ဟန်မူယဲ့၏အစွမ်းဆုံးတိုက်ကွက်
Vol. 11 Ch. 146
ဟန်မူယဲ့က ကျန်းမင်အား ကြည့်ကာ ပြုံးလိုက်သည်။
သည်လူကား အတော်လေး တွေးတောတတ်သည်။
ယန်မင်ရွှမ်၏နောက်ခံကို သိပြီးနောက်တွင် သူသည် ဓားစံအိမ်တွင် မသေသင့်ကြောင်း နားလည်လိုက်၏။
သူသည် မသေသင့်သလို ဓားစံအိမ်မှ အခွင့်အလမ်းဖြင့် အခြေအနေကို ပြောင်းလဲရန်လည်း လို၏။ ထိုနည်းဖြင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် အလင်းတောင်ကုန်းဓားဂိုဏ်းတို့ ဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာပေမည်။
ဓားစံအိမ်၏အမွေအနှစ်ကို ကျင့်ကြံခြင်းဖြင့်သာ ယန်မင်ရွှမ်သည် သူ့အဖိုး၏မျှော်လင့်ချက်များကို ဖြည့်ဆီးပေးနိုင်ပေမည်။
“ငါတို့ ဓားစံအိမ်မှာ အမွေအနှစ်သုံးမျိုးရှိတယ်”
ဓားစံအိမ်အကြီးအကဲက သေရည်ခွက်ကို ချကာ သူ့ရှေ့မှ လူများအား ကြည့်သည်။
“ဓားပျိုးထောင်စနစ်က…”
“ဓားစုစည်းစနစ်…”
“ဓားစစ်သည်စနစ်…”
ယန်မင်ရွှမ်နှင့် ကျန်းမင်တို့အား ကြည့်ကာ ဓားစံအိမ်အကြီးအကဲက ထူးမခြားနားစွာ ပြောသည်။
“နည်းစနစ်သုံးမျိုးဟာ ကိုယ်ပိုင် အားသာချက် အားနည်းချက်တွေ ရှိကြတယ်။ မင်းတို့က အောင်မြင်အောင် ကျင့်ကြံဖို့ဆိုတာ ကံတရားနဲ့ပဲ သက်ဆိုင်တယ်”
လင်းရှန်နှင့် လုကောတို့က ဟန်မူယဲ့အား ကြည့်သည်။
ဓားစံအိမ်၏အမွေအနှစ်များမှာ လူသုံးဦးထက် ပို၍ လက်ဆင့်ကမ်းပိုင်ခွင့်မရှိပါ။
သို့သော်လည်း ဓားစံအိမ်တွင် လေးယောက်မြောက်သော အမွေအနှစ် ဆက်ခံသူ ရှိလာခဲ့သည်။
၎င်းမှာ စီနီယာအစ်ကိုဟန်၏ကျေဇူးကြောင့် ဖြစ်သည်။
စီနီယာအစ်ကိုဟန်သည် မိတ်ဆွေများကို တန်ဖိုးထားကာ အမွေအနှစ်နှင့် ရတနာများကို သိပ်ဂရုမစိုက်ပါ။
ကျန်းမင်က ပြုံးလျက် ပြောသည်။
“ကျုပ်က ဓားချီကိုပဲ လိုချင်တာ။ ဘာနည်းစနစ်ပဲ ဖြစ်ဖြစ် အဆင်ပြေတယ်”
ယန်မင်ရွှမ်က ခေါင်းယမ်းကာ ပြောသည်။
“ကျွန်တော်လည်း ဘာနည်းစနစ်ကို သင်ရမလဲ မသိဘူး”
ဓားစံအိမ်အကြီးအကဲက ထရပ်ကာ တည်ငြိမ်စွာ ပြောသည်။
“မင်းတို့က ဘာလို့ ဒီနည်းစနစ်တွေကို လေ့ကျင့်တာလဲ။ ဟန်မူယဲ့… သူတို့အတွက် စီစဉ်ပေးလိုက်ပါ။ နောက်ပိုင်း ဓားစံအိမ်ရဲ့ အရေးကိစ္စတွေ ဟန်မူယဲ့ တာဝန်ယူလိမ့်မယ်”
ထို့နောက် သူက ထရပ်ကာ ဒုတိယထပ်သို့ တက်သွားခဲ့သည်။
အားလုံးက ဟန်မူယဲ့အား ကြည့်ကြသည်။
