← Chapters

မိုင်းတွင်းများကို ခွဲဝေပေးခြင်း

Vol. 30 Ch. 403

မိုင်းတွင်းများကို ခွဲဝေပေးခြင်း

Vol. 30 Ch. 403

မိုဝူကျီက  သူနောက်ဆုံးမှ ရောက်လာကြောင်း သတိထား မိလိုက်သည်။ သူက နည်းနည်း ပြောစရာ မဲ့သွားလေသည်။ သူက စောစာ ထလာသော်လည်း နောက်အကျဆုံး ဖြစ်နေလေ၏။

ထိုလူများက နေမထွက်ခင် ကတည်းက ရောက်နေကြတာ များလား ...

မိုဝူကျီ၏ ခန့်မှန်းချက်မှာ မဆိုးလှပေ။ ထိုလူများမှာ နေမထွက်ခင် ကတည်းမှ ရောက်ရှိနေကြခြင်း ဖြစ်ပေသည်။

“မင်းက အသစ်မလား။ ဘာလို့ နောက်ကျနေတာလဲ ...”  ခေါင်းဆောင် နေရာတွင် ထိုင်နေသည့် လူလတ်အမျိုးသားက မိုဝူကျီမှာ အသစ်ဖြစ်ပြီး နောက်ကျနေသည့် အတွက် သတိမထားမိရန် ခက်ခဲလှ၏။

မိုဝူကျီက နေရာအမြင့်ဆုံးမှ လူကို မြင်သောအခါ ထိုသူမှာ အသက်ရှည်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်မည်မှန်း ခန့်မှန်းမိလိုက်သည်။ ထိုလူက သူ့သွင်ပြင်ကို သေချာ ဂရုစိုက်ထားပြီး သူ့ဆံပင်ရှည်များကို ကျင့်ကြံသူယောင်ထုံး ကဲ့သို့ ထုံးထားသည့် အတွက် အားမာန်အပြည့် ရှိသည့်ဟန် ပေါ်နေသည်။ ကျင့်ကြံခြင်းအားဖြင့် မိုဝူကျီက ထိုလူမှာ အာကာသ ဝံပုလွေ ဘုရင်ကြီးထက်ပင် ပိုမြင့်မားနိုင်ကြောင်း ခံစားမိနေသည်။

“မိုဝူကျီ ... ဒါက  ငါတို့ အသက်ရှည်ဂိုဏ်းရဲ့  ဂိုဏ်းချုပ်ဖုန်းပဲ။ မင်း ဘာလို့ နှုတ်မဆက်သေးတာလဲ ” လန်ဟောင်က ဘေးမှ ဆူပူလိုက်သည်။

သူက မိုဝူကျီကို ခေါ်လာမိသည့်အတွက် နောင်တအနည်းငယ် ရလာမိသည်။ မိုဝူကျီက အလွန်လျင်သောကြောင့် လုပ်နိုင်စွမ်း ရှိသည့်သူဟု ထင်မှတ်ကာ ခေါ်လာခြင်း ဖြစ်သည်။ သို့သော်လည်း မိုဝူကျီက နောက်ဆုံးမှ ရောက်လာလိမ့်မည်ဟု တွေးမထားပေ။

မိုဝူကျီကို ဆူပူပြီးနောက် လန်ဟောင်က စိုးရိမ်တကြီး ဦးညွှတ်ကာ ဂိုဏ်းချုပ်ကို ရှင်းပြလိုက်သည်

“ဂိုဏ်းချုပ်ဖုန်း  ... မိုဝူကျီက အသစ်လေးပါ။ သူက ဟင်းလင်ပြင်ကို မတော်တဆ ချိုးဖောက်လာတာ ဆိုတော့ သူ့ကျင့်ကြံဆင့်က အတော် နိမ့်နေသေးတယ်။ လောကအင်မော်တယ် အဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သူက အတော်လေး ဉာဏ်ကောင်းလို့ အသက်ရှည်ဂိုဏ်း အတွက် စည်းရုံးလှုပ်ရှားဖို့ အတွက် ကူညီပေးဖို့ ခေါ်လာတာပါ ...”

