စွန့်ပစ်မိုင်းတွင်းများ
Vol. 30 Ch. 409
ဆရာကြီးဖူကျိ နေအိမ်မှ ထွက်လာပြီးနောက် ကျာချီမှာ မယုံမကြည် ဖြစ်နေဆဲ ဖြစ်သည်။ မိုဝူကျီက ဆရာကြီးဖူကျိကို သူ့ကိုယ်ပိုင်လက်စွပ် လက်လျှော့အောင် လုပ်နိုင်ခဲ့လေသည်။ ထိုသို့ တကယ်ဖြစ်မလာခင် အထိ သူမက ယုံကို မယုံကြည်နိုင်ပေ။
“ကျမတော့ ဆရာကြီးဖူကျိက ရှင့်ကို လက်စွပ် တကယ် ပေးလိုက်လိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး” သူမ တည်ငြိမ်သွားပြီးနောက် ကျာချီက စိတ်လှုပ်ရှားစွာ သက်ပြင်းချကာ ဆိုလိုက်သည်။
မိုဝူကျီက သက်ပြင်းချကာ …
“ဒါက နှစ်ဦးသဘောတူလေ။ လက်စွပ်က ဒီနေရာမလို့ အသုံးဝင်ပေမဲ့ ကျုပ် အာကာသ သဘောတရားများ အနှစ်ချုပ်က အဖိုးမဖြတ်နိုင်တဲ့ ရတနာလေ …”
ကျာချီက ခေါင်းညိတ် ပြလိုက်သည်။ မိုဝူကျီ ပြောသည်က မှန်ကန်ပေသည်။ အာကာသ သဘောတရားများ အနှစ်ချုပ်ကဲ့သို့ ရတနာမှာ တခြားနေရာမှာ ရောက်နေလျှင်ပင် သာမန်လက်စွပ်ကွင်း တစ်ခုဖြင့် လဲလှယ်လို့ ရမည် မဟုတ်ပေ။
“တာအိုရောင်းရင်း ကျာချီ ... မိုင်းတွင်းနေရာ ခွဲပေးတာက တစ်လမှာ ဘယ်နှကြိမ်လောက်လဲ” မိုဝူကျီက သိုလှောင်လက်စွပ် ရပြီးနောက် ကျောက်တုံးနက် သွားရှာဖို့ စိတ်အားထက်သန် နေသည်။ သူ့စွမ်းအား မြင့်တင်ရန် စိတ်စွမ်းအင် ကျောက်တုံးအချောများ အသည်းအသန် လိုအပ်နေလေ၏။ ဤသို့သော နေရာတွင် စိတ်စွမ်းအင် ကျောက်တုံးအချောများ ရရှိနိုင်သည့် တိုက်ရိုက်နည်းလမ်းမှာ ကျောက်တုံးနက် တူးယူခြင်း ဖြစ်သည်။
“အကြမ်းဖျင်းတော့ လတိုင်း သုံးကြိမ်လောက်ပဲ။ သူတို့ မိုင်းတွင်း နေရာခွဲပေးရင် လက်ပတ်က တစ်ဆင့် အကြောင်းကြားလိမ့်မယ်” ကျာချီက ပြန်ဖြေလိုက်သည်။
မိုဝူကျီက ကိုယ်ပိုင် လက်ပတ်ကို ကြည့်လိုက်သည်။ လက်ပတ်ပေါ်ရှိ အကြောင်းအရာမှာ ရှင်းလင်းလှပေရာ သုံးရက်အကြာတွင် မိုင်းတွင်း ခွဲဝေပေးမည် ဖြစ်၏။
မိုဝူကျီက လက်ပတ် ကြည့်နေသည်ကို မြင်၍ ကျာချီက ဆက်ပြောလိုက်သည် “မိုင်းတွင်းနေရာက နောက်သုံးရက်နေရင် အလှည့်ကျလာလိမ့်မယ်။ ဒါပေမဲ့ ရှင်က စောစောသွားဖို့ မလိုပါဘူး”
