← Chapters

သူတော်စင်အဆင့်

Vol. 40 Ch. 551

သူတော်စင်အဆင့်

Vol. 40 Ch. 551

“ ငါ မေ့သွားတော့မလို့ …” အရှင်စိတ်ဝိညာဉ်က ပြောလာသည်  “ဒီလို စည်းမျဉ်း ရုတ်တရက် အပြောင်းအလဲက မင်းတို့အတွက် စစ်ဆေးမှုအပေါ် အမြင်ကို သက်ရောက်မှုဖြစ်လာစေမယ်ဆိုတာကို သိတယ်”

ပါဝင်ယှဉ်ပြိုင်သူများက မျက်လုံးဝေ့ကြည့်လိုက်ကြသည်။ စည်းမျဉ်းအသစ်ဖြင့် စစ်ဆေးမှုကဏ္ဍရှစ်ခုက အသုံးမဝင်တော့လုနီးပါး ဖြစ်သွားခဲ့သည်။ သူတို့က အမှတ်လုံလုံလောက်လောက် ရနိုင်အောင် လုပ်ဆောင်နိုင်သရွေ့ နံပါတ်တစ် အမှတ်အသားပြားကို လုယူလိုက်လျှင် ဤစစ်ဆေးမှု အောင်မြင်နိုင်မှန်း သိထား၍ ကျန်သည့်အရာများက ကိစ္စမရှိချေ။

အကယ်၍ သူတို့က စည်းမျဉ်းကို အမှန်အကန် အသုံးချလျှင် အမှတ်များပင် လိုအပ်လာမည် မဟုတ်ပေ။

အရှင်စိတ်ဝိညာဉ်က ထိုလူများ၏ အမူအရာမှတဆင့် စိတ်ကို ဖတ်နိုင်သည့်အလား ပြုံးလိုက်သည်။

“နောက်ထပ် စစ်ဆေးမှုအတွက် ပထမဆုလာဘ်က အရမ်းအဖိုးတန်တယ်။ အဲဒါကြောင့် မင်းတို့တွေ အကောင်းဆုံးလုပ်သင့်တယ်။ ပြီးတော့ တခြားဆုလာဘ်တွေကလည်း တခြားစစ်ဆေးမှုကလိုမျိုး တန်ဖိုးရှိတာပဲ”

“ ဆုလာဘ်က ဘာလဲ”တစ်ယောက်က မေးလိုက်သည်။

“ ငါ ပြောနိုင်တာက မင်းတို့တွေလက်ထဲ ရလိုက်တာနဲ့ နောက်ဆုံးအမွေအနှစ်ကို မရယူနိုင်တဲ့အတွက် နောင်တတွေကို ဖယ်ရှားဖို့ လုံလောက်နိုင်တယ်ဆိုတာပဲ ”

အားလုံးက အလေးအနက်ဖြစ်လာကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ အရှင်စိတ်ဝိညာဉ်က အားလုံးအား နောက်ပိုင်းစစ်ဆေးမှုကို စမပြောခင် ဉာဏ်များစွာ ပြုံးလိုက်သည်။

မျှော်နန်းဆောင်ထဲ ဝင်ရောက်လိုက်ပြီးသည့်နောက် ဝမ်ဝေ့က ပတ်ဝန်းကျင်တွင် စွမ်းအင်အမျိုးမျိုး သို့မဟုတ် ချီအမျိုးမျိုး မျှောလွင့်နေသည်ကို ခံစားမိလိုက်သည်။ သူက တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ထားလိုက်၏။ စစ်ဆေးမှု၏ ပထမအပိုင်းက အဆုံးမဲ့လေဟာနယ်တစ်လျှောက်ရှိ ကမ္ဘာတိုင်းတွင် ရှိနေနိုင်သည့် အခြေခံ ဝိညာဉ်ချီ ထိန်းချုပ်မှုကို စမ်းသပ်ရန် ဖြစ်သည်။

ပထမဦးစွာ သူက သူ့ထိန်းချုပ်မှုအဆင့်ကို ပြသရန် ရှုပ်ထွေးသည့် ပုံစံများကို ထိန်းချုပ်ပြရမည်။ ထို့နောက် သူက သူတို့အား အသုံးပြုကာ မန္တန် သို့မဟုတ် တခြားနည်းစနစ်များ အသုံးချပြရမည်။ သူက စွမ်းအားပမာဏ အနည်းဆုံးဖြင့် ဖျက်ဆီးနိုင်စွမ်းကြီးကြီးမားမားကို ဖန်တီးပြရမည် ဖြစ်သည်။

