← Chapters

မှောင်ခို သဘောတူညီချက်

Vol. 30 Ch. 411

မှောင်ခို သဘောတူညီချက်

Vol. 30 Ch. 411

“တာအိုရောင်းရင်းကျာ ... အဲဒီပါရမီရှင်တွေက အင်မော်တယ် နယ်မြေထဲ ဘယ်လို ရောက်သွားကြတာလဲ” မိုဝူကျီ ထိုမေးခွန်းကို မေးစဉ် သူက စိတ်အတွင်း၌ ကြိုတင်ကာကွယ်မှု ပြုလုပ်ရန် တေးထားလိုက်သည်။ သူက သူ့ကိုယ်သူ အင်မော်တယ်တပိုင်း နယ်မြေအတွင်း၌ စမ်းသပ်ချက် ခံယူမည် မဟုတ်ပေ။

“အသေးစိတ်တော့ မသိဘူး အင်မော်တယ်တပိုင်း နယ်ပယ်နဲ့ ပတ်သက်နေတာပဲ သိလိုက်တာ။ အင်မော်တယ်တပိုင်း နယ်ပယ်မှာ ကွမ်းချွမ်လို့ ခေါ်တဲ့ တာအိုသခင် တစ်ယောက် ရှိတယ်။ သူက အင်မော်တယ် နယ်မြေနဲ့ ဆက်စပ်နေတဲ့ပုံပဲ။ ကျမတို့ တူးတဲ့ ကျောက်တုံးနက်တွေနဲ့ ကျမတို့ ဝယ်နေရတဲ့ သစ်သားဓာတ် ပျော်ဝင်ဆေးလုံးလည်း အင်မော်တယ် နယ်မြေနဲ့ ပတ်သက်နေတယ် ...” ကျာချီက ပြန်ဖြေလိုက်သည်။

မိုဝူကျီက ထပ်မမေးတော့ချေ။ ကျောက်တုံးနက်များမှာ အင်မော်တယ် နယ်မြေနှင့် လဲလှယ်ကောင်း လဲလှယ် နေနိုင်သော်လည်း သစ်သားဓာတ် ပျော်ဝင်ဆေးလုံး များမှာ အင်မော်တယ်တပိုင်း နယ်ပယ်တွင် ဖော်စပ်ကြောင်း သေချာသည်။ မဟုတ်လျှင် ကျန်းရှင်းမှ သတ္တုဓာတ် ဆေးလုံးဆရာများစွာ ပြန်ပေးဆွဲခံရမည် မဟုတ်ပေ။

ထိုအရာက ပြန်သွားပြီး ကျင့်ကြံသည် ကိစ္စကို ပိုတွန်းအား ပေးနေသည်။ သူက မြေကမ္ဘာ အင်မော်တယ်အဆင့် တက်လှမ်းပြီးသည့် နောက်ပိုင်းတွင်ပင် သူ့အနေနှင့် ထိုအင်မော်တယ် နယ်မြေမှ လူများနှင့် ယှဉ်နိုင်မည် မဟုတ်သော်လည်း လောကအင်မော်တယ် အဆင့် အနေနှင့် ရှိနေခြင်းထက်တော့ ပိုသာပေသည်။

“လာ ...  ပြန်ကြစို့။ ကျုပ်ကို မှောင်ခိုဈေးကွက်ဆီ ခေါ်သွားပေးပါဦး” သူ့လက်ရှိ စွမ်းအားဖြင့် များများစားစား သိခြင်းက အသုံးမဝင်သေးပေ။

“ဟုတ်ပြီ” ကျာချီက မိုဝူကျီ ထူးဆန်းကြောင်း တွေးမိသော်လည်း သူမ ယုံကြည်မှုကိုတော့ မရုပ်သိမ်းပေ။ အချိန်တိုသာ ပတ်သက်ရသော်လည်း ယုံကြည်လို့ရသည့် လူတချို့ ရှိသလို  ဘဝတစ်လျောက်လုံး သိလာသော်လည်း ယုံကြည်လို့ မရသည့် လူစားမျိုးလည်း  ရှိပေသည်။ သူမက မိုဝူကျီအပေါ် မှားယွင်း ကောက်ချက် မချမိကြောင်း ယုံကြည်မိသည်။