“ဘာလို့လဲ” မိုဝူကျီက ကျာချီကို နားမလည်စွာ စိုက်ကြည့်လိုက်သည်။ စောစော ရောက်သူများသည် မိုင်းတွင်း နေရာကောင်းများ ရကြောင်း သိထားပေ၏။ သူက ထိုမိုင်းတွင်း နေရာများ ရရန် မရည်ရွယ် ထားသော်လည်း ကျာချီ စကားများကိုတော့ သူ နားမလည်နိုင်ပေ။
ကျာချီက ရယ်မောလိုက်ရင်း “ အဖွဲ့အစည်းတိုင်းမှာ သူတို့ကိုယ်ပိုင် လျှို့ဝှက်စည်းမျဉ်းတွေ ရှိတတ်ကြတာပဲလေ။ တကယ်လို့ ရှင်က ဦးဆုံး ရောက်သွားရင်တောင် ရှင့်အရည်အချင်းနဲ့ မိုင်းတွင်းနေရာကောင်းကို ရမှာ မဟုတ်ဘူး။ တကယ်လို့ ရှင်က တွဲဖက်ရှာရမ်ဆိုရင် တစ်ယောက်မှ ရှာနိုင်မှာ မဟုတ်ဘူး။ လျှို့ဝှက်စည်းမျဉ်းတွေ အရ ဆိုရင် ဘယ်သူကမှ ရှင်နဲ့ အလုပ်တွဲလုပ်ချင်မှာ မဟုတ်ဘူး”
“ခင်ဗျားကို ရှာနိုင်တယ် မဟုတ်ဘူးလား” မိုဝူကျီက ပြောလိုက်သည်။
ကျာချီက ခေါင်းခါကာ “အဲဒါက ပထမအကြိမ် တစ်ခေါက်ပဲ။ ပထမအကြိမ် ပြီးသွားရင် ဒုတိယအကြိမ် ရှိလာမှာ မဟုတ်ဘူး။ မကြာခင် အသက်ရှည်ဂိုဏ်းကနေ အထုတ်ခံရလိမ့်မယ်။ အဲဒါကြောင့် စောစောသွားတာက မိုင်းတွင်း ကောင်းကောင်းရမယ် ဆိုတာ လူတိုင်းအပေါ် မသက်ရောက်ဘူး”
မိုဝူကျီက ပြောစရာ ရှုာမတွေ့ ဖြစ်သွားလေ၏။ သူက မျှတသည်ဟု တွေးထားသော အရာမှာ အတုအယောင်များ ဖြစ်နေပေသည်။ လူများ ရှိနေ၍ အဖွဲ့အစည်း အရှုပ်အထွေးများလည်း ရှိနေပေလိမ့်မည်။ ထိုသို့ ရှိနေသရွေ့ မျှတမှုလည်း ရှိလာမည် မဟုတ်ပေ။
“ကျမတို့တွေ အရမ်း နောက်ကျလို့လည်း မရဘူး။ အကောင်းဆုံး မိုင်းတွင်းနေရာ မရရင်တောင် ဒုတိယ အကောင်းဆုံးတော့ ရနိုင်သေးတယ်။ ရှင်သာ ကျောက်တုံးနက် ရှာနိုင်သရွေ့ မကြာခင် အလှည့်အပြောင်း ဖြစ်လာနိုင်တယ် ” ကျာချီက ရှင်းပြလိုက်သည်။
မိုဝူကျီက ခေါင်းကိုခါကာ လေးလေးနက်နက် ပြောလိုက်သည် “တာအိုရောင်းရင်း ကျာချီ ... ကျုပ်က ခင်ဗျား စွမ်းဆောင်ရည်ကို သေချာမသိသေးဘူး ဆိုတော ကျုပ်တို့တွေ တစ်ခုခု မဆွေးနွေးခင် ခင်ဗျား စွမ်းဆောင်ရည်ကို အရင် ထုတ်မပြသင့်ဘူးလား။ ဘယ်လိုလဲ ...”
