← Chapters

သေမင်းမိုင်းတွင်းထဲ ဝင်ရောက်ခြင်း

Vol. 31 Ch. 419

သေမင်းမိုင်းတွင်းထဲ ဝင်ရောက်ခြင်း

Vol. 31 Ch. 419

“အခြားတစ်ဖက်ကို အင်မော်တယ် လောကလို့တော့ ခေါ်ကြတယ်။ တကယ် ဟုတ်လား၊ မဟုတ်လားတော့ တစ်ယောက်မှ မရောက်ဖူးတော့ မှန်၊ မမှန် မသိဘူး” ဆရာကြီးဖူကျိက ပြန်ဖြေလိုက်သည်။

“ဆရာကြီးဖူကျိအဲဒါဆိုရင် တာအိုသခင်ဝူက အင်မော်တယ်လျှိုကို ဖြတ်ဖို့ တိုက်သင်္ဘော တည်ဆောက်နေတဲ့ သတင်း ထွက်သွားတာက သတင်းပေးလိုက်တဲ့သူ ရှိလို့ပေါ့။

ပြီးတော့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ကျောက်တုံးနက်တွေကို ဝယ်တဲ့သူတွေက အင်မော်တယ်နယ်မြေက လူတွေပဲမလား။ အဲဒီစိတ်စွမ်းအင် ကျောက်ချောတွေက အင်မော်တယ်လောက ကလား။

ဟုတ်နေတယ် ဆိုရင်တော့ ကျုပ် အတော်လေး စိတ်ရှုပ်သွားပြီ။ အင်မော်တယ် နယ်မြေက လူတွေ ကိုယ်တိုင်လာပြီး တူလို့ ရနေတာပဲ မဟုတ်ဘူးလား” မိုဝူကျီက မေးခွန်းများ ဆက်တိုက် မေးလိုက်ပြီးနောက် အတွေးများ ချိတ်ဆက် မိသွားလေသည်။

အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ တစ်နေရာကို ကြည့်နေရင်း ဆရာကြီးဖူကျိက သက်ပြင်းချကာ

“ကျုပ်အတွေးလည်း ခင်ဗျားလိုပဲ။ သတင်းပေး ရှိတာ ဖြစ်နေနိုင်တယ်။ သတင်းပေးတဲ့သူကို အခုလက်ရှိ တာအိုသခင် ကွမ်းချွမ်နဲ့ အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်း ခေါင်းဆောင် မုန့်ထျန်းယွီတို့လို့ထင်တယ်”

“ဘာလို့လဲ။ သူတို့က အင်မော်တယ် နယ်မြေကို မသွားချင်ကြဘူးလား” ကျာချီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဆရာကြီးဖူကျိက အေးစက်စက် ရယ်မောလိုက်ရင်း

“အောက်တန်းစား စိတ်ဓာတ်ကို ကျုပ်တို့တွေ ဘယ်လိုများ နားလည် နိုင်ပါ့မလဲ။ ဒါပေမဲ့ တာအိုသခင်ဝူနဲ့ ကွမ်းချွမ်ကြား ရန်ကြွေး ရှိတာတော့ ကျုပ် သိတယ်။ အဲဒါက သူ့တာအိုမိတ်ဖက်ကို အလုခံလိုက်ရပြီးတော့ တာအိုသခင်ဝူ အခန်းထဲ သေသွားခဲ့လို့ပဲ”

မိုဝူကျီက အနည်းငယ် သံသယဝင်မိသွားသည်။ တာအိုသခင်ဝူမှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်၏ ခေါင်းဆောင် ဖြစ်ကာ ဂုဏ်သိက္ခာ ကြီးမားပေသည်။

ထိုသို့မျိုး သူက မိန်းမတစ်ယောက် အတွက်နဲ့ သူ့ကိုယ်သူ ပျက်စီးခံမည်လား

“ကောလာဟလများလား” မိုဝူကျီက မေးလိုက်သည်။

ဆရာကြီးဖူကျိက ခေါင်းခါကာ

“မဟုတ်ဘူး ... တာအိုသခင်ဝူက လူအများရှေ့မှာ ကွမ်းချွမ်ရဲ့ တာအိုမိတ်ဖက်ကို အတင်း ခေါ်သွားခဲ့တာ။ ပြီးတော့ သူမက တာအိုသခင်ဝူရဲ့ အခန်းထဲ သေသွားတာကိုလည်း အားလုံး သိလိုက်ကြတယ်။ အဲဒါကြောင့် ကောလာဟလ သက်သက်တော့ မဟုတ်ဘူး”

