← Chapters

ဆရာကြီးဖူကျိ၏ အံ့ဩတုန်လှုပ်မှု

Vol. 30 Ch. 414

ဆရာကြီးဖူကျိ၏ အံ့ဩတုန်လှုပ်မှု

Vol. 30 Ch. 414

“ဖုန်းချီက အစတုန်းက အင်မော်တယ်ဖွေရှာရေး အဖွဲအစည်းကို ဝင်ဖို့ ရည်ရွယ်ထားပေမဲ့ ကန်ရွယ် ရှိနေတော့ သူက လက်လျှော့ပြီးတော့ ဓားအစွမ်း ကုန်းမြေပြန့်ဆီ ဝင်လိုက်တာ။ အဲဒါကြောင့် အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းရဲ့ ကန်ရွယ်က ဖုန်းချီကို  လိုက်ဖမ်းတာ ... ”

“ခဏနေပါဦး ...” မိုဝူကျီက ကျာချီ စကားများကို ဖြတ်ပြောလိုက်သည် …

“တာအိုရောင်းရင်းကျာချီ ... ကျုပ်က ဒီမှာ‌ ရောက်နေတာ နည်းနည်းကြာပြီ ဆိုတော့ ယေဘုယျတော့ နားလည်ထားပါတယ်။ အင်မော်တယ်တပိုင်း နယ်ပယ်က မျှတပြီးတော့ တရားတယ် မဟုတ်ဘူးလား။ ကျင့်ကြံသူချင်းတောင် ရန်မဖြစ်ကြတာ သတ်ဖို့ဆိုတာ ဝေးလာဝေးလေ ... ဖုန်းချီကို ဒီနေရာမှာ သတ်ရဲရအောင် အဲဒီကန်ရွယ်က ဘယ်ကနေ သတ္တိတွေ စွတ်ကောင်းနေတာလဲ ...”

မိုဝူကျီ၏ ဖုန်းချီအပေါ် အမြင်မှာ အရမ်း မနက်ရှိုင်းသော်လည်း ဖုန်းချီက ပျောက်ဆုံးနယ်မြေမှ ရောက်လာသည် ဟူသော အချက်မှလွဲလျှင် မိုဝူကျီက နာမည်ပင် သေချာမမှတ်မိပေ။ ဖုန်းချီက ကန်ရွယ်ရှိနေ၍ အင်မော်တယ်ဖွေရှာရေး အဖွဲ့အစည်းဆီ မဝင်ခြင်းမှာ သူ့ဖြောင့်မတ်မှုကို သက်သေပြနေခြင်း ဖြစ်သည်။

ကျာချီက ရယ်မောလိုက်ပြီး  “မျှတမှုနဲ့ တရားမှုက အပေါ်ယံသပ်သပ်ပဲ။ တစ်ယောက်ယောက်က ရှင့်ကို သတ်ချင်ရင် နည်းလမ်းတွေ ထောင်ချီမက ရှိတယ်။ ပြီးတော့ ကျန်ရွယ် တိုက်ခိုက်တုန်းက ဖုန်းချီက ဓားအစွမ်းကုန်းမြေပြန့်ကို မဝင်ရသေးဘူးလေ။ ဝင်ပြီးသွားရင်တော့ အဲဒီကနေ ကာကွယ်မှုတချို့ ရနိုင်ပေမဲ့ အခုတော့ ... ”

“ကန်ရွယ်က ဖုန်းချီကို ဘယ်လို သတ်သွားတာလဲ ” မိုဝူကျီ အသံမှာ အေးစက်လာသည်။

“သူ့အကြောင်းပြချက် ကတော့ ဖုန်းချီကို အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းကို ဝင်လို့ ရအောင် သူက စိတ်စွမ်းအင် ကျောက်ချော ဆယ်တုံး ပေးထားပေမဲ့ ဖုန်းချီက စိတ်စွမ်းအင် ကျောက်ချော ရတာနဲ့ သူ့စကားတွေကို ရုတ်သိမ်းပြီးတော့ ဓားအစွမ်း ကုန်းမြေပြန့်ကို ဝင်သွားလို့တဲ့ ... ” ကျာချီက တည်တည်ငြိမ်ငြိမ် ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။

မိုဝူကျီက အံ့ဩတကြီး ဖြစ်သွားကာ အတော်ကြာ ကြောင်ကြည့် နေပြီးနောက် “သူက သတ်ဖို့ အဲဒီအကြောင်းပြချက်ကို သုံးခဲ့တာလား”

