ကန့်သတ်ချက် ချိုးဖောက်ရေးကိရိယာ
Vol. 41 Ch. 568
လူအိုကြီးတစ်ဦးက ဆံပင်ဖြူဖြူကို ဆံထုံးသဖွယ် ထုံးထားပြီး မုတ်ဆိတ်ဖြူ ရှိကာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုသူက ကျူးကျော်ကာ ရောက်လာသည့်လူအား ကြည့်နေလေသည်။ သူ့အကြည့်ထဲတွင် တစ်ကမ္ဘာလုံး ပါဝင်နေသလိုမျိုး ဖြစ်ကာ သူ့ရှေ့မှ လူငယ်လေးအား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။
“ ကိုယ်ပွားလား” လူအိုကြီးက အသံနက်နက်ဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူ့အကြည့်များက တောင်တစ်ခုအောက်တွင် စည်းပိတ်ခံထားရသည့် လူငယ်လေးဆီ ကျရောက်သွား၏။
“ နောက်ဆုံးတော့ ပြီးပြည့်စုံတဲ့ နဝမအဆုံးစွန်တာအိုအုတ်မြစ်ကို ရှာတွေ့ခဲ့ပြီပဲ။ သူက အဆင့်(၅) တာအိုဘိုးဘေးစွမ်းအားအထိ မရောက်ပေမဲ့ အဆင့်(၅) တော့ ဖြစ်နေတုန်းပဲ။”
“ ခင်ဗျားက ဘယ်သူလဲ” တိထျန်း၏ ကိုယ်ပွားက ရန်လိုစိတ်ဖြင့် မေးလိုက်သည် “ ကျုပ်ကို ရှာနေတယ်ဆိုတာက ဘာကိုပြောတာလဲ”
သူက ထိုလူ့ပါးစပ်မှ ထွက်လာသည့် စကားများကို နားမလည်ပေ။ တိထျန်းက ဤနေရာကို ရောက်ရှိဖို့ ကံကောင်းမှု အမြောက်အများကို သုံးစွဲခဲ့ရသည်။ ထိုကံကောင်းမှု အမြောက်အများက ဗုဒ္ဓဘာသာနှင့် မိစ္ဆာမျိုးနွယ် ဖျက်ဆီးခံရစဉ်အခါက အိပ်စက်သူများက စုဆောင်းထားသည့် ကံကောင်းမှုများ ဖြစ်၏။
လူများစွာက ထိုအဖွဲ့နှစ်ဖွဲ့၏ ချီကံကောင်းမှုကို စုပ်ယူခဲ့ကြပြီး သူ့အိပ်စက်သူများကလည်း ထိုအခမ်းအနားတွင် ဝင်ရောက်ဆင်နွှဲခဲ့သည်။ သူက ကောင်းကင်တာအို၏ လှည့်ကွက်များအား ရင်ဆိုင်ဖို့ ကံကောင်းမှုကို အသုံးပြုခဲ့သော်လည်း သူ့တွက်ချက်မှုအရ သူ့ကံကောင်းမှုက အသက်ရှင်နိုင်ဖို့နှင့် ပြနလည်ဝင်စားဖို့အတွက်သာ ခွင့်ပြုပေးထားလေသည်။
မဟုတ်ပါက သူသည် မှတ်ဉာဏ် မရှိသည့် တိရစ္ဆာန် သို့မဟုတ် အသက်ရှင်နိုင်ချေ မရှိသည့် ကမ္ဘာတချို့တွင် ပြန်လည်ဝင်စားတာမျိုး ဖြစ်လာနိုင်သည်။ နောက်ဆုံးပြန်လည်ဝင်စားခြင်းတွင် တိထျန်းက ဤတစ်ကြိမ်တွင် မမျှော်လင့်ထားသည့်အရာ ဖြစ်မလာအောင် ကံကောင်းမှု အမြောက်အများ သုံးစွဲခဲ့ရသည်။
ယခုတွင် သူက ကျန်ရှိနေသည့်အရာဖြင့် သူ့အား နဝမမြောက် ပြန်လည်ဝင်စားခြင်းစွမ်းအား၏ ကန့်သတ်ချက်ကို ချိုးဖောက်ကာ ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒကို ရယူဖို့ ကူညီပေးနိုင်သည့် ကံအပြောင်းအလဲ အခွင့်အရေးကို ရှာဖွေလိုခဲ့သည်။
