အသုံးမဝင်တဲ့ ဇာတ်ကွက်လား
Vol. 40 Ch. 554
ထုံရို့ပင်းက အဆောင်ပြုလုပ်ရေး စွမ်းအင်ကို တိုးမြှင့်ဖို့ရာ သူမ၏ တာအိုသက်သေပြပစ္စည်းကို အသုံးပြုဖို့ တုံ့ဆိုင်းမနေပေ။ နောက်ဆုံးတွင် သူမက သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ရွက်ကို ထုတ်ယူလိုက်၏။
အသားပြိုကွဲစေရေးအဆောင်..
ထိုအဆောင်မှ တောက်ပသည့် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မူလိန်အား လွှမ်းခြုံသွားလေသည်။ မြေပြင်ပေါ်မှ ပါဝင်ယှဉ်ပြိုင်သူများပင် ထိုအလင်းရောင်ကြောင့် မျက်မှောင်အသာကြုတ်လိုက်ကြသည်။
အလင်းရောင် ပျောက်ကွယ်သွားသည့်အခါ မူလိန်၏ ခန္ဓာကိုယ်အနှံ့ လောင်ကျွမ်းရာ အမှတ်အသားများ ပေါ်ထွက်လာသည်။ သို့သော်လည်း သူက အကောင်းအတိုင်း ရှိနေဆဲ ဖြစ်သည့်အတွက် ထုံရို့ပင်းက မျက်မှောင်ကြုတ်လိုက်မိသည်။ အသားပြိုကွဲစေရေးအဆောင်သည် သူမအနေဖြင့် အားကောင်းသည့် ခန္ဓာကျင့်ကြံသူများကို ရင်ဆိုင်ဖို့ရာ ဖန်တီးထားသည့် လက်ရာမြောက် အဆောင်တစ်ခု ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူအား ပြိုကွဲသွားစေမည် ဖြစ်ကာ အနည်းဆုံးတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေလိမ့်မည်။ သို့သော်လည်း သူက အပေါ်ယံမျှသာ ဒဏ်ရာရသွားခြင်း ဖြစ်သည်။
သူမ၏ မျက်ဝန်းအထက် သင်္ကေတတချို့ ပေါ်ထွက်လာကာ သုံးသပ်ကြည့်လိုက်သည်။ ထို့နောက် သူမက သဘောပေါက်သွားခဲ့သည်။ ကြယ်တာရာသားရဲကမ္ဘာ၏ ကြယ်တာရာ ခန္ဓာသည် ထူးခြားပြီး ချက်ချင်း ဖျက်ဆီးမပစ်နိုင်ပေ။
ကြယ်တာရာသားရဲ ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည့် တိုက်ကွက်များက သူတို့၏ အရွယ်အစားကိုသာ သေးငယ်သွားစေလိမ့်မည်။ တစ်နည်းအားဖြင့် ဆိုရသော် ကြယ်တာရာသားရဲကမ္ဘာ၏ ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်လိုပါက သူတို့သည် မသတ်နိုင်မချင်း အရွယ်အစားကို ဆက်တိုက်လျော့ချပြီး သတ်ပစ်ရမည် ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူက ကြီးမားလေလေ သူတို့တွင် အသက်များများ ရှိလေလေ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဖျက်ဆီးပစ်နိုင်သည့် တိုက်ကွက်မျိုးကသာ သူတို့အား ချက်ချင်း သတ်နိုင်လေသည်။ သူမ၏ အဆောင်က ထိုသို့ သက်ရောက်မှုမျိုး မရှိထားပေ။
မူလိန်၏ လက်ရှိခန္ဓာကိုယ်က အကောင်းအတိုင်း ရှိနေသော်လည်း တကယ်ခန္ဓာကိုယ်အစစ်ကမူ အကြိမ်များစွာ သေးငယ်သွားလေပြီ။
ထုံရို့ပင်းက ဤတိုက်ပွဲကို မည်သို့ အဆုံးသတ်သင့်ကြောင်း အလျင်အမြန် သုံးသပ်လိုက်သည်။ သူမက ဆက်မတိုက်နိုင်တော့ပေ။ အခြေအနေက သူမအတွက် အန္တရာယ်များလာခဲ့သည်။ သူမတွင် တစ်ဖက်လူကို ချက်ချင်း သုတ်သင်နိုင်သည့် တိုက်ကွက်မျိုး မရှိထားပေ။ အနည်းဆုံးတော့ သူမ၏ မူလအဆောင်နှင့် ပေါင်းစပ်ခြင်း မပြီးမြောက်ခင်အထိ ဖြစ်သည်။
အဲဆိုတော့ တစ်ခုတည်းသော နည်းလမ်းက ကုသတာနဲ့ ပြန်လည်ကောင်းမွန်တာကို တားဆီးမဲ့နည်းလမ်းပဲ ကျန်တော့တာပေါ့..
