← Chapters

လူဝင်စားများ၏တာဝန်

Vol. 40 Ch. 555

လူဝင်စားများ၏တာဝန်

Vol. 40 Ch. 555

ဘန်း ဘန်း ဘန်း..

နေရာလွှတ်အတွင်း အားကောင်းသည့် ထိပ်တုက်ရင်ဆိုင် တိုက်ခိုက်သံများ ထွက်ပေါ်နေသည်။ ကံကောင်းစွာဖြင့် လျှို့ဝှက်ဆန်းကျယ် စွမ်းအားတစ်ခုက တိုက်ကွက်များအား ပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်းမှ ကာကွယ်ပေးထား၏။ မိနစ်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် တိုက်ပွဲက ရပ်တန့်သွားသည်။

ဝမ်ဝူချန်က လူငယ်လေးအား ကြည့်ကာ သက်ပြင်းချလိုက်ပြီး

“မင်းက အဆင့်(၂) တာအိုဘိုးဘေးရဲ့ ခွန်အား ရှိနေတာပဲ”

ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက်  “ကျွန်တော့်ကို အဆင့်တစ်ခုချင်းစီရဲ့ စွမ်းအားကို ပြလို့ ရမလား”

ဝမ်ဝူချန်က လက်ဝေ့လိုက်သည့်အခါ သူ့ရှေ့တွင် ဧရာမလက်ကြီးတစ်ခု ထွက်ပေါ်လာသည်။

“မင်း ဘာကို ခံစားရလဲ”

“ကျွန်တော် တိုက်ကွက်ငါးခုအထိတော့ မခံနိုင်လောက်ဘူးလို့ ခံစားရတယ်”

“အဆင့်(၃) တာအိုဘိုးဘေး အများစုက အဆင့်(၂)တွေကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ်။ မင်းက တစ်ကြိမ်ထက် ပိုပြီးတော့ အသက်ရှင်နိုင်တယ်ဆိုတော့ မင်းရဲ့စည်းမျဉ်းနဲ့ မင်း ခုခံကာကွယ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေလို့ပဲ”

ဝမ်ဝူချန်က နောက်ထပ် တိုက်ကွက်တစ်ခုကို အသုံးပြုလိုက်သော်လည်း ပိုမိုအားကောင်းလေသည်။

“ဒါက အဆင့်(၄)ပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက တိုက်ကွက်တစ်ခုပင် အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင် ဝမ်ဝူချန်က အဆင့်(၅) တာအိုဘိုးဘေး၏ စွမ်းအားကို ထုတ်ပြလိုက်၏။

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်မိသည်။

“မင်းက အဆင့်တစ်ခုချင်းစီရဲ့ ကွာဟချက်ကို သိထားသင့်တယ်။ အထူးသဖြင့် အဆင့်(၅)ပေါ့။ မဟာတာအိုအရင်းအမြစ် ၄ ရာခိုင်နှုန်းနဲ့ ၄.၉ ရာခိုင်နှုန်းကြားက ကွာဟချက်က အတော်လေး ကြီးမားတယ်”

“ကျွန်တော် နားလည်ပါပြီ”

ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ ဤဗဟုသုတဖြင့် သူသည် စွမ်းအားကို အကဲဖြတ်ဖို့ နည်းလမ်းကောင်းကောင်း ရှိလာလေသည်။ သူ့ တွက်ချက်မှုအရ သူဘာမှ မလုပ်လျှင်ပင် နဝမအဆုံးစွန် တာအိုအုတ်မြစ်ကို ပြီးမြောက်သွားသည်နှင့် သူ့အင်အားသည် အဆင့်(၄) တာအိုဘိုးဘေးအဆင့် ရောက်ရှိသွားလိမ့်မည်။ တိထျန်းကမူ အဆင့်(၅) ဖြစ်ဖို့များ၏။

ကံကြမ္မာနန်းဆောင်နဲ့ ကံကြမ္မာ လူဝင်စားတို့က ငါ့ကို နောက်ဆုံး တိုးတက်မှု ဖြစ်လာစေဖို့ မျှော်လင့်ရမှာပဲ။ မဟုတ်ရင်တော့ ငါ တခြားနည်းလမ်းကို ရှာရတော့မယ်…

