သခင်ပုဆိန်ကို နှုတ်ဆက်ပါတယ်
Vol. 30 Ch. 415
မိုဝူကျီနှင့် ကျာချီတို့ နှစ်ယောက်လုံး ဆရာကြီး ဖူကျိအမူအရာကို သတိပြုမိလိုက်သောကြောင့် မိုဝူကျီက မမေးခင် ဆရာကြီးဖူကျိက အရင်ဦးစွာ မိုဝူကျီကို ကြည့်ရင်း မေးလိုက်သည်
“ဒီတိုက်သင်္ဘောကို ဘယ်ကနေ ရလာတာလဲ”
မိုဝူကျီက လေးနက်စွာ ပြန်ဖြေလိုက်သည် “ဆရာကြီးဖူကျိ ... ကျုပ်က အဲဒီတိုက်သင်္ဘောကို အပြီးသတ်ရအောင်လို့ ဖိတ်ခေါ်လိုက်တာလေ ညှိနှိုင်းဖို့ မဟုတ်ဘူး ”
ကျာချီက မိုဝူကျီမှာ ရန်စ၍ မဖြစ်သည့်သူမှန်း သိ၍ မြန်မြန် ကြားဝင် စေ့စပ်ပေးလိုက်သည် “ဆရာကြီးဖူကျိ ... ကျမတို့က မိုဝူကျီရဲ့ကိုယ်ပိုင် ကိစ္စကို အများကြီး မမေးသင့်ဘူး မလား”
ဖူကျိက မိုဝူကျီနှင့် လက်သီးချင်း ယှဉ်သည့် ကိစ္စကို အမှတ်ရလိုက်ပြီး ယခင် မိုဝူကျီက သူ့ထက် အဆင့်များစွာ နိမ့်နေလျက်သားနှင့် သူဖက်က အခွင့်မသာခဲ့ချေ။ ယခုအခါ မိုဝူကျီက အဆင့်တက်လာပြီ ဖြစ်ရာ ပို၍ အားကောင်းလာသည်မှာ သေချာလှသည်။ ထို့အပြင် မိုဝူကျီ၏ နေရာတွင် အစီအရင်များစွာ တပ်ဆင်ထားသည့်အတွက် သူ့အတွက် မိုဝူကျီကို တိုက်ခိုက်ရန် မကောင်းချေ။
ထိုအတွေးဖြင့် ဆရာကြီးဖူကျိ အမူအရာနှင့် လေသံမှာ လျော့ကျသွားပြီး …
“တာအိုရောင်းရင်းမို ... ကျုပ်မှာ အကြံဆိုး မရှိပါဘူး။ ဒါပေမဲ့ ဒီတိုက်သင်္ဘောရဲ့ အမြောက်တွေနဲ့ ယမ်းတွေ ဘယ်ရောက်သွားလဲ သိချင်ရုံပါ ”
မိုဝူကျီက ဆရာကြီးဖူကျိသည် အမြောက်အကြောင်း ပြောလိုက်သည့်အခါ အံ့ဩသွားခဲ့သည်။ မိုဝူကျီက အမြောက်များကို ဖယ်ထားပြီးပြီ ဖြစ်ရာ ဆရာကြီးဖူကျိက ထိုအကြောင်းအရာများကို မည်သို့ သိနေသနည်း။
“ ဆရာကြီးဖူကျိ ... ဒါတွေက ခင်ဗျားနဲ့ မသက်ဆိုင်ပါဘူး။ တစ်ခုခု အကူအညီလိုရင် ကျုပ်ကို ပြောလိုက်ပါ ... ” မိုဝူကျီက အသာ ပြောလိုက်သည်။
ဆရာကြီးဖူကျိ မကူညီချင်လျှင် သူက ဆရာကြီးဖူကျိကို ဆက်မတောင်းဆိုတော့ပေ။ အကြောင်းမှာ သူက ထိုတိုက်သင်္ဘောကို ပြီးစီးရန် ဆရာကြီးဖူကျိ မရှိဘဲ အပြီးမသတ်နိုင်ကြောင်း မယုံကြည်၍ ဖြစ်သည်။
ဆရာကြီးဖူကျိက အသက်ပြင်းပြင်း ရှှူရှိုက်ကာ မိုဝူကျီဆီ လက်စွပ် ပြန်ပေးလိုက်ရင်း …