ထုံရို့ပင်းက လက်ဝေ့လိုက်သည့်အခါ အဆောင်တစ်ခုက လှံအဖြစ် ဖွဲ့စည်းသွားသည်။ ထို့နောက် သူမ၏ လက်တစ်ချက်အဝေ့တွင် ထိုအရာက မြန်မြန်ဆန်ဆန်ဖြင့် မူလိန်ဆီ ဝင်ရောက်သွားလေ၏။
ပထမဦးစွာ သူက ဤသို့သော တိုက်ကွက်မျိုးကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားဖို့ရာ ကြံစည်ထားသည်။ သို့သော်လည်း သူက အန္တရာယ်ကို ကြိုတင်ခံစားမိလိုက်၍ ဒိုင်းကာ တစ်ခုကို ဖန်တီးကာ ကာကွယ်လိုက်သည်။
ကံဆိုးစွာဖြင့် လှံက သူ့ကာကွယ်မှုကို ထိုးဖောက်သွားပြီး သူ့ရင်ဘတ် တည့်တည့်ထိ ရောက်သွားပြီး ထိုးစိုက်ဖို့ တစ်လက်မခန့်အလိုတွင် ရပ်တန့်သွားလေ၏။ မူလိန်က ထိုလှံဆီမှ ထူးခြားအံ့ဖွယ်စွမ်းအားကို ခံစားမိလိုက်သည့်အခါ အမူအရာ ပျက်ယွင်းသွားလေသည်။
သူသည် ဤစွမ်းအားက သူ့ခန္ဓာကိုယ်ကို လျစ်လျူရှုကာ သူ့အား သတ်နိုင်ကြောင်း သိလိုက်သည်။ သူ့အနေနှင့် တတ်နိုင်သည့်အရာ မရှိချေ။
“ဒါက ဘာစွမ်းအားလဲ”
ထုံရို့ပင်းက ပြုံးလိုက်ပြီး ရှင်းမပြပေ။ ထို့ကြောင့် မူလိန်က သူ့အကြီးအကဲကို ဆက်သွယ်ကာ မေးလိုက်၏။
တုယီနယ်ပယ်လား.. ဒါက အရိပ်အမြွက်လား..
သူက တွေးလိုက်မိသည်။ သန့်စင်သည့် ရုပ်ခန္ဓာလမ်းစဉ်ကို လျှောက်လှမ်းသူ တစ်ယောက်အနေဖြင့် မူလိန်က သူသည် ကောင်းကင်အလိုဆန္ဒကို ရယူပြီးသည့်နောက်တွင် ရွေးချယ်မှု ပြုလုပ်ရမည်မှန်း သိထားသည်။ ထို့ကြောင့် ပထမရွေးချယ်မှုက ခွန်အား မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့ ဖြစ်ပြီး ထိုနည်းလမ်းကို အသုံးပြုကာ တာအိုကို သက်သေပြဖို့ ဖြစ်ပေသည်။
ဒုတိယရွေးချယ်မှုက သူ့ကောင်းကင်အလိုဆန္ဒကို အသုံးပြုပြီး ခွန်အားအစစ်အမှန် နယ်ပယ်ထဲ အလွှာတချို့ ထပ်မံ တက်ရောက်ရန် ဖြစ်သည်။ အကယ်၍ ထိုအရာကို ရွေးချယ်ခဲ့ပါက သူသည် ခန္ဓာကိုယ်ခွန်အားနှင့် ကောင်းကင်အလိုဆန္ဒကို အသုံးပြုနိုင်မှုအပေါ် မူတည်ကာ ထာဝရဧကရာဇ်အပါအဝင် မည်သည့်တန်းစား မဟာဧကရာဇ်တစ်ယောက်၏ တိုက်ခိုက်ရည် ရှိလိမ့်မည်။
သို့သော်လည်း ဆိုးကျိုးက သူ့အနေနှင့် ကောင်းကင်အလိုဆန္ဒဖြင့် ဂိတ်ပေါက်ကို ဖွင့်လှစ်နိုင်မည် မဟုတ်ဘဲ တစ်ယွမ်ခေတ်ကာလမျှသာ နေထိုင်နိုင်လိမ့်မည်။ ထို့ကြောင့် သူက ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ကာ ဆက်လက်ကျင့်ကြံဖို့ ဤအချိန်မျှသာ ရှိလေသည်။