“အဲထက် အကြောင်းပြချက် ဆိုးတာတွေလည်း ကြားဖူးတယ်။ ကိုယ့်အဖွဲ့အစည်း အတွက် အသုံးဝင်နေပြီးတော့ ကိုယ့်အဖွဲ့အစည်းက တာအိုသခင်နဲ့ အဆက်အသွယ် ရှိနေသရွေ့ ရှင်က တစ်ယောက်ယောက်ကို အလွယ်လေး သတ်နိုင်တယ်။ ကန်ရွယ်က သူ အလိမ်ခံလိုက်ရလို့ ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး ဖုန်းချီကို ရုတ်တရက် တိုက်ခိုက်ခဲ့တာပဲ” ကျာချီက ပြန်ဖြေလိုက်သည်။

“အဲဒါဆို စီနီယာလော့က ဘယ်လိုလုပ် ပါသွားတာလဲ” မိုဝူကျီက သူ့ဘာသာ တည်ငြိမ်အောင် ထိန်းလိုက်ရင်း အင်မော်တယ်တပိုင်း နယ်ပယ်မှ စည်းမျည်းများသည် မည်မျှ ကွေ့ပတ်ထားကြောင်း သတိပြုမိလိုက်သည်။

ကျာချီက ဆက်ပြောလိုက်သည် …

“ ဖုန်းချီနဲ့ တာအိုရောင်းရင်း လော့တို့က တစ်ယောက်နဲ့ တစ်ယောက် သိကြတယ်။ တာအိုရောင်းရင်းလော့က ဖုန်းချီ အသတ်ခံရတာကို တွေ့တော့ ကန်ရွယ်က သတ်ဖို့ တမင် အကြောင်းပြချက် ပေးနေမှန်း သိလိုက်တယ်။ ကန်ရွယ်က တာအိုရောင်းရင်း လော့ကိုပါ တိုက်ဖို့ ရည်ရွယ်ထားတာ ဒါပေမဲ့ တာအိုရောင်းရင်းလော့က သူ့ထက် အားကောင်းနေတော့ ကန်ရွယ်က အနိုင်မယူနိုင်ဘူး။

ကန်ရွယ် ဒဏ်ရာအပြင်းအထန် ရနေပြီးတော့  သေတော့မယ်ဆိုပြီး တွေးထားလောက်တဲ့ အချိန်မှာ အင်မော်တယ်ဖွေရှာရေး အဖွဲအစည်းရဲ့ ခေါင်းဆောင်က ပေါ်လာပြီးတော့ တာအိုရောင်းရင်း လော့ကို ဒဏ်ရာရစေရုံသာ မကဘူး။ သူ့ ဝိညာဉ်လမ်းကြောင်းတွေ ကိုလည်း သစ်သား ဖြစ်စေလိုက်တာ ...”

မိုဝူကျီက လက်သီးကို ဆုပ်ကာ “အဲဒါဆို အားလုံက ဒီလိုပြီးသွားပြီးတော့ ကန်ရွယ်က လွတ်သွားရောလား”

“အင်း” ကျာချီက ခေါင်းညိတ်ပြလိုက်သည်  “ကြားတာတော့ ကန်ရွယ်က ကျောက်တုံးနက် တူးတဲ့နေရာမှာ အတော်လေး ကျွမ်းကျင်ပြီးတော့ အတွေ့အကြုံရှိတဲ့ လူတွေထက်တောင် ပိုသာတယ်တဲ့။ အဲဒါကြောင့် သူက အင်မော်တယ်ဖွေရှာရေး အဖွဲ့အစည်းမှာ ခြေကုပ်ရနေတာ။ ပြီးတော့  အင်မော်တယ်ဖွေရှာရေး ခေါင်းဆောင်က တာအိုသခင်နဲ့ ပတ်သက်မှု ရှိတော့ ဘယ်သူကမှ အဖွဲ့အစည်းထဲ မဝင်ရသေးတဲ့ သူအတွက် သူ့ကို မေးခွန်း မထုတ်ရဲကြဘူး။  အဲဒါကြောင့် တာအိုရောင်းရင်း လော့ကို ခေါ်လာပြီးတော့ ရှင်ထွက်လာတာကို စောင့်နေတာ”

