အတိုင်းပြောရလျှင် တာအိုဆရာ အစိမ်းရောင်နှလုံးသားက နယ်ခြား၏ သတိကြီးမှုကို လေးစားမိသွား၏။
ထို့ကြောင့် သူတို့က တခြားဝှက်ထားသည့် အသုံးအနှုန်းရှိလားဟု စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူက ဝိညာဉ်ဖြင့် ရေးထိုးလိုက်သည်။ ထို့နောက် ဝမ်ဝေ့က သူ့အား ပထမဆုံးအစီအစဉ်ကို ပြောပြလာသည်။
“ ကျုပ်တို့ တကယ်အောင်မြင်နိုင်ပါ့မလား”
“ ဒါပေါ့”
“ နောက်ထပ် မေးခွန်းက အရှင်က ဒီလိုအဖိုးတန်အရင်းအမြစ်တွေကို တကယ်ကြီး အသုံးပြုချင်တာလား”
“ ဘာလို့ မသုံးရမှာလဲ။ ပြန်ရမှာထက်စာရင် လုံလောက်တာထက်တောင် ပိုနေသေးတယ်” ဝမ်ဝေ့က ပြန်ဖြေလေသည်။
တာအိုဆရာ အစိမ်းရောင်နှလုံးသားက ထိုအရာကို ကြားပြီးနောက် အလျင်အမြန် စိတ်တည်ငြိမ်သွားသည်။
“ အဲဒါဆိုရင် ဆုလာဘ်ကိုရော ဘယ်လိုခွဲမှာပါလဲ”
“ ရှစ်အချိုး နှစ် … ငါ့အတွက်က ရှစ်”
“ အဲဒါက အရှင်က ဘာမှမစတေးရတဲ့အခါမှာ နည်းနည်းမများလွန်းဘူးလား”
“ လွတ်လပ်ခွင့်ဆိုတာက တန်ကြေး ဆုံးဖြတ်လို့မရဘူးဆိုတာကို မင်း နားလည်သင့်တယ်။ လူသားမျိုးနွယ်ကို မျိုးဆက်များစွာအထိ အစားအစာအဖြစ် နေစေချင်လို့လား”
တာအိုဆရာ အစိမ်းရောင်နှလုံးသားက သက်ပြင်းချကာ “ အရှင်ပြောတာ ဟုတ်ပါတယ်။ ကျုပ် တခြားအခြေစိုက်စခန်းတွေကို သွားပြီးတော့ ဖျောင်းဖျလိုက်ဦးမယ်”
“ သူတို့ကို ဒီအစီအစဉ်အကြောင်း ထုတ်မပြောခင် အရင်ဆုံး လက်မှတ်ထိုးခိုင်းဖို့ မှတ်ထား။ တကယ်လို့ တစ်ယောက်ယောက်က ငြင်းပယ်ခဲ့တယ်ဆိုရင် သူ့ကို မြန်မြန် ရှင်းထုတ်လိုက်”
“ ကျုပ်တို့ကြားမှာ သစ္စာဖောက်ရှိနေတယ်လို့ သံသယရှိနေတာလား။ အဲဒါက မဖြစ်နိုင်ဘူး”
“ မတုံးအစမ်းပါနဲ့။ ဒီလိုရက်စက်တဲ့ လောကမျိုးမှာ တစ်ယောက်ယောက်က သူတို့မျိုးနွယ်ကို အသက်ရှင်သန်ဖို့ မရောင်းဘူးဆိုတာမျိုးက ထူးဆန်းနေလိမ့်မယ်”
တာအိုဆရာ အစိမ်းရောင်နှလုံးသားက ထိုအကြောင်းကို သိထားသော်လည်း လက်မခံနိုင်ပေ။ သူက သက်ပြင်းချလိုက်ပြီးနောက် ထွက်ခွာသွား၏။ သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင် သူက တခြားသော လူလတ်အရွယ် အမျိုးသားသုံးယောက်နှင့်အတူ ပြန်ရောက်ရှိလာသည်။ သို့သော်လည်း သူတို့က ပျော်ရွှင်နေဟန်မပေါ်ပေ။
