တိုက်သင်္ဘောကို ပြန်လည် ပြင်ဆင်ခြင်း
Vol. 31 Ch. 421
မိုဝူကျီက တစ်ယောက်ချင်းစီကို ၁၅ ရာခိုင်နှုန်း ပေးဖို့ရာ ရည်ရွယ်ထားသော်လည်း ထိုသို့ဆိုလျှင် ကျာချီ၏ ဝေစုက လျော့နည်းသွားလိမ့်မည်။ သူတို့က ဆယ်ရာခိုင်နှုန်းစီသာ အလိုရှိသည့်အတွက် ကျန်ရာခိုင်နှုန်းများကို မိုဝူကျီက ဝမ်းသာစွာ လက်ခံလိုက်မည် ဖြစ်သည်။ ယခုအချိန်အထိ သူက အမှန်ပင် အဓိကနေရာမှ ပါဝင်ခဲ့ရပြီး ဤနေရာသို့ ရောက်မလာခင် အရောင်မဲ့မျှော့များကို တားဆီးခြင်း သို့မဟုတ် ကျောက်တုံးနက်များကို ရှာဖွေခြင်းများ ပြုလုပ်ခဲ့ရသည်။ သူ မပါလျှင် အဖွဲ့မှာ ဘာမှ ရရှိလာမည် မဟုတ်ပေ။
ကျင့်ကြံခြင်း လောကတွင် စွမ်းဆောင်ရည်နှင့် ဆုလာဘ်က ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ဆရာကြီးဖူကျိ၏ အကူအညီဖြင့် မိုဝူကျီ အစီအရင် ပြင်ဆင်ခြင်းမှာ မြန်ဆန်လာပေသည်။ သူ လိုအပ်နေသည့် အစီအရင် အလံများအတွက် ဆရာကြီးဖူကျိကို အကူအညီ တောင်းနိုင်သည်။
ဆရာကြီးဖူကျိက ဤနေရာတွင် အကောင်းဆုံး ပန်းပဲပညာရှင်ထဲမှ တစ်ယောက်ဟု ယူဆ၍ ရပေသည်။ သူက အစီအရင်အလံများ ပြုလုပ်ဖို့သာ ကူညီပေးနေသောကြောင့် သူ ထုတ်ပေးလိုက်သည့် အစီအရင်အလံများကို အသုံးပြုရာ၌ အခက်အခဲ မရှိချေ။
ခြောက်ရက်အတွင်း မိုဝူကျီက မီတာ နှစ်ထောင် ပတ်လည် ကျယ်ဝန်းသည့် အကာအကွယ်ကို ပြီးစီးသွားလေပြီ။ ဆရာကြီးဖူကျိက အစီအရင်တာအိုကို နားလည်သောကြောင့် မိုဝူကျီ၏ လုပ်ဆောင်မှုကြောင့် အမှန်ပင် အံ့အားသင့်မိသွားသည်။ သူက မိုဝူကျီမှာ အစီအရင်အကြောင်း ကောင်းကောင်း နားလည်နေပြီး ပညာရှင်နှလုံးသား မီးတောက်နှင့်ပါ တွဲသုံးနိုင်လိမ့်မည်ဟု မတွေးကြည့်ဖူးပေ။ ဤနေရာတွင် ထောင်ချောက်များနှင့် သတ်ဖြတ်ရေး အစီအရင် များစွာလည်း ပါဝင်ပေ၏။ အရောင်မဲ့မျှော့များကိုသာ တားဆီးထားနိုင်ရုံသာမက တခြား ကျင့်ကြံသူများကိုလည်း တားဆီးပေးထားသည်။ မိုဝူကျီက ထိုသို့မျိုး အစီအရင်ကို ခြောက်ရက်တည်းဖြင့် ပြီးစီးခဲ့လေသည်။
ပန်းပဲပညာရှင် တစ်ယောက်အနေနှင့် ဆရာကြီးဖူကျိက အစီအရင်တာအိုကိုပါ နားလည်နေသော်လည်း မိုဝူကျီ၏ လုပ်ဆောင်ချက်ကို တွေ့ပြီးနောက်တွင် သူက များစွာ လိုအပ်နေသေးကြောင်း ခံစားမိသွားသည်။