မိုဝူကျီက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူက သခင်ပုဆိန်နှင့် အဖြစ်အပျက်ကို ရုတ်တရက် သတိရသွားလေ၏။  သူက သခင်ပုဆိန်ကို အောင်အောင်မြင်မြင် ခြိမ်းခြောက်နိုင်သည့် အကြောင်းအရာမှာ သခင်ပုဆိန်က သူ့ကို ကြောက်ရွံ့၍ မဟုတ်ဘဲ သူ့မှောင်ခိုဈေးကွက် ပေါ်သွားမှာ စိုး၍သာ ဖြစ်ပေသည်။ ဤနေရာတွင် အားကောင်းသော နောက်ခံရှိသရွေ့ ကိုယ်ထင်ရာ အကြောင်းပြချက်ဖြင့် လူသတ်၍ ရနိုင်သော နေရာတစ်ခု ဖြစ်သည်။

“ပြီးတော့  ... ” ကျာချီက ဆက်မပြောသေးဘဲ ခဏရပ်ကာ  “အဲဒီကန်ရွယ်က ရှင်နဲ့လည်း ရန်စ ရှိတယ်မလား။ သူ ရှင့်ကို မကြာခင် လာရှာလိမ့်မယ်လို့ ထင်တယ်။ သူက အခု ဘာမှ မလုပ်သေးတာက လော့ချွမ်းဟယ်ရဲ့ အဖြစ်အပျက်ကြောင့်ရယ်နဲ့ ရှင်က အသက်ရှည်ဂိုဏ်းသား တစ်ဦး ဖြစ်နေသေးလို့ပဲ။ သူက အင်မော်တယ်တပိုင်း နယ်ပယ်မှာ လုံလုံလောက်လောက် အချိန်ယူပြီးသွားရင် သူက ရှင့်ကို အလွယ်လေး လွတ်ပေးမှာ မဟုတ်ဘူး။ အသက်ရှည် ဂိုဏ်းအတွက်တော့ ကျမတို့ကို ကူညီဖို့ မျှော်လင့်ချက် သိပ်မရှိဘူး ... ”

ကျာချီက မပြောလိုက်သည့် အကြောင်းအရာ တစ်ခုမှ ကန်ရွယ်က သူမကိုလည်း ပြဿနာရှာနိုင်သည့် အကြောင်း ဖြစ်သည်။ ထို့အပြင် သူမက သူ့ကို ပြဿနာတွင်းထဲ ဆွဲသွင်းခဲ့သည် မဟုတ်ပါလော။ သို့သော် အင်မော်တယ်ဖွေရှာရေး အဖွဲ့အစည်းမှ တစ်ယောက်ကြောင့် တားဆီး ခံလိုက်ရခြင်းသာ ဖြစ်သည်။

ကျာချီ၏ ရှင်းပြချက် မပါရှိဘဲ မိုဝူကျီက ကိုယ်တိုင် တွေးတော မိလိုက်သည်။ ဤနေရာရှိ စည်းမျဉ်းများမှာ ကလိမ်ကျထားခြင်း ဖြစ်ရာ ကန်ရွယ်အနေနဖြင့် အင်မော်တယ် အဖွဲ့အစည်း ခေါင်းဆောင် မုန့်ထျန်းယွီနှင့် ရင်းနှီးနေပါက သူ့ကို ပြဿနာ ရှာလာမည်က သေချာနေပေသည်  “ တာအိုရောင်းရင်းကျာ ... ကျုပ် လူတချို့ကို မေးကြည့်ချင်တယ်။ ပြန့်ရွမ်းပိ၊ ဝံပုလွေနက်နဲ့ မုယင်ချောင်တို့ကိုရော ကြားမိသေးလား ... ”

“ကြားလိုက်တယ်။ ဝံပုလွေနက်နဲ့ မုယင်ချောင်က အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းကို ဝင်သွားပေမဲ့ ပြန့်ရွမ်းပိက ဓားအစွမ်းကုန်းမြေပြန့်ကို ဝင်သွားတယ်။ ကျမ ကြားတာတော့ ဖုန်းချီက ဓားအစွမ်းကုန်းမြေပြန့် ဝင်ချင်တာက သူက ပြန့်ရွမ်းပိနဲ့ တော်တော် ရင်းနှီးလို့တဲ့ ”

