နက်ရှိုင်းလွန်းပေသည်
Vol. 30 Ch. 405
မိုဝူကျီက ထိုကျောက်တုံးနက် ခြောက်တုံးကို စိတ်စွမ်းအားဖြင့် အာရုံခံကြည့်ပြီးနောက် တျန်းဂျီတုတ်ကို မြန်မြန် ထုတ်ကာ စတင် တူးလိုက်တော့သည်။
တျန်းဂျီတုတ်က တူးဖို့ရာအတွက် မသင့်တော်သည့်အပြင် ဤမြေနက်မှာ မာကျောနေသည့် အချက်ပါ ထည့်တွက်လိုက်သည့်အခါ မိုဝူကျီက ထိုမြေနက်ကို တူးဖို့ရာ သူ့တျန်းဂျီတုတ်၌ လျှပ်စီးများ စုစည်းလိုက်ရသည်။
“ဘုန်း ဘုန်း” တျန်းဂျီတုတ်ကို လျှပ်စီးဓားအကူဖြင့် နှစ်ချက် တူးပြီးနောက် သုံးဆယ်စင်တီမီတာ လောက်သာ ရှိသည့် အပေါက်လေးသာ ဖြစ်လာသည်။
မိုဝူကျီက ထိုမြေနက်မှာ မည်မှျ တူးရခက်ကြောင်း သိသွားလေသည်။ သူက ထိုမျှ အပေါက်လေး တူးနိုင်သည်ကိုက ကံကောင်းလှပေသည်။ သူသာ ဆက်တူးနေသရွေ့ ကိုးမီတာက ဖြည်းဖြည်းချင်း ရောက်လာလိမ့်မည်။
မိုဝူကျီ၏ သဘာဝ စွမ်းအားများမှာ ပြည့်လျှံနေပြီး သူ့တွင် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်း ခုနစ်ခုပင် ရှိနေသေးသည်။ သူက ဆက်တိုက် တူးနေပြီး နားဖို့ရာ မလိုအပ်ပေ။
တစ်နေရာတည်းကို ဆက်တိုက် တူးနေပြီးနောက် မြေနက်နှင့် ကျောက်စများမှာ ဆက်တိုက်ဆိုသလို လွှင့်ထွက်လာသည်။ တစ်ရက်တာ တူးပြီးနောက် မိုဝူကျီက ကိုးမီတာအထိ နက်သည့် အတွင်း တူးနိုင်ခဲ့လေပြီ။
သူ့တျန်းဂျီတုတ်ကို သဘာဝစွမ်းအား အနည်းငယ်နှင့် ဝေ့ယမ်းလိုက်သည့်အခါ ကျောက်တုံးနက်အချို့မှာ လေထဲ ဝဲပျံလာကြသည်။ မိုဝူကျီက ထိုကျောက်တုံးနက်များ မြေပေါ် ကျရောက်သည့်အထိ စောင့်မနေဘဲ လက်တစ်ချက် အဝှေ့ဖြင့် သူ့နောက်ကျောမှ ခြင်းတောင်းအတွင်း ကျရောက်လာသည်။
မိုဝူကျီက ခြင်းတောင်းကို သူ့ရှေ့ယူကြည့်လိုက်ပြီး ကျောက်တုံးနက်ကို စစ်ဆေးကြည့်လိုက်သည့် အခါ အံ့ဩတကြီး ဖြစ်မိသွားသည်။ ယခုလေးပင် သူက ကျောက်တုံးနက် ခြောက်တုံး တွေ့ခဲ့သော်လည်း တစ်တုံးက ရုတ်တရက် ဘာကြောင့် ပျောက်ဆုံး သွားရတာလဲ။
ကျောက်တုံးနက်များမှာ သူတို့ဘာသာ လွတ်မြောက်နိုင်စွမ်း ရှိကြသည်။ သူက စိတ်စွမ်းအားဖြင့် ထိုကျောက်တုံးနက် များကို သေချာ ပိတ်ထားသော်လည်း တစ်တုံးက သူမသိဘဲ ထွက်ပြေးသွားဆဲ ဖြစ်သည်။ ထိုကျောက်တုံးနက်များကို တူးဖော်ရန် လူနှစ်ယောက် လိုအပ်သည်က အံ့ဩစရာတော့ မဟုတ်ချေ။ တစ်ယောက်က စိတ်စွမ်းအားသုံး၍ ပိတ်လှောင်ထားစဉ် နောက်တစ်ယောက်က တူးယူရမည် ဖြစ်သည်။ အကယ်၍ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားသာ အားမကောင်းနေလျှင် သူ့အတွက် ကျောက်တုံးနက် တူးဖော်ဖို့ရာ အလွန် ခက်ခဲပေလိမ့်မည်။
