ဧကရာဇ်ချီယွမ်
Vol. 41 Ch. 566
ဝမ်ဝေ့က ထိုအကြောင်းကြောင့် အနည်းငယ် အံ့အားသင့်မိသွားသည်။ လျှို့ဝှက်မှတ်တမ်းခန်းတွင် ဘိုးဘေးအကြောင်း ဖတ်ရှုဖူးသည့်အရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက်တွင် မအံ့ဩမိတော့ပေ။ သူ့ ဘိုးဘေးက တကယ့်ကို ထူးချွန်ပြောင်မြောက်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်မှာ မူလနည်းစနစ်ကို ဖန်တီးခဲ့ရုံမျှကြောင့် မဟုတ်ပေ။
သူ့ခေတ်အချိန်အခါက ဧကရာဇ်ချီယွမ်သည် တာအိုသုံးထောင်နှင့် လူသားဟု လူသိများ၏။ သူက ဟွင်သွမ်းတာအိုကို ကျင့်ကြံ၍ မဟုတ်ပေ။ အကြောင်းအရင်းမှာ သူက သဘာဝလွန်အဆင့်တွင် ပင်ကိုစွမ်းရည် ၃၈၀၀ ရှိနေ၍ ဖြစ်၏။
သူ့စွမ်းရည်တစ်ခုချင်းစီက စကြဝဠာကို ဖြစ်စေသည့် မူလတာအို သို့မဟုတ် ပင်မတာအိုတစ်ခုကို ကိုယ်စားပြုသည်။ ထိုမှတ်တမ်းများက သူ့စွမ်းရည်များကို သေချာရေးသားမထားသောကြောင့် အများစုက သာမန်သာ ဖြစ်လောက်၏။ သို့သော် သူ့တွင် အများကြီးရှိနေသည့်အချက်က သူ့ပါရမီ၊ ကံကောင်းမှုနှင့် အင်အားကို သက်သေပြလိုက်သည် မဟုတ်ပါလော။
ဧကရာဇ်ချီယွမ်က အသင်္ချေအင်ပါယာကမ္ဘာတွင် ထူးခြားသည့်ခေတ်ကာလအတွင်း နေထိုင်ခဲ့သည်။ ကမ္ဘာက လူမှုအဖွဲ့အစည်း ပျက်သုဉ်းသည့် ခေတ်ကာလကို ကျော်ဖြတ်ပြီးကာစဖြစ်ကာ ကျင့်ကြံသူများအနေဖြင့် အစမှ ပြန်လည်စတင်ရသည်။
ထိုခေတ်ကာလအတွင်း ကျင့်ကြံရေးနှင့် သက်ဆိုင်သည့် ဗဟုသုတများက အတိုင်းထက်အလွန် အဖိုးတန်လှသည်။ ကျင့်ကြံသူများက ရှေးခေတ်အခါမှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အထိသာ ကျင့်ကြံနိုင်သည့် အဆင့်(၁) ကျမ်းအတွက်ပင် တိုက်ခိုက်ကြလေသည်။ ထို့အပြင် ကျင့်ကြံသူများက သူတို့၏ ကျင့်စဉ်ကို ဝေမျှဖို့ ငြင်းဆန်ကြသည်။ အကြောင်းမှာ အဖိုးတန်နေ၍ ဖြစ်သည်။
တချို့သော ဉာဏ်ကောင်းသူများက ဤသည်က သူတို့အနေနှင့် မြင့်တက်ဖို့ အခွင့်အရေးဖြစ်ကြောင်း သဘောပေါက်ခဲ့ကြသည်။ သူတို့က သူတို့ဘာသာသူတို့ နည်းစနစ်ကို စတင်ဖန်တီးခဲ့ကြ၏။ ပါရမီထူးကဲသည့် အများစုက သူတို့နှင့် သင့်တော်သည့် ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့ကြသည်။