“ပြန့်ရွမ်းပိက ဘာမှ ဝင်မပြောဘူးလား” မိုဝူကျီက ပြန့်ရွမ်းပိမှာ သဘောထားကြီးသည်ဟု ခံစားမိသောကြောင့် သူ့အပေါ် အမြင်ကောင်း ရှိလေသည်။

ကျာချီက ခေါင်းခါပြကာ  “ဝင်မပြောဘူးလို့ ပြောရမလား သူမှာ ဘာမှ လုပ်ဖို့ အခွင့်အရေးကို မရလိုက်တာလို့ ပြောရမလား။ ကန်ရွယ်က ဖုန်းချီကို သတ်လိုက်တဲ့ အဖြစ်အပျက်က အရမ်း မြန်ဆန်လွန်းတော့ ပြောရရင် ချောင်းမြောင်း တိုက်ခိုက်တာလို့တောင် ပြောလို့ရတယ် ... ”

မိုဝူကျိက အချိန်အတော်ကြာ တိတ်ဆိတ်သွားကာ  “တာအိုရောင်းရင်းကျာချီ ... ကျုပ်ဆီကို ဆရာကြီးဖူကျိကို ခေါ်လာပေးလို့ ရမလား။ ကျုပ် သူနဲ့ ဆွေးနွေးစရာ ကိစ္စလေး ရှိလို့  ... ”

“အင်း ရတယ်။ ကျမလည်း သိုလှောင်လက်စွပ် လုပ်ဖို့ အာကာသ ရွေကွေးကို ရှာတွေ့ထားပြီးပြီ။  ဆရာကြီးဖူကျိလည်း လုပ်ပြီးလောက်ပြီ” ကျာချီက တွန့်ဆုတ်ခြင်းမရှိ ပြောလိုက်သည်။

“ဟုတ်ပြီ ...  ကျုပ်က အစ်ကိုလော့ရဲ့ ဒဏ်ရာတွေကို ကြည့်ရင်း  အိမ်မှာ စောင့်နေပါ့မယ်။ ”မိုဝူကျီက လော့ချွမ်းဟယ်ကို ထူလိုက်သည်။

ကျာချီက စိတ်ထဲမထားသော်လည်း သူမက မိုဝူကျီသည် လော့ချွမ်းဟယ်ကို ကယ်တင်နိုင်လိမ့်မည်ဟု မယုံပေ။ အကယ်၍ ဝိညာဉ်လမ်းကြောင်းများ သစ်သားဖြစ်နေသည့် သူကို ကယ်တင်နိုင်လျှင် အင်မော်တယ်တပိုင်း နယ်ပယ်တွင် သူ့အား နတ်ဘုရားဟုပင် ယူဆကြလိမ့်မည်။

မိုဝူကျီက ဆရာကြီးဖူကျိ သူ့ဆီ ခေါ်လိုက်သည့် အကြောင်းအရင်းမှာ ခုခံရေး အစီအရင်၊ အတားအဆီးများနှင့် ဖုံးကွယ်ရေး အစီအရင်များ သူ့နေရာတွင် စုံအောင် တပ်ဆင်ထား၍ ဖြစ်သည်။ သူတို့ဆွေးနွေးချက် ပေါက်ကြားသွားမည့် အကြောင်းကို စိုးရိမ်နေစရာ မလိုပေ။

လော့ချွမ်းဟယ် ဒဏ်ရာများက သူ့အတွက် ဘာမျှ မဟုတ်ပေ။ သူက လော့ချွမ်းဟယ် ဝိညာဉ်လမ်းကြောင်းများ အတွင်းမှ အထူး သစ်သားစွမ်းအားကို ဖယ်ရှားဖို့ လိုအပ်ရုံသာ ဖြစ်သော်လည်း ယခု သူက မလုပ်နိုင်သေးချေ။ သူ့လက်ရှိစွမ်းအားဖြင့် သူက အင်မော်တယ်တပိုင်း နယ်ပယ်တွင် ပုရွက်ဆိတ် သာသာမျှသာ ဖြစ်၍ အထူး သစ်သားစွမ်းရည်ကို ဖယ်ရှားနိုင်သည့် သူ့စွမ်းရည်အကြောင်း ပြန့်သွားသည်နှင့် မည်သူကမျှ နောက်ဖြစ်လာမည့် အဖြစ်အပျက်များကို ခန့်မှန်းနိုင်မည် မဟုတ်ပေ။