နမူနာအားဖြင့် ဝိညာဉ် ချီမျှင်တစ်မျှင်သည် ဖျက်ဆီးနိုင်စွမ်းအားဖြင့် တီအန်တီဗုံး တစ်တန်စာကို ဖန်တီးနိုင်သည်။ စွမ်းအင်ထိန်းချုပ်ရေး ကျွမ်းကျင်သူသည် ဝိညာဉ်ချီမျှင်တစ်မျှင်ဖြင့် တီအန်တီဗုံး တန်တစ်ရာ၏ ဖျက်ဆီးနိုင်စွမ်းကို ဖန်တီးနိုင်လိမ့်မည်။

ဝမ်ဝေ့လိုမျိုး အဆင့်အတွက်မူ ဝိညာဉ်ချီမျှင်၏ ဆယ်ပုံတစ်ပုံကို အသုံးပြုကာ တီအန်တီဗုံး တန်တစ်သိန်း ဖျက်ဆီးနိုင်စွမ်းကို ဖန်တီးနိုင်လိမ့်မည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ဝမ်ဝေ့က နောက်ထပ်စွမ်းအားကို လုပ်ဆောင်လိုက်သည်။ သူက ဘာမှန်း မမှတ်မိသော်လည်း ဝိညာဉ်ချီထက် မြင့်မားပြီး ပင်ကိုချီအဆင့်လောက် မမြင့်မားကြောင်း သိလိုက်သည်။

ထို့ကြောင့် သူက တူညီစွာ လုပ်ဆောင်လိုက်ပြီး ပမာဏအနည်းဆုံးဖြင့် ဖျက်ဆီးနိုင်စွမ်းအမျိုးမျိုးကို ပြသလိုက်သည်။ စွမ်းအားအရည်အသွေး မြင့်မားနေ၍ ဖြစ်စဉ်က အနည်းငယ် ပိုခက်ခဲလေသည်။ သို့သော် သူ့အတွက် ပြဿနာ မဟုတ်ပေ။

ဤနေရာတွင် စွမ်းအားအမျိုးမျိုး ရှိနေသည်။ တစ်ခုချင်းစီက တခြားတစ်ခုထက် ပိုမြင့်မားကြ၏။ တချို့က သူတို့ကိုယ်ပိုင်ဆန္ဒရှိနေသည့် မြင့်မားသည့်အဆင့် ဖြစ်ကြကာ ထိန်းချုပ်ဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်လာစေသည်။

မည်သို့ပင်ဆိုစေကာမူ သူ့အစွမ်းထိန်းချုပ်ရေး ပညာရပ်ကို ထုတ်သုံးကာ အသားကျလာသည့်အတွက် စစ်ဆေးမှုတစ်ခုလုံးက ထိုက်တန်လှသည်။ ထို့နောက် သူက ရလဒ်ကို စောင့်ဆိုင်းလိုက်၏။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက် အရှင်စိတ်ဝိညာဉ်၏ အသံက စစ်ဆေးမှုအခန်းထဲ ပဲ့တင်ထွက်လာသည်။

“ငါတို့တွေ ထင်မထားတဲ့ ရလဒ်တစ်ခု ရှိထားတယ်။ သခင်လေးချူးလော့နဲ့ သခင်လေးဝမ်ဝေ့တို့က ပထမနေရာ သရေကျတယ်”

လူများစွာက ထိုအရာကိုကြားပြီး သက်ပြင်းချလိုက်ကြသည်။ သူတို့က ထိုနှစ်ယောက်သည် သူတို့ကိုယ်ပိုင်အဆင့်တစ်ခု ဖြစ်နေကြောင်း စတင်သံသယဝင်လာကြ၏။

ထိုစဉ် ချူးလော့က မပျော်ရွင်ပေ။

သူက နဝမအဆုံးစွန် တာအိုအုတ်မြစ်ကို ပြီးမြောက်လုနီးပါး ဖြစ်နေပြီး ပြန်လည်ဝင်စားမှုအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို စုပ်ယူပြီးလေပြီ။ ထိုစဉ် သူ့ပြိုင်ဘက်က ဖြစ်စဉ်အလယ်တွင်မျှ ရှိသေးပြီး အစစ်အမှန် နဝမအဆုံးစွန် တာအိုအုတ်မြစ်ကို ရရှိဖို့ အောင်မြင်မလား မပြောနိုင်သေးပေ။