ဖန်တီးသူနှင့် ခန္ဓာကိုယ်အမျိုးအစား တူညီသည့်သူမျိုးကသာ ထိုကျင့်စဉ်များကို ကျင့်ကြံနိုင်ကြပြီး ထိုလူများက သူတို့၏ ဘိုးဘေးလောက် မြင့်မားသည့်အဆင့်ကို ရောက်ရှိမည် မဟုတ်ပေ။ ထိုနည်းစနစ်များကို နောက်ထပ် ကျင့်ကြံနိုင်သည့်နည်းလမ်းက တစ်စုံတစ်ယောက်က သူတို့ခန္ဓာကိုယ်နှင့် သင့်တော်အောင် ထိုအရာများကို ဆင့်ကဲပြောင်းလဲနိုင်လောက်အောင် ပါရမီရှိခြင်း ဖြစ်၏။
အကျဉ်းချုပ်အားဖြင့် ပါရမီရှင်တချို့က အားလုံးအတွက် သင့်တော်သည့် ပြီးပြည့်စုံသည့် ကျင့်ကြံရေးနည်းစနစ်တချို့ကို ဖန်တီးခဲ့ကြသည်။ ကံဆိုးစွာဖြင့် သူတို့၏ ကံကြမ္မာက ရှေးဟောင်းဆွေကြီးမျိုးကြီးမျိုးနွယ်များ၏ လက်ထဲတွင် သေဆုံးသွားကြရသည်။
ရှေးဟောင်းဧကရာဇ်ခေတ်ကာလ မစတင်ခင် အသင်္ချေအင်ပါယာကမ္ဘာက ဗလာခေတ်ကာလမှာ ပြန်လည်အားဖြည့်နေဆဲဖြစ်သည့်အတွက် ကောင်းကင်အလိုဆန္ဒက မျိုးဆက်များစွာတိုင် ပေါ်ထွက်လာခြင်း မရှိပေ။
မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းမျိုးနွယ်များက ကပ်ဘေးအတွင်း ရှင်သန်ခဲ့ကြပြီး ယခင်ခေတ်ဟောင်းမှ ကျင့်ကြံရေးနည်းစနစ်ကို ထိန်းသိမ်းခဲ့ကြသည်။ ထို့ကြောင့် သူတို့က ထိခိုက်မှု ပြင်းထန်ကာ ပြန်လည်အားဖြည့်နေဆဲဖြစ်သော်လည်း အသင်္ချေအင်ပါယာကမ္ဘာကို လွှမ်းမိုးဖို့ အင်အားရှိနေဆဲသာ ဖြစ်၏။
ထိုမျိုးနွယ်များတွင် အာဏာကို ရယူနိုင်သည့် အင်အားစု သို့မဟုတ် ကျင့်ကြံရေးနည်းစနစ်နှင့် ဖြန့်ဝေဖို့ ပါရမီရှိသူ မရှိအောင် သေချာအောင် လုပ်ခဲ့ကြသည်။ ရှေးဟောင်းမျိုးနွယ်များက ကမ္ဘာ၏ အရင်းအမြစ် ပြန်လည်ကောင်းမွန်လာသည်အထိ စောင့်ဖို့သာ လိုအပ်ပေသည်။ သူတို့အနေဖြင့် နောက်ထပ် မဟာဧကရာဇ်ကို ပြုစုပျိုးထောင်ပြီး သူတို့၏ အရင်းအမြစ်နှင့် ကျင့်ကြံရေးနည်းစနစ်များ၏ အရေးသာချက်ဖြင့် ခေတ်ကာလအသစ်ကို အုပ်စိုးနိုင်လိမ့်မည်။
အရာအားလုံးက ဝမ်မျိုးနွယ်မှ ရည်မှန်းချက်ကြီးမားသည့် လူငယ်တစ်ဦးကို မမွေးဖွားခင်အထိ ချောမွေ့နေခဲ့သည်။ ဝမ်မျိုးနွယ်၏ အမွေဆက်ခံသူ တစ်ယောက် တစ်ဖြစ်လည်း မျိုးနွယ်၏ အားအကောင်းဆုံး ကောင်းကင်ရွေးချယ်ခံတစ်ယောက်အနေဖြင့် သူသည် ရှေးဟောင်းမျိုးနွယ်ကို ကြီးမားတိုးတက်အောင် လုပ်ဆောင်မည့် ကံကြမ္မာမျိုး ပါရှိသည်။