မိုဝူကျီက ကြာကြာ မစောင့်လိုက်ရပေ။ တစ်နာရီလောက် အကြာတွင် ဆရာကြီးဖူကျိနှင့် ကျာချီတို့က သူ့နေအိမ်သို့ ရောက်ရှိလာကြသည်။

“တာအိုရောင်းရင်းမိုရဲ့ အစီအရင်တာအိုက ကျုပ်ထက် အားကောင်းတာပဲ ...” ဆရာကြီးဖူကျိက မိုဝူကျီ၏ အစီအရင်နားလည်မှုကို မိုဝူကျီအိမ်ထဲ ဝင်လိုက်သည်နှင့် ပြောနိုင်လေ၏။ နေရာ၌ အစီအရင်မျိုးစုံ တပ်ဆင်ထားသည့် အတွက် အစီအရင်အပေါ် မိုဝူကျီ၏ အဆင့်ကို ပြောနိုင်သည်။

စွမ်းဆောင်နိုင်စွမ်း ရှိသူကို အမြဲ လေးစားသင့်ပေသည်။

မိုဝူကျီက ဆရာကြီးဖူကျိနှင့် အာလပ သလပ ပြောဆိုနေချင်သည့် အခြေအနေ မဟုတ်ပေ။ အားလုံးက သူတို့ သက်ဆိုင်ရာ နယ်ပယ်တွင် ကိုယ်စီ ဆရာသခင်အဆင့်များ ဖြစ်ကြသည်။ မိုဝူကျီက အစီအရင်တာအို နားလည်သလို ဆရာကြီးဖူကျိ၏ ပန်းပဲစွမ်းရည်မှာလည်း သူ့ထက် များစွာ အားကောင်းပေသည်။

ဆရာကြီးဖူကျိနှင့် ကျာချီတို့ နှစ်ယောက်လုံး ထိုင်လိုက်ပြီးနောက် မိုဝူကျီက လေးလေးနက်နက် ပြောလိုက်သည် “ဆရာကြီးဖူကျိ ... ကျာချီက ခင်ဗျားကို ယုံတယ်ဆိုတော့ ကျုပ်လည်း ယုံလို့ ရမယ်လို့ ထင်တယ် ... ”

မိုဝူကျီက ထိုသို့ ပြောလိုက်သော်လည်း သူ့အတွက် ဆရာကြီးဖူကျိကို ကျာချီ ယုံသလောက် ယုံနိုင်ရန် မဖြစ်နိုင်သေးချေ။ ဆရာကြီးဖူကျိကို ဖိတ်ခေါ်လိုက်သည့် အကြောင်းအရင်းမှာ  သူက ကျောက်တုံးနက် ရှာနိုင်သည့် အရည်အချင်းကို ထုတ်ဖော်ပြသရန် ဖြစ်သည်။ ဆရာကြီးဖူကျိက သူ့လျှို့ဝှက်ချက်ကို စောင့်ထိန်း ပေးလိမ့်မည်ဟု ယုံကြည်သည်။ အကြောင်းအရင်းမှာ ဆရာကြီးဖူကျိတွင်လည်း မိုဝူကျီ စောင့်ထိန်းပေးရမည့် လျှို့ဝှက်ချက် ရှိနေသေးသည် မဟုတ်ပါလော။ ကျောက်တုံးနက် ထည့်သိမ်းလို့ ရသည့် သိုလှောင်လက်စွပ်မှာ သူ့စွမ်းရည်နှင့် ယှဉ်လျှင် အုတ်အောင်သောင်းတင်း ဖြစ်စေမှု လျော့နည်းမည် မဟုတ်ပေ။

ဆရာကြီးဖူကျိက အတွေ့အကြုံ ကြွယ်ဝသည့် အတွက် မိုဝူကျီသည် သူ့ကို အမှန်တကယ် မယုံဘဲ အခြေအနေများက ဖန်လာသောကြောင့်သာ ဖြစ်ကြောင်း သိလိုက်သည်။

“တာအိုရောင်းရင်းမိုနဲ့ ကျုပ်တို့က တစ်လှေတည်းစီး ခရီးသွားတွေပါ” ဆရာကြီးဖူကျိက ဟက်ဟက်ပက်ပက် ရယ်မောရင်း ဖြေလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ သိုလှောင်လက်စွပ်ကို ဆရာကြီးဖူကျိဆီ ပေးလိုက်ရင်း ပြောလိုက်သည်  “ဆရာကြီးဖူကျိ ... ဒါက ကျုပ်နဲ့ကျာချီ ငါးရက်အတွင်း ရလာတာတွေပါ”