သို့သော်လည်း မိုဝူကျီ စိတ်အတွင်းမှ သံသယအားလုံးကို ချေဖျောက် မပေးနိုင်ပေ။ သူက ထိုကိစ္စရပ်မှာ အဓိပ္ပာယ်မရှိကြောင်း ခံစားမိနေသည်။

ဆရာကြီးဖူကျိက ဆက်ပြောလိုက်သည်။

“အဲဒီ စိတ်စွမ်းအင် ကျောက်ချောတွေက အင်မော်တယ် နယ်မြေက ဆိုတာတော့ ဟုတ်တယ်။ ကျောက်တုံးနက်တွေကို အင်မော်တယ်နယ်မြေက လာဝယ်တယ် ဆိုတာလည်း ဟုတ်တယ်။

အင်မော်တယ် နယ်မြေက လူတွေ ဒီကို ကိုယ်တိုင် လာမတူးကြတာက ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူတောင် ဒီကို ရောက်လာရင် အထူးသစ်သား စွမ်းအားတွေကြောင့် သူတို့ရဲ့ ဝိညာဉ် လမ်းကြောင်းတွေ သစ်သား ပြောင်းသွားနိုင်တယ် ...”

“သစ်သားဓာတ် ပျော်ဝင်ဆေးလုံးကရော ...” ကျာချီက သိချင်စွာ ဝင်မေးလိုက်သည်။

သို့သော် ဆရာကြီးဖူကျိက နောက်တစ်ဖန် အေးစက်စက် ရယ်မောလိုက်ရင်း

“သစ်သားဓာတ် ပျော်ဝင်ဆေးလုံးတွေက အထူး သစ်သား စွမ်းအားတွေကို ဖယ်ပေးနိုင်တယ် ဆိုပေမဲ့ စွမ်းအား အကုန်လုံးကိုတော့ မဖယ်ပစ်နိုင်ဘူး။ အဲဒါကြောင့် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ နေတာ ကြာလေလေ ပိုသိသာလာလေပဲ”

ကျာချီက အမူအရာ ပျက်လာပြီး သူမလည်း ထိုစွမ်းအား သက်ရောက် ခံနေရလားဟုတွေးမိသွားသည်။

သူမ မျက်နှာအမူအရာကို မြင်လိုက်ပြီးနောက် ဆရာကြီးဖူကျိက ကျာချီ တွေးနေသည့် အကြောင်းကို သိသွားကာ ဆက်ပြောလိုက်သည်။

“ကျာချီ ... အရမ်းလည်း စိုးရိမ်မနေပါနဲ့။ တိုက်သင်္ဘောရဲ့ အရှပ်ထွေးဆုံး အပိုင်းက ပြီးသွားပြီဆိုတော့တိုက်သင်္ဘောကို အပြီးသတ်ပြီးတာနဲ့ အင်မော်တယ်လျှိုကို ဖြတ်ဖို့ အခွင့်အရေး ရလာမှာပါ။ အင်မော်တယ် နယ်မြေက အကျယ်ကြီးဆိုတော့ ငါတို့သာ တစ်နေရာရာမှာ ပုန်းနေရင် ဘယ်သူက ရှာနိုင်မှာလဲ ... အဲဒီကို ရောက်တာနဲ့ အထူးသစ်သား စွမ်းအားတွေကို ဖယ်ရှားပစ်ဖို့ နည်းလမ်းရှိတယ်လို့ ယုံတယ်။ ပြီးတော့ ငါတို့မှာ တာအိုရောင်းရင်းမို ရှိသေးတာပဲ ...”

