မှတ်ဉာဏ်များ
Vol. 41 Ch. 563
ဝမ်ဝေ့ သီးသန့်ကျင့်ကြံနေစဉ်အတွင်း ဝမ်ဝေ့ ပထမဆုံးလုပ်သည့်အရာမှာ စိတ်စွမ်းအားစစ်ဆေးမှုမှ ဆုလာဘ်အနေနှင့် ရရှိထားသော လေ့ကျင့်ရေးချီကို စုပ်ယူခြင်းဖြစ်၏။ ထိုအရာဖြင့် သူသည် ဆုံမှတ်၇သောင်း၂ထောင်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကမ္ဘာဦးနဂါး ၂၈ကောင်ခွန်အားထိ ရောက်ရှိခဲ့သည်။
ဤသည်က သူ့အတွက် တစ်ပတ်တာမျှသာ ကြာမြင့်ခဲ့၏။ နောက်ထပ်စစ်ဆေးမှု မစတင်ခင် သုံးပတ်အချိန်ရသေးသောကြောင့် သူက တခြားကိစ္စများကို အာရုံစိုက်ထားလိုက်သည်။ သူက လူဝင်စားများကို စစ်ဆေးကြည့်လိုက်သည်။ အဓိကအားဖြင့် ကံကြမ္မာလူဝင်စားအပေါ် ဖြစ်၏။ သူက ကံကြမ္မာနန်းဆောင်၏ တိုးတက်မှုအကြောင်းကို သိလိုမိသည်။
နောက်ဆုံးတွင် သူက အထွေထွေသောင်းပြောင်းအရှင် ပေးထားသောအဆောင်ကို အပြန်ပြန်အလှန်လှန်ဖတ်ရှုကာ မသေမျိုးအဆင့် ဆေးလုံးကို ဖော်စပ်နိုင်မည်လားဟု စမ်းကြည့်ချင်မိသည်။ ထိုဖြစ်စဉ်နှင့် ရှင်းပြချက်များကို ဖတ်ရှုပြီးသည့်နောက်တွင် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။
ထိုအဆင့်ဆေးလုံးအတွက် လိုအပ်သည့် အံ့ဖွယ်သင်္ကေတများက အကောင်းဆုံးဧကရာဇ်တစ်ပိုင်း ဆေးလုံးထက် အဆတစ်သောင်းမက ရှုပ်ထွေးလေသည်။ သို့သော်လည်း သူ့ဝိညာဉ်ဖြင့် လုပ်ဆောင်နိုင်၏။ ပြဿနာကား ထိုသင်္ကေတများကို ရေးထွင်းရာ၌ လိုအပ်သည့် မသေမျိုးချီ ဖြစ်သည်။ သူ့တွင် ထိုအရာ မရှိပေ။
ငါ ဝိညာဉ်ချီ ဒါမှမဟုတ် ပင်ကိုချီကို မသေမျိုးချီအဖြစ် ပြောင်းလဲနိုင်မလား…
ဝမ်ဝေ့က ဖြစ်နိုင်ချေကိုတွေးရင်း စဉ်းစားလိုက်မိသည်။ ထို့နောက် သူက ထာဝရအရှင်အကြောင်း ဗဟုသုတများကို အပြန်ပြန်အလှန်လှန်ဖတ်ရှုပြီးနောက် ဂိုဏ်း၏ လျှို့ဝှက်မှတ်တမ်းခန်းသို့သွားကာ ထပ်မံဖတ်ရှုခဲ့သည်။
