← Chapters

ဖွဲ့စည်းခြင်း

Vol. 41 Ch. 574

ဖွဲ့စည်းခြင်း

Vol. 41 Ch. 574

“ သခင်လေးဝမ်ဝေ့ရဲ့ မေးခွန်းက ဘာများလဲ” အရှင်စိတ်ဝိညာဉ်က မေးလိုက်သည်။

“ ဒိုင်မေးရှင်းအမြင့်က ပါရမီရှင်တွေကို ခေါ်လာတဲ့ ရည်ရွယ်ချက်က ဘာများလဲ”

အရှင်စိတ်ဝိညာဉ်က မျက်မှောင်ကြုတ်ကာ “ ဒါက သခင်ရဲ့ ကျမ်းကို အမွေဆက်ခံဖို့ အကောင်းဆုံးလူကို ရွေးချယ်ဖို့ ယှဉ်ပြိုင်သူအားလုံးကို စမ်းသပ်ဖို့ပါပဲ”

“ ကျုပ် တွေးခဲ့မိတာလည်း အဲလိုပဲ။ အဲဒါဆိုတော့ ဒိုင်မေးရှင်းအမြင့်က ပါရမီရှင်တွေရဲ့ တည်ရှိမှုက ဒီစစ်ဆေးမှုအတွက် ကျုပ်တို့အကောင်းဆုံးလုပ်ဖို့ သေချာအောင် ဘယ်လိုအာမခံချက်မျိုး ပေးမှာလဲ”

“ အဲဒါက ဘာကိုပြောချင်တာလဲ”

“ ကောင်းပြီ။ ကျုပ် တဲ့တိုးပဲ ပြောတော့မယ်။ အဲဒီလူတွေရဲ့ နောက်ခံက ပြဿနာပဲ။ ကျုပ်တို့က သူတို့ကို အနိုင်ယူပြီးတဲ့နောက်မှာ သူတို့ဘက်က လက်တုံ့မပြန်ပါဘူးလို့ ဘယ်လိုလုပ်သိမှာလဲ။ ကျုပ်တို့က ဒိုင်မေးရှင်းအမြင့်က လက်တုံ့ပြန်မှုတွေကို စိုးရိမ်နေရင်း ကျုပ်တို့ရဲ့ စွမ်းရည်အပြည့်ကို ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာလဲ”

ပါဝင်ယှဉ်ပြိုင်သူများက အရှင်စိတ်ဝိညာဉ်အား ကြည့်ကာ ဤသည်က စိုးရိမ်စရာဖြစ်ကြောင်း ပြောနေလေ၏။

ထို့နောက် ရုတ်ချည်းဆိုသလို အောင်းထျန်းယီက ထ၍ သရော်လိုက်သည် “ မင်းတို့လူတွေက ကိုယ့်ဘာသာကိုယ် အထင်ကြီးနေကြတာပဲ”

ဝမ်ဝေ့က သူ့အား ကြည့်လိုက်ပြီးနောက် အရှင်စိတ်ဝိညာဉ်အား ကြည့်ကာ “ တွေ့လား။ တကယ်လို့ သူ့နောက်ခံကြောင့်သာ မဟုတ်ရင် သူ့ရဲ့ ကြေးခွံကို ချပ်ဝတ်လုပ်ပြီး၊ ကြွက်သားကို လေးကြိုး လုပ်မယ်၊ သူ့သွေးကို အသက်ဓာတ်ဖြည့်ဖို့ သောက်သုံးပြီးတော့ သူ့အသားအရသာကို စမ်းကြည့်ပြီးလောက်ပြီ။ အခုတော့ ကြည့်ပါဦး။ ကျုပ် လုပ်နိုင်တာ ဒါပဲ”

ဝမ်ဝေ့က သတ်ဖြတ်ငွေ့တစ်ခု သူ့အပေါ် ကျရောက်လာသည်ကို ခံစားမိလိုက်သည်။ သူက ထိုလူအား လျစ်လျူရှုကာ တုန်လှုပ်သည့် အမူအရာမျိုးဖြင့် ပြောလိုက်၏ “ အောင်မလေး တုံးလိုက်တဲ့ ငါ။ သူ့ကို ငါ ရန်စမိသွားပြီ … ဘယ်လိုလုပ်ရမလဲ”