“တာအိုရောင်းရင်းမို ... ခင်ဗျားက ထူးခြားမှန်း ကျုပ် သိတယ်။ ကျုပ်က ကူညီပေးမယ် … အင်မော်တယ်တပိုင်း နယ်ပယ်ကနေလည်း ခင်ဗျားနဲ့ အတူတူ ထွက်သွားပေးမယ်။ ဒါပေမဲ့ ကျုပ်မှာ တောင်းဆိုချက် တစ်ခု ရှိတယ်”
မိုဝူကျီက သိုလှောင်လက်စွပ်ကို သိမ်းထားရင်း လက်နှစ်ဖက်ဆုပ်ကာ “ဆရာကြီးဖူကျိ ဘာပဲ တောင်းဆို တောင်းဆို ကျုပ် လုပ်ပေးနိုင်တာဆိုရင် သဘောတူပါတယ်”
ဆရာကြီးဖူကျိက လက်ခါပြကာ “ကျုပ်တို့တွေ ဒီနေရာက ထွက်သွားပြီးမှ တောင်းဆိုချက်ကို ပြောတာပေါ့။ ဘယ်အချိန် ထွက်သွားကြမလဲ”
မိုဝူကျီ၏ တိုက်သင်္ဘောကို မြင်ပြီးနောက် ဆရာကြီးဖူကျိမှာ မိုဝူကျီထက် ပို၍ စိုးရိမ်နေဟန် ရှိသည်။
“ကျုပ်က စိတ်စွမ်းအင် ကျောက်ချောနဲ့ သွားလဲလိုက်ဦးမယ်။ ပြီးတာနဲ့ ဒီကနေ ထွက်သွားကြမယ်” မိုဝူကျီက အင်မော်တယ်တပိုင်း နယ်ပယ်သို့ ပြန်မလာခင် မြေကမ္ဘာအင်မော်တယ် အဖြစ် တက်လှမ်းရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် စိတ်စွမ်းအင် ကျောက်ချောများက လိုအပ်နေခြင်း ဖြစ်သည်။
ဆရာကြီးဖူကျိက ခဏတာတွေဝေ နေပြီးနောက် “ကျုပ်မှာလည်း စိတ်စွမ်းအင် ကျောက်ချော ရာကျော်ရှိသေးတယ်။ ဒါနဲ့ လုံလောက်တယ်ဆိုရင် ခင်ဗျား မသွားပါနဲ့လား”
ဆရာကြီးဖူကျိက အမှန်ပင် ပန်းပဲပညာရှင် တစ်ယောက် ဖြစ်ရာ သူ့ချမ်းသာမှုက များပြားလှပေသည်။ အင်မော်တယ်တပိုင်း နယ်ပယ်တွင် သွားလာနေကြသော ပါရမီရှင်များမှာ စိတ်စွမ်းအင် ကျောက်ချော ဆယ်ချီခန့်သာ ရှိတတ်ကြောင်း သိထားသင့်သည်။ ထိုပါရမီရှင်များက သူတို့ကျင့်ကြံခြင်း အတွက် ကျန်ရှိနေသော စိတ်စွမ်းအင် ကျောက်ချောများကို အသုံးပြုထားသော်လည်း ဆရာကြီးဖူကျိမှာ အားလုံးအနက် ချမ်းသာသည်ဟု ယူဆ၍ ရသေးလေသည်။
“မလုံလောက်သေးဘူး။ ကျုပ် တစ်ယောက်တည်း သွားလိုက်မယ်။ တာအိုရောင်းရင်းကျာချီက ဒီမှာ ဆရာကြီးဖူကျိနဲ့ အတူတူ ကျုပ်ကို စောင့်နေပါ” မိုဝူကျီက ခြင်းတောင်းကို ဆွဲကာ သခင်ပုဆိန်ကို ရှာရန် အခန်းမှ ထွက်သွားတော့သည်။
“ခဏလေး” ဆရာကြီးဖူကျိက အော်ပြော လိုက်သော်လည်း မိုဝူကျီက ထွက်သွားပြီ ဖြစ်သည်။
“အစ်ကိုကြီးဖူကျိ ... မစိုးရိမ်ပါနဲ့ တာအိုရောင်းရင်းမိုဆီ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး” သူတို့နှစ်ယောက်တည်း ကျန်နေသည့်အခါ ကျာချီက ဆရာကြီးဖူကျိကို အစ်ကိုကြီးဖူကျိဟု ပြောင်းလဲ ခေါ်ဆိုလေ၏။