ဤကား ဓားစံအိမ်အကြီအကဲက သူ့ကိုယ်စား အာဏာကုန်လွှဲအပ်သော ပထမဆုံးသော သူဖြစ်သည်။
ယနေ့မှစ၍ ဟန်မူယဲ့သည် ဓားစံအိမ်၏အရေးကိစ္စများအားလုံးကို ဆုံးဖြတ်နိုင်၏။
အတိတ်တွင် ဟန်မူယဲ့သည် ဓားစံအိမ်၏စီစဉ်ပေးမှုအတွက် အလွန်ဝမ်းသာလိမ့်မည် ဖြစ်သည်။
ယခုကား…
ဓားစံအိမ်အကြီးအကဲသည် နောက်ကွယ်မှ အမည်ခံဆရာကြီးပုံစံ နေထိုင်မည့်သူ့အကြံကို ဟန်မူယဲ့ သေချာပေါက် သိပေသည်။
“အစ်ကိုယန်… စိတ်မပူပါနဲ့… ဓားစံအိမ်ရဲ့ ဘယ်နည်းစနစ်ပဲ ဖြစ်ဖြစ် ခင်ဗျား လေ့ကျင့်နိုင်ဖို့ ကျုပ်တို့ ကြိုးစားကြမယ်”
“ကျန်းမင်… သူ့ရဲ့ဗီဇပါရမီကို ပြောင်းလဲနိုင်ဖို့ နည်းလမ်းတစ်ခုခုရှိမလား ရှာကြည့်ပါဦး”
ဟန်မူယဲ့က ယန်မင်ရွှမ်နှင့် ကျန်းမင်တို့အား ပြောသည်။
သာမန်နည်းလမ်းများသည် ယန်မင်ရွှမ်၏ ပြဿနာများကို မပြေလေစေနိုင်ပါ။ သို့သော် ဟန်မူယဲ့သည် အာခီမီစံအိမ်ငယ်၌ ဆေးဖော်စပ်နည်းများစွာ မြင်တွေ့ခဲ့သည်။
ယန်မင်ရွှမ်ကို ကူညီရန် နည်းလမ်းတစ်ခုခု ရှိလောက်၏။
ယန်မင်ရွှမ်က ခေါင်းညိတ်ကာ ဟန်မူယဲ့နှင့် ကျန်းမင်တို့အား ဦးညွှတ်သည်။
ကျန်းမင်က ရယ်မောကာ ပြောသည်။
“ငါတို့က ညီကိုတွေပဲ။ ထုံးတမ်းစဉ်လာတွေ လုပ်မနေပါနဲ့”
ထို့နောက် သူက သေရည်ခွက်ကို မြှောက်ကာ လူတိုင်းကို ပြောသည်။
“ကျုပ် ကျန်းမင် တကိုယ်တော်ကျင့်ကြံသူ ဖြစ်လာတာ နှစ်တစ်ရာကျော်ပြီ။ တကိုယ်တော်ကျင့်ကြံခြင်းက လွတ်လပ်ပေါ့ပါးတယ်လို့ အမြဲတွေးခဲ့တယ်”
“အခု ကျုပ်ဟာ ဓားစံအိမ်ကို ရောက်လာတယ်။ ဒီမှာ သေရည်၊ အစားအသောက်နဲ့ ညီကိုတွေ ရှိတယ်။ ဒါကမှ စစ်မှန်တဲ့ လွတ်လပ်မှုပဲ”
ထို့နောက် သူတို့အားလုံး သေရည်ခွက်များကို မြှောက်လိုက်ကြသည်။
ယန်မင်ရွှမ်သည်လည်း ခဏမျှ တွန့်ဆုတ်နေပြီးမှ သူ၏သေရည်ခွက်ကို မြှောက်လိုက်၏။
ဘေးတွင် ထိုင်နေသော ကောင်းရှောင်ရွှမ်က ကျန်းမင်အား ကြည့်ကာ တီးတိုးရေရွက်သည်။
“ဒီလူက ဒီလောက်အိုနေမယ်လို့ မထင်ထားဘူး”
ကျန်းမင်၏အပြုံး အေးခဲသွားသည်။
…
ဓားစံအိမ်တွင် ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့သည် မျက်နှာချင်းဆိုင် ဆိုင်နေကြ၏။
ကောင်းရှောင်ရွှမ်က သူတို့အား စိတ်ဝင်စားစွာ ကြည့်နေသည်။
“ကောင်လေး… မင်း ပြောချင်တာ ငါ နားလည်တယ်”
