ဓားစံအိမ်မှ ဓားထိန်းအသစ်
Vol. 11 Ch. 145
ဓားစံအိမ်တွင် အစားအသောက်များ ရှိသည်။
သေရည်လည်း မရှားပါ။
ကျန်းမင်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ လိုက်ပါလိုမှတော့ ဟန်မူယဲ့ကလည်း မငြင်းတော့ပါ။
ခေါင်းဆောင်တောက်ရင်နှင့် အကြီးအကဲစုလျန့်တို့ နှစ်ဦးလုံးက ကျန်းမင်အား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ဝမ်းသာအားရ ကြိုဆိုကြသည်။
အကြီးအကဲစုလျန့်က ကျန်းမင်အား ဆေးခန်းဆောင်သို့ ခေါ်ယူလို၏။
ခေါင်းဆောင်တောက်ရင်က ကျန်းမင်အတွက် စာတစ်စောင်ရေးပေးခဲ့သည်။
ထိုစာဖြင့် ကျန်းမင်သည် စီမံခန့်ခွဲရေးမှူးလစာကို ရရှိမည် ဖြစ်သည်။
သူ၏ပထမဆုံးတာဝန်မှာ လှေပျံကို မောင်းနှင်ရန် ဖြစ်သည်။ သူသည် ဟန်မူယဲ့နှင့်အတူ လှေပျံကို မောင်းနှင်၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ အပြန်တွင် ခေါင်းဆောင်တောက်ရင်မှာ လိုက်ပါလာခြင်း မရှိတော့ရာ လှေပျံကို မောင်းနှင်ရန် ဟန်မူယဲ့၏တာဝန် ဖြစ်လာသည်။
ဟန်မူယဲ့ကလည်း လှေပျံမောင်းနှင်ခြင်းကို အလွန်စိတ်ဝင်စားသည်။ သူသည် ချီစုစည်းခြင်းအဆင့်တွင်ဖြစ်သည်။ သူ့ကျင့်ကြံဆင့်ဖြင့် လှေပျံကို အလွန်မြန်ဆန်စွာ မမောင်းနိုင်သော်လည်း ခရီးသွားရန်တော့ အဆင်ပြေသည်။
ကျန်းမင်သည်ကား အခြေခံအုတ်မြစ်အဆင့်တွင် ဖြစ်သည်။ ထို့ကြောင့် သူက ဟန်မူယဲ့အား ရံဖန်ရံဖန် ကူညီကာ လှေကို မောင်းနှင်ပေး၏။
သူတို့နှစ်ဦးသည် လှေပျံကို မှောင်းနှင်ကာ အမြန်လိုခြင်း မရှိကြပေ။ သူတို့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပြန်ရာလမ်း၌ လှေပျံကို မောင်းနှင်ရင်း အာခီမီပညာရပ်များနှင့် ပတ်သက်၍ စိတ်အားထက်သန်စွာ ဆွေးနွေးပြောဆိုကြသည်။
နောက်ပိုင်းတွင် အကြီးအကဲစုလျန့်သည် စိတ်မထိန်းနိုင်တော့ဘဲ သူတို့နှင့်အတူ ဝင်ရောက်ဆွေးနွေး ပြောဆိုသည်။ တစ်ခါတစ်ရံ သူတို့သည် လမ်းတွင် ရပ်တန့်ကာ ဆေးပေါင်းဖိုကို ထုတ်လျက် စမ်းသပ်ခြင်း ပြုကြသေးသည်။
များသောအားဖြင့် ဘေးတွင် ငေးမောကြည့်နေရသူမှာ ကျင်းယွမ် ဖြစ်သည်။ သူမက သူတို့ပြောသော အကြောင်းအရာများကို သိပ်နားမလည်ပါ။
လှေပျံသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂိတ်တံခါးရှေ့သို့ ကျဆင်းလာသည်။ သူတို့လေးယောက်ထဲတွင် ဟန်မူယဲ့နှင့် ကျန်းမင်တို့သည် ဓားစံအိမ်သို့ ပြန်ကြ၏။
အကြီးအကဲစုလျန့်နှင့် ကျင်းယွမ်တို့မှာ ရေကန်စံအိမ်သို့ ပြန်ကြသည်။
“ဆရာ… ကျွန်မရဲ့ အာခီမီပညာက ဒီလောက် နိမ့်ကျတာလား”
ဟန်မူယဲ့တို့ ထွက်သွားလျှင် ကျင်းယွမ်က စိတ်ဓာတ်ကျစွာ ပြောသည်။
“တပည့်… တချို့လူတွေက တခြားလူတွေ လိုက်မမှီနိုင်လောက်တဲ့ ပါရမီကို ပိုင်ဆိုင်ထားကြတယ်။ ကျင့်ကြံခြင်းလောကဟာ ဒီလိုပါပဲ။ အရာရာဟာ ကံတရားနဲ့ပဲ သက်ဆိုင်တယ်”
အကြီးအကဲစုလျန့်က ခေါင်းယမ်းကာ ရှေ့ကို ဆက်လျှောက်သွားသည်။
…
“စီနီယအစ်ကိုဟန် ပြန်ရောက်လာပြီ…”
ကျောက်လှေကားထစ် မြေခွေးဖြူလေးအား ပွေ့လျက် ရပ်နေသော ကောင်းရှောင်ရွှမ်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
လုကောနှင့် လင်းရှန်တို့မှာ သူ့နောက်တွင် ရှိနေသည်။ သူတို့က ဟန်မူယဲ့အား ပြုံးလျက် နှုတ်ဆက်ကြ၏။
ထိုစဉ် ဟွမ်လောင်လျှိုသည်လည်း ဓားစံအိမ်ထဲမှ ထွက်လာသည်ကို တွေ့ရ၏။
“မဆိုးဘူး… အပြင်ကို တစ်ခေါက် သွားလိုက်တာ မင်းက ပိုသွက်လက်အားပြည့်လာသလိုပဲ”
ဟန်မူယဲ့အား ကြည့်ကာ ဟွမ်လောင်လျှိုက ခေါင်းညိတ်လျက် ပြောသည်။
ထို့နောက် သူက ကျန်းမင်အား ကြည့်သည်။
“ဒါက အစ်ကိုဟွမ် မလား… ကျုပ်နာမည် ကျန်းမင်ပါ… ကျုပ်က စီနီယာအစ်ကိုဟန်နောက်လိုက်ပြီးတော့ ဓားစံအိမ်မှာ မှီခိုနေထိုင်မလို့ပါ”
ကျန်းမင်က ဟွမ်လောင်လျှိုအား လက်နှစ်ဖက်ဆုပ်ကာ ပြုံးလျက် ပြောသည်။
ဟန်မူယဲ့က လှေပျံမှာကတည်းက ဓားစံအိမ်မှ လူများအား ကျန်းမင်ထံသို့ မိတ်ဆက်ထားခဲ့သည်။
“နောက်ထပ် မှီခိုတစ်ယောက်လား”
ဘေးတွင် ရပ်နေသော ကောင်းရှောင်ရွှမ်က ရေရွက်သည်။
နောက်ထပ်…
ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ကြည့်သည်။
“ဒီလို… ယန်မျိုးရိုးအဖိုးကြီးတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းက ဂိုဏ်းကို လာသွားတယ်။ သူက ကောင်လေးတစ်ယောက်ကိုလည်း ခေါ်လာသေးတယ်”
“ကောင်လေးက ဓားထိန်းဖြစ်ချင်တယ် ပြောတယ်”
