အစွမ်းထိန်းချုပ်ရေး ပညာရပ်
Vol. 40 Ch. 549
ဝမ်ဝေ့က သူ့စံအိမ်အတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် လီကျွင်းက သူ့အား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။
“ ဘာကိစ္စလဲ”
“ ဒီစာမေးပွဲ၂ ခုဟာ မျှတရဲ့လားလို့ စဉ်းစားနေတာ”
ဝမ်ဝေ့က သူ့အား ခြုံငုံကြည့်လိုက်ပြီးနောက် “ ဒီစစ်ဆေးမှုရဲ့ ဆုလာဘ်နဲ့ဆိုရင် မင်းက အဆင့်တစ်ရာနဲ့အထက်တော့ ရောက်မှာပဲ။ ဝိညာဉ်စစ်ဆေးမှုနဲ့ ပတ်သက်ပြီးတော့ ကြည့်ရအောင်”
သူက လက်မြှောက်လိုက်ပြီးနောက် လေးထောင့်သဏ္ဌာန် ရှုပ်ထွေးသည့်ပုံစံဖြင့် တည်ဆောက်ထားသည့် သင်္ကေတများ ထွက်ပေါ်လာသည် “ မင်းရဲ့ စိတ်စွမ်းအားကို ဒီထဲ ထည့်သွင်းလိုက်”
လီကျွင်းက သူ့စကားအတိုင်း လိုက်လုပ်လိုက်သည်။
“ မင်းက အဆင့်မြင့် ရွှေအရည်အသွေး ဝိညာဉ် ရှိတာပဲ။ ပြီးတော့ သတ်ဖြတ်ရေးဘက်ကို သန္ဓေပြောင်းမှု ဖြစ်နေတယ်”
“ ဒီရလဒ်က အဓိပ္ပာယ်တော့ ရှိသား။ အထူးသဖြင့် သတ်ဖြတ်ရေး သန္ဓေပြောင်းမှုနဲ့ ပတ်သက်ရင်ပေါ့” လီကျွင်းက အနည်းငယ် စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ ယခင်နှစ်ထောင်ပိုင်းအတွင်း သူက သူ့ဝိညာဉ်ကို ဝမ်ဝေ့၏ နည်းလမ်းအတိုင်း သတ်ဖြတ်ရေးအငွေ့အသက်၏ အမှုန်များဖြင့် ခွဲထုတ်ကာ တုယီနယ်ပယ်ထဲ ဝင်ရောက်ဖို့ ကြိုးစားနေခဲ့သည်။
ကံဆိုးစွာဖြင့် သူက အကြံကောင်းရှိထားသော်လည်း ပါရမီ ကန့်သတ်ချက်ရှိကာ ကျရှုံးနေရသည်။ မည်သူကမှ သူ့အား ကူညီမပေးနိုင်သည့်အတွက် မည်သူကမှလည်း ဘာမှလုပ်မပေးနိုင်ကြပေ။ မဟုတ်ပါက အကယ်၍ သူက အကူအညီသုံး၍ အောင်မြင်သွားလျှင်ပင် တုယီနယ်ပယ်သို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် အကြိမ်များစွာ ကြိုးစားပြီးသည့်နောက်တွင် သူ့ဝိညာဉ်က သန္ဓေပြောင်းလာပြီး ယခုအခါ သတ်ဖြတ်ရေးဂုဏ်သတ္တိတချို့ ရှိနေကာ ပိုမိုအားကောင်းစေခဲ့သည်။
ဝမ်ဝေ့က သူ့ညီအစ်ကိုကောင်း မည်သို့ခံစားနေရသည်ကို သိလိုက်ပြီး ပုခုံးပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ဤအခြေအနေတွင် သူ တတ်နိုင်သည့်အရာ မရှိပေ။
“ ငါနဲ့လိုက်ခဲ့”
