ဒီလူက တုံးအနေအောင် ဘယ်လိုအယောင်ဆောင်ရမလဲ သိသား
Vol. 30 Ch. 406
“သစ်သားဓာတ်ပျော်ဝင် ဆေးလုံးကို သတ္တုဓာတ် ဆေးလုံးဆရာပဲ ဖော်စပ်နိုင်တာလား” မိုဝူကျီက မေးလိုက်သည်။
သူက ကျောက်စိမ်းလွှာ တစ်ခုကို ထျန်းချီအိမ်တော် သခင်ယန်ဟွေ့မင် ဆီမှ ရရှိလာသည်။ ကျောက်စိမ်းလွှာပေါ်တွင် ကျန်းရှင်း၏ သတ္တုဓာတ် ဆေးလုံးဆရာများ အားလုံးကို အင်မော်တယ် ဆေးလုံးတောင်ကြားမှ လိုင်ဝမ်ရှင်းက ခေါ်ဆောင်သွားသည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ထိုအထဲတွင် သူ့အဘိုးဖြစ်သည့် မိုထျန်းချန်လည်း ပါဝင်ပေသည်။
သူက လိုင်ဝမ်ရှင်းသည် အဘယ်ကြောင့် သတ္တုဓာတ် ဆေးလုံးဆရာများ ခေါ်ဆောင်သွားကြောင်း နားမလည်သော်လည်း ယခုအခါ အပြည့်အဝ နားလည်သွားလေပြီ။ ထိုလိုင်ဝမ်ရှင်းမှာ အင်မော်တယ်တပိုင်းနယ်ပယ်နှင့် ဆက်စပ်နေပြီး ထိုဆေးလုံးဆရာများကို ခေါ်ဆောင်သွားသည့် ရည်ရွယ်ချက် တစ်ခုသာ ရှိလေသည်။ သစ်သားဓာတ်ပျော်ဝင် ဆေးလုံး ဖော်စပ်ဖို့ရာ ဖြစ်သည်။
သူက မိုထျန်းချန်နှင့် သွေးသား တော်စပ်နေလေသည်။ ယခု သူက မိုထျန်းချန်အကြောင်း တစ်ခု သိလိုက်ရ၍ သေချာပေါက် ဤအတိုင်း ထားမထားနိုင်ပေ။
“မဟုတ်ရင် သစ်သားဓာတ်ပျော်ဝင် ဆေးလုံးက ဘာလို့ အဲဒီလောက် အဖိုးတန်နေပါ့မလဲ”
မိုဝူကျီ ကြောင်အအ ဖြစ်နေသည်ကို မြင်ပြီး ကျာချီက မိုဝူကျီသည် သစ်သားဓာတ်ပျော်ဝင် ဆေးလုံး ဖော်စပ်ဖို့ရာ လိုအပ်ချက်များကို ကြားပြီး အံ့ဩသွားသည် ဟုသာ တွေးမိလိုက်သည်။
မိုဝူကျီက လိုင်ဝမ်ရှင်း ဤနေရာမှာ ရှိကြောင်း တည့်တိုး မမေးပေ။ သူသိလိုလျှင်ပင် မသိမသာ တီးခေါက်ကြည့်ရမည် ဖြစ်သည်။
“တာအိုရောင်းရင်း ကျာချီက ဘာလို့ ဒါတွေပြောပြနေတာလဲ” မိုဝူကျီက တည်ငြိမ်သွားပြီး ကျာချီက ရုတ်တရက်ကြီး စိတ်ပြောင်းလဲသွားကာ သူ့ကို ဤအကြောင်းအရာများ ပြောပြလိမ့်မည်ဟု မယုံပေ။
ကျာချီက နဂိုအတိုင်း ပြောလိုက်သည် …
“ဘာလို့လဲဆိုတော့ ရှင့်အကူအညီ လိုနေလို့ ... ကျမက အမြဲတမ်း ကျောက်တုံးနက်ရတဲ့ ပမာဏနည်းတော့ ဘယ်သူကမှ တွဲဖက် မလုပ်ချင်ကြဘူး။ ပြီးတော့ ရှင်မှာ တွဲဖက် ရှိတယ်ဆိုရင် ကျောက်တုံးနက် တွေ့ရင်တောင် ဘယ်သူကမှ လုယူဖို့ ကြိုးစားမှာ မဟုတ်ဘူး ... ”
“အဲဒါဆို ကျုပ်နဲ့ တွဲဖက် ဆက်ဖြစ်ချင်တာလား” မိုဝူကျီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေသောကြောင့် ကျာချီနှင့် တွဲဖက် ဖြစ်ဖို့ရာ မလိုပေ။
“ ဟုတ်တယ်။ ရှင်လဲ သိမှာပါ... ကျမ အပြင် အင်မော်တယ်တပိုင်းနယ်ပယ် တစ်ခုလုံးမှာ ရှင်နဲ့ တွဲဖက် လုပ်ချင်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။ တစ်ယောက်မှ ရှင်နဲ့ အဖွဲ့လာမဖွဲ့ရင် နှစ်ဝက်တောင် ခံမှာ မဟုတ်ဘူး။ ကျမကို မယုံရင် ဝိညာဉ်စွမ်းအားကို လှည့်ပတ်ကြည့်လိုက် ... ရှင့်ဝိညာဉ် လမ်းကြောင်းထဲ အထူး သစ်သား စွမ်းအားတွေ ရှိလား၊ မရှိလား ကြည့်ကြည့်လိုက်ပေါ့ ...”