ဂိုဏ်းချုပ်ဖုန်းက ခေါင်းအသာညိတ်ကာ မိုဝူကျီကို ကြည့်လိုက်သည်။ အိမ်ထဲ ရောက်ရှိနေကြသည့် လူအားလုံးက မိုဝူကျီသည် လောက အင်မော်တယ်အဆင့် ရှိသေးကြောင်း ကြားသိလိုက်ရ၍ နှုတ်ခမ်းများ တွန့်ချိုးသွားကြသည်။ လောက အင်မော်တယ် အဆင့်လေးဖြင့် ဤနေရာတွင် လုပ်ကိုင်စရာ ကိစ္စမရှိချေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အသက်ရှည်ဂိုဏ်း အတွက် စည်းရုံးရေး ဆင်းပေးရုံသာ ဖြစ်၏။

မိုဝူကျီက လက်နှစ်ဖက် ဆုပ်လျက် …

“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်။ ကျုပ်က အသစ်ဝင်လာတဲ့ မိုဝူကျီပါ။ ဒါက ကျုပ်အတွက် ပထမဆုံး အကြိမ်ဆိုတော့ နောက်ကျသွားမှန်း မသိလိုက်တာပါ ...”

ဂိုဏ်းချုပ်ဖုန်းက မိုဝူကျီကို စိတ်ဝင်တစား ကြည့်လိုက်ပြီးနောက် မထူးမခြားနား ပြောလိုက်သည် …

“မင်းက နောက်မကျပါဘူး။ တခြားသူတွေထက်ပဲ နည်းနည်း နောက်ကျပြီး ရောက်လာတာပါ ... ” အမူအရာ

မိုဝူကျီက ဂိုဏ်းချုပ်ဖုန်း အမူအရာကို ကြည့်ကာ ဂိုဏ်းချုပ်ဖုန်း စကားများအရ သူ့ကို အထင်အမြင် လွဲသွားကြောင်း သိလိုက်သည်။ ဂိုဏ်းချုပ်က သူ အကြောင်းပြချက် ရှာနေရုံမျှသာ တွေးထင်နေခြင်း ဖြစ်ပြီး လက်တွေ့တွင် သူက အမှန်တကယ် နောက်ကျသွားမှန်း မသိချေ။ သို့သော်လည်း သူက ထိုသို့ ကိစ္စမျိုးနှင့် ကြုံတွေ့လာသည့်အခါ ပါးစပ်ပိတ်ပြီးတော့သာ နေလိုက်တော့သည်။ ပို၍ ရှင်းပြလေ ပို၍ ရှုပ်ထွေးလေ ဖြစ်လာလိမ့်မည်။

ဂိုဏ်းချုပ်ဖုန်းက မိုဝူကျီအကြောင်း ဆက်မပြောတော့ဘဲ ကျယ်လောင်စွာ ကြေညာလိုက်သည်  “အားလုံးလည်း ရောက်လာပြီဆိုတော့ ကျုပ်တို့ အသက်ရှည်ဂိုဏ်း ရရှိထားတဲ့ မိုင်းတွင်းတွေကို ကြေညာမယ်... ”

အိမ်အတွင်း လုံးဝတိတ်ဆိတ်သွားကာ အားလုံးက ဂိုဏ်းချုပ်ဖုန်း စကားများကို သေချာ နားထောင်နေကြသည်။

မိုဝူကျီက လူသစ်လေး ဖြစ်နေသောကြောင့် အသက်ရှည်ဂိုဏ်းအတွင်း အဖွဲ့စုစည်းခြင်းနှင့် ပတ်သက်၍ မရင်းနှီးလှပေ။ လန်ဟောင်က မိုဝူကျီကို အသက်ရှည်ဂိုဏ်း၏ အဓိကအင်အားစုအဖြစ် ယူဆမထားသည်မှာ သိသာလှသည်။ ထို့ကြောင့်သာ အသေးစိတ်ကို မပြောပြထားခြင်း ဖြစ်သည်။ ယခုအခါ အားလုံးက ဂိုဏ်းချုပ်ဖုန်း စကားကို ဂရုတစိုက် နားထောင်နေကြ၍ သူလည်း အများနည်းတူ လိုက်နားထောင်လိုက်သည်။