အင်မော်တယ်တပိုင်း နယ်ပယ်၏ မှောင်ခိုဈေးကွက်မှာ တကယ်တော့ သာမန်ကျသည့် နေရာတစ်ခု ဖြစ်ပေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ အဝင်ဝတွင် ချိတ်ဆွဲထားသော “ပန်းပဲ ပစ္စည်း” ဟူ၍ ပါရှိသည်။

သူက ကျာချီနောက်မှ လိုက်ဝင်သွားလိုက်ပြီး မိုဝူကျီက အထဲကို စိတ်စွမ်းအား ဖြန့်ကျက်ထားလိုက်သည်။ ကြည့်ရသည်မှာ သာမန်ပန်းပဲဖိုနှင့် တူပေသည်။ ဆရာကြီးဖူကျိ၏ ကျောက်အိမ်နှင့် ယှဉ်လျှင် အနည်းဆုံးတော့ အိမ်အလယ်၌ ဧရာမ ပန်းပဲမီးဖိုကြီး ရှိနေသည်။ မီးဖိုအတွင်း သတ္တုများကို ဆက်တိုက် သန့်စင်နေသော ကျင့်ကြံသူ တစ်ဦးလည်း ရှိနေသည်။

ဆိုင်အပြင်ဘက်တွင် အစောင့်မရှိသောကြောင့် မိုဝူကျီနှင့် ကျာချီတို့ အလွယ်တကူ ဝင်လာနိုင်၏။

“ပန်းပဲ ပစ္စည်းလား ဒါမှမဟုတ် ရောင်းဖို့လား” မီးဖိုနားက ကျင့်ကြံသူက ခေါင်းပင် မမော့ဘဲ မေးလိုက်သည်။

“ရောင်းဖို့ပါ” ကျာချီက ဝင်ဖြေပေးလိုက်သည်။

ကျင့်ကြံသူက စကားများများ မပြောပေ။ ရုတ်တရက်ဆိုသလို သူ့ဘေးမှ တံခါးပွင့်လာကာ ကျာချီက မိုဝူကျီကို ထိုထဲဝင်ရန် လက်ဟန် ပြလိုက်သည်။

မိုဝူကျီက အားလုံးလည်း ထိုမှောင်ခိုဈေးကွက်ကို သိကြလိမ့်မည်ဟု ယုံကြည်သည်။ အင်မော်တယ်တပိုင်း နယ်ပယ်၏ လူများပင် သိရှိကြလိမ့်မည်။ သူ နားမလည်သည်က အဘယ်ကြောင့် သူတို့က လျှို့ဝှက်လွန်းနေပြီး အဘယ်ကြောင့် အင်မော်တယ်တပိုင်း နယ်ပယ်က သူတို့ကို မပိတ်သေးတာလဲ ဆိုသည့် အချက်များကို ဖြစ်၏။

နှစ်ယောက်သား တံခါးသေးလေးမှ ဝင်သွားပြီးနောက်တွင် တံခါးမှာ ချက်ချင်း ပြန်ပိတ်သွားသည်။ မိုဝူကျီ စိတ်စွမ်းအားဖြင့် သူက ထိုတံခါးကို ဖြတ်၍ မမြင်နိုင်ချေ။ ထိုနေရာကို ထိပ်သီး အစီအရင် တစ်ခုနှင့် ကာကွယ်ထားမှန်း သတိပြုမိလိုက်သည်။ သူ အပြင်ဘက်တွင် ရှိစဉ်က သူ့စိတ်စွမ်းအားဖြင့် ဤတံခါးအသေးလေးကို သတိမထားမိခဲ့ပေ။