ဆရာကြီးဖူကျိက မိုဝူကျီကို ညွှန်းဆို ပြောလိုက်သည့် အကြောင်းမှာ မိုဝူကျီက သူတို့ကို မကူညီမည်ကို စိုးရိမ်၍ ဖြစ်သည်။ ထို့အပြင် သူတို့တွင် မိုဝူကျီနှင့် အလုပ်တွဲလုပ်သည့် ဆက်ဆံရေးသာ ရှိသည် မဟုတ်ပါလော။

မိုဝူကျီက ခေါင်းညိတ်ပြကာ

“အထူးသစ်သား စွမ်းအားက ကျုပ်အတွက် ဘာမှမဟုတ်ဘူး။ ကျုပ်တို့က တွဲဖက်တွေဆိုတော့ အားလုံး စိုးရိမ်နေစရာ မလိုပါဘူး။ အခုတော့ သေမင်းမိုင်းတွင်းဆီ သွားပြီးတော့ တိုက်သင်္ဘောကို အရင် အပြီးသတ်ကြတာပေါ့”

ဆရာကြီးဖူကျိ၏ စကားများကို နားထောင်ပြီးနောက် မိုဝူကျီက ရှေ့မှာ စောင့်ကြိုနေမည့် လမ်းမှာ ရှုပ်ထွေးပြီး အန္တရာယ်များကြောင်း ခံစားမိလိုက်သည်။ သတိလက်လွတ် တစ်ချက်နှင့်ပင် အပိုင်းပိုင်း အစစ ပြိုကွဲသွားနိုင်သည်။ အခြားတစ်ဖက်တွင် အင်မော်တယ်နယ်မြေ အစစ် မဟုတ်ဘဲ အတု ဖြစ်နေလျှင်ပင် အရင်ဆုံးတော့ သွားကြည့်ရမည်။

“အခုထိ ကျမတို့က သေမင်းမိုင်းတွင်းဆီ သွားဦးမှာပဲလား” ကျာချီက သိချင်ဇောနှင့် မေးလိုက်သည်။

မိုဝူကျီ၏ အဖြေမှာ

“အင်မော်တယ်လျှိုက ဆရာကြီးဖူကျိ ပြောတဲ့အတိုင်း ဖြစ်နေတယ် ဆိုမှတော့ သေမင်းမိုင်းတွင်းကို ပိုသွားသင့်တယ်။ တကယ်လို့ အဲဒီက အရောင်မဲ့မျှော့တွေနဲ့ မရင်ဆိုင်နိုင်ရင် အင်မော်တယ်လျှိုထဲက ဒြပ်ငါးမျိုး အင်မော်တယ် သားရဲတွေကို ဘယ်လို ရင်ဆိုင်နိုင်မှာလဲ”

“ကျုပ်လည်း တာအိုရောင်းရင်းမိုနဲ့ သဘောတူတယ်” ဆရာကြီးဖူကျိက ချက်ချင်း ဝင်ထောက်ခံလိုက်သည်။

“ဆရာကြီးဖူကျိ ဆီက တစ်ယောက် အကြောင်းကို မေးကြည့်ချင်တယ်။ သူ့နာမည်က လိုင်ဝမ်ရှင်းတဲ့ ဆေးလုံးဆရာ တစ်ယောက်ပဲ” မိုဝူကျီက လိုင်ဝမ်ရှင်း ခေါ်ဆောင်သွားသည့် သတ္တုဓာတ် ဆေးလုံးဆရာများမှာ သစ်သားဓာတ် ပျော်ဝင်ဆေးလုံးအတွက် ဖြစ်ကြောင်း ခြောက်ဆယ် ရာခိုင်နှုန်းလောက် သေချာသည်။

သစ်သားဓာတ် ပျော်ဝင်ဆေးလုံးကို ဘယ်နေရာမှာ သုံးလဲ ... ဒီအင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲမှာ မဟုတ်ဘူးလား ...

ဆရာကြီးဖူကျိက မျက်မှောင်ကုတ်ကာ အတော်အတန် စဉ်းစားပြီးနောက် ခေါင်းခါကာ“အဲလိုလူမျိုးတော့ တစ်ခါမှ မကြားမိဘူး”

မိုဝူကျီက သက်ပြင်း ချလိုက်မိသည်။ လိုင်ဝမ်ရှင်း၏ သတင်းမရှိဘဲ သူက မိုထျန်းချန်အကြောင်းကို အချိန်တစ်ခုအထိ သိရမည် မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် တိုက်သင်္ဘော ပြီးစီးအောင် အပြီးသတ်ရမည့် ကိစ္စမှာ အရေးကြီးဆုံး ဖြစ်နေသည့်အတွက် ကျန်ကိစ္စများမှာ သူ မြေကမ္ဘာ အင်မော်တယ်အဆင့် ရောက်ပြီးသည့်အထိ စောင့်နိုင်လေသည်။