ကျာချီက မိုဝူကျီကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
မိုဝူကျီက သူ့ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်ကို တိတ်တဆိတ် အသုံးပြုလိုက်သည်။ ထိုချီသွေးကြောများ အတွင်း၌ သူ တစ်ခါမျှ မတွေ့ဖူးသည့် သစ်သားဓာတ် စွမ်းအား တစ်ခု အပိုရှိနေကြောင်း သတိထား မိလိုက်သည်။
ဖြစ်နိုင်တာ အထူးသစ်သား စွမ်းအားများလား ...
မိုဝူကျီက မျက်မှောင်ကြုတ်ကာ သူ့အဆိပ်ဖြေ ချီသွေးကြော အပါအဝင် ချီသွေးကြောများ အားလုံးဆီ လှည့်ပတ်ခြင်းကို အရှိန်မြင့်တင် လိုက်သည်။ အသက်တစ်ရှိုက်စာ အတွင်း ထိုသစ်သား စွမ်းအားမှာ သူ့အဆိပ်ဖြေ ချီသွေးကြောဆီ ရောက်ရှိသွားပြီး မျက်စိတစ်မှိတ် အတွင်း သန့်စင်သော ဝိညာဉ်စွမ်းအား အဖြစ် ပြောင်းလဲ သွားတော့သည်။
ဒီစွမ်းအားကို အဆိပ်အဖြစ် ယူဆလို့ ရတာပဲ ... မိုဝူကျီက အရေးကြီးတာ တစ်ခု ရှာဖွေ တွေ့ရှိသွားလေ၏။ သူ့တွင် သစ်သားဓာတ် ပျော်ဝင်ဆေးလုံး မရှိလျှင်ပင် သူက ထိုအထူးသစ်သား စွမ်းအားကို ကြောက်စရာ မလိုပေ။ ကိုယ်ပိုင် ကျင့်စဉ် ဖန်တီးနိုင်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။ အင်မော်တယ် မော်တယ် ကျင့်စဉ်၏ ပြောင်းပြန်ကျင့်စဉ်သည် အမှန်ပင် တခြားသော ကျင့်စဉ်များထက် ပိုမိုသာလွန်နေသည်။
မိုဝူကျီ မျက်မှောင်ကြုတ် လိုက်သည်ကို မြင်သည့်အခါ ကျာချီက ဆက်ပြောလိုက်သည် …
“ရှင်လည်း အဲဒီအထူး သစ်သားစွမ်းအားကို ခံစားမိတယ်မလား။ ကျမနဲ့ အဖွဲ့ဖွဲ့ပါ။ ရှင်အတွက် ကျင့်ကြံဖို့ စိတ်စွမ်းအင် ကျောက်တုံးအချော ရမယ်လို့တော့ အာမ မခံပေမဲ့ အနည်းဆုံးတော့ ရှင့် ဝိညာဉ် လမ်းကြောင်းတွေ သစ်သားအဖြစ် ပြောင်းမသွားတာပေါ့ ...”