“ကုန်သွယ်ရေး ဗဟိုချက်ကရော ဘယ်လို အခြေအနေ ရှိလဲ”

“အရိပ်တစ်က စုံစမ်းစစ်ဆေးပြီးသွားပြီ။ ငါတို့တွေ လိုအပ်လာတဲ့အခါ ငါတို့ အဲဒီမှာ ဈေးဆိုင်တည်လိုက်ရုံပဲ။ မင်း တစ်ခုခု စိုးရိမ်နေတာ ရှိလို့လား”

“မူလိန်က ထုံရို့ပင်းကို မျက်စိကျနေတဲ့ပုံပဲ။ သူက ကျွန်တော်တို့ကြားက စီးပွားရေးကို ဖျက်သိမ်းပြီးတော့ မဟာအဆောင်မြို့တော်နဲ့ မဟာမိတ်ဖွဲ့သွားမှာကို စိုးမိတယ်”

“သူက ကိုယ်ပိုင်ခံစားချက်ကို ရှေ့တန်းတင်တတ်တဲ့သူမျိုးနဲ့တော့ မတူပါဘူး”

“သူ့ကို အဲလို သုံးသပ်ရဖို့အထိကို ဘာကြောင်းမှ မသိသေးဘူးလေ”

“ကြယ်တာရာသားရဲကမ္ဘာက တစ်ယောက်ယောက်ကို ကုန်သွယ်ရေးဗဟိုချက်မှာ ငါတို့အတွက် ဝင်ပါခိုင်းတာက ကိစ္စတွေကို ပိုမိုချောမွေ့သွားစေတယ်။ ဒါပေမဲ့ အရေးကြီးလာရင် သူတို့ကို မှီခိုနေဖို့တော့ မလိုဘူး”

ကုန်သွယ်ရေးဗဟိုချက်က သူ့အစီအစဉ်အတွက် အရေးပါလေ၏။ ထို့ကြောင့် သူက နောင်အနာဂတ်အတွက် အစီအစဉ်များကို စတင်လုပ်ဖို့ရာ လိုအပ်နေလေပြီ။ ဘိုးဘေးဝမ်ဝူချန်နှင့် စကားပြောပြီးနောက်တွင် သူက နဂါးဦးသျှောင်ချီအား ပေးလိုက်ပြီးနောက် သူ့အခန်းအတွင်းသို့ ဝင်ရောက်သွားသည်။ ဝမ်ဝူချန်က ထိုထူးကဲသည့် စွမ်းအားကို အသုံးပြုနိုင်ရန်အတွက် တစ်စုံတစ်ယောက်ကို ရှာဖွေဖို့ တာဝန်ယူထားသည်။

ဝမ်ဝေ့အတွက်မူ သူက အားလုံးကို စောင့်ကြည့်နေသည့် အစီအရင် အဖျက်ကောင်အား အသက်သွင်းလိုက်၏။ သူက အသစ်တစ်စုံတစ်ခု ရမလားဟု သိချင်မိသည်။ သို့သော် သူက ပြီးမြောက်သွားပြီးသည့်နောက်တွင် တစ်စုံတစ်ခု မေ့လျော့သွားသလို ခံစားလိုက်ရ၏။

ဝမ်ဝေ့က ချက်ချင်းဆိုသလို သတိတကြီး ဖြစ်လာကာ ပြဿနာတစ်ခုခု ရှိမည်မှန်း သိလိုက်သည်။ အဖျက်ကောင် မှတ်တမ်းတင်ထားသည့် ပါဝင်ယှဉ်ပြိုင်သူများကို အပြန်ပြန် အလှန်လှန် ကြည့်လိုက်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူက ဘိုးဘေး ဝမ်ဝူချန်အား စစ်ဆေးကြည့်ခိုင်းခဲ့သော်လည်း သူကလည်း ဘာမှ မတွေ့ခဲ့ရပေ။