လူအိုကြီးက တိထျန်းကို ချက်ချင်းပြန်မဖြေပေ။ သူ တကယ့်ခန္ဓာကိုယ်အစစ်ကို လေ့လာပြီးသည့်နောက် သူက တစ်စုံတစ်ခုကို အာရုံခံမိသွား၏။
“ နောက်တစ်ယောက်လား” သူက အရင်းအမြစ်ကို ရှာတွေ့သွားသည့်အလား ရေရွတ်လိုက်သည်။ ထို့နောက် သူက ကုတင်ပေါ်တွင် အမျိုးသမီးတစ်ဦးနှင့်အတူ ကိုယ်လုံးတီးရှိနေသည့် ခဲဖြူရောင်ဆံပင်နှင့် လူငယ်လေးတစ်ဦးကို မြင်လိုက်ရသည်။ သို့သော်လည်း ထိုလူအိုကြီးက သူ့ဘေးမှ အမျိုးသမီးသည် သူ့အား စိုက်ကြည့်နေသည်ကို မြင်သည့်အခါ နှလုံးခုန်မြန်သွားမိသည်။
ထူးဆန်းလိုက်တာ။ ထာဝရဧကရာဇ်စွမ်းအားမျိုး ရှိတဲ့ ဒီလူက ငါ့ကို စိုးရိမ်ပူပန်မှု ဘယ်လိုလုပ်ပေးပါလိမ့်။ မဟုတ်သေးဘူး။ သူမက ငါ့ကို ဘယ်လိုလုပ် သတိထားမိသွားတာလဲ။ ဘာကြောင့် သူမက ရင်းနှီးနေသလို ဖြစ်ရတာလဲ…
ထိုအရာကို ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် လူအိုကြီးက ထိုအခြေအနေကို ဆက်လက်မတွေးဖို့ရာ ဆုံးဖြတ်လိုက်သည်။ သူက ဖြုန်းတီးဖို့ရာ အချိန်မရှိပေ။ မြန်မြန်ဆန်ဆန် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ခဲဖြူရောင် လူငယ်လေးက သမာသမတ်မကျသည့် နဝမအဆုံးစွန်တာအို အုတ်မြစ်ကို ရရှိထားကြောင်း တွေ့လိုက်ရသည်။ သို့သော် သူက မပြီးပြည့်စုံသေးဘဲ အဆင့်(၄) အင်အားမျှသာ ရှိနေသေး၏။
သမာသမတ်မကျသည့်နည်းလမ်းဖြင့် ထိုသို့ ရလဒ်မျိုးရသည်မှာ ချီးကျူးစရာကောင်းသော်လည်း ထိုအရာက သူ ရှာနေသည့် အရာမဟုတ်ပေ။ ထိုကောင်လေး၏ ခန္ဓာကိုယ်မှ ထွက်နေသည့် နောက်ထပ် အငွေ့အသက်တစ်ခုကို ခံစားမိ၍ စစ်ဆေးကြည့်လိုက်သည်။
အဆင့်(၃)လား။ ထားလိုက်ပါတော့…
ထို့နောက် လူအိုကြီးက နောက်ထပ် နဝမအဆုံးစွန်အုတ်မြစ်အတွက် အဆုံးမဲ့လေဟာနယ်တစ်ခုလုံးကို ရှာဖွေခဲ့သည်။ သူက ဒိုင်မေးရှင်းအနိမ့်၏ လျှို့ဝှက်ချက်အားလုံးကို တွေ့ရှိခဲ့ရသော်လည်း သူ ရှာနေသည့်အရာ မတွေ့ရပေ။ လူအိုကြီးက ထိုအရာ ပြီးမြောက်သွားပြီးသည့်နောက်တွင် အနည်းငယ် ဖောက်မြင်လုမတတ် ဖြစ်လာသည်။
နောက်ဆုံးတွင် သူက တိထျန်းအား ကြည့်ကာ ပြောလိုက်၏ “ ငါ့နာမည်က တိုင်ကိုးလုံး ကောင်းကင်ဘုံအရှင်လို့ ခေါ်တယ်။ မင်းက ငါ့ကို တိုင်ကိုးလုံးလို့ ခေါ်လို့ရတယ်”
ကိုယ်ပွားက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏ “ လူငယ်မျိုးဆက်တိထျန်းက ကောင်းကင်ဘုံအရှင်ကို ဂါရဝပြုပါတယ်”
“ အဲဒါတွေအတွက် အချိန်မရှိဘူး။ လိုရင်းပဲ ပြောတော့မယ်”
တိုင်ကိုးလုံးက နဝမအဆုံးစွန်အုတ်မြစ်အကြောင်း ရှင်းပြလိုက်သည်။ ထိုအရာထဲတွင် သမာသမတ်ကျသည့်နည်းလမ်းနှင့် သမာသမတ်မကျသည့် နည်းလမ်းနှင့်အတူ အရည်အသွေးအကြောင်းပါ ပါဝင်သည်။
