← Chapters

အင်မော်တယ်လျှို

Vol. 31 Ch. 418

အင်မော်တယ်လျှို

Vol. 31 Ch. 418

လေးယောက်သားအပြင်ကုန်းပတ်ပေါ်တွင် အတူ ထိုင်လိုက်ကြပြန်သည်။ ဆရာကြီးဖူကျိက အကောင်းစား ဝိညာဉ်သေရည်ကို ထုတ်ပေးရင်း မိုဝူကျီနှင့် ခွက်ချင်း တိုက်ကာ

“တာအိုရောင်းရင်းမို ... ကျုပ် အဲဒီတိုက်သင်္ဘော မြင်ပြီးတဲ့နောက် ဘာလို့ စိတ်လှုပ်ရှား သွားတာလဲဆိုတာ သိလား”

မိုဝူကျီအဖြေကိုပင် မစောင့်ဘဲ ဖူကျိက ဆက်ပြောလိုက်သည်“ဘာလို့လဲဆိုတော့ အဲဒီသင်္ဘောကို ကျုပ် ဆောက်ထားခဲ့တာ ...”

မိုဝူကျီက ဆရာကြီးဖူကျိကို တအံ့တဩ ကြည့်လိုက်သည်။ ဤတိုက်သင်္ဘောကို ကောင်းကင်ပင်လယ် အတွင်းရှိ တစ္ဆေ ကျင့်ကြံသူဆီမှ ရရှိထားခြင်း ဖြစ်ပေသည်။ ထိုအရာမှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်နှင့်ဆက်နွယ်မနေသင့်သော်လည်း ဆရာကြီးဖူကျိက ဘယ်လိုများ လုပ်ခဲ့တာပါ့လိမ့်။

“အတိအကျပြောရရင်တော့ ကျုပ်က တစ်စိတ်တစ်ဒေသ ပါဝင် အားဖြည့်ပေးခဲ့တာပေါ့။ ဒီဟာကို ဦးဆောင်လုပ်တဲ့သူက ဆရာကြီးကျန်းယဲ့ပဲ။ ဆရာကြီးကျန်းယဲ့ရဲ့ ပန်းပဲစွမ်းရည်က ကျုပ်ထက် အပုံကြီးသာတယ်။ ပြီးတော့ ဒီဇိုင်းပုံစံတွေနဲ့ ပန်းပဲကိစ္စရပ်တွေ အားလုံး သူလုပ်ခဲ့တာ။ ကျုပ်နဲ့ နောက်ထပ် ရှစ်ယောက်က အကူအလုပ်ကြမ်းသမား သာသာလောက်ပဲ ...”

“ဆရာကြီးဖူကျိ ပြောတာက ဒီတိုက်သင်္ဘောကို လူဆယ်ယောက်တည်းနဲ့ လုပ်ခဲ့တာလား။ ဘယ်သူစလုပ်ခဲ့တာလဲ” မိုဝူကျီက အံ့ဩတကြီး မေးလိုက်သည်။

မိုဝူကျီက ဆရာကြီးဖူကျိ၏ ပန်းပဲအဆင့်ကို သေချာသိပြီး ထိပ်တန်း တစ်ရာခိုင်နှုန်း၏ တစ်ရာခိုင်နှုန်းအတွင်း ရှိပေသည်။ ထိုသို့မျိုး ကျွမ်းကျင်ပညာရှင်ကို ကျန်းရှင်းတွင် မတွေ့နိုင်ချေ။ အကယ်၍ ဆရာကြီးဖူကျိက အရေးမပါသည့် အသေးအဖွဲ့ ကိစ္စလေးများသာ လုပ်ရသော ပန်းပဲဆရာ ဖြစ်နေလျှင် ဆရာကြီးကျန်းယဲ့က မည်မျှပင် အားကောင်း လိုက်မည်နည်း။ ဤသို့ တိုက်သင်္ဘောမျိုးကို ဖန်တီးနိုင်သည့် ပန်းပဲပညာရှင်မှာ မည်မျှပင် အားကောင်း နေမည်နည်း။

