← Chapters

တော်လှန်ခြင်း

Vol. 39 Ch. 544

တော်လှန်ခြင်း

Vol. 39 Ch. 544

နောက်ဆုံးအစီအစဉ်တွင် အဆင့်များစွာရှိပြီး ဝမ်ဝေ့က ပထမဆုံးအဆင့်ကို လုပ်ဆောင်ရမည်။ အခြေစိုက်စခန်းရှိ အခန်းတစ်ခုအတွင်း အစီအရင်နှစ်ခုက မျက်နှာချင်းဆိုင် ရှိနေလေသည်။

ဘယ်ဘက်အခြမ်းရှိ အစီအရင်အလယ်ခေါင်တွင် စုစည်းနေသည့် အနီရင့်ရင့် အရှိန်အဝါတစ်ခု ရှိနေသည်။ ထိုစဉ် ညာဘက်အခြမ်းတွင်မူ ရွှေရောင်အရှိန်အဝါ တစ်ခု စုစည်းနေ၏။ ဝမ်ဝေ့က ဘယ်ဘက်အခြမ်းကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် တခြားထက် ပိုမိုမြန်ဆန်စွာ အလုပ်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သူက အနီရောင်အရှိန်အဝါကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် စိတ်ပျက်မှုဖြင့် အော်ဟစ်နေသံများကို ကြားလိုက်ရ၏။ စိတ်စွမ်းအား မလုံလောက်သည့်လူများက ထိုအစီအရင်ကို ကြာရှည်စွာ လေ့လာနိုင်မည် မဟုတ်ပေ။ သူက ဘာမှမပြောဘဲ အစီအရင်နှစ်ခုကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် ထွက်လာခဲ့လိုက်သည်။

“ အရှင်ချူးမို ကျုပ်တို့ရဲ့ နောက်အစီအစဉ်ကရော ဘယ်လိုလဲ”

“ နောက်အဆင့်အတွက် စတေးဖို့ ဧကရာဇ်အသုံးအဆောင် ပစ္စည်းတချို့ လိုတယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်စဉ် တခြားသူများက မျက်မှောင်ကြုတ်သွားကြသည်။ သူတို့က မည်မျှပေးဆပ်ရမည်ကို ချက်ချင်းသိလိုက်ကြ၏။

“ အဲဒါက လိုလို့လား” အဝါရောင်နှလုံးသားက မေးလိုက်သည်။

“ အဲဒါမပါဘဲ အဆင့် ၃ က မအောင်မြင်နိုင်ဘူး။ တကယ်လို့ မင်းတို့တွေအလိုရှိရင် ငါ ရပ်တန့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ်မင်းတို့က နတ်ဆိုးမျိုးနွယ်ကို ကြီးကြီးမားမား ထိခိုက်အောင် လုပ်ပြီးသွားပြီဆိုတော့ ဒီအောင်မြင်မှုက မင်းတို့အတွက် လုံလောက်နေမှာပေါ့”

လေးယောက်သားက အံ့ဖွယ်အသိစိတ်မှ ဆက်သွယ်လိုက်ကြ၍ တိတ်ဆိတ်သွားသည်။

“ အရှင်ချူးမို နောက်အဆင့်က ဘယ်လောက်တောင်အရေးကြီးတာလဲ”

“ တကယ်လို့ ငါတို့ အောင်မြင်သွားရင် ဒီကမ္ဘာရဲ့ လူသားတွေက နတ်ဆိုးမျိုးနွယ်ကို လွှမ်းမိုးပြီးတော့ ကမ္ဘာရဲ့ ဇာတ်လိုက် ဖြစ်လာနိုင်တယ်”

“ အောင်မြင်ရင်လား”

“ ငါ မလိမ်ဘူး။ ဒီမှာက ကျရှုံးနိုင်ချေလည်း ရှိတယ်”

တခြားသူများက အခြေအနေကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်ကြသည်။ ကိစ္စများက သူတို့အတွက် အရေးသာနေသော်လည်း ထိုသို့မဟုတ်ကြောင်း သိထားကြသည်။ မဟာမိတ်က အခြေအနေကို အလျင်အမြန် ထိန်းချုပ်ပြီး လူသားများကို ရင်ဆိုင်ဖို့ တန်ပြန်တိုက်ခိုက်လာဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်ကြောင်း သိလေသည်။ အထူးသဖြင့် ကျွန်များကို ဖြစ်၏။ အကယ်၍ သူတို့၏ ခုခံမှုက နောက်ထပ်လူသား ၅ ရာခိုင်နှုန်းအတွက် လွတ်လပ်ခွင့်ကို ဆောင်ကျဉ်းပေးလာနိုင်သော်လည်း ကျန်ရှိနေသည့်သူများအတွက်က ဆိုးဆိုးရွားရွား ခံစားနေရဦးမည်သာ ဖြစ်၏။

“ ကောင်းပြီ။ ကျုပ်တို့ သဘောတူတယ်” အစိမ်းရောင် နှလုံးသားက ပြောလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ နောက်တစ်ရက်တွင် သူက ဧကရာဇ်အသုံးအဆောင် ပစ္စည်းတချို့ ဝန်းရံလျက် အခန်းအတွင်း တင်ပျဉ်ခွေကာ ထိုင်နေသည်။