ကာကွယ်ရေး အစီအရင် တပ်ဆင်ပြီးနောက် မိုဝူကျီ ပထမဆုံး လုပ်ဆောင်သည့်အရာမှာ တိုက်သင်္ဘော ထုတ်ယူခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှင့်နေသည့် တိုက်သင်္ဘောကို မြင်ပြီးနောက် ဆရာကြီးဖူကျိက ရှေ့ရောက်သွားပြီး အပြင်ပိုင်းကို ကြင်နာစွာ ပွတ်သပ်နေလေသည်။ သူ့မျက်နှာတွင် မြတ်နိုးမှုနှင့် ပျော်ရွင်မှု အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။
မိုဝူကျီက ဘာမှ မပြောတော့ဘဲ ဆရာကြီးဖူကျိကို ဘေးမှ စောင့်နေလိုက်သည်။
ဆရာကြီးဖူကျိက တိုက်သင်္ဘောပတ်လည်ကို လိုက်လံ ထိကိုင်ပြီးနောက်
“တိုက်သင်္ဘောရဲ့ အဓိက အရေးကြီးဆုံး အပိုင်းတွေက ပြီးသွားပြီဆိုတော့ ပိုအဆင်ပြေသွားပြီ။ မဟုတ်ရင် ကျုပ်ကို နှစ်ပေါင်းတစ်သောင်း အချိန်ပေးရင်တောင် တစ်ယောက်တည်း အပြီးသတ်ဖို့ မဖြစ်နိုင်ဘူး” မိုဝူကျီက တိုက်သင်္ဘောတွင် နည်းပညာအချို့ ပါဝင်မှန်း သိသော်လည်း သူ့အမြင်အရ ဆရာကြီးဖူကျိမှာ နည်းပညာဖွံ့ဖြိုးသည့် ဂြိုဟ်မှ ရောက်လာခြင်း မဖြစ်နိုင်ပေ။
“ဆရာကြီးဖူကျိ ... ဒီတိုက်သင်္ဘောရဲ့ အစိတ်အပိုင်း အများစုကို နတ်ဘုရားရွှေနေကြာ သတ္တုက လုပ်ထားတဲ့ပုံပဲ။ ဘယ်နေရာကများ အဲဒီလောက် များများ ရလာနိုင်တာလဲ” သူက တိုက်သင်္ဘော ရလာကတည်းမှ ထိုမေးခွန်း၏ အဖြေကို သိချင်နေမိသည်။ မိုဝူကျီ၏ ကျင့်ကြံဆင့် မြင့်လာလေလေ နတ်ဘုရား ရွှေနေကြာ သတ္တု၏ တန်ဖိုးကို ပိုမိုသိလာလေလေ ဖြစ်သည်။
ဆရာကြီးဖူကျိက သက်ပြင်းချကာ
“အဲဒါက တာအိုသခင်ဝူကြောင့်ပဲ။ သူ ဘယ်နေရာက များများ ရလာတာလဲတော့ မသိဘူး။ ဒါပေမဲ့ ဒီတိုက်သင်္ဘောမှာ နတ်ဘုရားရွှေနေကြာထက် အဆင့်မြင့်တဲ့ သတ္တုအမျိုးအစားလည်း ပါတယ်။ ပမဏတော့ အတော်လေး နည်းတယ် ဆိုပေမဲ့...”
မိုဝူကျီက ခေါင်းညိတ်ပြရင်း တုံ့ပြန်လိုက်သည်။
“ပြီးတော့ နတ်ဘုရားရွှေနေကြာက သာမန်ကျင့်ကြံခြင်းလောကက အရာဆိုတော့ အင်မော်တယ် လောကမှာတော့ အဖိုးမတန်လောက်ဘူး မလား”
သို့သော်လည်း ဆရာကြီးဖူကျိက ချက်ချင်း အဖြေ ပြန်ပေးလိုက်လေ၏။
“ခင်ဗျားမှားနေပြီ။ ကျင့်ကြံခြင်းလောကမှာ ဘာမှကောင်းတာ မရှိဘူးလို့ ထင်နေတယ်မလား။ တစ်ခု ပြောပြမယ်ဗျာ... ကျင့်ကြံခြင်း လောကထဲမှာ ရှိနေတဲ့ အရာများစွာက အင်မော်တယ်လောကမှာ ရှိတာတွေထက် ပိုအဖိုးတန်တယ်။ ပြီးတော့ ဒီနတ်ဘုရားရွှေနေကြာက အဲထဲက တစ်ခုပဲ။ အင်မော်တယ် လောကမှာတောင် နတ်ဘုရားရွှေနေကြာကို အဖိုးတန်အဖြစ် သတ်မှတ်ထားတာ။ ပြီးတော့ နတ်ဘုရားရွှေနေကြာ အများစုက အင်မော်တယ်လောက ကနေ ကျရောက်လာကြတာ ...”