မိုဝူကျီက သူ့တွင် ဝိညာဉ်လမ်းကြောင်း မရှိဘဲ သူ့အဆိပ်ဖြေ ချီသွေးကြော ရှိနေသည့်အတွက် ချီသွေးကြောများမှာ သစ်သားအဖြစ် ပြောင်းလဲသွားမှာ မဟုတ်မှန်း သိသည်။ သူက ထိုအထူးသစ်သား စွမ်းအားကို ကြောက်နေစရာ မလိုအပ်ပေ။ သို့သော်လည်း သူက ကျာချီကို တိုက်ရိုက် မငြင်းပယ်လိုက်ချေ။ အကယ်၍ ဤအမျိုးသမီးမှာ ကျောက်တုံးနက်ကို တစ်ယောက်တည်း တူးဖော်နိုင်လျှင် သူမမှာ သေချာပေါက် ရိုးရှင်းမည် မဟုတ်မှန်း သိထားသည်။
“အဲဒါဆို သစ်သားဓာတ်ပျော်ဝင်ဆေးလုံး တစ်လုံးက ဘယ်လောက် ကြာရှည်ခံလဲ” မိုဝူကျီက အေးအေးဆေးဆေး မေးလိုက်သည်။
မိုဝူကျီ တည်ငြိမ်လာသည်ကို မြင်၍ ကျာချီက …
“အဲဒါက ရှင်ကျင့်ကြံတဲ့အပေါ် မူတည်တယ်။ ရှင်က အချိန်အများစုကို ကျင့်ကြံနေမယ် ဆိုရင်တော့ အထူး သစ်သားစွမ်းအားကို ပိုစုပ်ယူမိလိမ့်မယ်။ အဲဒီလိုကျရင် ရှင့်အနေနဲ့ တစ်လတည်းမှာ ဆေးလုံးဆယ်လုံးအထိ ဖြစ်သွားနိုင်တယ်။ တကယ်လို့ မကျင့်ကြံဘဲနဲ့ စွမ်းအား ထိန်းထားရုံလောက်ဆိုရင် ဆေးလုံး တစ်လုံးက နှစ်လလောက် ခံတယ်။ ကျောက်တုံးနက် တစ်တုံးကို ဆေးလုံး သုံးလုံး လဲလို့ရတယ် ... ”
မိုဝူကျီက ပြောလိုက်သည် …
“အဲဒီလို ပြောရမယ်ဆိုရင် စိတ်စွမ်းအင် ကျောက်တုံး အချောသုံးတုံးလောက်က သစ်သားဓာတ် ပျော်ဝင်ဆေးလုံး တစ်လုံး ရတာပေါ့ ... ”
ကျာချီက ခေါင်းခါပြကာ …
“တကယ်လို့ စိတ်စွမ်းအင် ကျောက်တုံးအချောနဲ့ ဝယ်မယ်ဆိုရင်တော့ ဆယ်တုံး လိုအပ်တာ။ အဲဒါတောင် သစ်သားဓာတ် ပျော်ဝင်ဆေးလုံး အနိမ့်ဆုံး အဆင့်ပဲ ရဦးမှာ။ အတော်လေးကို နည်းတဲ့ အုပ်စုက လွဲရင် သာမန်လူတိုင်းက သစ်သားဓာတ် ပျော်ဝင်ဆေးလုံးကို စိတ်စွမ်းအင် ကျောက်တုံးအချောနဲ့ မရောင်းကြဘူး ... ”
ကျာချီက မိုဝူကျီကို ထပ်ရှင်းပြဖို့ရန် မလိုအပ်တော့ပေ။ ကျောက်တုံးနက်၏ တန်ဖိုးမှာ စိတ်စွမ်းအင် ကျောက်တုံးအချော ဆယ်တုံးထက် ပိုအဖိုးတန်ကြောင်း သိသာနေလေပြီ။
“အဲဒီလိုဆို ခင်ဗျားနဲ့ အလုပ်လုပ် အတူတူ တွဲလုပ်ရင် ရလာတဲ့ ကျောက်တုံးနက်ကို ဘယ်လိုခွဲမှာလဲ ...” မိုဝူကျီက ထွက်ပြေးသွားသည့် ကျောက်တုံးနက် အကြောင်း စဉ်းစားမိလျှင် တွဲဖက် ရှာလိုက်ခြင်းက မဆိုးကြောင်း ခံစားမိသည်။ သူက ကျောက်တုံးနက်များကို ရှာရန် ပြဿနာ မရှိသော်လည်း တစ်ခုတည်းသော ပြဿနာမှာ ကျောက်တုံးနက်များ တူးယူသည့် ကိစ္စဖြစ်ပေသည်။