ဘိုးဘေးရဲ့ ကိုယ်ပွားနဲ့ဆိုရင် လူဝင်စား လေးယောက်မြောက်က ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်သွားပြီးတော့ တွင်းနက်ကြီးတွေ ဖွဲ့စည်းနိုင်နေပြီ။ အဲဒီစွမ်းအားနဲ့ ဒီအစီအစဉ်က အောင်မြင်နိုင်ချေ မြင့်မားတယ်။ ဒါပေမဲ့ လူဝင်စားတွေ တွေ့ကြုံရမဲ့ ပြဿနာတချို့ကို ကာကွယ်ဖို့ ဖြည်းဖြည်းချင်းပဲ လုပ်သင့်တယ်…

ကောင်းပြီ။ စလိုက်ကြရအောင်…

ဧကရာဇ်အသုံးအဆောင် ပစ္စည်းတစ်ခုက လင်းလက်လာပြီးနောက် မီးတောက်တစ်ခု ရုတ်ချည်းထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း ပျက်စီးသွားလေသည်။ ထိုစဉ် ဝမ်ဝေ့က လူဝင်စားလေးယောက်၏ စွမ်းအားကို ငှားယူလိုက်၏။

ပွင့်ချပ်တစ်လွှာ မသေမျိုးအင်အားလား။ လက်ရှိ ငါက ရီထွေ့ကျစ်ရဲ့ တိုက်ကွက်ကို ခြစ်ရာတောင်မထင်ဘဲ ခုခံနိုင်ပြီပဲ…

ထို့နောက် သူက သူ့ရုပ်ပိုင်းဆိုင်ရာ အမြင်ရုပ်လွှာကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ကံကြမ္မာမြစ်ကြောင်းထဲ ပလ္လင်ပေါ်တွင် ထိုင်နေသည့် သူ့က အနောက်တွင် ပေါ်ထွက်လာ၏။

ထိုကံကြမ္မာမြစ်ကြောင်းကို အသုံးပြုပြီး ဝမ်ဝေ့က အဆုံးမဲ့လေဟာနယ်အတွင်း အရာအားလုံးနှင့် ဆက်နွယ်နေသည့် မြစ်ကြောင်း၏ ပင်မမြစ်ကြောင်းကို ဆင့်ခေါ်လိုက်သည်။

ထိုအရာထဲတွင် ကောင်းကင်အလိုဆန္ဒကမ္ဘာများနှင့် သူတို့၏ ကမ္ဘာ့အသိုက်အဝန်းများလည်း အပါအဝင် ဖြစ်၏။

ဝမ်ဝေ့က ထိုမြစ်ကြောင်းကို ကြည့်နေရင်း သူက အရာအားလုံးကို သိသည့် အားအကောင်းဆုံးလူဟု ခံစားမိလိုက်သည်။ သူက ခံစားမိသည့် တာအိုများ အပါအဝင် တည်ရှိမှုရှိ အရာအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်နိုင်လေသည်။

ထို့နောက် သူက စိတ်စွမ်းအားဖြင့် သူ့စိတ်ကို စိုးမိုးလိုက်သည်။

ဝါး ဒီဟာက နည်းနည်းကြောက်ဖို့ကောင်းတာပဲ…

သူက အကယ်၍ အားကောင်းသည့် သူ့စိတ်စွမ်းအားကြောင့်သာ မဟုတ်လျှင် ထိုခံစားချက်အတွင်း နစ်မြောသွားကာ ကံကြမ္မာမြစ်ကြောင်းက သူ့အား ဝါးမျိုသွားပြီး တစ်စိတ်တစ်ပိုင်းဖြစ်အောင် ပြုလုပ်လိမ့်မည်။

ငါ ကြာကြာနေလို့ မရဘူးဆိုတော့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။

သူက ကံကြမ္မာမြစ်ကြောင်းကို အသုံးပြုကာ ကြိုးမျှင်တစ်ခုကို ရှာဖွေလိုက်သည်။ သူ့အတွက် ရှာဖွေဖို့ရာ မိနစ်ပိုင်းကြာ ကြာမြင့်သွားသော်လည်း သူက ရှာဖွေနေသည့်အရာကို တွေ့ရှိသွားသည်။ သူက ထိုကြိုးမျှင်နှင့် ချက်ချင်းမဆက်သွယ်သေးဘဲ အရိပ်(၁)၏ ဟွင်သွမ်းရတနာကို အသုံးပြုကာ သူ့ကို အာရုံမခံမိဖို့ရာအတွက် သေချာအသက်သွင်းလိုက်သည်။ ထို့နောက် သူက ထိုကြိုးမျှင်အပေါ် အာရုံစိုက်ထားလိုက်၏။

ဝမ်ဝေ့က အဆုံးမဲ့လေဟာနယ်အတွင်း တစ်နေရာကို လှမ်းကြည့်လိုက်သည့်အချိန် သူ့အကြည့်က ပြောင်းလဲသွားလေသည်။ ထိုအရာက သူ့တည်နေရာနှင့် အလင်းနှစ်ထရီလီယံပေါင်းများစွာ ဝေးကွာပြီး အမည်မသိ ကမ္ဘာ့အသိုက်အဝန်းတစ်ခုဆီ ဖြစ်၏။