သို့သော်လည်း တိထျန်းက လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်မိလိုက်ပြီးသည့်နောက် သူ့အကြည့်များက သွေးဆာလာ၏။
“ အဲဒါဆိုတော့ ကျွန်တော်က ပြန်ဝင်စားမှု ဘဝ ၉ ခုလုံး ဖြတ်ကျော်စရာမလိုဘူးလို့ ပြောချင်တာလား။ ကျွန်တော် လိုချင်တဲ့စွမ်းအားကို ရဖို့ ကိုယ်ပွား ၉ ခုကို ဖန်ဆင်းလိုက်ရုံပဲလား”
သူက နဝမအဆုံးစွန်အုတ်မြစ်ကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်က သူ့ဇနီးကို အသက်ပြန်သွင်းနိုင်မည့် စွမ်းအား ဖြစ်၏။ အကယ်၍ သူက ထိုပြန်လည်ဝင်စားမှုများကြားတွင် နာကျင်မှုနှင့် ကျရှုံးမှုများကို မခံစားခဲ့ရပါက သူသည် တာအိုကို သက်သေပြပြီးသည်မှာ နှစ်ကာလများစွာ ကြာမြင့်လောက်လေပြီ။
“ ဒေါသမထွက်ပါနဲ့။ သမာသမတ်မကျတဲ့ နည်းလမ်းက ချဉ်းကပ်မှုနှစ်ခုကြားမှာ ကျရှုံးနိုင်ခြေ မြင့်မားတယ်။ ပြီးတော့ ပြီးပြည့်စုံမှု ရရှိနိုင်ခြေကလည်း အဆထောင်ချီ ပိုခက်တယ်။ ပြီးတော့ သံသရာတာအိုက သမာသမတ်ကျတဲ့ နည်းလမ်းအတွက် ပြီးပြည့်စုံတယ်။ ပြီးတော့ ပြန်လည်ဝင်စားမှုတစ်ခုချင်းစီမှာ ဆက်တိုက်အာဟာရဖြည့်လာမှုကြောင့် အောင်မြင်နိုင်ခြေလည်း ပိုမိုမြင့်မားတယ်။
မင်းက တည်ရှိမှုအကြောင်းကို နားလည်ထားတဲ့အချက်က မင်းရဲ့ ကျင့်ကြံရေးမျိုးစေ့ကို စုပ်ယူဖို့ ပိုမိုလွယ်ကူလာစေပြီးတော့ ပြီးပြည့်စုံမှုကို ရရှိဖို့ အောင်မြင်နိုင်နှုန်းကိုလည်း တိုးမြှင့်ပေးတယ်”
ကံဆိုးစွာဖြင့် တိထျန်းက တိုင်ကိုးလုံး ပြောသည့်စကားများကို ဂရုမစိုက်ပေ။ ခဏအကြာတွင် သူက ယခုအချိန်တွင် သူက မည်မျှအချိန်ဖြုန်းခဲ့ကြောင်းသာ တွေးမိနေမိ၏။ ထိုသို့မဟုတ်ပါက သူက သူ့ဇနီး၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ နွေးထွေးမှုကို ခံစားနေရသည်မှာ ကြာမြင့်လောက်လေပြီ။
မည်သို့ပင်ဆိုစေကာမူ သူက အသက်ပြင်းပြင်းရှူကာ အမုန်းတရားနှင့် ဒေါသကို ထုတ်လွှတ်လိုက်သည်။ တိုင်ကိုးလုံးက တိထျန်းသည် ပြန်လည်တည်ငြိမ်လာသည်ကို ကြည့်နေရင်း ထိုသူသည် နဝမအဆုံးစွန်အုတ်မြစ်၏ သမာသမတ်လမ်းစဉ်သို့ မတော်တဆ လျှောက်လှမ်းခဲ့ပြီး ကံကောင်းမှု သို့မဟုတ် တိုက်ဆိုင်မှုတချို့ကြောင့် ပြီးပြည့်စုံသည့် အနေအထားသို့ ရောက်ရှိခဲ့ပြီးဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုကောင်လေး၏ အခြေအနေက ထူးခြားပြီး ပြန်လည်ဝင်စားဖို့ သူ့အား လိုအပ်ကြောင်း သိလိုက်သည်။ သို့သော် သူက ဂရုမစိုက်ပေ။