ထာဝရအရှင်များသည် သူတို့၏ စွမ်းအင်ဗဟိုချက် သို့မဟုတ် အံ့ဖွယ်ပင်လယ်အတွင်း မသေမျိုးနန်းဆောင်ဟု ခေါ်သည့် အရာတစ်ခု ရှိလေသည်။ ထိုအရာက ဝိညာဉ်ချီကို မသေမျိုးချီအဖြစ် ပြောင်းလဲပေးသည့် အင်္ဂါရပ်တစ်ခု ဖြစ်၏။ ထာဝရအရှင်များက သူတို့၏ အံ့ဖွယ်ပင်လယ်ကို ချဲ့ထွင်ကာ ချီများများ ရယူနိုင်သရွေ့ သူတို့သည် ထာဝရအုပ်စိုးသူအဆင့် တက်လှမ်းပြီး ထာဝရဘုရင်အဆင့်အထိ ရောက်ရှိနိုင်သည်။
ထို့အပြင် ထာဝရအရှင်များက သူတို့၏ အဆင့်ကို တိုးမြှင့်နိုင်ကြသည့် ကျင့်ကြံသူတစ်ယောက်က ပါရမီ၊ ထိန်းချုပ်နိုင်မှုနှင့် စွမ်းအားနားလည်နိုင်စွမ်းအပေါ် မူတည်၍ ပွင့်ချပ်တစ်လွှာ သို့မဟုတ် နှစ်လွှာ ဖြစ်လာနိုင်သည်။ ပါရမီထူးကဲသူက သူတို့၏ ထာဝရနန်းဆောင် တည်ထောင်ပြီးသည့်နောက်တွင် ပွင့်ချပ်ကိုးလွှာ ထာဝရအရှင် ဖြစ်လာနိုင်ပြီး ပထမဦးဆုံးချီမျှင်ကို သန့်စင်နိုင်ကြသည်။
တစ်ချိန်တည်းဆိုသလို ကျင့်ကြံသူများက သူတို့၏ ချီကို သန့်စင်ကာ ပိုမိုကောင်းမွန်သည့် အရည်အသွေးရောက်အောင် လုပ်ကြသည်။ သို့သော်လည်း ထိုဖြစ်စဉ်က အချိန်နှင့် အရင်းအမြစ်များစွာ လိုအပ်တတ်၏။
ပင်ကို သို့မဟုတ် ဟွင်သွမ်းချီကဲ့သို့သော သဘာဝစွမ်းအင်များက မသေမျိုးချီအဖြစ် ပြောင်းလဲဖို့ ပိုမိုလွယ်ကူလေသည်။ ကူးပြောင်းနိုင်နှုန်းက ပိုမိုမြင့်မား၏။ ထို့ကြောင့် ပင်ကိုချီတစ်မျှင်က မသေမျိုးချီ ဆယ်မျှင်အဖြစ် ပြောင်းလဲနိုင်သလို ဟွင်သွမ်းချီတစ်မျှင်က မသေမျိုးချီမျှင်တစ်ရာအထိ ပြောင်းလဲနိုင်သည်။ ဝိညာဉ်ချီဆယ်မျှင်ကမူ မသေမျိုးချီ၏ ဆယ်ပုံပုံတစ်ပုံမျှသာ ရှိ၏။
ဝမ်ဝေ့က ထိုအရေအတွက်ကို ရေးသားလိုက်ပြီးနောက် မသေမျိုးချီ၏ သဘောတရားကို နားလည်အောင် လုပ်လိုက်သည်။ သူက သူတို့ကို လေ့လာလေလေ ဝိညာဉ်ချီမှ မသေမျိုးချီကို မည်သို့ပြောင်းလဲရမည်ကို စဉ်းစားမိလေလေဖြစ်သည်။
ပထမဦးစွာ သူ တွေးမိသည်က ဝိညာဉ်နှင့် ပင်ကိုချီကို ဖန်တီးနိုင်သည့် ချီပန်းပွင့် ဖြစ်သည်။ အကယ်၍ မသေမျိုးချီအကြောင်းကို လုံလုံလောက်လောက်သာ သိရှိထားလျှင် သူသည် မသေမျိုးချီကို ဖန်တီးနိုင်လိမ့်မည်။ ထိုပန်းပွင့်က အရင်းအမြစ်ချီနေရာနှင့် ဆက်နွယ်နေသည် မဟုတ်ပါလော။
