တော်လှန်ခြင်း
Vol. 39 Ch. 543
ဝမ်ဝေ့က သူ့လက်ထဲရှိ သက်တမ်းကို ကိုင်ဆောင်ရင်း တစ်စုံတစ်ခု ထူးဆန်းနေကြောင်း ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်သည်။ ထို့ကြောင့် သူက ပြဿနာအား အလျင်အမြန် တွက်ချက်ကာ သူ့လူဝင်စား တစ်ယောက်ချင်းစီသည် တစ်ယွမ်ခေတ်ကာလစီ မနေနိုင်ကြောင်း သိလိုက်ရသည်။
တစ်ယွမ်ခေတ်ကာလသည် သေမျိုးတစ်ယောက်၏ ကန့်သတ်ချက်ဖြစ်ပြီး သူ့လူဝင်စားများက သူ့တည်ရှိမှု၏ အစိတ်အပိုင်းဖြစ်သည့်အတွက် သူတို့သက်တမ်းက သူ့သက်တမ်းသာ ဖြစ်သည်။ အကယ်၍ တစ်ယောက်ချင်းစီက တစ်ယွမ်ခေတ်ကာလတွင် နေထိုင်နိုင်လျှင် ပင်မခန္ဓာကိုယ်က သက်တမ်းပြတ်လပ်သွားလိမ့်မည်။
တခြားနည်းဖြင့်ဆိုရလျှင် သူက မိုးမြေ၏ ကန့်သတ်ချက်မှ လွတ်မြောက်ဖို့ သူတို့အား အသုံးမပြုနိုင်ပေ။ ဝမ်ဝေ့က ထိုကန့်သတ်ချက်ကို ဖယ်ရှားနိုင်သည့် နည်းလမ်းရှိထားကြောင်း သေချာသော်လည်း ထိုနည်းလမ်းက ဒိုင်မေးရှင်းအနိမ့်တွင် မတည်ရှိလောက်ပေ။
ကိစ္စမရှိဘူး။ ငါက လူဝင်စားတွေရဲ့ နားလည်နိုင်စွမ်းကို မြှင့်တင်ဖို့ သက်တမ်းကို အသုံးပြုနိုင်သေးတယ်…
သက်တမ်းကို ထိုနည်းဖြင့် အသုံးပြုခြင်းက ဝိညာဉ်အပေါ် နားလည်နိုင်စွမ်းနှင့် နက်နဲသည့်ထိန်းချုပ်မှုတို့ လိုအပ်သောကြောင့် လူအများစုက မလုပ်ဆောင်နိုင်ကြပေ။ သို့သော် သူက လုပ်နိုင်လေ၏။
ထို့နောက် သူက သူ့အကျိုးအမြတ်ကို တွက်ချက်ကြည့်လိုက်သည်။ ဧကရာဇ်အသုံးအဆောင်များ၊ အစီအရင်အတွက် အသုံးပြုသည့် ပစ္စည်းများ၊ သိုလှောင်ထားသည့် ပစ္စည်းများနှင့် မသေမျိုးအဆင့် အလောင်းများစွာအား ရရှိလိုက်သည်။
ထိုအကျိုးအမြတ်ဖြင့် ဝမ်ဝေ့က သူ့လူဝင်စားအများစုအတွက် ဟွင်သွမ်းပစ္စည်းဖြင့် လဲလှယ်ဖို့ရာ အရင်းအမြစ်လုံလောက်ပြီဖြစ်၏။ သို့သော် ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ သူက နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ တစ်ခုလုံးကို ဖြိုဖျက်ပစ်ဖို့အထိ မစောင့်နိုင်တော့ပေ။
ရီထွေ့ကျစ်အတွက်မူ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီးသား ဖြစ်၏။ သူက တိတ်တဆိတ် ခေါင်းခါလိုက်မိသည်။ အကယ်၍ ထိုလူက သူ့တာအိုအရင်းအမြစ် မျိုးစေ့ ထိန်းချုပ်မှုကို ရယူပြီးသည့်နောက် ရပ်တန့်ခဲ့လျှင် ဝမ်ဝေ့က သူနှင့် တိုက်ခိုက်ဖို့ ရပ်တန့်လိုက်မည် ဖြစ်၏။