“အဲဒါကို အင်မော်တယ်တစ်ပိုင်း နယ်ပယ်ရဲ့ တာအိုသခင်က အရင်စခဲ့တာ။ ဒါပေမဲ့ အခုလက်ရှိ တာအိုသခင်တော့ မဟုတ်ဘူး။ အဲဒီတိုက်သင်္ဘော တည်ဆောက်တဲ့ ရည်ရွယ်ချက်က အင်မော်တယ်လျှိုဆီ ခေါ်သွားနိုင်ဖို့ပဲ”

ထိုစဉ် ဆရာကြီးဖူကျိက လက်ကာပြရင်း ကျာချီကို မေးခွန်းများ မမေးဖို့ရာ အချက်ပြလိုက်သည်။ သူက ဇာတ်လမ်း တစ်ပုဒ်လုံးကို ပြောပြမည် ဖြစ်သည်။

“ကျုပ်တို့တွေ အရင်ဆုံး အင်မော်တယ်လျှိုအကြောင်း မပြောခင် အရင်ဆုံး အင်မော်တယ်တစ်ပိုင်း နယ်ပယ် အကြောင်း ပြောကြတာပေါ့။ ကျုပ်လည်း အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ဘယ်ကနေ စဖြစ်လာတာလဲတော့ မသိဘူး။ ကျုပ် သိတာက ဟင်းလင်းပြင် ကျော်ဖြတ်ပြီးသွားလို့ ဒီမှာ ရောက်နေတယ် ဆိုတာပဲ ...

ဒါက အင်မော်တယ်နယ်မြေ မဟုတ်သေးဘူး။

အရင် အင်မော်တယ်တစ်ပိုင်းမြို့တော်ရဲ့ တာအိုသခင်က ဝူယုလေ။ ကျုပ် စတင် ကျင့်ကြံကတည်းက သူ့လောက် အားကောင်းတဲ့သူကို တစ်ခါမှကို မတွေ့ဖူးသေးဘူးလို့ ပြောရမယ်။သူက ကောင်းကင်အင်မော်တယ်နဲ့ ရင်ဆိုင်တိုက်ပြီးတော့ တစ်ဖက်လူကို သတ်ပစ်နိုင်လိုက်တာကို ကျုပ် မျက်စိနဲ့ တိုက်ရိုက် မြင်ခဲ့ရတာ ...”

ကျာချီက မမေးဘဲ မနေနိုင်တော့ချေ။

“ဆရာကြီးဖူကျိ ... ကောင်းကင်အင်မော်တယ် အဆင့်ကိုတော့ တကယ့် အင်မော်တယ်အဖြစ် ယူဆလို့ ရတယ်မလား။ ကျမတို့တွေ ဟင်းလင်းပြင်ကို ချိုးဖောက်ပြီး ဒီကို ရောက်မလာရင် ကျမတို့တွေက ကောင်းကင် အင်မော်တယ် ဖြစ်လာမှာလား”

ဆရာကြီးဖူကျိက ခေါင်းခါပြလိုက်ရင်း

“သဘောတရားအရ ပြောရမယ် ဆိုရင်တော့ ကောင်းကင် အင်မော်တယ်တွေကို အင်မော်တယ် အဖြစ်တော့ ယူဆလို့ ရတယ်။ ဒါပေမဲ့ အကြီးအကဲဝူယုဆီက ကြားတာတော့ အဲဒီကောင်းကင် အင်မော်တယ်တွေက အတုအယောင် အင်မော်တယ်တွေမလို့ အစစ်အမှန်အဖြစ် ယူဆလို့ မရဘူးတဲ့”

“အဲဆို အစစ်အမှန် အင်မော်တယ်က ဘယ်လို ဖြစ်လာနိုင်တာလဲ” မိုဝူကျီလည်း မနေနိုင်တော့ဘဲ ဝင်မေးလိုက်သည်။ သူက တောက်ပနေသည့် အလင်းကို တွေ့၍ ဝင်မိရင်းဟင်းလင်းပြင်ကို ချိုးဖောက် လာမိလာသကဲ့သို့ဖြစ်ကာအင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲ ရောက်ရှိလာခြင်း ဖြစ်သည်။ ဤနေရာရှိ သူမြင်သမျှ ကျင့်ကြံသူအများစုမှာ မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်များ ဖြစ်ကြကာ မြေကမ္ဘာ အင်မော်တယ်အဆင့်ထက် ကျော်သည့်သူ မရှိချေ။