ကျာချီက သူမဘာသာ ထွက်သွားသည့် အတွက် သူမ၌ ကိုယ်ပိုင်လုပ်ကွက်တော့ ရှိရမည်။
သို့သော်လည်း မိုဝူကျီက များများ မတွေးတော့ပေ။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းဖြင့် သူ့အတွက် ကျောက်တုံးနက်ကို ရှာဖို့ရာ အတော်လေး လွယ်ကူသွားပြီ ဖြစ်၏။ တစ်ခုတည်းသော ပြဿနာမှာ ကျောက်တုံးနက် တူးရခက်သည့် အကြောင်း ဖြစ်သည်။ သူ့တျန်းဂျီတုတ်မှာ တူးဖို့ရာ မသင့်တော်ပေ။ သူ့လျှပ်စီးဖြင့် ကူထားလျှင်ပင် ထိုကျောက်တုံးနက် ရဖို့ရာ တစ်ရက်လုံးလုံး တူးရ၏။
ယခု မိုဝူကျီက ကျောက်တုံးနက် တူးသည့် အတွေ့အကြုံရှိသွားပြီ ဖြစ်သော်လည်း တူးဖို့ရာ သင့်တော်မည့် ဝိညာဉ်ပစ္စည်း တစ်ခုတော့ ရွေးချယ်သင့်ကြောင်း ခံစားနေရသည်။
သူ့ခြင်းတောင်အတွင်းမှ ကျောက်တုံးနက် တစ်တုံးကို ကောက်ယူလိုက်သည့် အခါ ထိုကျောက်တုံးနက်မှာ လက်သီးအရွယ်လောက် ရှိကြောင်း သိလိုက်သည်။ သူက လက်ထဲ ကိုင်ထားလိုက်သည့်အခါ ကျောက်စိမ်းကဲ့သို့ နွေးထွေးနေပြီး ချောမွတ်ကာ သက်သောင့်သက်သာ ဖြစ်စေသည့် ခံစားချက် တချို့ ပေးစွမ်းနေလေသည်။ သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါ ထိုအတွင်း စွမ်းအားအချို့ကို ခံစားမိလိုက်သည်။ သို့သော်လည်း သူက ထိုစွမ်းအားမှာ ဘယ်အရာဖြစ်ကြောင်း မခွဲခြားနိုင်ပေ။
မိုဝူကျီက ကျောက်တုံးနက်ကို သူ့သိုလှောင်လက်စွပ်ထဲ ထည့်ဖို့ ကြိုးစားကြည့်လိုက်သည်။ သို့သော်လည်း သူ့စိတ်စွမ်းအားက ထည့်ဖို့ရာ မည်မျှ ကြိုးစားစေကာမူ သူ့လက်ထဲရှိ ကျောက်တုံးနက်က လုံးဝ မရွေ့ပေ။
မိုဝူကျီက ခေါင်းကိုခါကာ ကျောက်တုံးနက်ကို ခြင်းတောင်းထဲသာ ပစ်ထည့်လိုက်တော့သည်။ ထိုကျောက်တုံးနက်များကို သိုလှောင်လက်စွပ်ထဲ မထည့်နိုင်မှန်း သိသာလှသည်။ သို့မဟုတ် သူ့သိုလှောင်လက်စွပ်က အဆင့်အရမ်းနိမ့်နေခြင်း ဖြစ်နိုင်သည်။
ခြင်းတောင်းကို အဖုံးဖြင့် ဖုံးပြီးနောက် မိုဝူကျီက ထိပ်သီးတပိုင်း အဆင့် ဝိညာဉ်လှံကို ထုတ်ယူလိုက်သည်။ သူသာ သေချာမှတ်မိပါက ထိုလှံမှာ ဟူဗာဆီမှ ဖြစ်ပေသည်။ မိုဝူကျီက မသုံးသောကြောင့် ဂရုမမူမိခြင်း ဖြစ်သည်။ သို့သော်လည်း ကျောက်တုံးနက်များကို တူးဖော်ရာအတွက် လှံကို သုံးခြင်းက ပိုမို သင့်တော်ပေသည်။ သူက ပစ္စည်းများ မည်သို့ ပြုလုပ်ရသည်ကို မသိသည်က ကံဆိုးလှပေသည်။ မဟုတ်လျှင် သူကိုယ်သူ ဂေါ်ပြား တစ်ခုလောက်တော့ လုပ်နိုင်လိမ့်မည်။
