စိတ်မလုံခြုံမှုများ
Vol. 41 Ch. 567
ဝမ်ဝေ့က နှလုံးသားနတ်ဆိုးအကြောင်း၊ စိုးရိမ်ပူပန်မှုများနှင့် တာအိုနှလုံးသား၏ ဟာကွက်များအကြောင်းကို ပြောပြခဲ့သည်။ ဝူဟုန်က ဆက်သွယ်ရေးကို မရပ်တန့်ခင် မျက်မှောင်အသာကြုတ်လိုက်၏။
ထို့နောက် သူမက ပျောက်ကွယ်သွားကာ သူ့အခန်းရှေ့ ပေါ်ထွက်လာသည်။ သူက သူမအတွက် အစီအရင်ကို ဖွင့်ပြီးသည့်နောက်တွင် သူမက အထဲဝင်လာကာ မျက်နှာချင်းဆိုင်စကားပြောကြသည်။
ထိုစုံတွဲက တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ထိုင်ကာ ပြောဆိုနေကြသည်။
“ ရှင် ဘယ်လိုခံစားရတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ဖြေရှင်းဖို့ ကျွန်မကို ဘယ်လိုလုပ်စေချင်လဲ” ဝူဟုန်က ပြောလိုက်သည် “ တချို့ကိစ္စတွေက ကျွန်မ ပြောချင်ရင်တောင် ထုတ်ပြောလို့မရတဲ့ ကိစ္စတချို့ရှိတယ်ဆိုတာကို ရှင် နားလည်သင့်တယ်။”
“ အဲဒီအကြောင်းကို ကိုယ်လည်း သိပါတယ်။”
“ အဲဒါဆိုရင် ကျွန်မ ဘာလုပ်ပေးနိုင်မလဲ။ တကယ်လို့ ရှင် အလိုရှိတယ်ဆိုရင် ကျွန်မရဲ့ တည်ရှိမှုကို ရှင်နဲ့ ဆက်နွယ်ပေးလို့ရတယ်။”
“ အဲဒါက ဘာကို ပြောချင်တာလဲ”
“ တကယ်လို့ ရှင် သေရင် ကျွန်မလည်း သေမယ်။ ကျွန်မ သေရင် ရှင်လည်း သေမယ်”
ဝူဟုန်က ဤအရာသည် သူမ၏ ချစ်ခြင်းမေတ္တာကို ပြသဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်မည်ဟု ခံစားမိကာ ဤဆက်ဆံရေးကို ကယ်တင်ဖို့ မည်မျှလုပ်ဆောင်လိုသည်ကိုလည်း ပြသပြီးသား ဖြစ်သွားလိမ့်မည်။ သူမက သူ့အတွက် ထိခိုက်နစ်နာစေမှုမျိုး မဖြစ်လိုပေ။ သူမ၏ အဓိကရည်ရွယ်ချက်က သူ့တွင် ဆိုးဆိုးဝါးဝါးကိစ္စများကို မခံစားဖို့သာ ဖြစ်၏။
တစ်ချိန်တည်းဆိုသလို သူမက သူနှင့် ယခင်အချိန်စက်ဝန်းထက် ပိုမိုစောစီးစွာ တွေ့လိုပြီး လှပသည့် မှတ်ဉာဏ်များကို ဖန်တီးလိုလေသည်။ သူတို့၏ ဆက်ဆံရေးကို အချိုးအကွေ့များဖြင့် မဖြတ်ကျော်လိုပေ။
ဝမ်ဝေ့က သူမလက်ကို ကိုင်ရင်း စိုက်ကြည့်လိုက်သည်။
“ မင်းရဲ့ ချစ်ခြင်းမေတ္တာကို ကိုယ့်အတွက် စတေးပြဖို့ မလိုပါဘူး။ မင်းက ကိုယ့်ကို ချစ်တယ်ဆိုတာကိုလည်း သိတယ်။ ကိုယ့်အတွက် သေပေးရဲတယ်ဆိုတာကိုလည်း သိတယ်။ ကိုယ်ကလည်း အဲ့လိုအတူတူလုပ်မယ်ဆိုတာကိုလည်း မင်းသိတယ်”