ဖူကျိက မျက်မှောင်ကြုတ်ကာ “သူက သခင်ပုဆိန်ဆီ သွားမှာ မလား။ သခင်ပုဆိန်က အတော်လေး ရက်စက်တယ်။ တာအိုရောင်းရင်းမို တစ်ယောက်တည်း သွားတာ အန္တရာယ်ရှိနိုင်တယ်။ တကယ်လို့ သူက ကျောက်တုံးနက်ကို တစ်ခါတည်းနဲ့ အများကြီးထုတ်မိရင် သူ အသက်ရှင်ရက် ပြန်ထွက်နိုင်ပါ့မလား စိတ်ပူမိတယ်”
အကယ်၍ ဆရာကြီးဖူကျိက မိုဝူကျီတွင် တိုက်သင်္ဘောရှိမှန်း မသိပါက ဆရာကြီးဖူကျိသည် မိုဝူကျီ တစ်ယောက် တာအိုသခင်ဆီ သွားတွေ့လျှင်ပင် စိုးရိမ်မည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျီတွင် သူ့အနာဂတ် သက်ရောက်မှု ရှိနိုင်သည့် တိုက်သင်္ဘောရှိနေပြီ ဖြစ်သောကြောင့် သူက မည်သို့ မစိုးရိမ်ဘဲ နေမည်နည်း။
ကျာချီက လေးလေးနက်နက် ပြောလိုက်သည် “အစ်ကိုကြီးဖူကျိ ... ကျမက သူနဲ့ အချိန်အတော်ကြာ ကုန်ဆုံးခဲ့တာ ဆိုတော့ သူက အလောကြီးတဲ့လူ မဟုတ်မှန်း သိတယ်။ သူက ကျမတို့ကို ဒီနေရာမှာ စောင့်နေစေချင်တာ ဆိုတော့ စောင့်ကြတာပေါ့ ”
ဆရာကြီးဖူကျိ၏ စိုးရိမ်မှု အကြောင်းအရင်းမှန်ကို မသိလိုက်ကြချေ။ အကြောင်းမှာ အားလုံးက မှောင်ခိုဈေးကွက်၏ သခင်ပုဆိန်မှာ မည်မျှ ရက်စက်တတ်ကြောင်း သိနေကြ၍ ဖြစ်သည်။ ထို့အပြင် ဖူကျိက မိုဝူကျီတွင် ကျောက်တုံးနက်များစွာ ရှိနေမှန်း သိ၍ တစ်ခါတည်းဖြင့် သခင်ပုဆိန်ရှေ့ ကျောက်တုံးနက်များစွာ ထုတ်ယူမိလျှင် သခင်ပုဆိန်က သေချာပေါက် မက်မောလာပေလိမ့်မည်။
***
“မင်းတို့ခေါင်းဆောင် မရှိဘူးလား” မိုဝူကျိက မှောင်ခိုအိမ်သို့ ရောက်သည့်အခါ ဒုတိယအကြိမ်မြောက် တားဆီး ခံလိုက်ရသည်။
ကျင့်ကြံသူက မိုဝူကျီကို မှတ်မိ၍ ခေါင်းညိတ်ပြကာ ဘေးမှ တံခါးငယ်လေးကား ချက်ချင်း ပွင့်လာလေ၏။
မိုဝူကျီ အခန်းထဲ ဝင်ပြီးနောက်တွင် တံခါးငယ်လေးက ချက်ချင်း ပြန်ပိတ်သွားကာ မိုဝူကျီက သူ့စိတ်စွမ်းအား တားဆီးခံလိုက်ရမှန်း သိလိုက်သည်။ ယခင်က သူသည် အခန်းအပြင်ဘက်ကို စိတ်စွမ်းအားနှင့် အာရုံခံ၍ ရသော်လည်း ယခုတွင် သူက မလုပ်ဆောင်နိုင်တော့ချေ။
သို့သော်လည်း ထိုအရာက မိုဝူကျီကို ပြဿနာ မဖြစ်စေပေ။ သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် စိတ်ဝိညာဉ်မျက်လုံး ရှိနေသေး၏။ သူ့အတွက် စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းရန် အဆင်မပြေသော်လည်း သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ထုတ်ကာ ဤအိမ်တွင်း အစီအရင်များကို အာရုံခံကြည့်လိုက်သည်။