သို့သော် သူက ရှုံးနိမ့်ခဲ့ရသည်။ သူ့အတွက် သရေက ရှုံးနိမ့်မှုတစ်ခု ဖြစ်၏။

ထို့ကြောင့် သူက အသက်ပြင်းပြင်းရှုလိုက်သည်။ နံပါတ်တစ် အမှတ်အသားပြား သူ့လက်ထဲတွင် ရှိနေသရွေ့ အရာအားလုံး အဆင်ပြေနေသေးသည်။

ဘာပဲဖြစ်ဖြစ် ငါ့ဟာကွက်ကို လိုက်ဖြည့်ဖို့ ဒီကျင့်စဉ်ကို ရကိုရရမယ် …

“အခု ငါ ပြောထားတဲ့ နောက်ဆုံးဆုလာဘ်က …” အရှင်စိတ်ဝိညာဉ်က ခဏတာ ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“မင်းတို့ကို ညာတာ … ဒီမှာ ဘာဆုလာဘ်မှ မရှိဘူး ”

လူတော်တော်များများက စတင် ကျိန်ဆဲလာကြသည်။ သူတို့က အကြီးအကဲများနှင့် ဘိုးဘေးများကို ခေါ်ကာ ဤနေရာမှ ထွက်သွားချင်ကြသည်။

“ဟားဟား နောက်တာပါ …” အရှင်စိတ်ဝိညာဉ်က ဆက်ပြောလိုက်သည်  “ပထမနေရာအတွက် ဆုက တစ်ယောက်ကို နဂါးဦးသျှောင်ချီ တစ်မျှင်စီ ရမယ် ”

ဝမ်ဝေ့က နောက်ဆုံးဆုလာဘ်ကို ကြားလိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ နဂါးဦးသျှောင်ချီသည် တတိယတန်းစား မဟာဧကရာဇ်နှင့် ယှဉ်နိုင်သည့် ဆန့်ကျင်ထာဝရအသျှင်များကို ဖန်တီးနိုင်စွမ်း ရှိ၏။

ထို့ကြောင့် ဂိုဏ်းသာ ပါရမီရှိသူ သို့မဟုတ် ချီမျှင်ကို သန့်စင်ဖို့ သင့်တော်သူ ရှာတွေ့သရွေ့ သူတို့တွင် နောက်ထပ် ဆန့်ကျင် ကျင့်ကြံသူတစ်ယောက် ရှိလာလိမ့်မည်။

ဒီကုရွမ်က အမွေဆက်ခံသူရှာဖို့ ဒီလောက်အထိ လုပ်ထားတာပဲ …

ဝမ်ဝေ့က တွေးလိုက်မိသည်။ ထို့နောက် သူ့ရှေ့တွင် သတ္တုလုံးတစ်ခု ထွက်ပေါ်လာပြီး အထဲတွင် နဂါးတစ်ကောင် ကူးခတ်နေသည်ကို မြင်လိုက်ရ၏။ သူက ထိုနဂါးဆီမှ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်သည်။

ကံဆိုးစွာဖြင့် သူက မသန့်စင်နိုင်ပေ။ မဟုတ်ပါက သူ့ဧကရာဇ်လမ်းစဉ်သည် ဖြတ်တောက်ခံလိုက်ရလိမ့်မည်။ ဝမ်ဝေ့က နှမြောတသဖြစ်စွာ ခေါင်းခါလိုက်ပြီး သူ့သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက သူ့ရှေ့မှ အဆင့်ဇယားအား ကြည့်လိုက်သည့်အချိန် သူနှင့်ချူးလော့တို့က အမှတ်တစ််ထောင်စီ ရထားကြသည်။ သူက ထိုအရာအပါအဝင် ကျန်လူများ၏ နေရာကို ဂရုမစိုက်ပေ။

“နောက်စစ်ဆေးမှု နားလည်နိုင်စွမ်းကို စလိုက်ကြရအောင်။ ဒီတစ်ခါ အနိုင်ရရှိသူက အချိန်စီမံတဲ့နေရာမှာ အတိုးတက်ဆုံးလူ ဖြစ်လာလိမ့်မယ်”