လှံကို သန့်စင်ပြီးနောက် မိုဝူကျီက ကျောက်တုံးနက်ကို ဆက်ရှာလိုက်သည်။ ထိုကျောက်တုံးနက်များကို စိတ်စွမ်းအင် ကျောက်တုံး အချောများဖြင့် လဲလှယ်နိုင်လေသည်။ သူ လိုအပ်နေသည်က စိတ်စွမ်းအင် ကျောက်တုံး အချောများသာ ဖြစ်၏။
လေးရက်မြောက်နေ့တွင် မိုဝူကျီက နောက်ထပ် ကျောက်တုံးနက်ကို ထပ်တွေ့လိုက်ရသည်။ ထိုကျောက်တုံးနက်မှာ ကိုးမီတာအနက် ရှိနေလေသည်။ တစ်ရက်လုံးလုံး ကုန်ဆုံးပြီးနောက် ငါးရက်မြောက်နေ့ နေ့လယ်ပိုင်းတွင် သူက ထိုကျောက်တုံးနက်ကို တူးယူ၍ ခြင်းတောင်းထဲ ထည့်နိုင်ခဲ့သည်။
ထိုအရာက မိုဝူကျီကို ကူကယ်ရာမဲ့ ခံစားရစေသည်။ တူညီသည့် ကြိုးစားမှုအတွက် ကျောက်တုံးနက် နည်းနည်းသာ ရရှိခဲ့သည်။ သူက ကျောက်တုံးနက် များများ ရရှိဖို့ရာ အလိုရှိလျှင် ကျောက်တုံးနက်များ စုစည်းနေသည့် နေရာကို ရှာရန် လိုအပ်ပေသည်။
ငါးရက်တာ ကုန်ဆုံးသွားပြီ ဖြစ်၍ သူက ကျောက်တုံးနက် ထပ်တွေ့လျှင်ပင် တူးယူရန် အချိန် မရှိတော့ချေ။
မိုဝူကျီက ခြင်းတောင်းကို ကောက်ယူပြီး အိတ်ထဲ ထည့်လိုက်သည်။ သူက ထွက်သွားတော့မည့် ဆဲဆဲတွင် သူ့အာရုံကို ဖမ်းစားသွားသည့် သဘာဝစွမ်းအား ပေါက်ကွဲသံကို ကြားလိုက်ရသည်။ မိုဝူကျီက စိတ်စွမ်းအား လွှင့်ထုတ်၍ အာရုံခံကြည့်လိုက်သည့် အခါ ရင်းနှီးနေသည့် မျက်နှာကို တွေ့လိုက်ရသည်။
ကျာချီက ကျင့်ကြံသူ တစ်ယောက်နှင့် တိုက်ခိုက်နေပြီး နောက်ကျင့်ကြံသူ တစ်ယောက်က ဘေးတွင် လေ့လာနေလေ၏။
မိုဝူကျီက ထိုတိုက်ပွဲမှာ ကျောက်တုံးနက်ကြောင့် ဖြစ်မည်မှန်း ခန့်မှန်းမိသည်။ သူလည်း ထိုနေရာတွင် ကျောက်တုံး မည်မျှ ရှိနေကြောင်း သိချင်မိသည်။ အမျိုးသား တစ်ယောက် ဖြစ်နေပါက ထိုတိုက်ပွဲတွင် ပါဝင်မိလိမ့်မည်။
မိုဝူကျီ ရောက်လာသည်ကို မြင်ပြီး လူနှစ်ယောက်မှာ တိုက်ပွဲ ရပ်လိုက်ကြသော်လည်း မှော်ရတနာများကိုတော့ မသိမ်းဆည်းသေးပေ။
“မိတ်ဆွေ ... ငါတို့တွေက ကျောက်တုံးနက် ရခွင့်အတွက် တိုက်နေကြတာ။ မင်းမှာ ကိစ္စမရှိရင် ဖယ်နေပါ ...” ဘေးမှ လေ့လာနေသည့် ကျင့်ကြံသူက မိုဝူကျီကို မထူးမခြားနား ပြောလိုက်သည်။
သူတို့က ကျောက်တုံးနက် အတွက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ မိုဝူကျီ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားသည် မြေအောက်ထဲ ရောက်သွားလေသည်။ မကြာခင်တွင် သူက သုံးမီတာ အနက်လောက်တွင် ကျောက်တုံးနက် တစ်တုံး တွေ့လိုက်ရသည်။
ကျောက်တုံးနက် တစ်တုံးတဲ့လား ...