သူက လီကျွင်းအား စံအိမ်ရှိ ဗလာကျင်းနေသည့် အခန်းတစ်ခုအတွင်း ဦးဆောင်ခေါ်သွားလိုက်သည်။ ထို့နောက် သူက သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်ကာ အစီအရင်တစ်ခုကို ခင်းကျင်းပေးလိုက်သည်။ နောက်ဆုံးတွင် သူက သူ့ဝိညာဉ်ကို သလင်းကျောက်အဖြစ် ဖွဲ့စည်းလိုက်ပြီး အစီအရင်၏ ဗဟိုချက်အဖြစ် အသုံးပြုလိုက်သည်။
“ ဒါက ဘာလဲ” လီကျွင်းက မေးလိုက်သည်။
“ ဒါက ဝိညာဉ်သန့်စင်ရေး အစီအစဉ်ပဲ။ ဒီဟာက ငါ့ဝိညာဉ်ကို အသုံးပြုပြီးတော့ ဝိညာဉ်ကို သန့်စင်နိုင်တဲ့ သီးသန့်ဖိအားတစ်ခုကို ထုတ်လွှတ်ပေးလိမ့်မယ်။ တကယ်လို့ မင်းက လူသားမဆန်တဲ့ နာကျင်မှုမျိုးကို တောင့်ခံနိုင်မယ်ဆိုရင် မင်းရဲ့ ဝိညာဉ်က ထိပ်တန်းကျောက်စိမ်းအရည်အသွေးကို ရောက်ဖို့ အမြန်ဆုံး နည်းလမ်းပဲ”
လီကျွင်းက အကြည့်များ လင်းလက်တောက်ပသွားပြီး “ လီလင်းက ဒီလိုအစီအရင်မျိုးကို သဘောကျမှာ ကျိန်းသေတယ်။”
“ အမှန်ပဲ။ ဒါပေမဲ့ သူမက အလယ်အလတ် ဒါမှမဟုတ် အဆင့်မြင့် ကျောက်စိမ်းအရည်အသွေး ရှိပြီးလောက်ပြီ။ အဲဒါက လုံလောက်ပြီလို့ ထင်တယ်”
“ သူမနဲ့ ဆက်သွယ်ပြီးတော့ ဘယ်လိုပြောမလဲ ကြည့်ရအောင်”
သူက အဆောင်တစ်ခု ထုတ်ကာ သူမနှင့် လှမ်းဆက်သွယ်လိုက်သည့်အချိန် သူမက တုံ့ပြန်လာသည်။ ထို့ကြောင့် လီကျွင်းက သူမအား အခြေအနေတစ်ခုလုံးကို ရှင်းပြလိုက်၏။
“ မလိုတော့ဘူး”
“ ဘာလို့လဲ”
“ ကျွန်မက အလိုအလျောက် ဆေးပြင်းမီးဖိုကနေ ကုသိုလ်တွေကို သုံးပြီးတော့ ဝိညာဉ်တွေကို ကန့်သတ်ချက်ရောက်အောင် သန့်စင်ပြီးသွားပြီ။ ရှင်တို့ခေါ်တဲ့ ကျောက်စိမ်းအရည်အသွေးပဲပေါ့။ ဒါပေမဲ့ ကျွန်မက ဝိညာဉ်သန္ဓေပြောင်းမှုကိုတော့ စိတ်ဝင်စားမိတယ်”
သူမက ကုသိုလ်မှတဆင့် သန္ဓေပြောင်းမှု မည်သို့ရယူရမည်ကို စဉ်းစားနေမိသည်။ မည်သို့သော သန္ဓေပြောင်းမှုက သူမနှင့် သင့်တော်မလဲဆိုသည့်အကြောင်းပါ တွေးနေမိ၏။
“ မင်း မလိုသေးတာ ကောင်းတာပေါ့”
“ တကယ်လို့ ရှင် လိုတယ်ဆိုရင် ရှင့်ဝိညာဉ်ကို သန့်စင်ပေးဖို့ ကုသိုလ်တချို့ ပေးလို့ရတယ်လေ”
“ မလိုတော့ပါဘူး” လီကျွင်းက ပြောလိုက်သည် “ ဒီနည်းလမ်းက ကိုယ့်စိတ်ဆန္ဒကိုပါ လေ့ကျင့်ပေးနိုင်မဲ့ နည်းလမ်းကောင်းပဲလေ။ ကိုယ် ဒါကို စစ်သားတွေ လေ့ကျင့်ပေးဖို့အတွက်ပါ အသုံးပြုလို့ ရတယ်။”
