ကျောက်တုံးနက် အပုံလိုက်
Vol. 31 Ch. 420
“တာအိုရောင်းရင်းမို ပြောတာ မှန်တယ်။ ဒီနေရာမှာ အစီအရင် အရိပ်အယောင်တချို့ ကျန်နေသေးတယ်။ ဒါပေမဲ့ ကျုပ်တော့ အရောင်မဲ့မျှော့တွေကို အစီအရင်နဲ့ တားထားတယ်လို့ မကြားဖူးသေးဘူး။ ဘယ်လိုလူကများ ဒီမှာ အစီအရင် လုပ်ထားတာပါ့လိမ့်” ဆရာကြီးဖူကျိက စဉ်းစားရင်း ပြန်ဖြေလိုက်သည်။
ဆရာကြီး ဖူကျိအတွက် ကျောက်တုံးနက် ရရှိရေးက နောက်တန်းဖြစ်ကာ မပြီးစီးသေးသည့် တိုက်သင်္ဘောကို အပြီးသတ်ရေးက ဦးစားပေး ဖြစ်သည်။
မိုဝူကျီက ခေါင်းခါကာ
“မဟုတ်သေးဘူး။ အဲဒီလူမှာလည်း ကျုပ်လိုမျိုး အင်မတန် အားကောင်းတဲ့ မီးတောက်မျိုး ရှိနေတယ်။ သူက အစီအရင်ကနေတစ်ဆင့် အရောင်မဲ့မျှော့တွေကို မောင်းထုတ်နိုင်လိမ့်မယ်”
မိုဝူကျီ စကားမဆုံးခင် ဆရာကြီးဖူကျိက ဝင်ဖြတ်ပြောလိုက်သည်။
“တာအိုရောင်းရင်းမို ...ခင်ဗျားလည်း အစီအရင်သုံးပြီးတော့ အရောင်မဲ့မျှော့တွေကို တားထားနိုင်လား။ ဒီနေရာကို ကျောက်တုံးနက် ရှာဖို့အပြင် တိုက်သင်္ဘော အပြီးသတ်ဖို့အတွက် သုံးဖို့ ကြံထားတာလား”
အကယ်၍ မိုဝူကျီသာ ထိုသို့ လုပ်ဆောင်ပေးပါက သူ့အတွက် သေမင်း မိုင်းတွင်းနေရာ၌ တိုက်သင်္ဘော အပြီးသတ်ဖို့ရာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာလိမ့်မည်။
“ဟုတ်တယ် အဲဒီလို ရည်ရွယ်ထားတာ။ ဘယ်လိုထင်လဲ” မိုဝူကျီက ဆရာကြီးဖူကျိကို ကြည့်ကာ မေးလိုက်သည်။
ဆရာကြီးဖူကျိ စိတ်ထဲတွင် မိုဝူကျီ အတွေးများကို ချက်ချင်း နားလည်သွားသည်။ အကယ်၍ မိုဝူကျီက သေမင်းမိုင်းတွင်းနေရာ၌ ထိုသို့မျိုး အစီအရင် ချထားမည်ဆိုလျှင် သူက စိတ်အေးလက်အေး တိုက်သင်္ဘော အပြီးသတ်နိုင်သလို နောက်တစ်ချက်က သူ့အား ထွက်မသွားစေရန် ကာကွယ်ထားခြင်းလည်း ဖြစ်ပေသည်။ တိုက်သင်္ဘော ပြီးဆုံးသွားသည့် နောက်တွင်ပင် သူက မိုဝူကျီ၏ ခွင့်ပြုချက် မရှိဘဲ ဤသေမင်းမိုင်းတွင်းမှ ထွက်သွားနိုင်မည် မဟုတ်ပေ။
ဆရာကြီးဖူကျိက မိုဝူကျီကို တစ်ချက် ကြည့်လိုက်သည်။ သူက မိုဝူကျီ တစ်ခုခု မှားလုပ်မိသည်ဟု မတွေးမိပေ။ သူသာ မိုဝူကျီ နေရာ ဆိုလျှင်လည်း ထိုသို့လုပ်မိမည် ဖြစ်သည်။ အကယ်၍ မိုဝူကျီက သူ့ဆီမှ စကားလေးနည်းနည်း ကြားပြီး သူ့လက်ထဲ တိုက်သင်္ဘော ထည့်ပေးလိုက်သည်က သူ့အတွက် ပို၍ မသက်မသာ ခံစားရစေသည်။
