ဧရာမ ဝဲကတော့ကြီး
Vol. 30 Ch. 410
ကျာချီက စိတ်စွမ်းအားကို မြေအောက်ထဲ ပို့လွှတ်လိုက်သည်။ သို့သော်လည်း သူမစိတ်စွမ်းအားကို ကန့်သတ်ထားသည့်အရာ ရှိနေသည်။ သူမ စိတ်စွမ်းအားမှာ တစ်မီတာခွဲလောက်သာ ရောက်ပြီး ရပ်တန့်သွားတော့သည်။ သူမ စိတ်စွမ်းအား အသုံးပြုပြီးနောက်တွင် သူမ တူးနှုန်းမှာ နှေးကျသွားသည်။
မိုဝူကျီက ကျာချီ အပြောင်းအလဲကို သတိပြုမိလိုက်၍ “တာအိုရောင်းရင်းကျာချီ ... ခင်ဗျား အပင်ပန်းခံမနေပါနဲ့ဗျာ”
သူက စိတ်စွမ်းအား သုံးကာ ထိုကျောက်တုံးနက် အတုံး ၃ဝ ကို ပိတ်လှောင်ထားသည့် အပြင် တူးနေရသောကြောင့် သူ့အတွက် မောပန်းရန် လုံလောက်နေလေပြီ။ အကယ်၍ ကျာချီသာ စိတ်လွတ်နေပါက သူ့အတွက် ပိုပင်ပန်းလိမ့်မည်။ ထို့အပြင် ဤနေရာမှာ ဝေးလံနေသော်လည်း ဘယ်သူ ရောက်လာမလဲဆိုတာ မသေချာပေ။ တစ်ယောက်ယောက် ရောက်လာပါက သူတို့အတွက် ကောင်းသောအရာ ဖြစ်လာမည် မဟုတ်ချေ။
“ဟုတ်ပါပြီ ... ကျမ သိပါတယ်” ကျာချီက စိတ်စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ကာ တူးသည့်ကိစ္စ၌သာ အာရုံအပြည့်အဝ စိုက်ထား လိုက်တော့သည်။ နောက်ထပ် နှစ်နာရီအကြာတွင် မိုဝူကျီ ဂေါ်ပြားတစ်ချက် အဝှေ့ဖြင့် သဘာဝစွမ်းအားများ ထည့်လိုက်သောအခါ ဆယ်ဂဏန်း ချီနေသည့် ကျောက်တုံးနက်များ မြေပေါ် ပျံတက်လာကာ သူ့ခြင်းတောင်းထဲ ရောက်ရှိလာတော့သည်။
ကျာချီက ထိုကျောက်တုံးနက်များကို မြင်သောအခါ တူးယူနေသည့် ကိစ္စအား ကြောင်အကာ ရပ်လိုက်တော့သည်။ သူမက မိုဝူကျီ ခြင်းတောင်းကို တအံ့တဩ ကြည့်နေမိကာ အတော်ကြာသည့်အထိ စကားမပြောနိုင်ပေ။
ခြင်းတောင်ထဲတွင် ကျောက်တုံးနက် သုံးဆယ် ရှိနေသည်။
နေ့ဝက်အတွင်း သူမနှင့် မိုဝူကျီတို့က ကျောက်တုံးနက် သုံးဆယ်ကျော်ကို တူးယူနိုင်ခဲ့တာလား ...