ဟွမ်လောင်လျှိုက ဓားစံအိမ်ကို ပြန်လှည့်ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။
“သူ့ ဦးနှောက်က သိပ်မှန်ပုံမရဘူး။ သူ ဓားစံအိမ်မှာ ဓားတွေကို သန့်ရှင်းရေးလိုက်လုပ်နေတယ်”
“သူ ရူးနေတာပဲ ဖြစ်မယ်”
ထို့နောက် သူက ကျန်းမင်အား ကြည့်သည်။
“အစ်ကိုကျန်း… ညီလေးဟန်က မင်းကို ခေါ်လာတယ်ဆိုတော့ ဒါတွေကို နားလည်မှာပေါ့”
“ဓားစံအိမ်ကို ဒေါင်လိုက်လာပြီး အလျားလိုက် ပြန်ထွက်သွားသူတွေ အများကြီးပဲ”
{အသက်ရှင်လျက် ရောက်လာပြီး သေလျက် ပြန်ထွက်သွားခြင်းကို ဆိုလိုသည်။}
ကျန်းမင်က ခေါင်းညိတ်သည်။
“ဓားချီဟာ လူ့ခန္ဓာကိုယ်ကို ထိခိုက်စေတယ်ဆိုတာ ကျုပ် သိပါတယ်”
“ဒါက အသေးအမွှားကိစ္စပါပဲ။ ကျုပ်က ဓားချီ ခန္ဓာကိုယ်ထဲ ဝင်တာကို ခံစားကြည့်ချင်ရုံပါပဲ”
ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ကြည့်သည်။
ဟန်မူယဲ့က သူ ဆိုလိုသည်ကို နားလည်၏။
ဒီလူဟာလည်း လူထူးလူဆန်းတစ်ယောက်များလား။
ဟန်မူယဲ့ ခေါင်းယမ်းကာ ပြောသည်။
“ကျန်းမင်ဟာ အာခီမီပညာရှင်ပဲ။ သူဟာ ဓားစံအိမ်ကို အာခီမီလေ့လာဖို့ ရောက်လာတာ”
ဓားစံအိမ်တွင် အာခီမီလေ့လာမည်လား။
သူ နားမလည်တော့ပါ။
ဟွမ်လောင်လျှိုက ကျန်းမင်အား ပြောသည်။
“ကောင်းပြီ အစ်ကိုကျန်း… နောက်ပိုင်း ကျုပ်တို့ အတူသောက်စားကြတာပေါ့”
ကျန်းမင်နှင့် ဓားစံအိမ်မှ တခြားလူများ အချင်းချင်း ပြောဆိုရယ်မောနေကြစဉ် ဟန်မူယဲ့သည် ဓားစံအိမ်ထဲကို ဝင်လာခဲ့ကာ သစ်သားစင်များအား ကြည့်သည်။
ထိုနေရာတွင် အဖြူရောင်ဝတ်စုံဖြင့် လူငယ်တစ်ဦးသည် အဝတ်စတစ်ခုဖြင့် ဓားများကို သန့်ရှင်းရေးလုပ်နေ၏။
ဓားစံအိမ်မှ အားကောင်းသော ဓားချီများသည် သူ့ကို တိုက်စားရာ သူ့မျက်နှာမှာ ပြာနှမ်းနေတော့သည်။
သူသည် လူငယ်အား မြင်ဖူး၏။
သူသည် အလင်းတောင်ကုန်းဓားဂိုဏ်းသို့ ပို့ဆောင်ခဲ့သော ဓား၏မှတ်ဉာဏ်ထဲတွင် လူငယ်ကို မြင်ဖူးသည်။
ယန်တင်းရှန်၏မြေး။
“စီနီယာအစ်ကိုဟန်လား…”
လူငယ်က ဓားကို သန့်ရှင်းရေးလုပ်နေရင်း မော့မကြည့်ဘဲ မေးသည်။
“ဓားစံအိမ်မှာ စီနီယာအစ်ကိုဟန်နဲ့ပတ်သက်တဲ့ ပုံပြင်တွေ အများကြီးပဲ”
ဟန်မူယဲ့က သူ့အား ကြည့်ကာ မေးသည်။
“မင်း သေဖို့ ကြိုးစားနေတာလား”