“ ဘယ်သူက သစ္စာဖောက်လဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ အဲဒါက အရေးမကြီးပါဘူး” တာအိုဆရာ အနီရောင်နှလုံးသားက ဖြေလိုက်၏ “ အရှင့်ရဲ့ အစီအစဉ်က တကယ်အလုပ်ဖြစ်ပါ့မလား”
“ မင်းတို့သာ အသက်ကို စတေးရဲသရွေ့ပေါ့”
“ ကျုပ်တို့က သေရမှာကို မကြောက်ဘူး။ ကျုပ်တို့က အဓိပ္ပာယ်မဲ့ သေဆုံးမှာကိုပဲ ကြောက်တာ။ ကျုပ်တို့ရဲ့ လူသားမျိုးနွယ်က အခုရှိနေပြီးသား အခြေအနေထက် ပိုဆိုးရွားသွားမှာကိုပဲ ကြောက်တာ”
“ မင်းတို့သာ ဒီဆုံးဖြတ်ချက်ကို ထိန်းထားနိုင်သရွေ့ အရာအားလုံးအဆင်ပြေသွားလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ ကောင်းပြီ။ အဲဒါဆို ကျုပ်တို့ ဘယ်အချိန်စမှာလဲ” တာအိုဆရာ အဝါရောင်နှလုံးသားက မေးလိုက်သည်။
“ ဒါက မြန်မြန်ဆန်ဆန် ရှင်းထုတ်ပစ်ရမဲ့ နတ်ဆိုးမျိုးနွယ် စာရင်းပဲ” ဝမ်ဝေ့က သူတို့အား ငရဲကျားမျိုးနွယ် ပါဝင်သည့် စာရင်းတစ်ခုအား ထုတ်ပေးလိုက်သည်။
“ ဒီအစီအစဉ်က အလှမ်းကွာလွန်းတယ်လို့ ထင်တယ်” တာအိုဆရာ အပြာရောင်နှလုံးသားက ပြောလိုက်သည်။
“ ခင်ဗျားက ဘာတွေစိုးရိမ်နေတာလဲ” ဝမ်ဝေ့က မေးလိုက်၏။
“ ဒီနတ်ဆိုးမျိုးနွယ်က သူတို့ရဲ့ အခြေခံအုတ်မြစ်အနေနဲ့ မဟာဧကရာဇ် နှစ်ဆယ်၊ သုံးဆယ်ကြား ရှိတယ်။ ကျုပ်တို့က ဘယ်လိုမျိုး ဖျက်ဆီးပစ်မှာလဲ”
ဝမ်ဝေ့က သူ့အား ကြည့်လိုက်ပြီးနောက် သူက ဆုံးဖြတ်ချက်ပြတ်သားသည့်သူ မဟုတ်ကြောင်း သိလိုက်သည်။
“ မင်းတို့တွေ မဟာငှက်ကြီးဧကရာဇ်ဆိုတာကို သိလား”
“ သိတာပေါ့။ သူတို့က ကျုပ်တို့ ကံဆိုးမှုတွေအားလုံး စတင်ခဲ့တဲ့နတ်ဆိုးပဲ”
ဤကမ္ဘာ၏ ပထမဦးဆုံး ထာဝရဧကရာဇ်တစ်ပါးအနေနှင့် ကြာရှည်သည့် သက်ရောက်မှုမျိုး ရှိ၏။
“ မဟာငှက်ကြီးဧကရာဇ်က နတ်ဆိုးမျိုးနွယ်ရဲ့ လွှမ်းမိုးမှုကို ဖန်တီးခဲ့ပေမဲ့ သူ့ရဲ့ မူဝါဒတွေက သူ့အတွက် ပျက်စီးမှုဖြစ်လာစေမှာပဲ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ အဲဒါက ဘာကိုပြောချင်တာပါလဲ”
“ မျိုးနွယ်အများစုက မဟာဧကရာဇ် တစ်ဆယ်၊ နှစ်ဆယ်နဲ့ သုံးဆယ်အထိ ရှိကြတယ်။ ဒါပေမဲ့ ဒါက သူတို့အင်အားရဲ့ ရလဒ် မဟုတ်ဘူး။ မဟာငှက်ကြီးဧကရာဇ်က မျိုးနွယ်စုအချင်းချင်းကြားမှာ လျှို့ဝှက်သဘောတူညီမှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ အဲဒါက မျိုးဆက်တစ်ခုချင်းစီမှာ သူတို့က ကောင်းကင်အလိုဆန္ဒကို လွှဲပြောင်းပေးရမဲ့ မျိုးနွယ်တစ်ခုကို ရွေးချယ်ဖို့ပဲ”