မိုဝူကျီက လက်ကိုခါကာ ထိုအပေါက်ကို မြေပြန်ဖို့ထားလိုက်သည်။ ထို့နောက် သူ့စိတ်စွမ်းအားဖြင့် ဖိနှိပ်ထားလိုက်သည့် အခါ ဤနေရာမှာ သာမန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
“တာအိုရောင်းရင်းမို ... ဒီ ... ဒီမှာ ၃ဝ ...” ထိုစဉ် ကျာချီက အသိပြန်ဝင်လာကာ မိုဝူကျီခြင်းတောင်းကို ကြည့်ရင်း ထစ်အ ထစ်အ ပြောလိုက်သည်။
မိုဝူကျီက ခေါင်းညိတ်ပြကာ “ဟုတ်တယ်။ ကျုပ်တို့တွေ ဒီတစ်ကြိမ် ကျောက်တုံးနက် ၃ဝရခဲ့တယ်။ တကယ်တော့ ကျုပ် နည်းနည်း နေရာကွဲနေတဲ့ ကျောက်တုံးနက်တွေကိုလည်း တွေ့သေးတယ်။ ဒါပေမဲ့ ယူဖို့ရာ စိတ်မပါလို့။ မဟုတ်ရင် ကျုပ်တို့အချိန်ကို ဖြုန်းတီးသလို ဖြစ်နေလိမ့်မယ် ... ”
ကျာချီက ချက်ချင်း နှိုးကြားလာကာ “တာအိုရောင်းရင်းမို ... ရှင်က ၁၅ မီတာ နက်တဲ့ ကျောက်တုံးနက်ကို တကယ်ကြီး ရှာနိုင်တယ်ပေါ့ …”
မိုဝူကျီက ဘာကိုမျှ လျှို့ဝှက်မထားတော့ချေ။ သူတို့က နောင်ကျ အလုပ်အတူတူ တွဲလုပ်ရမည့်သူများ ဖြစ်ကာ …
“ဟုတ်တယ်။ ကျုပ်က ၁၅ မီတာအနက်ထိ ရှာနိုင်တယ်။ တာအိုရောင်းရင်း ကျာချီရဲ့တူးနှုန်းကိုလည်း မျက်မြင်ကိုယ်တွေ့ မြင်ပြီးပါပြီ။ အခု ခွဲတမ်းကိစ္စကို ဆွေးနွေးကြတာပေါ့ ... ”
တကယ်တော့ မိုဝူကျီ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အဆုံးစွန်ထိ အသုံးပြုလျှင် မြေအောက် ၁၈ မီတာမှ ၂၁ မီတာအနက်ထိ ရှာနိုင်လေသည်။
ဆွေးနွေးစရာ ဘာကျန်ဦးမှာလဲ ...
တစ်အချိုး ကိုး ဆိုမထားနှင့် ဝ.၅အချိုး ၉.၅ အချိုး ဖြစ်လျှင်ပင် သူမ သဘောတူလိမ့်မည်။ မိုဝူကျီက ထို ဝ.၅ အချိုးသာ ပေးမည်ဆိုလျှင်လည်း မိုဝူကျီသာ သူ့စိတ်စွမ်းအား မြေနက်အတွင်း ၁၅ မီတာအထိ ရောက်ကြောင်း ထုတ်ပြောလိုက်ပါက အင်မော်တယ်တပိုင်း နယ်ပယ်တွင် သူနှင့် အလုပ် တွဲမလုပ်ချင်မည့်သူ ရှိမည် မဟုတ်တော့ပေ။
သူမက မိုဝူကျီက သူ့စွမ်းရည်များကို အင်မော်တယ်တပိုင်း နယ်မြေတွင် မထုတ်ဖော်လိုကြောင်း သိထားသည်။ သူ့က သေချာ စောင့်ကြည့်ခံရနိုင်သလို အန္တရာယ်လည်း များလာလိမ့်မည်။ အင်မော်တယ်တပိုင်း နယ်ပယ်က မိုဝူကျီကဲ့သို့ ကျောက်တုံးနက် ထိပ်တန်း ရှာဖွေရေး လူကို အဘယ်ကြောင့် လွှတ်ပေးမည်နည်း။
“နောင်ကျ ကျုပ်က ၇ ယူမယ်။ ခင်ဗျားက ၂ ယူလိုက်” မိုဝူကျီက ပြောလိုက်သည်။ သူက ကျာချီကို နှစ်ဆယ်ရာခိုင်နှုန်း ပေးသည်က အများအပြား ဖြစ်နေမှန်း သိသော်လည်း သူက ကျာချီကို ကျေးဇူးတင်မိသည်။ ကျာချီသာ မရှိလျှင် သူ့စွမ်းရည်လည်း အလကား ဖြစ်သွား ပေလိမ့်မည်။ ထို့အပြင် ကျာချီမှာ ကောင်းကောင်း တူးနိုင်သူ ဖြစ်၍ သူက ထိုသို့ အကူအညီမျိုးကို လိုအပ်နေလေသည်။ ထို့အပြင် ကျာချီကို လုံလုံလောက်လောက် ပိုပေးလိုက်ခြင်းက သူ့လျှို့ဝှက်ချက်ကို ထိန်းသိမ်း ပေးလိမ့်မည်။