ထိုသူက ဦးချိုတစ်ချောင်းရှိပြီး ကြေးခွံများနှင့်အတူ အနက်ရောင်ခန္ဓာကိုယ်ကြီးရှိသည့် ဧရာမသားရဲကြီးတစ်ကောင် ဖြစ်သည်။

အဆင့်(၁၀) လေဟာနယ်သားရဲပဲ…

ဝမ်ဝေ့က ထိုအိပ်စက်နေသည့် သားရဲကို ကြည့်ရင်း တွေးလိုက်မိသည်။ သူက မလှုပ်ရှားခင် သေချာလေ့လာကြည့်လိုက်၏။ သူက ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုလိုက်ပြီး သားရဲ၏ အသိစိတ်ပင်လယ်အတွင်း ထိုးစိုက်မည့် ဓားတစ်ချောင်းကို ဖန်ဆင်းလိုက်သည်။

သူ့တိုက်ကွက်က အလုပ် မဖြစ်သော်လည်း သားရဲကြီးအား ဒေါသထွက်စေကာ နိုးထလာစေခဲ့သည်။ ထို့နောက် ဝမ်ဝေ့က အလျင်အမြန် တုံ့ပြန်လိုက်၏။

ကံဆက်စပ်သည့် ဦးတည်ချက်

သူက သားရဲ၏ ကံကြမ္မာကြိုးမျှင်ကို ကံကြမ္မာမြစ်ကြောင်းမှတဆင့် လှုံ့ဆော်လိုက်ပြီး သူက သီးသန့်ဦးတည်ချက်တစ်ခုတွင် တည်ရှိဖို့ရာ ကံကြမ္မာပါလာသကဲ့သို့ ပြုလုပ်လိုက်သည်။ ထို့ကြောင့် ကူးပြောင်းပို့ဆောင်ခံလိုက်ရ၏။

ထိုသားရဲ၏ ဦးတည်ချက်သည် နတ်ဆိုးအထွတ်အထိပ်ကမ္ဘာရှိ မဟာငှက်ကြီးမျိုးနွယ်၏ ပိုင်နက်အတွင်း ဖြစ်သည်။

ဘန်း

ဧရာမအနက်ရောင် သားရဲကြီးက ရုတ်ချည်းဆိုသလို မဟာငှက်ကြီးမျိုးနွယ်ထက်တွင် ပေါ်ထွက်လာသည်။ ကံကောင်းစွာဖြင့် ဧကရာဇ်အစီအရင်များက အသက်ဝင်လာပြီး ထိုကပ်ဘေးအား ကာကွယ်ပေးထားကြသည်။

သို့သော်လည်း သားရဲကြီးက ယခုအခါ ဒေါသထွက်နေပြီ ဖြစ်၏။ သူက အရေးကြီးသည့် ကျင့်ကြံရေးအဆင့်တက်မှု တစ်ခုထဲတွင် ဖြစ်ကာ တစ်စုံတစ်ယောက်က သူ့အား နှောင့်ယှက်လိုက်ပြီး အချိန်များစွာ ဖြုန်းတီးပစ်လိုက်လေသည်။ ထို့ကြောင့် သူက မြင်ကွင်းတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်ချင်နေ၏။

လူသားခုခံကာကွယ်ရေး အခြေစိုက်စခန်းအတွင်း ဝမ်ဝေ့က မျက်လုံးပွင့်လာကာ သူ့အသားအရည်က ဖြူဖျော့နေသည်။ သူက သူ့ပင်မခန္ဓာကိုယ်၏ ဝိညာဉ်သည် ထိုဖြစ်စဉ်အတွင်း ဒဏ်ရာရသွားကြောင်း ခံစားမိလိုက်၏။

မည်သို့ပင်ဖြစ်စေကာမူ ထိုအရာက အဆုံးသတ် မဟုတ်သေးကြောင်း သိလိုက်သည်။

လေဟာနယ်သားရဲကြီးက ထာဝရမျိုးနွယ်၏ ဆန့်ကျင်ရွေးချယ်ခံ သုံးယောက်အတွက် ပြိုင်ဘက် မဟုတ်ကြောင်း သိထားလေသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုသုံးယောက်နှင့် ကြာရှည်စွာ ရင်ဆိုင်ဖို့အတွက် ခုခံရေးကောင်းမွန်သည့် သားရဲကို ရွေးချယ်ထားခြင်း ဖြစ်၏။

သူက တခြားသော မျိုးနွယ်နှစ်ခုသည် မဟာငှက်ကြီးမျိုးနွယ်ထံ ချက်ချင်းလာရောက်ကယ်ဆယ်မည် မဟုတ်ကြောင်း တွက်ချက်ကြည့်လိုက်သည်။ သူတို့က ထိုအခွင့်အရေးအား အသုံးပြုကာ သူတို့အား အားနည်းစေပြီး ထိုကမ္ဘာ၏ အားအကောင်းဆုံးမျိုးနွယ်၏ အဆင့်အတန်းကို ဖယ်ရှားပစ်လိုကြသည်။