သို့သော်လည်း ထိုလူငယ်က သူ့မျိုးနွယ်စည်းမျဉ်း၏ ဆိုးကျိုးကို မြင်ခဲ့သည်။ ပတ်ဝန်းကျင်က ရှေးဟောင်းကျင့်ကြံရေးနည်းစနစ်အတွက် မသင့်တော်တော့ပေ။ အကယ်၍ ထိုအရာသာ ပင်မအဖြစ် အသုံးပြုနေပါက အသင်္ချေအင်ပါယာကမ္ဘာ၏ အရင်းအမြစ်သည် ခြောက်ကပ်သွားဖို့ရာ အချိန်တစ်ခုမျှသာ ကြာမြင့်မည်ဖြစ်ကြောင်း သိလိုက်သည်။
ထိုစဉ်အချိန်အခါက ဝမ်ချီရှန်းဟု အမည်ရှိခဲ့သည့်သူက သူ့အကြီးအကဲများအား ပြောပြခဲ့သည်။ သူက သူတို့အား ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ဖန်တီးဖို့ပင် အကြံပြုခဲ့သေးသည်။ ကျင့်ကြံရေးနည်းစနစ်က ထိုပြဿနာကို ဖြေရှင်းပေးလျှင် မျိုးနွယ်အား မျိုးဆက်များစွာတိုင် အသက်ရှင်သန်ဖို့ရာ ချီကံကောင်းမှု အလုံအလောက် ချီးမြင့်ခံရမည် ဖြစ်၏။
ကံဆိုးစွာဖြင့် အကြီးအကဲများက ငြင်းဆန်ခဲ့ကြသည်။ သူတို့ လက်ရှိအသုံးပြုနေသည့် ကမ္ဘာဦးခန္ဓာနည်းစနစ်သည် ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်ဖြစ်သူ သူတို့ဝမ်မျိုးနွယ်၏ တည်ထောင်သူဘိုးဘေး ဖန်တီးထားခြင်းဖြစ်သောကြောင့် ထိုအကြီးအကဲများက ဖျောင်းဖျခွင့်ပင်မပေးဘဲ သူ့အကြံပြုချက်ကို ငြင်းပယ်ခဲ့ကြသည်။
သို့သော်လည်း သူတို့က အရင်းအမြစ်အပေါ် စိုးရိမ်မှုကိုမူ အသိအမှတ်ပြုပေးခဲ့ကြသည်။ ထို့ကြောင့် သူတို့က မဟာဧကရာဇ်အသစ် ပြုစုပျိုးထောင်ပြီးသည့်နောက်တွင်ပင် ကျင့်ကြံရေးနည်းစနစ်ကို မဖြန့်ဝေဖို့ရာ ကြံစည်ထားခဲ့ကြသည်။ ထိုအစား သူတို့က ရှေးဟောင်းမျိုးနွယ်မှ ဧကရာဇ်များ ပေါ်ထွက်လာဖို့ သေချာအောင် ကျင့်ကြံရေးနည်းစနစ်များကို လက်ဝါးကြီးအုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ဝမ်ချီရှန်းက ထိုအရာကို ကြားပြီးသည့်နောက်တွင် တုန်လှုပ်ခြောက်ခြားသွားလေ၏။ သူက သူ့မျိုးနွယ်ရှိ တခြားသူများနှင့် အငြင်းအခုန် ပြုလုပ်ခဲ့ကြရသည်။ သို့သော် မည်သူကမှ သူ့အား နားမထောင်ကြပေ။ အကယ်၍ သူသာ သူ့ခေတ်အချိန်အခါက ပါရမီအကောင်းဆုံးလူ မဟုတ်ပါက သူ့အနေအထားပင် ထိခိုက်လာလိမ့်မည်။ သို့မဟုတ် ပို၍ဆိုးရွားသည်က သူသည် အသတ်ခံရနိုင်ချေလည်း ရှိ၏။