တံခါးက အိမ်တစ်လုံးနှင့် ဆက်သွယ် ပေးထားသည်။ ထိုအိမ်အတွင်း လူလေးယောက် ထိုင်နေကြပြီး အလယ်တွင် ဖြူဖျော့ဖျော့ မျက်နှာနှင့် အမျိုးသား ရှိ၏။ သို့သော်လည်း သူ့မျက်လုံး ကျဉ်းကျဉ်းများက သူ့ပုံရိပ်ကို ဖျက်ဆီးနေပြီး အန္တရာယ်ရှိသည့် အငွေ့အသက်များနှင့် ထပ်ပေါင်းလိုက်သည့် အခါ သူက လူအများကို မသက်မသာ ခံစားရစေသည်။

ထိုလူ‌ လက်ဝဲဘက်တွင် အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ရှိနေသည်။ အမျိုးသားမှာ အင်မတန် ပိန်လွန်းပြီး သွေးနံ့များ ထောင်းနေသည်။ ထိုလူကို ကြည့်ရသည်မှာ လူသေနှင့် သွေးပင်လယ်ကြားမှ ထွက်လာသည်နှင့် တူပေသည်။ ထိုပိန်ပါးပါး အမျိုးသားက ဓားတိုတစ်ချောင်း ကိုင်ထားကာ သူ့လက်သည်းများ လှီးဖြတ်နေသည်။  အမျိုးသမီးမှာ လှပကြော့ရှင်းကာ လက်သည်း ဖြတ်နေသည့် အမျိုးသားကို ကြည့်နေလေသည်။ လက်ယာဘက်တွင် လူလတ်အရွှယ် ကျင့်ကြံသူ တစ်ဦး ရှိနေပြီး ထိုကျင့်ကြံသူက ပေသီးတွက်ခုံ ကိုင်ထားကာ မိုဝူကျီနှင့် ကျာချီကို စိုက်ကြည့်နေသည်။

ကျာချီက ရှေ့တစ်လှမ်းတိုးကာ လက်နှစ်ဖက် ဆုပ်လျက် “သခင်ပုဆိန်ကို နှုတ်ဆက်ပါတယ်။ ကျမ မိတ်ဆွေက သစ်သားဓာတ် ပျော်ဝင်ဆေးလုံးတချို့နဲ့ အတူ စိတ်စွမ်းအင် ကျောက်တုံးအချောတွေကို လဲလှယ်ချင်လို့ပါ ...”

မိုဝူကျီက ဖြူဖျော့ဖျော့ အမျိုးသား နောက်ကျောမှ ဧရာမပုဆိန်ကြီးကို ကြည့်ကာ တွေးမိလိုက်သည်။

ဒီလူက ဒီပုဆိန်ကို သူ့နာမည်ကြောင့် အမြဲ သယ်ထားတာ များလား ...

သခင်ပုဆိန်ဟု ခေါ်သည့် အမျိုးသားက ကျာချီကို မှတ်မိဟန် ပေါ်သည်။ သူ့အကြည့်က မိုဝူကျီဆီ အမြန်အဆန် ရောက်ရှိသွားကာ  “ဘယ်လောက် လဲချင်တာလဲ”

ကျာချီက ဘာမှ ဝင်မပြောတော့ပေ။ ဤလဲလှယ်မှုတွင် သူမက မိုဝူကျီကို ခေါ်လာပေးရုံသာ ဖြစ်၏။

မိုဝူကျီက လက်နှစ်ဖက်ဆုပ်လျက်  “ကျုပ်က ဒီကို ရောက်တာ မကြာသေးတော့။ ကျောက်တုံးနက် အတွက် လဲလှယ်နှုန်းကို မသိသေးဘူး။ ဘယ်လောက်နှုန်းလဲ ...”