ဝမ်ဝေ့ရှေ့တွင် စကျင်ကျောက်တစ်ခု ပေါ်ထွက်လာပြီး သူ့အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းအထက် အံ့အားသင့်မှု ဖြတ်ပြေးသွားသည်။ သူက မိုးမြေကြားမှ စည်းမျဉ်းများကို အာရုံခံမိလေသည်။ သူတို့က ပြတ်ပြတ်သားသား ရှိနေကြ၏။ ဤသည်မှာ တစ်ယောက်ယောက်က ကမ္ဘာကို သန့်စင်ထားပြီး ကောင်းကင်တာအိုအား စည်းမျဉ်းများကို ပြသဖို့ အတင်းအကျပ် ဖိအားပေးထားသလို ဖြစ်နေသည်။

နောက်ထပ် အခွင့်အရေးပဲ …

သူက မျက်လုံးမှိတ်ကာ ကံကြမ္မာစည်းမျဉ်းကို စတင်ခံစားလိုက်သည်။ သူက သူ့အနာဂတ်ဗုဒ္ဓကိုယ် ၃၆၀ ကို ထုတ်သုံးဖို့ တုံ့ဆိုင်းမနေပေ။ အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးနောက် သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် သင်္ကေတများ ပေါ်ထွက်လာသည်။

ထိုသင်္ကေတများသည် လေဟာနယ်ဖြိုခွင်းခြင်းအဆင့်၏ စည်းမျဉ်းပုံဖော်ခြင်းအဆင့်ကို ဝင်ရောက်ကြောင်း ညွှန်ပြနေခြင်း ဖြစ်၏။ မိုးမြေကြားမှ စည်းမျဉ်းများသည် မမြင်နိုင်သလို အာရုံမခံနိုင်ပေ။ သို့သော်လည်း ကျင့်ကြံသူတစ်ယောက်၏ နားလည်နိုင်စွမ်းက နက်ရှိုင်းသည်နှင့် သူတို့က မြင်လာရမည်ဖြစ်ကာ စွယ်စုံအသုံးပြုလာနိုင်လိမ့်မည်။

ဝမ်ဝေ့၏ စည်းမျဉ်းသစ်ပင်က သင်္ကေတများ ရှိလာရုံမှအပ များများစားစား ပြောင်းလဲသွားခြင်း မရှိပေ။ ပျိုးပင်မျှသာ ဖြစ်နေသေး၏။ သို့သော်လည်း သူက စည်းမျဉ်းကို နက်နက်နဲနဲ နားလည်လာလေလေ ပျိုးပင်က ပင်ပျိုဖြစ်မလာခင်အထိ ကြီးထွားလာလိမ့်မည်။

နောက်ဆုံးတွင် တစ်စုံတစ်ခု ပြောင်းလဲလာခဲ့သည်။ သူ့အံ့ဖွယ်ပင်လယ်ထဲရှိ စည်းမျဉ်းပုလ္လင်က ကမ္ဘာဦးစိတ်ဝိညာဉ် ထိန်းချုပ်ထားရာ အသိစိတ်ပင်လယ်ထဲ ပျံသန်းလာခဲ့သည်။ ဝမ်ဝေ့၏ ခန္ဓာကိုယ်က အပြောင်းအလဲကို ခံစားမိ၍ အနည်းငယ် တုန်ယင်သွား၏။

သူက ပတ်ဝန်းကျင် ကီလိုမီတာ ထောင်ချီကို ထိန်းချုပ်ပြီး သူ့စည်းမျဉ်းများကို သက်ရောက်မှု ဖြစ်စေလိုက်သည်။ သူက တခြားကမ္ဘာ၏ စည်းမျဉ်းများကို အသားကျစရာ လုပ်ဖို့ မလိုတော့ဘဲ သူ့ဘာသာ အတင်းကျပ် ထိန်းချုပ်နိုင်ခြင်း သို့မဟုတ် သူတို့ကို အတင်းကျပ် ဖိအားပေးထိန်းချုပ်ခြင်းတို့ လုပ်နိုင်လေပြီ။