ထိုသူသည်လည်း သူ့တားမြစ်ခံစစ်ဆေးမှုကို အောင်မြင်သွားကာ တာအိုအရှင်တစ်ယောက် ဖြစ်လာလိမ့်မည်။ ကံဆိုးစွာဖြင့် သူက မာနကြီးလွန်းနေ၏။
ဝမ်ဝေ့က စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများသည် အားကောင်းသော ပါရမီရှိသည့် လူများအတွက် ကျဆုံးမှုဖြစ်နိုင်ကြောင်း သင်ယူပြီးသည့်နောက်တွင် သူက ယခင်သဘောတူထားသည့်အတိုင်း ၈၀ ရာခိုင်နှုန်းကို ယူဆောင်လိုက်သည်။
နှလုံးသားရောင်စုံ တာအိုဆရာများက ထိုအရာကို မြင်ပြီး နာကျင်မိကြသော်လည်း သူတို့သည် ဤသို့ပြီးမြောက်နိုင်သည့်အချက်ကို တွေးကြည့်ပြီးသည့်နောက်တွင် သူနှင့် ထိုက်တန်ကြောင်း သိလိုက်ကြသည်။ ဝမ်ဝေ့က ထပ်မံ တောင်းဆိုလာလျှင်ပင် အကျိုးအကြောင်းသင့်လေသည်။
“ အရှင်ချူးမို နောက်အဆင့်ကရော ဘယ်လိုလဲ။ ကျုပ်တို့ ထပ်ပြီးတော့ တိုက်ခိုက်ကြမှာလား” အနီရောင် နှလုံးသားက မေးလိုက်သည်။
“ ဒါက နည်းနည်းအန္တရာယ်မများလွန်းဘူးလား” အပြာရောင် နှလုံးသားက မေးလိုက်သည်။
“ သူတို့တွေရဲ့ ခွန်အားနဲ့ ပတ်သက်ပြီးတော့ ဘာမှစိုးရိမ်စရာမလိုဘူး”
ဝမ်ဝေ့က သူတို့နှစ်ဦးအား ကြည့်လိုက်သည့်အချိန် သူတို့က စကားပြော ရပ်တန့်လိုက်ကြ၏ “ ခင်ဗျားတို့တွေက ဒီဆန့်ကျင်အဆောင်ကို သုံးပြီးတော့ ဘယ်လောက်တောင့်ခံနိုင်လဲ”
လေးယောက်သားက စက္ကန့်ပိုင်းကြာတိတ်ဆိတ်သွားပြီးနောက် အစိမ်းရောင်နှလုံးသားက ပြောလာသည် “ တကယ်လို့ ကျုပ်တို့သာ တွန်းအားပေးမယ်ဆိုရင် နောက်ထပ် သုံးကြိမ်လောက် ထပ်လုပ်နိုင်သေးတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ပထမတန်းစားဧကရာဇ်၏ စွမ်းအားကို အဆောင်မှတဆင့် အဆင့်(၁) တာအိုဘိုးဘေးများအား ပေးသည်က ပိုမိုလွယ်ကူသည့် ဖြစ်ရပ်တော့ မဟုတ်ပေ။ သူတို့က စွမ်းအားကို ခံနိုင်ရည် မရှိမည်ကို စိုးရိမ်ရသည်။
ဝမ်ဝေ့က နောက်အဆင့်ကို စီစဉ်ထားပြီးသားဖြစ်သော်လည်း ချက်ချင်း ရှင်းမပြသေးပေ။ သူက သတင်းအချက်အလက် ပိုမို၍ လိုချင်မိသည်။ ထို့ကြောင့် သူက ဝိညာဉ်အမှုန်ဖြင့် ထိုနတ်ဆိုးမျိုးနွယ်ပိုင်နက်ထဲ သိမ်းဆည်းထားသည့် ကျမ်းသန်းချီကို ဖတ်ရှုလိုက်ပြီး ဤကမ္ဘာ၏ သမိုင်းကြောင်းနှင့် လျှို့ဝှက်ချက်များကို သင်ယူလိုက်သည်။