သခင်ပုဆိန် မျက်လုံးထောင့်မှ သရော်မှုတချို့ ဖြတ်ပြေးသွားကာ  “ကျောက်တုံးနက် တစ်တုံးအတွက် စိတ်စွမ်းအင် ကျောက်တုံးအချော ၁၄ တုံး”

ကျာချီက ၁၄ တုံးမှန်း ကြားသောအခါ ဝင်ပြောချင်သော်လည်း သခင်ပုဆိန်က ကျာချီ ပြောမည့်စကားကို သိသည့်အလား လက်ကာပြကာ  “မင်းက လဲတာ  မဟုတ်ဘူးဆိုတော့ ဝင်ပြောခွင့် မရှိဘူး”

ကျာချီက စိတ်အတွင်းမှသာ သက်ပြင်းချရင်း စကားလုံးများကို မျိုသိပ်လိုက်ရတော့သည်။

မိုဝူကျီက ချက်ချင်းပင် စိတ်မကြည်မလင် ဖြစ်သွားမိသည်။ ထိုလူမှာ အမှန်ပင် မောက်မာလွန်းပေသည်။ ကျောက်တုံးနက်မှာ သူ့အတွက် ရှာဖို့ရန် မခက်သော်လည်း ထိုလူသာ ဤသို့ ဆက်ပြုမူနေပါက ဤအတိုင်း ကြည့်မနေနိုင်တော့ပေ။

“တစ်တုံးနဲ့ အတုံး ၁ဝဝ အတွက်ရော အတူတူလား” မိုဝူကျီက မကျေနပ်သော်လည်း အသံထဲတွင် ထုတ်မပြပေ။

“မင်းက လူသစ်လေးပဲ။ ကျုပ်ကို ဈေးနှုန်း ပြန်ပြောခွင့် မရှိဘူး”  သခင်ပုဆိန်၏ အသံ၌  ဖိနှိပ်လိုသည့် အငွေ့အသက်များ ကိန်းအောင်းနေသည်။

“ဒီလိုဆိုမှတော့ ကျုပ် သွားတော့မယ်” မိုဝူကျီက ကျာချီကို လက်ဟန်ပြကာ ထွက်သွားဖို့ ပြင်လိုက်သည်။

“ဝှီး” မိုဝူကျီ လှည့်လိုက်သည်နှင့် လေဟုန်ထိုးခွင်း လာသည့် အသံမှာ သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။ ထိုစဉ် မိုဝူကျီ၏ ပုံရိပ်မှာ လေးစိတ်ကွဲသွားလေ၏။

နောက်အခိုက်အတန့်လေးတွင် တည်ငြိမ်နေသော အသံတစ်ခုကို ကြားလိုက်ရသည်  “ကျုပ်ကို နောက်တစ်ခါ ခိုးကြောင်ခိုးဝှက် တိုက်ရဲမယ်ဆိုရင် ကျုပ် တုတ်က ခင်ဗျား လည်ပင်းကို ဖောက်သွားလိမ့်မယ် ... ”

သခင်ပုဆိန်က ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ မိုဝူကျီက ပိန်ပါးပါး အမျိုးသားနောက် ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။ ထိုမျှတင် မကသေးဘဲ သူ့သံမဏိတုတ်မှာ ပိန်ပါးပါး အမျိုးသား လည်မျိုကို ချိန်ရွယ်ထား၏။

ပိန်ပါးပါး အမျိုးသား မျက်နှာမှာ အတော်လေး ဖြူဖျော့နေလေသည်။ သူ့လက်သည်းကို လှီးဖြတ်နေသည့် ဓားတိုမှာ လက်ထဲသို့ ပြန်ရောက်မလာဘဲ မိုဝူကျီ၏ မူလနေရာတွင် စိုက်နေသည်။ ကြည့်ရသည်မှာ အားတစ်ခုနှင့် ချုပ်နှောင်ထားသည့်အလား ဖြစ်သည်။

နဖူးမှ ချွေးအေးများ စီးဆင်းလာကာ သူက တိုက်ပွဲများစွာ ကြုံတွေ့ဖူးကာ မရေတွက်နိုင်လောက်သည့် အသက်များကို ဝရိန်ခြွေဖူးသော်လည်း သူပင် သတိမပြုမိလိုက်ဘဲ သူ့နောက်ကို ထူးဆန်းဖွယ် အသံတိတ် ရောက်ရှိလာသည်ကိုတော့ တစ်ခါမျှ မကြုံတွေ့ဖူးသေးပေ။