ဆရာကြီးဖူကျိက စိတ်ထဲ မထားဘဲ ပုံမှန်အတိုင်း မိုဝူကျီဆီမှ လက်စွပ်ကို ယူလိုက်သည်။ သူ့စိတ်စွမ်းအား ပို့လွှတ်ပြီးသည်နှင့် ရုတ်တရက် တုန်ယင်လာကာ မတ်တတ် ထရပ်လိုက်သည်။

မိုဝူကျီက သူ့သိုလှောင်လက်စွပ် အပေါ်တွင် အတားအဆီးများ မထားထား၍ သူ့စိတ်စွမ်းအားမှာ အထဲရှိ ကျောက်တုံးနက် ရာပေါင်းများစွာကို တွေ့နေရသည်။

“ဒီဟာတွေကို ငါးရက်အတွင်း စုလာခဲ့တာလား” ဆရာကြီးဖူကျိက သူက အခြားသူများနှင့် ကွဲပြားစွာ ထိုကျောက်တုံးနက် အသုံးဝင်ပုံတချို့ကို သိထားသောကြောင့် ခံစားချက်ကို မထိန်းချုပ် နိုင်တော့ချေ။ ထို့ကြောင့် သူက ခေါင်းကွဲမတတ် စဉ်းစားကာ ကျောက်တုံးနက်များ သိုလှောင်ထားနိုင်သည့် လက်စွပ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

“ဒါက ငါးရက်အတွင်း တာအိုရောင်းရင်း ကျာချီနဲ့ကျုပ် စုဆောင်းခဲ့နိုင်တာပါ” မိုဝူကျီက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

ဆရာကြီးဖူကျိ သူမကို ကြည့်သည်ကို မြင်၍ ကျာချီက ခေါင်းညိတ်ပြကာ  “ဟုတ်ပါတယ်။ အမှန်တွေပါ ...”

“ဆရာကြီးဖူကျိ ... ကျုပ်က မြေအောက် ၁၅ မီတာအနက်ထိ ကျောက်တုံးနက်တွေကို ရှာနိုင်တဲ့ စွမ်းရည်ရှိတယ် ... ”

ဆရာကြီးဖူကျိက အတွေ့အကြုံ ရှိသည့်သူ ဖြစ်သည့်အတွက် မိုဝူကျီ စကားမဆုံးခင် ဆရာကြီးဖူကျိက အကုန် နားလည်သွားပေသည်။ ပြောရမည်ဆိုလှျင် မိုဝူကျီအတွက် အင်မော်တယ်တပိုင်း နယ်ပယ် တစ်ခုလုံးမှာ မတူးဖော်ရသေးသည့် မိုင်းတွင်းနယ်ကြီး တစ်ခုလို ဖြစ်နေလိမ့်မည်။

“ဘယ်လို ကူညီပေးရမလဲ” ဆရာကြီးဖူကျိက ခံစားချက်ကို မချုပ်ထိန်းနိုင်တော့ဘဲ မိုဝူကျီတွင် ထိုသို့ စွမ်းဆောင်ရည် ရှိမှန်း သိပါက သူလည်း ဘယ်လိုဖြစ်ဖြစ် အလုပ်တွဲလုပ် ချင်လိမ့်မည်။ ထိုမှတစ်ဆင့် ကျောက်တုံးနက် ဝေစုတချို့ ရလာနိုင်ပေသည်။

မိုဝူကျီက ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်  “ဆရာကြီးဖူကျိ တည့်တိုးပဲ ပြောတော့မယ်ဗျာ .. ကျုပ်က ခင်ဗျားကို တိုက်သင်္ဘောတစ်စင်း ပြီးစီးအောင် အပြီးသတ်ပေး စေချင်တယ်”

ဖူကျိက မြန်မြန် ပြောလိုက်သည်  “ကျုပ်တို့တွေ အဲကိစ္စကို အရင်ကတည်းက သဘောတူပြီးသားလေ။ ကျုပ်တို့တွေ အလုပ်အတူတူ မလုပ်ဖြစ်ရင်လည်း ကျုပ် ကူညီမှာပါ”

မိုဝူကျီက ထပ်ပြောလိုက်သည်  “အဲဒီတိုက်သင်္ဘောက သာမန်သင်္ဘော မဟုတ်ဘူး။ ကျုပ်တို့တွေ ဒီမှာ ပြုပြင်လို့ မရဘူး။ အင်မော်တယ်တပိုင်း နယ်ပယ်နဲ့ ဝေးတဲ့နေရာကို သွားဖို့ လိုတယ် ...”