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ ဒါပေမဲ့ ကိုယ့်ဆီမှာ စိတ်မလုံခြုံမှုမျိုး ရှိနေတုန်းပဲ။ ပြောရရင် မင်းက ဧကရီဝူလေ။ လှပပြီးတော့ နာမည်ကျော်တဲ့ ထာဝရဧကရာဇ်တစ်ယောက် မဟုတ်သေးဘူး။ အဆုံးစွန်မဲ့ စံပြတစ်ယောက် …
မင်းရဲ့ နာမည်နဲ့ အလှတရားက ကမ္ဘာဦးဟွင်သွမ်းတစ်လျှောက်မှာ ပျံ့နှံ့နေလောက်တယ်။ ကိုယ့်ထက် သာလွန်ပြီး ရုပ်ချောကြတဲ့ ယောက်ျားသား ဘယ်လောက်က မင်းကို တပ်မက်နေကြမလဲဆိုတာကို စိတ်ကူးကြည့်လို့ မရဘူး။ ဒါပေမဲ့ ဘာကြောင့် ကိုယ်လဲ။ ဒီလူတွေကြားမှာ ဘာကြောင့် ကိုယ့်ကို ရွေးချယ်ခဲ့တာလဲ”
ဝမ်ဝေ့က သူမ၏ အကြည့်ကို မရှောင်ဘဲ ထိုစကားများကို ပြောလိုက်သည်။
“ ကိုယ် အဲဒီအကြောင်းကို အများကြီး တွေးခဲ့ဖူးတယ်။ ကိုယ့်အနေနဲ့ ဘာတွေထူးခြားနေလို့ ကိုယ့်ကို ရွေးချယ်ခဲ့တာများလဲ။ ပထမဆုံးရှင်းပြချက်က ကိုယ့်ကိုယ်ကို ကိုယ့်အလားအလာကြောင့် ဖြစ်မယ်ဆိုပြီး အယုံသွင်းခဲ့တယ်။ ဒါပေမဲ့ သေချာလေ့လာကြည့်ပြီးတဲ့နောက်မှာ အဲဒါက ဘာမှအဓိပ္ပာယ်တော့ မရှိဘူး။
ကိုယ့်ရဲ့ စံပြဝိညာဉ်က ထူးခြားတယ်ဆိုပေမဲ့ အဲလိုမျိုး တူညီတဲ့ဝိညာဉ်မျိုး ဒါမှမဟုတ် တူညီတဲ့အရာမျိုးရှိတဲ့ လူအများကြီးလည်း ရှိနေဦးမှာပဲ။ ကိုယ့်နောက်ခံက မင်းရဲ့ အောင်မြင်မှုနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူး။
ကိုယ့်အတွက် ထူးခြားနေတဲ့ တစ်ခုတည်းသောအရာက ကမ္ဘာမြေကဆိုတာပဲ။ ဒါပေမဲ့ ဟုန်ကျွင်းနဲ့ လတ်တလော တွေ့ရှိပြီးတဲ့နောက်မှာ ကိုယ်တစ်ယောက်တည်းတောင် ဟုတ်ပါ့မလားလို့တောင် သံသယဝင်လာမိတယ်”
ဝမ်ဝေ့က ခေတ္တမျှ ရပ်လိုက်ပြီးနောက် အသံတုန်ယင်နေသလို ခံစားမိလိုက်သည်။ ထို့ကြောင့် သူက ထိန်းချုပ်ပြီး ပြောလိုက်၏ “ ကိုယ်အများကြီး တွေးကြည့်ပြီးသွားပြီ။ မင်းက အဲဒီအရာတွေကို ဂရုမစိုက်ဘူးဆိုတာကိုလည်း ကိုယ့်ကို အယုံသွင်းဖို့ ကြိုးစားပြီးပြီ။ မင်း ကိုယ့်ကိုချစ်တယ်ဆိုတာ ကိုယ့်ပုံစံ၊ ကိုယ့်အပေါ်ထားတဲ့ ခံစားချက်ကြောင့် ဖြစ်မယ်ဆိုပြီးတော့လည်း အယုံသွင်းထားခဲ့တယ်။ ဒါပေမဲ့ အဲဒါက လုံလောက်ရဲ့လား။ ဒီကိစ္စတွေအကုန်လုံးက ကိုယ့်ကို မင်းနဲ့ ထိုက်တန်စေရဲ့လား”