သူက သခင်ပုဆိန်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပြီး စိတ်စွမ်းအင် ကျောက်ချောများ လဲလှယ်နိုင်လာသည်မှာ အံ့ဩစရာ မရှိတော့ပေ။ မသိရသည့် တစ်ခုတည်းသော အရာမှာ သူ ရရှိလာသည့် ကျောက်ချော အရေအတွက် ဖြစ်သည်။ ထောင်ဂဏန်းများ ရှိနေမလား။ ထိုသို့ဆိုလျှင် တာအိုရောင်းရင်းမိုက သူထင်ထားထက် များစွာ ပိုအားကောင်းပေသည်။
မိုဝူကျီက ထိုသို့ လုပ်ဆောင်လိုက်ခြင်းမှာ ဆရာကြီးဖူကျိ လုပ်ဆောင်ရာ၌ တခြားသူများ မနှောင့်ယှက်နိုင်စေရန် ဖြစ်သည်။ သို့သော် ဆရာကြီးဖူကျိက အဓိပ္ပာယ်မှန်မှန် ကောက်နိုင်လျှင် သူလည်း ဆရာကြီးဖူကျိကို သတိထားရဦးမည် ဖြစ်သည်။
သေမင်းမိုင်းတွင်း အတွင်း ကာကွယ်ရေး အစီအရင်ကို အသက်သွင်းပြီးသည်နှင့် ဆရာကြီးဖူကျိက တိုက်သင်္ဘောကို စိတ်အေးလက်ဆေး အပြီးသတ်နိုင်လိမ့်မည် ဖြစ်ကာ သူ့ခွင့်ပြုချက် မရှိဘဲ ထွက်သွား၍လည်း မရတော့ချေ။
ဤနေရာမှာ အရောင်မဲ့မျှော့များ ကျက်စားရာ နေရာဖြစ်သည့်အတွက် သင်္ဘောပျံဖြင့် သွားမည်ဆိုလျှင်ပင် အရောင်မဲ့မျှော့များပါ လိုက်ပါနိုင်ဦးမည် ဖြစ်သည်။
“ဒီနေရာက နေရာကောင်းတစ်ခုပဲ” ဆရာကြီးဖူကျိက မိုဝူကျီ အကြံကို တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။
“ညီလေးမို ပြောတဲ့ အစီအရင် လုပ်သွားတယ်ဆိုတဲ့ တစ်ယောက်ကရော အနီးအနားမှာပဲလား။ အဲဒီလူက ဒီကို ကျင့်ကြံဖို့ ရောက်နေတာလား ဒါမှမဟုတ် ပုန်းကွယ်ဖို့ ရောက်နေတာများလား” လော့ချွမ်းဟယ်က မေးလိုက်သည်။
တစ်ဖက်လူက ကျောက်တုံးနက် တူးယူရာအတွက် ရောက်ရှိနေသည်ဆိုလျှင် ထိုသူက ကာကွယ်ရေးအတွက် မီးတောက်ကိုသာ အသုံးပြုရုံမျှသာ လိုအပ်ပြီး ကာကွယ်ရေး အစီအရင်များကိုတော့ ချထားနေမည် မဟုတ်လောက်ချေ။
“မဟုတ်ဘူး။ ကျုပ်သာ မမှားရင် သူလည်း ကျောက်တုံးနက် တူးဖို့ ရောက်နေတာ နေမှာ။ ပြီးတော့ သူ့စိတ်စွမ်းအားက မြေအောက် ဆယ်မီတာအထိ ရောက်နိုင်ပုံ ရတယ်။ သူ ဒီနေရာမှာ အစီအရင် ထားထားတာက ဒီနေရာမှာ ကျောက်တုံးနက် အပုံလိုက် ရှိနေလို့ပဲ” မိုဝူကျီ၏ စိတ်စွမ်းအားက လတ်လတ်ဆတ်ဆတ် တူးထားသော မြေကြီးကို ခံစားမိသည်။ ထိုမြေနက်က မည်မျှပင် အသားကျသွားစေကာမူ ကျောက်တုံးနက် တူးယူထားသည့် အရိပ်အယောင် တချို့တော့ ကျန်ရှိနေသေးသည်။ ထိုလူ အစီအရင် ချထားခြင်း အကြောင်းအရင်းမှာ ကျောက်တုံးနက် များစွာ ရှိနေသောကြောင့်သာ ဖြစ်သည်။