မူလိန်က တာအိုဘိုးဘေး ဖြစ်လာနိုင်သည်။ သူက ဆန့်ကျင်တာအိုဘိုးဘေး ဖြစ်လာနိုင်၏။ အဆုံးမဲ့သက်တမ်းဖြင့် သူသည် ဂိတ်ကို မဖွင့်လှစ်ခင်အထိ ခွန်အားအစစ်အမှန် တာအိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်လေမည်။
တတိယရွေးချယ်မှုကမူ ကြယ်တာရာသားရဲနည်းစနစ်နှင့် တခြားနည်းလမ်း၏ စည်းမျဉ်း ထိန်းချုပ်မှုကို ပေါင်းစပ်နည်းလမ်းကို ရှာဖွေဖို့ ဖြစ်သည်။ မူလိန်က တခြားကောင်းကင်ရွေးချယ်ခံ များနှင့် ဆက်နွယ်ပြီးသည့်နောက်တွင် အတွေးအခေါ်တစ်ခု ရှိလာခဲ့သည်။
သူက သူ့ဝိညာဉ်ဖြင့် စည်းမျဉ်းကို မထိန်းချုပ်နိုင်သည်မှာ ထိုအရာက သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်နေ၍ ဖြစ်သည်။ သို့သော်လည်း သူက သူ့ခန္ဓာကိုယ်ကို စည်းမျဉ်းထိန်းချုပ်နိုင်ဖို့အတွက် စွမ်းအင်အချို့ ဖန်တီးဖို့ရာ လှုံ့ဆော်ပေးနိုင်သည်။ ထိုနည်းလမ်းဖြင့် သူသည် တုယီနယ်ပယ်သို့ ဝင်ရောက်နိုင်ပြီး ကောင်းကင်အလိုဆန္ဒကို ရယူပြီးသည့်နောက်တွင် ကောင်းကင်တာအိုက သူ့အား ချီသန့်စင်သူနှင့် ခန္ဓာကိုယ် လေ့ကျင့်သူအဖြစ် သတ်မှတ်ပေလိမ့်မည်။
သူထိန်းချုပ်သည့် စည်းမျဉ်းက မည်သို့ပင် ဖြစ်စေကာမူ သူက မဟာတာအို အရင်းအမြစ်ကို နားလည်လာပြီး ခွန်အားအစစ်အမှန် နယ်ပယ်အဆင့်တွင်လည်း အနည်းငယ် တိုးမြှင့်လာလိမ့်မည်။
ကြည့်ရတာ တတိယရွေးချယ်မှုက ငါ့အတွက် အကောင်းဆုံးပဲ..
မူလိန်က လတ်တလော စီးပွားရေး လက်တွဲဖော် ဝမ်ဝေ့ကို အမှတ်ရသွားသည်။ သူသည်လည်း ချီသန့်စင်သူနှင့် ခန္ဓာကိုယ် ကျင့်ကြံသူ ဖြစ်ပေသည်။ ထို့အပြင် အကြမ်းခံပုဆိန် ရုပ်ခန္ဓာပိုင်ရှင်အနေဖြင့် သူ့တွင် အရေးသာချက် တချို့ရှိထားလေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ စည်းမျဉ်းမျိုးစေ့က သူ့အား ခွန်အားအစစ်အမှန် တာအိုကို တားဆီးသင့်သော်လည်း ကောင်းကင်တာအိုက သူ့အား ခြွင်းချက်အဖြစ် ခွင့်ပြုပေးထားသည်။ သူက သူ့ခန္ဓာကိုယ်ဖြင့် စည်းမျဉ်းကိုတော့ မထိန်းချုပ်နိုင်သေးပေ။
“သခင်မလေးထုံရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခါ ကျေးဇူးကြွေး တင်ခဲ့ရပြီ”
“ကိစ္စမရှိပါဘူး”
ထုံရို့ပင်းက အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
ငါ ဒီအကြွေးကို အသုံးပြုနိုင်တယ်…
သူမက တွေးလိုက်မိသည်။