“ ဒီနေရာကို မင်းကို ခေါ်လာတဲ့ ရည်ရွယ်ချက်ကို နားလည်အောင် ငါ့ဇာတ်ကြောင်းကို ပြောပြမယ်” တိုင်ကိုးလုံးက မိနစ်ပိုင်းကြာ သူ့ဘဝအကြောင်းကို ရှင်းပြခဲ့၏။
သူက ဒိုင်မေးရှင်းအမြင့်တွင် မွေးဖွားခဲ့ပြီး သူ့ဆရာဖြစ်သူ အနီရောင်လံ ကောင်းကင်ဘုံအရှင်က တိုက်ရိုက်တပည့်အဖြစ် ခေါ်ယူခဲ့သည်။ သူ့ဆရာက သူ့အတွက် စံနှုန်းမြင့်မားလွန်းသည့်အတွက် နဝမအဆုံးစွန်အုတ်မြစ်အကြောင်း ချက်ချင်းပြောပြခဲ့သည်။
တိုင်ကိုးလုံးကလည်း စိတ်မပျက်စေပေ။ သူ့ဆရာက ထာဝရဧကရာဇ်တစ်ယောက်အား တန်ကြေးပေးကာ တည်ရှိမှုအကြောင်းကို ဟောပြောပို့ချစေခဲ့ပြီးသည့်နောက်တွင် သူက တစ်စုံတစ်ခုကို နားလည်ခဲ့သည်။
သို့သော်လည်း သူ့ဆရာက သူ့အား အဆင့်(၅) စွမ်းအား သို့မဟုတ် ပြီးပြည့်စုံသည့် စွမ်းအားကို ရလိုစေ၍ အောင်မြင်နိုင်ခြေနည်းပါးသည့် သမာသမတ်မကျသည့် လမ်းစဉ်သို့ မလျှောက်လှမ်းလိုပေ။
တစ်ချိန်တည်းဆိုသလို သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် သမာသမတ်ကျသည့်လမ်းစဉ်ကို အလွယ်တကူ လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ သံသရာနှင့် ပတ်သက်၍ တင်းကြပ်သည့် စည်းမျဉ်းများကြောင့် ဖြစ်၏။ သေမျိုးများက ပြန်လည်ဝင်စားမှုအပြီးတွင် သူတို့၏ မှတ်ဉာဏ်များကို ထိန်းသိမ်းမထားနိုင်ကြပေ။
အကယ်၍ သူတို့သာ မှတ်ဉာဏ်များကို ထိန်းသိမ်းထားလိုပါက ကောင်းကင်ဘုံ သို့မဟုတ် အဆင့်(၁၁) ကျင့်ကြံသူများက သူတို့၏ စွမ်းအားဖြင့် ထိုသေမျိုး၏ မှတ်ဉာဏ်များကို ကာကွယ်ပေးရမည်။ ထို့အပြင် ပြန်လည်ဝင်စားမှု ကိုးကြိမ် ဖြတ်ကျော်ခြင်းက ဒိုင်မေးရှင်းအမြင့်တွင် ရှုပ်ထွေးမှုများစွာ ရှိလာနိုင်သည်။
ထို့ကြောင့် သူ့ဆရာက သူ့အား ဒိုင်မေးရှင်းအနိမ့်သို့ စေလွှတ်ကာ အဆုံးစွန်အုတ်မြစ်ကို ပြီးမြောက်စေခဲ့သည်။ သူက ကျင့်ကြံရေးကို စွန့်ပစ်ပြီး အစမှ ပြန်လည်စတင်ခဲ့သည်။
ထို့နောက် တိုင်ကိုးလုံးက သူ့ဝိညာဉ်၊ စွမ်းအား၊ ခန္ဓာကိုယ်၊ တာအိုနှလုံးသားနှင့် စိတ်စွမ်းအားတို့ကို အထွတ်အထိပ်အခြေအနေအထိ လေ့ကျင့်ပေးခဲ့ပြီး ကျင့်ကြံရေးမျိုးစေ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအရာ၏ တရားဝင်နာမည်က အဆုံးစွန်မျိုးစေ့ ဖြစ်၏။
သူက အားကောင်းသည့် ဧကရာဇ်မျိုးနွယ်များကို ဝင်ရောက်ကာ အရင်းအမြစ်များကို စုဆောင်းခဲ့သည်။ ကန့်သတ်ချက်များအပေါ် မူတည်၍ သူ့ဆရာက သူ့အား များများစားစား ကူညီမပေးနိုင်ခဲ့ပေ။ ထို့နောက် အချိန်ကျလာသည့်အခါ သူက ကောင်းကင်အလိုဆန္ဒကို မလုယူဘဲ ပြန်လည်ဝင်စားခဲ့၏။