“ စိတ်ဝင်စားစရာပဲ” သူက ရေရွတ်လိုက်သည်။
“ အရှင်ချူးမို တစ်ခုခုများတွေ့လို့လား”
“ မဟာငှက်ကြီးမျိုးနွယ်က အတော်လေးကို လုပ်နိုင်စွမ်းရှိတယ်။ သူတို့ကို အပေါ်ယံမြင်ရတာထက်စာရင်ပေါ့”
လေးယောက်သားက တစ်ယောက်နှင့်တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
“ နတ်ဆိုးအထွတ်အထိပ် မဟာမိတ်က ကောင်းကင်အလိုဆန္ဒကို ပြိုင်ပွဲ မတိုင်ခင်ကတည်းက ခွဲထားပြီးသားပဲ။ ဒါပေမဲ့ ဒီကမ္ဘာက ဘာကြောင့် အားနည်းမသွားရတာလဲ။ အဲဒီအစား သူတို့က ထာဝရဧကရာဇ် နှစ်ပါးတောင် မွေးထုတ်ပေးနိုင်သေးတယ်”
သူတို့က ထိုအရာကို မသိကြပေ။
“ မဟာငှက်ကြီးမျိုးနွယ်က တခြားကမ္ဘာ့အသိုက်အဝန်းက ကျောင်းလုံနဲ့ ခရမ်းလိပ်မျိုးနွယ်တို့ကို ခေါ်ဆောင်လာခဲ့တယ်။ သူတို့က အဲဒီမှာနတ်ဆိုးမျိုးနွယ်က ဖိနှိပ်ခံရပြီးတော့ ပျက်သုဉ်းလုနီးပါး ဖြစ်သွားတဲ့အချိန်မှာ ဒီကို ခေါ်ဆောင်လာခဲ့တာပဲ”
“ ဒါက ဘယ်လိုလုပ် ကူညီတာ ဖြစ်တာလဲ” အနီရောင်နှလုံးသားက မေးလိုက်သည်။ သူ တစ်ယောက်တည်းသာ နားမလည်ခြင်း မဟုတ်ဘဲ တခြားသူများကလည်း သူတို့သည် တုံးအဟန် မပေါ်လို၍သာ မေးဖို့ရာ ရှက်ရွံ့နေကြခြင်း ဖြစ်၏။
“ ပုံမှန်ဆိုရင် မျိုးစိတ်တွေ မဖျက်ဆီးခံရခင်မှာ တန်ပြန်တုံ့ပြန်ဖို့ သူတို့ရဲ့ မျိုးနွယ် ကံကောင်းမှုက ပြိုင်ဘက်ကင်းပါရမီရှင်ကို ဖန်တီးတယ်။ အဲဒီသူက အဲဒီမျိုးနွယ်ရဲ့ ကံကြမ္မာသားတော်ပဲ”
“ ကျုပ် သိပြီ။ အဲဒါဆိုတော့ သူတို့က တခြားကမ္ဘာကနေ ကျောင်းလုံနဲ့ ခရမ်းလိပ်မျိုးနွယ်တို့ရဲ့ ကံကြမ္မာသားတော်တွေကို ခေါ်လာပြီးတော့ သူတို့ကို နတ်ဆိုးအထွတ်အထိပ်ကမ္ဘာမှာ တာအိုကို သက်သေပြစေခဲ့တာပေါ့။ အဲဒါကြောင့်မလို့ ထာဝရဧကရာဇ်နှစ်ပါး မွေးထုတ်ပေးနိုင်တာပေါ့” အစိမ်းရောင် နှလုံးသားက ရုတ်ချည်းဆိုသလို သဘောပေါက်သွားသည်။
“ အဲဒါဆို ကျုပ်တို့လူသားမျိုးနွယ်ကို ဘာလို့ ရှင်းထုတ်မပစ်ရတာလဲ”
“ ကြည့်ရတာ အကြောင်းအရင်းတစ်ချက်ကြောင့် ဖြစ်လိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါပေမဲ့ ဒီသတင်းအချက်အလက်က ကျုပ်တို့နောက်ထပ် တိုက်ခိုက်မှာနဲ့ ပတ်သက်ပြီး ဘာများပတ်သက်မှုရှိလို့လဲ” အနီရောင် နှလုံးသားက မေးလိုက်သည်။