“ယဲ့လီဆိုတဲ့ ကျင့်ကြံသူကိုရော ကြားဖူးလား”

မိုဝူကျီ ယဲ့လီကို မေးလိုက်သည့် အကြောင်းအရင်းမှာ ယဲ့လီ၏ နောက်ခံကြောင့် ဖြစ်သည်။

လခြမ်းကွေး အင်မော်တယ် နန်းတော်မှ ရရှိလာသော သတင်း အချက်အလက်များအရ - ယဲ့လီမှာ သစ်သားဓာတ် ဝိညာဉ်ကြောပိုင်ရှင် ဖြစ်ပြီး ကြယ်လေးလုံး ပါရမီရှင် ဖြစ်ပေသည်။ယုံရင် ၈၈၄ ပြက္ခဒိန်၊ ၇၆၉၀ နှစ်၊ လေးလပိုင်း တတိယမြောက်ရက်တွင် သူက ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းသွားပြီးတော့ ယုံရင်၏ ၁၁ ခုမြောက် အကျဉ်းထောင်သို့ ရောက်ရှိလာပေသည်။

အရေးကြီးဆုံး အချက်မှာ သူလာခဲ့သည့် နေရာမှာ ကမ္ဘာဂြိုဟ် ဖြစ်နေ၍ မိုဝူကျီက သူနှင့်အတူတူလားဟု သံသယဝင်မိနေခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင် ဆရာကြီးဖူကျိက ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်သည်။

“ယဲ့လီကို ကြားဖူးတာပေါ့။ သူက ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူ့ကျင့်ကြံခြင်း ပါရမီအထုံက တခြားသူတွေနဲ့ ယှဉ်လို့ မရပေမဲ့ သူက တစ်မူထူးခြားတဲ့ ကျင့်စဉ်ကို ရှာတွေ့ခဲ့ပြီးတော့ ဒီမှာပဲ ကောင်းကင်အင်မော်တယ် အဖြစ် တက်လှမ်းသွားတာ။

အင်မော်တယ်တစ်ပိုင်း နယ်မြေမှာ ပါရမီရှင်တွေ စုနေတာ ဆိုပေမဲ့ အားလုံးက မိုးကြိုး စမ်းသပ်ချက်ကို ခံယူနိုင်တာတော့ မဟုတ်ဘူး ...”

“ယဲ့လီက ဘယ်ရောက်သွားတာလဲ”

ဆရာကြီးဖူကျိက ခေါင်းခါကာ“အဲဒါတော့ ကျုပ်လည်း မသိဘူး။ သူနဲ့ မရင်းနှီးတော့ကျ သူ့အကြောင်းတွေကို ဟိုဟိုဒီဒီက ကြားဖူးတာ”

***

နှစ်ရက်အကြာတွင် ဆရာကြီးဖူကျိက သင်္ဘောပျံကို ရပ်တန့် လိုက်တော့သည်။

မှုန်ဝါးဝါး မြင်ကွင်းတစ်ခု ပေါ်လာလေ၏။ ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံးတွင် မှုန်ဝါးဝါး မီးခိုးရောင်မြူများ ရောနှောနေသည်။ သို့သော် မိုဝူကျီ အင်မော်တယ်တစ်ပိုင်း နယ်မြေကို ရောက်လာစဉ်မှ စ၍ လုံးဝ အနက်ရောင်မြေကြီး မဟုတ်သည့် မြေပြင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

“ဒါက သေမင်းမိုင်းတွင်းလား” မိုဝူကျီက သူ့ရှေ့မှ မီးခိုးရောင်မြေကို ကြည့်ကာ မေးလိုက်သည်။

“ဟုတ်တယ်။ ဒီနေရာကို စိတ်စွမ်းအားနဲ့ စစ်ဆေး ကြည့်ရင်တောင် ဘာမှ မြင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အကြိမ်များစွာ စစ်ဆေးကြည့်ပြီးရင်တော့ တချို့ အရောင်မဲ့မျှော့တွေကို မြင်လာလိမ့်မယ်။ ဒီကို ကျောက်တုံးနက် လာခိုးကြတဲ့ ကျင့်ကြံသူတွေက အပြင်ဘက် စခန်းချပြီးတော့ ပတ်ဝန်းကျင်ကို အထပ်ထပ် အခါခါ စစ်ဆေးပြီးမှ အထဲဝင်ရဲကြတာ ...” ဆရာကြီးဖူကျိက ရှင်းပြလိုက်သည်။