ဆရာကြီးဖူကျိက သက်ပြင်းချကာ

“ကျုပ်တို့တွေ ဟင်းလင်းပြင် ချိုးဖောက်ပြီးတဲ့နောက်မှာ တစ်ခုခု လွဲမှားနေတာ ရှိတယ်။ တကယ်ဆို ဟင်းလင်းပြင် ချိုးဖောက်ပြီးရင် ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းဖို့ မိုးကြိုးစမ်းသပ်ချက် ကျရောက်လာရမှာ။ ဒါပေမဲ့ဒီနေရာကို ရောက်လာတဲ့ ပါရမီရှင်တွေထဲကပါရမီရှင် အနည်းငယ်လောက် အတွက်ပဲ မိုးကြိုးစမ်းသပ်ချက် ကျရောက်လာကြတယ်။

ကျုပ်တို့ အများစုက ဒီနေရာမှာ ပုန်းနေရင်းနဲ့ အသက်ရှင်ဖို့ ကြိုးစားနေရတယ်။ တာအိုသခင်ဝူက အင်မော်တယ်တစ်ပိုင်း နယ်ပယ်နေရာက အင်မော်တယ်နယ်မြေဆီဟင်းလင်းပြင် ချိုးဖောက်လာပြီး ရောက်လာတဲ့ ကျင့်ကြံသူတွေကို အတုအယောင် အင်မော်တယ်တွေက ပိတ်လှောင်ထားတဲ့ လှောင်အိမ်တစ်ခုလိုမျိုးလို့ ပြောဖူးတယ်။

အစစ်အမှန် အင်မော်တယ် အဖြစ် ဘယ်လို ဖြစ်လာနိုင်တယ် ဆိုတာတော့တာအိုသခင်ဝူရော ကျုပ်ရော မသိဘူး ...”

ထိုအရာကို ကြားပြီး မိုဝူကျီက သူ့အတွေးနှင့် ဝူယုနှင့် တူညီနေကြောင်း ခံစားမိလိုက်သည်။ အင်မော်တယ် အကျဉ်းထောင်ကြောင့် သူက အင်မော်တယ်တစ်ပိုင်း နယ်မြေကို သတိထားနေခြင်း ဖြစ်သည်။

“ဆရာကြီးဖူကျိ ... ဒီနေရာမှာ မိုးကြိုးစမ်းသပ်ချက် ခံယူနိုင်တဲ့ ပါရမီတချို့ ရှိသေးတယ်လို့ ပြောလိုက်တာလားလို့... အဲဒီ ကောင်းကင် အင်မော်တယ် အဆင့်အထိ ကျင့်ကြံသူတွေက ဘယ်ရောက်သွားလဲ သိလား” ကျာချီက ထိုမေးခွန်းကို ဖြေဖူးသော်လည်း မိုဝူကျီက ဆရာကြီးဖူကျိကို ထပ်မေးလိုက်သည်။ သူက ကျာချီကို မယုံ၍ မဟုတ်ဘဲ ဆရာကြီးဖူကျိက ဤကိစ္စနှင့် ပိုမိုသိရှိနေဟန် ပေါ်သည်။

ဆရာကြီးဖူကျိက ပြန်ဖြေလိုက်သည်။

“အဲဒီ ပါရမီရှင်တွေကိုတော့ အင်မော်တယ်နယ်မြေက လူတွေ ရောက်လာပြီး ခေါ်သွားကြပြီ။ တာအိုသခင်ဝူက အဲဒီလူတွေကို အတုအယောင် အင်မော်တယ်တွေက ခေါ်သွားတယ်လို့တော့ ပြောဖူးတယ်။

နောက်ထပ် ဖြစ်နိုင်ခေျ တစ်ခုက အင်မော်တယ်နယ်မြေက လူတွေက သူတို့ကို ပိတ်လှောင်ပြီး ဖမ်းဆီးထားတာပဲ။ အင်မော်တယ်နယ်မြေက ကျင့်ကြံသူတွေ ဘာလို့ အဲလို လုပ်တာလဲ ဆိုတာတော့ တာအိုသခင်ဝူလည်း သေချာမသိဘူး။ အဲဒီအင်မော်တယ်တွေက တကယ်အစစ်အမှန် မဟုတ်ဘူးလို့သူက ထင်နေတာ”