“ အဲဒီမျိုးနွယ်သုံးခုက ပထမတန်းစားဧကရာဇ်နဲ့ ယှဉ်နိုင်တဲ့ ဆန့်ကျင်ရွေးချယ်ခံတွေ ရှိကြတယ်ဆိုတာကိုတော့ သိထားတယ်။ ပြီးတော့ သူတို့ ပြုစုပျိုးထောင်တဲ့ မဟာဧကရာဇ်တွေကို သေချာကြည့်ကြည့်ရင် သူတို့က တခြားသူတွေထက် ပထမတန်းစား ဧကရာဇ် ပိုများတယ်။ ငါတို့အစီအစဉ် အောင်မြင်တာက ငါတို့တွေ လျင်မြန်ပြီးတော့ ရုတ်ချည်း ဝင်တိုက်ခိုက်နိုင်လို့ပေါ့။
တကယ်လို့ ထပ်ပြီးတော့ စမ်းကြည့်မယ်ဆိုရင် အဲဒီမျိုးနွယ်တွေရဲ့ ဘိုးဘေးတွေက ခင်ဗျားတို့အားလုံးကို ဝိုင်းဝန်းတိုက်ခိုက်ပြီးတော့ သုတ်သင်ပစ်လိမ့်မယ်”
“ အဲလိုလား။ ရေရှည်အနေနဲ့ဆိုရင် ကျုပ်တို့အပြုအမူတွေက မဟာမိတ်စွမ်းအားအတွက် အနည်းငယ် လျှော့ချစေသလိုဖြစ်မှာပေါ့”
“ ဘယ်ဟုတ်ပါ့မလဲ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည် “ ကျုပ်တို့ရဲ့ ဒုတိယအစီအစဉ်က မဟာမိတ်ရဲ့ အုတ်မြစ်ကို တိုက်ခိုက်ဖို့ပဲ။ အဆင့်နိမ့်နတ်ဆိုးတွေကိုပေါ့”
“ သူတို့လား။ သူတို့က အရေအတွက်များပေမဲ့ အသုံးမဝင်ဘူး” အဝါရောင် နှလုံးသားက ပြောလိုက်သည်။
“ သူတို့ရဲ့ အရေအတွက် များပြားလွန်းလို့ သူတို့က မဟာမိတ်အုတ်မြစ်ဖြစ်နေတဲ့အချက်ပဲ”
“ အရှင် ကျုပ်ကို ထပ်ပြီးတော့ ပြောပြလို့ရမလား”
ဝမ်ဝေ့က ထိုလူများ၏ မသိနားလည်မှုကို စိတ်ထဲမထားပေ။ သူတို့၏ ဘဝအများစုက ဤကမ္ဘာအတွင်း ဗဟုသုတမရှိဘဲ သမိုင်းကြောင်းအများစု ဖျက်ဆီးခံရပြီး နေထိုင်သူများ ဖြစ်နေကြောင်း နားလည်လေသည်။
ထို့ကြောင့် သူက ရှင်းပြလိုက်သည်။ သူက လေးပိုင်းခွဲခြားထားသည့် ပိရမစ်ပုံစံကို ဆွဲပြလိုက်၏။
“ မဟာမိတ်ကို အဆင့်အတန်းလေးမျိုး ခွဲခြားနိုင်တယ်။ အပေါ်ဆုံးမှာတော့ ဧကရာဇ်မျိုးနွယ် ရှိမယ်။ အထူးသဖြင့် အဲဒီမျိုးနွယ်တွေက မဟာဧကရာဇ်တွေကို မွေးထုတ်ပေးတဲ့ မျိုးနွယ်တွေပေါ့။ သူတို့တွေကို အမြင့်မြတ်ဆုံး သွေးမျိုးဆက်ရှိတဲ့ နတ်ဆိုးတွေအဖြစ် ယူဆလို့ရတယ်။ ကျုပ်အစီအစဉ်ကို နားလည်ဖို့ သူတို့နဲ့ မဆိုင်ဘူးဆိုတော့ ဆက်ပြီး မပြောတော့ဘူး။