ဝမ်ဝေ့က ယခုအခါ သူတော်စင်အဆင့် ရောက်သွားလေပြီ။

သူတော်စင်အဆင့်ကို သုံးပိုင်း ပြန်ခွဲထားပြီး တာအိုပင်ပျို၊ တာအိုသစ်ပင်ငယ်နှင့် အရွယ်ရောက် တာအိုသစ်ပင်ဟူ၍ ဖြစ်သည်။ အဆင့်တစ်ခုချင်းစီတွင် သူက ဝိညာဉ်စွမ်းအားနှင့် မူလအဆီအနှစ်ပေါ် မူတည်၍ ပိုင်နက်၏ အကန့်အသတ်ကို ချဲ့ထွင်နိုင်သည်။

ဝမ်ဝေ့က ဤစစ်ဆေးမှုသည် အခွင့်အရေးမှန်း သိထားသောကြောင့် သူ့နားလည်နိုင်စွမ်းကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက မည်မျှကြာမြင့်သွားမှန်း မသိတော့ဘဲ သူ ဂရုစိုက်သည်ကား သူ့စည်းမျဉ်းသစ်ပင်သည် ယခု သေးကွေးနေသေး၍ တာအိုသစ်ပင်ငယ်အဆင့်သာ ရှိသေးကြောင်း ပြသနေသည်ကို ဖြစ်၏။

ယှဉ်ပြိုင်မှုအချိန် အဆုံးသတ်သွားသည့်အခါမှ သူ မျက်လုံးပြန်ဖွင့်လာသည်။ သူက ပိုင်နက်ကို ဖြန့်ကျက်ကာ ကံကြမ္မာအပေါ် ထိန်းချုပ်နိုင်စွမ်းလည်း သိသိသာသာ တိုးမြင့်လာကြောင်း သိလိုက်သည်။

“၁.၂၆၉ ထရီလီယံ ကီလိုမီတာပဲ … ငါက အလယ်အလတ်အဆင့်ပဲ ရှိသေးတယ်။ ငါ့ပိုင်နက်ရဲ့  ကန့်သတ်ချက်ကို ရောက်နေပြီ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

သူ့အဖေ၏ ပိုင်နက်သည်ပင် ကန့်သတ်ချက်ကို ရောက်ရုံမျှ ဖြစ်သောကြောင့် သူသာ အထွတ်အထိပ် သူတော်စင်အဆင့် ဖြစ်လာသည်နှင့် သူ့ပိုင်နက်သည် အတော်အတန် ကြီးမားလာလိမ့်မည်။

သို့သော်လည်း ဝမ်ဝေ့က လူတချို့သည် သူ့ထက် ပိုကြီးမားသည့် ပိုင်နက်ရှိကြောင်း သိထား၍ သိပ်ဂရုမစိုက်ပေ။ နမူနာအားဖြင့် သူသိထားသည့်အထဲ လင်းဖန်၏ အစီအစဉ်အရ ပိုင်နက်ကို ကမ္ဘာတစ်ခုနှင့် ပေါင်းစပ်ဖို့ ကြံနေသည့် ရှုရှစ် ဖြစ်၏။

အလယ်အလတ်ကမ္ဘာဆိုလျှင်ပင် သူ့ထက် ပိုကြီးမားလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူက ထိပ်တိုက်ရင်ဆိုင်မှုတွင် ရှုံးနိမ့်မည် မဟုတ်ပေ။ သူ့လူဝင်စားများအတွက် တခြားပိုင်နက်ရှစ်ခုအကြောင်း ထည့်မပြောရသေးပေ။

“ပင်မခန္ဓာကိုယ်က ပွင့်ချပ်တစ်လွှာအဆင့် အင်အားရှိနေပြီးတော့ အကြိမ်ရေတချို့အထိ ပွင့်ချပ်နှစ်လွှာ ထာဝရအသျှင်နဲ့ တိုက်ခိုက်နိုင်လောက်တယ်” ဝမ်ဝေ့က ရေရွတ်နေရင်း နှောင့်ယှက်ခံလိုက်ရသည်။

“ ဒီစစ်ဆေးမှုရဲ့ အနိုင်ရရှိသူက သခင်လေး … ဝမ်ဝေ့ပါ။ နှစ်တစ်ရာအတွင်း သူက အတိုးတက်ဆုံး ဖြစ်ခဲ့ပါတယ် ”