ထို့နောက် အချစ်ငှက်နှစ်ကောင်က တစ်ယောက်နှင့်တစ်ယောက် စကားပြောကာ အလွမ်းသယ်နေကြသည်။ ဝမ်ဝေ့က သူတို့အား နေရာသက်သက် ပေးထားလိုက်ရပြီး ထွက်လာခဲ့လိုက်သည်။ သူ ထွက်မလာခင် လီကျွင်း ပြီးဆုံးသွားသည်နှင့် ထျဲ့ကန်ကိုပါ အသုံးပြုခွင့်ပေးဖို့ရာ သတိပေးထားခဲ့၏။ သူတို့က ထိုအရာကို ဂိုဏ်း၏ ပင်မ လျှို့ဝှက်နယ်မြေစစ်ဆေးမှုတစ်ခုအဖြစ် အသုံးပြုဖို့ ကြံစည်ထားခဲ့ကြသေးသည်။
ဝမ်ဝေ့က ယဲ့တာ့ဖူ သို့မဟုတ် ကျိလန်ဖန်း၏ ကမ္ဘာဆီ ချက်ချင်း မသွားသေးပေ။ အကြောင်းမှာ သူက ကိစ္စနှစ်ခုကို အရင်လုပ်ဆောင်စရာရှိ၍ ဖြစ်သည်။ ပထမဦးစွာ သတင်းအချက်အလက်အသစ် ရရှိမည်လားဟု အစီအရင် အဖျက်ကောင်ကို စစ်ဆေးကြည့်ဖို့ ဖြစ်၏။
သူက ပါဝင်ယှဉ်ပြိုင်သူများ၏ တုံ့ပြန်မှုနှင့် စကားဝိုင်းများကို စစ်ဆေးကြည့်ခဲ့သော်လည်း ကြီးကြီးမားမား အသုံးဝင်စရာ မတွေ့ရပေ။ သို့သော်လည်း ထိုမှတ်တမ်းကို ပြန်လည်ကြည့်ရှုနေရင်း သူက တစ်စုံတစ်ခု လွတ်သွားသည်ဟု ခံစားမိ၍ ထပ်ခါထပ်ခါ စစ်ဆေးမိခဲ့သော်လည်း ဘာမှမတွေ့ရပေ။ နောက်ဆုံးတွင် သူက လက်လျှော့လိုက်ရပြီး ဒုတိယရည်မှန်းချက်ကိုသာ အာရုံစိုက်ထားလိုက်သည်။ ထိုအရာက သူ့အစွမ်းထိန်းချုပ်ရေးပညာရပ်ကို မြှင့်တင်ဖို့ဖြစ်၏။
အစပိုင်းတွင် သူက ထိုနည်းစနစ်ကို ငါးဆင့် ခွဲခြားထားခဲ့ပြီး အပြည့်အဝ ထိန်းချုပ်ရေးအဆင့်၊ ပညာရှင်ထိန်းချုပ်ရေးအဆင့်၊ ကျွမ်းကျင်ပညာရှင် ထိန်းချုပ်ရေးအဆင့်၊ အထွတ်အထိပ် ထိန်းချုပ်ရေးအဆင့်နှင့် ကောင်းကင်တာအို ထိန်းချုပ်ရေးအဆင့်ဟူ၍ ဖြစ်သည်။
ယခင်က သူသည် အထွတ်အထိပ် ထိန်းချုပ်ရေးအဆင့်သည် လူတစ်ဦးချင်းစီ၏ ရောက်ရှိနိုင်မည့် ကန့်သတ်ချက်ဟု ယုံကြည်ထားခဲ့ပြီး သူ ထင်ထားသည်က မှန်ကန်နေခဲ့သည်။ သို့သော် ယခုတွင် သူက အထွတ်အထိပ် ထိန်းချုပ်ရေးအဆင့်သည် ကျယ်ပြန့်လွန်းသည့်အတွက် အဆင့်များကို ပြန်လည်ခွဲခြားနိုင်ကြောင်း သဘောပေါက်လာခဲ့သည်။