“ မင်း တကယ်ကြောက်သင့်တယ်။ တာအိုအခွင့်အလမ်းဂိုဏ်းက အရင်ကလိုမျိုးများ ထင်နေလား။ ငါတို့ရဲ့ နဂါးမျိုးနွယ်က အလွယ်တကူ ဖျက်ဆီးပစ်လို့ ရတယ်။”

“ငါတို့ဘက်က အဆုံးစွန်မဲ့စံပြနှစ်ယောက်ရဲ့ နာမည်နဲ့ ကျန်ရှိနေသရွေ့ တာအိုအခွင့်အလမ်းဂိုဏ်းက ဘာမှဖြစ်မလာဘူးဆိုတာကို မင်းရော ငါရော သိတယ်” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြောလိုက်သည့်အတွက် အောင်းထျန်းယီက ရှက်ရွံ့စွာဖြင့် အနီရောင်သန်းလာသည်။

သူက ထိုသူသည် ဒိုင်မေးရှင်းအမြင့်အကြောင်း များများစားစား သိထားလိမ့်မည်ဟု ထင်မထားမိပေ။

စိတ်ဝင်စားစရာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ တာအိုအခွင့်အလမ်းဂိုဏ်း၏ အဆုံးစွန်မဲ့ စံပြအကြောင်း ထုတ်ပြောလာသည့်အခါ တုံ့ပြန်လာသည့် ဒိုင်မေးရှင့်အမြင့်၏ လက်ရွေးစင်လေးယောက်ကို သတိထားမိလိုက်သည်။ သို့သော်လည်း ကျန်းယွီချန်းနှင့် ဘုန်းကြီးဝူကျစ်တို့က ဂရုစိုက်ဟန်မပေါ်ပေ။ ထိုဂုဏ်ပုဒ်က သူတို့အပေါ် အလေးချိန်မရှိသည့်အလား  ဖြစ်၏။

ထို့ကြောင့် သူက ထိုတုံ့ပြန်မှုများကို မှတ်သားထားလိုက်သည်။

ထို့နောက် ဝမ်ဝေ့က အရှင်စိတ်ဝိညာဉ်အား ကြည့်ကာ “ တွေ့လား။ ကျုပ်လုပ်လိုက်တာက သူ့ကို နည်းနည်းလောက် ဒေါသထွက်အောင် ရန်စလိုက်ရုံပါပဲ။ သူက သူ့နောက်ခံနဲ့ ကျုပ်ကို ခြိမ်းခြောက်နေပြီ။ သူတို့က လက်တုံ့ပြန်မယ်ဆိုတာကို သိရက်နဲ့ ကျုပ်က ဘယ်လိုလုပ် မျှမျှတတ တိုက်ခိုက်နိုင်ပါ့မလဲ။

ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းက ဆန့်ကျင်ကျမ်းတစ်ခု ဖြစ်ပြီးတော့ အသက်ရှည်ကျမ်းတစ်ခုဆိုပေမဲ့ ကျုပ်အသက်ကို စတေးပြီးတော့ ကျုပ်အင်အားစု ဖျက်ဆီးခံရနိုင်ခြေကို စတေးဖို့ မထိုက်တန်ဘူး”

ဒိုင်မေးရှင်းအနိမ့်၏ လက်ရွေးစင်နှင့် တခြားပါဝင်ယှဉ်ပြိုင်သူများက သတင်းအချက်အလက်ကို သုံးသပ်လိုက်ကြသည်။ ထိုကျမ်းက သက်တော်ရှည် အရင်းအမြစ်တစ်ခုဖြစ်၍ ဒိုင်မေးရှင်းအမြင့်မှ ပါရမီရှင်များ  စိတ်ဝင်စားကြသည့် အကြောင်းအရင်းသည် အဓိပ္ပာယ်ရှိကြောင်း သိရှိသွားသည်။

အကျိုးဆက်အားဖြင့် လက်တုံ့ပြန်နိုင်ခြေက ပြဿနာကြီး ဖြစ်လာသည်။ သဘောတရားအရ သူတို့သည် ဤစစ်ဆေးမှုအတွက် အသက်ကို စတေးရသည်မှာ အကျိုးအကြောင်းမသင့်ပေ။