သူက မျက်လုံးမှိတ်ကာ စံပြဝိညာဉ်ကို သက်ရောက်မှုအပြည့် အသက်သွင်းလိုက်သည်။ သူက ခေတ္တမျှ ဖမ်းဆုပ်မိလိုက်သော်လည်း မမှတ်မိတော့ပေ။ ဝမ်ဝေ့က တစ်ချိန်လုံး သတိကြီးကြီးထားဖို့ ဆုံးဖြတ်ထားလေသည်။ သူက ထိုမူမမှန်မှု၏ အကြောင်းအရင်းကို သိထားသော်လည်း သတိထားသည်က ပို၍ကောင်းပေသည်။

ထို့နောက်တွင် ဝမ်ဝေ့က ဝိညာဉ်စစ်ဆေးမှုမှ ရရှိလာသည့် ဆုလာဘ်ကို အသုံးပြုလိုက်သည်။ ထိုအရာက ခန္ဓာကိုယ်စစ်ဆေးမှုတွင် ရရှိထားသည့် ထူးကဲစွမ်းအား ဖြစ်၏။ ထိုအရာဖြင့် သူသည် ဆုံမှတ် ၅သိန်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်က ကမ္ဘာဦးနဂါး ၂၃ကောင် ခွန်အားအဖြစ် တိုးပွားသွားပြီး သူ့ပင်မခန္ဓာကိုယ်က ပွင့်ချပ်နှစ်လွှာ ထာဝရအရှင်တစ်ယောက်၏ တိုက်ပွဲစွမ်းရည် ရှိနေလေပြီ။

ခွန်အားအစစ်အမှန် တာအိုရဲ့ တိုးတက်လာမှုက ငါ ထင်ထားတာထက် နည်းနေတာပဲ…

သူက ပိုမိုမြင့်မားသည့် အဆင့်များကို စိန်ခေါ်ရမည်မှန်း သိထားသော်လည်း တိုးပွားလာမှုက ဤမျှလောက် ပြင်းထန်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သို့သော်လည်း မည်သူကမှ ဒိုင်မေးရှင်းအနိမ့်တွင် ဂိမ်ပေါက်ကို မဖွင့်လှစ်ခဲ့ဖူးကြောင်း စဉ်းစားမိပြီးသည့်နောက် ခွန်အားအစစ်အမှန် တာအို ကျင့်ကြံရေးသည် နာမည်ကျော်ကြားနေသည်မှာ အဓိပ္ပာယ်ရှိမှန်း သဘောပေါက်သွားသည်။

မည်သို့ပင် ဆိုစေကာမူ အခက်အခဲက သူ့အား ပိုမို စိတ်လှုပ်ရှားလာစေ၏။ စိတ်မပျက်ဖို့ရာ မျှော်လင့်ထားမိသည်။

နောက်ဆုံးတွင် ဝမ်ဝေ့က သူ့လူဝင်စားများနှင့် တာဝန်များကို သွားရောက်စစ်ဆေးခဲ့၏။ သူက ကာလံဒေသံ လူဝင်စားကို မစစ်ဆေးခဲ့သည်မှာ ထိုလူက ကံကြမ္မာမြစ်ကြောင်း၏ ဟာကွက်များကို အသုံးပြုကာ အပြိုင်အချိန်စက်ဝန်းများကို စူးစမ်းရှာဖွေရာတွင် အောင်မြင်သွားပြီး ဖြစ်၍ ဖြစ်သည်။

ထို့ကြောင့် ပထမဦးစွာ လွတ်လပ်ခွင့် လူဝင်စားကို စစ်ဆေးကြည့်လိုက်သည်။ ထိုလူဝင်စား၏ တာဝန်က မဟာကမ္ဘာ၏ ကံကြမ္မာမြစ်ကြောင်းကို ဖယ်ရှားပြီး ကျင့်ကြံသူနှင့် သေမျိုးများအား အကြွင်းမဲ့ လွတ်လပ်ခွင့်ကို ပေးဖို့ရာ ဖြစ်၏။

“ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ငါ အခု လုံးဝ ကောင်းသွားပြီ”

