ကျောက်တုံးနက်ကို ရှာဖွေခြင်း
Vol. 30 Ch. 404
“ကျုပ်က မိုဝူကျီ ... လူသစ်လေးပါ။ ဒီက စီနီယာအစ်မကို ဘယ်လိုများ ခေါ်ရမလဲ ” သူက အနက်ဝတ် အမျိုးသမီးနောက် လိုက်လာပြီးနောက် မိုဝူကျီက အရင်ဦးစွာ နှုတ်ဆက်လိုက်သည်။
သူက အင်မော်တယ်တပိုင်း နယ်ပယ်ကို ရောက်လာခါစ ဖြစ်၍ ဘာဆိုဘာမျှ မသိသေးအချိန် လန်ဟောင်၏ ရိုက်စားကို ခံခဲ့ရသည်။ ထိုအမျိုးသမီးလေးက သူ့အဖွဲ့ ဖြစ်သည့်အတွက် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ပြီး သူမဆီမှ တချို့အကြောင်းအရာများ ရနိုင်ပေသည်။ ထို့အပြင် သူ့အတွက် သတ္တု တူးဖော်ခြင်းမှာ ပထမဆုံးအကြိမ် လုပ်ဖူးခြင်း ဖြစ်သည်။
“ကျာချီ ... ” အနက်ဝတ် အမျိုးသမီးက သူမ နာမည်ကိုသာ ပြောလိုက်ပြီးတော့ မိုဝူကျီ၏ ခြင်းတောင်းလွတ်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သို့သော်လည်း သူမက တခြားဘာမျှ မပြောပေ။
ထူးဆန်းတဲ့ နာမည်ပဲ ...
မိုဝူကျီက ထိုမိန်းကလေးမှာ စကားများများ ပြောရတာ မကြိုက်သူမှန်း သိလိုက်သည်။ သူက နောက်ထပ် မေးခွန်းများ မေးချင်သော်လည်း မကောင်းသည့် အမြင်ဖြစ်အောင် မဖန်တီးလိုပေ။ သူတို့က မိုင်းတွင်းနေရာသို့ ရောက်သည့်အခါ သူက သူမ ကျောက်တုံးနက်များ ဘယ်လိုဘယ်ပုံ ရှာကြောင်း သိနိုင်ရန် လိုက်သွားလိုက်သည်။
အင်မော်တယ်တပိုင်း နယ်ပယ် အဝင်ဝတွင် ဧရာမ သင်္ဘောပျံကြီးတစ်စင်း ရပ်နားထားသည်။ ကျင့်ကြံသူ အများအပြားက ထိုသင်္ဘောပျံပေါ် ဝင်နိုင်ရန် တန်းစီနေကြပြီး မိုဝူကျီနှင့် ကျာချီလည်း ဝင်တန်းစီ လိုက်ကြသည်။
သင်္ဘောပျံပေါ်မှ နေရာများကို သေချာ နာမည်ကပ်ထားပြီး မိုင်းတွင်း (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င) အစရှိသဖြင့် နေရာချထားသည်။ မိုဝူကျီနှင့် ကျာချီတို့က မိုင်းတွင်း (စ) နေရာသို့ သွားကာ ထိုင်ချလိုက်ကြသည်။
အကြမ်းဖျင်းအားဖြင့် နှစ်နာရီအကြာတွင် သင်္ဘောပျံက စတင်တုန်ခါလာပြီး ကောင်းကင်ထဲ ပျံသန်း သွားတော့သည်။ အင်မော်တယ်တပိုင်း နယ်ပယ်ထဲ ဖြစ်သော်လည်း ကွာဝေးလှသည်။