ထို့ကြောင့် သူက ထိုနည်းစနစ်ကို အကောင်းဆုံးသုံးသပ်ပြီး ကျွမ်းကျင်ပညာရှင် ထိန်းချုပ်ရေးအဆင့်အပြီးတွင် အဆင့်တချို့ကို ထည့်ပေါင်းခဲ့သည်။ သေမျိုးအထွတ်အထိပ်၊ မသေမျိုးထိန်းချုပ်ရေးအဆင့်၊ တာအို ထိန်းချုပ်ရေးအဆင့်၊ ဧကရာဇ် ထိန်းချုပ်ရေးအဆင့်နှင့် နောက်ဆုံးတွင် ကောင်းကင်တာအို ထိန်းချုပ်ရေးအဆင့်ဟူ၍ ဖြစ်သည်။
ဝမ်ဝေ့က ထိုအဆင့်များကို နာရီပိုင်းကြာလေ့လာခဲ့သော်လည်း ချက်ချင်း မကျင့်ကြံသေးပေ။ သူက စစ်ဆေးမှုမှ ထွက်လာပြီးနောက် ဂိုဏ်းဆီ ပြန်လာကာ အလွှာကူးပြောင်း အစီအရင်ဖြင့် ကာလံဒေသံလူဝင်စား၏ ကမ္ဘာဆီ ကူးသန်းသွားလိုက်သည်။
ထို့နောက် သူက လူဝင်စားအား အတိတ်တွင်ရှိသည့် အပြိုင်အချိန်စက်ဝန်းတစ်ခုဆီ ပို့ဆောင်ခိုင်းခဲ့သည်။ သူ့တွင် အချိန်လုံလောက်လာစေရန် ဖြစ်၏။ သူက ထိုနေရာတွင် လပိုင်းမျှ အချိန်ကုန်ဆုံးခဲ့သော်လည်း သူ့အနာဂတ်ဗုဒ္ဓကိုယ်ဖြင့် နှစ်တချို့ကြာမြင့်ခဲ့သည်။
ထိုအချိန်ပိုင်းလေးအတွင်း သူက ရုပ်ပိုင်းဆိုင်ရာခွန်အား၊ စွမ်းအား၊ ဝိညာဉ်နှင့် စည်းမျဉ်းများကို တာအိုထိန်းချုပ်ရေးအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ ဆိုလိုသည်မှာ သူက တာအိုဘိုးဘေးနှင့် ထိန်းချုပ်မှုတူညီသွားပြီ ဖြစ်၏။
ဝမ်ဝေ့က သီးသန့်ကျင့်ကြံနေရာမှ မျက်လုံးဖွင့်လိုက်သည်။ သို့သော် သူက သက်ပြင်းချလိုက်မိ၏။ အရာအားလုံးအပေါ် သူ့ထိန်းချုပ်နိုင်စွမ်းသည် တာအိုဘိုးဘေးတစ်ယောက်၏ အဆင့်နှင့် အတူတူ ဖြစ်သွားလေပြီ။ နှမြောစရာကောင်းလှသည်က သူက လူဝင်စား၏ စွမ်းအားကို အသုံးမပြုသရွေ့ ထိုစွမ်းအားအဆင့်ကို မရောက်နိုင်သေးပေ။
သူ့ပင်မခန္ဓာကိုယ်က မသေမျိုးထိန်းချုပ်ရေးအဆင့်သာ အသုံးပြုနိုင်ပြီး တခြားလူဝင်စားများ၏ စွမ်းအားကို ငှားယူခြင်းမရှိဘဲ ပွင့်ချပ်တစ်လွှာစွမ်းအားအထိ တိုက်ပွဲစွမ်းအားကို အသုံးပြုနိုင်သည်။
“ ငါ ဒီလောက်နဲ့ပဲ ကျေနပ်သင့်ပါတယ်”
သူ့အင်အားတိုးမြင့်လာသည့် နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ စစ်ဆေးမှု၏ ဆုလာဘ်ဖြင့် ဆုံမှတ် ၂၅၅၀၀၀ ဆုံမှတ်များကို ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာဦးနဂါးအကောင် နှစ်ဆယ်ခွန်အား ရှိနေ၍ ဖြစ်သည်။ သူ့ထိန်းချုပ်မှုဖြင့် သူသည် ထိုစိတ်အင်အားကို နှစ်ဆတိုးပွားနိုင်သည်။