ပြန်လည်ဝင်စားခြင်း ၉ ကြိမ်အပြီးတွင် တိုင်ကိုးလုံးက နဝမအဆုံးစွန်အုတ်မြစ်သာ ပြီးမြောက်ခဲ့ခြင်း မဟုတ်ဘဲ အဆင့်(၅) တာအိုဘိုးဘေး၏ တိုက်ပွဲစွမ်းအားကိုလည်း ရောက်ရှိခဲ့သည်။ သို့သော်လည်း တိုင်ကိုးလုံးက မကျေနပ်သေးပေ။ သူ နောက်ဆုံးပြန်လည်ဝင်စားခြင်း ဘဝတွင် ကိုယ်ပွား ၉ ယောက်ကို ဖွဲ့စည်းပြီး သေမျိုးနယ်ပယ်၏ အထွတ်အထိပ်ထိ ကျင့်ကြံကာ စုပ်ယူခဲ့သည်။
သူ့အင်အားက သိသိသာသာ တိုးပွားလာခဲ့၏။ သူ့ တွက်ချက်မှုအရ သူသည် အဆင့်(၅) တာအိုဘိုးဘေးစွမ်းအား ရရှိထားပြီး မဟာတာအိုအရင်းအမြစ်အပေါ် ၄.၉ ရာခိုင်နှုန်း ထိန်းချုပ်မှု ရရှိထားသည်။
နှမြောစရာကောင်းလှသည်က တိုင်ကိုးလုံးက မကျေနပ်သေးပေ။ သူက နဝမအဆုံးစွန်အုတ်မြစ်၏ ကန့်သတ်ချက်ထက် ကျော်လွန်သွားချင်မိသည်။ သူ့ဆရာက သူ့အား ထိုအရာသည် မဖြစ်နိုင်ကြောင်း သတိပေးခဲ့သော်လည်း သူက စမ်းသပ်ကြည့်ချင်မိ၏။ ထို့ကြောင့် သူက သူ့ဆရာအား ပြန်လည်ဝင်စားခြင်း ကိုးကြိမ်အတွက် ကန့်သတ်ချက်များကို ဖယ်ရှားဖို့ နည်းလမ်းကို ရှာဖွေပေးဖို့ တောင်းဆိုခဲ့သည်။
သူ့ဆရာက ဒိုင်မေးရှင်းအမြင့်၏ အဖိုးတန်အရင်းအမြစ်များစွာကို အသုံးပြုကာ သူ့အတွက် မသေမျိုးဝိညာဉ်အဆီအနှစ်ကို သန့်စင်ပေးခဲ့ပြီး သူ့အား ပြန်လည်ဝင်စားခြင်း ၈၁ ကြိမ်ကို ဖြတ်ကျော်စေခဲ့သည်။
တိုင်ကိုးလုံးက သူသည် ကျင့်ကြံရေးမျိုးစေ့ကို ဆက်လက်ဖွဲ့စည်းပြီး ပြန်လည်ဝင်စားခြင်းမှတဆင့် စုပ်ယူနေပါက ကန့်သတ်ချက်ကို ချိုးဖောက်နိုင်ကြောင်း ထင်ထားခဲ့သည်။ သို့သော် သူ မှားယွင်းသွားခဲ့၏။ သူ့တိုက်ပွဲခွန်အားက ၄.၉၉၉ ရာခိုင်နှုန်းအထိ တိုးမြင့်လာသော်လည်း ၅ ရာခိုင်နှုန်းသို့ ဘယ်တော့မှ မရောက်ရှိခဲ့ပေ။ သူက မဟာဧကရာဇ်၏ နယ်ပယ်သို့ မဝင်ရောက်နိုင်ခဲ့ပေ။
ထို့နောက် တိုင်ကိုးလုံးက လူဝင်စားတစ်ခုချင်းစီကို ကန့်သတ်ချက်ကို ချိုးဖောက်ဖို့အတွက် ကိုယ်ပွား ၉ ယောက်ကို ဖွဲ့စည်းခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ သို့သော်လည်း သူက အောင်မြင်လိုသည့်အတွက် လက်မလျှော့ခဲ့ပေ။
သို့သော်လည်း သူ့ဆရာက ဤအရာသည် အသုံးမဝင်ကြောင်း ဖျောင်းဖျခဲ့၏။ ထို့ကြောင့် တိုင်ကိုးလုံးက တာအိုသက်သေပြကာ ထာဝရဧကရာဇ်တစ်ယောက် ဖြစ်လာခဲ့ရသည်။ သူက ဒိုင်မေးရှင်းအမြင့်တွင် အားအကောင်းဆုံး ထာဝရဧကရာဇ်များကြားမှတစ်ယောက် ဖြစ်သည့်အတွက် သူ့ဆရာနှင့် ဂိုဏ်းအား ဂုဏ်ယူစေခဲ့သည်။