“ လက်တုံ့ပြန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး” ရှီရှန်းယန်က ပြောလိုက်သည် “ ကျွန်မတို့မှာလည်း ကျွန်မတို့ မာနနဲ့ရှိပြီးတော့ ကျွန်မတို့နောက်က အင်အားစုကလည်း အဲ့လိုပဲ”

“ ဒါပေမဲ့ ကျုပ်က ဘယ်လိုလုပ် သိမှာလဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ ခင်ဗျားတို့ကို ဒီနေ့မှ တွေ့ဖူးတာလေ”

“ သခင်လေးဝမ်ဝေ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စိတ်အေးအေးထားပါ” ဘုန်းကြီးဝူကျစ်က ပြောလိုက်သည် “ ကျုပ် တာဝန်ယူပါတယ်။ ဗုဒ္ဓဘာသာရဲ့ စကားနဲ့ ခင်ဗျားနဲ့ တခြားသူတွေအပေါ် ဘယ်သူကမှ လက်တုံ့ပြန်လာမှာ မဟုတ်ပါဘူး”

“ ဘုန်းကြီးဝူကျစ် ဗုဒ္ဓဘာသာရဲ့ ဂုဏ်သတင်းက ကျုပ်တို့ကာကွယ်မှုအတွက် အာမခံပေးဖို့ လုံလောက်တယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ ဒိုင်မေးရှင်းအနိမ့်မှာ ဗုဒ္ဓဘာသာက  ဂုဏ်သတင်း မရှိဘူး။ ကျုပ်တို့ဘာသာကျုပ်တို့ပဲ ဆုံးဖြတ်ရမယ်။ ခင်ဗျားစကားကို မလိုက်နာနိုင်ဘူး”

ဘုန်းကြီးဝူကျစ်က မျက်မှောင်ကြုတ်သွားပြီး တခြားသူများကလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။ ရှောင်ထျန်းတိက မျက်လုံးမှိတ်လျက်သာရှိပြီး အောင်းထျန်းယီက သူ့ဒေါသကို ထိန်းချုပ်ဖို့ ကြိုးစားနေရဟန်ပေါ်သည်။ တစ်ချိန်တည်းဆိုသလို သူက သတိမထားမိဘဲ မည်သို့လွှမ်းမိုးခံလိုက်ရကြောင်း အာရုံခံဖို့ ကြိုးစားနေသည်။

“ အဲဒါဆို မင်းက ဘာလိုချင်တာလဲ” အရှင်စိတ်ဝိညာဉ်က အနည်းငယ် ဒေါသစွက်ကာ ပြောလိုက်သည်။

“ တာအိုကျမ်းသစ္စာ။ သူတို့ကို ကောင်းကင်တာအိုဆီ မဟုတ်ဘဲ မဟာတာအိုဆီမှာ သူတို့ရဲ့အင်အားစုတွေက ကျုပ်တို့ကို တိုက်ရိုက်အရရော၊ သွယ်ဝိုက်ပြီးတော့ရော လက်တုံ့မပြန်ပါဘူးလို့ ကျိန်ဆိုရမယ်။ ဘာဟာကွက်မှ မလိုချင်ဘူး”

“ အဓိပ္ပာယ်မရှိတာ” အောင်းထျန်းယီက အော်ပြောလိုက်သည်။ မဟာတာအိုကျမ်းသစ္စာက အတင်းကြပ်ဆုံး ကျမ်းသစ္စာဖြစ်ပြီး စံပြများပင် မချိုးဖောက်နိုင်ပေ။

“ ငါတို့ဆီကနေ ဒီလိုအရာတွေ တောင်းဆိုရအောင် မင်းက ဘယ်သူမလို့လဲ” ကျန်းယွီချန်းက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။

“ သခင်လေးဝမ်ဝေ့ တောင်းဆိုမှုက များလွန်းတယ်လို့ ထင်တယ်”

ဝမ်ဝေ့က အဖန်ရည်သောက်ကာ ပြောလိုက်၏ “ ခင်ဗျားတို့ရဲ့ တုံ့ပြန်မှုအရ ခင်ဗျားတို့အားလုံးက ဒီအမွေအနှစ်ကို ဘယ်နည်းလမ်းနဲ့မဆို သုံးပြီးတော့ ရယူဖို့ပြင်ဆင်ထားတယ်ဆိုတာ သိသာတယ်”