အကျိုးဆက်အားဖြင့် အရင်းအမြစ်ချီနေရာနှင့် သက်ဆိုင်နေသည့် အရာအားလုံးက အင်မတန် အန္တရာယ်များလှသည်။ ထို့ကြောင့် ဝမ်ဝေ့က ထိုနေရာနှင့် သွားရောက်မပတ်သက်လိုပေ။ ထို့ကြောင့် သူ့အနေနှင့် ထိုအရာကို မစမ်းကြည့်ခင် ဒုတိယဖြေရှင်းနည်း လိုအပ်လာသည်။
သူ စဉ်းစားမိသည့်အဖြေက ကံကြမ္မာကောင်းစွမ်းအားကို ရှိထားပြီး ပျက်စီးနေသည့်အရာများကို မှော်ဆန်ဆန်ပြောင်းလဲပေးနိုင်သည့် မူလဆေးလုံးမီးတောက်ကျမ်း ဖြစ်၏။ အကယ်၍ ဝိညာဉ်ချီကို မကောင်းသည့်အရာအဖြစ် သတ်မှတ်ပြီး မသေမျိုးချီကို မှော်ဆန်ဆန်အရာအဖြစ် သတ်မှတ်လိုက်လျှင် သူ့အနေနှင့် ထိုနှစ်ခုကြား မီးတောက်ဖြင့် ပြောင်းလဲနိုင်လိမ့်မည်။
ဝမ်ဝေ့က ထိုဖြစ်နိုင်ချေကို နာရီပိုင်းကြာ လေ့လာအကဲခတ်ခဲ့သည်။ သူက ထိုပြဿနာကို စဉ်းစားမိလေလေ ပိုမိုဖြစ်နိုင်ချေ ရှိလာလေလေဟု ထင်မိလေလေ ဖြစ်သည်။ ထို့ကြောင့် သူက သက်ပြင်းချကာ ရေရွတ်လိုက်သည် “ မူလဆေးလုံးမီးတောက်ကျမ်းက တကယ်ကို မှော်ဆန်တာပဲ။ ထူးခြားမှုနဲ့ ပတ်သက်ရင် မူလလမ်းစဉ်ကျမ်းနဲ့ ဝူဟုန်ရဲ့ စည်းပိတ်ခြင်းကျမ်းနဲ့တောင် ယှဉ်နိုင်တာပဲ”
ဝမ်ဝေ့က ထိုစကားများကို ရေရွတ်လိုက်သည်နှင့် သူ့စိတ်အတွင်း တစ်စုံတစ်ခု ဖြစ်ပွားလာသည်။ သူက မူလဆေးလုံးမီးတောက်ကျမ်းသည် တခြားသော ဧကရာဇ်ကျမ်းများနှင့် ယှဉ်လိုက်လျှင် ထူးကဲနေကြောင်း ထင်ခဲ့မိ၏။
ထိုကျမ်း၏ နက်နဲမှုနှင့် အနုစိတ်မှုတို့က ဝူဟုန်၏ ကျမ်း၊ မူလလမ်းစဉ်ကျမ်းနှင့် ဓားဧကရီ၏ ကောင်းကင်ပိုင်းဖြတ်ခြင်းကျမ်းတို့နှင့် တူညီနေသည်။ ထိုအရာများက ထာဝရဧကရာဇ်အဆင့်များ ဖြစ်၏။
ထိုကျမ်းကို အသုံးပြုကာ သူ့ကမ္ဘာဦးဝိညာဉ်ကို သန့်စင်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တန့်ယွမ်ဧကရာဇ်နှင့် ပတ်သက်ပြီး ထူးခြားနေသည့်အချက်ရှိလားဟု မေးချင်နေခဲ့သည်။ သို့သော်လည်း သူက အမြဲလိုလို မေ့လျော့သွားဟန်ပေါ်သည်။
ကြည့်ရတာ ဒီစွမ်းအားက ငါ့မှတ်ဉာဏ်တွေကို လှုံ့ဆော်ပေးပြီးတော့ ဆေးလုံးဘိုးဘေးကို ထာဝရဧကရာဇ်အဖြစ် မျက်စိလျှမ်းအောင် လုပ်နေသလိုပဲ…