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ လတ်တလော နှလုံးသားနတ်ဆိုးနှင့် စကားဝိုင်းအပြီးတွင် တကယ့်ပြဿနာက ဝူဟုန်သည် သူ့ ကျရှုံးမှုကို ကြံစည်နေသည်လား မနေသည်လား ကိစ္စကြောင့် မဟုတ်ပေ။ သူက ထိုအကြောင်းကို ဂရုမစိုက်ပေ။ သူမကို သေချာသိထားပြီး သူမသည် ထိုသို့အရာမျိုး မလုပ်မည်မှန်း သေချာသိထား၏။
အကယ်၍ သူမက လုပ်ဆောင်ခဲ့လျှင်ပင် သူ့အနေနှင့် ချစ်ခြင်းမေတ္တာကို ရှာဖွေဖို့အတွက် သေဆုံးရသည်ဟု စိတ်ထဲမထားပေ။
တကယ့်ပြဿနာက သူတို့၏ ဆက်ဆံရေးအတွင်း လျှို့ဝှက်စွာ တည်ရှိနေသည့် စိတ်မလုံခြုံမှုကြောင့် ဖြစ်၏။ ဝမ်ဝေ့က သူ့အနာဂတ်နှင့် ပတ်သက်သည့်အခါ ယုံကြည်ချက် ပြင်းပြသူဖြစ်သော်လည်း ဝူဟုန်နှင့် ဆက်ဆံရေးတွင် စိတ်မလုံခြုံမှုများစွာ ရှိသည်ကို ဝန်ခံရပေမည်။
သူ့အနေနှင့် ထိုအရာသည် ရှောင်လွှဲမရနိုင်မှန်း သိထားသော်လည်း လျှို့ဝှက်ချက်များက ကိစ္စများကို ပိုမိုကောင်းမွန်မလာစေပေ။ သူတို့၏ အဆင့်အတန်းကြား ကွာဟချက်ရှိနေပြီး ထိုအရာကို မဖြည့်စည်းဘဲ ထိုလျှို့ဝှက်ချက်များကို မရရှိနိုင်ပေ။
“ဟုတ်တယ်။ အဲဒီအရာတွေနဲ့ လုံလောက်ပါတယ်” ဝူဟုန်က သူ့လက်ကိုကိုင်ရင်း ပြန်ဖြေလိုက်သည် “ ရှင့်ကို ချစ်တာက တခြားယောက်ျားသားတွေနဲ့ မတူလို့ပဲ။ ရှင် ကျွန်မရဲ့ခန္ဓာ၊ အလှတရား၊ အင်အား ဒါမှမဟုတ် ဂုဏ်သတင်းကြောင့် လိုချင်တပ်မက်ခဲ့တာမျိုး မဟုတ်ဘူးလေ။
ရှင်က ကျွန်မကို ဂုဏ်သတင်းကျော်စောတဲ့ ဧကရီဝူအစား တကယ့်လူတစ်ယောက်လိုမျိုး ဆက်ဆံပေးခဲ့တယ်။ ကျွန်မ သဘောကျတာ၊ မကျတာကို ကျေနပ်စေဖို့ ရှင်က ပြောင်းလဲဖို့ မကြိုးစားခဲ့ဘူး။ ပြီးတော့ ကျွန်မကို ကျွန်မ မဟုတ်တဲ့ အရာတစ်ခုခုအဖြစ် ပြောင်းလဲဖို့လည်း မကြိုးစားခဲ့ဖူးဘူး။
ရှင်က ကျွန်မကို နာမည်ကျော်စောပြီး မောက်မာတဲ့ အလှလေး ဧကရီဝူကို ရယူဖို့ ဆုလာဘ်အနေနဲ့ ပိုင်ဆိုင်လိုတာ မဟုတ်ဘူးဆိုတာကိုလည်း သိတယ်”
ဝူဟုန်က ထိုစကားများကို ပြောစဉ်အခါက အနည်းငယ် စိတ်ပျက်သည့်အမူအရာမျိုး ဖြစ်နေလေသည်။ သူက ထိုသို့ ယောက်ျားများစွာကို တွေ့ဖူးခဲ့၏။