ဒုတိယတန်းစားက ဆွေကြီးမျိုးကြီးမျိုးနွယ်လို့ ခေါ်တယ်။ သူတို့က မဟာဧကရာဇ် မရှိတဲ့ မျိုးနွယ်တွေ။ ဒါပေမဲ့ သူတို့က နားလည်ဖို့ လွယ်ကူတယ်။ တတိယတန်းစား ဧကရာဇ်ကတော့ ချမ်းသာတဲ့ မျိုးနွယ်ပေါ့။ အဲဒီမျိုးနွယ်တွေကကျတော့ အရင်က အဆင့်နိမ့်နတ်ဆိုးတွေ။ ဒါပေမဲ့ မဟာမိတ်က ဖွဲ့စည်းထားတဲ့ စနစ်အရ သူတို့က သူတို့ရဲ့ သွေးမျိုးဆက်ကို လှုံ့ဆော်ပြီးတော့ ဒုတိယတန်းစားနဲ့ ယှဉ်နိုင်တဲ့အထိ ဆင့်ကဲပြောင်းလဲလာကြတယ်။ တချို့က မဟာဧကရာဇ်တစ်ပါးကို ပြုစုပျိုးထောင်ပြီးတော့ ပထမအဆင့်အတန်းထဲ ဝင်ရောက်သွားကြတယ်။
ဘာပဲဖြစ်ဖြစ် သူတို့တွေက သူတို့အဆင့်အတန်းနဲ့ သူတို့ ရှိကြပေမဲ့ ဒုတိယတန်းစားကနေ ခွဲခြားမှုကိုတော့ ခံရတုန်းပဲ။ သူတို့အများစုက အားကောင်းပေမဲ့ ဒုတိယတန်းစားထက်တော့ မပိုဘူး။
နောက်ဆုံးအနေနဲ့ အဆင့်အနိမ့်ဆုံးအဆင့်က အဆင့်နိမ့် နတ်ဆိုးတွေပဲ။ သူတို့က လူဦးရေအများဆုံးရှိပြီးတော့ ဒီကမ္ဘာရဲ့ တပ်အများစုနဲ့ လုပ်သားအင်အားစုအများစုပဲ”
“ လူသားတွေက ဒီကမ္ဘာရဲ့ လုပ်သားတွေ မဟုတ်ဘူးလား” အစိမ်းရောင်နှလုံးသားက ပြောလိုက်သည်။
“ ဟုတ်တယ်။ သူတို့က လုပ်သားတွေပေါ့။ ဒါပေမဲ့ အထက်ပိုင်းက လူသားတွေကို လုပ်သားအဖြစ် လုပ်ထားတော့ အဲဒီအဆင့်နိမ့်နတ်ဆိုးတွေက သူတို့ကိုယ်သူတို့ လွတ်လပ်ခွင့်ရတယ်ဆိုပြီးတော့ ထင်ယောင်ထင်မှားဖြစ်နေကြတာ။
မဟာမိတ်က လူသားတွေက သူတို့ထက် ဆိုးရွားတယ်ဆိုတဲ့ စိတ်သဘောထားကို သူတို့ဆီ ရိုက်သွင်းပေးထားပြီးတော့ သူတို့ရဲ့ အခြေအနေကို လျစ်လျူရှုထားအောင် လုပ်ထားတာ။ သူတို့ကို လူသားတွေထက်ပိုတဲ့ စွမ်းအားပေးထားတာနဲ့ အဲဒီအဆင့်နိမ့် နတ်ဆိုးတွေက ကျုပ်တို့ထက် ပိုပြီးတော့ သာလွန်တယ်ဆိုပြီးတော့ ပြောထားတာ။ သူတို့က လူဦးရေများပြားမှုကြောင့် လူသားတွေထက်တောင် ပိုပြီးတော့ ဆိုးရွားနေပေမဲ့လည်း … ”
အဆင့်နိမ့် နတ်ဆိုးများသည် ဤကမ္ဘာလူဦးရေ၏ ၄၅ ရာခိုင်နှုန်းရှိပြီး လူသားများက ၃၀ ရာခိုင်နှုန်းရှိခဲ့သည်။ အကယ်၍ လူသားခုခံကာကွယ်ရေးထဲရှိသည့် လူသားများကို ၅ ရာခိုင်နှုန်းအဖြစ် တွက်ချက်ကြည့်လိုက်လျှင် သူတို့သည် ဤကမ္ဘာ၏ အဓိကအလုပ်လုပ်နေသည့် အင်အားစု ဖြစ်၏။
“ အရှင်ချူးမို ကျုပ်တို့တွေ အဆင့်နိမ့်နတ်ဆိုးတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ”
“ မဟာမိတ်ရဲ့ စနစ်နဲ့ ပြန်ပြီးတော့ ရင်ဆိုင်ကြမယ်” ဝမ်ဝေ့က နည်းလမ်းဟောင်းပေမဲ့ သက်ရောက်မှုရှိဆဲဖြစ်သည့် နည်းဗျူဟာကို ပြင်ဆင်ထားလေသည်။
