← Chapters

ဝမ်ဝေ့နှင့် ယဲ့တာ့ဖူ ပြိုင်ဆိုင်ခြင်း

Vol. 40 Ch. 547

ဝမ်ဝေ့နှင့် ယဲ့တာ့ဖူ ပြိုင်ဆိုင်ခြင်း

Vol. 40 Ch. 547

အရှင်စိတ်ဝိညာဉ်က အားလုံး၏ ရှေ့တွင် ပေါ်ထွက်လာပြီး ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးချင်းစီအတွက် အမှတ်အသားပြားကို ဖြန့်ဝေပေးလိုက်သည်။ သူတို့၏ အံ့ဖွယ်အသိစိတ်ကို အထဲ ထည့်သွင်းသရွေ့ သူတို့ရှိသည့် အမှတ်အရေအတွက်ကို မြင်နိုင်လေသည်။

“ နောက်ထပ်စစ်ဆေးမှုက နောက်တစ်ပတ်နေရင် ကျင်းပမယ်။ ငါတို့တွေ ဒီလိုမျိုး တစ်ချိန်တည်း နှစ်ခု ဒါမှမဟုတ် အဲထက်ပိုပြီး လုပ်ကြမယ်။ နောက်စစ်ဆေးမှုထဲမှာ စွမ်းအင်ထိန်းချုပ်ရေးနဲ့ နားလည်နိုင်စွမ်းတို့ ပါမယ်ဆိုတော့ ကြိုတင်ပြင်ဆင်ထားကြ”

အရှင်စိတ်ဝိညာဉ်က ကြေညာပြီးသည့်နောက်တွင် ဝမ်ဝေ့အား ကြည့်လိုက်သည်။

“ မင်းက ပထမနေရာ ဆုလာဘ်အတွက် တောင်းဆိုချက် ရှိနေတာလား”

“ ဟုတ်ပါတယ်။ ကျွန်တော် အဲဒါကို ပထမစစ်ဆေးမှုက စွမ်းအင်နဲ့ လဲလှယ်ချင်တယ်”

ထို့နောက် အရှင်စိတ်ဝိညာဉ်က တစ်စုံတစ်ယောက်နှင့် ဆက်နွယ်နေသလိုမျိုး သို့မဟုတ် စဉ်းစားနေသလိုမျိုး ခေတ္တတုံ့ဆိုင်းသွားသည်။

“ အခု မင်း တောင်းဆိုချက်ကို လက်ခံတယ်” သူမက လက်ဝှေ့လိုက်သည့်အချိန် မျှော်နန်းဆောင်မှ အပြာရောင်သလင်းကျောက်တစ်ခု ပျံသန်းထွက်လာသည်။ ထိုစဉ် ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်အတွင်းမှ စာအုပ်တစ်အုပ်ကို ယူကာ ပေးလိုက်၏။

နောက်ဆုံးတွင် အရှင်စိတ်ဝိညာဉ်က သူ့အား တစ်ချက်ကြည့်ပြီးနောက် ထွက်ခွာသွားသည်။

ထိုကောင်းကင်ရွေးချယ်ခံအားလုံးက တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည့်အတွက် အခြေအနေက ပြင်းထန်လာသည်။ နောက်ဆုံးတွင် ယဲ့တာ့ဖူက ဝမ်ဝေ့ဆီ လျှောက်လှမ်းလာပြီး

“ ဒီမျောက်ဘုရင်က မင်းကို စိန်ခေါ်ချင်တယ်”

“ မျောက်လေး မင်းအမှတ်ကို အလကားဖြုန်းတီးမနေနဲ့။ ငါက မင်းယှဉ်လို့ရမဲ့လူ မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ ဒီခန့်ချောမျောက်ဘုရင်က အဆုံးမဲ့လေဟာနယ်ထဲမှာ အမောက်မာဆုံးလူလို့ ထင်ထားတာ။ ငါ့ထက် မောက်မာတဲ့သူကို တွေ့လိုက်ရပြီပဲ” ယဲ့တာ့ဖူက သရော်စွာဖြင့် ပြောလိုက်သည်။