သို့သော် တိုင်ကိုးလုံးက ထိုအရာကို ဂရုမစိုက်ပေ။ သူက နဝမအဆုံးစွန်အုတ်မြစ်၏ ကန့်သတ်ချက်ကို ချိုးဖောက်ဖို့နှင့် ပတ်သက်ပြီး စွဲလမ်းနေမိ၏။ ထို့ကြောင့် ထာဝရကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိလာပြီးသည့်နောက်တွင် သူက ကမ္ဘာဦးဟွင်သွမ်းထဲ ဝင်ရောက်ကာ နည်းလမ်းကို ရှာဖွေခဲ့၏။
သူက ကျင့်ကြံရေးကို စွန့်ပစ်ပြီး အစမှတစ်ကြိမ် ပြန်လည်စတင်ဖို့အထိပင် ပြင်ဆင်ထားခဲ့သည်။ ဤလောက်အထိ သူက ဆုံးဖြတ်ထားခဲ့၏။ ထို့နောက် သူ ရှာဖွေလိုသည့် အရာကို တွေ့ရှိခဲ့သည်။ နှမြောစရာကောင်းလှသည်က မိစ္ဆာနတ်ဘုရားသည်လည်း ထိုအရာကို လိုချင်နေလေ၏။ တိုက်ပွဲအပြီးတွင် မိစ္ဆာနတ်ဘုရားက သူ့အား သတ်ဖြတ်ခဲ့ပြီး သူ့တည်ရှိမှု၊ သမိုင်းကြောင်းနှင့် ပတ်သက်သည့် အရာအားလုံးကို ရှင်းထုတ်ပစ်ခဲ့သည်။
တိုင်ကိုးလုံး၏ ဤမျှအသက်ရှင်နေသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ့လက်ထဲတွင် ရှိထားသည့် ထူးကဲသည့် ရတနာနှင့် ထိုကန့်သတ်ချက်ကို ချိုးဖောက်နိုင်မည့် အမွေဆက်ခံသူကို ရှာဖွေလိုသည့် စွဲလမ်းမှုကြောင့် ဖြစ်သည်။
သူက စွမ်းအားမကျန်ရှိလောက်အောင် နည်းပါးနေသော်လည်း သူ့အချိန်အများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးခဲ့ပြီး ကမ္ဘာကြီးအနှံ့ဖြန့်ကျက်ထားသည့် အမွေအနှစ်ကို ရှာတွေ့ဖို့ ထိုက်တန်သည့် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ထိုလူက သူ့တံခါးဝသို့ ကိုယ်တိုင်ရောက်လာလိမ့်မည်ဟု ထင်မထားမိပေ။
တိုင်ကိုးလုံးက လက်မြှောက်လိုက်သည့်အခါ တင်းနစ်ဘောလုံးအရွယ် ခရမ်းရောင်သတ္ထုလုံးတစ်ခု ထွက်ပေါ်လာသည်။
“ ဒါက အလွန်ရှားပါးတဲ့ ကန့်သတ်ချက်ချိုးဖောက်ရေး ကိရိယာလို့ခေါ်တဲ့ ကမ္ဘာဦးဟွင်သွမ်းရတနာပဲ။
ဒါရဲ့ ရည်ရွယ်ချက်က ကန့်သတ်ချက်တွေ၊ တားဆီးချက်တွေကို ချိုးဖောက်ဖို့ပဲ။ မိစ္ဆာနတ်ဘုရားက မွေးဖွားလာကတည်းက စည်းမျဉ်းတွေနဲ့ ကန့်သတ်ခံထားရတယ်။
အဲဒါကြောင့် ဒီအရာက သူတို့ရဲ့ သွေးမျိုးဆက် ကန့်သတ်ချက်ကို ဖယ်ရှားပေးနိုင်တဲ့အတွက် ဒီလိုရတနာမျိုးကို သဘောကျကြတယ်။ မဟာဧကရာဇ်၊ ကောင်းကင်ဘုံအဆင့်နဲ့ စံပြတွေကလည်း သူတို့ရဲ့ ပါရမီကန့်သတ်ချက်တွေကို ချိုးဖောက်ဖို့ ဒီလိုအရာမျိုးကို အသုံးပြုပြီး မြင့်မားတဲ့ ကျင့်ကြံဆင့်ကို တက်လှမ်းကြတယ်။ ဒီထူးကဲတဲ့ ကန့်သတ်ရေးချိုးဖောက်ရေး ကိရိယာက စံပြကို အထက် အဆင့်ရောက်အောင် တက်လှမ်းနိုင်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ ကောလဟာလတွေရှိခဲ့ဖူးတယ်။ ဒါကတော့ အဓိပ္ပာယ်မရှိဘူးလို့ ထင်တယ်”