ဂိုဏ်းချုပ်ဖုန်းက မသိမသာ မိုဝူကျီကို တစ်ချက် ကြည့်လိုက်သည်။ မိုဝူကျီ၏ အာရုံစိုက်မှုကို မြင်လိုက်ရသည့်အခါ ရယ်ချင်သလို ခံစားလိုက်ရသည်။ တကယ်တမ်းတွင် မိုဝူကျီ၏ လောက အင်မော်တယ်အဆင့် ၄ ဖြင့် သူက နားထောင်နေစရာ မလိုပေ။

“ဒီတစ်ကြိမ်တော့ ကျုပ်တို့က မိုင်းတွင်းလေးခုမှာ လုပ်ပိုင်ခွင့် ရခဲ့တယ်။ မိုင်းတွင်း နယ် ၉ဝ၈၇ (ဂ) ကို အချိုးအစားအရ ငါးအချိုး နှစ်အချိုး သုံး (၅:၂:၃) ခွဲထားတယ်။ မိုင်းတွင်း ၈၇၆၂ (ဃ) ကိုတော့ လေးအချိုး နှစ်အချိုး သုံး (၄:၂:၃) ခွဲထားတယ်။ မိုင်းတွင်း ၃၁ဝ၄ (င) ကိုတော့ လေးအချိုး သုံးအချိုး သုံး (၄:၃:၃) ခွဲထားပြီးတော့ မိုင်းတွင်း ၅၁ဝ၉ (စ) ကိုတော့ နှစ်အချိုး သုံးအချိုး ငါး (၂:၃:၅) ခွဲထားတယ် ...”

ဂိုဏ်းချုပ် စကားအပြီးတွင် အိမ်တစ်ခုလုံး အသက်ဝင်လာသည်။ လူတော်တော် များများက တစ်ယောက်နှင့် တစ်ယောက် ပခုံးပုတ်ကာ စတင်အလုပ်လုပ်ရန် ဆိုင်းပြင်နေလေသည်။

“အာ ... ငါတို့တွေ မိုင်းတွင်း (ဂ) ရတာ  မသိလိုက်ဘူး။  ငါ အရမ်းနောက်ကျမှ ရောက်လာမိသွားတယ် ...” မိုဝူကျီ ဘေးနားမှ လူတစ်ယောက်က သက်ပြင်းချကာ ညည်းတွားလိုက်သည်။

မိုဝူကျီက လက်နှစ်ဖက် ဆုပ်ထားလျက် မေးလိုက်သည်

“ဒီက တာအိုရောင်းရင်းကို ဘာလို့ အရမ်းနောက်ကျမှ ရောက်လာတယ်လို့ ပြောနေတာလဲဆိုတာ မေးလို့ရမလား။ ပြီးတော့ မိုင်းတွင်းနောက်က စကားက ဘာအဓိပ္ပာယ်လဲ ... ”

ထိုကျင့်ကြံသူမှာ စိတ်ကြည်လင်နေသည့် အခြေအနေ မဟုတ်မှန်း သိသာလှသည်။ သူက မိုဝူကျီကို တစ်ချက် ကြည့်လိုက်ပြီးနောက် မိုဝူကျီက လောကအင်မော်တယ် အဆင့်လေးသာ ဖြစ်သောကြောင့် ပြန်ဖြေဖို့ရာ စိတ်ထဲ မရှိပေ။

မိုဝူကျီက သူ့အခြေအနေ သူ ကောင်းကောင်း နားလည်လေ၏။ လန်ဟောင်က များစွာ မပြောပြသော်လည်း ထိုလူများမှာ သူ့ကို သူတို့၏ အသက်ရှည်ဂိုဏ်းသား အဖြစ် မဆက်ဆံကြချေ။ သူက အကူအဖြစ် ရောက်ရှိနေရုံသာ ဖြစ်ပေသည်။

မိုဝူကျီက နောက်ထပ်လူ တစ်ယောက်ကို မေးမည့်ဆဲဆဲတွင် မနီးမဝေးမှ ကျင့်ကြံသူ တစ်ယောက်က ရှင်းပြလိုက်သည်

“ရှေ့ဆုံးက အစောဆုံး ရောက်လာတဲ့သူတွေပဲ။ သူတို့တွေက မိုင်းတွင်း (ဂ) နဲ့ (ဃ) လိုမျိုး နေရာကောင်းမှာ ရတယ် ... ”