“ ကောင်းပြီ။ စိန်ခေါ်အမှတ် ၅၀၀ကို ပေးလိုက်”

မျောက်နတ်ဆိုးက သူ့အမှတ်အသားပြားကို ထုတ်ကာ အမှတ် ၅၀၀ဖြင့် လဲလှယ်လိုက်သည်။ ထို့နောက် ကောင်းကင်ထက် ပျံသန်းသွားလေသည်။ ဝမ်ဝေ့က သူ့နောက်မှ လိုက်ပါသွား၏။ တခြားသောပါဝင်ယှဉ်ပြိုင်သူများက အဝေးတစ်နေရာမှ တည်ငြိမ်စွာ ကြည့်နေကြသည်။

ယဲ့တာ့ဖူက အနီရောင်တုတ်ချောင်းကို ကိုင်ဆောင်ရင်း ရွှေအနက်ရောင်ချပ်ဝတ်က နေရောင်အောက်တွင် တောက်ပနေလေသည်။ သူက တစ်ဖက်လူအား ကြည့်လိုက်ပြီးနောက် ပုံမှန်မောက်မာသည့် သွင်ပြင်မျိုးက ပျောက်ကွယ်သွားပြီး တိုက်ခိုက်လိုစိတ်ဖြင့် တည်ငြိမ်သည့် အမူအရာမျိုး ဝင်ရောက်လာသည်။

ထို့နောက် သူ့မျက်ဝန်းက ပြောင်းလဲသွား၏။ ဘယ်ဖက်က ငွေရောင် ဖြစ်ကာ ညာဘက်က ရွှေရောင် ဖြစ်ပြီး တတိယမြောက် ခရမ်းရောင်မျက်လုံးက နဖူးထက်တွင် တည်ရှိသည်။

ဝမ်ဝေ့က သူ့ပြိုင်ဘက်အား ကြည့်နေရင်း ဘယ်ဖက်မျက်လုံးသည် ကျန်သည့်အရာများထက် ပိုမိုတောက်ပနေသည်ကို မြင်လိုက်ရသည်။

“ မျက်လုံးသုံးလုံး မျောက်က ကောင်းကင်၊ မြေကမ္ဘာနဲ့ လူသားမျက်လုံးလို့ သိတဲ့ သီးသန့်မျက်လုံးသုံးလုံးနဲ့ မွေးဖွားလာတဲ့ ပင်ကိုနတ်ဆိုးပဲ။ ကောင်းကင်မျက်လုံးက စည်းမျဉ်းတွေ အကုန်လုံးအပါအဝင် စကြဝဠာတစ်ခုလုံးရဲ့ အမှန်တရားကို မြင်တွေ့နိုင်တယ်။ စွမ်းအားအရ ယင်ယန်မျက်ဝန်းထက်တောင် ကျော်လွန်နေသေးတယ်”

သူက ပြောလိုက်ပြီး “ အဲဒါဆိုတော့ စွမ်းအားကို ကြည့်ရအောင်”

ဝမ်ဝေ့က ထိုအခွင့်အရေးအား အသုံးချကာ သူ့ အဆုံးမဲ့ ၁၂ရာသီခွင်စွမ်းအားကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ပထမဦးစွာ လွယ်ကူသည့်အရာဖြစ်သည့် နွားနှင့် ယုန်ရာသီခွင်ကို အသုံးပြုလိုက်သည်။

သူက ဆုံမှတ်များအား အသုံးပြုကာ ရှုပ်ထွေးကာ အနုစိတ်ဆန်သည့် နွားပုံစံကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့အင်အားက နှစ်ဆတိုးလာသည်ကို ခံစားမိလိုက်၍ အနည်းငယ် အံ့အားသင့်မိသွားသည်။ သူ့ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် တိုးမြှင့်လာသည်နှင့် ပတ်သက်သည့်အခါ ကျင့်စဉ်တချို့ကသာ သူ့အတွက် အလုပ်ဖြစ်လေသည်။