သေဖို့ ကြိုးစားနေသည်လား။
လူငယ်သည် ဆတ်ခနဲ တုန်ခါသွားကာ ဟန်မူယဲ့အား ကြည့်သည်။
“ဓားစံအိမ်က တခြားလူတွေက စီနီယာအစ်ကိုဟန်ဟာ ဓားစံအိမ်မှာ ဉာဏ်အကောင်းဆုံးလို့ ပြောကြတယ်။ အခု ကျုပ် ယုံပါပြီ”
သူက ဓားကို သစ်သားစင်ပေါ်သို့ ပြန်တင်လိုက်ပြီးနောက်တွင် သူ၏ရှိရှိသမျှ ခွန်အားဖြင့် နောက်ထပ်ဓားတစ်လက်ကို ဆွဲထုတ်လိုက်၏။
သူက ခွန်အားအများအပြား သုံးလိုက်ရရာ သူ့မျက်နှာမှာ စက္ကူတစ်ရွက်အလား ဖြူဖျော့လာတော့သည်။
“ကျုပ်က သေဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အသက်ရှင်ဖို့လည်း အဓိပ္ပာယ်မရှိတော့သလို ခံစားနေရတယ်”
“ပြီးတော့ ကျုပ်က အပြစ်ရှိသလို ခံစားရတယ်။ ဒီမှာနေရတာ အပြစ်ကြွေးဆပ်တာနဲ့ အတူတူပဲ”
လူငယ်သည် ဓားကို အဝတ်စဖြင့် ညင်သာစွာ သုတ်ရင်း အသံတိုးတိုးဖြင့် ပြောသည်။
အပြစ်ကြွေးဆပ်ခြင်းလား။
သူသည် သူ့အဖေ၏သေဆုံးခြင်းအတွက် သူ့ကိုယ်သူ အပြစ်တင်နေသည်ကို ဟန်မူယဲ့ နားလည်၏။
ထို့အပြင် သူ၏ဗီဇပါရမီမှာ ကျင့်ကြံရန် မဖြစ်နိုင်သလို အလင်းတောင်ကုန်းဓားဂိုဏ်းကိုလည်း ဆက်ခံနိုင်စွမ်း မရှိပါ။
ဟန်မူယဲ့ ခေါင်းယမ်းကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။
သူ့အား စကားပြောနေခြင်းက ဘာမှ ပြောင်းလဲမည် မဟုတ်ချေ။
ဓား၏မှတ်ဉာဏ်ထဲတွင် သူသည် ဓားသိုင်းကို လေ့ကျင့်စဉ်က မည်မျှ စိတ်ဓာတ်ခိုင်မာသည်ကို မြင်ဖူးခဲ့၏။
ဒုတိယထပ်သို့ ရောက်လာလျှင် ဟန်မူယဲ့ ဦးညွှတ်သည်။
“ဟန်မူယဲ့ အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်”
တတိယထပ်ထံမှ ဓားစံအိမ်အကြီးအကဲ၏အသံကို ကြားရသည်။
“တက်လာခဲ့…”
ဟန်မူယဲ့ တတိယထပ်သို့ ရောက်လျှင် ဓားစံအိမ်အကြီးအကဲက မဆိုင်းမတွ မေးသည်။
“ခေါင်းဆောင်တောက်ရင် မူရှန်မြို့မှာ နေရစ်ခဲ့တယ်မလား”
ထင်သည့်အတိုင်း ဓားစံအိမ်အကြီးအကဲသည် ထိုကိစ္စကို သိနှင့်ပြီး ဖြစ်သည်။
ဟန်မူယဲ့ ခေါင်းညိတ်ကာ မူရှန်မြို့၌ ဖြစ်ပျက်ခဲ့သည်များအား ရှင်းပြသည်။
အားလုံးကို ပြောပြပြီးသည်တွင် ဓားစံအိမ်အကြီးအကဲက ခေါင်းညိတ်ကာ မေးသည်။
“မင်း ယန်မင်ရွှမ်နဲ့ တွေ့ခဲ့ပြီလား”