ထိုအရာမှာ အတော်လေး နက်သည့်ထဲ မပါသော်လည်း မိုဝူကျီက စိတ်မဝင်စားပေ။ ကျောက်တုံးနက် တစ်တုံးအတွက် အရှုပ်အထွေးကြား ဝင်ရောက်ရသည်က မတန်လှပေ။ သူထွက်သွားခါနီးတွင် ကျာချီက ရုတ်တရက် ကောက်ပြောလိုက်သည် “သူက ကျမတွဲဖက် ... ဘာလို့ သူက ထွက်သွားရမှာလဲ ... ”
မိုဝူကျီနှင့် ကျာချီတို့က တွဲဖက်များဟု ကြားပြီးနောက် ကျန်လူနှစ်ယောက်က မိုဝူကျီကို ရန်လိုတကြီး ကြည့်လိုက်ကြသည်။
မိုဝူကျီက သူတို့ဆက်ဆံရေးကို ငြင်းတော့မည့် အချိန်တွင် ကျာချီက ဆက်ပြောလိုက်သည် “ဒီနေရာမှာ ကျောက်တုံးနက် တစ်တုံးရှိတယ်။ ရှင့်ကို စိတ်စွမ်းအင် ကျောက်တုံးအချော နှစ်တုံး ပေးမယ် ...”
မိုဝူကျီက မြန်မြန် မေးလိုက်သည် “ကျောက်တုံးနက် တစ်တုံးက စိတ်စွမ်းအင် ကျောက်တုံးအချော ဘယ်လောက်နဲ့ လဲလို့ရလဲ ... ”
“ပုံမှန် အခြေအနေအောက်မှာ ဆယ်တုံး ...” ယခု ကျာချီက မိုဝူကျီ အကူအညီ လိုနေသည် ဖြစ်၍ သူမက သူမစကားလုံးများကို ရွှေများအလား ခြွေတာမနေတော့ပေ။
တခြားကျင့်ကြံသူ နှစ်ယောက်က မိုဝူကျီကို ကြည့်လိုက်ကြသည်။ မိုဝူကျီက သာမန်သေမျိုး တစ်ယောက်နှင့် တူပြီး စိတ်ဝိညာဉ် လှိုင်းများလည်း ရှိမနေပေ။ သို့သော်လည်း မည်သူမျှ မိုဝူကျီကို အထင်မြင် မသေးရဲကြပေ။ အင်မော်တယ်တပိုင်းကို ဝင်ရောက်လာနိုင်ပြီး ဤမိုင်းတွင်းအထိပါ ရောက်လာသည့် အတွက် သူလည်း မြေကမ္ဘာအင်မော်တယ်အဆင့် ဖြစ်နေနိုင်သည် မဟုတ်ပါလော။
အကယ်၍ မိုဝူကျီနှင့် ကျာချီတို့ ပူးပေါင်းသွားပါက သူတို့အနေနှင့် ကျောက်တုံးနက်မရခင် တိုက်ပွဲကြီး ဆင်နွှဲရလိမ့်မည်။
“အားနာပါတယ် ... ကျုပ် စိတ်မဝင်စားဘူး” ထိုသို့ ပြောပြီး မိုဝူကျီက လှည့်ထွက်သွားလေ၏။
စိတ်စွမ်းအင် ကျောက်တုံး အချောနှစ်တုံးအတွက် သူက အသက်ကို စတေးရမည် ဖြစ်ကာ သူ့အကျိုးအားထုတ်မှုကို အရမ်း အထင်မသေးလွန်းဘူးလား။ မိုဝူကျီက အနည်းငယ် စိတ်ပျက်သွားမိသည်။ သူ အင်မတန် ကြိုးစား၍ ရရှိလာသော ကျောက်တုံးနက်များသည် တကယ်တော့ အရမ်း ဈေးချိုလွန်းနေ၏။ ကျောက်တုံးနက် တစ်တုံးကို စိတ်စွမ်းအင် ကျောက်တုံးအချော ဆယ်တုံးသာ ရပေသည်။ သူက ကျောက်တုံးနက် ခြောက်တုံး ရခဲ့၍ စိတ်စွမ်းအင် ကျောက်တုံးအချော ၆ဝ ရရှိမည် ဖြစ်သည်။