သင်္ဘောပျံပေါ်တွင် ကျာချီအပြင် မိုဝူကျီက မည်သူကိုမျှ မမှတ်မိပေ။ ထို့အပြင် သူက သင်္ဘောပျံပေါ်တွင် မကျင့်ကြံနိုင်သောကြောင့် မိုင်းတွင်းနေရာ ရောက်သည်အထိ ဘေးပတ်လည် ကြည့်ရှုလာခဲ့သည်။
မိုဝူကျီက သူ့စိတ်စွမ်းအား ထုတ်လွှင့်လိုက်သောအခါ အနက်ရောင်မြေကို တွေ့လိုက်ရုံသာမက ပတ်ဝန်းကျင်မှ လေများသည်လည်း အင်မော်တယ် တပိုင်းနယ်ကဲ့သို့ သန့်သန့်ရှင်းရှင်း မရှိချေ။
နေ့ဝက်အကြာတွင် မိုဝူကျီက ဆက်တောင့် မခံထားနိုင်တော့ဘဲ မေးလိုက်တော့သည်
“စီနီယာကျာချီ ... လူတစ်ယောက်အကြောင်း မေးလို့ ရမလား။ သူက ချောင်အောင်းလွန်တဲ့ ... သူ့ကို ကြားဖူးလား ... ”
“မကြားဖူးဘူး” ကျာချီ အဖြေက ရိုးရှင်းလှည်။ ထိုစကား တစ်ခွန်းတည်းသာ ပြောပြီး ဘာမျှ ဆက်မပြောတော့ပေ။
ချောင်အောင်းလွန်မှာ ကြယ်တာရာ ဘုရင်တောင်၏ ပထမဆုံး ကြယ်တာရာသခင် ဖြစ်ကာ ကြယ်တာရာ ဘုရင်တောင် မှတ်တမ်းများအရ ချောင်အောင်းလွန်မှာ ဟင်းလင်းပြင် ချိုးဖောက်သွားခြင်း ဖြစ်၏။ အကယ်၍ ဟင်းလင်းပြင် ချိုးဖောက်လိုက်ခြင်းက ဤမိုင်းတွင်းနယ်ဆီ ရောက်လာမည်ဆိုလျှင် ချောင်အောင်းလွန်လည်း ဤနေရာ၌ ရှိရပေမည်။
ကျာချီက ဆက်ပြောရန် စိတ်ကူးမရှိသည်ကို မြင်ပြီး မိုဝူကျီက မုန့်ယီစန်းလို လူမျိုးအကြောင်း ထပ်မမေးတော့ပေ။ ပထမဆုံး မုန့်ယီစန်းနှင့် အခြားလူများမှာ လခြမ်းကွေး အကျဉ်းထောင်မှ ဖြစ်ပြီး ဒုတိယ အချက်အနေဖြင့် မုန့်ယီစန်းမှာ အကျဉ်းထောင်မှူးကို သတ်၍ လခြမ်းကွေး အကျဉ်းထောင်မှ ထွက်ပြေးသွားခြင်း ဖြစ်သည်။ သူက ကျာချီနှင့် မရင်းနှီးသည့်အတွက် ထိုအကြောင်း မမေးခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
နောက်တစ်ရက်ကြာ ပျံသန်းပြီးနောက် မိုဝူကျီက သူတို့မိုင်းတွင်းတချို့ ရောက်သည့်အကြောင်း ကြေညာသံကို ကြားလိုက်ရသည်။ တချို့လူများက သင်္ဘောပျံမှ ခုန်ဆင်းသွားကြသည်။ နောက်ထပ် လေးနာရီအကြာတွင် သင်္ဘောပျံမှ ကြေညာချက် ထွက်လာသည် …
“ မိုင်းတွင်း (စ) ကို ရောက်ပြီ ”
ထိုကြေညာချက် နောက်တွင် ဤနေရာကို သွားရမည့် ကျင့်ကြံသူအားလုံးက မတ်တတ်ရပ်လိုက်ကြပြီး သင်္ဘောပျံ ထွက်ပေါက်မှ ခုန်ဆင်း လိုက်ကြတော့သည်။ မိုဝူကျီနှင့် ကျာချီလည်း လိုက်ပါသွားတော့သည်။