ထိုသို့ကောက်ချက်ချပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့စိတ်ထဲ နောက်ထပ် တစ်ခုပေါ်ထွက်လာသလို ခံစားမိလိုက်သည်။ သူက မျက်လုံးမှိတ်ကာ သူ့ဝိညာဉ်ကို ကန့်သတ်ချက်အထိ လှုပ်ရှားစေလိုက်သည်။ သူက သူ့မှတ်ဉာဏ်များအပေါ် သက်ရောက်မှုရှိစေသည့် မမြင်နိုင်ဖွယ် စွမ်းအားနှစ်မျိုးကို ခံစားမိလိုက်သည်။ တစ်ခုက ညင်သာပြီး တုံ့ပြန်မှု မရှိပေ။ ကျန်တစ်ခုကမူ ကြမ်းတမ်း၏။
သူက ကြမ်းတမ်းသည့်အရာကို အာရုံစိုက်ထားလိုက်ပြီးနောက် သူ့အဖျက်ကောင်ဆီမှ ရှာဖွေတွေ့ရှိထားသည့် မူမမှန်မှု၏ အရင်းအမြစ်ဖြစ်ကြောင်း သိလိုက်သည်။ ဝမ်ဝေ့က သူသည် ထိုကြမ်းတမ်းခက်ထန်သည့် စွမ်းအားကို မဖယ်ရှားနိုင်သလို စည်းမပိတ်နိုင်ကြောင်း ချက်ချင်းသတိထားမိလိုက်သည်။ သို့သော်လည်း သူက ထိုအရာ၏ လုပ်ဆောင်ချက်ကို တွေ့ရှိသွားသည်။
ထိုစွမ်းအားက သူ၏ မှတ်ဉာဏ်တချို့ကို ဝေဝါးစေခြင်း ဖြစ်၏။ အတိအကျဆိုရလျှင် တစ်စုံတစ်ယောက်နှင့် ပတ်သက်သည့် မှတ်ဉာဏ်ကို ဖြစ်သည်။ ဝမ်ဝေ့က မည်မျှပင်အာရုံစိုက်စေကာမူ မှတ်ဉာဏ်ထဲတွင် ထိုလူကို မမြင်နိုင်ပေ။
ထို့ကြောင့် သူက မှတ်ဉာဏ်ကို အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်ပြီး နည်းလမ်းအမျိုးမျိုး ကြိုးစားကြည့်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို အာရုံခံစားမိသွားသည်။ ဤသည်က အမုန်းတရားခံစားချက် ဖြစ်၏။
ထို့နောက် ဝမ်ဝေ့က သူ စုယာဆီမှ သင်ယူထားသော စိတ်ခံစားချက်မှတဆင့် ဖတ်ရှုသည့် နည်းစနစ်ကို ထုတ်သုံးလိုက်သည့်အခါ မဖော်ပြနိုင်လောက်ဖွယ် အမုန်းတရား၊ အငြိုးတရား၊ အကြောက်တရားနှင့် သတ်ဖြတ်လိုစိတ်တို့ကို ခံစားမိလိုက်သည်။
ထိုပြင်းထန်သည့် စိတ်ခံစားချက်များကို လမ်းညွှန်ချက်အနေဖြင့် အသုံးပြုသည့်အခါ မှတ်ဉာဏ်ပိတ်ဆို့ရေး စွမ်းအားကို ကျော်လွန်ပြီး ခေါင်းဆောင်းထားသည့် ပုံရိပ်တစ်ခုက သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