ကျာချီက တန်းပြန်ပြောလိုက်သည် “ကောင်းပြီလေ ... ကျမလည်း အတူတူပဲ ...”
လက်တွေ့တွင် သူမက မိုဝူကျီ စွမ်းဆောင်ရည် မည်သို့ အလုပ်လုပ်သည်ကို သေချာ မသိသေးပေ။ ထို့ကြောင့် သူတို့အတွက် ကျောက်တုံးနက် ခွဲတမ်းကိစ္စ ဆွေးနွေးဖို့ရာ မသင့်တော်သေးပေ။
“ကျုပ်မှာ အကြံတစ်ခု ရှိတယ်။ အဲဒါဆို ကျုပ်တို့တွေ မိုင်းတွင်းနေရာရဖို့ အသက်ရှည်ဂိုဏ်းကို မသွားတော့ဘူး။ စွန့်ပစ်မိုင်းတွင်း နေရာတွေဆီ သွားကြစို့။ စွန့်ပစ် မိုင်းတွင်းထဲမှာ ပိုကောင်းတဲ့နေရာ သိလား။ ကျုပ်ကို တစ်ချက်ကြည့်လို့ ရအောင် ခေါ်သွားပေးနိုင်မလား” မိုဝူကျီက ကျာချီကို ကြည့်ကာ ပြောလိုက်သည်။
“စွန့်ပစ်မိုင်းတွင်းလား။ သတ္တုရိုင်း ခိုးချင်တာလား” ကျာချီက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်သည်။ သတ္တုရိုင်း ခိုးယူသူတချို့ ရှိသော်လည်း အောင်မြင်သူမှာ အမှန်ရှားပါး လှပေသည်။ ရက်များစွာ ကုန်ဆုံးသည့်တိုင် သူတို့က ကျောက်တုံးနက် တစ်တုံးပင် ရှာမတွေ့ကြပေ။
“အဲဒီလိုကြီး မပြောပါနဲ့။ ကျုပ်တို့က သွားစစ်ဆေးကြည့်ရုံပါ ...” မိုဝူကျီက သတ္တုရိုင်း ခိုးယူသည့် ကိစ္စမှာ ပုံမှန်ဖြစ်ကာ တရားမဝင် မဟုတ်မှန်း သိသော်လည်း ထိုစကားကို ကြားသည့်အခါတိုင်း စိတ်အနှောင့်ယှက် ဖြစ်မိသည်။
ကျာချီက လေးလေးနက်နက် ရှင်းပြလိုက်သည် “တာအိုရောင်းရင်းမို ... လူသစ်လေးတေွ တော်တော်များများလည်း ရှင်လိုမျိုး တွေးခဲ့ကြတာပဲ။ ဒါပေမဲ့ မကြာခင် သူတို့အတွက် အဖွဲ့ရှာဖို့ လိုတယ်ဆိုတာ သိသွားကြတော့ မိုင်းတွင်းနေရာ ခွဲပေးတာပဲ စောင့်ကြတော့တယ်။ စွန့်ပစ်မိုင်းတွင်း အားလုံးက အကုန်လုံး တူးပြီးသားတွေ များတယ်။ ပြီးတော့ ပိုက်ကွန်ထဲက လွတ်တဲ့ငါးလိုမျိုး တချို့ကျန်နေတယ် ဆိုရင်တောင် အရေအတွက်က ပါမွှားလေးပဲ ဖြစ်လိမ့်မယ်။ သတ္တုရိုင်း ခိုးယူကြတဲ့ ကျင့်ကြံသူ အများစုက သူတို့အချိန်နဲ့ အားထုတ်မှုပဲ အလကား ဖြစ်သွား တတ်ကြတယ် ...”