မဟာကမ္ဘာမှ ကံကြမ္မာမြစ်ကြောင်းကို ဖယ်ရှားပြီးသည့်နောက်တွင် စည်းပိတ်ထားသည့် ကောင်းကင်တာအိုသည် သူတို့အပေါ် နတ်ဘုရားပြစ်ဒဏ်မိုးကြိုး ထုတ်လွှင့်နိုင်လာမည့် နည်းလမ်း ရှိလိမ့်မည်ဟု ထင်မထားမိကြခြင်း ဖြစ်၏။ ကံကောင်းစွာဖြင့် လွတ်လပ်ခွင့် လူဝင်စားသည် တခြားလူဝင်စားများ၏ စွမ်းအားကို ငှားယူကာ အသက်ရှင်သန်နိုင်ခဲ့သည်။

“အဲဆိုတော့ လွတ်လပ်ခွင့်ကို ပေးပြီးသွားတဲ့နောက်မှာ ကမ္ဘာက ဘယ်လိုဖြစ်သွားပြီလဲ”

“သူတို့က အတူတူပါပဲ”

လူဝင်စားက ပြန်ဖြေလိုက်ပြီးသည့်နောက် တစ်ကမ္ဘာလုံးအား နတ်ဘုရားက ပရွက်ဆိတ်များကို ကြည့်နေသကဲ့သို့ ကြည့်လိုက်သည်။

“သေမျိုးတွေက ဘာမှ မပြောင်းလဲသလိုမျိုး သူတို့ရဲ့ နေ့စဉ်ဘဝကို ဆက်လက်နေထိုင်ကြတယ်။ တစ်ခုတည်းသော ကွဲပြားချက်က သူတို့ရဲ့ ကံကြမ္မာက သတ်မှတ်ပေးလို့ မဟုတ်ဘဲနဲ့ သူတို့ဘာသာ သူတို့ လုပ်ဆောင်နေကြတာပဲ။ အသိဉာဏ်ရှိတဲ့သူတွေကတော့ သူတို့ရဲ့ယခင်ဘဝတွေက မွေးကတည်းက သတ်မှတ်ပေးခံထားရကြောင်း သဘောပေါက်သွားကြတဲ့အခါ အရှုပ်အထွေးကြား ကျရောက်သွားကြတယ်။ တချို့ကတော့ သူတို့ရဲ့ အသစ်ရှာဖွေတွေ့ရှိတဲ့ လွတ်လပ်ခွင့်ကြောင့် ရည်မှန်းချက် ပျောက်ဆုံးသွားကြတယ်”

ဝမ်ဝေ့က သူ့လိုမျိုး တူညီစွာဖြင့် တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။

“ကံကြမ္မာရဲ့ ထိန်းချုပ်မှု မရှိဘဲ အားလုံးက အခု ကျင့်ကြံဖို့ ပါရမီ ရှိလာကြတယ်။ ၉၉ ရာခိုင်နှုန်းက ပါရမီနိမ့်ကျပေမဲ့ ပါရမီတော့ ရှိနေကြတုန်းပဲ။ အဲဒါကြောင့် သူတို့ကို သူတို့အားလုံးဆီ ကျင့်စဉ် ဖြန့်ဝေပေးထားတယ်။ ကံဆိုးတာက သူတို့တွေက နှေးကွေးတဲ့ တိုးတက်မှုကြောင့် လက်လျော့လိုက်ကြတယ်လေ။ ဒီလွတ်လပ်ခွင့် အခွင့်အရေးကို ယူတဲ့သူတွေက နည်းပါးတယ်”

“အဲဆိုတော့ ကျင့်ကြံသူတွေကရော..”

“သူတို့လား သူတို့ကတော့ ပြောင်းလဲသွားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူတို့တွေက မပြောင်းလဲဘူးလို့လည်း ပြောလို့ ရပြန်တယ်။ သူတို့ကို ချုပ်နှောင်ထားမဲ့ ကံကြမ္မာဖြစ်ရပ်တွေ မရှိတော့ သူတို့တွေက ထိန်းချုပ်မှု ကင်းလွှတ်လာတယ်။ သူတို့တွေက စည်းမျဉ်းတွေ၊ စည်းကမ်းတွေကို မလိုက်နာကြတော့ဘဲ ကမ္ဘာကြီးကို အရှုပ်အထွေး ဖြစ်အောင် ပြောင်းလဲပစ်နေတယ်။