အင်မော်တယ်တပိုင်း နယ်ပယ်မှာ မည်မျှ အန္တရာယ်ကြီးကြောင်း သိရှိပြီးနောက် မိုဝူကျီက ထပ်မနေချင်တော့ပေ။ သူ့မူလအကြံမှာ ဤနေရာတွင် နေ၍ သူ့တိုက်သင်္ဘောကို ပြီးစီးအောင် လုပ်ရန် ဖြစ်သော်လည်း ဤနေရာရှိ မျှတမှုမှာ မြွေလို ကွေ့ကောက်နေသည့် အပြင်  သူ့ရန်သူတော်ကြီး ကန်ရွယ်ပါ ရှိနေ၍ ဤနေရာ၌ သူ့တိုက်သင်္ဘောကို မပြင်ဆင်နိုင်ချေ။

“မင်းရည်ရွယ်ချက်က အဝေးတစ်နေရာကို ရှာပြီးတော့ ကျောက်တုံးနက် တူးဖို့ အစွန်အဖျား နေရာမှာ နေပြီး ကျုပ် တိုက်သင်္ဘော အပြီးသတ်တာကို စောင့်နေချင်တာလား” ဆရာကြီးဖူကျိက မိုဝူကျီ စကားများမှ အချက်အလက်များကို ဖမ်းယူနိုင်လိုက်သည်။

မိုဝူကျီက ပြန်တုံ့ပြန်လိုက်သည် “ ဟုတ်တယ် ”

သူ့က ဆရာကြီးဖူကျိကို ကျောက်တုံးနက် ဝေစုပေးသင့်၊ မပေးသင့် စဉ်းစားနေမိသည်။ အကယ်၍ သူ မပေးပါက ဆရာကြီးဖူကျိကို စိတ်မပျော်ရွှင် စေလိမ့်မည်။ မိုဝူကျီက ပေးလျှင်လည်း ဆရာကြီးဖူကျိကို မည်မျှ ခွဲပေးရမည်နည်း။

“မပြီးစီးသေးတဲ့ တိုက်သင်္ဘောကို တစ်ချက်ကြည့်လို့ ရမလား” ဆရာကြီးဖူကျိက မိုဝူကျီသည် ထိုတိုက်သင်္ဘော ပြောသံကို ခဏတိုင်း ကြားပြီးနောက် မရိုးရှင်းကြောင်း ခန့်မှန်းမိသွားသည်။

မိုဝူကျီက သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ကာ ဆရာကြီးဖူကျိဆီ ပေးလိုက်သည်  “ဒီထဲမှာ ရှိပါတယ်”

မိုဝူကျီက ဆရာကြီးဖူကျိကို ထိုအရာများ မပြသလိုသောကြောင့်  အမြောက်များနှင့် ယမ်းစာများကို မိုဝူကျီက ရွှေ့ထားပြီးပြီ ဖြစ်သည်။

ဆရာကြီးဖူကျိက မိုဝူကျီကို ကျောက်တုံးနက် သိမ်းထားသည့် သိုလှောင်လက်စွပ် လှမ်းပေးလိုက်ပြီး မိုဝူကျီ၏ သိုလှောင်လက်စွပ်ကို လက်ခံယူလိုက်သည်။ ထို့နောက် သူက စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သည်။

သူက မပြီးစီးသေးသည့် တိုက်သင်္ဘောကို မြင်သောအခါ သူ့အမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားကာ လက်များမှာလည်း တုန်ယင်နေပေသည်။ သူကဲ့သို့ မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ရောက်နေသည့်  ထိပ်တန်း ပန်းပဲပညာရှင် တစ်ယောက်ပင် ထိုတိုက်သင်္ဘောကို မြင်လိုက်သည့်အခါ လက်စွပ်ပင် လွတ်ကျမတတ် ဖြစ်သွားလေ၏။

***

All Chapters