မည်သို့ပင်ဆိုစေကာမူ ဝမ်ချီရှန်းက အနာဂတ်အတွက် စတင်စီစဉ်ခဲ့ပြီး အနာဂတ်က ဤမိသားစုအတွင်း မရှိကြောင်း သိခဲ့သည်။ ထို့ကြောင့် သူက နည်းဗျူဟာများဖြင့် ဝမ်မျိုးနွယ်အဖွဲ့ဝင်တချို့ကို သူ့ဘက်ပါအောင် ဆွဲခေါ်ခဲ့ပြီး သူ့ကိုယ်ပိုင် ကျင့်ကြံရေးနည်းစနစ်ကို ဖန်တီးခဲ့သည်။
သူ သဘာဝလွန်အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် ဝမ်ချီရှန်း၏ သစ္စာဖောက်မှုအကြောင်းက ရှာဖွေတွေ့ရှိသွားပြီး ရှေးဟောင်းမျိုးနွယ်များက သူ့အား အမဲလိုက်ကြသည်။ သူထွက်ပြေးမှု အသေးစိတ်ကိုတော့ အကြမ်းဖျင်းမျှသာ ရေးသားထားသော်လည်း ဝမ်ဝေ့က ထိုထွက်ပြေးမှုသည် သူ့ဘိုးဘေး၏ တားမြစ်ခံစစ်ဆေးမှု ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။ အကြောင်းမှာ မူလတာအိုသည် တားမြစ်ခံတာအို ဖြစ်နေလေ၏။
ဝမ်ဝေ့အနေဖြင့် သိပ်မသေချာသည်မှာ နောက်ထပ် အဖြစ်အပျက်တစ်ခုက သူ့စစ်ဆေးမှုဖြစ်နေနိုင်၍ ဖြစ်သည်။
ရှေးဟောင်းမျိုးနွယ်မှ ထွက်လာပြီးသည့်နောက်တွင် ဝမ်ချီရှန်းက ကျင့်ကြံရေးမိသားစုတစ်ခုမှ ပါရမီထူးကဲသည့် လူငယ်လေးတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။ ထိုနာမည်က လီမင် ဖြစ်ကာ နောက်ပိုင်းတွင် တိုက်ပွဲရူးဧကရာဇ်ဟု လူသိများသူလည်း ဖြစ်၏။
လီမင်၏ မိသားစုက ထူးကဲသည့် ကျင့်ကြံရေးနည်းစနစ်မျိုး ရှိထားသည်။ သို့သော်လည်း သူက ထိုအရာနှင့် မသင့်တော်သည့်အတွက် အပယ်ခံတစ်ယောက်လို ဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ လီမင်က ပါရမီထူးကဲပြီး သူ့ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်သည့် နည်းလမ်းမျိုးကို ဖန်တီးခဲ့သည်။ ထိုအရာက သဘာဝလွန်အဆင့် ကျင့်ကြံသူများနှင့်ပင် ရင်ဆိုင်နိုင်ပြီး သူ့မိသားစုအား လွှမ်းမိုးကာ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
လီမင်နှင့် တွေ့ဆုံပြီးသည့်နောက်တွင် နှစ်ဦးသားက မိတ်ဆွေ ဖြစ်လာခဲ့ကြ၏။ သူတို့၏ တွေ့ဆုံမှုက ကြယ်တာရာထဲတွင် ရေးသားထားသလိုမျိုး ကံကြမ္မာဖန်နေသည့်အလား အချိန်မဖြုန်းဘဲ သွေးသောက်ညီအစ်ကို ဖြစ်လာခဲ့ကြသည်။
လီမင်နှင့် အချိန်များစွာ ကုန်ဆုံးပြီးသည့်နောက်တွင် ဝမ်ချီရှန်းက ခန္ဓာကိုယ်အကြောင်းများစွာ သင်ယူခဲ့ရပြီး သူ့ ကျင့်ကြံရေးနည်းစနစ်အသစ်တွင် အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ကို ဖန်တီးခဲ့ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ ဟာကွက်တချို့ကို ကာမိအောင် ပြုလုပ်ခဲ့သည်။ နှစ်ဦးသားက တည်ရှိနေပြီးသားအဆင့်များကို သုံးသပ်ကာ အပြောင်းအလဲတချို့ လုပ်ဆောင်ခဲ့သည်။