ဝမ်ဝေ့က သူ့အနားမှ ဧကရာဇ်အသုံးအဆောင်များအား ကြည့်လိုက်သည်။ သူက ထိုအစီအစဉ်အတွက် ခုနစ်ခု တောင်းဆိုထားသော်လည်း နှစ်ခုကိုသာ အသုံးပြုခဲ့သည်။ ထို့ကြောင့် သူက တခြားငါးခုအား သူ၏ အခကြေးငွေအဖြစ် သိမ်းဆည်းလိုက်၏။

တခြားသော ပစ္စည်းနှစ်ခုအတွက်မူ သူက ကံကြမ္မာစွမ်းရည်ကို တိုးမြှင့်ပြီးလိုက်သည့်နောက်တွင် စတေးခံလိုက်ရပြီး အမှုန့်အဖြစ် ပြောင်းလဲသွားသည်။

“ အရှင်ချူးမို အဆင်ပြေရဲ့လား” ရောင်စုံနှလုံးသား တာအိုဆရာက သူ့အခန်းမှ ထွက်လာသည်နှင့် မေးလာသည်။

“ အချိန်ဖြုန်းနေဖို့ မလိုဘူး။ အစီအစဉ်ကို မှတ်မိလား”

“ ဟုတ်ကဲ့ မှတ်မိပါတယ်။ ကျန်တဲ့သုံးယောက်က မဟာငှက်ကြီး ကူညီဖို့ ရောက်လာတဲ့အချိန် ကျုပ်တို့က အဲဒီအခွင့်အရေးကို ယူပြီးတော့ ဧကရာဇ်မျိုးနွယ်တွေကို ဖျက်ဆီးပစ်ရမယ်”

“ ကောင်းတယ်။ အခု ငါ့မှာ တခြားလုပ်စရာ ရှိသေးတယ်”

ဝမ်ဝေ့၏ ပုံရိပ်ယောင်က မဟာငှက်ကြီးမျိုးနွယ်၏ ပင်မနေထိုင်ရာဖြစ်သည့် ဂူများစွာ တူးထားသည့် ဧရာမသစ်ပင်ကြီးဆီ ရောက်ရှိလာသည်။ သစ်ပင်ပေါ်တွင် မြင့်မြင့်နေထိုင်လေလေ သူတို့၏ အဆင့်အတန်းက ပိုမိုမြင့်လေလေ ဖြစ်၏။

သူ့အစီအစဉ်ကို မစခင် သူက စိတ်ဝိညာဉ်အမှုန်တစ်ခုအား မျိုးနွယ်ဝင်တစ်ယောက်ထံ ပူးကပ်လိုက်လေသည်။ ထိုအခါမှ သူ့ပုံရိပ်ယောင်က တိတ်တဆိတ် ကျူးကျော်နိုင်လိမ့်မည်။

သူ ရောက်ရှိမည့်အခါ တစ်စုံတစ်ခုကို တွက်ချက်ကြည့်လိုက်ပြီး သူ့ကံကောင်းမှုအား အသက်သွင်းလိုက်ကာ ကြောက်မက်ဖွယ် အမူအရာမျိုးရှိသည့် ပျံသန်းနေသည့် ငှက်ကြီးများကို လျစ်လျူရှုထားလိုက်၏။

တကယ်လို့ ငါ့တွက်ချက်မှုသာ မှန်မယ်ဆိုရင် သူတို့က အဲဒါရှိတဲ့သူပဲ…

သူက ကြာကြာအချိန်မရကြောင်း သိထား၍ အလျင်အမြန်လုပ်ဖို့ လိုအပ်လာသည်။ သိပ်မကြာခင် သူ ရှာနေသည့်အရာကို တွေ့ရှိသွား၏။ ဤသည်က လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်တစ်ခု ဖြစ်သည်။ သူက လက်ဝှေ့လိုက်သည့်အချိန် သူ့လက်ထဲ သိုလှောင်လက်စွပ်တစ်ခု ပေါ်ထွက်လာ၏။ ဤသည်က မဟာငှက်ကြီးမျိုးနွယ်၏ ခေါင်းဆောင်ဆီမှ သိုလှောင်လက်စွပ် ဖြစ်၏။

အာကာပြင်ကို လှုံ့ဆော်မှုအပြင် မျိုးနွယ်၏ အစီအရင် အသက်ဝင်လာမှုကြောင့် ထိုလူ အာရုံများနေ၍ သူ ထင်ထားသည်ထက်ပင် ပိုမိုလွယ်ကူနေခဲ့သည်။ သူက မျိုးနွယ်ခေါင်းဆောင်၏ အမှတ်အသားပြားကို ထုတ်လိုက်သော်လည်း ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားသည်။ အကြောင်းမှာ ထိုအရာက ပိုင်ရှင်နှင့် ဆက်နွယ်နေပြီး တခြားသူများက အသုံးပြု၍ မရနိုင်ပေ။

ထို့ကြောင့် သူက ခေါင်းဆောင်ရှိသည့် နေရာအား ကြည့်ကာ ထိုလူ၏ ကံကြမ္မာကို ကူးယူလိုက်သည်။ ခေါင်းဆောင်က အားကောင်းသည့် ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်သော်လည်း သူက ဝမ်ဝေ့ရှေ့တွင် ဘာမှမဟုတ်ပေ။