ယခင်တစ်ခါက အစီအရင်ဗဟိုကို နေရာပြောင်းရွှေ့ထားပြီး သေမင်းထောင်ခြောက် အစီအရင်နှစ်ခုနှင့် လျှို့ဝှက်သတ်ဖြတ်ရေး အစီအရင်တစ်ခုကို ထပ်ထည့်ထားလေသည်။
ထိုသတ်ဖြတ်ရေး အစီအရင် အသုံးဝင်မှုမှာ ဤနေရာတွင် တိုက်ပွဲဖြစ်နေလျှင်ပင် သတ်ဖြတ်ငွေ့များက ဤအိမ်မှ အပြင်ထွက်သွားနိုင်မည် မဟုတ်ပေ။
မိုဝူကျီက နှာခေါင်းရှုံ့လိုက်ကာ ဤနေရာတွင် သေမင်းထောင်ချောက် အစီအရင်များ ရှိနေသော်လည်း သူ့အတွက်တော့ ခြိမ်းခြောက်မှု တစ်ခု မဟုတ်ချေ။
“တာအိုရောင်းရင်းမို ... မတွေ့တာကြာပြီပဲ” မိုဝူကျီ ဘာမှ မပြောနိုင်ခင် ထိုင်နေသည့် သခင်ပုဆိန်က သူ့အား အရင် နှုတ်ဆက်လိုက်သည်။
မိုဝူကျီက သူ့အသံကြားသည်နှင့် သခင်ပုဆိန်မှာ သူ့အကြောင်း စုံစမ်းထားပြီးကြောင်း သိရှိလိုက်သည်။ ဤတစ်ကြိမ်တွင် မိုဝူကျီက အရင်တစ်ခါ သူ့ကို ချောင်းမြောင်း လုပ်ကြံသော ပိန်ပါးပါး အမျိုးသားကို မမြင်မိချေ။ မိုဝူကျီက ထိုလူမှာ ထွက်သွားခြင်း မဟုတ်ဘဲ တံခါး အနီးအနားမှ အစီအရင်အတွင်း ပုန်းကွယ်နေခြင်း ဖြစ်ကြောင်း သိ၏။ မိုဝူကျီ ဖြတ်ကျော်သွားသည်နှင့် သူက အင်အား အစစ်အမှန်ကို ပြရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။
မိုဝူကျီက မကြောက်ပေ။ သူက ဤနေရာရှိ အစီအရင်ဗဟိုကို သိထားပြီးပြီ ဖြစ်သည်။ တစ်ယောက်ယောက် သူ့အား တိုက်ခိုက်သည်နှင့် သူက ထိုအစီအရင် ဗဟိုကို ချက်ချင်း ဖောက်ခွဲလိုက်သည့်အခါ အပြင်ဘက်၌ ပေါ်လာလိမ့်မည်။
ထို့အရာမှာ ဆရာကြီးဖူကျိနှင့် ကျာချီတို့ကို ခေါ်မလာသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သခင်ပုဆိန်နေရာတွင် သူတို့လေးယောက်ထက် ပိုရှိနေကြောင်း သေချာသည်။ သူက ထိုနှစ်ယောက်ကို ဤနေရာ ခေါ်လာလျှင်ပင် မိုဝူကျီနှင့် သူတို့နှစ်ယောက်မှာ အရေအတွက် မမျှသေးချေ။ ထို့ကြောင့် တစ်ယောက်တည်း လာခြင်းက သူ့အား ပို၍ သွက်လက်စေကာ လှုပ်ရှားနိုင်လေသည်။