သူ ဆင်းလိုက်သည့်အခါ ကျယ်ပြောလှသည့် မည်းနက်နေသည့် ကုန်းမြေက ကြိုဆိုနေလေ၏။ ဤနေရာတွင် မိုဝူကျီက မှော်အစီအရင် အရိပ်အယောင် တချို့ကို ခံစားမိနေသည်။
ထိုမြေနက်ကို အပိုင်းပိုင်း ခွဲခြားထားကာ နေရာတစ်ခုစီတွင် သူတို့သက်ဆိုင်ရာ နံပါတ်ကို ရေးသားထားသည်။
ဤအကြိမ်မှာ ကျာချီအတွက် ပထမဆုံးအကြိမ် မဟုတ်မှန်း သိသာလှသည်။ သူမက ဆိုင်းဘုတ်များ ရေးထားသည့်အတိုင်း အလျင်အမြန် ထွက်သွား၍ မိုဝူကျီက နောက်ကနေ ကရောသောပါး လိုက်လိုက်ရသည်။ အမွေးတိုင်တဝက်ခန့် ကြာချိန်တွင် သူမက ရပ်တန့်လိုက်သည်။
မိုဝူကျီရှေ့တွင် မိုင်းတွင်း နံပါတ် ၅၁ဝ၉ (စ) ဟု ရှိနေလသည်။
ကျာချီက မိုဝူကျီကို တစ်ချက်ကြည့်ပြီးနောက် မိုင်းတွင်းထဲ ပြေးဝင်သွားတော့သည်။ မိုဝူကျီက သူမနောက်မှ ဆက်လိုက်လာကာ မိုင်းတွင်းထဲ လိုက်ဝင်လာသည်။ ကျာချီနှင့် သူဝင်လိုက်သည်နှင့် မိုင်းတွင်း အဝင်ဝက မီးလင်းလာသည်ကို သူ့စိတ်စွမ်းအားဖြင့် သေချာမြင်လိုက်ရသည်။
“ရှင် ဘာသာ ကြိုက်တာလုပ် ... နောက် ငါးရက်အကြာကျ ကျမတို့တွေ သင်္ဘောပျံ ဆင်းခဲ့တဲ့နေရာမှာ ပြန်ဆုံမယ် ...” ကျာချီက မိုဝူကျီကို ကြည့်ကာ မထူးမခြားနား ပြောလိုက်သည်။
မိုဝူကျီက အံ့ဩတကြီး ဖြစ်သွားကာ အသက်ရှူကြိမ် အနည်းငယ်အကြာတွင် သူက ပြောလိုက်သည်
“စီနီယာကျာချီ ... ကျုပ်ကြားတာတော့ ဒီကျောက်တုံးနက် တူးတာက လူနှစ်ယောက် လိုတယ်ဆို ...”
“မလိုဘူး” ကျာချီက မိုဝူကျီ စကားကို ဖြတ်ပြောလိုက်သည် “ပြီးတော့ ရှင်က ကျမကို မကူညီနိုင်ဘူး။ ဒုတိယအချက်က ကျမ ရှင်နဲ့ အလုပ် အတူတူ တွဲမလုပ်ချင်ဘူး။ ကျမက ကိုယ့်ဘာသာ ကိုယ့်အတွက်ပဲ တူးနိုင်မယ်။ ရှင့်ကို တစ်ခုမှ မပေးနိုင်ဘူး ... ”
မိုဝူကျီက ထိုမိန်းကလေးသည် သူက အခွင့်ကောင်းယူမည်ကို စိုးရိမ်နေကြောင်း သိလိုက်၍ ပြောစရာ ရှာမတွေ့ ဖြစ်သွားမိသည်။ သူ ကမ္ဘာမြေတွင် ရှိစဉ်ကပင် သူက လူအများပေါ် အခွင့်ကောင်း မယူခဲ့ပေ။ ဤသို့သော နေရာမျိုးတွင် သူလို အမျိုးသမီး တစ်ယောက်ဆီမှ ပို၍ပင် အမြတ်မထုတ်သေးပေ။