ဆရာကြီးဖူကျိ၏ ပြန်ဖြေမှုမှမိုဝူကျီသည် တာအိုသခင်ဝူအပေါ် လေးစားမှု ပိုမြင့်တက်လာသည်။ သူက ထိုလူကို တစ်ခါမျှ မမြင်တွေ့ဖူးသော်လည်း ထိုလူမှာ အတော်လေး အံ့ဩဖို့ ကောင်းလေသည်။ အတုအယောင် အင်မော်တယ် ဒါမှမဟုတ် အစစ်အမှန် အင်မော်တယ်အကြောင်း ဖြစ်စေကာမူ အမှန်တကယ်တော့ ကောင်းကင် အင်မော်တယ်အဆင့် မိုးကြိုး စမ်းသပ်ချက် ခံယူသည့် ကျင့်ကြံသူတိုင်း ဖမ်းဆီးခံလိုက်ရသည်။

အင်မော်တယ် အကျဉ်းထောင်က နမူနာကောင်း တစ်ခု ဖြစ်ပေသည်။

ရုတ်တရက်ဆိုသလို မိုဝူကျီက အင်မော်တယ် အကျဉ်းထောင်မှာ ပါရမီရှင် ကျင့်ကြံသူများစွာကို ပိတ်လှောင်ထားသည့် ယုံရင်၏ ၁၁ ခုမြောက် အကျဉ်းထောင် ဖြစ်ကြောင်း အမှတ်ရလိုက်သည်။ ထိုသို့ဆိုလျှင် အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကဲ့သို့ အင်မော်တယ်နယ်မြေက ခေါ်ဆောင်ခံရပြီး ဖမ်းဆီးခံလိုက်ရသည့် တခြားနေရာများလည်း ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

“ဆရာကြီးဖူကျိ ... တာအိုသခင်ဝူက ဘယ်ရောက်သွားတာလဲ သိလို့ ရမလား” မိုဝူကျီက ဝူယုကို လေးစားသည့်အတွက် မနေနိုင်ဘဲ ထပ်မေးလိုက်သည်။

ဆရာကြီးဖူကျိ မျက်ဝန်းတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ဖုံးလွှမ်းလာကာ

“အတိအကျပြောရရင် တိုက်သင်္ဘော ဆောက်တဲ့ ကိစ္စက အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ ရှိနေတဲ့ကျင့်ကြံသူတွေ အင်မော်တယ်လျှို ဖြတ်သန်းနိုင်မလားဆိုတဲ့ အရာနဲ့ တိုက်ရိုက် ဆက်နွှယ်နေတယ်။ တာအိုသခင်ဝူယုက နေ့နေ့ညည အလုပ်လုပ်မဲ့ ပန်းပဲပညာရှင်တွေကို စုစည်းပြီးတော့ အပြီးသတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သတင်း ထွက်သွားပြီးတော့ အင်မော်တယ် နယ်မြေက လူတွေက အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကို ရောက်လာကြတယ် ...”

“အဲဆို ခင်ဗျားက ဘာလို့ ဘာမှ မဖြစ်တာလဲ” မိုဝူကျီက ရှုပ်ထွေးသွားသည်။ အင်မော်တယ် နယ်မြေမှ လူများ ရောက်ရှိလာလျှင် ဆရာကြီးဖူကျိအတွက် အသက်ရှင်ဖို့ရာ အင်မတန် ခက်ခဲပေမည်။

ဆရာကြီးဖူကျိ မျက်ဝန်း၌ ဝမ်းနည်းမှုများ ပို၍ ထွက်ပေါ်လာကာ

“ကျုပ်တို့တွေ တိုက်သင်္ဘော ဆောက်နေတုန်း ကျုပ်က ကျောက်တုံးနက် သိုလှောင်နိုင်တဲ့ သဘောတရား အကြောင်းကို ဉာဏ်အလင်း ပွင့်လာခဲ့တယ်။ အဲဒီအကြောင်းကို တာအိုသခင်ဝူကို ပြောပြတော့ ဒါက အရေးကြီးတယ်ဆိုပြီး ကျုပ်ကို ကျောက်တုံးနက် သိုလှောင်နိုင်တဲ့ လက်စွပ် လုပ်နိုင်ဖို့ကိုပဲ အာရုံစိုက်ခိုင်း ထားခဲ့တယ်။