ကျာချီလည်းမိုဝူကျီ ဆိုလိုရင်းကို နားလည်သွား၏။ ဆရာကြီးဖူကျိ၏ သဘောထား မတိုက်ဆိုင်သောကြောင့်သာ သူမက ဘာမှမပြောခြင်း ဖြစ်သည်။
“တာအိုရောင်းရင်းမို … ကျုပ် တိုက်သင်္ဘောကို ပြင်နေတဲ့အချိန် အနှောင့်ယှက်ခံရလို့ မဖြစ်ဘူး။ တစ်ယောက်ယောက်က ဒီမှာ ရှိနေပြီးသားဆိုတော့ ကျုပ် လုပ်နေတာတွေ အပေါ် သက်ရောက်မှု ရှိလားရင်ရော ...” ဆရာကြီးဖူကျိ အသံတွင် စိုးရိမ်မှု တချို့ ပါဝင်နေသည်။
မိုဝူကျီက ပြုံးရင်း ပြန်ပြောလိုက်သည်“ပြဿနာ မရှိပါဘူး။ ကျုပ်တို့ကလွဲပြီး ကျန်တဲ့သူ ရောက်မလာအောင် အာမခံပါတယ်။ ကျုပ် ကာကွယ်ရေး အစီအရင်က အဲဒီလောက် အလွယ်လေး ချိုးဖျက်နိုင်နေရင် ဒီကိုလာဖို့ တွေးမိမှာတောင် မဟုတ်ဘူး”
ဆရာကြီးဖူကျိက မိုဝူကျီ စကားများကို ကြားသောအခါ စိတ်အေးသွားလေ၏။
အပေါ်ယံတွင် မိုဝူကျီ၏ တိုက်သင်္ဘောမှာ မှော်ရတနာ တစ်ခု မဟုတ်သော်ငြား ထိုသို့မျိုး တိုက်သင်္ဘောကို အပြီးသတ်ဖို့ရာက အင်မတန် ခက်ခဲသည့်စိန်ခေါ်မှု တစ်ခု ဖြစ်ပေသည်။ အစိတ်အပိုင်း တစ်ခုချင်းစီမှာ ဖြတ်တောက်ရတာ ခက်ခဲသလို အရည်ပျော်ဖို့လည်း ခက်ပေသည်။ သင်္ကေတ တစ်ခုချင်းစီ’ အကွေးအကောက်မှာလည်း အလွန်တိကျရသည်။ အမှားအယွင်း သေးသေးလေး တစ်ခုက တိုက်သင်္ဘော၏ ခုခံစွမ်းကို လျော့ကျ သွားစေနိုင်သည်။ မဟုတ်လျှင် ဝူယုက အထူးချွန်ဆုံး ပန်းပဲဆရာများကို အဘယ်ကြောင့် လိုက်လံ စုစည်းခဲ့မည်နည်း။
“တာအိုရောင်းရင်းမို ... ကျမတို့တွေ ဘယ်နေရာ စခန်းချကြမလဲ ...”ကျာချီက မိုဝူကျီ ရပ်တန့်မည့် ရည်ရွယ်ချက် မရှိသည်ကို တွေ့၍ ထုတ်မမေးဘဲ မနေနိုင်တော့ချေ။ ထိုစဉ် သူတို့အားလုံးမှာ ဆရာကြီးဖူကျိကဲ့သို့ ဖြစ်ပြီး သေမင်းမိုင်းတွင်းကို မိုဝူကျီနောက်မှ လိုက်လာကြရုံသာ ဖြစ်ကြသည်။ ဖြစ်ပျက်လာသည့် ကိစ္စများက သူတို့ လက်လှမ်းမမီသည့် ကိစ္စများ ဖြစ်နေသည်။
“အလောကြီးစရာ မလိုပါဘူး။ ကျုပ် ကျောက်တုံးနက် ရှာတွေ့တဲ့အထိ စောင့်ပါဦး” မိုဝူကျီက ပြန်ဖြေလိုက်သည်။
သေမင်းမိုင်းတွင်းသို့ မဝင်ခင် မိုဝူကျီက သူ့စိတ်စွမ်းအားဖြင့် ကျောက်တုံးနက်အနည်းဆုံး ရာဂဏန်း တွေ့ထားလေသည်။ အများဆုံး အစုလိုက်မှာ ဆယ်ဂဏန်းလောက်သာ ဖြစ်နေသောကြောင့် မိုဝူကျီက မလှုပ်ရှားခြင်း ဖြစ်သည်။ ဤနေရာသို့ လာရသည့် နံပါတ်တစ် ဦးစားပေးမှာ တိုက်သင်္ဘောကို အပြီးသတ်ရန် ဖြစ်ကာ ဒုတိယဦးစားပေးမှာမူ ကျင့်ကြံရန် ဖြစ်သည်။ ကျောက်တုံးနက် တူးယူခြင်း ကိစ္စမှာ တတိယဦးစားပေး ဖြစ်သည်။ ထို့အပြင် ဤနေရာမှာ အပြင်ဘက်နှင့် အလွန် နီးကပ်နေသည့်အတွက် အတွင်းပိုင်းသို့ ထပ်ဝင်ခြင်းက ပိုကောင်းလိမ့်မည်။