“ဒါပေမဲ့ ကျုပ်က စွန့်ပစ် မိုင်းတွင်းတွေကို သွားကြည့်ချင်သေးတယ်” မိုဝူကျီက တုံ့ပြန်လိုက်သည်။
ကျာချီက ရယ်မောကာ “တာအိုရောင်းရင်းမို ... ရှင် ရွေးချယ်မှု မှားနေပြီ။ ပြန်တွေးကြည့်ပါဦး ... ရှင့်မှာ သိုလှောင်လက်စွပ် ရှိနေပြီပဲ။ တကယ်လို့ ရှင် ကျောက်တုံးနက် ဆယ်တုံး ရလာရင်တောင် သူတို့ကို နှစ်တုံးပဲ ထုတ်ပေးရမှာလေ။ အင်မော်တယ်တပိုင်း နယ်ပယ်နဲ့ အသက်ရှည်ဂိုဏ်းရဲ့ ခွဲတမ်းက အဲဒီလောက် အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး ...”
မိုဝူကျီက ထိုအချက်ကို မည်သို့ လျစ်လျူရှုထား မိမည်နည်း။ သူက မိုင်းတွင်း (စ) ကို ရောက်ရှိပြီး အချိန်လေးအတွင်း သူ့အနေနှင့် ကျောက်တုံးနက် ခုနစ်တုံးသာ ရှာနိုင်ခဲ့သည်။ တခြားနည်းဖြင့်ဆိုလျှင် အဆိုးဆုံး မိုင်းတွင်းက တူးယူဖို့ရာ ကောင်းသော နေရာ မဟုတ်ချေ။ ထို့ကြောင့် သူက ထိပ်တန်း မိုင်းတွင်းများဆီ သွားကြည့်လိုခြင်း ဖြစ်သည်။ သူတို့ကို စွန့်ပစ်ထားလျှင်ပင် သူ့အတွက်တော့ မထူးခြားပေ။ မိုင်းတွင်း အတွင်းပိုင်း နေရာများကား မထိတွေ့ရသေးသည့် နေရာများ ဖြစ်နေနိုင်သေးသည်။
“ကျုပ် တစ်ချက် ကြည့်ကြည့်ရုံပါ။ ကျုပ်ကို အဲဒီမိုင်းတွင်းတွေဆီ ခေါ်သွားပေးပါ” မိုဝူကျီက မပြောင်းလဲပေ။
ကျာချိက မိုဝူကျီ ခေါင်းမာမှုကို မြင်သောအခါ “ကောင်းပြီလေ ... ရှင့်ကို မိုင်းတွင်း ၆(က) ကို ခေါ်သွားပေးမယ်။ အဲဒါက အစောပိုင်း မိုင်းတွင်းထဲက တစ်ခုပဲ။ စွန့်ပစ်ထားတာ တော်တော်ကြာပြီ။ အကောင်းဆုံး မိုင်းတွင်းလို့ ယူဆလို့ ရတယ် ... တစ်ခါက လူတစ်ယောက်ဆို တစ်ကြိမ်တည်းနဲ့ ကျောက်တုံးနက် တစ်ထောင် ရသွားတာလို့ ကြားလိုက်သေးတယ်။ အဲဒီနောက်ကျ တချို့လူတွေက ထပ်သွားရှာကြတော့ ဘယ်သူမှ ထပ်မတွေ့တော့ဘူး။ မိုင်းတွင်းရဲ့ နေရာလပ် မကျန်အောင် ရှာပြီးသွားကြပြီ ...”