“တာအိုရောင်းရင်း ကျာချီ ... ကျုပ်က ကျောက်တုံးနက် တစ်ခါမျှ မတူးဖူးတော့ ခင်ဗျား ဘယ်လိုလုပ်လဲဆိုတာ ကြည့်ကြည့်ချင်ရုံပါ။ တကယ်လို့ ကျုပ် ဘာမှ မလုပ်နိုင်ရင် ခင်ဗျားအပေါ် အခွင့်ကောင်း မယူပါဘူး။ ခင်ဗျားက ကျောက်တုံးနက် အသုံးပြုပုံ သိမယ်ဆိုရင် ... ”
မိုဝူကျီ စကားမဆုံးသေးခင် ကျာချီက လက်ကာပြကာ “ကျမလည်း မသိဘူး။ လိုက်မလာပါနဲ့ ... ”
ထို့နောက် သူမက မိုဝူကျီအကြောင်း ဆက်ဂရုမစိုက်တော့ဘဲ မိုင်းတွင်း (စ) အတွင်းအပိုင်းသို့ ဝင်သွားတော့သည်။
သူမ စိတ်ထဲတွင် သရော်မိသည်။ မိုဝူကျီလို လူမျိုး မည်သို့ အသက်ရှည်ဂိုဏ်း ဝင်ရောက်လာနိုင်သည်ကို နားလည်ရန် ခက်သော်လည်း သူမကို အသုံးချလို့ မရမှန်း သိသည်နှင့် သူက သူမကို “တာအိုရောင်းရင်း” ဟုပင် ပြောင်းလဲ ခေါ်ဆိုလိုက်သေးသည်။ သူမက ထိုသို့မျိုး လူစားမျိုးကို အမှန်တကယ် စက်ဆုပ်ရွံရှာဆုံး ဖြစ်သည်။
မိုဝူကျီက ခေါင်းသာ ခါလိုက်တော့သည်။ အစပိုင်းကတည်းမှ ထိုအမျိုးသမီးမှာ မထူးမခြားနား ဆက်ဆံကာ သူက သူမအပေါ် အခွင့်ကောင်း ယူလိမ့်မည်ဟု တွေးတောနေသည်။ သူက ထိုသို့လူစားမျိုးကို နွေးနွေးထွေးထွေး ဆက်ဆံစရာ မလိုပေ။ သူက လော့ချွမ်းဟယ်ကို စီနီယာဟု ခေါ်သော်လည်း ပြန့်ရွမ်းပိကိုတော့ တာအိုရောင်းရင်းဟုသာ ခေါ်ဝေါ်လေ၏။
ထိုသို့သော စီနီယာအစ်မမျိုးကို သူလည်း မလိုချင်ပေ။ သူက သူမကို ထိုသို့ပင် မခေါ်ချင်ပေ။
လူဆယ်ယောက် ပေါ်လာလေ၏။ မိုဝူကျီက ထိုလူများကို မမှတ်မိပေ။ အကြည့်နှင့်တင် ထိုလူများမှာ အသက်ရှည်ဂိုဏ်းမှ မဟုတ်မှန်း သိသာလှသည်။
တွဲဖက်မပါရှိသည့် အတွက် မိုဝူကျီက သူ့ဘာသာ ရှာရုံသာ တတ်နိုင်တော့သည်။ သူက ကျောက်တုံးနက်ကို တစ်ခါမျှ မမြင်တွေ့ဖူးသည့် အတွက် သူက ကျောက်တုံးနက် ဘယ်လိုမှန်းပင် မသိချေ။ သူက စိတ်စွမ်းအား အပေါ် မှီခိုထားရသည်။
နှစ်နာရီအကြာတွင် မိုဝူကျီက ကျောက်တုံးနက်များသည် အဘယ်ကြောင့် ရှာရခက်မှန်း နားလည်သွားတော့သည်။ ဤမြေကား ကျယ်ပြောပြီး အဆုံးမဲ့လှပုံ ပေါ်နေသော်လည်း အနက်ရောင် ကျောက်မြေများနှင့်သာ ပြည့်နေသည်။ သူက စိတ်စွမ်းအား အသုံးပြု၍ ရှာနေလျှင်ပင် ကျောက်တုံးနက်ကဲ့သို့ တစ်ရောင်တည်း ဖြစ်နေသည့် အရာကို ရှာဖို့ရန် အလွယ် ခက်ခဲလှပေသည်။