တကယ်လို့ ငါ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ရှုံးသွားခဲ့ရင် မူလိန်ဆီ သွားပြီးတော့ ငါ့အတွက် နောက်မျိုးဆက်မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကံကြမ္မာကို ဖြတ်တောက်ပေးဖို့ သွားတောင်းဆိုလို့ ရတယ်။ တစ်ခုတည်းသော ပြဿနာက သူက သူ့ကမ္ဘာမှာ ဒါကို သက်သေပြနိုင်မလား ဆိုတာပဲ။
ထုံရို့ပင်းက သူမအတွက် အရံအစီအစဉ်များ ပြုလုပ်ပြီးသည့်နောက်တွင် စိတ်အခြေအနေ ကောင်းနေလေသည်။ ထို့ကြောင့် သူမက မူလိန်၏ နံပါတ်လေး လက်ရွေးစင် အမှတ်အသားပြားကို ယူကာ ပျံသန်းထွက်လာခဲ့လိုက်သည်။ သူမက ထွက်မသွားခင် ဝမ်ဝေ့ကို ပြုံးပြခဲ့သေးသည်။ ဝမ်ဝေ့ကမူ သူ့အစီအစဉ်အား ခိုးယူထားသည့် အရှက်မဲ့သည့် အမျိုးသမီးကို လျစ်လျူရှုထားလေသည်။
“သူမက တုယီအဆင့် ဘယ်လိုလုပ် ဝင်ရောက်သွားတာလဲ…”
လီကျွင်းက အနည်းငယ် အားကျစွာဖြင့် မေးလိုက်သည်။
“သူမက သူမရဲ့အံ့ဖွယ်ပင်လယ်တစ်ခုလုံးကို အဆောင်ကမ္ဘာအဖြစ် ပြောင်းလဲထားတာ”
ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူ့အစစ်အမှန်အမြင်စွမ်းရည်ဖြင့် လတ်တလော တိုးတက်လာမှုတို့တွင် ယခင် ဖုံးကွယ်ထားသည့် ကိစ္စများကို မြင်တွေ့လာနိုင်သည်။
သူက သူမ၏ အံ့ဖွယ်ပင်လယ်အတွင်း ချီစုစည်းရေးအဆောင်၊ ချီသန့်စင်ရေးအဆောင်နှင့်အတူ အခြားများစွာကို မြင်တွေ့ခဲ့ရသည်။ သူမ၏ အံ့ဖွယ်ပင်လယ်က ထူးခြားလှ၏။
ထုံရို့ပင်းကိုတော့ ချီးကျူးရမယ်။ ငါက ဝူမင်ကို ပေးလိုက်တဲ့ အခြေခံ အစီအစဉ်တွေကို အသုံးပြုပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ထားနိုင်တယ်…
ထိုတိုက်ပွဲအပြီးတွင် တခြားထိုက်တန်သည့် တိုက်ပွဲဟူ၍ မရှိပေ။ ထိပ်တန်းဆယ်ယောက်အတွင်း မရောက်သည့် လူတချို့က ဝမ်ဝေ့အပါအဝင် လက်ရွေးစင်တချို့ကို စိန်ခေါ်ခဲ့သော်လည်း သူတို့က အားနည်းလွန်းနေသည်။ ထို့ကြောင့် အားလုံးက သူတို့၏ စံအိမ်အတွင်းသာ ပြန်လည်ဝင်ရောက်သွားကြ၏။
လျန်ရှစ်ရှန်းက စံအိမ်သို့ ပြန်ရောက်ပြီးနောက် သူ့ရှေ့တွင် ပုံကားချပ်နှစ်ခု ရှိနေလေသည်။ ချူးလော့နှင့် ဝမ်ဝေ့တို့ ဖြစ်၏။
ဒီနှစ်ယောက်ထဲက တစ်ယောက်ကတော့ ငါ့အစီအစဉ်ကို ကူညီပေးနိုင်လောက်တယ်။ အသင်္ချေအင်ပါယာကမ္ဘာက တစ်ယောက်ကိုတော့ ပိုပြီးတော့ အားသာမိတယ်…
ဝိညာဉ်နှင့် နားလည်နိုင်စွမ်းအရ ဝမ်ဝေ့သည် သူ့ရည်မှန်းချက်ကို ကူညီဖို့ရာ အကောင်းဆုံးသူ ဖြစ်သည်ဟု ထင်ထားခဲ့သည်။
စိတ်စွမ်းအား ရလဒ်ကို စောင့်ကြည့်ကြတာပေါ့။ အဲဒီအခါမှပဲ ဆုံးဖြတ်ချက် ချလိုက်မယ်…