မိုဝူကျီက ကျေးဇူးစကား ဆိုပြီးနောက် သူက ဆက်မေးလိုက်သည်  “အဲဒီလိုဆို နောက်က အချိုးတွေကရော ဘာကို ပြောတာလဲဗျ ... ”

ထိုကျင့်ကြံသူက စိတ်မရှည်သည့်ဟန် မပေါ်ဘဲ …

“မိုင်းတွင်း ၉ဝ၈၇ (ဂ) ကို ငါးအချိုး နှစ်အချိုး သုံးအချိုး ခွဲထားတယ်။ အဲဒါက မင်းက တကယ်လို့ ကျောက်တုံးနက် ဆယ်တုံးရခဲ့ရင် ငါးတုံးကို အင်မော်တယ်တပိုင်း နယ်ပယ်ကို ပေးသွင်းရပြီးတော့ နှစ်တုံးက အသက်ရှည်ဂိုဏ်းဆီ ရောက်သွားလိမ့်မယ်။ ကျန်သုံးတုံးကတော့ မင်းအတွက်ပေါ့ ... နယ်မြေ ကွဲပြားလေလေ ပိုပြီး အချိုး ပိုရလေလေပေါ့ ... ”

မဟုတ်သေးပါဘူး ...

မိုဝူကျီက နားမလည်စွာ မေးလိုက်သည် …

“ဒီကမိတ်ဆွေ ...  စောစောလေးက ဂိုဏ်းချုပ်က မိုင်းတွင်း (စ) မှာ နှစ်အချိုး သုံးအချိုး ငါးအချိုး ခွဲပေးမယ်ဆိုပြီး ပြောတာကျတော့ရော ... အဲဒီနေရာက မိုင်းတွင်း (ဂ) ထက် ပိုကောင်းမနေဘူးလား။ ကျုပ်တို့က ကိုယ့်အတွက် ကိုယ် တစ်ဝက်လောက် သိမ်းထားလို့ ရတယ်လေ ”

“ဟားဟား မင်းက လူသစ်လေးဆိုတော့ မင်း မသိသေးတာ နေမှာ ... မိုင်းတွင်း (စ) မှာ မင်းရဲ့ အချိုးက အမြင့်ဆုံးဆိုပေမဲ့ မိုင်းတွင်းမှာရှိတဲ့ သတ္တုက တူးဖို့ခက်တယ်။ တကယ်လို့ မင်းက တစ်ဝက်ရတယ် ဆိုရင်တောင်  မိုင်းတွင်း (ဂ) လောက် ရမှာ မဟုတ်ဘူး။ အသက်ရှည်ဂိုဏ်းမှာ အစောစီးလူတွေက ပိုကောင်းတဲ့ နေရာကို ရကြလိမ့်မယ်”  ကျင့်ကြံသူက ရှင်းပြရင်း ရယ်မောလိုက်သည်။

မိုဝူကျီက နောက်ဆုံးတွင် နားလည်သွားလေ၏။ ထိုလူများ  စောစီးစွာ ရောက်လာသည်မှာ အံ့ဩစရာတော့ မရှိပေ။ သူတို့ကိုယ်ကျိုးအတွက် မူတည်နေသည် မဟုတ်ပါလော။ အကယ်၍ သူသာ အစောဆုံး ရောက်လာလျှင်လည်း မိုင်းတွင်း (ဂ) ဆီ နေရာ ချပေးခံရမှာလား ...

ဂိုဏ်းချုပ်ဖုန်းက ဆွေးနွေးမှု ပြီးပြတ်အောင် စောင့်ဆိုင်းနေရင်း …

“ဒီတစ်ကြိမ်တော့ လူ ၃၂ ယောက်ကို မိုင်းတွင်း ၉ဝ၈၇ (ဂ) ကို နေရာ ချထားထားတယ်။ အရင်ဦးဆုံး ၁၆ ယောက်က မင်းတို့ရဲ့ တွဲဖက်ကို ရွေးရမယ် ... ”

သူ့စကားအဆုံးတွင် မိုဝူကျီက ဘယ်နှင့် ညာမှ လူ ၁၆ ယောက် ရောက်လာကြပြီး သူတို့တွဲဖက်ကို ရွေးချယ်သွားကာ ၃၂ ယောက်အဖွဲ့ ဖြစ်သွားလေ၏။ ထို့နောက် သူတို့က လက်ပတ်ကို ယူကာ ဂိုဏ်းချုပ်ဖုန်းရှေ့ နယ်မြေကို မှတ်သား ထားလိုက်သည်။ ထို့နောက် သူတို့က အိမ်ထဲမှ ထွက်ခွာသွားကြသည်။