ထိုအရာက အဓိကအချက် မဟုတ်သေးပေ။ အဓိကအချက်မှာ မိုဝူကျီက မြေနက်အတွင်း သုံးမီတာအထိသာ ထိုးဖောက်နိုင်လေသည်။ သုံးမီတာနောက် အလွန်တွင် သူ့ အသိစိတ် ပင်လယ်အတွင်း နာကျင်မှုကိုသာ ခံစားလိုက်ရသည်။ အကယ်၍ သူက အတင်းကျပ် စိတ်စွမ်းအားကို အသုံးပြုပါက သူ့အသိစိတ်ပင်လယ်က စတင်၍ ပွက်ပွက် ဆူလာပေလိမ့်မည်။ တစ်ခုတည်းသော ကောင်းသည့်အရာမှာ သူက ထိုနည်းလမ်းကို အသုံးပြုပြီး သူ့အသိစိတ်ပင်လယ်ကို ပိုမိုကြီးထွားစေနိုင်ကာ သူ့စိတ်စွမ်းအားကိုလည်း ပို၍ အားကောင်းလာစေနိုင်သည်။
သိုသော်လည်း မိုဝူကျီက ဤနေရာကို သူ့အသိစိတ်ပင်လယ် ချဲ့ရန် ရောက်လာခြင်း မဟုတ်ဘဲ ကျောက်တုံးနက်များကို ရှာရန် ရောက်လာခြင်း ဖြစ်သည်။ သူ့အသိစိတ်ပင်လယ် ကိစ္စသည် စိတ်စွမ်းအားဖြည့် ဆေးလုံးများစွာ လိုအပ်သေး၏။
စိတ်စွမ်းအားဖြည့် ဆေးလုံးက အသိစိတ်ပင်လယ်ကို အားဖြည့် ပေးသော်လည်း အခြေခံအဆင့် စိတ်စွမ်းအား ဆေးလုံးမျှသာ ဖြစ်သည်။ ယခု သူက လောကအင်မော်တယ် အဆင့် ရောက်နေပြီ ဖြစ်၍ အနည်းငယ် အကျိုးသက်ရောက်မှု ရှိလာဖို့ရန် စိတ်စွမ်းအားဖြည့် ဆေးလုံး ဆယ်ချီ၍ လိုအပ်ပေလိမ့်မည်။
တစ်ရက်တာ ကုန်ဆုံး သွားလေ၏။ မိုဝူကျီက ကျောက်တုံးနက်ကို မတူးနိုင်ရုံသာမက ထိုကျောက်တုံးနက်မှာ ဘာနှင့်တူမှန်းပင် မသိသေးချေ။
ဒုတိယမြောက်ရက် နေ့လယ်တွင် မိုဝူကျီက ကျောက်တုံးနက် ရှာရန် လက်လျှော့ လိုက်တော့သည်။ သူက တခြားလူများကို ရှာပြီး ကျောက်တုံးနက် မည်သို့ တူးမည်ကိုသာ ကြည့်ရန် ဆုံးဖြတ် လိုက်လေသည်။
နေ့တစ်ဝက်တာ လှည့်ပတ် သွားလာပြီးနောက် မိုဝူကျီက နောက်ဆုံးတွင် ကျောက်တုံးနက် တူးနေသော လူနှစ်ယောက်ကို မြင်မိ၍ အလျင်အမြန် သွားလိုက်သည်။
ထိုနှစ်ယောက်က မိုဝူကျီ ပြေးလာသည်ကို မြင်သောအခါ သတိထား လိုက်ကြသည်။ မိုင်းတွင်း ခွဲဝေပေးသည့် အချိုးကြောင့် ကျောက်တုံးနက် အတင်းကျပ် လုယူသည့် ကိစ္စမှာ ဖြစ်လေ့ မရှိသော်လည်း ဘယ်တော့မှ မဖြစ်လာကြောင်း ဆိုလိုခြင်းတော့ မဟုတ်ပေ။
“တာအိုရောင်းရင်းတို့ ... ကျုပ်က ဒီကို ရောက်ခါစဆိုတော့ ကျောက်တုံးနက် ဘယ်လိုတူးရမှန်း မသိလို့ပါ။ တာအို ရောင်းရင်းတို့ကများ သင်ပေးနိုင်မလား ...” မိုဝူကျီက လက်နှစ်ဖက် ဆုပ်လျက် ရည်ရည်မွန်မွန် တောင်းဆိုလိုက်သည်။