ပထမထပ်တွင် ဓားများကို သန့်ရှင်းရေးလုပ်နေသောသူသည် အလင်းတောင်ကုန်းဓားဂိုဏ်းချုပ်၏ မြေးဖြစ်သည်။
“အကြီးအကဲ… ဒီပုံအတိုင်းဆို သူ သိပ်ကြာကြာ အသက်ရှည်မှာ မဟုတ်ဘူး”
ဓားစံအိမ်အကြီးအကဲက ခေါင်းယမ်းကာ ပြောသည်။
“ယန်တင်းရှန်က တကယ်လို့ ယန်မင်ရွှမ်သာ ဓားစံအိမ်မှာ သေသွားရင်လည်း သူ ဗွေမယူဘူးလို့ ငါ့ကို ပြောခဲ့တယ်”
ထိုစကားကို ကြားလျှင် ဟန်မူယဲ့ သက်ပြင်းချသည်။
“ယန်တင်းရှန်မှာ သူ့အစီအစဉ်ရှိတယ်။ သူသာ မသေခဲ့ရင် အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပါတ် ၄ ဓားဂိုဏ်းနေရာဟာ စိတ်ချရပြီ”
“သူပဲ ဖုန်းရှို့တောင်ကို သွားတာ မဟုတ်ဘူး၊ လစန္ဒဂိုဏ်းက ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင်ဟာလည်း အဲဒီကို သွားတယ်”
“အရင်တုန်းက လစန္ဒဓားဂိုဏ်းဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကြောင့် ဂိုဏ်းကြီးကိုးဂိုဏ်းနေရာကနေ ဖယ်ထုတ်ခံရတယ်။ ဒါပေမဲ့ သူတို့ဟာ အမြဲတမ်း သူတို့နေရာကို ပြန်ရဖို့ ကြိုးစားနေခဲ့ကြတယ်”
ဓားစံအိမ်အကြီးအကဲက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြင်တင်းပေါက် အပြင်ဘက်ကို ကြည့်သည်။
“တကယ်လို့ ယန်တင်းရှန်သာ ဖုန်းရှို့တောင်မှာ သေသွားရင် အလင်းတောင်ကုန်းဓားဂိုဏ်းဟာလည်း သေချာပေါက် ပျက်စီးမှာပဲ။ ယန်မင်ရွှမ် အဲမှာ နေရင်လည်း သေမှာပဲ”
ဓားစံအိမ်အကြီးအကဲအား နှုတ်ဆက်ပြီးနောက် ဟန်မူယဲ့သည် သူ၏အခန်းထဲသို့ ပြန်လာကာ အနားယူသည်။ လုကောက စားသောက်ရန် အော်ခေါ်သောအခါမှ သူ အပြင်ကို ထွက်လာ၏။
ဓားစံအိမ်အကြီးအကဲသည် ရှေ့ဆုံးတွင် ထိုင်ကာ ကောင်းရှောင်ရွှမ်သည် မြေခွေးဖြူလေးဖြင့် သူ့ဘေးတွင် ထိုင်၏။
ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့က တစ်ဘက်တွင် ထိုင်သည်။
လုကောနှင့် လင်းရှန်တို့သည် နောက်တစ်ဘက်တွင် ထိုင်သည်။
အသစ်ရောက်လာသော ယန်မင်ရွှမ်နှင့် ကျန်းမင်တို့က နောက်တစ်ဘက်တွင် ထိုင်၏။
စားပွဲဝိုင်းကား နေရာပြည့်နေသည်။
“ဟဟ… ငါတို့ ဓားစံအိမ်က အခုမှ စည်ကားနေတာပဲ”
ဟွမ်လောင်လျှိုက ပြုံးလိုက်ကာ သေရည်ပုလင်းကို ကိုင်လျှက် အားလုံးအတွက် သေရည်များ ဖြည့်ပေးသည်။