“အာ” ကျာချီက ကြောင်အသွားသည်။ သူမက ချက်ချင်း ပြောလိုက်ပြီး “ဒါက အရမ်းများလွန်းတယ် ... ”
အမှန်ပင် အလွန် များပြားနေသည်။ အကယ်၍ သူမက နှစ်ဆယ်ရာခိုင်နှုန်း ရလျှင် ထိုကျောက်တုံးနက် ၃ဝ ထဲတွင် သူမအနေနှင့် ၆ တုံး ရရှိပေလိမ့်မည်။ တစ်ရက်အတွင်း ကျောက်တုံးနက် ၆ တုံး ရရှိသည်က အမှန်ပင် ကောင်းကင်ဘုံကို သွေဖည်နေသည့် အလား ဖြစ်သည်။
“ကျုပ်စွမ်းအားကို ဘယ်သူကိုမှ ပြန်မပြောဖို့ မျှော်လင့်ပါတယ်။ ကျုပ် ဆရာကြီးဖူကျိ လျှို့ဝှက်ချက်ကို ထိန်းသိမ်း ပေးထားသလိုပေါ့ ...” မိုဝူကျီက ပြောလိုက်သည်။ ဤကိစ္စမှာ အလွန် အရေးကြီးလှသည်။
ကျာချီက ပြန်ဖြေလိုက်သည် “တာအိုရောင်းရင်းမို ... စိတ်ချနေပါ။ ကျမ ကျာချီက ရှင့်လျှို့ဝှက်ချက်ကို ထုတ်ဖော် မပြောပါဘူးလို့ ကျိန်ဆိုပါတယ်။ မဟုတ်ရင် မိုးကြိုး ပစ်ခံပြီး သေပါစေ ...”
မိုဝူကျီက ခေါင်းညိတ် ပြလိုက်သည်။ သူက ကျာချီကို ယုံကြည်၏။
“တာအိုရောင်းရင်း ကျာချီက ဘယ်က ရောက်လာတာလဲ။ ကျုပ် ခင်ဗျား နာမည်ကြားတုန်းက အတော်လေး ထူးဆန်းနေတယ် ခံစားမိလို့” ယခု သူတို့နှစ်ယောက်မှာ သဘောတူညီချက် ရထားပြီ ဖြစ်၍ သူတို့ကြားမှ ဆက်ဆံရေးမှာ ယခင်နှင့် မတူတော့ပေ။ အင်မော်တယ်တပိုင်း နယ်ပယ်အတွင်း၌ သူတို့ကို မဟာမိတ်သဖွယ် ယူဆလို့ ရပေသည်။
ကျာချီက သက်ပြင်းချကာ “ကျမက မြစ်ဝဂြိုဟ်က ရောက်လာတာ။ ကျမ မိသားစု အခြေအနေက အသက်ရှင်ဖို့ အရမ်းဆင်းရဲလွန်းတော့ ကျမ မွေးမွေးချင်း အဖေ့ဆီက စွန့်ပစ် ခံလိုက်ရတယ်။ ကျမ အဖေက ကျူတောထဲ ပစ်ထားတာကနေ ကံကောင်းလို့ ကျမဆရာက တွေ့ပြီးတော့ မွေးစားလိုက်တာ ... အဲဒါနဲ့ နာမည်က ကျာချီ ဖြစ်လာတာပဲ ... ”
( ကျာချီ - စွန့်ပစ်ထားသော ကျူ)
ကျာချီ စကားများကို ကြားပြီး မိုဝူကျီက တိတ်ဆိတ်သွားလေ၏။ ကျာချီ ငယ်စဉ်က သူမကို ကျူတောထဲ ပစ်ထားခဲ့သည့်အတွက် သူမနာမည်မှာ ကျာချီ ဖြစ်လာခြင်း ဖြစ်သည်။ သူက ချိန်စုယင်ကို အမှတ်ရသွားသည်။ စုယင်နှင့် သူမမိခင်တို့မှာလည်း ဖခင်၏ စွန့်ပစ်ခြင်း ခံလိုက်ရသည်။ စုယင်နှင့် သူ့ကြားမှ ဆက်ဆံရေးကြောင့် ကျာချီနှင့် နီးကပ်သွားသည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။
ကျာချီက မိုဝူကျီ သူ့ချစ်သူအကြောင်း တွေးမိနေသည်ကို မသိဘဲ ဆက်ပြောလိုက်သည်
“တကယ်တော့ ဆရာကြီးဖူကျိလည်း အတူတူပဲ။ သူလည်း သာမန်လူသား တစ်ယောက်ပဲ။ သူ့ဖခင်က လမ်းဆုံမှာ ဆိုင်ဖွင့်ထားတဲ့ ပန်းပဲဆရာကြီး တစ်ယောက်လေ။ ဆိုင်က သူတို့မိသားစုအတွက် အဓိကဝင်ငွေ ရတာပေါ့။ သူ့ဖခင်ရဲ့ အသက်လို့လည်း ပြောလို့ရတယ် ...