“ ဘယ်လို။ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” တာအိုဆရာ အနီရောင်နှလုံးသားက အော်ပြောလိုက်သည်။
“ အဲဒါက ကမ္ဘာရဲ့ ကောင်းကင်တာအိုက စည်းမျဉ်းတွေနဲ့ လုပ်ထုံးတွေအပေါ်မှာ မတင်းကြပ်တဲ့အခါမျိုးမှာ ဖြစ်လာနိုင်တယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“ ဒါပေမဲ့ အဲဒါက ကျုပ်တို့အစီအစဉ်ကို ဘယ်လိုကူညီပေးနိုင်မှာလဲ” တာအိုဆရာ အပြာရောင်နှလုံးသားက မေးလိုက်သည်။
“ အဲဒီမျိုးနွယ်တွေမှာရှိတဲ့ ဧကရာဇ်အများစုက တတိယတန်းစားနဲ့ ဒုတိယတန်းစားလောက်ပဲ ရှိတယ်။ အများစုက အတုအယောင် ဧကရာဇ်တွေများတယ်။”
“ အတုအယောင် ဧကရာဇ်တဲ့လား”
ဝမ်ဝေ့က သူတို့၏ မျက်နှာအထက်မှ စိတ်ရှုပ်ထွေးနေသည့် အမူအရာကို ကြည့်ကာ ခေါင်းခါလိုက်၏။ ကျင့်ကြံသူများအတွက် အမြင်ကျယ်မှုက အရေးပါလှသည်။
“ ကောင်းကင်အလိုဆန္ဒကို ခံယူနိုင်မဲ့ တာအိုနှလုံးသား ဒါမှမဟုတ် သင့်တော်တဲ့ အုတ်မြစ်မရှိတဲ့ မဟာဧကရာဇ်တွေကို ပြောတာ။ မင်းတို့တွေက ဒါကိုမသိဘဲနဲ့ တာအိုဘိုးဘေး ဘယ်လိုလုပ်ဖြစ်လာမှာလဲ။”
လေးယောက်က တစ်ယောက်နှင့်တစ်ယောက် ရှက်ရွံစွာ ကြည့်လိုက်တော့သည်။
“ ကျုပ်တို့လူသားမျိုးနွယ်ရဲ့ မှတ်တမ်းတွေအားလုံးက ဖျက်ဆီးခံလိုက်ရတယ်။ အဲဒါက ကျုပ်တို့ရဲ့သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဇစ်မြစ်နဲ့ ကျုပ်တို့ပြောတဲ့ ဘာသာစကားလည်း အပါအဝင်ပဲ” အစိမ်းရောင် နှလုံးသားက လက်ရှိ နတ်ဆိုးဘာသာစကားကို ပြောနေရသည်ကို ညည်းတွားရင်း ဖြေလိုက်၏။
“ ဒါပေမဲ့ မင်းတို့တွေက ဒါတွေကို သင်ယူဖို့ရာ အသက်ရှည်ရှည်နေထိုင်ခဲ့တာပဲလေ။ အနည်းဆုံးတော့ မင်းတို့ကို ဖန်တီးခဲ့တဲ့ မဟာဧကရာဇ်ဆီက သင်ယူခဲ့ရမှာပဲ”
“ အဲဒါက မဟာဧကရာဇ်က ကျုပ်တို့ကို ဖန်တီးခဲ့တာ မဟုတ်ဘူး။ ကျုပ်တို့က အမွေအနှစ် တာအိုမျိုးစေ့ဆီကနေ စွမ်းအားကို အမွေရထားတာပါ”
ဒီလိုအရာတွေက မသေမျိုးအဆင့် စွမ်းအားကို ရရှိနိုင်တာလား…
ဝမ်ဝေ့က သူတို့တွင် ပညာရပ်မျိုးရှိလားဟု ဘိုးဘေးဝမ်ဝူချန်အား မေးဖို့ရာ ဆုံးဖြတ်လိုက်သည်။ အကယ်၍ မရှိပါက သူ့ဂိုဏ်းသို့ ပြန်လည်ယူဆောင်သွားသည်က အကောင်းဆုံး ဖြစ်၏။