“အဲဒါဆို မိုင်းတွင်း ၆ (က) သွားကြည့်တာပေါ့။ အခုသွားကြည့်ရအောင် ...” မိုဝူကျီက ဆုံးဖြတ်ပြီးသွားပြီ ဖြစ်၏။ သူက ထိုမိုင်းတွင်းများတွင် အနက်ပိုင်းနေရာများ၌ ကျောက်တုံးနက်များ ကျန်ရှိနေမလား သိချင်မိသည်။
ကျာချီက သူနှင့် အလုပ်အတူတူ တွဲလုပ်လိုသောကြောင့် မိုဝူကျီ အနေနှင့် သူ့စွမ်းဆောင်ရည်နှင့် လုပ်နိုင်စွမ်းကို ပြသရမည် ဖြစ်သည်။ ထို့အပြင် နောက်ထပ် မိုင်းတွင်းနေရာသွားရန် ရက်အနည်းငယ် လိုသေးပေသည်။
ခြောက်နာရီအကြာတွင် မိုဝူကျီနှင့် ကျာချီတို့က ရပ်တန့်လိုက်ကြသည်။ သူတို့ရှေ့တွင် အနက်ရောင်မြေ ရှိနေပြီး တစ်ခုတည်းသော ကွာခြားချက်မှာ ဤမြေနက်အတွင်း သဲနီရောင် အငွေ့အသက်တို့ ပါရှိနေခြင်း ဖြစ်သည်။
“ဒါက မိုင်းတွင်း ၆ (က) လား” မိုဝူကျီက သူ့ရှေ့မှ မြေနက်ကို ကြည့်ကာ မေးလိုက်သည်။ ကြည့်ရသည်မှာ မြေတစ်ခုလုံးကို လှန်လှောထားဟန် ပေါ်သည်။
ကျာချီက ပြန်ဖြေလိုက်သည် “အင်း … မိုင်းတွင်း (က) က အကောင်းဆုံး မိုင်းတွင်းလေ။ နံပါတ်ပိုသေးလေ ကျောက်တုံးနက်ရှိတာနဲ့ ပိုနီးလေပဲ။ မိုင်းတွင်း ၆ (က) က အင်မော်တယ်တပိုင်း နယ်ပယ်ရဲ့ အကောင်းဆုံး မိုင်းတွင်း ဖြစ်ခဲ့ဖူးတာပေါ့ …”
မိုဝူကျီက မိုင်းတွင်းထဲ ဝင်ကာ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူက ပတ်ဝန်းကျင်တွင် တခြားလူမရှိကြောင်း အတည်ပြု လိုက်ပြီးနောက် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားများမှာ သူ့အောက်မှ မြေနက်အတွင်း ဝင်ရောက်သွားတော့သည်။ အမွေးတိုင် တစ်ဝက်စာအတွင်း မိုဝူကျီက ပထမ ကျောက်တုံးနက်ကို ရှာတွေ့သွားသည်။ သို့သော်လည်း ထိုကျောက်တုံးနက်မှာ မြေအောက် ၁၅ မီတာလောက် ဖြစ်နေ၍ ကျာချီကို မပြောနေတော့ချေ။
ကျောက်တုံးနက် တစ်တုံးအတွက် ထိုမျှအထိ နက်နက်တူးဖို့ရာ သူက စိတ်မဝင်စားပေ။