ကျာချီက မိုင်းတွင်းနေရာတွင် လူတစ်ယောက်က ကျောက်တုံးနက် ရာနှင့်ချီ တွေ့သွားသည်ဟု ပြောဖူးထားသည့်အတွက် သေမင်းမိုင်းတွင်းတွင်လည်း ထိုသို့ ရှိပေလိမ့်မည်။ မိုဝူကျီ၏ အမြင်အရ ကျောက်တုံးနက်တွင်းများကို မိုင်းတွင်းဟု ခေါ်ဆိုကြသည့်အတွက် သေးသေးမွှားမွှား အစုအပြုံလေးမှာ အရေးမပါပေ။ တကယ့်မိုင်းတွင်းမှာ အရေအတွက်များများ ရှိလိမ့်မည် ဖြစ်ပြီး ကျောက်တုံးနက် ထောင်ချီ ရှိနေသည်ကိုပင် တကယ့်မိုင်းတွင်း အစစ်ဟု ယူဆ၍ မရသေးပေ။
သူတို့အတွင်းပိုင်း ရောက်လေလေ အရောင်မဲ့မျှော့များက ပိုမို များပြားလာလေလေ ဖြစ်သည်။ အားလုံးကို မိုဝူကျီ၏ ပညာရှင်နှလုံးသား မီးတောက်မှ ကာကွယ်ပေးထားကာ အရောင်မဲ့မျှော့များတဖြုတ်ဖြုတ်လောင်ကျွမ်းသွားသံကိုပင် ကြားနေရသည်။
တစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် ဆရာကြီးဖူကျိက စတင် စိုးရိမ်လာမိသည်။ လူတစ်ယောက်တွင် သဘာဝစွမ်းအားနှင့် စိတ်စွမ်းအားမှာ အကန့်အသတ် ရှိလေသည်။ မိုဝူကျီက မည်မျှ အားကောင်းစေကာမူ ထိုသို့ကြီးမားသည့် မီးတောက်ကို ထုတ်လွှင့်ဖို့ရာအတွက် သုံးထားရသည့် စွမ်းအားမှာ နည်းလှမည် မဟုတ်ပေ။ ပညာရှင်နှလုံးသား မီးတောက် အလွှာတွင် အက်ကွဲကြောင်း အသေးလေးဖြစ်လာပြီး အရောင်မဲ့မျှော့များ ဝင်လာလျှင် သူတို့အတွက် ပြီးဆုံးသွားလိမ့်မည်။
ဆရာကြီးဖူကျိက သတိပေးခါနီးတွင် မိုဝူကျီက ရုတ်တရက် ရပ်လိုက်သည်။
“တာအိုရောင်းရင်းမို ဘာဖြစ်လို့လဲ” စိတ်ပူနေသည့် ဆရာကြီးဖူကျိက မေးလိုက်သည်။
သို့သော်လည်း မိုဝူကျီက ချက်ချင်း ပြန်မဖြေသေးဘဲ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို မြေအောက်ထဲ ပို့လွှတ်လိုက်သည်။ သေမင်းမိုင်းတွင်း အပြင်ဘက်၏ မြေအနေအထားနှင့် ဤနေရာရှိ မီးခိုးရောင် မြေအနေအထားမှာ နည်းနည်း ကွဲပြားနေသည်။ အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်လောက် ကြာချိန်တွင် မိုဝူကျီက ခေါင်းမော့ကာ အဖွဲ့အား ပြောလိုက်သည်။
“ကျုပ် ဒီနေရာမှာ ကျောက်တုံးနက် အများကြီး တွေ့ပြီထင်တယ်။ တစ်ထောင် ကျော်လောက် ရှိမယ် ...”