ထိုစိတ်စွမ်းအင် ကျောက်တုံးအချော ၆ဝ ဖြင့် သူက အနည်းဆုံး လောကအင်မော်တယ် နောက်ပိုင်းအဆင့်ထိ ကျင့်ကြံနိုင်ပေလိမ့်မည်။ အနာဂတ်တွင် သူက မိုင်းတွင်း၌ နေရာမရခဲ့ပါက သတ္တုရိုင်း ခိုးယူရလိမ့်မည်။ သူ့အတွက် သတ္တုရိုင်း ခိုးယူခြင်းနှင့် မိုင်းတွင်း၌ ကျောက်တုံးနက် တူးဖော်ခြင်းက ဘာမျှ ကွာခြားမည် မဟုတ်ပေ။
သူ့စိတ်စွမ်းအားက မြေအောက် ၁၈ မီတာအထိ ရောက်နိုင်၍ အခြားကျင့်ကြံသူများ မယှဉ်နိုင်သည့် အားသာချက် ဖြစ်ပေသည်။
“မင်းတွဲဖက်က သွားပြီ။ ဆက်တိုက် ချင်သေးတာလား ... နေ့တစ်ဝက်တောင် ရှိနေပြီ။ မင်း ဆက်တိုက်နေရင်လည်း ငါတို့က တစ်ယောက်ချင်း ဆက်မတိုက်နိုင်တော့ဘူး” မိုဝူကျီ ထွက်သွားသည်ကို မြင်၍ ကျာချီနှင့် ရင်ဆိုင်နေသည့် ကျင့်ကြံသူက အေးစက်စွာ ပြောလိုက်သည်။
ကျာချီက နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမနှုန်းကို မြင့်ကာ မိုဝူကျီနောက် ပြေးလိုက်လိုက်သည်။
“ရှင် ခဏနေဦး ...” ကျာချီက မိုဝူကျီကို အလျင်အမြန်ပဲ လိုက်မီသွားသည်။
“ဘာကိစ္စလဲ” မိုဝူကျီက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
“အဲဒီ စိတ်စွမ်းအင် ကျောက်တုံး အချောတွေ မရှိဘဲနဲ့ ရှင်က အသက်ရှည်ဂိုဏ်းက ဖြစ်နေရင်တောင် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ။ ရှင့်အသက်လေး မလိုချင်တော့ဘူးလား။ ရှင့်ကျင့်ကြံဆင့် နိမ့်တာကို ကျမ သိတယ်။ ဒါပေမဲ့ အဲဒီနှစ်ယောက်က မသိဘူး။ ပြီးတော့ ကျမတို့က မကြာခင် ထွက်သွားရတော့မှာ တိုက်ပွဲနည်းနည်းလေး တိုက်ပြီးတော့ ညီတူညီမျှ ခွဲဝေလို့ ရတာပဲ။ ပြီးတော့ ရှင်လည်း အနည်းဆုံးတော့ စိတ်စွမ်းအင် ကျောက်တုံး အချောတစ်တုံးတော့ ရမှာပေါ့ ...” ကျာချီက မကျေမနပ် ပြောလိုက်သည်။
မိုဝူကျီက ဒေါသမထွက်ဘဲ ဖြည်းဖြည်းချင်း ပြောလိုက်သည် “တာအိုရောင်းရင်း ကျာချီ ... တကယ်လို့ ကျုပ်သာ ဒီမိုင်းတွင်းနေရာကို လိုက်မလာရင်လည်း အင်မော်တယ်တပိုင်း နယ်ပယ်ကနေ မောင်းထုတ်ခံရမှာ မဟုတ်ဘူး။ ကျုပ်က လူသစ်လေးဆိုပေမဲ့ အလွယ်တကူ အရူးလုပ်လို့ ရတဲ့သူ မဟုတ်ဘူး။ ပြီးတော့ ကျုပ်ဆီမှာ လက်ပတ် ရှိနေသရွေ့ အင်မော်တယ်တပိုင်း နယ်မြေမှာ ကြိုက်သလောက် နေလို့ ရတယ်။ ကျုပ်က အဲဒီကျောက်တုံး အချောလည်း မလိုဘူး။ အများဆုံး ကျုပ် မကျင့်ကြံနိုင်ရုံပဲပေါ့ ... ”