လူသတ်ငွေ့များက သူ့တစ်ကိုယ်လုံး လွှမ်းခြုံထားကာ သူက  ဘာဆိုဘာမျှ မပြောနိုင်ခင် လူသတ်ငွေ့များမှာ ပျောက်ကွယ်သွားပြီးနောက် မိုဝူကျီလည်း သူ့နောက်မှ ပျောက်ကွယ်သွားတော့သည်။

ကျာချီက မိုဝူကျီကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ မိုဝူကျီက ထိုမှျ ရဲလိမ့်မည်ဟု ထင်မထားပေ။ အကယ်၍ သူတို့သာ တကယ်တိုက်ခိုက်ပါက မိုဝူကျီနှင့် သူမတိုက အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။

“ဟားဟား  မင်းမှာ ဆွေးနွေးခွင့် ရှိတယ်” သခင်ပုဆိန်က  ရယ်မောကာ ထိုင်ချလိုက်သည်။

သူက မိုဝူကျီသည် သူ ရှုပ်လို့ မရသည့်သူမှန်း သိလိုက်သည်။ ထိုအကြောင်းမှာ မိုဝူကျီ တုတ်၏ အနေအထားကြောင့် မဟုတ်ဘဲ မိုဝူကျီ၏ လက်ရှိ တည်နေရာကြောင့် ဖြစ်သည်။

မိုဝူကျီက ဖုံးကွယ်ရေး အစီအရင်ပေါ်တွင် ရပ်နေရာ သူသာတစ်ခုခု လုပ်လိုက်ပါက ထိုအစီအရင်မှာ ပျက်ကွယ်သွားကာ ဖျက်ဆီး ခံလိုက်ရပေမည်။ ဤတိုက်ပွဲကြီးကိုလည်း အင်မော်တယ်တပိုင်း နယ်ပယ်က သတိပြုမိသွားပြီး သူ့မှောင်ခို ဈေးကွက်မှာလည်း သိသိသာသာ ပေါ်သွားပေလိမ့်မည်။

အရေးကြီးဆုံးအရာမှာ မိုဝူကျီက ရှီရှား နောက်တွင် ရုတ်တရက် ပေါ်လာမှုကြောင့် မိုဝူကျီက ရွှေ့ပြောင်းစွမ်းရည် အသုံးပြုနိုင်မှန်း သိသာနေသည်။ ထို့ကြောင့် မိုဝူကျီက အစီအရင်ကို အချိန်မရွေး ဖျက်ဆီးပစ်လိုက်နိုင်သည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ တျန်းဂျီတုတ်ကို သိမ်းလိုက်ပြီး ကျာချီဘေးသို့ သွားလိုက်သည်။ သူက ထိုဓားတိုနှင့် ပိန်ပါးပါး အမျိုးသားကို အလွယ်တကူ သတ်နိုင်သည့်ပုံ ပေါ်နေသော်လည်း အမှန်တကယ်တော့ ထိုသို့ မဟုတ်ချေ။ သူက ထိုလူနောက် ရွှေ့ပြောင်းလိုက်နိုင်သော်လည်း သူက လူသတ်ငွေ့များ မထုတ်ထားပေ။ သူသာ လူသတ်ငွေ့ ထုတ်လိုက်သည်နှင့် တိုက်ပွဲများစွာ ဆင်နွဲလာသော ထိုပိန်ပါးပါးလူမှာ အရင်ဦးဆုံး သတိထားမိသည့်သူ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူက လူသတ်ငွေ့မပါဘဲ အပြုအမူသပ်သပ် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။ သို့သော် လူသတ်ငွေ့ ကင်းမဲ့နေသောကြောင့် သူ့တုတ်က တစ်ဖက်လူ နောက်ကျောကို ထိုးဖောက်သွားလျှင်ပင် သူက ဒဏ်ရာအနည်းငယ် ရရုံသာ ဖြစ်လိမ့်မည်။ သခင်ပုဆိန်လည်း သူ့နည်းလမ်းကို ကောင်းကောင်းသိပေသည်။ သူ့နည်းလမ်း အစစ်အမှန်မှာ သူက အစီအရင်ကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်ခြင်း ဖြစ်သည်။ ထိုသို့သော အရာမျိုးမှာ ပြောပြနေဖို့ မလိုအပ်ဘဲ အပြန်အလှန် နားလည်မှုသာ လိုအပ်ပေသည်။