ကောင်းရှောင်ရွှမ်နှင့် မြေခွေးဖြူလေးတို့သည် သေရည်ပုလင်းအား ကြည့်ကာ လျှာတစ်သသ ဖြစ်နေကြသည်။
ယန်မင်ရွှမ်သည် စကားသိပ်မပြောဘဲ ခေါင်းကြီးငုံ့ကာ စားသောက်၏။
သို့သော်လည်း ကျန်းမင်ကား လွတ်လပ်ပေါ့ပါးစွာ စကားပြောနိုင်သည်။
စားပွဲဝိုင်းလေးမှာ သက်ဝင်လှုပ်ရှားနေ၏။
ဓားစံအိမ်အကြီးအကဲသည် စကားသိပ်မပြောသော်လည်း သူ့အား တစ်စုံတစ်ခု မေးပါက ပြန်ဖြေသည်။
“အကြီးအကဲ… ဓားစံအိမ်ရဲ့အမွေအနှစ်က ဗီဇပါရမီနဲ့ မဆိုင်ဘူးလို့ ကြားတယ်။ ကြိုးစားလေ့ကျင့်ပြီး ဓားချီကို ခန္ဓာကိုယ်ထဲ စီးဝင်စေနိုင်ရင် အသက်ရှုကြိမ်တစ်ရာဓားကို ကျင့်ကြံနိုင်တယ် ကြားတယ်။ ဒါ မှန်ပါသလား”
စိတ်ဓာတ်တက်ကြွနေသော ကျန်းမင်က သေရည်ခွက်ကို မြှောက်ကာ ဓားစံအိမ်အကြီးအကဲအား မေးသည်။
သူ့စကားကိုကြားလျှင် မူလက အစားအသောက်များကို ငုံ့စားနေသော ယန်မင်ရွှမ်သည် ဆတ်ခနဲ တုန်သွားသည်။
ဓားစံအိမ်အကြီးအကဲက ထူးမခြားနားစွာ ပြောသည်။
“ဓားစံအိမ်ရဲ့ အမွေအနှစ်က တကယ်ပဲ ဓားချီကို စုပ်ယူနိုင်တာနဲ့ပဲ သက်ဆိုင်တယ်။ ဗီဇပါရမီကို အခြေမခံဘူး”
“ဘာလဲ… မင်း အသက်ရှုကြိမ်တစ်ရာဓားကို ကျင့်ကြံချင်တာလား”
ကျန်းမင်က ရယ်မောကာ သေရည်ကို သောက်လိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းကာ ပြောသည်။
“ကျွန်တော်က အသက်ရှုကြိမ်တစ်ရာကို စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ဓားချီကို ကျင့်ကြံပြီးတော့ ဆေးလုံးဖော်စပ်ချင်တယ်”
ထို့နောက်တွင် သူက လက်ဆန့်တန်းကာ ယန်မင်ရွှမ်၏ပုခုံးကို ပုတ်လိုက်သည်။
“ယန်… မင်းလည်း ဒီအမွေအနှစ်ကို လေ့ကျင့်သင့်တယ်”
“မဟုတ်ရင် မင်းအဖိုးသာ ဖုန်းရှို့တောင်မှာ သေသွားရင် မင်းမှာ သူ့အလောင်းကို သွားကောက်ဖို့တောင် စွမ်းရည်ရှိမှာ မဟုတ်ဘူး”
ထို့နောက်တွင် စားပွဲဝိုင်းသည် တိတ်ဆိတ်သွား၏။
ယန်မင်ရွှမ်သည် လက်တွင် ကိုင်ထားသော ဝါးတူအား စားပွဲပေါ်တွင် ချလိုက်ကာ ထရပ်သည်။ ထို့နောက် သူက ဓားစံအိမ်အကြီးအကဲအား ဦးညွှတ်၏။
“အကြီးအကဲ… ကျွန်တော့ကို အသက်ရှုကြိမ်တစ်ရာဓားကို သင်ပေးပါ”
“မဟုတ်ရင် အဖိုးသေသွားတဲ့အခါ သူ့အလောင်းကိုတောင် ကောက်ဖို့ ကျွန်တော့မှာ စွမ်းရည်မရှိဘူး”