ထိုအမှတ်အသားပြားကို ထိန်းချုပ်ပြီး သူက လိုချင်သည့် လျှို့ဝှက်နယ်မြေကို ရယူနိုင်လိုက်သည်။ သို့သော်လည်း ကိစ္စများက အဆင်ပြေချောမွေ့မနေခဲ့ပေ။ အားလုံးက လေဟာနယ်သားရဲနှင့် ရင်ဆိုင်နေကြသည့်အတွက် အထဲတွင် မည်သူမှ ရှိမနေပေ။

ဤသို့အန္တရာယ်များနေသည့် အခြေအနေအတွင်း အားလုံး၏ အင်အားက အကူအညီ ဖြစ်လေသည်။ သူ့အား တားဆီးထားသည်က အထဲတွင် ရှိသည့်အရာကို ကာကွယ်ဖို့ရာ ပုံဖော်ထားသည့် ဧကရာဇ်အဆင့် အစီအရင်တစ်ခု ဖြစ်၏။

ဝမ်ဝေ့က အချိန်မဖြုန်းဘဲ မူလအရှင်ဆီမှ အဆောင်တစ်ခုကို ထုတ်ကာ အသက်သွင်းလိုက်သည်။ သူက အစီအရင်၏ နေရာတစ်ခုကို အာရုံစိုက်ကာ တိုက်ကွက်အားလုံးကို ထိန်းချုပ်လိုက်သည်။ ထို့နောက် အက်ကြောင်းတစ်ခု ပေါ်ထွက်လာ၏။

ထိုအက်ကြောင်းမှတဆင့် သူက သူ့ စိတ်ဝိညာဉ်အမှုန်ရှိသည့် သူ့အစီအရင် အဖျက်ကောင်အား အထဲသို့ ပို့ဆောင်လိုက်သည်။ ထို့နောက် ထိုအမှုန်မှတဆင့် သူက ဧကရာဇ်အစီအရင်ကို ကျော်ဖြတ်နိုင်လိုက်သည်။

သို့သော်လည်း ဝမ်ဝေ့က သူ့တွင် အချိန်များစွာ မရှိကြောင်း သိထားလေသည်။ သူ ထိုအဆောင်ကို အသုံးပြုစဉ်အခါက အာကာပြင်အတက်အကျကို တစ်စုံတစ်ယောက်က အာရုံခံမိသွားနိုင်ကြောင်း သိထားလေသည်။

ထို့ကြောင့် သူက နတ်ဆိုးများ၏ ပုံများဖြင့် ပုံဖော်ထားသည့် ဆေးပြင်းမီးဖိုကို မြင်လိုက်ရသည့်အခါ သူ့အကြည့်များက လင်းလက်သွားသည်။

နတ်ဆိုးမျိုးနွယ်ရဲ့ ကံကြမ္မာစုစည်းရေး ရတနာပဲ…

သူက ထိုရတနာသည် ထာဝရမျိုးနွယ်သုံးခုအနက် တစ်ယောက်ယောက်တွင် ရှိလိမ့်မည်ဟု ခန့်မှန်းမိထားသော်လည်း မဟာငှက်ကြီးမျိုးနွယ်သည် အရင်ဆုံးဖြစ်နေလိမ့်မည်ဟု ထည့်စဉ်းစားပြီးသည့်နောက်တွင် သူ တွေးသည့် အတွေးကလည်း မှန်ကန်နေခဲ့သည်။

သူက ရုတ်ချည်းဆိုသလို ထိုဆေးပြင်းမီးဖိုကို ဝါးမျိုပစ်လိုသည့် စိတ်ဆန္ဒကို ခံစားမိလိုက်သည်။ ထိုစိတ်ဆန္ဒက သူလက်ထဲမှ လူသားကံကြမ္မာဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ထိုဓားကို ကျေနပ်အောင် လုပ်ပြီးသည့်နောက်တွင် သူက လှုပ်ရှားလိုက်သည်။

ဝမ်ဝေ့က ထိုမီးပြင်းဖိုကို ချက်ချင်း မယူဆောင်သေးပေ။ သူက ထိုအရာကို ထိတွေ့ဖို့ရာ နတ်ဆိုးမျိုးနွယ်အပြင် မည်သူ့ကိုမှ ခွင့်ပြုမထားသည့် အသိစိတ်ဝင်နေသော ပစ္စည်းဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် သူက သူ့ ပင်မခန္ဓာကိုယ်ဆီ မပို့ဆောင်ခင် ဆေးပြင်းမီးဖိုအား စည်းပိတ်လိုက်၏။

ထို့နောက် သူက ပုံရိပ်ယောင်ကို ပယ်ဖျောက်လိုက်ပြီး စိတ်ဝိညာဉ်အမှုန်ကို ဖျက်ဆီးကာ သူ့ သဲလွန်စအားလုံးကို ဖျောက်ဖျက်လိုက်သည်။