“ ပြောလက်စကို ပြန်ပြောရအောင်။ နတ်ဆိုးမျိုးနွယ်အများစုရဲ့ ဧကရာဇ်တွေက အားနည်းနေတာကြောင့် သူတို့ဆီမှာ ဆန့်ကျင်အဆင့်တွေ ရှိမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီအဆောင်နဲ့ဆိုရင် သူတို့ကို အားစိုက်ထုတ်စရာ မလိုဘဲနဲ့ ဖျက်ဆီးနိုင်လိမ့်မယ်”
“ ကောင်းပြီ။ ကျုပ်တို့ ဘယ်အချိန်တိုက်ကြမလဲ” အနီရောင် နှလုံးသားက မေးလိုက်သည်။
“ နောက်သုံးရက်နေရင် တိုက်မယ်။ လိုအပ်တဲ့လူတွေအားလုံးကို စုစည်းထားလိုက်”
“ ဘာလို့ စောစောစီးစီး မတိုက်တာလဲ”
“ ငါတို့တွေ ပိုခိုင်မာတဲ့ အခြေစိုက်စခန်းအသစ် တစ်ခု လိုလိမ့်မယ်”
………………………
ငရဲကျားမျိုးနွယ်ပိုင်နက်၊ လျှို့ဝှက်နယ်မြေအတွင်း
“ ကျစ်အာက ဘယ်လိုနေသေးလဲ” အစိမ်းရောင်ရေကန်ထဲရှိ ခန္ဓာကိုယ်ကို ကြည့်ရင်း အမျိုးသမီးတစ်ဦးက မေးလာသည်။
“ မျိုးနွယ်က သူ့အုတ်မြစ်ကို ဖန်တီးဖို့ ဧကရာဇ်ဆေးလုံးကို အသုံးပြုပေးထားတယ်။ နှမြောစရာကောင်းတာက သူ့ရဲ့တာအိုအရင်းအမြစ်မျိုးစေ့နဲ့ ပတ်သက်ပြီး ငါတို့လုပ်နိုင်တာ မရှိဘူး”
“ ကျစ် သူက ဒီလိုအဖိုးတန်တဲ့ အရာမျိုးကို ဘယ်လိုဖြုန်းတီးပစ်ရတာလဲ”
“ အဲဒါက ကိစ္စမရှိပါဘူး။ သူသာ နောက်လာမဲ့ ပြိုင်ပွဲမှာ တစ်ဖက်လူကို အနိုင်ပိုင်းနိုင်တာနဲ့ စည်းမျဉ်းတွေအရ တခြားမျိုးနွယ်တွေက ကောင်းကင်အလိုဆန္ဒကို သူ့ဆီပေးလာမှာပဲ”
“ သူတို့က သူတို့စကားကို ပြန်မရုတ်သိမ်းဖူးတာတော့ မဟုတ်ဘူးလေ။ မျိုးစေ့နဲ့ဆိုရင် သူက သူတို့ကို မြန်မြန်ဆန်ဆန် ရှင်းထုတ်နိုင်တာပေါ့”
လူလတ်အရွယ် အမျိုးသားဖြစ်သူ ရီထွေ့ကျစ်၏ အဖေက ပုခုံးတွန့်လိုက်သည်။ သူက သူ့သားသည် မျိုးစေ့ကို ဖြုန်းတီးပစ်သည်မှာ တုံးအကြောင်း တွေးမိလေသည်။ သို့သော် ဆုံးရှုံးသွားပြီဖြစ်၍ ယခုအခါ ဘာမှမတတ်နိုင်တော့ပေ။
“ သူ့ကို လုပ်တဲ့သူကရော ဘယ်လိုလဲ။ သူ့ကို ဒီအတိုင်းလွှတ်ထားပေးမှာလား”
“ အဲဒီလူက အသင်္ချေအင်ပါယာကမ္ဘာက အားအကောင်းဆုံးဂိုဏ်းကပဲ။ ငါတို့သာ ကျူးကျော်ဖို့အတွက် မဟာမိတ်တစ်ခုလုံးရဲ့ ထောက်ပံ့မှုကို မရနိုင်သရွေ့ တစ်ယောက်တည်း သွားတာက ကိုယ့်ကိုယ်ကို သတ်သေနေသလိုပဲ”
“ အဲဒါဆိုတော့ သူက ကျွန်မတို့သားကို ထိခိုက်အောင်လုပ်ပြီးတော့ လွှတ်ပေးထားရမှာလား”