သူက အပြင်ကို လှမ်းကြည့်သည်။
“ကောင်လေးဟန်… ငါက ညီမဖျင်နဲ့ ထိုက်တန်တယ်လို့ မင်းထင်လား”
ဟန်မူယဲ့က ပြန်ဖြေမည် ပြုစဉ် ဟွမ်လောင်လျှိုက လက်ကာပြသည်။
“ငါက မထိုက်တန်ဘူးဆိုတာ သိတယ်”
“ငါက သာမန်လူတစ်ယောက်ပါပဲ။ ညီမဖျင်ကတော့ ချီစုစည်းခြင်းအဆင့်ဖြစ်ပြီးတော့ ဂိုဏ်းရဲ့ ပင်မတပည့်တစ်ယောက်”
ဟန်မူယဲ့က ဟွမ်လောင်လျှို၏စိတ်ဓာတ်ကျသော ဟန်ပန်ကို ကြည့်ကာ ပြောသည်။
“ကျင့်ကြံတာ ဒီလောက် ခက်ခဲလို့လား”
သူက ဟွမ်လောင်လျှိုကို ပြောသည်။
“ကျုပ်တို့ ဓားစံအိမ်ရဲ့ အမွေအနှစ်ဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အကောင်းဆုံးပဲ။ ပြီးတော့ ဆေးလုံးတွေ ဝိညာဉ်ကျောက်တုံးတွေ… အကုန်လုံး ကျွန်တော့မှာ ရှိတယ်။ အနည်းဆုံး အစ်ကို့ကို ကမ္ဘာမြေအဆင့်သို့ တက်နိုင်အောင် ကူညီနိုင်တယ်”
ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ကြည့်သည်။
“ကောင်လေး… မင်း နားမလည်ပါဘူး”
“ငါက ညီမဖျင်နဲ့ ငြိမ်းချမ်းတဲ့နေ့ရက်တချို့ ခံစားချင်ရုံပါပဲ”
“ငါ သေသွားရင် ညီမဖျင်ဟာ ကျင့်ကြံသူဘဝကို ဆက်လျှောက်လိမ့်မယ်”
“ငါက သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူး”
ဟွမ်လောင်လျှို၏ အသက်ဝိညာဉ်မှာ ထိခိုက်ထားသည်။ သူသာ မကျင့်ကြံပါက သူ့အသက်မှာ သိပ်မရှည်တော့ပါ။
ထို့အပြင် လုချန်းဖျင်သည် အမှန်တကယ် ကျင့်ကြံခြင်း၌ နှစ်မြုတ်ထားသူ ဖြစ်သည်။
သူတို့နှစ်ယောက်မှာ တစ်ကမ္ဘာတည်းမှ မဟုတ်ကြပါ။
“အစ်ကိုဟွမ်… ခင်ဗျား သေသွားရင် မရီး ဝမ်းနည်းမှာ မစိုးရိမ်ဘူးလား”
ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
“ကျုပ်အမြင်မှာ မရီးဟာ တကယ်ပဲ အစ်ကို့အပေါ် သံယောဇဉ်ရှိနေတာ။ အစ်ကို မရှိတော့ရင် သူ ဘယ်လိုနေမယ် တွေးဖူးလား”
ဟန်မူယဲ့က ထရပ်ကာ ကျောက်စိမ်းပြားစာတစ်စောင်အား ဟွမ်လောင်လျှို၏ရှေ့၌ ချလိုက်သည်။
“အစ်ကိုဟွမ်… ကျွန်တော် တစ်ခု ပြောစရာရှိသေးတယ်။ သန့်စင်ရေကျောင်းတော်ဟာ သစ္စာမရှိတော့ဘူး”
ဟွမ်လောင်လျှို၏အမူအရာ ပြောင်းလဲသွားသည်။
ဟန်မူယဲ့က ထပ်ပြောသည်။
“ကျုပ် သိသလောက် သန့်စင်ရေကျောင်းတော်ဟာ ကျုပ်တို့ဂိုဏ်းကို သစ္စာဖောက်သွားပြီ။ ညီမဖျင်ဟာ သန့်စင်ရေကျောင်းတော်မှာ ဆက်ကျင့်ကြံနေရင် အန္တရာယ်ရှိတယ်”