မိုဝူကျီက နောက်တစ်ခု နားလည်သွားပေ၏။ နောက်ဆုံးတွင် ရောက်လာခြင်းက သူ့တွင် မျှော်လင့်ချက် မရှိခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။ အသိက စောစော ရောက်လာပါက သူနှင့်အတူတူ အဖွဲ့ဖွဲ့၍ ထွက်သွားနိုင်လေသည်။ သူ အင်မော်တယ်တပိုင်း နယ်ပယ်ကို ရောက်လာစဉ်က လူနှစ်ယောက် ထိုကျောက်တုံးနက်များကို တူးနေသည်ကို မြင်ခဲ့ဖူးသည်။ သူက အဖွဲ့တစ်ဖွဲ့တွင် လူနှစ်ယောက် ပါဝင်ကြောင်း ခန့်မှန်းမိလိုက်သည်။

“မိုင်းတွင်း  ၈၇၆၂ (ဃ) မှာ နေရာ ၂၈ ခုစာ ရှိတယ်၊ ပထမဆုံး ၁၄ ယောက်က မင်းတို့ရဲ့ တွဲဖက်ကို ရွေးချယ်ကြ ...” ဂိုဏ်းချုပ်ဖုန်း စကားအဆုံးတွင် နောက်ထပ် ၁၄ ယောက်က မတ်တတ် ရပ်လိုက်ကြသည်။

မကြာခင်တွင် လူ ၂၈ ယောက်က အိမ်ထဲမှ ထွက်သွားကြသည်။

“မိုင်းတွင်း ၃၁ဝ၄ (င) မှာ နေရာ ၆ဝ ရှိတယ်။ ပထမ အယောက် ၃ဝ က မင်းတို့ရဲ့ တွဲဖက်ကို ရွေးချယ်လိုက် ... ”

“နောက်ဆုံး မိုင်းတွင်း ၅၁ဝ၉ (စ) မှာ နေရာ ၄ဝ ရှိတယ် ...”

မိုဝူကျီက နောက်ဆုံး အယောက် ၄ဝ တွင် သူ ပါဝင်နေကြောင်း သတိပြုမိလိုက်သည်။ သူ့ကို ကိစ္စများ ရှင်းပြထားသည့် ကျင့်ကြံသူကို သိချင်စွာ ထပ်မေးကြည့်လိုက်သည်  “ဒါနဲ့လေ ...  ဒီတစ်ခါ နေရာ မရရင် ဘယ်လိုလုပ်ရမှာလဲ ... ”

ထိုကျင့်ကြံသူက မိုဝူကျီ ပခုံးကို ပုတ်ကာ  “ မင်း နေရာမပါရင် ဒါမှမဟုတ် တွဲဖက်ရှာမရရင် ပြန်သွားပြီး စောင့်နေရမယ်။ မဟုတ်ရင်တော့ မင်းက သတ္တုရိုင်းကို သွားခိုးရုံပေါ့ ... ”

“သတ္တုရိုင်း  ခိုးတာလား။ ကျောက်တုံးနက်တွေကို ခိုးလို့ ရတယ်လား” မိုဝူကျီက တအံ့တဩ မေးလိုက်သည်။ တစ်ယောက်ယောက်က  ထိုသတ္တုရိုင်းများကို ခိုးယူရန် လူအများကြား ပြောလိမ့်မည်ဟု သူ ထင်မထားပေ။

ကျင့်ကြံသူက မိုဝူကျီအား မကြည်မလင်ကြည့်ကာ  “ ဘာတွေ တွေးနေတာတုံး။ သတ္တုရိုင်း ခိုးတယ်ဆိုတာက မင်းက စွန့်ပစ်မိုင်းတွင်းတွေဆီ သွားလို့ ရတယ် ပြောတာ။ အဲဒါကို သတ္တုရိုင်း ခိုးတယ်လို့ ပြောတာ ... ”