“ ငါ မသေမျိုးအဆင့် ဆေးလုံးတချို့ကို ဖော်စပ်နိုင်လောက်ပြီ။”
ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် စစ်ဆေးမှုပြီးသည့်နောက်တွင် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ထားသည်။ ထို့နောက် သူက အပြိုင်အချိန်စက်ဝန်းမှ ထွက်လာပြီး ကာလံဒေသံ လူဝင်စားရှိရာ ပင်မဆီ ပြန်ရောက်လာခဲ့သည်။
သူနှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် သူက စစ်ဆေးမှုဆီ ပြန်လာလိုက်ပြီး ဝိညာဉ်ကွန်ယက်အား အသုံးပြုကာ ယဲ့တာ့ဖူ၏ မွေးရပ်မြေဆီ သွားရောက်လိုက်၏။ ထိုကမ္ဘာက ရှေးဦးနတ်ဆိုးကမ္ဘာ ဖြစ်သည်။
ကြုံရာကျပန်း ဝိညာဉ်တစ်ခုကို ကျောက်ဆူးအဖြစ် အသုံးပြုကာ ပုံရိပ်ယောင်ကို စေလွှတ်လိုက်သည်။ သူရောက်ရှိသည်နှင့် ပထမဆုံးတွေ့ရှိသည်က မိုးမြေကြားမှ ထူးခြားသည့်စွမ်းအင် ဖြစ်ကာ ဤကမ္ဘာ၏ ဝိညာဉ်ချီနှင့် ပေါင်းစပ်နေသည့် စွမ်းအားတစ်မျိုး ဖြစ်၏။
အမြဲတမ်းလိုလို ဝမ်ဝေ့က တစ်ဖက်လူ အားအနည်းဆုံးဖြစ်နေသည့်အချိန် သူတို့၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုလေ့ရှိသည်။ ထို့ကြောင့် သူက ဤကမ္ဘာနှင့် ပတ်သက်ပြီး မျောက်ဘုရင်ဆီမှ သတင်းအချက်အလက်မြောက်များစွာ ရရှိလိုက်သည်။
ရှေးဦးနတ်ဆိုးကမ္ဘာသည် အဆုံးမဲ့လေဟာနယ်အတွင်း ကျော်ကြားသည်မှာ ပင်ကိုနတ်ဆိုးနှင့် ကမ္ဘာဦးနတ်ဘုရားများ၏ ဂူသင်္ချိုင်းဖြစ်နေ၍ ဖြစ်သည်။ ထိုထူးကဲလှသည့် သက်ရှိများက ရှေးဟောင်းတိုက်ပွဲအတွင်း ဤနေရာတွင် အသတ်ခံရပြီး သူတို့၏ သွေးနှင့် ဝိညာဉ်တို့က ဤကမ္ဘာ၏ ဗဟိုချက်ဖြင့် ပေါင်းစပ်ရောနှောသွားသည်။
ဝိညာဉ်ချီက သန္ဓေပြောင်းလဲသွားကာ ထိုသတ္တဝါများ၏ သွေးများပါဝင်နေပြီး ဤကမ္ဘာ၏ နေထိုင်သူများအား သွေးမျိုးဆက်နိုးထလာဖို့ ပိုမိုလွယ်ကူလာစေသည်။ ပင်ကိုသက်ရှိများပင် အပါအဝင် ဖြစ်၏။ ထို့အပြင် ဤကမ္ဘာတွင် သွေးမျိုးဆက် အမွေအနှစ်အရ ကံအပြောင်းအလဲ အခွင့်အရေးများစွာ ရှိနေလေသည်။
ပတ်ဝန်းကျင်ကြောင့် ဤကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်သည် သွေးမျိုးဆက်နှင့် ပေါင်းစပ်ထားသည့် ခန္ဓာသန့်စင်ရေးအပေါ်သာ အလေးထားသည်။