လူတစ်ယောက်က ကံကြမ္မာနေရာကို အစားထိုးဖို့ စွဲလမ်းလာပြီးတော့ တစ်ကမ္ဘာလုံးကို ကျွန်ပြုချင်တဲ့ ဇာတ်လမ်းတောင် စလာခဲ့သေးတယ်။ ကျင့်ကြံသူ တော်တော်များများက သူ့နောက်ကို လိုက်ကြတယ်”

“သူတို့က အခု လွတ်လပ်သွားပြီ ဆိုတော့ တခြားသူတွေရဲ့ လွတ်လပ်ခွင့်ကို လိုချင်တယ် ဆိုတဲ့ သဘောလား”

ဝမ်ဝေ့က ခေါင်းယမ်းရင်း ပြောလိုက်သည်။ သူက ထိုရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်၏။ အကြောင်းမှာ ကျင့်ကြံသူတွေက အကျင့်ပါနေပြီ မဟုတ်ပါလော။

ကမ္ဘာအများစုတွင် ကိစ္စများက ပြောင်းလဲခဲ၏။ ကျင့်ကြံသူတစ်ယောက်၏ ရှည်ကြာလှသည့် သက်တမ်းသည် သူတို့အား အသိစိတ်ရှိအောင် ရှေးရိုးဆန်အောင် ပြုလုပ်နေဆဲသာ ဖြစ်ပေသည်။

“ကံကြမ္မာမြစ်ကြောင်းရဲ့ တည်ရှိမှုက လိုအပ်တယ်လို့ စပြီးတော့ တွေးလာမိတယ်။ အဲဒါ မပါတော့ လူတော်တော်များများက လမ်းပျောက်သွားတဲ့ပုံပဲ”

“အဲလို ဖြစ်နိုင်ပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ကောင်းပြီ ငါ တခြားသူတွေကို သွားပြီး စစ်ဆေးကြည့်လိုက်အုံးမယ်”

ထို့နောက် သူက အလွှာကူးပြောင်း အစီအရင်ဖြင့် ယင်ယန်လူဝင်စားဆီ သွားရောက်လိုက်သည်။ ထိုလူဝင်စားက တခြားသူများနှင့် အနည်းငယ် ကွဲပြားလေ၏။ သူက အနက်ရောင်နှင့် အဖြူရောင်ဆံပင်ရှိကာ မိန်းမဆန်သည့်ဘက်ကို ပို၍ သွားသည်။

ယေဘူယျအားဖြင့် သူသည် တခြားသူများထက် ပို၍ ခန့်ညားသော်လည်း လူတစ်ဦးချင်းစီ၏ အကြိုက်ပေါ် မူတည်လိမ့်မည်။

“မင်း တစ်ခုခု ပြောချင်လို့လား မင်း ပြောချင်တယ်ဆိုတာကို ငါ သိတယ်”

“ငါ ဘာမှမပြောချင်ပါဘူး”

ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက ယင်ယန်လူဝင်စားကို ကြည့်ပြီးတော့ မရယ်ဖို့ရာသာ ကြိုးစားနေရ၏။ ယင်ယန်လူဝင်စားကမူ အေးစက်စက် သရော်ကာ ထိုလူအား လျစ်လျူရှုထားဖို့သာ ဆုံးဖြတ်လိုက်သည်။