ဟွမ်လောင်လျှို ရုတ်တရက် ထရပ်ကာ စိုးရိမ်စွာ ပြောသည်။
“မင်း… ဘာလို့ အစောကြီးကတည်းက မပြောတာလဲ”
သူသည် တံခါးဝသို့ စတင်၍ ပြေးလွှားသွားသည်။
“ကျုပ် အစောကြီးပြောရမှာလား”
ဟန်မူယဲ့က ခေါင်းယမ်းသည်။
“ကျုပ်ပြောရင်ရော… အစ်ကို့မှာ မရီးကို ကယ်တင်ဖို့ အစွမ်းရှိလို့လား”
ဟွမ်လောင်လျှို သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သူကား သာမန်လူဖြစ်သည်။ သူ့တွင် လုချန်းဖျင်ကို ကယ်တင်ရန် အစွမ်းမရှိပါ။
ဟန်မူယဲ့ နောက်လှည့်ကာ သူ့အခန်းထဲသို့ ပြန်လာခဲ့သည်။
ဟွမ်လောင်လျှိုသည် ထိုနေရတွင် ရပ်ကာ စားပွဲပေါ်မှ ကျောက်စိမ်းပြားစာအား ကြည့်သည်။
“အစ်ကိုဟွမ်… ခင်ဗျား ကျင့်ကြံချင်လား”
မြေခွေးဖြူလေးအား ပွေ့ထားသော ကောင်းရှောင်ရွှမ်က ရုတ်တရက် တီးတိုးပြောသည်။
“အစ်ကိုကျင့်ကြံချင်ရင် စီနီယာအစ်ကိုဟန်နဲ့ တခြားလူတွေထက် ပိုသန်မာအောင် ကျွန်တော် ကူညီပေးနိုင်တယ်”
ကောင်းရှောင်ရွှမ်၏အမူအရာက အမှန်တကယ် လေးနက်နေသည်။
ဟွမ်လောင်လျှိုက သူ့အား ကြည့်သည်။
“တကယ်လား”
ကောင်းရှောင်ရွှမ်က ခေါင်းညိတ်သည်။
“ကောင်းပြီ… ငါ ကျင့်ကြံမယ်…”
ဟွမ်လောင်လျှိုက ဓားစံအိမ်အပြင်ဘက်ကို လှမ်းကြည့်သည်။
“ညီမဖျင်… ငါ့ကို စောင့်နေပါ… သန့်စင်ရေကျောင်းတော်က အဲဒီခွေးကောင်တွေ… မင်းတို့ မကောင်းတာတစ်ခုခုလုပ်ရင် မင်းတို့ တာအိုကျောင်းတော်အစုတ်အပြတ်ကို ငါ ဖြိုဖျက်ပစ်မယ်”
…
အခန်းထဲတွင် ဟန်မူယဲ့က နံရံတွင် ချိတ်ထားသော ကျားဖြူပန်းချီကားအား ကြည့်သည်။
ကျားဖြူစာလိပ်၏မာန်ဖီဟန်ကို ကြည့်ကာ သူသည် တစ်စုံတစ်ခုအား နားလည်ခဲ့သည်။
ဤသည်ကား ကျင့်ကြံခြင်းလောက ဖြစ်သည်။ ကြိုးစားကျင့်ကြံကာ မိမိကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိခြင်းကသာ အမှန်တကယ် လွတ်လပ်နိုင်၏။
ဟွမ်လောင်လျှို လိုချင်သော ပျော်ရွှမ်မှုကား လက်တွေ့မကျပါ။
ထို့ကြောင့် သူက ဟွမ်လောင်လျှိုအား ရိုးသားစွာ ရှင်းပြခဲ့ခြင်း ဖြစ်သည်။
မရီးဟာ အချိန်မရွေး အန္တရာယ် ဖြစ်နိုင်တယ်။ သူ့ကို ကယ်တင်ချင်ရင် ကြိုးစားကျင့်ကြံပါ။
ကျားဖြူစာလိပ်ကို ကြည့်ရင်း ဟန်မူယဲ့၏ကိုယ်မှ ဓားအလင်းများ ဖြစ်ပေါ်လာသည်။
ခရမ်းရောင်နှင့် အစိမ်းရောင် ဓားတစ်လက်စီ သူ့ဘေး၌ ပေါ်လာ၏။