“ အဲဒါက လက်တုံ့ပြန်မှုနဲ့ ဘာမှမဆိုင်ပါဘူး” ရှစ်ရို့လန်က ပြောလိုက်သည် “ ကန့်သတ်ခံရတာကို ကြိုက်တဲ့ ကျင့်ကြံသူဆိုပြီးတော့ မရှိဘူး။ ဒီလို အသေးအဖွဲ့အတွက် ကျမ်းသစ္စာ ကျိန်ဆိုရတာက ပိုပြီးတော့ ဆိုးသေးတယ်”

“ ကျုပ်အတွက်တော့ ဒါတွေအကုန်လုံးက အကြောင်းပြချက်တွေချည်းပဲ”

“ အဲဒါဆိုတော့ သူတို့ မကျိန်ဆိုဘူးဆိုရင် ဘာလုပ်မှာလဲ” အရှင်စိတ်ဝိညာဉ်က ဝမ်ဝေ့အား စိုက်ကြည့်ကာ ပြောလိုက်၏။

“ ဘာမှမဖြစ်ဘူး။ ကျုပ်က ဒီစစ်ဆေးမှုကို မပါတော့ရုံပဲ။ ကျုပ်တစ်ယောက်တည်းကပဲ မဆီလျော်တာ မဟုတ်ဘူးနော်”

အရှင်စိတ်ဝိညာဉ်က နဖူးအထက် သွေးကြောများပင် ထွက်ပေါ်လာသည်။ ထိုလူ ကြံစည်နေသည့်အကြောင်းကို သူက သိထားပြီဖြစ်၏။

“ ကျုပ်ရော နှုတ်ထွက်မယ်” ချူးလော့က ပြောလိုက်သည်။

“ ကျုပ်ရောပဲ” ကျိလန်ဖန်းက ဝမ်ဝေ့ အဖန်ရည်သောက်သုံးနေသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့သေရည်ကို သောက်သုံးနေလေသည်။

“ ကျွန်မကလည်း ကျွန်မဘက်ကလူတွေကို ထောက်ပံ့ပေးမယ်” ထုံရို့ပင်းက ပြောလိုက်သည်။ ရှစ်ချီအန်းကမူ သူမ၏ မိဘများကို ပြဿနာ မတက်လိုသည့်အတွက် အနည်းငယ် တုံ့ဆိုင်းနေ၏။ သို့သော်လည်း သူမက အင်တင်တင်ဖြင့် သဘောတူလိုက်ရသည်။ သူမသာ ဘက်မရွေးချယ်လျှင် ဒိုင်မေးရှင်းအနိမ့်မှ လူများနှင့် ရန်သူ ဖြစ်လာနိုင်သည်ကို တွေးမိသွား၏။

ကျင်းဝူဟွားကလည်း သဘောတူလိုက်သည်။ ထို့နောက် ရှုရှစ်၊ ဖုန်းဟွမ်၊ လျန့်ရှစ်ချန်း၊ ဟို့ဖုန်းဟွမ် အစရှိသဖြင့် လူများကလည်း သဘောတူလိုက်ကြသည်။

“ တွေ့ပြီလား။ အရှင်စိတ်ဝိညာဉ် ကျုပ်တို့အားလုံး နှုတ်ထွက်လိုက်ရင် အမွေဆက်ခံသူအနေနဲ့ သူတို့ထဲက တစ်ယောက်ကို ရွေးလိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ပါရမီနဲ့ မွေးဖွားရာနေရာတွေကို ထည့်စဉ်းစားမယ်ဆိုရင် သူတို့က ပိုမိုသင့်တော်နေတာပဲလေ”

အရှင်စိတ်ဝိညာဉ်က တိတ်ဆိတ်သွားသည်။

ငါ့ဂမ္ဘီရက မှန်နေတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ကုရွှမ်က သူ့အမွေအနှစ်ကို ဒိုင်မေးရှင်းအမြင့်မှ လူများဆီ အကြောင်းအရင်းတချို့ကြောင့် မပေးလိုပေ။