ဝမ်ဝေ့က ထိုလူ၏ အတွေ့အကြုံများကို ပြန်လည် သုံးသပ်လိုက်၏။ ယန်လူဝင်စားက နတ်ဆိုးလူဝင်စား ဖြစ်လာခဲ့သည်။ ဝါးမျိုခြင်းနည်းစနစ်ဖြင့် သူက ပါရမီကင်းမဲ့မှုကို တခြားသူများကို ဝါးမျိုခြင်းဖြင့် ဟာကွက်ကို ဖြည့်ဆည်းခဲ့သည်။ သူ အားကောင်းလာသည့်အခါ သူ စိတ်ကျေနပ်ရာကို လုပ်သည့် အာဏာရှင်တစ်ယောက် ဖြစ်လာပြီး အပြစ်ကြွေးများ ဆိုးဝါးသည့် ကံကြွေးများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုစဉ် ယင်လူဝင်စားကမူ ဆန့်ကျင်ဘက် ဖြစ်၏။ သူမက လူများစွာကို ကယ်တင်ခဲ့ပြီး သူမ အိပ်မက်မက်သည့် ရက်ရောတတ်သော လူတစ်ယောက် ဖြစ်လာခဲ့သည်။ ယောက်ျားသား တစ်ယောက် ဖြစ်လာဖို့ သူ့ ရည်မှန်းချက်အတွက်မူ တစ်စိတ်တစ်ပိုင်အားဖြင့် အောင်မြင်ခဲ့လေသည်။

ယင်လူဝင်စားက အကြွင်းမဲ့ယင်၏ သန္ဓေသားလောင်း ဖြစ်သည့်အတွက် ယင်ကနေ ယန်ကို ပြောင်းလဲဖို့ နည်းလမ်းကို ဖန်တီးခဲ့ပြီး ယောက်ျားသားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ကံဆိုးစွာဖြင့် ထိုကူးပြောင်းမှုက ယာယီမျှသာ ဖြစ်၏။ သူမက အားကောင်းလေလေ အမျိုးသားဖြစ်သည့်အချိန်က ပိုမိုနည်းပါးလာလေလေ ဖြစ်သည်။ နောက်ဆုံးတွင် သူမက လိင်အမျိုးအစားကို လက်ခံလိုက်ရသည်။

လူဝင်စားနှစ်ယောက်က ထိပ်တိုက် တွေ့ဆုံကြရသည်။ သူတို့ထိပ်တိုက်ပွဲက ကမ္ဘာကို အလင်းနှင့်အမှောင်နယ်မြေဟူ၍ နှစ်ပိုင်း ခွဲခြားခဲ့ပြီး ကမ္ဘာ၏ အခြေခံတည်ဆောက်ပုံကို ပြောင်းလဲခဲ့၏။

အလင်းနယ်မြေက လှပကာ လူများက ပျော်ရွှင်ကြပြီး နေရာကောင်းတစ်ခု ဖြစ်ပေသည်။ တစ်ခုတည်းသော ဆိုးချက်က အမြဲတမ်း နေ့ ဖြစ်နေခြင်း ဖြစ်ပြီး နေမင်းက တောက်ပနေကော ညအခါဟူ၍ မရှိပေ။ ယင်လူဝင်စားက ည၏ ပုံရိပ်ယောင်ကို ဖန်တီးဖို့ သီးသန့်အစီအရင်တချို့ကို ထုတ်သုံးထားရသည်။

အမှောင်နယ်မြေအတွက်မူ ဆန့်ကျင်ဘက် ဖြစ်၏။ ရက်စက်ကာ နတ်ဆိုးဆန်သော ကျင့်ကြံသူများက ဖျက်ဆီးခြင်းနှင့်အတူ အုပ်ချုပ်လေသည်။ ထိုနေရာက လ အမြဲတောက်ပနေလေ့ ရှိသည်။

လူဝင်စားက အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် မမျှော်လင့်ထားသည့် ပေါင်းစပ်မှုကို ဖြစ်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့် ဝင်ရောက်နိုင်မည့် ဒဏ္ဍာရီလာ တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရသည်။

“အရာအားလုံးက အဆင်ပြေပြေ ချောမွေ့နေတာပဲ”

ဝမ်ဝေ့က ပြောလိုက်သည်။ သူ့တာအို နှလုံးသားက လူဝင်စားများ၏ နောက်ဆုံးပေါင်းစပ်ပြီးသည့် အတွေ့အကြုံကို ခံစားပြီးသည့်နောက်တွင် ပိုမိုသိမ်မွေ့သွားသလို ခံစားမိလိုက်၏။

ထို့နောက် သူက ကံကောင်းမှု လူဝင်စားကို စစ်ဆေးကြည့်ဖို့ ထွက်လာခဲ့လိုက်သည်။

***

All Chapters