“ ခင်ဗျားတို့တွေ ဒီစာလိပ်တွေကို ကမ္ဘာအနှံ့ဖြန့်ကျက်ပေးမဲ့ လူတွေတော့ လိုတယ်။ သူတို့ကို အသက်ရှင်နိုင်မှာတော့ မဟုတ်ဘူးဆိုတာကိုပါ သတိပေးထားဦး”
အစိမ်းရောင် နှလုံးသားက စာလိပ်ကိုယူပြီး ဖတ်ရှုပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက အစီအစဉ်ကို ခန့်မှန်းမိလိုက်၏။
“ ကျုပ်တို့ကိုယ်တိုင်သွားတာ ပိုမကောင်းဘူးလား။” သူက မေးလိုက်သည်။
“ မဟုတ်ဘူး။ ဒီလူတွေက အာရုံလွှဲမှုသက်သက်ပဲ။ ပြီးတော့ ခင်ဗျားတို့တွေက ထာဝရမျိုးနွယ်သုံးခုရဲ့ ဆန့်ကျင်ရွေးချယ်ခံတွေကို ရင်ဆိုင်ဖို့ လိုတယ်။ သူတို့တွေက နောက်အဆင့်မတိုင်ခင် ဘယ်လောက်အားကောင်းလဲဆိုတာကို သိထားဖို့လိုတယ်”
“ ကောင်းပြီ။ ကျုပ်တို့တွေ အားလုံးအဆင်သင့်လုပ်ထားလိုက်မယ်”
အစိမ်းရောင် နှလုံးသားက သေခြင်းတရားကို မကြောက်ဘဲ သစ္စာရှိသည့် အဖွဲ့တစ်ဖွဲ့အား ရွေးချယ်ခဲ့သည်။ ထို့နောက် သူတို့အား တာဝန်အရ စေလွှတ်လိုက်၏။
လူသားခုခံကာကွယ်ရေးက ကြာရှည်စွာ တောင့်ခံနေနိုင်သည့်အချက်မှာ တစ်ခါက သူတို့တွင် အားကောင်းသည့် မဟာဧကရာဇ်တစ်ပါး ရှိခဲ့ဖူးသည့် အချက်ကြောင့် ဖြစ်သည်။ ထိုသူက သူ့သက်တမ်းအား စတေးခဲ့ပြီး လူသားများအတွက် နောက်ယောင်မခံနိုင်စေသည့် ပုန်းအောင်းရာတချို့ကို ဖန်တီးပေးခဲ့၏။
ယခင်နှစ်ပိုင်းအတွင်း မဟာဧကရာဇ်လူသားများက ထိုအခြေစိုက်စခန်းရှိ အစီအရင်များအား ပိုမိုအားကောင်းအောင် လုပ်ဆောင်ပေးခဲ့ကြသည်။ ထိုနေရာသို့ ရောက်ရှိပြီးသည့်နောက်တွင် ဝမ်ဝေ့က ပင်မအခြေစိုက်စခန်းလေးခုလုံးကို ပေါင်းစပ်ခဲ့ပြီး ကမ္ဘာအနှံ့ပြန့်ကျဲနေသည့် လျှို့ဝှက်နယ်မြေတချို့အား ပြန်လည်ထူထောင်ခဲ့သည်။
သူက ထိုလျှို့ဝှက်နယ်မြေများကို ကူးသန်းပို့ဆောင်ရေးအစီအရင်များ ဆက်သွယ်ပေးခြင်း၊ လူသားခုခံကာကွယ်ရေးအဖွဲ့ဝင်များ အမြန်အဆန် သွားလာနိုင်သည့် မြေအောက်လမ်းကြောင်း ဖန်တီးပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။ ထိုနယ်မြေများကို အသုံးပြု၍ ရွေးချယ်ခံများက ကမ္ဘာ၏ နေရာအနှံ့သို့ သွားလာနိုင်ပြီး အဆင့်နိမ့်နတ်ဆိုးများ နေထိုင်ရာထဲ စာလိပ်များကို ဖြန့်ကျက်နိုင်ခဲ့သည်။
…………..