သူ့လေသံမှာ နည်းနည်း သရောက်သံ ပါဝင်နေသည်။ လန်ဟောင်က သူ့ကို ဘာမျှ မပေးလိုက်သော်လည်း သူ့တွင် လက်ပတ်ရှိနေသရွေ့ အင်မော်တယ်တပိုင်း နယ်ပယ်မှ မောင်းထုတ်ခံရမည် မဟုတ်ကြောင်း ယုံကြည်သည်။
ကျာချီ လေသံမှာ မိုဝူကျီထက် လှောင်ပြောင်သံ ပါဝင်နေပြီး နှာခေါင်းရှုံ့ကာ “ရှင်က လန်ဟောင် စကားတွေကို ယုံနေတာလား။ သူက ရှင့်ကို မလိမ်တာတော့ ဟုတ်ပါရဲ့ ... အင်မော်တယ်တပိုင်း နယ်မြေမှာ နေဖို့ လက်ပတ်ပဲ လိုတယ် စိတ်စွမ်းအင် ကျောက်တုံးအချော မဟုတ်ဘူး။ ဒါပေမဲ့ ရှင် အင်မော်တယ်တပိုင်း နယ်ပယ်ထဲ နေချင်ရင် သစ်သားဓာတ်ပျော်ဝင် ဆေးလုံးလည်း လိုတယ်။ အားလုံးက အင်မော်တယ်တပိုင်း နယ်ပယ်ထဲ နေချင်ကြတာ အပြင်ဘက်က အန္တရာယ်ကြောင့် မဟုတ်ဘဲ အပြင်မှာ ရှိနေတဲ့ သစ်သားစွမ်းအားက သိပ်သည်းလွန်းလို့ ဆိုတာရော မပြောပြဘူးလား။ အဲဒါက ရှင့်ရဲ့ ဝိညာဉ် လမ်းကြောင်းတွေကို သစ်သား ဖြစ်သွားစေလိမ့်မယ် ... ”
သစ်သားဓာတ် ပျော်ဝင်ဆေးလုံးလား ... ဝိညာဉ် လမ်းကြောင်းတွေကို သစ်သား ဖြစ်သွားစေတာလား ...
မိုဝူကျိက ထိုအကြောင်းများကို စိုးစဉ်းမျှ မသိသောကြောင့် ကျာချီကိုသာ ငေးကြည့် နေမိတော့သည်။
ကျာချီက ဆက်ပြောလိုက်သည် “ရှင့်ကို ကျောက်တုံးနက် တူးဖို့ ပြောတုန်းက ရှင့်မှာ ခြင်းတောင်းတင် မကသေးဘူး။ ကျောက်တုံးနက် တူးဖို့ ဂေါ်ပြားလိုတယ်လို့ မပြောလိုက်ဘူးလား။ ပြီးတော့ စိတ်စွမ်းအင် ကျောက်တုံး အချောတွေကို ကျင့်ကြံခြင်း အတွက်တင် မကဘဲ သစ်သားဓာတ် ပျော်ဝင်ဆေးလုံး အတွက်လည်း လိုတယ်လို့ မပြောလိုက်ဘူးလား။ ရှင်က ဘာမှ မသိဘဲနဲ့ အင်မော်တယ်တပိုင်း နယ်ပယ်မှာ ဆက်နေမယ်ဆိုပြီး ပြောရဲသေးတယ်နော် ... ”