အရှင်စိတ်ဝိညာဉ်က သူ့တုန်လှုပ်မှုကို ဖုံးကွယ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားထားဟန်ပေါ်သည်။ နှစ်တစ်ရာက ကျင့်ကြံသူများအတွက် အချိန်အကြာကြီး မဟုတ်သည့်အတွက် ထိုအချိန်လေးအတွင်း သိသိသာသာ တိုးတက်လာမှုကို မျှော်လင့်ထားဖို့ မဖြစ်နိုင်ပေ။ အထူးသဖြင့် နှစ်ထောင်ချီ ကြာမြင့်နိုင်သည့် စည်းမျဉ်းနားလည်ရေးနှင့် ပတ်သက်သည့်အခါတွင် ဖြစ်၏။

သို့သော် ယနေ့ သူက ထူးခြားဆန်းကြယ်မှုတစ်ခုကို မြင်လိုက်ရသည်။

စည်းမျဉ်းများကို ပိုနားလည်နိုင်သည့် ဤစစ်ဆးမှုမျိုးတွင်ပင် ဤသို့သော တိုးတက်မှုက စိတ်ကူးကြည့်၍ မရနိုင်ပေ။

ကြည့်ရတာ သခင်က သင့်တော်တဲ့ အမွေဆက်ဆံသူ တွေ့ပြီထင်တယ် …

“ ဒီစစ်ဆေးမှုမှာတော့ ပထမသုံးနေရာအတွက် သီးသန့်ဆုလာဘ် မရှိပါဘူး။ ဒီနေ့တော့ ဒီလောက်ပါပဲ။ အားလုံးကို နောက်တစ်ပတ် စိတ်စွမ်းအားနဲ့ တာအိုနှလုံးသား စစ်ဆေးမှုမှာ ပြန်တွေ့ကြတာပေါ့ ”

ဝမ်ဝေ့က မျှော်နန်းဆောင်မှ ထွက်လာသည့်အခါ စူးရှသည့် အကြည့်ကို ခံစားမိလိုက်၍ လှည့်ကြည့်လိုက်သည်။ ချူးလော့က သူ့အား စိုက်ကြည့်နေ၏။

ငါ့ကို နောက်ဆုံးတော့ ပြိုင်ဘက်အဖြစ် မြင်သွားပြီလား …

သူက ပြုံးကာ ဘာမှမပြောလိုက်ပေ။ သူက မျှော်နန်းဆောင်ထဲ အချိန်အစီအရင်တချို့ ရှိထားပြီး အပြင်ဘက်တွင် အချိန်သိပ်မကြာသေးကြောင်း ထင်ခဲ့မိသည်။

သူ မှားသွားခဲ့၏။

အပြင်ဘက်တွင်လည်း နှစ်တစ်ရာ ကုန်ဆုံးသွားလေသည်။ သူက လူဝင်စားများကို အာရုံခံကြည့်လိုက်သည့်အခါ ဤသတင်းက သူ့အား ပြုံးမိသွားစေသည်။

ခုနှစ်ယောက်လုံးက ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်သွားပြီးတော့ တွင်းနက်ကြီးအများစုကိုတောင် ဖွဲ့စည်းပြီးသွားပြီလား ….

ဒါပေမဲ့ တစ်ခုရဲ့ နှောင့်နှေးမှုကို ဖြစ်စေတဲ့ ပြဿနာနည်းနည်းတော့ ရှိနေတုန်းပဲ …

အစီအစဉ်ကျမှု လူဝင်စား၏ တာဝန်က မှားယွင်းသွားခဲ့ပြီး နှောင့်နှေးစေခဲ့သည်။ ထို့ကြောင့် သူက မှတ်ဉာဏ်များ စည်းပိတ်ထားလျက် အခြေအနေနှင့် သူတော်စင်အဆင့်သာ ရှိနေသေး၏။

တကယ်လို့ ငါ လူဝင်စားတွေရဲ့ စွမ်းအားကို ငှားလိုက်ရင် အဆင့် ၂ တာအိုဘိုးဘေးအဆင့် စွမ်းအားတော့ ရှိလောက်တယ် ….

သူက သေချာမသိသော်လည်း ခံစားချက် ရနေမိသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဘိုးဘေးဝမ်ဝူချန်အပေါ် အားအပြည့် ထုတ်သုံးကြည့်ဖို့ ဆုံးဖြတ်ထားသည်။ သို့သော် ယခုတွင် သူက တိုက်ပွဲတချို့ ဖြစ်လာမည်မှန်း သိထား၍ လုပ်လက်စ အလုပ်ကိုသာ အာရုံစိုက်ထားလိုက်၏။

***

All Chapters