ကျာချီက မိုဝူကျီ စကားကို ကြားသည့်အခါ ခေါင်းခါလိုက်ပြီး မထူးမခြားနား ပြောလိုက်လေသည်
“ရှင့်မှာ ရွေးချယ်စရာ မရှိဘူး။ ရှင် အသက်ဆက်ရှင်ချင်ရင် ကျမနဲ့ တွဲလုပ်ရမှာပဲ။ ကျောက်တုံးနက် ခွဲဝေပေးရဖို့ အတွက်တော့ အဲဒီလိုကိစ္စ ရှိလာမှာ မဟုတ်ဘူး။ လတိုင်းအတွက် ရှင့်ကို သစ်သားဓာတ် ပျော်ဝင်ဆေး တစ်လုံးတော့ ပေးမယ် ... ”
မိုဝူကျီက ဒေါသပေါက်ကွဲလု မတတ် ဖြစ်လာပြီး …
“အဲဒီလိုဆိုတော့ ကျုပ်က သုံးလနေရင် ကျောက်တုံးတစ်တုံးပဲ ရတာနဲ့ အတူတူပေါ့။ တာအိုရောင်းရင်း ကျာချီကို တစ်ခု မေးပါရစေဦး ဒီတစ်ခေါက် ကျောက်တုံးနက် ဘယ်လောက်များ ရခဲ့တုံး ... ”
ကျာချီက မိုဝူကျီကို ကြည့်ကာ သူမမျက်လုံးတွင် မယုံကြည်သည့် အရိပ်အယောင်များ ရှိနေပြီး “အဲဒါ ရှင့်ကိစ္စမဟုတ်ပါဘူး။ ကျမ ရှင်နဲ့တွဲလိုက်တာက မိုင်းတွင်းမှာ နေရာ ရအောင်လို့ပဲ။ ရှင့်အကူအညီ တကယ် မလိုပါဘူး။ အခြားစကားနဲ့ဆိုရင် ကျမက ရှင့်ကို ကူညီပေးနေတာလေ ... ”
“အဲဒါဆို ထားလိုက်တော့ ... ကျုပ်လည်း ခင်ဗျား အကူအညီ မလိုဘူး။ နှုတ်ဆက်ခဲ့ပါတယ် ...”
ထိုသို့ပြောပြီး မိုဝူကျီက လှည့်ထွက်သွားတော့သည်။ သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ပိုင်ဆိုင်ထားသည့် အတွက် မိုင်းတွင်း နေရာ မရလျှင်ပင် ကျောက်တုံးနက် ရှိနေသရွေ့ စွန့်ပစ်ထားသည့် မိုင်းတွင်းများ၌ တူးနိုင်လေသည်။
ကျာချီက ခဏတာ ကြောင်အမိသွားသည်။ သူမက မိုဝူကျီသည် သူမနှင့် အလုပ်တွဲလုပ်မှသာ အသက်ရှင်နိုင်မည် ဖြစ်ကြောင်း သေချာ ပြောပြထားပြီးပြီ ဖြစ်၏။ မိုဝူကျီက သူမကို အမှန်တကယ် ငြင်းပယ်လိမ့်မည်ဟု ထင်မထားပေ။
“အဲဒါဆို ရှင်က ဘယ်လိုခွဲချင်တာလဲ” ကျာချီက အရှိန်နှုန်းမြှင့်ကာ မိုဝူကျီဘေး ရပ်ကာ ပြောလိုက်သည်။ တွဲဖက် မပါရှိဘဲ သူမအတွက် မိုင်းတွင်းနေရာ ရရှိဖို့ရာ ခက်ခဲလှပေသည်။
“တစ်အချိုး ကိုး ... ခင်ဗျား ဆန္ဒရှိရင် ကျုပ်တို့တွေ တွဲဖက် ဖြစ်လာနိုင်တယ်” မိုဝူကျီက အရှိန်လျှော့ရင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ပြီလေ အဲဒါဆိုလည်း တစ်အချိုး ကိုးပေါ့ ...” ကျာချီက ခေါင်းညိတ် ပြလိုက်သည်။ သူမက မိုဝူကျီ စကားများကို ကြားသောအခါ မိုဝူကျီအပေါ် အမြင်နည်းနည်း ကောင်းလာလေ၏။ အနည်းဆုံးတော့ မိုဝူကျီက လောကမကြီးရှာပေ။