ထို့နောက် သူက ဆုံမှတ်အလုံအလောက်ရှိထားပြီဖြစ်၍ ယုန်ရာသီခွင်အား ဖန်တီးလိုက်ပြီး သူ့အမြန်နှုန်းကို မြှင့်တင်လိုက်သည်။ ထို့နောက် သူက မျောက်ဆီ ပြေးဝင်သွားသည်။

ယဲ့တာ့ဖူက အံ့အားသင့်နေမိသည်။ သူ၏ ကောင်းကင်မျက်လုံးဖြင့် တစ်ဖက်လူ၏ ဆုံမှတ်၊ စွမ်းအားနှင့် အရှိန်မြင့်တက်လာမှု၊ တစ်ဖက်လူ၏ ပျံသန်းရာလမ်းကြောင်းနှင့် အရာအားလုံးကို မြင်တွေ့နိုင်လေသည်။ သူက တစ်ဖက်လူသည် ထိုလက်သီးချက်အပေါ်တွင် စွမ်းအားကို ဝှက်ထားကြောင်း မြင်နိုင်လေ၏။

သူက မခုခံဘဲ တိုက်ခိုက်လိုက်သည်။ သူက တုတ်ကို မြှောက်ကာ လက်သီးချက်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ဝုန်း

ယဲ့တာ့ဖူက မီတာဒါဇင်ချီ လွင့်စင်သွားလေသည်။ ထိုစဉ် ဝမ်ဝေ့က သူ့ဆုံမှတ်များ ဖရိုဖရဲဖြစ်ကာ ရာသီခွင်၏ ကျင့်စဉ်က ရုတ်ချည်းဆိုသလို အဆုံးသတ်သွားသည်ကို မြင်လိုက်ရ၍ မျက်မှောင်ကြုတ်လိုက်မိသည်။

သူက အဖြစ်အပျက်ကို သဘောပေါက်သွားသည့်အခါ အကြည့်များက လင်းလက်လာပြီး တစ်ဖက်လူက ထိုနည်းစနစ်၏ အားနည်းချက်ကို ပစ်မှတ်ထားကာ အတင်းအကြပ် အဆုံးသတ်ပစ်လိုက်ခြင်း ဖြစ်၏။ ဤသည်က သူ့အနေနှင့် ကျင့်စဉ်ကို ပထမဆုံး အသုံးပြုဖူးသည်ဖြစ်၍ ဟာကွက်များစွာရှိနေမှန်း သိထားလေသည်။

ထို့ကြောင့် သူက တစ်ဖက်လူ ပစ်မှတ်ထားသည့် ဟာကွက်ကို ပြောင်းလဲလိုက်ပြီး ထပ်မံတိုက်ခိုက်လိုက်သည်။

ဝုန်း ဝုန်း ဝုန်း

ထိုထိပ်တိုက်ရင်ဆိုင်မှုက တိမ်တိုက်များအထိ တုန်ခါနှုန်းများ ဖြစ်ပေါ်သွားစေသည်။ သို့သော်လည်း ယဲ့တာ့ဖူက မပျော်ရွှင်ပေ။ သူ့အနေနှင့် တစ်ဖက်လူ၏ နည်းဗျူဟာကို သဘောပေါက်ဖို့ သိပ်မကြာလိုက်ပေ။ ဝမ်ဝေ့က သူ့ ကောင်းကင်မျက်လုံးအား အသုံးပြုကာ ထိုနည်းစနစ်အသစ်အား လေ့ကျင့်နေခြင်းသာ ဖြစ်၏။

သူက ခန္ဓာကိုယ်ခွန်အားကို တိုးမြှင့်စေဖို့ သွေးမျိုးဆက်ကို အသက်သွင်းလိုက်သည်။ ထို့ကြောင့် မျောက်ဘုရင်က ချက်ချင်းဆိုသလို နည်းဗျူဟာ ပြောင်းလဲလိုက်၏။ သူက တစ်ဖက်လူနှင့် အကွာအဝေးထိန်းကာ ဒုတိယပင်ကိုသွေးမျိုးဆက်စွမ်းရည်ကို အသက်သွင်းလိုက်သည်။