ထို့နောက်တွင် နှစ်ဦးသားက ကမ္ဘာအနှံ့သွားလာပြီး တခြားကမ္ဘာအသိုက်အဝန်းများအထိ ရောက်ရှိခဲ့ကြသည်။ သူတို့က တာအိုဘာသာ၊ ဗုဒ္ဓဘာသာ၊ သွေးမျိုးဆက်၊ သိုင်းပညာ၊ ဝိညာဉ်အစရှိသည်ကို မူတည်ထားသည့် ကျင့်ကြံရေးနည်းစနစ်များကို သင်ယူထားခဲ့ကြရသည်။ သူတို့က ထိုအရာများမှ သင်ယူပြီး ပြီးပြည့်စုံသည့် နည်းစနစ်ကို ဖန်တီးခဲ့၏။
ထိုနည်းစနစ်အသစ်ဖြင့် သူသည် မူလနည်းစနစ်ကို တိုးတက်အောင်လုပ်ခဲ့သည်။ ဝမ်ချီရှန်းက ပင်ကိုစွမ်းရည် သဘောတရားကို ဖန်တီးခဲ့ပြီး မူလနည်းစနစ်ကို ထူးကဲအောင် ပြုလုပ်ခဲ့သည်။
ထို့နောက် နှစ်ဦးသားက တခြားကမ္ဘာ့အသိုက်အဝန်းတွင် အန္တရာယ်နှင့် တွေ့ဆုံခဲ့ရသည့်အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ ကံကောင်းစွာဖြင့် ချမ်းသာကြွယ်ဝသည့် မိသားစုမှ မိန်းမငယ်လေးက သူမ မိသားစု၏ သဘောမတူညီမှုကို လျစ်လျူရှုကာ သူတို့အား ကယ်တင်ပေးခဲ့သည်။ သူမ၏ နာမည်က ယန်းဟိုင် ဖြစ်ပြီး တစ်ရက်တွင် အဆုံးမဲ့လေဟာနယ်တစ်လျှောက် လူသိများခဲ့သည့် ဓားဧကရီ ဖြစ်သည်။
ယန်းဟိုင်နှင့် တွေ့ဆုံပြီးသည့်နောက်တွင် ဝမ်ချီရှန်းက တစ်စုံတစ်ယောက်သည် သူမ၏ ဓားပါရမီကို စည်းပိတ်ထားကြောင်း သိခဲ့ရသည်။ ထိုအကြောင်းကို အလျင်အမြန် စစ်ဆေးပြီးသည့်နောက်တွင် သူမကမ္ဘာ၏ ကောင်းကင်တာအိုက အသိစိတ်ရှိပြီး သူမ၏ ပါရမီနှင့် အနာဂတ်အလားအလာကို ကြောက်ရွံ့ကာ စည်းပိတ်ထားကြောင်း သိလိုက်ရသည်။
ထိုခေတ်ကာလ၏ မှတ်တမ်းများက သိပ်မများလှပေ။ ကြည့်ရသည်မှာ ယန်းဟိုင်၏ မိသားစုနှင့် ပြဿနာတချို့ ရှိခဲ့ဟန်ပေါ်၏။ သို့သော်လည်း သူတို့ သုံးယောက်က အဆုံးမဲ့လေဟာနယ်အတွင်း ခရီးဆက်နှင်ကာ တခြားသော ကောင်းကင်ရွေးချယ်ခံများနှင့် တိုက်ခိုက်ပြီး သူတို့၏ ကျင့်ကြံရေးနည်းစနစ်ကို ပြီးပြည့်စုံအောင် ပြောင်းလဲခဲ့ကြသည်။
သူတို့၏ တာဝန်ကို ပြီးမြောက်ပြီးသည့်နောက်တွင် သုံးယောက်သားက အသင်္ချေအင်ပါယာကမ္ဘာသို့ ပြန်ရောက်ရှိလာကာ ကျင့်ကြံရေးနည်းစနစ်ကို ဆွေကြီးမျိုးကြီးမျိုးနွယ်များအား သတိမထားမိစေဘဲ ဖြန့်ဝေခဲ့ကြသည်။