မိုဝူကျီက ထိုအမျိုးသမီး အမူအရာတစ်ချက် ကြည့်ရုံဖြင့် သူမ အထင်မှားသွားကြောင်း သိလိုက်၍ သက်ပြင်းချကာ ဆက်ပြောလိုက်သည် “ကျုပ်က ကိုး .. ခင်ဗျားက တစ် …”
“ရှင် ...” ကျာချီက မိုဝူကျီ စကားများကြောင့် ကြောင်အမိသွားသည်။ သူမက အရှက်မဲ့သူများစွာနှင့် တွေ့ဖူးသော်လည်း မိုဝူကျီကဲ့သို့ လုံးဝအရှက်မဲ့သူကို တစ်ခါမျှ မကြုံတွေ့ဖူးပေ။
လောကအင်မော်တယ် အဆင့် ကျင့်ကြံသူမှာ မြေနက်ကို တူးနိုင်မည် မဟုတ်ပေ။ ယခု သူတို့အဖွဲဖွဲ့သည့်အခါ သူက အမှန်ပင် ကိုးဆယ်ရာခိုင်နှုန်း လိုချင်နေပေသည်။
“တကယ်လို့ အဲဒီလိုပြောရရင် ရှင်ရော ဒီတစ်ခါ ကျောက်တုံးနက် ဘယ်လောက်များ ရခဲ့လို့တုံး” ကျာချီက ထိုမေးခွန်းကို မေးသည့်အခါ သူမက မိုဝူကျီနှင့် အလုပ်တွဲလုပ်မည့် အကြံအစည်ကို လက်လျှော့လိုက်ပြီ ဖြစ်၏။
“ခင်ဗျားထက်တော့ များလောက်တယ်” မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
သူ့စကားလုံးများက အခြေလွတ်နေခြင်း မဟုတ်ပေ။ သူက ကျောက်တုံးနက် တူးဖော်ရသည့် အခက်အခဲများကို ကောင်းကောင်း သိသည်။ သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေသော်လည်း ထိုကျောက်တုံးနက် ခြောက်တုံးသာ ရရှိနိုင်ခဲ့သည်။ ထိုသည်က တစ်ကြိမ်တည်းဖြင့် ကျောက်တုံးနက် ငါးတုံး တွေ့ခဲ့သောကြောင့်သာ ဖြစ်ပေသည်။ ကျာချီက သူ့ထက် ကံကောင်းနေလိမ့်မည်ဟု မယုံပေ။
“ရှင်က ကျောက်တုံးနက် တကယ် တူးနိုင်ခဲ့တာလား” ကျာချီက မိုဝူကျီ စကားများကို ကြားသောအခါ လက်လျှော့မည့် အတွေးအပေါ် ခဏတာ တွေဝေမိသွားသည်။ သူမ အမြင်အရ မိုဝူကျီသည် မြေနက်ကို တူးနိုင်လိမ့်မည် မဟုတ်၍ ပြောဖို့ရာပင် မလိုအပ်ပေ။ ငါးရက်အတွင်း သူက ကျောက်တုံးနက် တစ်တုံးတောင် ရလာနိုင်မည့်ပုံ မပေါ်ပေ။
“ပုံမှန်ပါပဲ ... အဲဒါကြောင့် ခင်ဗျားနဲ့ အဖွဲ့ဖွဲ့ဖို့ မလိုဘူး။ ခင်ဗျား မရှိလည်း ကမ္ဘာမြေကတော့ နေကို ဆက်လှည့်ပတ်နေဦးမှာပဲ” မိုဝူကျီက သူ့စကားများကို သတိမထားဘဲ ကမ္ဘမြေဟု သုံးစွဲခဲ့မိသည်။
ကျာချီက မိုဝူကျီ စကားများကို သတိမထား မိလိုက်သောကြောင့် သူမက မိုဝူကျီကျောနောက်က ခြင်းတောင်းကိုသာ ကြည့်လိုက်သည် …
“တာအိုရောင်းရင်း မို ... ကျမ ရှင့်ခြင်းတောင်းကို တစ်ချက် ကြည့်ကြည့်လို့ ရမလား”
ခြင်းတောင်းကို အဖုံးနှင့် ကာထားသည့် အတွက် မိုဝူကျီ ဖွင့်မပြသရွေ့ မည်သူမျှ မြင်တွေ့နိုင်မည် မဟုတ်ပေ။