ကောင်းကင်ကပ်ဘေး - ဥက္ကာပျံပြစ်ဒဏ်စီရင်ချက်

သူက သူ့တုတ်ချောင်းကို ဝှေ့ယမ်းလိုက်သည့်အခါ ကြယ်တာရာထက် ကြီးမားသည့် ဥက္ကာပျံသန်းပေါင်းများစွာက ကောင်းကင်အထက် ပေါ်ထွက်လာသည်။

“ မင်းအဖေ ငါက ဒီနေ့ မင်းကို အကြွင်းမဲ့ ပြစ်ဒဏ် ခံစားခိုင်းမယ်”

ဝမ်ဝေ့က ထိုကပ်ဘေးအား တည်ငြိမ်စွာ ကြည့်နေလေသည်။ သူက ထိုတိုက်ကွက် ကျဆင်းမလာခင် သိုးရာသီခွင်စွမ်းအားသည် သူ့အပေါ် ဓာတ်သဘာဝများအပေါ် လွှမ်းမိုးမှုပေးထားကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုအရာက သူ၏ ခန္ဓာကိုယ်ခွန်အားသက်သက်ကို ဓာတ်သဘာဝစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။

နမူနာအားဖြင့် သူသည် ကမ္ဘာဦးနဂါးဆယ်ကောင် ခွန်အားကို ဓာတ်သဘာဝ ဖျက်ဆီးခြင်း၏ ကမ္ဘာဦးနဂါးဆယ်ကောင် ခွန်အားအဖြစ် ပြောင်းလဲနိုင်သည်။ အတိအကျပြောရလျှင် သူက မဟာကမ္ဘာ၏ ဆယ်ရာခိုင်နှုန်းကို သူကျွမ်းကျင်သည့် ဓာတ်သဘာဝကို အသုံးပြုပြီး ဖျက်ဆီးနိုင်လေပြီ။

ထိုနည်းစနစ်၏ အကျိုးအမြတ်က ဓာတ်သဘာဝသည် ခွန်အားသက်သက်ထက် ပိုမိုဖျက်ဆီးနိုင်စွမ်းရှိခြင်း ဖြစ်၏။ မီးက ပုံမှန်လက်သီးချက်က ပိုမိုဖျက်ဆီးနိုင်စွမ်းရှိသလိုမျိုး ဖြစ်သည်။ ထို့ကြောင့် သူသာ သူ့ရာသီခွင်ကို မြင့်မားသည့်အဆင့်အထိ လေ့ကျင့်နိုင်သရွေ့ သူသည် ကမ္ဘာဦးနဂါးခွန်အား ဆယ်ကောင်ကျော် ဖျက်ဆီးအားထက် တိုးလာနိုင်လောက်သည်။

ထိုအတွေးများက သူ့စိတ်ထဲ ခေတ္တမျှ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ကောင်းကင်အထက် မှုတ်ထုတ်လိုက်ပြီး ဥက္ကာပျံများအား အေးခဲသွားကာ အပိုင်းပိုင်းအစိတ်စိတ် ဖြစ်သွားစေသည်။

ဧရာမရေခဲတုံးကြီးက မြို့သို့ ကျရောက်လာသည့်အခါ သူတို့အား ကာကွယ်ဖို့ အစီအရင် တစ်ခုပေါ်ထွက်လာသည်။

ထိုစဉ် ယဲ့တာ့ဖူက သူသည် အားကောင်းသည့် ပြိုင်ဘက်နှင့် တွေ့ဆုံရကြောင်း သဘောပေါက်သွားသည်။ ပုံမှန်အားဖြင့် သူသည် အားကောင်းလွန်းသည့် ခန္ဓာကိုယ်ဖြင့် တခြားမျိုးနွယ်များမှ ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူလေ့ရှိသည်။ သူ့ကမ္ဘာ၏ နတ်ဆိုးမျိုးနွယ်အတွက်မူ ၉၉ရာခိုင်နှုန်းလောက်က သူ့သွေးမျိုးဆက်မှ မြင့်မြတ်သည့် အငွေ့အသက်ကို ထုတ်လွှတ်ပြီးသည့်နောက်တွင် တိုက်ခိုက်ဖို့ရာ မလုပ်ဆောင်ရဲကြတော့ပေ။