မိုဝူကျီက စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်သည်။ ဆရာကြီးဖူကျိ ပြောသည့်အတိုင်း တချို့ အရောင်မဲ့ မျှော့များကိုသာ အာရုံခံမိလေသည်။ ထိုအကောင်များမှာ ပုံမှန်မျှော့များနှင့် တူပြီး သူတို့၏ ပျော့စိစိ ခန္ဓာကိုယ်က မြင်ရသည့်သူကို စိတ်မသာမယာ ဖြစ်စေ၏။

ဆရာကြီးဖူကျိက ဆက်ပြောလိုက်သည်။

“စိတ်စွမ်းအားနဲ့ အာရုံခံမိတယ် ဆိုရင်တောင် အဲဒါ လက်ရှိမှာ ရှိနေတဲ့ အားလုံး မဟုတ်သေးဘူး။ ဆက်ပြီးတော့ အာရုံခံကြည့်ရင် ပိုတွေ့လာလိမ့်မယ်။ ဒီလိုလာတဲ့ ကျင့်ကြံသူတွေလည်း သူတို့ခန္ဓာကိုယ်ထဲ အရောင်မဲ့မျှော့တွေ ခဏတိုင်း တွယ်ကပ်ခံရတယ်။ အဲဒါကြောင့် ဘယ်သူမှ အထဲ မဝင်ရဲကြတာ”

မိုဝူကျီက ရှေ့တစ်လှမ်းတိုးကာ ခေါင်းညိတ်ပြလိုက်ပြီး စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်။ ဆရာကြီးဖူကျိနှင့် အတူတကွ အလုပ် လုပ်နိုင်ရန်အတွက် ထပ်ပြီး ဖုံးကွယ်ထား၍ မဖြစ်တော့ပေ။

သူ့ရှေ့တွင် ရှိနေသော မှုန်ဝါးဝါး မြင်ကွင်းမှာ ရုတ်တရက် ရှင်းလင်းသွားပြီး စိတ်စွမ်းအားဖြင့် အာရုံမခံမိလိုက်သည့် အရောင်မဲ့ မျှော့များစွာ ပေါ်လာသည်။

“စိတ် ... စိတ်ဝိညာဉ်မျက်လုံး ...” ဆရာကြီးဖူကျိက အသက်ပြင်းပြင်း ရှူလိုက်ရသည်။ သူက မိုဝူကျီတွင် စိတ်ဝိညာဉ်မျက်လုံး ပိုင်ဆိုင်နေလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့မိပေ။

“ဆရာကြီးဖူကျိ ... စိတ်ဝိညာဉ်မျက်လုံး ဆိုတာက ဘာလဲ” ကျာချီက သိချင်စွာ ထပ်မေးလိုက်သည်။

ထိုစဉ် ဆရာကြီးဖူကျိမှာ မိုဝူကျီက သူ့ကို ယုံကြည်ရသည့်သူ အဖြစ် မှတ်ယူလိုက်မှန်း သိလိုက်သည်။ ထို့ကြောင့်သာ စိတ်ဝိညာဉ်မျက်လုံးကို ထုတ်ဖော်ပြသခြင်း ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် သတိထားစရာ မလိုတော့ချေ။ ထိုသည်က မိုဝူကျီကို အဆင့်တစ်ခုအထိ လေးစားမိသွားသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

“စိတ်ဝိညာဉ်မျက်လုံး ဆိုတာက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ စွမ်းအင် တစ်ခုပဲ။ ပြောရမယ် ဆိုရင်တော့ လူတစ်သန်းမှာ တစ်ယောက်တောင် အဲဒီလိုအစွမ်း ရဖို့ မလွယ်ဘူး။

အဲလို စိတ်ဝိညာဉ်မျက်လုံးမျိုးကို သဘာဝတာအို မျက်လုံးလို့လည်း ခေါ်ကြတယ်။ ဟင်းလင်းပြင်ထဲ ပုန်းကွယ်နေတဲ့ အရာအားလုံးကို မြင်ရတယ်။ အရောင်မဲ့မျှော့တွေက ပတ်ဝန်းကျင်အတိုင်း ရောနှောနေနေပေမဲ့ စိတ်ဝိညာဉ်မျက်လုံး အောက်မှာ မပုန်းနိုင်ကြတော့ဘူး။ ဒါပေမဲ့လည်း စိတ်ဝိညာဉ်မျက်လုံးက အရောင်မဲ့မျှော့တွေကို အာရုံပဲ ခံလို့ရတာ သုတ်သင်မပစ် ...”