စစ်ဆေးမှုအတွင်း ဝမ်ဝေ့၏ ပင်မခန္ဓာကိုယ်က ဘိုးဘေးဝမ်ဝူချန်အား ခေါ်ကာ လူသားကံကြမ္မာဓားကို အသုံးပြုပြီး နတ်ဆိုးမျိုးနွယ်၏ ကံကောင်းမှုကို ဂိုဏ်းအတွင်း စုပ်ယူနိုင်ဖို့ နည်းလမ်းကို အသုံးပြုဖို့ရာ တောင်းဆိုခဲ့သည်။

တစ်စိတ်တစ်ပိုင်းက ဓားဆီ ရောက်သွားပေမဲ့ ကျန်အရာအားလုံးက ဂိုဏ်းဆီ ရောက်သွားလိမ့်မည်။

ခုခံကာကွယ်ရေးအခြေစိုက်စခန်းအတွင်း သူက နောက်ထပ်ပုံရိပ်ယောင်တစ်ခုကို ဖန်ဆင်းခဲ့ပြီး လေဟာနယ်သားရဲ၏ တိုက်ပွဲကို လေ့လာစောင့်ကြည့်နေခဲ့သည်။ နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ရောင်စုံနှလုံးသား တာအိုဆရာများက အပြုံးဖြင့် ပြန်ရောက်လာကြသည်။ ထို့နောက် သူတို့က တိုက်ပွဲကို ကြည့်ရှုနေကြသည်။

မဟာငှက်ကြီးမျိုးနွယ်သည် ကြီးကြီးမားမား သေဆုံးမှုနှင့် ကြုံတွေ့ပြီးသည့်နောက်တွင် တခြားမျိုးနွယ်နှစ်ခုကလည်း ဝင်ရောက်ပါလာကြသည်။ ထို့နောက် သူတို့က အတူတကွ ပေါင်းစပ်ပြီးနောက် လေဟာနယ်သားရဲကို ဒဏ်ရာပေးနိုင်ခဲ့ပြီး နှင်ထုတ်နိုင်လိုက်သည်။

နှမြောစရာကောင်းလှသည်က ထိုမျိုးနွယ်များတွင် သူတို့၏ အစီအစဉ်အတွက် ပျော်ရွှင်ဖို့ရာ အချိန်မရလိုက်ဘဲ နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံထားဟန်ပေါ်သည့် ရွှေရောင်နဂါးကြီးတစ်ကောင် ပေါ်ထွက်လာသည်။

ကျောပေါ်တွင် နတ်ဆိုးဟု ပါရှိသည့် နဂါးကြီးက ကောင်းကင်ထံ ဟိန်းနေပြီး အလင်းပြောက်များအဖြစ် ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် မည်သည့်အဆင့်အတန်းဖြစ်စေကာမူ နတ်ဆိုးအားလုံးက သူတို့ထံမှ တစ်စုံတစ်ခု ဖယ်ရှားခံလိုက်ရသလိုမျိုး ဝမ်းနည်းမှုကို ခံစားမိလိုက်ကြသည်။ ထိုနာကျင်မှုက သူတို့၏ မိခင် သေဆုံးသွားသကဲ့သို့ ဖြစ်၏။

လူသားကံကြမ္မာဓားက လူတွေထင်ထားတာထက် ပိုပြီးတော့ အရေးကြီးနေတာပဲ။ ဒီအရာမျိုးကို စွင်းကျောင်းလုံလက်ထဲမှာ ထားတယ်ဆိုတာကို မယုံနိုင်ဘူး…

ဝမ်ဝေ့က ထိုဓား မပါရှိဘဲ သူသည် ဆေးပြင်းမီးဖို၏ ကံကောင်းမှုအားလုံးကို မစုပ်ယူနိုင်ကြောင်း သိထားသည်။ သူ လုပ်နိုင်သည့် အကောင်းဆုံးအရာက နတ်ဆိုးမျိုးနွယ်၏ ကံကောင်းမှုကို အချိန်နှင့်အမျှ ဖြည်းဖြည်းချင်း လျှော့ချနိုင်ခြင်းသာဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူက ထိုသို့သော ကပ်ဘေးဖြစ်နိုင်သည့် အရာမျိုးကို စွင်းကျောင်းလုံလိုလူမျိုး၏ လက်ထဲတွင် ချန်ထားဖို့ရာ မဆင်မခြင်ဖြစ်လွန်းသည်ဟု ခံစားမိသည်။

ငါ ဧကရာဇ်ဖြစ်လာတဲ့အချိန် ဒီဟာကို ဝှက်ထားဖို့ နေရာကောင်းတစ်ခုကို ရှာရမယ်။ မဟုတ်ရင် တစ်ယောက်ယောက်က ငါ့လိုမျိုး နည်းဗျူဟာ အတူတူကို အသုံးပြုခဲ့မယ်ဆိုရင် အသင်္ချေအင်ပါယာကမ္ဘာက လူသားတွေလည်း ခံစားကြရလိမ့်မယ်…

“ အရှင် လုပ်လိုက်တာလား”