လူတချို့ကသာ သူ့အား အလေးအနက် ထားစေနိုင်ပြီး မည်သူကမှ သူ့အား အားကုန်ထုတ်သုံးဖို့ ဖိအားမပေးခဲ့ဘူးပေ။ သို့သော် ယခုကား အချိန်မှန် ကျရောက်လာပြီဖြစ်၏။

မြေကမ္ဘာမျက်လုံး - လူဦးရေ

မျောက်ဘုရင်၏ ညာဘက်မျက်လုံးက တောက်ပသွားလေသည်။ ထို့နောက် ဧရာမ မျောက်ကိုယ်ပွားများ ပေါ်ထွက်လာပြီး တူညီသည့် အရှိန်အဝါမျိုး ရှိကြသည်။

ဝမ်ဝေ့က ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် နှုတ်ခမ်းများက တွန့်ချိုးသွား၏။

သူက ကိုယ်ပွားများ သန်းတစ်ဝက်ရှိသည်ကို ဂရုမစိုက်ပေ။ သူက ထိုနည်းစနစ်သည် မျောက်နတ်ဆိုးတစ်ကောင်ဆီမှ ရောက်ရှိလာသည်ကို အနည်းငယ် ကို့ရို့ကားရားနိုင်သလိုသာ ခံစားရမည်။

“ မင်းက စွန်းဝူခုံးနဲ့ မဆိုင်ဘူးဆိုတာ သေချာရဲ့လား” သူက မေးလိုက်သည်။

“ အဲဒါက ဘယ်သူလဲ” ယဲ့တာ့ဖူတစ်ယောက်က မေးလာ၏။

“ ကောင်းကင်ဘုံ ပညာရှိ”

“ ကောင်းကင်ဘုံ ပညာရှိတဲ့လား။ တကယ်ကို လွှမ်းမိုးနိုင်တဲ့ နာမည်ပဲ”

“ ငါ ကြိုက်တယ်။ ငါတို့ အဲဒီဟာကို အသုံးပြုသင့်တယ်” ကိုယ်ပွားတစ်ယောက်က ပြောလိုက်သည်။

“ ပိုကောင်းတာက ငါတို့ကို ကောင်းကင်အထက် မဟာဧကရာဇ်လို့ ခေါ်ရမယ်။ အဲဒါက ငါတို့ရဲ့ ဧကရာဇ်ဂုဏ်ပုဒ် ဖြစ်လာလိမ့်မယ်”

“ သဘောတူတယ်”

“ ငါလည်း သဘောတူတယ်”

သိပ်မကြာခင် သူတို့က အနာဂတ်ဧကရာဇ်ဂုဏ်ပုဒ်ကို သဘောတူညီလိုက်ကြသည့်အတွက် ဝမ်ဝေ့က ဆွံ့အမိသွားသည်။

“ ကောင်းပြီ။ ဒီတိုက်ပွဲကိုပဲ အာရုံစိုက်ရအောင်။” တစ်ယောက်က ပြောလိုက်သည်။

ထို့နောက် သူတို့က တစ်ဖက်လူဆီ ဝိုင်းဝန်းတိုက်ခိုက်ဖို့ ပြေးဝင်သွားလိုက်ကြ၏။ ဝမ်ဝေ့က ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ ထို့နောက် သူက ကြွက်ရာသီခွင်အား အသက်သွင်းလိုက်ပြီး သူ့ကိုယ်သူ ကိုယ်ပွားထောင်ချီကို ဖန်တီးလိုက်သည်။ အတိအကျဆိုရလျှင် ၁၉၆၂ ကိုယ်ပွားဖြစ်ပြီး ကိုယ်ပွားတစ်ခုချင်းစီက သူ့ပင်မဆုံမှတ်တစ်ခုချင်းစီအတွက် ဖြစ်သည်။