မိုဝူကျီက ခေါင်းခါပြလိုက်ကာ …
“မလိုပါဘူး။ ကျုပ်ကို အများကြီး ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အနည်းဆုံးတော့ သစ်သားဓာတ် ပျော်ဝင်ဆေးလုံးနဲ့ ကျောက်တုံးနက် ဂေါ်ပြားအကြောင်း သိသွားတာပေါ့”
ကျာချီက သူမနောက်မှ ခြင်းတောင်းကို ရုတ်တရက် ဆွဲယူပြီး ဦးဆုံး အရင် ဖွင့်ပြလိုက်ကာ “ကျမက ကျောက်တုံးနက် ၂ တုံး ရလာတယ်”
မိုဝူကျီက ကျာချီ ခြင်းတောင်းအတွင်း ကျောက်တုံးနက် နှစ်တုံးကို မြင်လိုက်ရ၍ ကျာချီကို တစ်ချက် ကြည့်လိုက်သည်။ အကယ်၍ သူလည်း တစ်နေရာတည်း၌ ကျောက်တုံးနက် ငါးတုံးကို ရှာမတွေ့လျှင် သူလည်း ကျောက်တုံးနက် နှစ်တုံးသာ ရလိမ့်မည်။
“ကျုပ်က ခြောက်တုံး ...” မိုဝူကျီက ခြင်းတောင်းကို ဖွင့်ပြရင်း ပြောလိုက်သည်။
ကျာချီက မိုဝူကျီခြင်းတောင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ရင်း သူမဘာသာ ရေရွတ်လိုက်သည် “တကယ်ကို ခြောက်တုံးပဲ ...”
မိုဝူကျီကို ခြင်းတောင်းကို ပိတ်လိုက်သည့် အခါမှ အသိပြန်ဝင်လာပြီး တုံ့ပြန်နိုင်လေသည်။ တောက်ပနေသည့် မျက်ဝန်းအစုံဖြင့် သူမက မေးလိုက်သည် “တာအိုရောင်းရင်းမို ... ရှင့်မှာ ကျောက်တုံးနက် ဂေါ်ပြားလဲ မရှိဘဲနဲ့ ကိုယ့်ဘာသာ ကြိုးစားပြီးတော့ ဘယ်လိုများ ခြောက်တုံး ရလာတာလဲ ...”
ဂေါ်ပြားမပါရှိဘဲ ကျောက်တုံးနက် တူးဖော်ဖို့က အမှန်ပင် အဆင်မပြေလှချေ။
“ဒါက ကျုပ် ကိစ္စပါ။ ကျုပ်က တစ်ယောက်ယောက်ရဲ့ အကူအညီ မလိုဘူး။ တကယ်လို့ ခင်ဗျားက တစ်အချိုး ကိုးအချိုးကို သဘောတူမယ် ဆိုရင်တော့ အဖွဲ့ ဖြစ်လာနိုင်တယ်။ ပြီးတော့ အလုပ်အတူတူ တွဲလုပ်ရတာ ပိုကောင်းတယ်လေ” မိုဝူကျီက အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။
သူ့အမြင်အရ သူက တစ်ယောက်ယောက်နှင့် တွဲလုပ်ဖို့ မလိုပေ။
ကျာချီက ရုတ်တရက် ပြောလိုက်သည် “တာအိုရောင်းရင်းမို ... ကျောက်တုံးနက် တန်ဖိုးကို သိလား”
သူမက မိုဝူကျီသည် စိတ်စွမ်းအင် ကျောက်တုံးအချော အသေးအမွှားကို အဘယ်ကြောင့် ဂရုမစိုက်မှန်း နားလည် သွားတော့သည်။ ထိုလူမှာ အမှန်တကယ် တုံးအယောင် ဆောင်နေသူ ဖြစ်၏။ အကယ်၍ လောကအင်မော်တယ် အလယ်အလတ် အဆင့်လေးက မိုင်းတွင်းနေရာ (စ)၌ ငါးရက်အတွင်း ကျောက်တုံးနက် ခြောက်တုံးနက် ရခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရလျှင် မည်သူက ယုံကြည်မည်နည်း။ ထို့အပြင် ဂေါ်ပြား အကူအညီမရှိဘဲ သူ့ဦးဆုံးခရီးစဉ်တွင် ဖြစ်သေးသည်။