ထိုဖြစ်စဉ်က မလွယ်ကူလှပေ။ အကြောင်းမှာ ထိုမျိုးနွယ်များသည် မသေမျိုးအဆင့် ပုဂ္ဂိုလ်တချို့ ကျန်ရှိနေသေး၍ဖြစ်သည်။ သို့သော် သူတို့က အသက်ရှင်သန်ခဲ့ပြီး ဖြန့်ဝေပေးနိုင်ခဲ့ကြသည်။ ထို့နောက် ဝမ်ချီရှန်းက ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ပါဝင်ဆင်နွှဲပြီး တာအိုကို သက်သေပြကာ ထာဝရဧကရာဇ် ဖြစ်လာခဲ့သည်။
ထို့နောက် သူက သူ့နောက်ကို လိုက်သည့် ဝမ်မျိုးနွယ်၊ ယန်းဟိုင်နှင့် လီမင်၏ မိသားစုအား ခေါ်ဆောင်ကာ တာအိုအခွင့်အလမ်းဂိုဏ်းကို တည်ထောင်ခဲ့သည်။ သူက ရှေးဟောင်းမျိုးနွယ်အား မျိုးဆက်တချို့ စည်းပိတ်ခဲ့ပြီး သူအောင်မြင်မှုများကို ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ခဲ့သည်။
ထို့နောက် သူက သူ့သွေးသောက်မောင်နှမများ နောက်မျိုးဆက်တွင် တာအိုကို သက်သေပြနိုင်ဖို့အတွက် ကံကြွေးကို ဖယ်ရှားပေးခဲ့သည်။ ကံဆိုးစွာဖြင့် လီမင်သည် ဧကရာဇ်ဖြစ်လာဖို့ရာ အနည်းငယ်ကြာမြင့်ခဲ့၏။
…………………………………….
“ အဲဒါဆိုတော့ ကိုယ့်ဘိုးဘေးက ဘာလုပ်ခဲ့တာလဲ”
“ သူက အများကြီး လုပ်ခဲ့တာပေါ့။ သူ့ကို လူသိများတာက မူလတိုက်ပွဲအတွက် လူသိများတယ်။ သူ ထိပ်သီးအဆုံးစွန်မဲ့ စံပြဖြစ်လာပြီးတဲ့နောက်မှာ ဧကရာဇ်ချီယွမ်က အသင်္ချေအင်ပါယာကမ္ဘာကို ကံကောင်းမှုအများဆုံးအဖြစ် ပြောင်းလဲပြီးတော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ တစ်လျှောက်လုံးရဲ့ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ အဓိကဗဟိုချက်အနေနဲ့ လုပ်ချင်ခဲ့တာ။
တကယ်လို့ သူ အောင်မြင်ခဲ့မယ်ဆိုရင် အသင်္ချေအင်ပါယာကမ္ဘာက ထာဝရဧကရာဇ်အများဆုံး၊ အတုအယောင် ထာဝရဧကရာဇ် အများဆုံးနဲ့ ပထမတန်းစား ဧကရာဇ်အများဆုံး ဖြစ်လာလိမ့်မယ်။ ဟွင်သွမ်းကမ္ဘာတစ်ခုလုံးကို သက်ရောက်မှုရှိစေတဲ့ အဖြစ်အပျက်တွေက ဒါနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်နွယ်နေမှာပဲ။
အသင်္ချေအင်ပါယာကမ္ဘာက ဒီဟွင်သွမ်းကမ္ဘာရဲ့ ဗဟိုချက် ဖြစ်လာလိမ့်မယ်”