“အာ” မိုဝူကျီ စကားများကို ကြားပြီး ဆရာကြီးဖူကျိပင် ပါးစပ် ဟောင်းလောင်းဖြင့် ငေးကြည့် နေမိသွားသည်။
ဆရာကြီးဖူကျိက အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် အတွေ့အကြုံ အများဆုံး ဖြစ်သည့်အတွက် ကျောက်တုံးနက် ထောင်ကျော် ရှာတွေ့သည့် အဓိပ္ပာယ်ကို သေချာသိ၏။
“တာအိုရောင်းရင်းမို သေချာရဲ့လား” ကျာချီက သူမကြားလိုက်တာကို မယုံနိုင်ပေ။ သူမက ကျောက်တုံးနက် ရာကျော်တွေ့သည်ကို ကြားဖူးသော်လည်း ထောင်ချီတွေ့သည် ကိစ္စမှာ ရှားပါးလှပေသည်။
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး
“သေချာတယ် ... တစ်ထောင်က ခန့်မှန်းခြေပဲ ရှိသေးတာ။ ကျုပ်လည်း အနက်ပိုင်းကျ အာရုံမခံမိတော့လို့”
ထိုအရာမှာ လိမ်ညာနေခြင်း မဟုတ်ပေ။ သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားများကို တွေ့လိုက်သည်မှာ မြေအောက် မီတာ ၂၀ ရောက်ရှိနေပြီ ဖြစ်သည်။ ကြည့်ရသည်မှာ အစပိုင်းလေး ဖြစ်ဟန် တူနေ၍ မိုဝူကျီက အောက်ထဲတွင် ကျောက်တုံးနက်များ ထပ်ရှိနေမလားဟု တွေးမိနေခြင်း ဖြစ်သည်။ ထင်ကြေးသာလျှင် ဖြစ်ပေသည်။
“ဘယ်လောက်နက်လဲ” ဆရာကြီးဖူကျိက ဝင်မေးလိုက်သည်။
“မီတာ ၂၀ လောက်”
“...”
သုံးယောက်သား မိုဝူကျီ စကားများ ကြားပြီးနောက် အချင်းချင်း နားမလည်စွာ ကြည့်လိုက် ကြတော့သည်။
မိုဝူကျီက မြေအောက် ၁၅ မီတာအထိ ရှာနိုင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ အဲဆို မီတာ ၂၀ အထိ အာရုံခံနိုင်တာက ဘယ်လိုများလဲ။
“တာအိုရောင်းရင်းမို တကယ်ကြီး မီတာ ၂၀ အောက်လား။ ခင်ဗျားက ၁၅ မီတာအထိပဲ အာရုံခံနိုင်တာ မဟုတ်ဘူးလား” ဆရာကြီးဖူကျိက အလောတကြီး ဝင်မေးလိုက်သည်။ သူက ထိုကျောက်တုံးနက်များမှာ ဘယ်အတွက် သုံးကြောင်း သတင်းများ ကြားမိသည်။ အကယ်၍ သူတို့က အင်မော်တယ်လျှိုကို ဖြတ်ပြီး အင်မော်တယ်နယ်မြေသို့ သွားကြမည်ဆိုလျှင် ကျောက်တုံးနက်များ တတ်နိုင်သလောက် များများ ရှိဖို့ရာ လိုအပ်လိမ့်မည်။
“ဟုတ်တယ် ကျုပ်က မြေအောက် မီတာ၂၀ အထိပဲ အာရုံခံမိလို့ ကျောက်တုံးနက် အရေအတွက်ကို အတိအကျ မပြောနိုင်တာပဲ။ အနည်းဆုံးတော့ တစ်ထောင်ကျော်တယ်။ အားလုံး ...ကျုပ် ဒီနေရာမှာ ကာကွယ်ရေး အစီအရင် ချပေးမယ်။ အစ်ကိုလော့နဲ့ တာအိုရောင်းရင်းကျာချီက ကျုပ် မှတ်ထားပေးတဲ့ နေရာကို တူးပေးပါ။