လက်တွေ့တွင် မိုဝူကျီက ရွှေ့ပြောင်းစွမ်းရည်နှင့်အတူ လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက်ကိုပါ သုံးလျှင် သူက ထိုပိန်ပါးပါး အမျိုးသားကို သတ်ရန် အခွင့်အရေး ရလိမ့်မည်။ သို့သော်လည်း ထိုသည်က မိုဝူကျီ၏ တစ်ခုတည်းသော အကွက်ဖြစ်၍ သူက ထုတ်ဖော်မပြသလိုပေ။ ထို့အပြင် သူက ထိုအမျိုးသားကို သတ်ဖို့ရာ မကြံရွယ်ထားပေ။

“ငါးတုံးအောက်ဆိုရင် မင်းကို စိတ်စွမ်းအင် ကျောက်ချော ၁၆ တုံး ပေးမယ်။ ၅ တုံးကနေ ၁ဝ တုံးကြားဆိုရင် ၁၇ တုံး ပေးမယ်။ ၁ဝ ကနေ ၁၅ ကြားဆို ၁၈ တုံး။ ၁၅ တုံးကျော်ရင် မင်းကို စိတ်စွမ်းအင် ကျောက်ချော အတုံး၂ဝ ပေးမယ်” သခင်ပုဆိန်က မိုဝူကျီ နည်းလမ်းကို ထုတ်မပြောဘဲ ဈေးနှုန်းကိုသာ တစ်ခါတည်း ပြောလိုက်သည်။

ကျာချီက မိုဝူကျီကို ခေါင်းညိတ်ပြလိုက်သည်။ ထိုဈေးနှုန်းများမှာ မဆိုးလှပေ။

မိုဝူကျီက မပြောတော့ဘဲ ခြင်းတောင်းသာ ဖွင့်ပြလိုက်သည်။ ထိုထဲတွင် ကျောက်တုံးနက် ၁၇ တုံး ရှိနေသည်။

ကျာချီက မိုဝူကျီခြင်းတောင်းမှ ကျောက်တုံးနက်များကို မြင်သောအခါ မိုဝူကျီက လဲလှယ်မည့် ကျောက်တုံးနက် အရေအတွက်ကို တိုးမြင့်လိုက်ကြောင်း သိလိုက်သည်။

သခင်ပုဆိန်က နောက်တစ်ခါ ထလာကာ လူသစ်လေးက ကျောက်တုံးနက် ၁၇ တုံး ကို တစ်ခါတည်း ယူလာသည်ကို တစ်ခါမျှ မကြုံဖူးပေ။ ဤနေရာတွင် နှစ်ထောင်ချီ အလုပ်လုပ်နေကြသော သက်ကြီးရွယ်အိုများပင် တစ်ခါတည်းဖြင့် ထိုမျှ ကျောက်တုံးနက် အများအပြား သယ်ဆောင် မလာဖူးပေ။

“ကျောက်တုံးနက် တစ်တုံးအတွက် စိတ်စွမ်းအင် ကျောက်ချော အတုံး ၃ဝ ပေးရမယ်။ ပြီးတော့ သစ်သားဓာတ် ပျော်ဝင်ဆေးလုံး ၆ လုံး ပေးရမယ်။ ခင်ဗျား အလိုရှိတယ်ဆိုရင် ချက်ချင်း အရောင်းအဝယ် ဖြစ်တယ်။ မဟုတ်ရင်တော့ ကျုပ် ချက်ချင်း ထွက်သွားမယ်” တစ်ဖက်လူကို ကျောက်တုံးနက်များ ပြပြီးနောက် မိုဝူကျီက ခြင်းတောင်းကို ပြန်ဖုံးထားလိုက်သည်။