မိုဝူကျီက ကြောင်အမ်းအမ်း ဟန်ဖြင့် “ကျုပ်က တစ်ချိန်လုံး ကျောက်တုံးနက် တူးနေတာ။ အခု ကျောက်တုံးနက် လဲရအောင် ရောက်လာတာ” မိုဝူကျီက တစ်ဖက်လူ သူ့တံခါးပိတ် ကျင့်ကြံနေမှန်း သိလျှင်ပင် စိတ်ထဲ မထားပေ။
“ဒီတစ်ခါ ဘယ်လောက် လဲချင်တာလဲ” သခင်ပုဆိန်က လက်ဖက်ရည်ကြမ်း တစ်ငုံသောက်ရင်း ပြောလိုက်သည်။
မိုဝူကျီက ထိုလူ၏ အပြုအမူများကို မုန်းတီးသည်။ နှစ်ဖက်လုံးတွင် အကျိုးမြတ်ရမည့် ကိစ္စဖြစ်သောကြောင့် အားလုံးက တန်းတူထိုင်ပြီး ဖြည်းဖြည်းချင်း ဆွေးနွေးသင့်သည် မဟုတ်ပါလော။ သို့သော်လည်း ထိုလူက သူ့ကိုယ်သူ သူဌေးဟု တွေးတောနေသည်။ မိုဝူကျီက စိတ်စွမ်းအင် ကျောက်ချော အလောတကြီး မလိုနေလျှင် သူက ထိုသို့မျိုး လူနှင့် အဆက်အဆံ မလုပ်ချင်ပေ။ အကြောင်းမှာ ထိုသူက စီးပွားရေး မည်သို့ လုပ်ရမည်မှန်း မသိချေ။
“တကယ်လို့ ကျုပ်က တစ်ခါတည်းနဲ့ ကျောက်တုံးနက် ၅ဝ ထုတ်ပေးရင် ဈေးနည်းနည်း မြင့်ပေးနိုင်မလား ” မိုဝူကျီက မေးလိုက်သည်။
“ကျောက်တုံးနက် တစ်တုံးအတွက် စိတ်စွမ်းအင် ကျောက်တုံး ၂၅ တုံးပဲ” သခင်ပုဆိန်က မျက်တောင်ပင် မခတ်ဘဲ ပြောလိုက်သည်။
“ အဲဒါဆို ၁ဝဝ ဆိုရင်ရော ” မိုဝူကျီက ထပ်မေးလိုက်သည်။
ဤတစ်ကြိမ်တွင် သခင်ပုဆိန်က ခေါင်းမော့ကာ မိုဝူကျီကို အံ့ဩတကြီး ကြည့်လိုက်ရင်း “မင်းမှာ ကျောက်တုံးနက် ၁ဝဝ ရှိတယ်လား ”
မိုဝူကျီက ပြန်မဖြေဘဲ တိတ်ဆိတ်မှုကို စောင့်ဆိုင်းနေသည်။
မိုဝူကျီ ပြန်မဖြေသည်ကို တွေ့သောအခါ သခင်ပုဆိန်က အားရပါးရ ရယ်မောရင်း “ မင်းမှာ ကျောက်တုံးနက် ၁ဝဝ ရှိရင် မင်းကို စိတ်စွမ်းအင် ကျောက်ချော ၂၈ တုံး ပေးမယ် ”
“၂ဝဝ ဆိုရင်ရော ”
“ဟားဟား ” သခင်ပုဆိန်က ကျယ်ကျယ်လောင်လော် အော်ရယ်မောလိုက်ပြီး …
“ ငါ့ကို လာနောက်နေတာလား ... တကယ်လို့ မင်းသာ ကျောက်တုံးနက် ၂ဝဝ ထုတ်ပြနိုင်ရင် မင်းကို စိတ်စွမ်းအင် ကျောက်ချော ၅ဝ ဆိုရင်ရော ... တကယ်လို့ မင်းသာ ကျောက်တုံးနက် ၂ဝဝ ထုတ်မပြနိုင်ရင် ငါ့ကို လာအပြစ်မတင်နဲ့။ ဘယ်သူမှ ငါ့ကို လာမနောက်ရဲဘူး ”
သခင်ပုဆိန်ဘေးတွင် ထိုင်နေသည့် ကြော့ရှင်းလှပသည့် အမျိုးသမီးက သခင်ပုဆိန်၏ စကားကို ကြားသောအခါ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူမက သခင်ပုဆိန်၏ နည်းလမ်းများကို မထောက်ခံသော်လည်း သခင်ပုဆိန်က မိုဝူကျီကို သူတို့နှင့် ပူးပေါင်းရန် ကြိုးစားဖြောင့်ဖြဖို့ရာ စိတ်အားထက်သန်နေသည်။ အကယ်၍ သူက မလုပ်နိုင်ခဲ့လျှင် လူသစ်လေးကို ဤနေရာအကြောင်း ထာဝရ မှတ်မိနိုင်စေရန် သင်ခန်းစာ ပေးမည် ဖြစ်သည်။