ကျုပ် အစီအရင် လုပ်ပြီးတာနဲ့ ကျုပ် တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ်။ ခင်ဗျားတို့ နှစ်ယောက်က ကျောက်တုံးနက် အတွက် တာဝန်ယူပြီးတော့ ဆရာကြီးဖူကျိက တိုက်သင်္ဘော အပြီးသတ်ပေးလို့ ဖြစ်တယ်မလား” မိုဝူကျီက ယုံကြည်ချက် ရှိစွာ မေးလိုက်သည်။
“ရတာပေါ့” ဆရာကြီးဖူကျိက ရွှင်ပျစွာ ပြန်ဖြေလိုက်သည်။
“ကျုပ်တို့လည်း အဆင်ပြေတယ်” လော့ချွမ်းဟယ်နှင့် ကျာချီတို့လည်း ပြိုင်တူ ဖြေလိုက်လေ၏။
မိုဝူကျီက ကျင့်ကြံဆင့်အနိမ့်ဆုံး ဖြစ်နေပြီး အသုံးဝင်ဆုံး ဖြစ်နေသောကြောင့် သူ့အတွက် တံခါးပိတ် ကျင့်ကြံဖို့ရာက ပုံမှန်ဖြစ်သည်။
မိုဝူကျီက ခေါင်းညိတ်ကာ“အဲဒါဆို ကျောက်တုံးနက် ခွဲတမ်းကို ဆွေးနွေးကြတာပေါ့”
“ကျုပ်က ဆယ်ရာခိုင်နှုန်းဆို ရပြီ” လော့ချွမ်းဟယ်က အရင်ဦးစွာ တုံ့ပြန်လိုက်သူ ဖြစ်သည်။ သူက မိုဝူကျီကို အခက်အခဲ မဖြစ်လိုသောကြောင့် တဲ့တိုး ပြောလိုက်ခြင်း ဖြစ်သည်။ သူ့အတွက် ဆယ်ရာခိုင်နှုန်း တောင်းထားပြီ ဖြစ်၍ ဆရာကြီးဖူကျိမှာ ထို့ထက် ပိုတိုးတောင်း၍ မရတော့ပေ။
ကျာချီလည်း ဝင်ပြောလိုက်သည်“ဒီတစ်ခါ တာအိုရောင်းရင်းမိုက အကျိုးပြုဆုံးလေ။ ပြီးတော့ ကျမတို့တွေ အင်မော်တယ်လျှိုကို ဖြတ်တဲ့အချိန်ကျ တိုက်သင်္ဘောလည်း ရှိနေသေးတယ်ဆိုတော့ ကျမအတွက် ဆယ်ရာခိုင်နှုန်းက လုံလောက်ပါတယ်”
ကျာချီ၏ မူလဝေစုမှာ နှစ်ဆယ်ရာခိုင်နှုန်း ဖြစ်သော်လည်း ယခုအခါ သူတို့လုပ်ငန်း တာဝန်မှာ ကျောက်တုံးနက် တူးရုံသာဖြစ်ပြီး ဆရာကြီးဖူကျိနှင့် မိုဝူကျီတို့က အဓိက ဦးဆောင်ပေးသူများ ဖြစ်ကြသည်။
လော့ချွမ်းဟယ်နှင့် ကျာချီတို့က ယခု သူတို့အနေအထား သိသည်ကို မြင်ပြီးနောက် ဆရာကြီးဖူကျိက မြန်မြန် ဝင်ပြောလိုက်သည်။
“အားလုံး အလုပ်လုပ်တွဲလုပ်ဖို့ အခွင့်အရေး ရလာတဲ့အတွက်ကျုပ်တို့တွေ အရင်ဆုံး ကျေးဇူးတင်ရမဲ့သူက တာအိုရောင်းရင်းမိုပါ။ သူက ကိုးဆယ် ရာခိုင်နှုန်းလောက် လုပ်ပေးသွားတာလေ။
ပြီးတော့ အဖွဲ့တစ်ခုအနေနဲ့ ကျုပ်တို့မှာ ခေါင်းဆောင် ရှိရမယ်။ တာအိုရောင်းရင်းမိုက အဲဒီအတွက် အသင့်တော်ဆုံးပဲ။ ကျုပ်လည်း ကျောက်တုံးနက် ဆယ်ရာခိုင်နှုန်းပဲကို ယူမယ်။ အဲဒါဆိုတာအိုရောင်းရင်းမိုက ၇၀ ရာခိုင်နှုန်း ရလိမ့်မယ်”
***