ကိုယ်ပွားတွင် သူ့ခွန်အား၏ ၅၀ ရာခိုင်နှုန်းသာ ရှိ၏။ အကြောင်းမှာ သူက ဤနည်းစနစ်အား အပြည့်အဝ မကျွမ်းကျင်သေးပေ။ သို့သော် လုံလောက်သည်ထက် ပိုနေလေပြီ။ ထိုသို့သူက တွေးမိခဲ့ခြင်း ဖြစ်၏။

မျောက်ကိုယ်ပွားများက သူ့ကိုယ်ပွားများကို မွှေနှောက်ဖျက်ဆီးသွားသည်။ ကြည့်ရသည်မှာ ယဲ့တာ့ဖူက သူ့စွမ်းအား၏ ၅၀ရာခိုင်နှုန်းအကျော် ရှိနေဟန်ပေါ်သည်။

အဆုံးသတ်တွင် သူက သူ့ဘာသာသူ အဆုံးသတ်လိုက်ရ၏။ သူက မျောက်တစ်ကောင်ဆီ ပြေးဝင်သွားကာ ချက်ချင်းဆိုသလို ရိုက်ချလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်မိသွား၏။ သူက မူလ ယဲ့တာ့ဖူကို ရှာတွေ့သွားလျှင် ထိုနည်းစနစ်ကို အဆုံးသတ်နိုင်လိမ့်မည်ဟု တွေးထားမိခဲ့သည်။ သို့သော် ထိုစွမ်းရည်က စုယာ၏ ကိုယ်ပွားနှင့် တူညီကြောင်း တွေ့လိုက်ရသည်။ မျောက်တစ်ကောင်ကောင်သာ အသက်ရှင်နေသရွေ့ ယဲ့တာ့ဖူက သေဆုံးမည် မဟုတ်ပေ။

ထို့ကြောင့် သူက နေရာကျယ် တိုက်ကွက်တစ်ခုအား ထုတ်သုံးလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ မိုင်သိန်းချီပတ်လည်ကို လောင်ကျွမ်းပစ်သည့် ရောင်စုံမီးတောက်တစ်ခု ထွက်ပေါ်လာသည်။

သူ့အား အံ့အားသင့်သွားစေသည်က သူ့တိုက်ကွက်က သူ ထင်ထားသလိုမျိုး ကိုယ်ပွားများစွာကို ဖျက်ဆီးမပစ်နိုင်ခဲ့ပေ။ ကိုယ်ပွားသုံးသောင်းသာ ပျောက်ကွယ်သွားခဲ့၏။ ယဲ့တာ့ဖူက သူ့ကပ်ဘေးမျောက်သွေးမျိုးဆက်အား ကောင်းကင်မီးတောက်ကပ်ဘေးကို ကာကွယ်ဖို့ အသုံးပြုထား၍ ဖြစ်သည်။ ဟွင်သွမ်းမီးတောက်က ကောင်းကင်မီးတောက် ဖြစ်သည့်အတွက် သူက ခံနိုင်ရည်တချို့ ရှိနေဟန်ပေါ်၏။

ကပ်ဘေးသွေးမျိုးဆက် - မြေနဂါးလှုပ်ရှားခြင်း

ကျန်ရှိနေသည့် မျောက်အားလုံးက တူညီသည့် နည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်သည့်အတွက် မြို့တစ်ခုလုံးက ငလျင်ဒဏ်ခံလိုက်ရသလိုမျိုး တုန်ခါသွားသည်။ ထို့အပြင် ဝမ်ဝေ့က ထိုငလျင်မှ သူ့ဆီ ဦးတည်နေသည့် ကြောက်မက်ဖွယ် တုန်ခါနှုန်းကြီးကို ခံစားမိလိုက်သည်။