“ သူ့အတွက် လက်စားချေနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက တာအိုကို သက်သေပြပြီးတော့ တခြားအဖွဲ့တွေ ကျရှုံးသွားဖို့ မျှော်လင့်ရမှာပဲ။ မဟုတ်ရင် ဒါက ငါတို့နဲ့ လက်လှမ်း မမှီတော့ဘူး”
အမျိုးသမီးက ထိုအရာကို ကြားပြီး အမူအရာ ပျက်ယွင်းသွားသည်။ သူမက ထပ်ပြောတော့မည့်ဆဲဆဲတွင် လျှို့ဝှက်နယ်မြေတစ်ခုလုံး တုန်ခါသွား၏။
“ ဘာဖြစ်နေတာလဲ”
နှစ်ယောက်သားက နေရောင်ကို မြင်ရဖို့ အပြင်ဘက်သို့ ပြေးထွက်လာသည်။ ငရဲကျား၏ သွေးမျိုးဆက်က သဘာဝအားဖြင့် ယင်ဓာတ်ရှိပြီး သူတို့၏ မျိုးနွယ်၏ ပင်မဌာနချုပ်က ယင်စွမ်းအားစုစည်းရာ မြေအောက်ထဲတွင် တည်ရှိလေသည်။ ထို့ကြောင့် နေရောင်ကို မြင်ဖို့ရာ ခက်ခဲ၏။
သို့သော်လည်း အခြေအနေနှင့် ပတ်သက်ပြီး ထူးဆန်းနေသည့်အရာ မရှိပေ။ မျိုးနွယ်ကို ကာကွယ်ဖို့ရာအတွက် မျိုးနွယ်၏ ဧကရာဇ်အစီအရင်နှင့် ဝင်္ကပါ ၂၇ ခု လုံးက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့် လက်ကြီးအား ကာကွယ်ဖို့အတွက် အသက်ဝင်လာကြသည်။
ရီထွေ့ကျစ်၏ အဖေက ထိုလက်ကြီးကို ထိန်းချုပ်နေသည့်လူအား မြင်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။
“ လူသားခုခံကာကွယ်ရေးဘက်က တာအိုဆရာ အနီရောင်နှလုံးသားလား … သူက ဘယ်လိုလုပ် အဲ့လောက်အားကောင်းနေတာလဲ”
သူက ယခင်တိုက်ကွက်သည် ပထမတန်းစား ဧကရာဇ်အဆင့်ထိ ရောက်ကြောင်း ပြောနိုင်လေသည်။ ထို့နောက် သူက ရုတ်ချည်းဆိုသလို သူ့သား၏ ဘဝကို ပျက်စီးစေလုနီးပါး ဖြစ်သွားစေခဲ့သည့် အေးစက်စက်နှင့် မထူးမခြားနား ရှိသည့် ခဲဖြူရောင်မျက်ဝန်းတစ်စုံကို အမှတ်ရသွားလေ၏။
ဝုန်း…ဝုန်း…ဝုန်း…
ဧရာမလက်ကြီးက အကြိမ်တချို့ သက်ဆင်းလာပြီးနောက် အစီအရင်များအား ချိုးဖျက်ပစ်လိုက်သည်။ ထို့နောက် လက်ကြီးက ငရဲကျားနတ်ဆိုးမျိုးနွယ်၏ သေမျိုးများနှင့် မသေမျိုးများအားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။
တာအိုဆရာ အနီရောင်နှလုံးသားက ဧကရာဇ်အသုံးအဆောင်များ၊ လျှို့ဝှက်နယ်မြေနှင့် နတ်ဆိုး၏ အလောင်းများအပါအဝင် ဂိုဏ်း၏ အရင်းအမြစ်အားလုံးကို ယူဆောင်၍ အခြေစိုက်စခန်းသို့ ဝင်ရောက်လာသည်။