မိနစ်ပိုင်းကြာ တိတ်ဆိတ်နေပြီးနောက်တွင် အရှင်စိတ်ဝိညာဉ်က ပြောလာ၏ “ မင်းတို့အားလုံး ထွက်သွားလို့ရပြီ။ လက်ရှိပြဿနာနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းနည်းကို စဉ်းစားပြီးတဲ့နောက်မှာ ဆက်သွယ်လိုက်မယ်”

သူတို့၏ ပစ္စည်းများကို သိမ်းဆည်းပြီးနောက် စံအိမ်ဆီ ပျံသန်းသွားကြသည်။ ဝမ်ဝေ့ ရောက်ရှိလာပြီးသည့်နောက်တွင် ဝမ်ဝူချန်က သူ့ရှေ့တွင် ပေါ်ထွက်လာ၏။

“ မင်း လုပ်ခဲ့တာက အန္တရာယ်များတယ်။ မင်းကိုယ်မင်း အဲဒီအင်အားစုတွေရှေ့မှာ ဖော်ထုတ်လိုက်တာပဲ”

“ အဲဒါက ဘိုးဘေးတွေးသလောက် မဆိုးပါဘူး။ သူတို့က ကျွန်တော်ရဲ့ တာအိုနယ်ရှင်ဂုဏ်ပုဒ်ကြောင့် သတိထားမိပြီးပြီ။ ကျုပ် နယ်ရှင်တစ်ယောက်အနေနဲ့ အသိဉာဏ်ကို ဖော်ထုတ်လိုက်ရုံပါပဲ”

“ အဲဒါဆိုရင် မင်းဝိညာဉ်ကရော။ မင်းက ဝိညာဉ်သဲလွန်စလည်း ဖော်ထုတ်ခဲ့တယ်လေ”

“ အရှင်စိတ်ဝိညာဉ် ဒါမှမဟုတ် ကုရွှမ်က စစ်ဆေးမှုရလဒ်ကို အဲဒီလူတွေဆီကနေ ဝှက်ထားနိုင်မယ်လို့ မယုံဘူး။ ကျုပ်ဘက်မှာရှိတဲ့ ဒိုင်မေးရှင်းအနိမ့်က ပါဝင်ယှဉ်ပြိုင်သူတွေတောင် ကျုပ်သတင်းကို ပျော်ပျော်ကြီး ရောင်းကြလိမ့်မယ်”

ထိုအရာများအပြင် ဝမ်ဝေ့က ထိုလူများသည် အသင်္ချေအင်ပါယာကမ္ဘာမှ သူ့သတင်းအချက်အလက်ကို ရယူဖို့ လူများလွှတ်ခြင်း သို့မဟုတ် တခြားနည်းလမ်းများ ရှိလိမ့်မည်ဟု တွက်ထားသည်။ ထိုအခါ သူတို့သည် သူ့ဝိညာဉ်က ထူးခြားကြောင်း သိသွားလိမ့်မည်။

“ သူတို့ဆီက တစ်ခုခုတွေ့ခဲ့သေးလား”

“ကျန်းယွီချန်းက ကောင်းကောင်းမွန်မွန် ဖုံးကွယ်ထားပေမဲ့လည်း ကျုပ်အပေါ် ရန်လိုမှုတချို့ကို ပြသလာတယ်။ သူနဲ့ ဘုန်းကြီးဝူကျစ်တို့က ဖုန်းဟွမ်အတွက် ရောက်လာကြတာ။ သူတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ကျုပ်က ဆွဲသွင်းခံရလောက်ပြီ။

တခြားသူတွေအတွက်ကတော့ သူတို့က အမွေအနှစ်ကို ရယူဖို့အပြင် တခြားတာဝန်ကြောင့် ရောက်ရှိနေကြတာ။ အဲဒီတာဝန်က ကျုပ်တို့ကို လေ့လာစောင့်ကြည့်ဖို့လည်း ပါတဲ့ပုံပဲ”

“ အခု မင်းပြောလိုက်တော့ သူတို့က မင်းတို့နှုတ်ထွက်သွားတာနဲ့ ပတ်သက်ပြီး မပျော်ရွှင်ကြတော့ဘူးပေါ့”