“ အဲလိုဆိုတော့ အများကြီးကို ရှင်းပြပြီးသားဖြစ်သွားပြီပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ပင်ကို - ဟော်သဲ့စစ်ပွဲသည် ဤအလွှာတွင် စတင်ခဲ့ပြီး ဤနေရာတွင် အဆုံးသတ်သည်ဟု ကောလဟာလများ ရှိခဲ့ဖူးသည်။ ထို့နောက် ဗုဒ္ဓဘာသာကပ်ဘေးနှင့် မိစ္ဆာမျိုးနွယ် အဆုံးသတ် ဖြစ်ရပ်နှစ်ခုသည်လည်း ဒိုင်မေးရှင်းအမြင့်နှင့် ဆက်နွယ်နေလေ၏။
“ အဲဒါဆိုတော့ သူ အောင်မြင်သွားတယ် ထင်တယ်”
“ ဟုတ်တယ်။ ဒါပေမဲ့ မလွယ်ကူခဲ့ဘူး။ တခြားကမ္ဘာ့အသိုက်အဝန်းက စံပြတွေအားလုံးက ဒီလိုအရာဖြစ်လာဖို့ကို ခွင့်မပြုကြဘူးလေ။ ဒါကြောင့် သူတို့က ပူးပေါင်းပြီးတော့ တားဆီးခဲ့ကြတယ်။
အသင်္ချေအင်ပါယာကမ္ဘာက စံပြအများစုကလည်း ကူညီပေးကြတယ်။ ဒါပေမဲ့ တချို့ကတော့ ဒီလိုမလုပ်ချင်ကြဘူး။ ဒီအပြုအမူက ကမ္ဘာကို အန္တရာယ်ကျရောက်စေနိုင်တယ်လေ။ အဲဒီနောက်မှာ ဒိုင်မေးရှင်းအမြင့်ရဲ့ စံပြတွေက ဒိုင်မေးရှင်းအနိမ့်မှာရှိတဲ့ ကမ္ဘာတချို့က သမိုင်းကြောင်းရဲ့ ဗဟိုချက် ဖြစ်လာတာကို မကြိုက်ကြဘူး”
ဝမ်ဝေ့က ထိုစကားကို ကြားကာ အကြည့်များက နေမင်းထက်ပင် လင်းလက်တောက်ပလာသည် “ မင်းရော အဲဒီတိုက်ပွဲမှာ ဝင်ရောက်ဆင်နွှဲခဲ့သေးလား”
“ မဟုတ်ဘူး။ အဲဒါက ကျွန်မ ခေတ်ကာလမတိုင်ခင်တုန်းကလေ”
ဝူဟုန်က ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ ကျွန်မက ကာလံဒေသံကို ဖြတ်ကျော်ပြီးတော့ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့တယ်။ တကယ်ကို ဒဏ္ဍာရီလာပဲ။ ဧကရာဇ်ချီယွမ်၊ ဓားဧကရီနဲ့ တိုက်ပွဲရူးတို့က စံပြတွေအများကြီးကို တိုက်ခိုက်ပြီးတော့ သတ်ဖြတ်ပစ်ခဲ့ကြတယ်”
ဝမ်ဝေ့က ထိုစကားများကို နားထောင်ရင်း သွေးများ ဆူပွက်လာလေသည် “ ကိုယ်လည်း အဲဒီမှာ ရှိချင်လိုက်တာ”
“ ကျွန်မရောပဲ။ ကံကောင်းတာက ကျွန်မက ဒုတိယမူလတိုက်ပွဲမှာတော့ ပါဝင်ဆင်နွှဲခဲ့တယ်”
“ ဒုတိယအကြိမ် ရှိသေးတာလား”
“ ဟုတ်တယ်။ ချီယွမ်က ဒီတစ်ခေါက်ကျ ဟွင်သွမ်းစကြဝဠာတစ်ခုလုံးမှာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ဗဟိုချက်အနေနဲ့ ဖြစ်စေချင်ခဲ့တာလေ။ အဲဒီတိုက်ပွဲမှာ တခြားဟွင်သွမ်းကမ္ဘာက စံပြတွေအများကြီး၊ မိစ္ဆာနတ်ဘုရားအများကြီးနဲ့ တခြားမျိုးနွယ်တွေလည်း ပါဝင်ခဲ့ကြတယ်။ အဲဒီမျိုးနွယ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ရွှေရောင်ခေတ်ကာလကို စတင်ခဲ့တာပေါ့”