ဝုန်း

သူ ရပ်နေသည့်နေရာက ပေါက်ကွဲထွက်သွားသည်။ သို့သော် သူက အကောင်းအတိုင်း ရှိနေဆဲဖြစ်၏။ ထိုအရာ သူ့သဘာဝခုခံရေးကြောင့် မဟုတ်ဘဲ သူက ဝက်ရာသီခွင်အား အသုံးပြုကာ ထိုတစ်ဖက်လူ၏ တိုက်ကွက်ကို စုပ်ယူခြင်း၊ သိမ်းဆည်းခြင်းနှင့် တည်နေရာပြောင်းခြင်းတို့ကို လုပ်ဆောင်နိုင်၍ ဖြစ်သည်။

ထိုရာသီခွင်က သူ့အဘိုး၏ နယ်ရှင်ခန္ဓာဖြင့် သက်ရောက်မှု အတူတူရှိလေသည်။ ဝမ်ဝေ့က ထိုနည်းစနစ်ကို မကျင့်ကြံတော့ဘဲ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကိုသာ အာရုံစိုက်ခဲ့သည်။ သို့သော် ယခုတွင် သူက တူညီသည့် စွမ်းရည်မျိုး ရှိနေလေပြီ။

ထို့အပြင် သူ့အဖိုးက ဝက်ရာသီခွင်၏ ကျင့်ကြံရေးနည်းစနစ်သည် သူ့အတွက် အသုံးဝင်မှန်းသိသွားသည့်အခါ ထိုအရာမှ သင်ယူလောက်၏။

ဝမ်ဝေ့က ယဲ့တာ့ဖူ၏ ကိုယ်ပွားအား ကြည့်ကာ ထိုလူ၏ နောက်ဆုံးတိုက်ကွက်အတွက် အကြံအစည်သည် ကိုယ်ပွားများ ပြန်အားဖြည့်ဖို့အတွက် အချိန်ဆွဲထားဖို့ဖြစ်ကြောင်း သိလိုက်သည်။

ထိုစဉ် မျောက်ဘုရင်က တစ်ဖက်လူအား တည်တည်ငြိမ်ငြိမ် ကြည့်လာလေသည်။ သူက အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်၏။

လူသားမျက်လုံး၊ လူသား၊ မြေကမ္ဘာနှင့် ကောင်းကင်ကို တစ်သားတည်းအဖြစ် ပေါင်းစပ်ခြင်း

သူ့နဖူးအထက်ရှိ တတိယမျက်လုံးက အသက်ဝင်လာသည်။ ထို့နောက် သူ့ကိုယ်ပွားများက သူနှင့်အတူ ပေါင်းစပ်သွား၏။ သူနှင့် ပေါင်းစပ်တာများလေလေ သူ့အရှိန်အဝါက ပိုမိုမြင့်တက်လာလေလေ ဖြစ်သည်။ ထိုအရာ ပြီးဆုံးသွားသည်နှင့် ယဲ့တာ့ဖူက သူ့သွေးကြောများအနှံ့ စီးဝင်နေသည့် စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက လုံလောက်သည်နှင့် အလှမ်းဝေးနေကြောင်း သိလေသည်။

ထို့ကြောင့် သူက အားအကောင်းဆုံး စွမ်းရည်ကို အသက်သွင်းလိုက်သည်။

ကပ်ဘေးစွမ်းရည် - မသေမျိုးစမ်းသပ်ချက်

တိမ်တိုက်များက အနက်ရောင်ပြောင်းလဲသွားပြီး အနီရင့်ရင့် မိုးကြိုးချက်များက ချက်ချင်းဆိုသလို လင်းလက်လာသည်။ သို့သော်လည်း ယဲ့တာ့ဖူက မပြီးဆုံးသေးပေ။ လျှပ်စီးချက်သဏ္ဌာန်ရှိသည့် ရတနာတစ်ခုက ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး တိမ်တိုက်နှင့်ပေါင်းစပ်သွားလေ၏။

သူ ထိုအရာကို လုပ်ဆောင်ပြီးသည်နှင့် ပါဝင်ယှဉ်ပြိုင်သူများက ထိုတိမ်တိုက်ကြားမှ ထွက်ပေါ်နေသည့် စွမ်းအားကို ခံစားမိလိုက်၍ မျက်မှောင်ကြုတ်လိုက်ကြသည်။

***

All Chapters