ကျုပ် ပြီးစီးသွားတော့ တာအိုသခင်ဝူနဲ့အတူ ပန်းပဲဆရာ အားလုံး ပျောက်ဆုံး သွားတဲ့အကြောင်း ကြားလိုက်ရတယ်။ ကျုပ်က တိုက်ပွဲမှာ မရှိပေမဲ့ တာအိုသခင်ဝူက တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ ထင်မိတာပဲ။ သူတို့အားလုံး ပျောက်ဆုံးသွားတဲ့ အကြောင်းကတော့ ဒီအတိုင်း အပေါ်ယံ သတင်းတစ်ခုပဲ ...”

တစ္ဆေကျင့်ကြံသူကို ရုတ်တရက် တွေးမိလိုက်သည်။

ထိုတစ္ဆေကျင့်ကြံသူက တိုက်သင်္ဘော ဆောက်လုပ်သည့်အထဲ ပါဝင်ခဲ့သည့် ပန်းပဲဆရာထဲမှ တစ်ယောက် ဖြစ်နေမလား။ ဒါပေမဲ့ သူက ဘယ်လိုလုပ် အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကနေ ဘယ်လိုလုပ် ထွက်လာနိုင်တာလဲ ...

ထိုစဉ် ဆရာကြီးဖူကျိက ငြိမ်ကျသွားလေသည်။ အခြားလူများလည်း သူ့ကို မနှောင့်ယှက်ကြပေ။ အမွှေးတိုင် တစ်ဝက်ခန့်ကြာချိန်တွင် သူက ဆက်ပြောပြလိုက်သည်။

“မပြီးစီးသေးတဲ့ တိုက်သင်္ဘော ပျောက်သွားတာက အင်မော်တယ်တစ်ပိုင်းမှာ ရှိနေတဲ့ ကျင့်ကြံသူတွေအတွက် အင်မော်တယ်လျှိုကို ဖြတ်ဖို့ မျှော်လင့်ချက် ဆုံးရှုံးသွားတာပေါ့။ အင်မော်တယ်လျှို ဆိုတာက အင်မော်တယ်နယ်မြေနဲ့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကြားမှာ ရှိနေတဲ့ ဧရာမမြောင်းကြီးပဲ။ အဲဒါကို အင်မော်တယ်လျှိုလို့ ခေါ်တာက အင်မော်တယ်တစ်ပိုင်း နယ်ပယ် ကျင့်ကြံသူတွေကို အင်မော်တယ်နယ်မြေထဲ ဝင်ဖို့ရာ တားဆီးထားလို့ပဲ”

“လူတွေ ဖြတ်မသွားနိုင်အောင် ဘယ်လိုများ တားဆီးထားလို့လဲ”မိုဝူကျီက အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် နေထိုင်ရသည်ကို လုံးဝ မကျေနပ်ပေ။ ထို့ကြောင့် တည့်တိုးသာ မေးလိုက်သည်။ သူက ကျန်းရှင်းကို မပြန်နိုင်လျှင် အနည်းဆုံးတော့ အင်မော်တယ်နယ်မြေဆီ ရောက်အောင် သွားနိုင်သေးသည် မဟုတ်ပါလော။

အတုအယောင် ဖြစ်ဖြစ်၊ အစစ်အမှန် ဖြစ်ဖြစ် ရောက်ပြီးမှ အကဲဖြတ် ကြည့်တာပေါ့။

ဆရာကြီးဖူကျိက သလင်းကျောက်ကို ထုတ်ကာ ပြောလိုက်သည်“ဒီကို ကြည့်ကြည့် သိလာလိမ့်မယ်”

ထို့နောက် သူက သလင်းကျောက်ကို အသက်သွင်းလိုက်သည်။

အဆုံးမဲ့လှသော အင်မော်တယ်လျှို ပုံရိပ်က အားလုံးရှေ့ ပေါ်လာလေ၏။ ကြည့်ရသည်မှာ စကြဝဠာကို နှစ်ပိုင်းခြမ်းထားသည့်အလားအဆုံးမရှိသလို အောက်ခြေကိုလည်း မမြင်နိုင်သည့် ဧရာမ ချောက်ကြီးနှင့် တူသည်။