မိုဝူကျီက တခြားဘာကိုမျှ မပြောတော့ပေ။ အကြောင်းမှာ စိတ်စွမ်းအင် ကျောက်ချော ၅ဝမှာ သခင်ပုဆိန် ပေးမည့် အမှန်အကန် ဈေးနှုန်း မဟုတ်ကြောင်း သိထားသည်။ အကယ်၍ သခင်ပုဆိန်က စိတ်စွမ်းအင် ကျောက်ချော ၃ဝဖြင့် လဲလှယ်လျှင်ပင် အတော်လေး အံ့ဖွယ် ဖြစ်နေလေပြီ။ ထိုသူက ဤနေရာအတွင်း ထောင်ချောက်များနှင့် လျှို့ဝှက်သတ်ဖြတ်ရေး အစီအရင်များ တပ်ဆင်ထားခြင်းက သူ့ ရက်စက်တတ်မှုကို ပြသနေပြီးသား ဖြစ်သည်။
သို့သော်လည်း သခင်ပုဆိန်က ဈေးနှုန်းကို ထိုသို့ထုတ်ပြော၍ အစစ်အမှန် ဟုတ်မဟုတ်က အရေးမကြီးပေ။ မိုဝူကျီက အချိန်တန်လျင် သခင်ပုဆိန်ကို သူ့စကားနှင့်သူ ပြန်ရုပ်သိမ်းခွင့် မပြုရန် လုပ်ရမည်။
မိုဝူကျိက ခြင်းတောင်းကို ထုတ်ကာ အဖုံးဖွင့်လိုက်သည့်အခါ ခြင်းတောင်း တစ်ခုလုံးမှာ ကျောက်တုံးနက်များနှင့် ပြည့်နေသည်။
သခင်ပုဆိန်က ရုတ်တရက် ထရပ်လိုက်သည့်အခါ သူ့ဘေးမှ ကြော့ရှင်းလှပသည့် အမျိုးသမီးလေးနှင့် ပေသီးတွက်ခုံနှင့် ကျင့်ကြံသူလည်း တအံ့တဩ ထရပ်လိုက်ကြသည်။ ဤခြင်းတောင်းတွင် လုံးဝပြည့်နေသည့် အတွက် သေချာပေါက် ကျောက်တုံးနက် ၂ဝဝ ရှိပေလိမ့်မည်။
သူတို့က ကျောက်တုံးနက် ၂ဝဝ ကို မြင်ဖူးသော်လည်း လူတစ်ယောက်က ကျောက်တုံးနက် ၂ဝဝ ကို တစ်ခါတည်း ယူလာနိုင်သည်ကိုတော့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
“တကယ်ကို ကျောက်တုံးနက် ၂ဝဝ ပဲ ” သခင်ပုဆိန်က သတိပြန်ဝင်လာကာ အနေအထား ပြန်ပြင်လိုက်သည်။
“အခု လဲလို့ ရပြီလား။ ကျုပ်ဆီမှာ ကျောက်တုံးနက် ၂ဝ၂ တုံးရှိတယ်။ အပို နှစ်တုံးကိုတော့ ထားလိုက်တော့။ ခင်ဗျားက ကျုပ်ကို စိတ်စွမ်းအင် ကျောက်ချော တစ်သောင်း ပေးရုံပဲ” မိုဝူကျီက ခြင်းတောင်းကို ချက်ချင်း ဖုံးကာ သူ့နောက် ပြန်လွယ်ထားလိုက်သည်။
သခင်ပုဆိန်က မျက်မှောင်ကြုတ်ကာ မိုဝူကျီ အကွက်များနောက်မှ ရည်ရွယ်ချက်ကို သူနားလည်ပေသည်။ သူက တိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
သူက လူသစ်လေး မဟုတ်ဘူးလား။ ဘယ်တုန်းက အဲဒီလောက် မောက်မာသွားတာတုန်း ...