ကောင်းကင်ခွေးမျိုးနွယ်ပိုင်နက်
အဆင့်နိမ့်လူသားအသွင်ခွေးက ချုံပုတ်ကြား အပေါ့စွန့်ပြီးနောက် သူ့ဘောင်းဘီကို ဆွဲတင်လိုက်သည်။ သူ ထွက်သွားတော့မည့်ဆဲဆဲတွင် အဝေးတစ်နေရာရှိ တစ်စုံတစ်ခုကို မြင်လိုက်မိ၏။ သူက သွားကာ ကောက်ယူလိုက်သည်။
သွေးမျိုးဆက် သိမ်မွေ့ရေး ပညာရပ်
သူက စာအုပ်ကို အလျင်အမြန်ဖွင့်ကာ ဖတ်ရှုလိုက်သည်။ ခွေးနတ်ဆိုးက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ထိုစာအုပ်ကို သိမ်းကာ အိမ်သို့ ပြန်လာခဲ့လိုက်၏။ နောက်တစ်ရက် သူက တောအုပ်အတွင်း အမဲလိုက်ရန် သူ့မိတ်ဆွေအား ဖိတ်ကြားခဲ့သည်။ ထိုသူ သတိမထားမိစဉ် သူ့လက်ဖြင့် ထိုလူ၏ နှလုံးသားအား စိုက်ပြီး သတ်ဖြတ်ခဲ့သည်။
ထို့နောက် သူက ကျင့်စဉ်အား အသက်သွင်းကာ ထိုလူ၏ သွေးမျိုးဆက်အား ယူပြီး သူ့သွေးမျိုးဆက်အား သန့်စင်ခဲ့သည်။
“ ဒါက အလုပ်ဖြစ်တယ်” ခွေးနတ်ဆိုးက ထအော်လိုက်ပြီးနောက် ဘေးပတ်လည်ကို အနံ့ခံကြည့်လိုက်သည်။ ဘယ်သူမှ မရှိသည့်အကြောင်း အတည်ပြုပြီးသည့်နောက်တွင် သူ့မျက်ဝန်းထဲ လိုအင်ဆန္ဒတချို့ ဖြတ်ပြေးသွားသည်။ ထိုကျင့်စဉ် သူက အဖွဲ့အမှတ် ရယူဖို့ရန် ကြိုးစားဖို့ မလိုတော့ဘဲ သွေးမျိုးဆက်ကို သန့်စင်ပြီး အဆင့်အတန်းကို မြှင့်တင်လိမ့်မည်။
ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိ နောက်ထပ်ပစ်မှတ်ကို ရွေးချယ်လိုက်၏။ ထိုစဉ် အရောင်နှလုံးသား တာအိုဆရာများက ထာဝရမျိုးနွယ်၏ ဆန့်ကျင်ရွေးချယ်ခံများနှင့် တိုက်ခိုက်နေကြသည်။ ထင်ထားသည့်အတိုင်း သူတို့က ဆိုးဆိုးရွားရွား ရှုံးနိမ့်သွား၏။ ကံဆိုးသည်က သူတို့က သတင်းအချက်အလက် လုံလုံလောက်လောက် စုံစမ်းပြီး ဝမ်ဝေ့ ပေးထားသည့် အဆောင်ဖြင့် ထွက်ပြေးလာနိုင်ခဲ့သည်။
သိပ်မကြာခင် မဟာမိတ်က လူသားများသည် ကမ္ဘာအနှံ့ အန္တရာယ်များသည့် ကျင့်စဉ်ကို ဖြန့်ဝေနေကြောင်း သတိထားမိသွားခဲ့ကြပြီး ထိုဖြန့်ဝေသူများနှင့် ထိုကျင့်စဉ်ရှိသည့် အဆင့်နိမ့်နတ်ဆိုးများအား သုတ်သင်ပစ်ဖို့ အလျင်အမြန် တုံ့ပြန်ခဲ့သည်။
ကံဆိုးစွာဖြင့် သူတို့က တကယ့်ခြိမ်းခြောက်မှုကို မမြင်နိုင်ခဲ့ကြပေ။
ဝမ်ဝေ့က သွေးမျိုးဆက် ကျင့်စဉ်ကို ဖြန့်ဝေဖို့ ထိုလူသားများအပေါ် မှီခိုဖို့ ဘယ်တုန်းကမှ စီစဉ်ထားခြင်း မရှိပေ။ သူ ကိုယ်တိုင် လုပ်ဆောင်ဖို့ရာ စီစဉ်ထား၏။