“ ရှင်က ရှင် ဖြစ်နေလို့ကို ချစ်တာ” သူမက အခိုင်အမာပြောလိုက်ပြီး သူ့လက်ကို အသာဆုပ်ကိုင်လိုက်သည်။ မိုးမြေရုတ်တရက် ပျောက်ကွယ်သွားလျှင်ပင် ထိုလက်ကို မလွှတ်ချင်ပေ။ ထို့နောက် ဝမ်ဝေ့ကလည်း သူမလက်ကို ပြန်လည်ဆုပ်ကိုင်လာ၏။
“ အခု ကျွန်မတို့ ဆက်ဆံရေးကြားမှာ အင်အား မညီမျှမှုကို အသိအမှတ်ပြုတယ်။ ကျွန်မနဲ့ ထိုက်တန်ဖို့ ရှင် လိုအပ်နေတယ်ဆိုတာကို မတွေးစေချင်ဘူး။ ကျွန်မက ရှင့်ကျင့်ကြံရေးခရီးစဉ်မှာ ကူညီပေးတာက ကျွန်မနဲ့ အဆင့်အတန်းတူအောင် မဟုတ်သလို အများအမြင်မှာ သင့်တော်အောင်လို့လည်း မဟုတ်ဘူး။ ဒီအတိုင်း ရှင့်ကိစ္စတွေအားလုံးမှာ ထောက်ပံ့ပေးချင်ရုံလေးပါ။ ရှင်က ကျွန်မအတွက် လုပ်ပေးခဲ့သလိုမျိုး ဒါမှမဟုတ် နောင်မှာ လုပ်ပေးလာမဲ့ပုံလိုမျိုးပေါ့။ ကျွန်မက ရှင် … ကျွန်မတို့ကိုပဲ ပျော်စေချင်တာလေ”
ဝမ်ဝေ့က သူမ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
“ အဲဒီအကြောင်းကို ကိုယ်လည်း သိပါတယ်။ အဲဒါက မင်းကို ချစ်မြတ်နိုးရတဲ့ အကြောင်းအရင်းထဲက တစ်ခုပဲ။ ဒါပေမဲ့ တစ်ခါတစ်ရံကျရင် စိတ်မလုံခြုံမှုတွေက ထွက်ပေါ်လာတတ်တယ်။”
“ ရှင် ဘယ်လိုခံစားရတယ်ဆိုတာကို ကျွန်မ နားလည်ပါတယ်”
“မင်း နားလည်တယ်လား”
“ဒါပေါ့”
“မင်းရဲ့ စိတ်မလုံခြုံမှုက ဘာလဲ”
“ရှင်ကြောင့်လေ”
“ကိုယ်က ရုပ်ချောမှန်း သိပေမဲ့ မင်းကို စိတ်မလုံမခြုံ ဖြစ်စေလောက်အောင်အထိ မဟုတ်ရပါဘူးကွာ။ ပြီးတော့ ကိုယ်တို့မျိုးဆက်က မိန်းကလေးအားလုံးက ကိုယ့်ဆွဲဆောင်မှုမှာ ကျရှုံးသွားမဲ့အစား ကိုယ့်ကို သတ်ချင်နေကြတာချည်းပဲလေ” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည်။
“ အဲဒါက ရှင်က ဂုဏ်ကျက်သရေထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလမှာ မွေးဖွားလာလို့လေ။ ဒီမျိုးဆက်မှာ နောင်အတွက် အရှုပ်အထွေးတွေ ရှိမလာစေအောင် ချစ်ကျွမ်းဝင်မှုအတွက် အချိန်မရှိသလို လိုချင်တပ်မက်စိတ်လည်း မရှိကြဘဲ အားလုံးက ပုလ္လင်အတွက်ပဲ အာရုံစိုက်ထားကြတာလေ။