ကျာချီက မိုဝူကျီနောက် လိုက်လာပြီး သူမက ကျောက်တုံးနက် ရှာဖို့ရာ စိတ်စွမ်းအား အသုံးပြုဖို့ စိတ်ထဲမရှိချေ။ အားလုံတူးယူထားသည့် နေရာတစ်ခုအတွက် သူမက ထိုသို့ အသုံးမဝင်သည့် အပြုအမူကို ပြုလုပ်မည် မဟုတ်ပေ။ မိုဝူကျီက ဤနေရာမှာ အမှန်ပင် တူးဖော်ဖို့ရာ မသင့်တော်ကြောင်း သိရှိပြီးနောက် သူမက မိုဝူကျီနှင့် နောက်သုံးရက်အကြာမှ သူတို့အကြံအစည်များကို ဆွေးနွေးရမည်။
မိုဝူကျီ နှုန်းမှာ မမြန်ဆန်သလို မနှေးကွေးပေ။ ထိုသို့ဖြင့် နှစ်နာရီ ကုန်ဆုံးသွားလေ၏။
ဤနေရာကို မိုင်းတွင်း (က) ဟု ခေါ်ဆိုရန် အမှန်ပင် ထိုက်တန်ပေသည်။ အချိန်တိုအတွင်း သူက ကျောက်တုံးနက် ၁၇ တုံး တွေ့ထားပြီးပြီ ဖြစ်၏။ မိုင်းတွင်း (စ) တွင် ရှိစဉ်က သူက ထိုမျှ ပမာဏအထိ ရှာမတွေ့ခဲ့ပေ။
မိုဝူကျီကိုကို စိတ်ပျက်စေသည်က ထိုကျောက်တုံးနက် ၁၇ တုံးမှာ သူ အလိုရှိသည့်အရာ မဟုတ်သေးပေ။ အနိမ့်ဆုံးမှာ ကိုးမီတာအထိ နက်သောကြောင့် တူးဖို့ရာ အားထုတ်မှုသာ အလကား ဖြစ်သွားလိမ့်မည်ဟု ခံစားမိနေသည်။ မိုဝူကျီက အချိန် ခြွေတာနိုင်ရန် ကျောက်တုံးနက် စုပြုံနေသည့် နေရာကို ရှာချင်သည်။
“တာအိုရောင်းရင်းမို … တကယ်လို့ နောက်ရက်တွေထိ ထပ်ရှာရင်လည်း ရလဒ်က အတူတူ ဖြစ်လိမ့်မယ်။ ဒီနေရာကို အကြမ်းဖျင်း အကုန်တူးထားပြီးပြီ။ အဲဒါကြောင့် ကျောက်တုံးနက် တွေ့ဖို့ ခက်တယ် …”
မိုဝူကျီ စိတ်ပျက်မှုကို ခံစားမိ၍ ကျာချီက ဘေးမှ အကြံပေးလိုက်သည်။
မိုဝူကျီက ကျောက်တုံးနက်များ တွေ့ထားကြောင်း ရှင်းပြတော့မည့် ဆဲဆဲတွင် နှင်းပွင့်လေးကဲ့သို့ အတန်းလိုက်ရှိနေသော ကျောက်တုံးနက်များကို သတိပြုမိလိုက်သည်။ အကြမ်းဖျင်း ရေတွက်ပြီးနောက် ကျောက်တုံးနက် သုံးဆယ်ခန့် ရှိကြောင်း သိလိုက်ရကာ သူတို့မှာ အရမ်းလည်း မနက်ဘဲ ၁၂ မီတာမှ ၁၅ မီတာကြားသာ ရှိ၏။
“ဒီမှာ စတူးရအောင်” မိုဝူကျီက ကျောက်တုံးနက် သုံးဆယ်ကို သူ့စိတ်စွမ်းအားဖြင့် ပိတ်လှောင် ထားပြီးနောက် မြေကြီးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“အာ” ကျာချီက မိုဝူကျီကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
ဤနေရာမှာ တူးထားဖူးရာ သူက ထပ်တူးနေချင်တာလား ...