“ ဟုတ်တယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ တကယ်လို့ လူသားတွေကို ဒီကမ္ဘာမှာ အခွင့်အရေးလိုစေချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက နတ်ဆိုးမျိုးနွယ်ရဲ့ ဒီကမ္ဘာရဲ့ ဇာတ်လိုက်အဆင့်အတန်းကို ဖယ်ရှားပစ်တာပဲ။ အခု သူတို့ရဲ့ ချီကံကောင်းမှုက မရှိတော့ဘူးဆိုတော့ ပြဿနာအများကြီး ကြုံလာလိမ့်မယ်။ သူတို့ရဲ့ ဇာတ်လိုက်အဆင့်အတန်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မယ်။ အခု မင်းတို့က ဒီအခွင့်အရေးကို ယူပြီးတော့ မြင့်တက်ရုံပဲ”

“ ကျုပ်တို့တွေ နှလုံးသားထဲကနေကို နက်နက်နဲနဲ ကျေးဇူးတင်ပါတယ်။ လူသားမျိုးနွယ်အတွက် ကျေးဇူးရှင်ပါပဲ” ရောင်စုံနှလုံးသား တာအိုဆရာလေးယောက်က ဦးညွှတ်ပြီး ပြောလိုက်ကြသည်။

“ ခင်ဗျားတို့ရဲ့ ကျေးဇူးတင်မှုကို လက်ခံတယ်။ အခု ကျုပ်နောက်ကို လိုက်ခဲ့။ ကျုပ်တို့တွေ အပြီးသတ်ရမဲ့ ကိစ္စတချို့ ကျန်သေးတယ်”

ဝမ်ဝေ့က သူတို့အား အစီအရင်နှစ်ခုရှိသည့် အခန်းအတွင်း ခေါ်ဆောင်သွားသည်။ သူက  ဘယ်ဘက်မှ တစ်ခုကို လက်ညှိုးထိုးပြလိုက်ပြီး “ ဒီအစီအရင်က အထွတ်အထိပ်ခေတ်ကာလစကတည်းက လူသားတွေရဲ့ နာကျင်မှု၊ မုန်းတီးမှု၊ ခံစားမှုအားလုံးကို စုစည်းပေးပြီးတော့ နတ်ဆိုးတွေကို ရင်ဆိုင်မဲ့ အားကောင်းတဲ့ လက်နက်တစ်ခု ဖွဲ့စည်းပေးလိမ့်မယ်။ အဲဒါကို နတ်ဆိုးသတ်ဖြတ်ရေးဓားလို့ ခေါ်မယ်။

အဲဒီဟာ မွေးဖွားလာတဲ့အချိန် အဆင့်မြင့်ဆုံး ပင်ကိုရတနာထက် အားမကောင်းရင်တောင် ယှဉ်နိုင်လိမ့်မယ်။ အဲဒါက လာမဲ့တိုက်ပွဲအတွက် အကြီးမားဆုံး အထောက်အကူ ဖြစ်လိမ့်မယ်”

ထို့ကြောင့် သူက ညာဘက်အား လက်ညှိုးထိုးကာ “ ဒီဟာက လူသားကံကြမ္မာကို ဖြည့်စည်းပေးပြီးတော့ မင်းတို့ရဲ့ ကြွယ်ဝချမ်းသာမှုကို အာမခံပေးလိမ့်မယ်။ ပြီးတော့ မျိုးနွယ်ကံကြမ္မာသားတော်ကို ဖန်တီးဖို့ အစီအရင်ကို ကံကောင်းစေတဲ့ မန္တန်လည်း ချပေးခဲ့တယ်။ ဒီကမ္ဘာမှာ လူသားတွေကို ဦးဆောင်ဖို့ ပါရမီရှိတဲ့သူတွေ ဖြစ်လာကြလိမ့်မယ်။

သူတို့က ဒီမျိုးဆက်မှာ မွေးဖွားလာကြပြီးပေမဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင် သူတို့ကို လေ့ကျင့်ပေးဖို့ အချိန်များများစားစားရမှာ မဟုတ်ဘူး။ ဒီမျိုးဆက်မှာ မွေးဖွားလာကြလိမ့်မယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဲဒီလူက တာအိုကို သက်သေပြနိုင်တာနဲ့  ဒီကမ္ဘာရဲ့ လူသားမျိုးနွယ်က အချိန်တစ်ခုရလာလိမ့်မယ်”

ထိုလူက နတ်ဆိုးသတ်ဖြတ်ရေးဓားဖြင့် အနိုင်ရနိုင်ချေမြင့်မားသည်။

“ ကျုပ်တို့တွေ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး” အစိမ်းရောင် နှလုံးသားက ပြောလိုက်သည်။

“ ကျေးဇူးတင်ဖို့ မလိုဘူး။ အဲဒီလူကို ငါ့ဆီမှာ အကြွေးတင်နေတယ်လို့ ပြောလိုက်။ နောင်ကျရင် အကြွေးလာကောက်လှည့်မယ်”

“ အရှင်က ကျုပ်တို့အတွက် အများကြီး လုပ်ပေးထားတာ။ ကျုပ်တို့က ငရဲလည်းဖြတ်နိုင်ပါတယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် “ နောက်ဆုံးတော့ ခင်ဗျားတို့တွေ ထည့်စဉ်းစားရမှာက အလွှာနိမ့်ကိုပဲ”