စစ်ဆေးမှု၏ ညစာစားပွဲအတွင်း၊ မျှော်နန်းဆောင်အတွင်း ဝင်လာစဉ်အခါ၊ သူတိုက်ခိုက်သည့်အခါ သို့မဟုတ် တိုက်ပွဲ ကြည့်နေသည့်အခါတိုင်းတွင် ခေါင်းဆောင်းထားသည့် ပုံရိပ်က သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေလေ၏။
ရံဖန်ရံခါတွင် သူက ခေါင်းဆောင်းပုံရိပ်နှင့် မျက်နှာချင်းဆိုင်မိသော်လည်း အကြည့်လွှဲလိုက်သည်နှင့် ထိုလူကို မေ့လျော့သွားတတ်သည်။ ထိုခေါင်းဆောင်းပုံရိပ်ကို အဖျက်ကောင်မှတဆင့် မြင်ခဲ့ဖူးသော်လည်း မေ့လျော့နေခဲ့၏။
ထူးဆန်းတဲ့ စွမ်းအားပဲ။ တကယ်ကို ကြက်သီးထဖို့ ကောင်းတဲ့လူပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုသတင်းအချက်အလက်အသစ်ဖြင့် ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ်လိုက်၏။ ရုတ်ချည်းဆိုသလို သူ့ ဆက်သွယ်ရေးအဆောင်က အသက်ဝင်လာကာ သူ့အကြည့်များက လင်းလက်တောက်ပသွားသည်။
အချိန်ကိုက်ပဲ…
“ ဇနီးလေးကို အရမ်းလွမ်းနေတာ”
“ တကယ်လား။ ကျွန်မကို ဘယ်လောက်လွမ်းနေတာလဲ”
“ မင်း မရှိတဲ့ ဘဝက ဘယ်လောက်တောင်ဆိုးရွားတယ်ဆိုတာကို မသိပါဘူး။ ကမ္ဘာကြီးက မင်း မရှိတော့ အရောင်မဲ့နေသလိုပဲ။ တာအိုတွေအကုန်လုံးကို ပွင့်လန်းလာစေတဲ့ မင်း အပြုံးကို လွမ်းနေတာ။ စကြဝဠာရဲ့ ပဲ့တင်သံထက်တောင် ကျယ်လောင်စေတဲ့ ကိုယ့်နှလုံးခုန်သံကို ဖြစ်စေတဲ့ မင်းရဲ့ ထိတွေ့မှုကိုလည်း လွမ်းတယ်။”
“ ကျစ် ရှင်က တကယ် စကားချိုချိုတွေပြောနေမှန်း သိပေမဲ့ မပြုံးဘဲကို မနေနိုင်တော့ဘူး” ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ကိုယ်က တကယ်ပြောတာပါ”
“ ရှင့်ကို သံသယမဖြစ်ပါဘူး”
“ အဲဒါဆိုတော့ ကိုယ်လွမ်းသလို လွမ်းရဲ့လား”
“ မလွမ်းဘူး”
ကျွတ်
ဝမ်ဝေ့က သူ့ရင်ဘတ်ကို ဖိကိုင်ကာ တုန်လှုပ်မှု၊ ဝမ်းနည်းမှုအပြည့် အမူအရာမျိုး ဖမ်းလိုက်သည်။
“ ရှင့်ရဲ့ သရုပ်ဆောင်အရည်အချင်းက ပိုကောင်းလာတာပဲ…” ဝူဟုန်က ပြောလိုက်သည်။
“ ဟုတ်တယ်မလား။ ဒါက အသက်အရွယ်ရလာတာနဲ့ ကိုယ်အရေထူလာတာရဲ့ ရလဒ်ပဲလေ။ မကောင်းဆိုးဝါးအိုကြီး ဖြစ်လာတာ မဆိုးဘူးလို့ ထင်တယ်။”