ထိုလျှိုအတွင်း အနက်ရောင်မြူများ သိပ်သည်းနေကာ သေချာမမြင်နိုင်သည့် ရွံရှာဖွယ်ကောင်းသည့် တွားသွား သတ္တဝါများလည်း သွားလာနေကြသည်။ ထိုနှစ်ခုမှာ များပြားလှသည့်အတွက် တခြားအရာ မရှိတော့သကဲ့သို့ ဖြစ်နေသည်။

သလင်းကျောက်မှ ပုံရိပ်တစ်ခု ဖြစ်သော်လည်း မိုဝူကျီက ကြက်သီးထသွားမိသည်။ ထိုသို့မျိုး အန္တရာယ်မှာ စကားနှင့်ပင် ပြောလို့မရနိုင်သည့်အရာမျိုး ဖြစ်သည်။

ဆရာကြီးဖူကျိက ထိုလျိုကြီးကို ညွှန်ပြကာ ပြောလိုက်သည်။

“အဲဒါက အင်မော်တယ်လျှိုကြီးပဲ။ အဲဒီနေရာကို သင်္ဘောပျံတွေ ဖြတ်လို့ မရဘူး။ အကြောင်းအရင်းက ဘယ်သူမှ စိတ်စွမ်းအား သုံးလို့ မရသလို သူတို့ရဲ့ သဘာဝစွမ်းအားကိုလည်း ထုတ်လွှင့်လို့ မရဘူး။ အဲဒီလျှိုထဲ ကျသွားတာနဲ့ သေခြင်းတရားက စောင့်ကြိုနေမှာပဲ။ တစ်ချက်တည်းနဲ့ အရိုးတောင် မကျန်ဘဲ သေသွားလိမ့်မယ် ...”

ထိုစဉ် ဆရာကြီးဖူကျိက ရယ်မောလိုက်ရင်း

“မြေကမ္ဘာအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ပြုတ်ကျပြီး သေတယ်ဆိုတာ ဟာသတစ်ခုလို့ ထင်စရာ ကောင်းပေမဲ့ တကယ်တော့ လုံးဝ ရယ်စရာ မကောင်းဘူး။ မရေတွက် နိုင်လောက်အောင် များပြားတဲ့ ကျင့်ကြံသူတွေက အဲဒီလျှိုထဲမှာ သေဆုံးပြီးသွားကြပြီ။ အဲဒါက အန္တရာယ် အစလေးပဲ ရှိသေးတာနော် ... အင်မော်တယ်လျှိုထဲက တကယ့်ခြိမ်းခြောက်မှု အစစ်က ဒြပ်ငါးမျိုး အင်မော်တယ်သားရဲနဲ့ သွေးနီကျောက်စိမ်း အဆိပ်ပိုးကောင်တွေပဲ ...”

တိတ်ဆိတ်မှု ကြီးစိုးသွားလေ၏။

မိုဝူကျီက သလင်းကျောက်မှ မြင်ကွင်းကို ကြည့်နေရင်း အင်မော်တယ်လျှိုမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ကြားသိလိုက်ရသည်။ အင်မော်တယ်လျှိုမှာ စိတ်စွမ်းအားနှင့် သဘာဝစွမ်းအားကို ကန့်သတ် ထားနိုင်သည့်အတွက် အာကာသ ချောက်နက်နှင့် အတော်လေး တူပေသည်။

“ဒြပ်ငါးမျိုး အင်မော်တယ် သားရဲတွေက သတ္တုဓာတ် ဓားနဂါး၊ ရေဓာတ် ‌တိမ်မြူပင့်ကူ၊ မြေဓာတ် ဟင်းလင်းပြင်ဖား၊ မီးဓာတ် ယင်မီးတောက် ကင်းခြေများ နဲ့ သစ်သားဓာတ် အရောင်မဲ့ မျှော့တို့ပဲ ...”