မိုဝူကျီက ရှင်းမပြတော့ဘဲ သူ့ဂေါ်ပြားကို ထုတ်ကာ စတင်တူးတော့သည်။ သဘာဝစွမ်းအားများ ထည့်ထားသောကြောင့် ဂေါ်ပြားမှာ သူ့တျန်းဂျီတုတ်ထက် ပိုသက်ရောက်မှု ရှိလေသည်။ တစ်ခါတည်းဖြင့် သူက မြေနက် ၃ဝ စင်တီမီတာလောက် အထိ တူးနိုင်သည်။ သူ့၌ အခြားသော ပညာရပ်အကူအညီ မပါရှိချေ။
မိုဝူကျီ စတူးသည်ကို မြင်သောအခါ ကျာချီလည်း မိုဝူကျီနောက်မှ လိုက်တူးလိုက်ရသည်။
ကျာချီ ပထမဆုံးအကြိမ်တွင် သူက မြေနက်တူးနှုန်းအရ ကျာချီမှာ သူ့ထက် များစွာ အားကောင်းကြောင်း သိလိုက်သည်။ သူက ၃ဝ စင်တီမီတာလောက်သာ ရောက်ပေမဲ့ ကျာချီက တစ်ကြိမ်တွင် ၆ဝ စင်တီမီတာလောက် အထိ ရောက်ပေသည်။
သူတို့ အနက်ပိုင်း ရောက်လေလေ မြေနက်က မာကျောလာလေလေ ဖြစ်သည်။ ကျာချီက အတွေ့အကြုံ များသောကြောင့် သူမက ဂေါ်ပြားအတွက် အသင့်တော်ဆုံး နေရာအနေအထားကို ရွေးချယ်နိုင်သည်။ မိုဝူကျီက သူမနောက်မှ လိုက်ကာ အချိန်နှင့် အားထုတ်မှုတို့ကို ခြွေတာလိုက်တော့သည်။
မဆိုးဘူးပဲ ... ဒီတွဲဖက် ကိစ္စက အဆင်ပြေလေ၏။
ယခင်က မိုဝူကျီသည် ကိုးမီတာရောက်ရန် တစ်ရက် အချိန်ယူခဲ့ရသော်လည်း ကျာချီနှင့် အတူတူ တူးသောအခါ သူတို့က နှစ်နာရီတည်းဖြင့် ကိုးမီတာအထိ ရောက်ရှိသွား၏။ ထိုမျှတင် မကသေးဘဲ မိုဝူကျီ အသုံးပြုလိုက်ရသည့် စွမ်းအားလည်း လျော့နည်းလာခဲ့သည်။
“တာအိုရောင်းရင်းမို ... တူးနေတာက အလကားသပ်သပ် ဖြစ်လာလိမ့်မယ်” သူတို့ ကိုးမီတာအထိ ရောက်သောအခါ ကျာချီက ဆက်အောင့် မထားတော့ဘဲ ပြောလိုက်သည်။
ဦးတည်ရာမရှိဘဲ တူးခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်ပေသည်။
မိုဝူကျီက ဆက်တူးရင်း ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ ၁၅မီတာအထိ ရောက်လာရင် ရလဒ်ကို သိပါလိမ့်မယ်”
“၁၅ မီတာလား” ကျာချီ လက်များပင် တုန်ယင်လာလေ၏။ အင်မော်တယ်တပိုင်း နယ်ပယ် တစ်ခုလုံးတွင် စိတ်စွမ်းအား ၆ မီတာအထိ ရောက်နိုင်သူကိုပင် ပါရမီရှင်ဟု သတ်မှတ်ထားကြသည်။ အကယ်၍ ၉ မီတာအထိ ရောက်ပါက ဤနေရာတွင် အကောင်းဆုံး တူးနိုင်သူ ဖြစ်လာလိမ့်မည်။ ထိုလူများက ကိုယ်တိုင် တူးယူဖို့ရာပင် မလိုအပ်တော့ဘဲ သူတို့က ပါးစပ်လေး ဟရုံဖြင့် ကျောက်တုံးနက် ပမာဏများများ ရနိုင်ကြလေသည်။ မြေအောက် ၁ဝမီတာခွဲအထိ ရောက်ခဲ့သော ပါရမီရှင်တစ်ဦးသာ ရှိခဲ့ပြီး သူက ကြာကြာတောင့်ခံ မထားနိုင်ပေ။
မိုဝူကျီက ၁၅ မီတာ လို့ ပြောလိုက်တာလား ... သူမကို ရိုက်စား လာလုပ်တာလား ဒါမှမဟုတ် သောက်ရေးမပါတာ လာပြောတာလား ...
***