ထိုမဟာမိတ်က အာရုံများနေစဉ် သူက သူ့ဝိညာဉ်ကွန်ယက်ဖြင့် အဆင့်နိမ့် နတ်ဆိုးအများစုကို ဆက်သွယ်ကာ သူတို့ထံ အိပ်မက်ကျင့်စဉ်တစ်ခုကို အသုံးပြုကာ ဖြန့်ဝေပေးခဲ့သည်။
ကြိုတင်ပြင်ဆင်ထားသည့်အနေဖြင့် သူက ထိုနတ်ဆိုးများအပေါ် တားမြစ်ချက်တချို့ ထားရှိခဲ့၏။ အကယ်၍ သူတို့က ထိုကျင့်စဉ်ကို မဟာမိတ်ဆီ ထုတ်ဖော်လိုလျှင် သူတို့တွင် ရှိခဲ့ဖူးကြောင်း ရုတ်ချည်း မေ့လျော့သွားလိမ့်မည်။
ထင်ထားသည့်အတိုင်း တစ်ပတ်ကျော်ကြာမြင့်ပြီးသည့်နောက်တွင် နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ တစ်ဝှမ်းလုံးတွင် ရုတ်ရုတ်သဲသဲဖြစ်လာပြီး အဆင့်နိမ့်သူများက သူတို့၏ သွေးမျိုးဆက်ကို သန့်စင်ဖို့အတွက် တခြားသူများကို စတင်တိုက်ခိုက်လာကြသည်။
ထိုနည်းစနစ်က မိစ္ဆာဆန်သည့်အတွက် ဖတ်ရှုလိုက်သည့်သူတိုင်းက တပ်မက်လာကြလိမ့်မည်။ သူတို့က တစ်ခါအသုံးပြုဖူးသည်နှင့် အားကောင်းသည့်ဆန္ဒ မရှိသည့်သူမဟုတ်သရွေ့ ရပ်တန့်ဖို့ရာ မဖြစ်နိုင်ပေ။
ထိုနည်းစနစ်က အဆင့်နိမ့်နတ်ဆိုးများအပေါ်သာ အလုပ်ဖြစ်မည် မဟုတ်ပေ။ ထိုအဆင့်အတန်းပိရမစ်စနစ်ရှိ လူတိုင်းက ထိုကျင့်စဉ်မှ အကျိုးအမြတ်ရရှိနိုင်သည့် ဆွေကြီးမျိုးကြီးများက ဧကရာဇ်၏ သွေးမျိုးဆက်ကို ခိုးယူအသုံးပြုနိုင်ပြီး ချမ်းသာသည့် အဆင့်အတန်းကလည်း ဆွေကြီးမျိုးကြီးများကို ထိုသို့ လုပ်ဆောင်နိုင်သည်။
ထိုကျင့်စဉ်တစ်ခုတည်းဖြင့် နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ၏ စနစ်တစ်ခုလုံး ဖျက်ဆီးပစ်လိုက်နိုင်သည်။
လူသားခုခံရေး အခြေစိုက်စခန်းအတွင်း ဝမ်ဝေ့သည် ကောင်းကင်အား မော့ကြည့်ကာ နတ်ဆိုးမျိုးနွယ်၏ ချီကံကောင်းမှုကို လေ့လာသည်။
ထင်ထားတဲ့အတိုင်း။ အဆင့်နိမ့်နတ်ဆိုးတွေက သူတို့မျိုးနွယ်ရဲ့ ကံကောင်းမှုအတွက် အဓိကလုပ်ဆောင်ပေးတဲ့သူပဲ။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်တာက နတ်ဆိုးမျိုးနွယ်တွေအပေါ် သက်ရောက်မှုဖြစ်လာစေတာပဲ…
သူက တွေးလိုက်မိသည်။
“ အခုတော့ နောက်ဆုံးအစီအစဉ်အတွက် အချိန်ပဲ။ ငါက စတေးမှုတချို့တော့ လုပ်ရမယ်ဆိုပေမဲ့ ထိုက်တန်ပါတယ်”
***