“ မင်းရဲ့ တွဲဖက်ရော ...”ကျင့်ကြံသူ တစ်ယောက်က ကောက်မေးလိုက်သည်။
မိုဝူကျီက ရှင်းပြလိုက်သည် …
“ကျုပ် တွဲဖက်က ကျုပ်စွမ်းဆောင်ရည် ကန့်သတ်ချက်ရှိတယ် ထင်ပြီးတော့ သူမ ဘာသာ ထွက်သွားပြီ ... ”
ထိုလူနှစ်ယောက်က ထိုကိစ္စကို ထူးဆန်းသည်တော့ မထင်ပေ။ တွဲဖက်က မစွမ်းဆောင်နိုင်မှန်း သိ၍ ကိုယ်တိုင် ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ကြသည့် ကျင့်ကြံသူများလည်း မနည်းပါးချေ။
“ကျောက်တုံးနက်တွေက မြေအောက် သုံးမီတာကနေ မီတာ သုံးဆယ်အတွင်း ရှိတတ်တယ်။ မင်း ပိုနက်အောင် အာရုံခံနိုင်လေလေ မင်းအတွက် ကျောက်တုံးနက် ရှာဖို့ ပိုလွယ်လေလေပဲ။ ပုံမှန် အခြေအနေအောက်မှာ လူတစ်ယောက်က စိတ်စွမ်းအားနဲ့ ကျောက်တုံးနက်ကို ပိတ်ထားပြီးတော့ နောက်တစ်ယောက်က တူးကြတယ် ...” ထိုကျင့်ကြံသူက ဘာကိုမျှ မသိုဝှက်ထားဘဲ ရှင်းပြလိုက်သည်။
“ပိတ်လှောင်ထားဖို့ လိုသေးတာလား” မိုဝူကျီက တအံ့တဩ မေးလိုက်သည်။
မိုဝူကျီကို ပြန်ဖြေသည့် ကျင့်ကြံသူက အားရပါးရ ရယ်မောလိုက်ရင်း …
“ဒါပေါ့ ... ကျောက်တုံးနက်မှာလည်း ကိုယ်ပိုင် ဝိညာဉ်စွမ်းအား ရှိတော့ စိတ်စွမ်းအား တစ်ခုခုက ထိတာနဲ့ ချက်ချင်း ထွက်ပြေးတတ်တယ် ... ”
မိုဝူကျီကို ဖြေပြီးနောက် ထိုနှစ်ယောက်က ထွက်သွားကြသည်။ သူတို့အတွက် မိုဝူကျီလို လူသစ်လေးနှင့် ရင်းနှီးခြင်းက ဘာမျှ အကျိုးမရှိပေ။
မိုဝူကျီက တည်ငြိမ် သွားလေ၏။ သူ ကျောက်တုံးနက် ရှာမတွေ့သည်က အံ့ဩစရာတော့ မဟုတ်ပေ။ သူ့စိတ်စွမ်းအားမှာ မြေအောက် သုံးမီတာအထိသာ ရောက်ရှိနိုင်လေသည်။ အကယ်၍ သူ ကံကောင်းပါက ကျောက်တုံးနက်တချို့ ရှာတွေ့ နိုင်ပေလိမ့်မည်။ သို့သော်လည်း သူက ကျောက်တုံးနက် တွေ့သည်နှင့် အပြေးအလွှား တူးရမည် ဖြစ်သည်။
အကြည့်နှင့်တင် ထိုမြေနက်မှာ အလွန်မာကျောကြောင်း သိနိုင်သည်။ ထိုအတွေးဖြင့် မိုဝူကျီက တျန်းဂျီတုတ်ကို ထုတ်ယူထားကာ တစ်ချက် ဝေ့ယမ်း လိုက်တော့သည်။ မြေလေး အနည်းငယ်သာ တူးနိုင်လေ၏။
ငါ့ကျင့်ကြံဆင့်က အတော်လေး နိမ့်နေတာပဲ ... ဟူး ...