အကယ်၍ မိစ္ဆာကျူးကျော်ခြင်းက ရွှေရောင်ခေတ်ကာလ၏ ရှေ့ပြေးနိမိတ်ဟု ဆိုရလျှင် ဒုတိယမူလတိုက်ပွဲက စတင်ခြင်းဖြစ်ပြီး အကြွင်းမဲ့တားမြစ်ချက်ကမူ အဆုံးသတ် ဖြစ်၏။
ဝူဟုန်က သူမသည် စံပြအများစု သို့မဟုတ် တာအိုအုပ်စိုးသူ၊ ထာဝရဘုရင်များနှင့် မိစ္ဆာနတ်ဘုရားအများစုကို သတ်ဖြတ်ခဲ့သည့် တိုက်ပွဲကို အမှတ်ရနေသေးသည်။ ထို့ကြောင့် ဟွင်သွမ်းကမ္ဘာအများစုက သူမလက်ထဲသာမက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ စံပြများလက်ထဲတွင်လည်း သေဆုံးသွားကြရသည်။
သူတို့ဘက်မှ လူအများစုလည်း ကျရှုံးသွားခဲ့ရသည်။
“ မင်းတို့ အောင်မြင်ခဲ့လား”
“ အောင်မြင်ခဲ့တယ်လို့လည်း ပြောလို့ရတယ်။ မအောင်မြင်ဘူးလို့လည်း ပြောလို့ရတယ်။”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် မေးခွန်းများ ထပ်မမေးရတော့ပေ။ ကြည့်ရသည်မှာ သူမက ထိုအရာကို ပြောချင်သည့်ပုံ မပေါ်ပေ။ ထို့နောက် သူက မူမမှန်မှုတစ်ခုကို တွေ့ရှိသွားသည်။
“ တိုက်ပွဲရူးဧကရာဇ်က ဂိုဏ်းရဲ့ ၆ ယောက်မြောက် ဧကရာဇ်လေ။ သူတာအိုကို သက်သေပြတဲ့အချိန်ဆိုရင် မင်းရှေ့မှာ နှစ်သန်းရာချီလောက်ပဲ ရှိဦးမှာ။ ဘယ်လိုလုပ် သူက စံပြ ဖြစ်နေတာလဲ”
“ မိစ္ဆာကျူးကျော်မှုမတိုင်ခင် ဒိုင်မေးရှင်းအမြင့်ရဲ့ အချိန်ဖွဲ့စည်းပုံက ပိုမြန်ဆန်တယ်။ ပြီးတော့ ဧကရာဇ်ချီယွမ်နဲ့ ဓားဧကရီတို့က တိုက်ပွဲရူးဧကရာဇ်ကို စံပြမြန်မြန်ဖြစ်လာအောင် ကူညီပေးခဲ့ကြတယ်လေ။ သူတို့ရဲ့ အပြုအမူတွေက ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်နဲ့ လိပ်ခွံဧကရာဇ်တွေကြားမှာတော့ ပဋိပက္ခတွေ ဖြစ်ခဲ့တာပေါ့။ ကံကောင်းတာက သူတို့က ဖြေရှင်းနိုင်ခဲ့ကြတယ်”
“ ကိုယ် သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက သူ့ဘိုးဘေးများ၏ ဒဏ္ဍာရီအကြောင်းများကို ကြားရသည်မှာ သဘောကျသည်။ သို့သော်လည်း သူက သူ့ကိုယ်ပိုင်ခရီးလမ်း မဟုတ်သည့်အတွက် အားကျမနာလိုတော့ မဖြစ်ပေ။ သူ့အလှည့်ကျရင်လည်း ထိုထက် လျော့ကျမည်ဟု မထင်ပေ။
“ ကိုယ့်ဆီမှာ မေးခွန်းတွေအများကြီး ရှိနေပေမဲ့ ဒီကိစ္စကိုတော့ ဒီမှာပဲ ရပ်လိုက်ကြမယ်။ ဒါနဲ့ ကိုယ်တို့အကြောင်း ဆက်ပြောရအောင်”
***