ဒါပေမဲ့ လမ်းက အရမ်းရှုပ်ပြီး သူတို့ အလုယက်ခံလိုက်ရတယ်။ သူ့မိဘတွေက သေသွားပြီးတော့ သူတစ်ယောက်တည်းပဲ လွတ်မြောက်လာခဲ့တာ။ အဲဒါကြောင့် သူ့နာမည်ကို ဖူကျိလို့ ပြောင်းလိုက်တာ။ တစ်ချက်က သူ့မိဘတွေကို အမှတ်ရနေစေဖို့နဲ့ ဒုတိယအချက်က သူ့ကိုယ်သူ လက်စားချေဖို့ သတိပေးထားတာ …”
“လက်စားချေနိုင်ခဲ့လား” မိုဝူကျီက မုတ်ဆိတ်ရှည် ပန်းပဲဆရာကြီးကို သနားစာနာမိသွားသည်။
ကျာချီက ခေါင်းညိတ်ပြ လိုက်ပြီးတော့ “အင်း … သူတို့ဆိုင်ကို ခိုးသွားတဲ့ သူခိုးကိုလည်း သတ်ပစ်လိုက်တယ်။ တကယ်တော့ အင်ပါယာတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တာ။ ဆရာကြီးဖူကျိက ပန်းပဲပညာရပ်ကို သူ့ဖခင်ရဲ့ အမှတ်တရအနေနဲ့ ရွေးချယ်လိုက်တာ”
မိုဝူကျီက စိတ်အတွင်း သက်ပြင်းချကာ အားလုံး၌ ကိုယ်ပိုင် ကံကြမ္မာဆိုးများ ရှိကြလေသည်။ သူ့အပါအဝင် စုယင်၊ ကျာချီနှင့် ဖူကျိတို့လည်း အတူတူပင် ဖြစ်၏။
“တာအိုရောင်းရင်းမို ... အခုလေးတင် ရှင်က ၇ ကျမက ၂ လို့ ပြောလိုက်တာမလား။ ကျန်ရှိနေတဲ့ ၁ ကရော ...” မိုဝူကျီနှင့် စကားပြောဆိုပြီးနောက် ကျာချီက သူမနှင့် မိုဝူကျီ ဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ သူမ မေးလိုက်သည့် အကြောင်းမှာ မိုဝူကျီက ကျန်ရှိနေသော ၁ ရာခိုင်နှုန်းကို ဆရာကြီးဖူကျိအား ပေးမည် မဟုတ်မှန်း သိသောကြောင့် ဖြစ်သည်။
သူမ အမြင်တွင် မိုဝူကျီက သတ်သတ်မှတ်မှတ် လုပ်သူ ဖြစ်သည်။ သူနှင့် ဖူကျိတို့ လဲလှယ်ရေးမှာ အဆုံးသတ်သွားပြီ ဖြစ်ရာ သူက ထပ်ပြီးတော့ ပေးမည် မဟုတ်ပေ။
မိုဝူကျီက ပြန်ဖြေလိုက်သည် “ကျုပ်ဆီမှာ မိတ်ဆွေတစ်ယောက် ရှိသေးတယ်။ ကျုပ် ခန့်မှန်းတာသာ မမှားရင် သူလည်း မကြာခင် ရောက်လာလိမ့်မယ်။ ၁ ရာခိုင်နှုန်းက သူ့အတွက် ချန်ထားတာပါ ...”