မိုဝူကျီက ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည် “ကျုပ် မသိဘူး။ တစ်ခါက မေးဖူးပေမဲ့ ခင်ဗျားက ဖြေဖို့ စိတ်ဝင်စားတဲ့ပုံ မပေါ်ဘူးလေ ... ”
ကျာချီ မျက်နှာမှာ အနည်းငယ် ပူလာလေ၏။ သူမက နေရခက်စွာ ပြောလိုက်သည် …
“ကျမလည်း ကျောက်တုံးနက် တကယ့်တန်ဖိုးကို မသိဘူး။ ဒါပေမဲ ကျောက်တုံးနက် တန်ဖိုးကို စိတ်စွမ်းအင် ကျောက်တုံးအချောဆယ်တုံးထက် ပိုပေးမဲ့သူကိုတော့ သိတယ်။ ဖြစ်နိုင်တာက စိတ်စွမ်းအင် ကျောက်တုံးအချော တစ်သောင်းတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး”
ကျာချီ မပြောလျှင်ပင် မိုဝူကျီက ကျောက်တုံးနက် တန်ဖိုးမှာ သာမန်နှင့် အလှမ်းကွာလှကြောင်း ခန့်မှန်းမိသည်။ သို့သော်လည်း သူက ထိုမျှ အဖိုးတန်လိမ့်မည်ဟု ထင်မထားပေ။ စိတ်စွမ်းအင် ကျောက်တုံးအချော အတုံးရေ တစ်သောင်းပင် ကျောက်တုံးနက် တစ်တုံးကို ဝယ်ယူ၍ မရပေ။ သို့သော် ယခုတွင် သူတို့က သူတို့၏ ကျောက်တုံးနက်များကို စိတ်စွမ်းအင် ကျောက်တုံးအချောဆယ်တုံးဖြင့် ရောင်းချနေရသည်။
“ အဲဒီလိုဆိုတော့ ဘာဖြစ်လဲ။ ဒီကျောက်တုံးနက်တွေကို အင်မော်တယ်တပိုင်းနယ်ပယ်ထဲမှာပဲ ရောင်းလို့ ရတာမလား။ တကယ်လို့ ခင်ဗျားမှာ ကျောက်တုံးနက် များများစားစား ရှိရင် ဘာလို့ မရောင်းလဲ ” မိုဝူကျီက မေးခွန်းဖြင့်သာ တုံ့ပြန်လိုက်သည်။
ကျာချီက မိုဝူကျီကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေ၏။
မိုဝူကျီက ထိုအမျိုးသမီးမှာ သူ့ကို ရုတ်တရက်ကြီး ချစ်သွားလိမ့်မည်တော့ မထင်ပေ။ သူ စကားပြောတော့မည့် ဆဲဆဲတွင် ကျာချီက ညင်ညင်သာသာ ပြောလိုက်သည် …
“တာအိုရောင်းရင်းမို ... ရှင့်ကို ယုံလို့ ရရဲ့လား”
မိုဝူကျီက ကျာချီ စကားနောက်မှ အဓိပ္ပာယ်ကို နားမလည်သော်လည်း တည့်တိုးသာ ပြောလိုက်သည် …
“ကျုပ်က တရစပ် လေပေါ နေတတ်တဲ့သူ မဟုတ်ပါဘူး။ တကယ်လို့ ပြောစရာရှိရင် ပြောလိုက်ပါ ...”
ကျာချီက ခေါင်းညိတ်ပြကာ “တကယ်တော့ ဒါက ရှင့်ပေါ် မူတည်တယ်။ တကယ်လို့ ရှင်က ကျောက်တုံးနက် များများ ရခဲ့ရင် သူနဲ့တွေ့ဖို့ ခေါ်သွားပေးမယ် ...”
“ဘယ်သူလဲ” မိုဝူကျီက မေးလိုက်သည်။
“ထိပ်တန်း ပန်းပဲပညာရှင် တစ်ယောက်” ကျာချီက တစ်လုံးချင်းစီ သေချာပြောလိုက်လေ၏။
***