ထိုအခြေအနေကို လေ့လာသုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တုံ့ပြန်လိုက်သည်။ ပထမဦးစွာ သူက သူ ရှိနေသည့်နေရာအကြောင်း သင်ယူဖို့ အနီးအနားတစ်ယောက်၏ စိတ်ကို ရှာဖွေလိုက်၏။
“ မဟူရာတိမ်တိုက် ကောင်းကင်နယ်မြေ” သူက ရေရွတ်လိုက်သည်။ ဤကမ္ဘာကို ကောင်းကင်နယ်မြေ ၇၂ ခုနှင့် မြေကမ္ဘာပိုင်နက် ၃၆ ခုအဖြစ် ခွဲခြားထားပြီး တစ်ခုချင်းစီက အသင်္ချေအင်ပါယာကမ္ဘာ၏ နယ်မြေရာချီလောက် ကျယ်ဝန်းပေသည်။
ပိုင်နက်တစ်ခုချင်းစီနှင့် နယ်မြေတစ်ခုချင်းစီကို ကောင်းကင်တာအိုက တရားဝင် သတ်မှတ်ပေးထားသည့် နယ်မြေအရှင်တစ်ယောက်ချင်းစီက ထိန်းချုပ်ထားသည်။ ထိုနယ်မြေအရှင်များက သူတို့၏ ပိုင်နက်ကို ဘေးကင်းအောင် ထားနိုင်သရွေ့ သူတို့၏ ကျင့်ကြံရေးကို မြန်ဆန်စေနိုင်သည့် ကုသိုလ်တချို့ ရရှိလေသည်။
ဒီကမ္ဘာရဲ့ စည်းမျဉ်းနဲ့ အစီအစဉ်ကျမှုက တင်းကြပ်တယ်ဆိုတော့ ငါ ပိုမိုသတိထားသင့်တယ်…
သူက မလှုပ်ရှားခင် တွေးလိုက်မိသည်။ သူက ချီကံကောင်းမှုအား အသက်သွင်းကာ ကံအပြောင်းအလဲ အခွင့်အရေးကို ရှာဖွေလိုက်သည်။ သူက ဤကမ္ဘာ၏ ဧကရာဇ်အဆင့် ကျင့်စဉ်ကို လိုချင်မိသည်။
သူ လိုချင်တာကို ရှာတွေ့ပြီးသည့်နောက်တွင် ကီလိုမီတာရာချီဝေးနေသည့် တောင်တစ်ခုသို့ ပျံသန်းသွားလိုက်သည်။ သူက လျှို့ဝှက်နယ်မြေမှ ကျမ်းစာအုပ်ကို ခိုးယူလာပြီး သေဆုံးသွားသည့် လေလွင့်ကျင့်ကြံသူတစ်ယောက် ချန်ထားခဲ့သည့် အမွေအနှစ်ကို ရရှိလိုက်သည်။
ထို့နောက် ဝမ်ဝေ့က ထိုကမ္ဘာ၏ ကျင့်စဉ်ကို ဖတ်ရှုလိုက်၏။
ပထမအဆင့်က ခန္ဓာကိုယ်ထုဆစ်ခြင်းအဆင့် ဖြစ်ကာ ကျင့်ကြံသူများက သူတို့၏ ခန္ဓာကိုယ်ကို သွေးထဲမှ စွမ်းအားဟု ခေါ်သည့် သွေးချီ မဖွဲ့စည်းခင်အထိ အထွတ်အထိပ်အခြေအနေသို့ ရောက်အောင် လေ့ကျင့်ပေးရသည်။ ဒုတိယအဆင့်မှာ ခန္ဓာကိုယ်အုတ်မြစ်အဆင့် ဖြစ်ပြီး သွေးချီကို သေချာသည့် ပမာဏတစ်ခုအဖြစ် တိုးတက်လာအောင် လုပ်ရပြီး ထိုအရာကို သူတို့၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး လေ့ကျင့်ပေးရသည်။