မိုဝူကျီက လော့ချွမ်းဟယ် အကြောင်း ပြောနေခြင်း ဖြစ်သည်။ သူက ထို ၁ ရာခိုင်နှုန်းကို လော့ချွမ်းဟယ်အတွက် ချန်ပေးထားသည်မှာ လော့ချွမ်းဟယ်က ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာသခင် ဖြစ်နေ၍ မဟုတ်ပေ။ ထိုအစား သူက ကျန်းရှင်းအတွက် အရာအားလုံး ပေးအပ်ထားသည့် လော့ချွမ်းဟယ်ကဲ့သို့ လူစားမျိုးကို နှစ်သက်၍ ဖြစ်သည်။ ပြန့်ရွမ်းပိနှင့် မုယင်ချောင်တို့နှင့် ယှဉ်လျှင် လော့ချွမ်းဟယ်နှင့် သူက ပိုစည်းဝါး ကိုက်လေသည်။
ကျာချီက ထပ်မမေးတော့ပေ။ ထိုအရာမှာ မိုဝူကျီ ကိစ္စဖြစ်ကာ သူက ထို ၁ ရာခိုင်နှုန်းကို မပေးလျှင်ပင် စိတ်ထဲ မထားပေ။
ယခု သူတို့က အလုပ်အတူတူ တွဲလုပ်နေပြီ ဖြစ်၍ ကျာချီနှင့် မိုဝူကျီတို့က တစ်ယောက်နှင့် တစ်ယောက် နားလည်လာပြီ ဖြစ်သည်။ ထို့အပြင် မိုင်းတွင်း (က) နေရာမှာ အမှန်ပင် မိုင်းတွင်းကောင်း တစ်ခု ဖြစ်ပေသည်။ မိုဝူကျီက ကျောက်တုံးနက်ကို ထပ်ရှာလိုက်သော အခါ တစ်ခါတည်းဖြင့် သုံးတုံး တွေ့ပြန်သည်။ သူက သုံးတုံးထက် နည်းသည့် နေရာများ အားလုံးကို လျစ်လျူရှု ပစ်လိုက်သည်။
ငါးရက်အတွင်း နှစ်ယောက်သာ စုစုပေါင်း ကျောက်တုံးနက် အတုံးရေ ၇၃၈ တုံး တူးနိုင်ခဲ့သည်။ တစ်ကြိမ်တည်းဖြင့် မိုဝူကျီက ကျောက်တုံးနက် ၁ဝ၂ တုံး တွေ့သေးလေ၏။
“တာအိုရောင်းရင်းကျာ ... ကျုပ် စိတ်စွမ်းအင် ကျောက်တုံးအချောနဲ့ သွားလဲလိုက်ဦးမယ်။ ပြီးသွားရင်တော့ တံခါးပိတ် လေ့ကျင့်တော့မယ်” သူမက များများ တူးမိလေလေ ကျာချီက စိတ်ဓာတ်ပို တက်ကြွလာလေလေ ဖြစ်သည်။ သို့သော်လည်း မိုဝူကျီက ဆက်မတူး နိုင်တော့ပေ။ သူက ပြန်သွားကာ ကျင့်ကြံချင်နေပြီ ဖြစ်၏။ ထိုကျောက်တုံးနက် များမှာ အမှန်ပင် အဖိုးတန်လွန်း သော်လည်း သူက တချို့ကို စိတ်စွမ်းအင် ကျောက်တုံးအချောအတွက် လဲလှယ်ရဦးမည် ဖြစ်သည်။
တူးဖော်ရာတွင် အဓိက လှုပ်ရှားရသူမှာ မိုဝူကျီသာ ဖြစ်၏။ မိုဝူကျီက ပြန်ချင်ပြီ ဖြစ်သောကြောင့် ကျာချီလည်း ပြန်ရမည်။
“တာအိုရောင်းရင်းမို ... မကျင့်ကြံခင် သစ်သားဓာတ် ပျော်ဝင်ဆေးလုံးကို လဲဖို့ အမှတ်ရဦးနော် ...” ကျာချီက သတိပေးလိုက်သည်။ သူမက အလွန်ကျေနပ်နေသည်။ ရက်အနည်းငယ်အတွင်း သူမက ကျောက်တုံးနက် အတုံးရေ ၁၅ဝ ရရှိခဲ့လေသည်။ အတိတ်တွင် ဖြစ်ပါက သူမက နှစ်များစွာ ကုန်ဆုံးလာသော်လည်း တစ်ခါမျှ ထိုသို့ မရဖူးပေ။
မိုဝူကျီ၏ အဆိပ်ဖြေ ချီသွေးကြောမှာ အထူး သစ်သားဓာတ်စွမ်းအားကို ဖြေဖျောက်ပေးသည်။ သူ့အတွက် သစ်သားဓာတ် ပျော်ဝင်ဆေးလုံးကို မလိုအပ်ချေ။ သို့သော်လည်း ယခု ကျာချိက သတိပေးနေသောကြောင့် ဆေးလုံးကို မလိုအပ်လျှင်ပင် သူက ဆေးလုံး တချို့ကိုတော့ ဝယ်ယူထားရမည်။