ဝူဟုန်က ခေါင်းအသာယမ်းလိုက်သည်။ နှစ်တစ်သောင်းသက်တမ်းက ကျင့်ကြံရေးလောကတွင် ကလေးတစ်ယောက်မျှသာဖြစ်၏။
“ မင်းက ကိုယ့်ကို ဘယ်လောက်လွမ်းနေတယ်ဆိုတာကို မပြောရသေးဘူးပဲ”
“ ကျွန်မက ရှင့်လိုမျိုး စကားချိုချိုမပြောတတ်ပေမဲ့ ကဗျာဆန်ဆန်နဲ့ ဖော်ပြပေးမယ်” ဝူဟုန်က စကားတချို့ကို စဉ်းစားကာ ပြောလိုက်သည်။ ထို့နောက် ဝမ်ဝေ့ထံ စကားချိုချိုများ တီးတိုးပြောဆိုလိုက်၏။
နောက်နာရီပိုင်းကြာသည်အထိ ထိုစုံတွဲက သူတို့၏ ချစ်ခြင်းမေတ္တာကို ပန်းစကားမှတဆင့် ဖော်ပြနေကြသည်။ သူတို့က ချစ်ကြည်နူးနေသည်ကို ဂရုမစိုက်ကြပေ။
နောက်ဆုံးတွင် သူတို့က အလေးအနက်ဖြစ်လာ၏။
“ မင်းရဲ့ သီးသန့်ကျင့်ကြံမှုရော ဘယ်လိုနေတုန်း”
“ ထင်ထားတာထက် ကောင်းပါတယ်။ အဲဒီအမျိုးသမီးချောင်နဉ်က ပြီးပြည့်စုံမှု သဘောတရားအပေါ် နားလည်ဖို့ အချိန်အများကြီး သုံးခဲ့တာပဲ။ အဲဒါက ကျွန်မအတွက် ပိုမိုလွယ်ကူသွားစေတယ်။”
“ ကောင်းပြီ။ ဒါနဲ့ ဘယ်အချိန်ပြီးမြောက်မယ်လို့ ထင်လဲ”
“ အရှင်းဆုံးပြောရရင်တော့ ကျွန်မ မသိသေးဘူး။ ဒါပေမဲ့ ယခင်ထင်ထားတာထက် စာရင်တော့ မြန်မြန်ဆန်ဆန် ပြီးမြောက်လောက်တယ်”
“ ကောင်းပြီ” ဝမ်ဝေ့က ဝမ်းနည်းသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။ သူက သူ့ဇနီးလေးကို လွမ်းဆွတ်နေမိ၏။
“ ဒါနဲ့ တန့်ယွမ်ဧကရာဇ်က ထာဝရဧကရာဇ်လား”
သူက မှတ်ဉာဏ်များအပေါ် သက်ရောက်မှုရှိသည့်စွမ်းအားကို မည်သို့ရင်ဆိုင်ရမည်ကို ရှာဖွေတွေ့ရှိသွားလေပြီ။ သူ လုပ်ဖို့လိုအပ်သည်က သူ့ဝိညာဉ်အမှုန်တစ်ခုအား ထိုမေးခွန်းကို မေးဖို့ စိတ်ဆန္ဒကို ထားရှိလိုက်ခြင်း ဖြစ်သည်။ ထိုစွမ်းအားက အသက်ဝင်မလာခင် နောက်ထပ် စိတ်ဝိညာဉ်အမှုန်တစ်ခုဆီ ပြောင်းလဲလိုက်သည်။ ထိုနည်းလမ်းက သူ့အား ထိုစွမ်းအားကို အနည်းငယ် နှောင့်နှေးထားနိုင်သည်။
“ သူလား။ သူက ထာဝရဧကရာဇ်ပဲလေ”
“ ကိုယ် သိပြီ။ ဒါနဲ့ သူ့ဇာတ်ကြောင်းက ဘယ်လိုလဲ။ သူက ထာဝရဧကရာဇ်ဖြစ်တဲ့ အကြောင်းကို ဘာလို့ ဝှက်ထားရတာလဲ”
***