တာအိုပြင်ဆင်ခြင်းအဆင့်တွင် ကျင့်ကြံသူတို့က နောင်အနာဂတ် စည်းမျဉ်းနားလည်ဖို့ရာအတွက် အသိအမျိုးမျိုးကို နားလည်ထားရသည်။ သွေးမျိုးဆက်က ကျင့်ကြံသူများအား ထူးခြားသည့် အသိဓာတ်ကို နားလည်စေဖို့ ခွင့်ပြုထားသည့်အတွက် အရေးပါလှသည်။
အသွင်ပြောင်းခြင်းအဆင့်ကမူ ထိုအသိကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး ပိုမိုအားကောင်းလာကာ အသိပေါ်မူတည်၍ စွမ်းရည်အမျိုးမျိုးနိုးထလာခြင်း ဖြစ်၏။ သွေးမျိုးဆက်က ပထမဆုံးအကြိမ် နိုးထလာခြင်းကို ဖြတ်ကျော်ရခြင်းဖြစ်သည်။
ကမ္ဘာဦး စိတ်ဝိညာဉ်အဆင့်တွင် ဝိညာဉ်ကို ခန္ဓာကိုယ်နှင့်ပေါင်းစပ်ပြီး အသင်္ချေအင်ပါယာကမ္ဘာ၏ ရှေးဟောင်းကျင့်စဉ်ရှိ အစစ်အမှန်စိတ်ဝိညာဉ် နယ်ပယ်အဆင့်နှင့် တူလေသည်။
တာအိုပြိုင်ဘက်ကင်းအဆင့်တွင် အသိက စည်းမျဉ်းအဖြစ် ဆင့်ကဲပြောင်းလဲသွားသည်။ ထိုအဆင့်တွင် ကျင့်ကြံသူတို့က စည်းမျဉ်းကို မထိန်းချုပ်နိုင်ဘဲ ငှားယူနိုင်ရုံမျှသာ ဖြစ်၏။
တာအိုရေးထိုးခြင်းအဆင့်တွင် ခန္ဓာကိုယ်ပေါ်တွင် စည်းမျဉ်းများကို ထိန်းချုပ်နိုင်ဖို့ ရေးထွင်းထားခြင်း ဖြစ်သည်။
ဝမ်ဝေ့က ထိုအကြောင်းကို ဖတ်ရှုပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက ဆက်ဖတ်လိုက်၏။
တာအိုသန္ဓေသားအဆင့်၌ တာအိုအဖြစ် ဆင့်ကဲမပြောင်းလဲခင် စည်းမျဉ်းများကို နားလည်ခြင်း ဖြစ်၏။ ထိုအဆင့်တွင် ကျင့်ကြံသူများက တခြားကမ္ဘာ၏ စည်းမျဉ်းများကို အသားကျဖို့ရာ မလိုအပ်တော့ပေ။ ယဲ့တာ့ဖူက ထိုအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေလေပြီ။
ကမ္ဘာဦးနတ်ဘုရားအဆင့်/ ပင်ကိုနတ်ဆိုးအဆင့် ကျင့်ကြံသူများက ထိုအဆင့်တွင် ဘိုးဘေးသွေးမျိုးဆက်ကို ဖြတ်ကျော်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးမျိုးဆက်က မည်သို့ပင်ဖြစ်စေကာမူ အပြည့်အဝ နိုးထလာပြီး ကမ္ဘာဦးနတ်ဘုရားနှင့် ပင်ကိုနတ်ဆိုးများ၏ ပုံတူဖြစ်သည့် အားကောင်းသည့်ခန္ဓာကိုယ်ကို ချီးမြှင့်ပေးလိမ့်မည်။
အကယ်၍ တစ်စုံတစ်ယောက်က သွေးမျိုးဆက် မရှိပါက သူတို့သည် ထိုအဆင့်တွင် အင်မတန် အားနည်းနေလိမ့်မည်။
ထိုကျင့်စဉ်ကို ဖတ်ရှုပြီးသည့်နောက်တွင် ဝမ်ဝေ့က အတွေးများစွာ ပေါ်ထွက်လာသည်။
***