“ကျုပ် သိပါပြီ။ စိတ်စွမ်းအင် ကျောက်တုံးလဲရတာတော့ အတော်လေး ခေါင်းပုံဖြတ်ခံ ရတာပဲ။ ကျောက်တုံးနက်ရဖို့ အတော်ကြိုးစား ထားရတာကို ကျောက်တုံးနက် တစ်တုံးကို စိတ်စွမ်းအင် ကျောက်တုံးအချော ဆယ်တုံးပဲ ရမှာကျ ... ဟူး ...” မိုဝူကျီက ကျောက်တုံးနက် တစ်တုံး ကိုင်ထားရင်း ကူကယ်ရာမဲ့သလို ခံစားမိလာသည်။
ကျာချီက ခပ်ယဲ့ယဲ့ပြုံးကာ “မှောင်ခိုဈေးကွက်တော့ သိတယ်။ ကျောက်တုံးနက် တစ်တုံးကို စိတ်စွမ်းအင် ကျောက်တုံးအချော ၁၅ တုံးကနေ အတုံး ၂ဝ လောက်ထိ ရတယ်”
မိုဝူကျီက သူတို့ ကျောက်တုံးနက်တွေကို သိမ်းထားလိုသော ယခင်လူများကို တွေးမိလိုက်သည်။ သူတို့က မှောင်ခိုဈေးကွက်သွားကာ လဲလှယ်လိုခြင်းသာ ဖြစ်ရမည်။ ထိုသို့သော လဲလှယ်မှုမျိုးသာ ရှိနေလျှင် သူလည်း အင်မော်တယ် တပိုင်း နယ်ပယ်တွင် သူ့ကျောက်တုံးနက် များကို လဲလှယ်နေမည် မဟုတ်ပေ။
“အဲဒါဆို ခင်ဗျားရဲ့ ကျောက်တုံးနက်တွေကိုရော ဘယ်လိုလုပ်မှာလဲ” မိုဝူကျီက လက်စွပ်ကို ထိုးပြရင်း မေးလိုက်သည်။
“ရှင့်ဆီမှာပဲ ယာယီ ထားထားဦးမယ်။ ရှင် ကျင့်ကြံနေတဲ့ အခါကျ ကျမ အထူးအာကာသ ရွှေကွေးကို သွားရှာပေးမယ်” ကျာချီက ဖြေလိုက်သည်။
“ကောင်းပြီ” မိုဝူကျီက အရမ်း ယဉ်ကျေးနေဟန် မပေါ်ပေ။ ကျာချီက မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သည့်အတွက် သူမအနေနှင့် ကျင့်ကြံဖို့ရာ မလိုအပ်ပေ။ တစ်ခြားနည်းဖြင့်ဆိုရလျှင် သူ့စွမ်းအားကို မြင့်ဖို့ လိုအပ်နေသူမှာ သူသာလျှင် ဖြစ်သည်။ သူက ကျောက်တုံးနက် ငါးတုံးကို ယူကာ ခြင်းတောင်းထဲ ထည့်လိုက်သည်။ ထို့နောက် စိတ်စွမ်းအင် ကျောက်တုံးအချော လဲလှယ်ရန် ထွက်သွားတော့သည်။
စွန့်ပစ်မိုင်းတွင်းများကို သွားရသည်က ကောင်းကျိုးတစ်ချက်တော့ ရှိပေသည်။ အင်မော်တယ်တပိုင်း နယ်ပယ်က သူ့ခြင်းတောင်းကို စောင့်ကြည့်နေမည် မဟုတ်တော့ချေ။
“ဟုတ်သား ... လူအချို့အကြောင်း မေးကြည့်ချင်လို့ ... လိုင်ဝမ်ရှင်းလို့ ခေါ်တဲ့ ဆေးလုံးဆရာကို ကြားဖူးလား ” မိုဝူကျီက ယခင်မေးလိုသည့် အကြောင်းအရာကို သတိရသွားကာ ကောက်ကာငင်ကာ မေးလိုက်သည်။ ယခင်က သူနှင့် ကျာချီ မရင်းနှီးသော်လည်း ယခုအခါ တစ်ဖွဲ့တည်းသားအဖြစ် ယူဆလို့ ရနေလေပြီ။ သူက ထိုသို့မျိုး မေးခွန်းကို မေးနိုင်လေသည်။
ကျာချီက ခေါင်းခါကာ “တစ်ခါမှ မကြားဖူးဘူး”
“အဲဒါဆို မုန့်ယီစန်းရော ...”