“ ဟုတ်တယ်။ သူတို့က ကျုပ်တို့အင်အားနဲ့ စွမ်းရည်တွေကို ပြသနေတာကို လိုချင်နေကြတာ။ ကြည့်ရတာက သူတို့က ကျုပ်တို့ကို အကဲဖြတ်နေသလိုမျိုးပဲ။ ဒါပေမဲ့ တကယ့်မေးခွန်းအစစ်ကကျတော့ ဘာကြောင့်လဲ”

“ ငါလည်း ဘာမှမတွေးမိဘူး။ ဒါပေမဲ့ မင်းအဖြေရှာနိုင်လိမ့်မယ်ဆိုတာကို ယုံကြည်တယ်” ဝမ်ဝူချန်က ပြောလိုက်သည် “ ဒါနဲ့ မင်းပြောတဲ့ ငါတို့တည်ထောင်သူဘိုးဘေးနဲ့ ပတ်သက်ပြီးတော့ ပြောတာက ဘာလဲ”

“ သူတို့ပျောက်ကွယ်သွားမှုနဲ့ ဖြစ်နိုင်ချေ သေဆုံးမှုအကြောင်းကို မပြောရသေးဘူးလား”

“ မပြောရသေးဘူး။ ဒီလိုအရာမျိုးကို ပြောရင် မှတ်မိနေမှာပေါ့”

ဝမ်ဝေ့က သူသည် ဝမ်ဝူချန်အား နှလုံးသားနက်နှင့် တွေ့ဆုံခဲ့ကြောင်း ပြောပြထားသော်လည်း ထိုတွေ့ဆုံမှုထဲတွင် တည်ထောင်သူများ၏ ပျောက်ကွယ်သွားမှုအကြောင်း ထည့်မပြောရသေးကြောင်း အမှတ်ရသွားသည်။

“ အခုသိပြီလေ”

“ အရေးကြီးတဲ့ကိစ္စတွေကို ပေါ့ပေါ့တန်တန် မပြောစမ်းပါနဲ့ကွာ” ဝမ်ဝူချန်က အလေးအနက် ပြောလိုက်သည်။

“ ကျွန်တော် ပြောခဲ့သလိုမျိုး ကျွန်တော်တို့ရဲ့ တည်ထောင်သူဘိုးဘေးက ကျင့်ကြံရေးအထွတ်အထိပ်ကို ရောက်ရှိခဲ့တယ်။ သူတို့နှစ်ယောက်က သမိုင်းကြောင်းမှာ ကျန်ရှိနေသရွေ့ အသက်ပြန်ရှင်လာနိုင်တယ်။ အဲဒါကြောင့် သူတို့အသက်ပြန်ရှင်လာဖို့ အချိန်တစ်ခုပဲ ကြာလိမ့်မယ်”

“ အဲလိုဆိုရင်တောင် ဒီလိုသတင်းအချက်အလက်မျိုးက တခြားသူတွေလည်း သိထားသင့်တယ်”

ထိုသို့ပြောပြီးသည့်နောက်တွင် ဝမ်ဝူချန်က မူလအရှင်နှင့် တွေ့ဆုံဖို့ ထွက်သွားလေသည်။ ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်ပြီးနောက် ဂိုဏ်းဆီ ဦးတည်လိုက်၏။

သူက ကုရွှမ်အကြောင်း ပိုမိုသိချင်မိသည်။ ထိုသူက မရိုးရှင်းကြောင်း ခံစားမိနေ၏။ သူ့အနေနှင့် ထိုသူ့အကြောင်း သတင်းအချက်အလက်များကို ပိုမိုစုစည်းကာ ရောက်ရှိလာမည့် မုန်တိုင်းအတွက် မည်သို့ရင်ဆိုင်ဖြေရှင်းရမည်ကို သိထားသည်က ပို၍ကောင်းမွန်သည်။

ထိုအဖြစ်အပျက်အပြီး ညဘက်တွင် အရိပ်နှစ်ခုက ဒိုင်မေးရှင်းအမြင့်မှ လက်ရွေးစင်များ နေထိုင်ရာ စံအိမ်အသီးသီးအတွင်း ဝင်ရောက်သွားကြသည်။ ထိုစဉ် အောင်းထျန်းယီက သူ့စံအိမ်အတွင်းရှိ လျှို့ဝှက်ခန်းအတွင်း အစီအရင်တစ်ခုကို အသက်သွင်းလိုက်၏။

***

All Chapters