“အရောင်မဲ့မျှော့လား ... အဲဒါက အခု သေမင်းမိုင်းတွင်းမှာ တွေ့ရမဲ့ အမျိုးအစားနဲ့ အတူတူပဲလား” မိုဝူကျီက မေးလိုက်သည်။

ဆရာကြီးဖူကျိက ခေါင်းခါကာ

“နည်းနည်းတော့ ဆင်တယ် ချွတ်စွပ်တော့ မတူဘူး။ သေမင်းမိုင်းတွင်းမှာ ရှိနေတဲ့အရောင်မဲ့မျှော့တွေက အဆင့်နိမ့်လေးတွေပဲ။ စိတ်စွမ်းအားနဲ့ ရှာဖို့ ခက်တယ်ဆိုပေမဲ့ အာရုံခံလို့တော့ ရသေးတယ်။

ဟိုအင်မော်တယ်လျှိုမှာ ရှိတဲ့ အရောင်မဲ့ မျှော့တွေကျတော့ တကယ်ကို အရောင်မဲ့ ဖြစ်နေတာ။ စိတ်စွမ်းအားနဲ့ အာရုံခံနိုင်မဲ့ နည်းလမ်းလဲ မရှိဘူး။ ခန္ဓာကိုယ်နဲ့ ထိမိရင် သေတဲ့အထိ ဖယ်လို့ ရမှာ မဟုတ်ဘူး။ အရိုးထိ ကပ်တွယ် နေလိမ့်မယ်”

မိုဝူကျီက ထိုအရာကို ကြားသောအခါ ခေါင်းညိတ် လိုက်သည်။ အနည်းဆုံးတော့ တိုက်သင်္ဘောတွင် အမြောက်အမျိုးမျိုး လိုအပ်ကြောင်း နားလည်သွားလေပြီ။ သူတို့မှာ ဒြပ်ငါးမျိုး အင်မော်တယ် သားရဲများနှင့် သွေးနီကျောက်စိမ်း အဆိပ်ပိုးကောင်တို့နှင့် ရင်ဆိုင်ရန် ဖြစ်ပေသည်။

“သွေးနီကျောက်စိမ်း အဆိပ်ပိုးကောင်ကိုတော့ မယှဉ်နိုင်သေးဘူး။ မြင်ကွင်းနဲ့တင် လန့်ဖျပ်သွားနိုင်တယ်... အခုထိ သတိပြုမိမှာ မဟုတ်သေးပေမဲ့ စော‌စောက ရှိနေတဲ့ အနက်ရောင်က မြူ မဟုတ်ဘူး သွေးနီကျောက်စိမ်း အဆိပ်ပိုးကောင်တွေပဲ ...” ဆရာကြီးဖူကျိက ပုံရိပ်ကို ညွှန်ပြရင်း ပြောလိုက်သည်။

အကယ်၍ ဆရာကြီးဖူကျိသာ ထုတ်မပြောလျှင် မိုဝူကျီနှင့် ကျန်လူများမှာ လုံးဝ သတိပြုမိမည် မဟုတ်ပေ။ ယခု ပြောလိုက်သည့်အတွက် အဖြစ်အပျက်ကို နားလည် သွားချေပြီ။ ထိုလှည့်ပတ်နေသော အနက်ရောင်မြူမှာ ပိုးကောင် အအုံလိုက် ဖြစ်နေသည်ကို စဉ်းစားကြည့်ပါက မည်မျှပင် ရွံဖို့ ကောင်းလိုက်မည်နည်း။

“အဲဒါကို ဘာလို့ အင်မော်တယ် သားရဲအဖြစ် ယူဆထားတာလဲ။ ဒီအတိုင်း အဆိပ် ပိုးကောင်လို့ပဲ ခေါ်သင့်တာကို” လော့ချွမ်းဟယ်က သက်ပြင်းချကာ ပြောလိုက်သည်။

ဆရာကြီးဖူကျိက ထပ်ပြောလိုက်သည်“ဟုတ်တယ်။ အဲအကောင်တွေကို အဆိပ်ပိုးကောင်လို့လည်း ခေါ်ကြတယ်။ အင်မော်တယ်သားရဲ အမည်ကိုတော့ အင်မော်တယ်လျှို တစ်ဖက်က လူတွေက ပေးထားတာ “

“အင်မော်တယ်လျှို့ရဲ့ တခြား တစ်ဖက်အခြမ်းက အင်မော်တယ် နယ်မြေလား” မိုဝူကျီက ပင့်သက်ရှိုက်ကာ မေးလိုက်သည်။ ယခုအခါမှ သူ အမြောက် ယမ်းစာများကို အသုံးပြုလိုက်ခြင်းကမည်မျှ တုံးအခဲ့ကြောင်း သဘောပေါက် လာတော့သည်။

***

All Chapters