သခင်ပုဆိန်က ဤမှောင်ခိုဈေးကွက်ကို စရဲသူ ဖြစ်၍ သူ့တွင် ကိုယ်ပိုင်လမ်းကြောင်း ရှိနေမည်မှာ သေချာလှသည်။ ထိုလူတွင် ကိုယ်ပိုင်လမ်းကြောင်း ရှိနေမှတော့ စိတ်စွမ်းအင် ကျောက်ချော ၅ဝ တောင်းလျှင်ပင် ပြဿနာ မဟုတ်ပေ။ ပြောရလျှင် သူက ကျောက်တုံးနက်များ ပိုလဲလှယ်နိုင်မည် ဖြစ်သည်။

ပုံမှန်အားဖြင့် မိုဝူကျီက ကျောက်တုံးနက် အများအပြားကို ထုတ်ယူလာမည် မဟုတ်ပေ။ တစ်ခါတည်း ၁၇ တုံး ထုတ်ယူလိုက်ခြင်းက စွန့်စားလိုက်ခြင်းသာ ဖြစ်ပေသည်။ အကယ်၍ သူသာ ပိုထုတ်လိုက်ပါက သူ့အသက်လေး အန္တရာယ်ကြား ရောက်သွား နိုင်ပေသည်။

ကျာချီပင် မိုဝူကျီစကားကို အံ့ဩနေမိသည်။ သူမက စိတ်စွမ်းအင် ကျောက်ချော အတုံး ၂ဝ ကျော်နေသည့် ဈေးနှုန်းကို တစ်ခါမျှ မမြင်ဖူးပေ။

သူမအမြင်နှင့် ကွဲလွဲစွာ သခင်ပုဆိန်က သာမန်အတိုင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “တကယ်လို့ မင်းက ကျုပ်ဆီ အဲဒီလောက်များတဲ့ ကျောက်တုံးနက်တွေကို ပုံမှန်လာသွင်းမယ် ဆိုရင်တော့ အဲဒီဈေးနှုန်းက ကိစ္စမရှိပါဘူး”

မိုဝူကျီက ခေါင်းခါလိုက်သည်  “ဒါက ကံပေါ် မူတည်တယ်လေ။ ကျုပ်က ပမာဏကိုတော့ အာမ မခံနိုင်ပေမဲ့ ကျောက်တုံးနက် ပုံမှန် ရတဲ့ ကိစ္စကို‌တော့ စိတ်ချလို့ ရပါတယ်...”

“မင်းက လုပ်ရည်ကိုင်ရည် ကောင်းတဲ့သူပဲ။ အဲဒီလိုလူတွေနဲ့ အလုပ်တွဲလုပ်ရတာကို သဘောကျတယ်...  ကျောက်တုံးနက် တစ်တုံးအတွက် ၂၅ တုံး  ... နောက်လည်း ဒီဈေးပဲ ... ” သခင်ပုဆိန်၏ မျက်နှာပေါ်က လူသတ်ငွေ့များ ပျောက်ကွယ်သွားကာ နွေးနွေးထွေးထွေး ပြောလိုက်သည်။

မိုဝူကျီက အာကာသ ရွှေ့ပြောင်းစွမ်းရည်နှင့် အတူ အစီအရင်အကြောင်းပါ နားလည်ထားပေသည်။ သူက ထိုသို့ အကူမျိုး လိုအပ်နေ၏။ ထိုစဉ် သူက မိုဝူကျီကို ခေါ်ယူရန်အထိ စဉ်းစားမိသွားသည်။

“ကောင်းပြီလေ သဘောတူတယ်” မိုဝူကျီက သဘောတူလိုက်သည်။ စီးပွားရေး ကိစ္စတွင် အမြဲတမ်းဆိုသလို အစပိုင်းတွင် မဖြစ်နိုင်သည့် ဈေးနှုန်းကို ဆိုကြသည် မဟုတ်ပါလော။

***

All Chapters