နောက်ထပ် စံအိမ်တစ်လုံးအတွင်း ဟို့ဖုန်းဟွမ်က အစီအရင်အပြည့်နှင့် အခန်းတစ်ခုအတွင်း တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။ အခန်းအလယ်တွင် အမျိုးသားတစ်ဦးက မျက်လုံးမှိတ်လျက် ထိုင်နေလေ၏။
“ဘယ်လိုနေလဲ”
“မင်း ဘယ်လို ထင်လဲ။ မင်းအစီအစဉ်က အသုံးမဝင်ဘူးလို့ အကြိမ်ရေ အများကြီး ပြောသားပဲ။ ငါတို့က တူညီတဲ့မျိုးနွယ်က ဆိုပေမဲ့ ဧကရာဇ်ချီယွမ်က ငါတို့ရဲ့ သွေးမျိုးဆက်ကို ဖြတ်တောက်ထားတာ ကြာလှပြီ”
“ကျိန်စာသွေးမျိုးဆက် ပင်ကိုရတနာက အလုပ် မဖြစ်ဘူးလား”
“ဆက်နွယ်မှုမရှိရင် ဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ”
ဟို့ဖုန်းဟွမ်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်၏။ မြင့်မြတ်သားရဲငါးခုလုံးကို ရရှိပြီးသည့်နောက်တွင် သူမ၏ ကောင်းကင်မျက်လုံး ပါရမီက ဆင့်ကဲပြောင်းလဲလာခဲ့သည့်အတွက် သူမအပေါ် ဖြစ်လာနိုင်သည့် အန္တရာယ်တချို့ကို မြင်တွေ့လာရသည်။
သူမက စစ်ဆေးမှု ရွေးချယ်ပွဲအတွင်း ဝမ်ဝေ့ကို မြင်တွေ့လိုက်သည့်အခါ ပြင်းထန်သည့် သတိပေးချက်ကို ခံစားမိလိုက်သည်။ ပြင်းထန်လွန်းသည့်အတွက် သူမပင် စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
ထို့ကြောင့် သူမက သူ့အား တိတ်တဆိတ် ရှင်းထုတ်ဖို့ အစီအစဉ်ကို စတင်ခဲ့၏။ သူမ၏ မူလအဆီအနှစ်က ဝမ်ဆွေကြီးမျိုးကြီး မျိုးနွယ်နှင့် ဝမ်အခွင့်အလမ်းဂိုဏ်း၏ ဝမ်မျိုးနွယ်နှင့် သွေးမျိုးဆက် ဆက်နွယ်မှုကို အသုံးပြုရန် ဖြစ်သည်။
ထို့ကြောင့် သူမက ဝမ်ဆွေကြီးမျိုးကြီး မျိုးနွယ်၏ နောက်ခေါင်းဆောင် ဝမ်ကောမင်၏ အကူအညီကို ရယူခဲ့သည်။ ဟို့ဖုန်းဟွမ်က ထိုသူသည် သူ့သွေးမျိုးဆက်အား အသုံးပြုကာ ဝမ်ဝေ့အား ကျိန်စာတိုက်ခြင်း၊ အဆိပ်ခတ်ခြင်း သို့မဟုတ် အားနည်းစေခြင်းတို့ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ ပို၍ကောင်းသည်က သူ့စွမ်းအားကို ခိုးယူလိုက်ဖို့ ဖြစ်သည်။
အရှင်းဆုံးပြောရလျှင် သူမ၏ အစီအစဉ်က အသုံးမဝင်ကာ တုံးအကြောင်း သိထားလေသည်။ သို့သော်လည်း သူမက အနည်းဆုံးတော့ သူမ သူ့ကို ကြည့်လိုက်သည့်အခါတိုင်း ခံစားနေရသည့် ဖိအားတို့ကို လျော့ချဖို့ တစ်စုံတစ်ခု လုပ်ဖို့ လိုအပ်နေလေသည်။
“ဒီအစီအစဉ်ကို အလုပ်ဖြစ်ဖို့ တခြားနည်းလမ်း မရှိဘူးလား”