သူ့စိတ်စွမ်းအားမှာ သုံးမီတာသာ ရောက်နိုင်လေသည်။ သူက ထိုကိစ္စကို စိတ်ထဲ မထားသည့် အကြောင်းမှာ ဤနေရာက သူ့စိတ်စွမ်းအားကို လေ့ကျင့် ပေးနိုင်လိမ့်မည်။ သူက ဤနေရာတွင် ဆယ်စုနှစ်အချို့ နေသရွေ့ သူ့စိတ်စွမ်းအားမှာ သိသိသာသာ အားကောင်းလာပြီး သူ့စိတ်စွမ်းအား နယ်ပယ်လည်း ကျယ်ပြန့်လာလိမ့်မည်။
သို့သော်လည်း သူ့တွင် မည်သူမျှ မရှိသည့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေ၍ အားသာချက် ရှိနေသည်။ မိုဝူကျီက သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ထုတ်လွှင့် လိုက်ပြီးနောက် မကြာခင်တွင် အံ့ဩစရာ ကိစ္စတစ်ခုကို သိရှိခဲ့သည်။
သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို သူ့အသိစိတ် ပင်လယ်က မထိန်းချုပ်ထားသည့် အတွက် သူ့စိတ်စွမ်းအားမှာ မြေအောက် ၁၅ မီတာမှ ၁၈ မီတာအထိ ရောက်ရှိနိုင်လေသည်။ ထိုသည်က အစမျှသာ ရှိသေးပြီး နောက်ပြီး ပိုမိုကျွမ်းဝင်လာပါက သူ့စိတ်စွမ်းအားမှာ မီတာ ၃ဝ အထိ ရောက်ရှိ လာနိုင်ပေလိမ့်မည်။
သူ့စိတ်စွမ်းအားကို လေ့ကျင်လျှင်ပင် ထိုမျှ အထိ ရောက်မလာလောက်ပေ။
မိုဝူကျီက ဤနေရာတွင် သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းထဲမှ စိတ်စွမ်းအားကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ကုန်ခန်းလာမှုကို သူ့ အသိစိတ်ပင်လယ်မှ ပြန်လည် ဖြည့်တင်း ပေးနိုင်လိမ့်မည်။ သူက သူ့အသိစိတ် ပင်လယ်မှ စိတ်စွမ်းအားကို တိုက်ရိုက်မသုံးသရွေ့ အဆင်ပြေလိမ့်မည်။
လေးနာရီအတွင်း မိုဝူကျီက ရပ်တန့်လိုက်သည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက ကျောက်တုံးနက် ခြောက်တုံး အတူတကွ ရှိနေသည်ကို အာရုံခံမိသွားသည်။ ထိုကျောက်တုံနက် ခြောက်တုံးမှာ ပတ်ဝန်းကျင် ကျောက်တုံးများ၊ မြေများနှင့် အရောင်အတူတူ ဖြစ်နေသော်လည်း ကျောက်တုံးနက် ဖြစ်ကြောင်း သေချာသည်။ သူက ကျောက်တုံးနက်ကို တစ်ခါမျှ မကိုင်တွယ်ဖူး သော်လည်း ယခင်က သူ့စိတ်စွမ်းအားနှင့် ထိတွေ့ဖူးလေသည်။
ထိုကျောက်တုံးနက် ခြောက်တုံးမှာ မြေအောက် ကိုးမီတာလောက် နက်ပေ၏။ မိုဝူကျီ စိတ်စွမ်းအားက သူတို့အပေါ် ကျရောက်သွားသည့် အခါ သူတို့က စတင်၍ တုန်ခါလာကြသည်။ သူက စိတ်စွမ်းအားကို ပြန်မရုပ်သိမ်းချေ။ သူက ထိုသို့ လုပ်လိုက်ပါက ကျောက်တုံးနက် ခြောက်တုံးလုံး ထွက်ပြေးသွားမည်ကို စိုးရိမ်မိ၍ ဖြစ်သည်။
***