မိုဝူကျီ အမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။ သူက လန်ဟောင်၏ ရိုက်စား ခံရမှန်း သိသော်လည်း ထိုလူက အမှန်ပင် သူ့အပေါ် ဆိုးဆိုးရွားရွား ရိုက်စားလုပ်ခဲ့သည်။ သူက လန်ဟောင်ကို လက်ပတ်ရရန် ကူညီပေးသည့်အတွက် ကျေးဇူးတင်ခဲ့သော်လည်း စိတ်စွမ်းအင် ကျောက်တုံးအချော ဆယ်တုံးမှာ ကျောက်တုံးနက် တစ်တုံးစာသာ ဖြစ်ပေ၏။
“တာအိုရောင်းရင်း ကျာချီကို ကျေးဇူးတင်ပါတယ်။ ကျုပ် ဒီကိစ္စတွေကို တကယ် မသိခဲ့ဘူး။ ဒါနဲ့ သစ်သားဓာတ် ပျော်ဝင်ဆေးလုံးက ဘာများလဲ” မိုဝူကျီ မျက်နှာမှာ ပုံဆိုးပန်းဆိုး ဖြစ်လာသည်။
ကျာချီက မိုဝူကျီ သူမစကားများ မငြင်းဆန်သည်ကို မြင်သောအခါ နည်းနည်း တည်ငြိမ်သွားပြီး “အင်မော်တယ်တပိုင်း နယ်ပယ်ကို အထူး သစ်သားစွမ်းအားနဲ့ လွှမ်းခြုံထားတာ။ အဲဒီလိုစွမ်းအားမျိုးက ကျင့်ကြံသူတိုင်းရဲ့ ဝိညာဉ်လမ်းကြောင်းတွေ အထိ စိမ့်လာနိုင်တယ်။ ဖယ်ရှားပစ်ဖို့ နည်းလမ်းမရှိဘူးဆိုရင် ရှင့်ဝိညာဉ် လမ်းကြောင်းတွေက မကြာခင် သစ်သားစွမ်းအားကြောင့် သစ်သား ဖြစ်သွားလိမ့်မယ်။ ပြီးတော့ အသံတစ်ချက်တောင် မထွက်ဘဲ ပျောက်ကွယ် သွားလိမ့်မယ် ... ”
“သစ်သားဓာတ် ပျော်ဝင်ဆေးလုံးက အဲဒီသစ်သားစွမ်းအားကို ဖယ်ရှားပစ်ဖို့လား ” မိုဝူကျီက ထပ်မေးလိုက်သည်။
ကျာချီက ခေါင်းညိတ်ပြကာ “ဟုတ်တယ်။ သစ်သားစွမ်းအားကို သစ်သားဓာတ် ပျော်ဝင်ဆေးလုံးနဲ့ပဲ ဖြေရှင်းနိုင်တယ်။ သစ်သားဓာတ် ပျော်ဝင်ဆေးလုံးကို အင်မော်တယ်တပိုင်း နယ်ပယ်မှာပဲ ဝယ်လို့ ရတယ်။ အဲဒီနေရာမှာ စည်းမျည်းတွေ၊ ဖိအားတွေ မရှိပေမဲ့ ခက်ခဲတဲ့ တစ်ခုတည်းသော အရာက အသက်ရှင်နေထိုင်ဖို့ပဲ။ အဲဒါကလည်း သစ်သားဓာတ် ပျော်ဝင်ဆေးလုံး ရဖို့ပဲ ... ”
“အဲဒါဆို ဆေးလုံးဆရာတွေက ဘာလို့ ကိုယ့်ဘာသာ မဖော်စပ်ကြတာလဲ။ အင်မော်တယ်တပိုင်း နယ်ပယ်ကနေပဲ ဘာလို့ ဝယ်နေရတာလဲ ...” မိုဝူကျီက နားမလည်သောကြောင့် မသက်မသာ ခံစားမိလိုက်သည်။ ဤနေရာရှိ ကိစ္စများမှာ နက်ရှိုင်းလွန်းသောကြောင့် ဘာဆိုဘာမျှမသိဘဲ ထိုထဲ နစ်မြုပ်သွားနိုင်ပေသည်။
“ သစ်သားဓာတ်ပျော်ဝင် ဆေးလုံးတွေကို သတ္တုဓာတ် ဆေးလုံးဆရာတွေပဲ ဖော်စပ်လို့ ရတာလေ။ ကျမကို ပြောပြပါဦး ... ရှင်က သတ္တုဓာတ် ဆေးလုံးဆရာကို တွေ့ဖူးလား” ကျာချီက နောက်ထပ် မေးခွန်းဖြင့် ပြန်ဖြေလိုက်သည်။
***