ထို့နောက် သူက မိုဝူကျီကို ဂရုမစိုက်တော့ဘဲ သူ့ကိုယ်ပိုင် အဖွဲ့ ဖွဲ့ရန် ထွက်သွားတော့သည်။

သူ ပထမဆုံး ရောက်သည့်အခါက ထိုလူနှစ်ယောက်မှာ သတ္တုရိုင်း ခိုးနေခြင်းသာ ဖြစ်၏။ သူတို့ချည်းပဲ ဖြစ်နေသည်က အံ့ဩစရာတော့ မဟုတ်ပေ။

“တကယ်လို့  ရှင်က မိုင်းတွင်း ၅၁ဝ၉ (စ) ကို သွားချင်တယ် ဆိုရင်တော့ ကျမနဲ့ အဖွဲ့ဖွဲ့လို့ ရတယ်။ ရှင် စိတ်မဝင်စားရင်တော့ ကျမ သွားပြီ ...” အေးစက်စက် အသံတစ်သံက မိုဝူကျီ နားထဲ ပြန့်လွင့်လာသည်။

မိုဝူကျီက နောက်ဆုံးတွင် အသိဝင်လာပြီး အိမ်ထဲတွင် လူနည်းနည်းသာ ရှိကြောင်း သတိပြုမိသွားသည်။ ဂိုဏ်းချုပ်နှင့် လန်ဟောင်တို့လည်း ရှိနေသေး၏။ သူတို့အပြင် ဂိုဏ်းချုပ်ဘေးတွင် ထိုင်နေသည့် လူအိုကြီး တစ်ယောက်လည်း ရှိနေသည်။

သူ့ကို ပြောလိုက်သူမှာ အနက်ဝတ် မိန်းကလေး ဖြစ်၏။ ထိုမိန်းကလေးမှာ အရမ်းအေးတိအေးစက် ဖြစ်နေသော်လည်း သူမသွင်ပြင်မှာ စကားဖြင့် ဆိုမရလောက်အောင် အထိ ချောမောလှပပေသည်။ သူမက ချိန်စုယင်၊ ကျွမ်းရှီယွဲတို့နှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။ သူမ၏ ရင့်ကျက်သည့် သွင်ပြင် အမူအရာကြောင့် ထိုနှစ်ယောက်ထက် ပိုဆွဲဆောင်အား ကောင်းနေ၏။

သို့သော်လည်း သူမ၏ အေးစက်စက် မျက်နှာထားနှင့် အသံကြောင့် လူအများက သူမသည် အလွယ်တကူ ချဉ်းကပ်၍ မရသည့်သူမှန်း တန်းသိနိုင်ပေသည်။

“ဒါပေါ့  သွားကြတာပေါ့ ...” မိုဝူကျီက တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။ သူက တွဲဖက် ရှာမတွေ့ပါက သူ့အနေနှင့် မိုင်းတွင်းထဲ သွားခွင့် ရမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဤသတ္တု တူးခြင်းအလုပ်မှာ လူနှစ်ယောက် တွဲလုပ်ဆောင်ဖို့ လိုအပ်သည်သာ ဖြစ်ရမည်။

အေးစက်စက် မိန်းကလေးက ခေါင်းညိတ်ပြကာ ဂိုဏ်းချုပ်ဖုန်းဆီ သွားကာ သူမလက်ပတ်ကို ပြလိုက်သည်။

မိုဝူကျီက မိုင်းတွင်းထဲ ဝင်ရန် ဂိုဏ်းချုပ်ဆီမှ သူ့လက်ပတ်ပေါ် အမှတ်အသား ချန်ပေးရန် လိုအပ်ကြောင်း သိထားသည်။ သူက လက်ပတ်ကို ထုတ်၍ ဂိုဏ်းချုပ်ဖုန်းဆီ ပေးလိုက်သည်။

ဂိုဏ်းချုပ်ဖုန်းက သူ့ကို အမှတ်အသား ထားပေးပြီးနောက် မိုဝူကျီက လန်ဟောင်ကို ကြည့်ကာ မေးလိုက်သည် …

“တာအိုရောင်းရင်း လန်ဟောင် ... ဘာလို့ ကျုပ်ဆီမှာ ကျောက်တုံးနက်ထည့်ဖို့ ခြင်းတောင် မရှိရတာလဲ ...”