နတ်ဆိုးအထွတ်အထိပ်ကမ္ဘာတစ်လျှောက်တွင် ဧကရာဇ်မျိုးနွယ်များက မိနစ်ပိုင်းအတွင်း ဘယ်သူမှ မတုံ့ပြန်နိုင်ခင် ဖျက်ဆီးခံလိုက်ရသည်။ တာအိုအခွင့်အလမ်းဂိုဏ်းမှ ဆန့်ကျင်အဆင့်များ၏ စွမ်းအားပါဝင်နေသည့် အဆောင်များကို အသုံးပြုကာ လူသားခုခံကာကွယ်ရေးဘက်မှ တာအိုဘိုးဘေးများက အလျင်အမြန်တုံ့ပြန်ပြီး နောက်ဆုတ်လာကြသည်။
ထို့အပြင် ဝမ်ဝေ့က သူ့စွမ်းအား ပါဝင်သည့် အစစ်အမှန်အုပ်ချုပ်သူ အဆောင်များအား ပေးထားပြီး ဧကရာဇ် မရှိသည့် မျိုးနွယ်များနှင့် တခြားသော မျိုးနွယ်များကို ဖျက်ဆီးခိုင်းခဲ့သည်။
ဧကရာဇ်တစ်ပိုင်းကိုပင် အလွယ်တကူဖျက်ဆီးနိုင်သည့် သူ့စွမ်းအားဖြင့် သူတို့က ပုရွက်ဆိတ်မှအပ ဘာမှမဟုတ်ပေ။ တာအိုအုပ်ချုပ်သူနှင့် မတူဘဲ ထိုလူသားများက အသေခံ စစ်သားအဖြစ် ရွေးချယ်ခံရသော်လည်း သူတို့က နောက်ဆုတ်ဖို့ မလိုဘဲ သူတို့သေသည့်အထိ သတ်ဖြတ်ကြသည်။
ထို့ကြောင့် တစ်ရက်အတွင်း ထိုလူသားများက နတ်ဆိုးမျိုးနွယ်၏ လူဦးရေ ငါးရာခိုင်နှုန်းကို သတ်ဖြတ်နိုင်ခဲ့သည်။ သူတို့က စကြဝဠာတစ်ခုလုံး၏ ၅ ရာခိုင်နှုန်းကို သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်၏။
ဝမ်ဝေ့က လူသားများ၏ ရူးနှမ်းမှုနှင့် နတ်ဆိုးများအပေါ် အမုန်းတရားများကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။
………………………
လူသားခုခံကာကွယ်ရေး၏ အခြေခံစခန်းအသစ်အတွင်း
ဝမ်ဝေ့က တာအိုဘိုးဘေး၏ သက်တမ်းကို စုပ်ယူခြင်း ပြီးဆုံးသွားလေပြီ။ တာအိုကလေးငယ်နှင့် မတူဘဲ သူက တစ်ယွမ်ခေတ်ကာလကို ကိုးကြိမ် စုပ်ယူခဲ့ရသည့်အတွက် ၉ ယွမ်ခေတ်ကာလ ရလိုက်လေသည်။ထို့နောက် တာအိုဘိုးဘေး၏ အလောင်းက ချက်ချင်းဆိုသလို ပျက်သုဉ်းသွား၏။
သူက သူ့လက်ထဲရှိ သက်တမ်းများကို ကြည့်ကာ ပြုံးလိုက်မိသည်။ ရီထွေ့ကျစ်၏ သက်တမ်းကို စုပ်ယူပြီးသည့်နောက်တွင် သူက သူ့လူဝင်စား ၈ ယောက်လုံးသည် သေမျိုး၏ သက်တမ်းဖြစ်သည့် တစ်ယွမ်ခေတ်ကာလဆီ နေထိုင်ပြီး စည်းမျဉ်းကို နားလည်ဖို့ အချိန်ယူနိုင်လိမ့်မည်ဟု အတွေးတစ်ခု ရှိလာခဲ့သည်။ ထို့နောက် သူက အားလုံးကို ပေါင်းစပ်ပစ်လိမ့်မည်။
သူ အောင်မြင်သွားသည်နှင့် တိထျန်း၏ ရွှေရောင်စည်းမျဉ်း သစ်ပင်ကို ကျော်လွန်ကောင်း ကျော်လွန်သွားနိုင်၏။
***