“မုန့်ယီစန်းလား” ကျာချီက မိုဝူကျီကို တအံ့တဩ ကြည့်ကာ “ပါရမီရှင် မုန့်ယီစန်းကို ရှင် ဘယ်လိုသိတာလဲ ”
မိုဝူကျိက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “တာအိုရောင်းရင်းကျာ ... မုန့်ယီစန်းကို တကယ် ကြားဖူးတာလား”
ကျာချီက ခေါင်းညိတ်ပြကာ “သူ့ကို ကြားဖူးတာပေါ့။ မုန့်ယီစန်းက အင်မော်တယ်တပိုင်း နယ်ပယ်က ထွက်သွားနိုင်တဲ့ ထိပ်သီးပါရမီရှင်လေ။ သူ အင်မော်တယ်တပိုင်း နယ်ပယ်ထဲ ရှိနေတုန်းက ကောင်းကင် အင်မော်တယ် စမ်းသပ်ချက် ခံယူခဲ့ရတယ်။ စမ်းသပ်ချက် အောင်မြင်သွားပြီးတော့ ကောင်းကင် အင်မော်တယ် ဖြစ်သွားခဲ့တာ ...”
“အင်မော်တယ်တပိုင်း နယ်ပယ်ထဲမှာ ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းနိုင်တာလား” မိုဝူကျီက အံ့ဩမိသွားသည်။
ဤနေရာမှာ အင်မော်တယ် နယ်မြေ၏ တစိတ်တဒေသများ ဖြစ်နေမလား ...
ကျာချီက ခေါင်းခါကာ “မဟုတ်ဘူး။ အချိန်တိုအတွင်း ကျင့်ကြံနိုင်တဲ့ ပါရမီရှင် တချို့လောက်ပဲ အင်မော်တယ်တပိုင်း နယ်ပယ်အတွင်း သူတို့ရဲ့ ကောင်းကင် အင်မော်တယ် စမ်းသပ်ချက် ခံယူဖို့ အခွင့်အရေး ရကြတာ”
“အဲဒါဆို သူတို့တွေ ဘယ်ရောက် သွားတာလဲ” မိုဝူကျီက မြန်မြန် မေးလိုက်သည်။
“ကျမ ကြားတာတော့ အဲဒီပါရမီရှင်တွေကို အင်မော်တယ် နယ်မြေက ရွေးချယ် သွားပြီးတော့ အင်မော်တယ် နယ်မြေထဲ ရောက်သွားပြီတဲ့။ သူတို့က ဒီမှာ ကျမတို့နဲ့ ကျောက်တုံးတူးဖို့ ဘယ်သူက နေနေမှာတုံး ...” ကျာချီ အသံတွင် အားကျမှုများ ရောပြွမ်းနေသည်။
မိုဝူကျီက တိတ်ဆိတ် သွားပေသည်။ သူက ဧရာမ ထောင်ချောက် သို့မဟုတ် ဝဲကတော့ကြီးအထဲ ဝင်ရောက်မိသည့် အလား ခံစားမိနေသည်။
အင်မော်တယ် နယ်မြေက ရွေးချယ်တာတဲ့လား ...
သူသာ လခြမ်းကွေး အကျဉ်းထောင်ကို မရောက်ခဲ့ပါက ကျာချီ စကားများကို အမှန်ဟု ထင်မှတ်မိပေလိမ့်မည်။
***