တိထျန်းက ထိုလူ၏ စကားအများစုကို နားမလည်ပေ။ သို့သော်လည်း သူက တားမြစ်ချက်ဖယ်ရှားခြင်း သဘောတရားကို နားလည်လိုက်၏။
“ အဲဒါဆိုတော့ ဒါက ဘယ်ကန့်သတ်ချက်မဆို ဖယ်ရှားပေးနိုင်တယ်လို့ ပြောတာလား”
“ ဟုတ်တယ်”
“ အဲဒါဆိုတော့ တားမြစ်ချက်အတွက်ရော အတူတူပဲလား”
“ မင်းက ဘာကိုပြောချင်တာလဲ”
“ တကယ်လို့ တစ်ယောက်ယောက်က ဒီဟာကို အသုံးပြုပြီးတော့ သူတို့တွေ တားမြစ်ချက်ထဲ ပါနေတဲ့ အကန့်အသတ်ကို ချိုးဖောက်ဖို့ရော ဖြစ်နိုင်ပါ့မလား”
တိုင်ကိုးလုံးက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
“ အဲဒါက တားမြစ်ချက်အပေါ် မူတည်တယ်”
“ ပြီးပြည့်စုံတဲ့ တားမြစ်ချက်”
သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုက ပို၍ပင်ထင်ရှားလာသည်။
“ အဲဒါကလည်း တားမြစ်ချက်ရဲ့ အဆင့်အပေါ်မှာ မူတည်တယ်”
“ အဲဒါက ဘာကိုပြောချင်တာလဲ”
“ ပြီးပြည့်စုံတဲ့ တားမြစ်ချက်က ရှုပ်ထွေးတယ်။ ဒါပေမဲ့ သေမျိုးနဲ့ မသေမျိုး ပြီးပြည့်စုံမှုဆိုပြီးတော့ ပြန်လည်ခွဲခြားလို့ရတယ်”
တိထျန်းက အလျင်အမြန် လှုပ်ရှားကာ တိုင်ကိုးလုံးအား သူ့ဇနီးပါဝင်သည့် သူ့မှတ်ဉာဏ်အား ပြသပြီး သူမက မည်သည့်ပြီးပြည့်စုံသည့် အဆင့်လဲဟု မေးခဲ့သည်။
“ သူမက ထိပ်သီးသေမျိုး ပြီးပြည့်စုံမှု ဖြစ်ပုံပဲ”
“ အဲဒါဆိုတော့ ကန့်သတ်ချက်ချိုးဖောက်ရေး ကိရိယာက သူမအပေါ် အလုပ်ဖြစ်နိုင်ပါ့မလား”
“ ဖြစ်နိုင်တယ်” တိုင်ကိုးလုံးက မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ ငါက မင်းဇနီးကို ပြန်လည်အသက်သွင်းဖို့ပေးတာ မဟုတ်ဘူး။ ဒါကို နဝမအဆုံးစွန်အုတ်မြစ်ရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်လို့ရအောင် ပေးတာ”
“ ဒါပေမဲ့…”
တိုင်ကိုးလုံးက လက်မြှောက်ကာ တားဆီးလိုက်သည်။ သူက ခရမ်းရောင်သတ္တုလုံးအား လက်ညှိုးထိုးလိုက်သည့်နောက်တွင် သင်္ကေတများစွာ ပေါ်ထွက်လာပြီး ထိုအရာနှင့် ပေါင်းစပ်သွားသည်။
“ ငါက ဒီအရာကို နဝမအဆုံးစွန် ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ပဲ အသုံးပြုလို့ရအောင် စည်းတံဆိပ် ချထားတယ်။ မဟုတ်ရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး”
တိထျန်းက ထိုအရာကို ကြားပြီး အမူအရာ ပျက်ယွင်းသွားသည်။ တိုင်ကိုးလုံးက တိတ်တဆိတ် ခေါင်းခါလိုက်မိ၏။ သူက ထိုလူကို ရွေးချယ်မိသည့်အတွက် ရုတ်ချည်း နောင်တရလာမိသည်။ ကံဆိုးစွာဖြင့် သူသည် သင့်တော်သည့် အမွေဆက်ခံသူကို ရှာတွေ့ဖို့ရာ အချိန်အကြာကြီး စောင့်နေခဲ့ရသည်။