“မင်း ကျောက်တုံးနက်တွေကို ငါ လုမှာ မစိုးရိမ်ဘူးလား” သခင်ပုဆိန်က အေးအေးဆေးဆေး လေသံဖြင့် မေးလိုက်သည်။
မိုဝူကျီက နည်းနည်း လျှောက်လှမ်းကာ တူညီသော လေသံဖြင့် ပြန်ပြောလိုက်သည် “ခင်ဗျား မလုပ်ရဲပါဘူး”
မိုဝူကျီ အပြုအမူကို ကြည့်ရင်း သခင်ပုဆိန်က အံ့ဩ တုန်လှုပ်သွားသည်။ ဘာတွေ ဖြစ်နေတာလဲ။ သူက ထိပ်တန်း အစီအရင် ပညာရှင် တစ်ယောက်ကို ဖိတ်ကြား၍ အစီအရင်ဗဟိုကို နေရာရွှေ့ပြောင်းထားရုံသာမက စိတ်စွမ်းအားကို ကန့်သတ်ထားသည့် အစီအရင်လည်း တပ်ဆင်ထားခဲ့သည်။
မိုဝူကျီက အချိန်တိုအတွင်း ဘယ်လိုလုပ် သိနေရပြန်တာလဲ ...
ခင်ဗျား မလုပ်ရဲပါဘူးတဲ့လား ...
သခင်ပုဆိန်က သူ့ရှေ့မှာ ရှိနေသည့် မိုဝူကျီ မည်မျှ မာနကြီးနေသည်ကို မယုံကြည်နိုင်သေးပေ။
“ပေသီး ... ငါ လုပ်ရဲတယ်ဆိုတာ သူ သိအောင် ပြလိုက်စမ်း ” သခင်ပုဆိန်က အေးစက်စွာ အမိန့်ပေးလိုက်ရင်း သူ့လက်ဖက်ရည်ကြမ်းခွက်ကို ဘေးမှ စားပွဲပေါ် တင်ထားလိုက်သည်။
သခင်ပုဆိန်က မိုဝူကျီတွင် ကျောက်တုံးနက် ၂ဝဝ ရှိနေ၍ အစီအရင်ဗဟိုကို ဖျက်ဆီးပစ်မည် မဟုတ်မှန်း သေချာနေသည်။
“ နာခံလျက်ပါ ” ပေသီးတွက်ခုံ ကိုင်ထားသည့် လူလတ်အရွယ် အမျိုးသားက သခင်ပုဆိန် အမိန့်အတိုင်း မိုဝူကျီဆီ ချီတက်လာသည်။
မိုဝူကျီ နှလုံးသား လေးလံလာပေသည်။ သူ တွေးမထားမိသည့် တစ်ချက် ရှိနေကြောင်း သတိပြုမိလိုက်သည်။ သူက အစီအရင်ဗဟိုကို တွေ့ထားသော်လည်း မိုဝူကျီက ယခု မဖျက်ဆီးရဲပေ။ အကြောင်းမှာ သူ့တွင် ကျောက်တုံးနက် ၂ဝဝ ရှိနေသောကြောင့် အစီအရင်ဗဟိုကို ဖျက်ဆီးလိုက်သည်နှင့် သခင်ပုဆိန်၏ လူမှုကွန်ယက်အရ သခင်ပုဆိန်မှာ သူ့ဂုဏ်သိက္ခာ အနည်းငယ် ကျဆင်းသွားရုံသာ ဖြစ်နိုင်ပြီး မိုဝူကျီအတွက်တော့ သူ့အသက်လေး ပျောက်ဆုံးသွားနိုင်သည်။
မိုဝူကျီက ထိုအချက်ကို မျက်စိလျှမ်းမိသွားသည်။
***