လေးယောက်သားက ချက်ချင်းဆိုသလို နားထောင်လိုက်ကြသည်။

“ မဟာမိတ်က အလွှာနိမ့်အများစုကို အုပ်စိုးထားပြီးတော့ သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ကမ္ဘာအများကြီး ရှိတယ်။ သူတို့က အခုချိန်မှာ အန္တရာယ်ရှိတယ်လို့ ထင်ရပေမဲ့ အချိန်လုံလုံလောက်လောက် ပေးလိုက်ရင် အဆင့်နိမ့်နတ်ဆိုးတွေရဲ့ အရေအတွက်ကို ပြန်လည်ဖြည့်တင်းလာနိုင်ပြီးတော့ သူတို့မျိုးနွယ်ရဲ့ ကံကောင်းမှုနဂါးကို ပြန်လည်ဖွဲ့စည်းလာနိုင်လိမ့်မယ်”

“ အဲဒါဆိုတော့ ကျုပ်တို့ ဘာလုပ်သင့်တုန်း”

“ ကျုပ်တို့ အဆင့်နိမ့်နတ်ဆိုးတွေကို ဖြေရှင်းဖို့ နည်းဗျူဟာကိုပဲ အသုံးပြုနိုင်တယ်။ သူတို့ကြားမှာ ရှုပ်ယှက်ခတ်မှုကို ဖန်တီးဖို့ပေါ့။ ဖရိုဖရဲဖြစ်မှုကို ဖန်တီးဖို့ပေါ့။ အခု ခင်ဗျားတို့ဘာသာ လုပ်နိုင်တယ်။ ဒါမှ မဟုတ်ဘူးဆိုလည်း ကျုပ် လုပ်ပေးရမယ်ဆိုရင် တန်ကြေးတချို့ ပေးရမယ်”

တာအိုဆရာများက နှုတ်ခမ်းများ တွန့်ချိုးသွားကြသည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းခန့်က သူတို့သည် စိတ်လှုပ်ရှားကာ ကျေးဇူးတင်နေခဲ့ကြ၏။ သို့သော် ယခုအခါ သူတို့က စီးပွားရေး ပြန်ဆန်သွားလေပြီ။

“ အရှင် ကျုပ်တို့ပေးပါမယ်” အစိမ်းရောင် နှလုံးသားကထိုအရာသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်ကြောင်း သိ၍ ပြောလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် သဘောတူညီမှု၏ ၂၀ ရာခိုင်နှုန်းအကြောင်းကို ပြောလိုက်သည်။ ထို့နောက် သူက အခန်းအတွင်းသို့ ပြန်သွားလိုက်၏။

ပင်မခန္ဓာကိုယ်က ဂိုဏ်း၏ ဧကရာဇ်အဆင့် အရင်းအမြစ်ဖြစ်သည့် ဝိညာဉ်မျက်ရည်တစ်စက်ကို ရယူနိုင်လိုက်သည်။ ထို့ကြောင့် သူ့ဒဏ်ရာများက နာရီပိုင်းဖြင့်ပင် ချက်ချင်းဆိုသလို ပြန်ကောင်းသွားလေသည်။

ထို့ကြောင့် သူက ဝိညာဉ်ကွန်ယက်ကို အသုံးပြုကာ နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ့ အသိုက်အဝန်းရှိ ကမ္ဘာအားလုံးဆီ ဝင်ရောက်လိုက်သည်။ ပုံမှန်အားဖြင့်  သူက ထိုကမ္ဘာ့အသိုက်အဝန်းမှ မဟုတ်သည့်အတွက် အားလုံးကို မြင်ရမည် မဟုတ်ပေ။

သို့သော် နတ်ဆိုးမျိုးနွယ်၏ ချီကံကောင်းမှုက လတ်တလော ခိုးယူခံလိုက်ရလေသည်။ ထို့ကြောင့် သူက သူတို့၏ တည်နေရာကို အာရုံခံနိုင်ပြီး ဝိညာဉ်ကွန်ယက်မှတဆင့် အကျိုးအမြတ် ရယူနိုင်လိုက်သည်။

ထို့ကြောင့် သူက အဆင့်နိမ့်နတ်ဆိုးများ၏ စိတ်ထဲတွင် သွေးမျိုးဆက် သန့်စင်ရေးကျင့်စဉ်ကို ထည့်သွင်းပေးလိုက်သည်။

ထိုဖြစ်စဉ်က ပင်ပန်းစရာ ကောင်းသော်လည်း လေးရက်အတွင်း ပြီးမြောက်ခဲ့၏။ နောက်ဆုံးတွင် ဝမ်ဝေ့က သူ့ပုံရိပ်ယောင်အား အဆုံးသတ်ကာ စစ်ဆေးမှုအတွင်း မျက်လုံးပွင့်လာသည်။ သူက ခန္ဓာကိုယ်ကို အညောင်းအညာ ဖြေလျှော့လိုက်ပြီးနောက် အခန်းအတွင်းမှ ထွက်လာခဲ့၏။ ထိုစဉ် ဝမ်ဝူချန်က အပြင်ဘက်တွင် စောင့်ဆိုင်းနေလေသည်။

“ ကောင်လေး … ငါ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး”

သူက ယခင်လပိုင်း၏ အဖြစ်အပျက်များကို မည်သို့ဖော်ပြရမှန်းပင် မသိတော့ပေ။

***

All Chapters