တိုင်ကိုးလုံးက သူ မည်မျှကြာရှည်ခံမည်ကို မသိပေ။ သို့သော် ယခု သူ နိုးထလာမှုဖြင့် သူ ကြာရှည်ခံမည်မဟုတ်မှန်း သိလိုက်သည်။
ငါ သူ့ကို တခြားအမွေအနှစ်တွေ ပေးဖို့တော့ မလိုဘူးထင်တယ်…
သူ့ခေါင်းတလားက အင်မတန် အဖိုးတန်လှသည်။ သို့သော် သူက ထိုအရာကို သူနှင့်အတူ မြှုပ်နှံဖို့ ဆုံးဖြတ်ထား၏။ မည်သို့ပင်ဆိုစေကာမူ သူက နောက်ဆုံးတစ်ခုလုပ်ဖို့ရာ လိုအပ်နေသေးသည်။
“ ငါက ဒသမအဆုံးစွန်အုတ်မြစ်အကြောင်းကို တစ်ဘဝလုံး လေ့လာခဲ့တာ။ ငါ သိလိုက်တဲ့ လိုအပ်ချက်တစ်ခုက အနည်းဆုံး ဧကရာဇ်အရည်အသွေး ဝိညာဉ်ရှိပဲ ”
တိုင်ကိုးလုံးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဆေးပြင်းမီးဖိုတစ်ခုကို ဖော်ထုတ်လိုက်သည် “ ဆေးပြင်းမီးဖိုက မင်းကို ပင်ကိုဧကရာဇ်အရည်အသွေး ဝိညာဉ်ရအောင် ကူညီပေးလိမ့်မယ်”
တိထျန်းက သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ကာ အတွေးများကို ဝှက်ထားလိုက်သည်။ ထို့နောက် သူက လေးလေးစားစား တွေးလိုက်၏ “ ဟော်သဲ့(တမင်လုပ်ယူ)နဲ့ ပင်ကိုဧကရာဇ် ဝိညာဉ်ကြားမှာ ကွာခြားချက် ရှိလား”
သူက မဟာဧကရာဇ်သည် မဟာတာအိုအရင်းအမြစ်ကို ရယူပြီးသည့်နောက်မှသာ ထိုသို့ အရည်အသွေးမျိုး ရရှိနိုင်ကြောင်း သိထားလေသည်။ သို့သော် တိုင်ကိုးလုံး၏ စကားက ကွာခြားချက်ရှိကြောင်း အရိပ်အမြွက် ပြောပြနေသလို ခံစားနေမိသည်။
“ ရှိတယ်။ ပင်ကိုဧကရာဇ်၊ ကောင်းကင်ဘုံအဆင့်နဲ့ ရှားပါးတဲ့ စံပြအရည်အသွေးဝိညာဉ်တွေက ကျင့်ကြံဆင့်ကတဆင့် ရယူတဲ့ ပါရမီ ထူးကဲတဲ့သူတွေထက် ပိုပြီးတော့ ထူးခြားတယ်”
ဝိညာဉ်အရည်အသွေး မြင့်မားခြင်းက နားလည်နိုင်စွမ်းကို မြှင့်တင်နိုင်သည်။ သို့သော် မြင့်မားသည့် ဝိညာဉ်ဖြင့် မွေးဖွားလာသည့်သူများက ကျင့်ကြံခြင်းမှတဆင့် ရယူထားသည့်သူများထက် ပိုမို ပါရမီထူးကဲသည်။
“ သူတို့က မဟာတာအိုအရင်းအမြစ်ကို ရယူပြီးတဲ့နောက်မှာ အတော်လေးကို အင်အားကောင်းလာလိမ့်မယ်” တိုင်ကိုးလုံးက ပြောလိုက်သည်။
“ ငါ့ဆီမှာ အချိန်သိပ်မရှိဘူး။ ဒီဆေးပြင်းမီးဖိုက မင်းရဲ့ဝိညာဉ်ကို ပင်ကိုဧကရာဇ်ဝိညာဉ်အဖြစ် သန့်စင်ပေးပြီးတော့ မင်းရဲ့ နားလည်နိုင်စွမ်းကို လက်ရှိအနေအထားထက် ကျော်လွန်အောင် လုပ်ပေးလိမ့်မယ်။
အဲဒီအခါ မင်းက ကန့်သတ်ချက် ချိုးဖောက်ရေး ကိရိယာရဲ့ စွမ်းအားကို တောင့်ခံပြီးတော့ ဒသမအဆုံးစွန်အုတ်မြစ်ကို ရယူလိုက်ရုံပဲ” တိုင်ကိုးလုံးက အကြည့်များ တောက်ပလျက် ပြောလိုက်သည်။
***