ဒါပေမဲ့ ရှင် တက်လှမ်းပြီးတာနဲ့ ရှင့်ရဲ့ ရုပ်ရည်၊ အင်အား၊ အပြောချိုချို၊ သဘောထားကြောင့် အမျိုးသမီးဘယ်လောက်က ရှင့်ဆီ ပစ်ဝင်လာမလဲဆိုတာကို တွေးကြည့်လို့ရတယ်”
ဝမ်ဝေ့က အားပါးတရ ရယ်မောလိုက်ပြီးနောက် ဝူဟုန်၏ မျက်နှာအထက် လေးနက်သည့် အမူအရာကို တွေ့လိုက်ရသည်။
“ မင်းက အတည်ပြောနေတာလား”
သူမက နှာခေါင်းရှုံ့လိုက်၏။ တခြားအချိန်စက်ဝန်းတွင် ဝမ်ဝေ့က ယခု သူ ဖြစ်လာမည့် အောင်မြင်မှုမျိုးလောက် မရခဲ့ဘဲ အမြဲလိုလို အေးစက်နေလေ့ရှိသော်လည်း အမျိုးသမီးများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော်လည်း ဤအချိန်စက်ဝန်းတွင် ကိစ္စများက အဆရာချီ ပိုမိုဆိုးရွားလိမ့်မည်ဟု တွေးကြည့်နိုင်သည်။ သူ့အနာဂတ်တွင် ယွမ်ခေတ်ကာလများစွာ နေထိုင်ခဲ့သည့် မသေမျိုး အမျိုးသမီးများကို တွန်းလှန်ပြီး ပြီးပြည့်စုံသည့် တာအိုလက်တွဲဖော်ကို ရှာဖွေရလိမ့်မည်။
“ ရှင့်ကို အခု သတိပေးထားလိုက်မယ်နော်။” ဝူဟုန်က အလေးအနက် ပြောလိုက်သည် “ တကယ်လို့ ရှင် ကျွန်မအပေါ် လှည့်ဖျားရဲရင် ရှင့်ကို သင်းကွပ်ပြီးတော့ ယွမ်ခေတ်ကာလ ထောင်ချီတိုင်အောင် ပြန်လည်ကောင်းမွန်နိုင်စွမ်းကို စည်းပိတ်ထားလိုက်မှာ”
ဂလု
ဝမ်ဝေ့က တံတွေးမျိုချလိုက်ပြီးနောက် သူ့ခြေထောက်ကို ထိလိုက်သည်။ သူ့ဝမ်ဝေ့ငယ်လေးက အချိန်အတော်ကြာ မရှိသည်မှာ နှိပ်စက်သည့်ပုံစံထက်ပင် ပိုမိုဆိုးရွားလေသည်။ ထိုဖြစ်စဉ်က သန့်ရှင်းမည် မဟုတ်သလို နာကျင်မှုအကြောင်း ထပ်မပြောရသေးပေ။
“ ကိုယ်က လီကျွင်းတို့လို လင်းဖန်တို့လို မဟုတ်ပါဘူးကွာ။ အဲလိုအရာမျိုး ဘယ်တော့မှ မလုပ်ပါဘူး”
“ ဒီနေ့ ကတိစကားကို မမေ့နဲ့နော်”
“ ကိုယ် ကတိပေးတယ်” သူက နောက်ကျောမှ ချွေးများစီးကျလာရင်း အလျင်အမြန် ပြောလိုက်သည်။
ထို့နောက် နှစ်ဦးသားက အားပါးတရ ရယ်မောလိုက်ကြ၏။ ဝမ်ဝေ့က သူ့ပုခုံးထက်မှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်မိပြီး သူ့စိတ်က လန်းဆန်းသွားကာ စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းက သိသိသာသာ တိုးတက်လာကြောင်း ခံစားမိလိုက်သည်။
သူ့တာအိုနှလုံးသားရှိ ဟာကွက်က ပျောက်ကွယ်သွားပြီဖြစ်ကာ ဒီထက် မပျော်ရွှင်နိုင်တော့ပေ။