လန်ဟောင်က နေရခက်စွာ ရယ်မောလိုက်သည်။  သူက မိုဝူကျီ၏ မာနကို ထိပါးလိုက်မှန်း သိသော်လည်း ပြောလိုက်သည်

“မိုဝူကျီ ... မင်းအနေနဲ့ ခြင်းမလိုလောက်ဘူးလားလို့ ... ကျောက်တုံးနက်က အင်မတန် တူးရခက်တယ်။ ပြီးတော့ မင်းကျင့်ကြံဆင့်က အရမ်းနိမ့်နေသေးတယ် ...”

“တကယ်လို့ ကျုပ်က ဘာမှ မရခဲ့ရင်တောင် ကျုပ်ကို တစ်ခုခု ပေးလိုက်တာတော့ မမှားဘူးမလား။ ပြီးတော့ ကျုပ်ကို ပေးရမဲ့ ပစ္စည်းပဲလေ ...” မိုဝူကျီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

သူက လန်ဟောင် သူ့ကို ကူညီခဲ့သည့်အတွက် ကျေးဇူးတင်ခဲ့သော်လည်း လန်ဟောင်က သူ့ကို ဘာမျှမပြောသည့် အပြင် ဘာဆိုဘာမှ ပေးမထားချေ။

“သူက ငါတို့ အသက်ရှည်ဂိုဏ်းသား ဖြစ်နေပြီဆိုတော့ သူ့ကို တစ်ခု ပေးလိုက်ပါ” ဂိုဏ်းချုပ်ဖုန်းက အသာပြောလိုက်သည်။

ဂိုဏ်းချုပ်က ပြောလိုက်သောကြောင့် လန်ဟောင်က ဘေးနားအိမ်သို့ သွား၍ မိုဝူကျီအတွက် ခြင်းတစ်လုံး ထုတ်ပေးလိုက်ရသည်။

မိုဝူကျီကို ထိုခြင်းတောင်းကို ယူလိုက်သည်နှင့် ထိုအရာမှာ သာမန်ပစ္စည်း မဟုတ်မှန်း သိလိုက်သည်။ သူက ထိုသို့ပစ္စည်းမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။

အေးစက်စက် အမျိုးသမီးက သူမ အမှတ်အသား လက်ခံပြီးသည်နှင့် ဘာစကားမှ မဆိုတော့ပဲ အိမ်အပြင်ဘက် တန်းထွက်သွားတော့သည်။ မိုဝူကျီက လန်ဟောင်ကို ခြင်းတောင်းကိစ္စ မေးနေသည့် အကြောင်းကို သူမက မမြင်သည့်အလား ပြုမူသွားသည်။ မိုဝူကျီက သူမနောက်မှ မြန်မြန် လိုက်လိုက်ရသည်။ သူက မိုင်းတွင်းများ ဘယ်နေရာရှိမှန်းပင် မသိပေ။

မိုဝူကျီ မိန်းကလေးနှင့် ထွက်သွားသည်ကို မြင်၍ လန်ဟောင်က ရေရွတ်လိုက်သည် …

“ ကျုပ်က ကျာချီအတွက် တွဲဖက် ရှာတွေ့ခဲ့တာပဲ ... ”

ဂိုဏ်းချုပ်ဖုန်းက လန်ဟောင်စကားများကို သတိမပြုမိဘဲ ပြောလိုက်သည် …

“လန်ဟောင် ... မင်းက မိုဝူကျီကို ခြင်းတောင်း ပေးလိုက်ပေမဲ့ ဂေါ်ပြားလည်း မပေးလိုက်ဘူး။ သူက ဘယ်လိုလုပ် ကျောက်တုံးနက်ကို တူးရမှာလဲ ... ”

“ဂိုဏ်းချုပ်လည်း သိပါတယ်။ ကျုပ်က မိုဝူကျီကို ဒီနေရာမှာ ကူဖော်လောင်ဖက် အဖြစ် ခေါ်လာတာ။ တူးရတာ ဘယ်လောက်ခက်လဲ မြင်တဲ့အခါမှ ကျုပ်ဆီ သေချာပေါက် ပြန်ရောက်လာလိမ့်မယ် ...” လန်ဟောင်က သေချာနေသည့်ဟန်ဖြင့် ပြောလိုက်သည်။

***

All Chapters