“တကယ်လို့ သူ့သွေးစက်ကို ရယူပေးနိုင်ရင်.. မဟုတ်ဘူး.. သူ့သွေးအရင်းအမြစ်ကို ရယူပေးနိုင်ရင်တော့ ဖြစ်နိုင်တယ်”
ဝမ်ကောမင်က ပြန်ဖြေလိုက်သည်။ အရှင်းဆုံး ပြောရလျှင် သူက သူမအား ကူညီပေးပြီး တခြား ဝမ်မျိုးနွယ်အား ရန်သူ မဖြစ်လိုပေ။ ကံဆိုးစွာဖြင့် ဟို့ဖုန်းဟွမ်၏ အဆင့်အတန်းက သူ့ထက် မြင့်မားနေပြီး အကြီးအကဲအဖွဲ့အစည်းက သူမ၏အမိန့်အတိုင်း ဆောင်ရွက်ဖို့ သူ့အား ပြောခဲ့သည်။
ဝမ်မျိုးနွယ်တွင် ဗလာခေတ်ကာလအပြီးတွင် မဟာဧကရာဇ်သုံးပါး ရှိခဲ့သည်။ သို့သော် နှစ်ဦးက တာအိုကို သက်သေပြပြီးသည့်နောက်တွင် ထူးခြားဆန်းကျယ်စွာ သေဆုံးသွားကြလေ၏။ မည်သူကမျှ အကြောင်းအရင်းကို မသိကြချေ။ အနည်းဆုံးတော့ သူက ထိုသတင်းအချက်အလက်ကို သိဖို့ရာ အရည်အချင်း မပြည့်မီသေးပေ။ ရှေးဟောင်းမျိုးနွယ်များက ကျဆင်းလာသော်လည်း မျိုးနွယ်က ကောင်းမွန်သည့် အဆင့်အတန်း ရှိနေဆဲ ဖြစ်သည်မှာ သူတို့၏ တည်ထောင်သူက အသင်္ချေအင်ပါယာကမ္ဘာ၏ ပထမဆုံး ဧကရာဇ်ဖြစ်သူ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ် ဖြစ်နေ၍ ဖြစ်သည်။
“သွေးအရင်းအမြစ်လား”
ဟို့ဖုန်းဟွမ်က ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။ သူမက လူတချို့သည် ထိုမကောင်းဆိုးဝါး မည်မျှ တတ်စွမ်းနိုင်ကြောင်း သိထားလေ၏။
အကယ်၍ သူမသာ ကောင်းကောင်းမွန်မွန် ကြံစည်နိုင်လျှင် သူက လေးလေးနက်နက် မတိုက်ခိုက်ဘဲ သတိလက်လွှတ် အနေအထားကို ဖမ်းဆုပ်နိုင်လိမ့်မည်။ ထိုအခိုက် သူမက သွေးစက်အနည်းငယ် ရယူနိုင်လေ၏။
သူ့သွေးအရင်းအမြစ်အတွက်မူ သူမက သူ့ကို အနိုင်မယူနိုင်မချင်း ထိုသို့အရာမျိုးကို ရရှိနိုင်မည် မဟုတ်ပေ။
“ကျွန်မ နောက်ထပ် နည်းလမ်းရှာလိုက်မယ်”
သူမက ပြောလိုက်ပြီးနောက် အခန်းအတွင်းမှ ထွက်လာခဲ့လိုက်သည်။
ဟို့ဖုန်းဟွမ်က ဤစစ်ဆေးမှုကို ရောက်လာဖို့ အဓိကရည်ရွယ်ချက် ၂ခု ရှိထားသည်။ အမွေအနှစ်ကို ရယူပြီး သူမ၏ နဂါးသွေးမျိုးဆက်ကို နဂါးပြာ သွေးမျိုးဆက်အဖြစ် လှည့်ဖျားနိုင်မလားဟူ၍ ဖြစ်သည်။ ဒုတိယအနေဖြင့် ဝမ်ဝေ့နှင့် ဖြေရှင်းဖို့ ဖြစ်၏။
ကံဆိုးစွာဖြင့် သူမက မည်သည့်ရည်ရွယ်ချက်ကိုမှ မအောင်မြင်သေးချေ။
ဒီနေရာမှာ ကမ္ဘာအများကြီး ရှိနေတယ် ဆိုတော့ ငါ့သွေးမျိုးဆက်ကို ဆင့်ကဲပြောင်းလဲနိုင်ဖို့ ဒါမှမဟုတ် သန့်စင်နိုင်ဖို့ နည်းလမ်းတော့ ရှာနိုင်မှာပဲ…
သူမက နောက်အစီအစဉ်ကို မစတင်ခင် တွေးလိုက်မိသည်။
***