“ ခဏ။ ဒါနဲ့ မင်းက လှည့်ဖျားမဲ့အကြောင်းကိုတော့ ထည့်မပြောပါလား”
“ အမျိုးသမီးက ဘယ်တော့မှ မလှည့်ဖျားဘူး” ဝူဟုန်က မျက်နှာပြောင်ပြောင်ဖြင့် ပြောလိုက်သည် “ အမျိုးသားတွေကပဲ လှည့်ဖျားတာ”
“ ဒါက ကိုယ်ကြားဖူးတဲ့ အဆိုးရွားဆုံး စံနှုန်း နှစ်မျိုးပဲ”
“ ဒါပေမဲ့ အဲဒါအမှန်ပဲလေ”
“ ဘယ်အပေါ် အခြေခံထားတာလဲ”
“ ကျွန်မ ပြောတာလေ”
ထို တုံ့ပြန်မှုကြောင့် ဆွံ့အမိသွား၏။ သို့သော်လည်း ဝူဟုန်က သူ့အား နမ်းလာသည့်အခါ ခုခံဖို့ ခွန်အား ပျောက်ဆုံးသွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို အမျိုးသားများကိုယ်စား ငြင်းဆန်ဖို့ကို လက်လျှော့လိုက်သည်။
ထိုစုံတွဲက ချစ်ကြည်နူးနေကြစဉ် ဧရာမတောင်ပံကြီးနှင့် ငှက်တစ်ကောင်က အဆုံးမဲ့အာကာပြင်အတွင်း ဖြတ်သန်းလာသည်။ ထိုငှက်ကြီးက ထူးခြားလှပြီး ခန္ဓာကိုယ်ထဲတွင် ကမ္ဘာငယ်တစ်ခု ပါရှိ၏။
ရက်အနည်းငယ်ကြာသွားပြီးနောက်တွင် ငှက်က ရုတ်ချည်းဆိုသလို ရပ်တန့်သွားပြီး အထဲရှိလူက ရုတ်ချည်း မျက်လုံးပွင့်လာကာ အပြင်ဘက်တွင် ပေါ်ထွက်လာသည်။
ထိုအမျိုးသားက သူ့လက်ထဲမှာ သံလိုက်အိမ်မြောင်ကို ကြည့်ရင်း ရေရွတ်လိုက်သည် “ ငါတို့ရောက်ပြီလား”
သူက ဘေးပတ်လည်ကို ကြည့်ရင်း တွေးလိုက်သည်
သတင်းအချက်အလက်အရတော့ ငါက ချောက်နက်နား ရောက်နေသင့်ပြီး ကံကောင်းတာက ငါ ထပ်ပြီးတော့ သွားဖို့မလိုတော့ဘူး…
ထိုအမျိုးသားက သံလိုက်အိမ်မြှောင်အတိုင်း လေဟာနယ်ထဲမှ သီးသန့်နေရာတစ်ခုသို့ လိုက်လာခြင်း ဖြစ်၏။ ပထမဦးစွာ ထိုအမျိုးသားက ကျင့်စဉ်တချို့ကို ထုတ်သုံးလိုက်ပြီးနောက်တွင် မဲမှောင်နေသည့် အနက်ရောင်ခေါင်းတလားတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
ထိုအမျိုးသားက ဘာမှမပြောနိုင်ခင် မခုခံနိုင်လောက်ဖွယ် စွမ်းအားတစ်ခုက သူ့အား ဝါးမျိုသွားသည်။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူက မှောင်မဲနေသည့် နေရာလွတ်တစ်ခုအတွင်း ရောက်ရှိနေလေ၏။ သို့သော် သူက ဘေးပတ်လည်ကို ကြည့်ပြီး အခြေအနေကို အကဲမခတ်နိုင်ခင် အသံနက်နက်ကြီးကို ကြားလိုက်ရသည်။
“ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ”
***