ဆရာကြီးဖူကျိက စကားပြောလက်စကို ရပ်လိုက်ရင်း မိုဝူကျီကို မယုံကြည်နိုင်စွာ ထပ်မံ ကြည့်လိုက်သည်။ ထိုစဉ် မိုဝူကျီက အစိမ်းရောင်မီးတောက်ကို တစ်လွှာပြီး တစ်လွှာ ထုတ်လွှင့်လိုက်သည်။ သူ့စိတ်စွမ်းအားက အရောင်မဲ့ မျှော့နည်းနည်းသာ အာရုံခံမိသော်လည်း မီးတောက်နှင့် ထိတွေ့လိုက်သည်နှင့် ပြာအဖြစ် လောင်ကျွမ်းကုန်ကြသည်။

“ဒါက ပညာရှင် နှလုံးသားရဲ့ မီးတောက်ပဲ ...” မိုဝူကျီ၏ မီးတောက်ကို သတိပြုမိသည်မှာ ဆရာကြီးဖူကျိ သာမက လော့ချွမ်းဟယ်နှင့် ကျာချီလည်း သိကြသည်။

စိတ်ဝိညာဉ်မျက်လုံးနှင့် ပညာရှင်နှလုံးသား ပူးပေါင်းမှုကြောင့် သေမင်းမိုင်းတွင်းမှာ မိုဝူကျီအတွက် ပြက်လုံးတစ်ခုသာသာ ဖြစ်နေပေလိမ့်မည်။ ဤနေရာရှိ အရောင်မဲ့မျှော့များမှာ သစ်သားဓာတ်ရှိသည့်ပိုးကောင်များသာ ဖြစ်သည်။ပညာရှင်နှလုံးသားမှာ သားရဲပိုးကောင်များ အတွက် သဘာဝရန်သူ ဖြစ်နေ၏။

ဆရာကြီးဖူကျိက လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တုန်ယင်လာသည့်အထိ စိတ်လှုပ်ရှားနေမိသည်။ သူက ဤအခိုက်အတန့်ကို လော့ချွမ်းဟယ်နှင် ကျာချီတို့ထက် အိပ်မက် မက်လာသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ထိုသို့မျိုး စွမ်းရည်ဖြင့် တိုက်သင်္ဘော ပြီးစီးသွားလျှင် အင်မော်တယ်လျှိုကို ဖြတ်ရန် ဘာကို ကြောက်နေရမည်နည်း။

အင်မော်တယ်တစ်ပိုင်း နယ်ပယ်သို့ ရောက်မလာတာ ကြာပြီဖြစ်သည့် မျှော်လင့်ချက် အလင်းရောင်လေး ရောက်ရှိလာလေပြီ။

မိုဝူကျီ၏ မီးတောက် နယ်ပယ်မှာ တဖြည်းဖြည်း ကြီးမားလာပြီး သူ့စိတ်ဝိညာဉ်မျက်လုံးမှ တစ်ဆင့် သူက အရောင်မဲ့မျှော့များ အားလုံးကို ရှာဖွေလိုက်ပြီး ဗလာနတ္ထိအဖြစ်ပြောင်းလဲပစ်လိုက်သည်။

ဘေးကင်းသွားသည်နှင့် သူက ကျန်လူများကို အချက်ပြလိုက်သည်။ သူတို့ကလည်းသူ ဆိုလိုသည့် အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်လိုက်ကာ မိုဝူကျီ ရှင်းပေးထားသည့် နေရာသို့ ရောက်ရှိလာကြသည်။

“ဆရာကြီးဖူကျိ ... ဒီမှာ ကျုပ်တို့ပဲ မဟုတ်တာကို ခံစားမိတယ်မလား” မိုဝူကျီက လေးလေးနက်နက် ပြောလိုက်သည်။ သူက အစီအရင်အလံ အရိပ်အယောင်ကို သတိပြုမိလိုက်၍ ဤသေမင်းမိုင်းတွင်းတွင် သူတို့ပင် ရှိနေခြင်း မဟုတ်ကြောင်း ညွှန်ပြနေလေ၏။

All Chapters