ကံကြမ္မာဓားနှင့် ခရမ်းမီးတောက်ဓား။
ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်အား ခရမ်းမီးတောက်ဓားအကြောင်းကို ပြောခဲ့သည်။
ခေါင်းဆောင်တောက်ရင်သည် သက်ပြင်းချကာ ဓားကို ပြန်ယူခြင်း မပြုခဲ့ပေ။
ဓားဆန္ဒများ၏သန့်စင်မှုကြောင့် ခရမ်းမီးတောက်နှင့် ကံကြမ္မာဓားတို့မှာ ဝိညာဉ်လက်နက်အဆင့်သို့ တက်ရောက်ရန် သိပ်မကြာတော့ပါ။
ထိုဓားနှစ်လက်အပြင် သူ့တွင်ရှိသော ဓားဆန္ဒများကြောင့် ဟန်မူယဲ့သည် ကမ္ဘာမြေအဆင့်များကို သိပ်ကြောက်စရာ မလိုပေ။
သို့သော် သူ၏တကယ့်စွမ်းအားကြီးတိုက်ကွက်မှာ ဓားဆေးလုံးဖြစ်သည်။
ရှေးဟောင်းကျင့်ကြံသူတစ်ဦး၏ဓားဆေးလုံး။
၎င်းသည် သူ့တွင် ရှိသော အစစ်အမှန် လူသတ်ကွက် ဖြစ်သည်။
၎င်းသည် ချီစွမ်းအားများစွာ ကုန်ဆုံးသော်လည်း ၎င်း၏တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ကြီးမားသည်။
သည်ဓားဆေးလုံးဖြင့် ဆိုပါက သူသည် သွေးကြောဖွင့်အဆင့်များအထက်မှ ကျင့်ကြံသူများကို ရင်ဆိုင်နိုင်သည်။
အကယ်၍ သူသည် ဓားဆေးလုံးအပြင် ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို သုံးခဲ့ပါက သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ အဆများစွာ တိုးတက်လာနိုင်ပေသည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်များပင် သူ၏တိုက်ကွက်ကို ခုခံနိုင်မည်ဟု သူ မထင်ပေ။
ယခင်က မော့ယွမ်သည် ဓား ၁၀၀၀၀ တို့အိမ်အပြန်ဖြင့် ကောင်ကင်ဘုံတစ်ဝက်အဆင့်ကို စိန်ခေါ်ရဲခဲ့၏။
ဓားနှစ်လက်၊ ဓားဆေးလုံးနှင့် ဓား ၁၀၀၀၀ တို့အိမ်အပြန်။
၎င်းတို့မှာ ဟန်မူယဲ့၏ စွမ်းအားအကြီးဆုံး တိုက်ကွက်များဖြစ်သည်။
မှန်သည်၊ ဟန်မူယဲ့က ထိုတိုက်ကွက်များကို သုံးရန် မလိုပါ။
သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် စားသောက်ကာ အေးဆေးစွာ ကျင့်ကြံနိုင်ပေသည်။
သူက လက်ဆန့်တန်းလိုက်လျှင် သူ့လက်ဖဝါး၌ ဆေးလုံးတစ်လုံး ပေါ်လာသည်။
အသက်ရှည်ဆေးလုံး။
သည်ဆေးလုံးမှာ သူ၏အသက်ကို ဆယ်နှစ်ကြာ ထပ်၍ ဆွဲဆန့်နိုင်သည်။
သူသည် မူမိသားစုခေါင်းဆောင်၏ ဆေးဖော်စပ်ပုံကို ကြည့်ခဲ့ရာ အသက်ရှည်ဆေးလုံးဖော်စပ်ခြင်းကိုလည်း နားလည်ခဲ့သည်။
၎င်းသည် သူ၏အကြီးမားဆုံး အကျိုးအမြတ်ထဲမှ တစ်ခုဟု သတ်မှတ်နိုင်၏။