ဆရာကြီးဖူကျိ စကားများကို ကြားသောအခါ မိုဝူကျီက အံ့အားသင့်သွားပြီး
“ဆရာကြီးဖူကျိ ... ကျုပ်ဆီမှာ နတ်ဘုရားရွှေနေကြာ တစ်ခု ရှိတယ်။ တိုက်သင်္ဘော ပြီးသွားရင်ကျုပ်ကို ယာဉ်ပျံ တစ်စင်း လုပ်ပေးလို့ ရမလား”
သူက ပြောလိုက်ရင်း သူ့ပိုင်ဆိုင်မှုထဲမှ နတ်ဘုရားရွှေနေကြာ အစိတ်အပိုင်းကို ထုတ်ယူလိုက်သည်။
“ပစ္စည်းကောင်းပဲ” ဆရာကြီးဖူကျိက မိုဝူကျီ၏ နတ်ဘုရား ရွှေနေကြာကို ကြည့်ကာ ချီးမွမ်းလိုက်သည်။
“တာအိုရောင်းရင်းမို ... ဒီနတ်ဘုရားရွှေနေကြာရဲ့ အရှားပါးဆုံးအရာက ပြီးပြည့်စုံမှုပဲ။ ဒီလို နတ်ဘုရား ရွှေနေကြာမျိုးက အင်မော်တယ် လောကမှာတောင် ရဖို့ ခက်လိမ့်မယ်”
မိုဝူကျီက ကျေနပ်သွားကာ ဆက်ပြောလိုက်သည်“အဲဒါဆို ဆရာကြီးဖူကျိကိုပဲ အားကိုးပါတယ်”
သူ ကျန်းရှင်းသို့ ရောက်လာ ကတည်းမှ သူ့ကိုယ်ပိုင်ပျံသန်းရေး ရတနာ မရှိဖူးသေးပေ။ သူ့ဆီမှာ ရှိသမျှ အရာအားလုံးမှာ တိုက်ပွဲမှ ရလာခြင်းသာ ဖြစ်ပြီး ထိုအထဲ၌ သင့်တော်သည့် ယာဉ်များ ရှိသော်လည်း သူက ကိုယ်ပိုင် တစ်စင်းလောက် အလိုရှိလေသည်။ နတ်ဘုရား ရွှေနေကြာမှာ စကြဝဠာ ဖြတ်သန်း သွားလာနိုင်သည်ဟု ကြားထားဖူးသည့်အတွက် တစ်ရက်ကျ သူ့ကမ္ဘာမြေကို ကိုယ်ပိုင်ယာဉ်ပျံဖြင့်ပြန်ရောက် သွားနိုင်မလား ဆိုတာ မည်သူ သိမည်နည်း။
“ပြဿနာ မရှိဘူး ရပါတယ် ... တာအိုရောင်းရင်းမိုက ဘယ်လိုပုံစံများ လိုချင်တာလဲ” ဆရာကြီးဖူကျိက ပြန်ဖြေလိုက်သည်။
မိုဝူကျီက လက်တစ်ချက် ဝေ့ကာ ယာဉ်ပျံကို ထုတ်ပြလိုက်ပြီး
“ဆရာကြီးဖူကျိ ဒီပုံစံအတိုင်း လုပ်ပေးပါဗျာ ...” မိုဝူကျီ၏ ယာဉ်ပျံ ပုံစံကို မြင်ပြီးနောက် ဆရာကြီးဖူကျိက အနည်းငယ် အံ့ဩမိသွားသည်။ ထိုယာဉ်ပျံမှာ အဆင့်နိမ့်ဖြစ်ကာ ဟောင်းနွမ်းနေပြီ ဖြစ်သည်။
“တာအိုရောင်းရင်းမို ... တကယ်လို့ အာကာသကို ဖြတ်ပြီးသွားလာနိုင်ဖို့ ဆိုရင်တော့ တိုက်သင်္ဘောပုံစံကိုပဲ ကျုပ်တော့ ထောက်ခံတယ်။ ဒီယာဉ်ပျံ ပုံစံက သက်သောင့်သက်သာ ရှိပြီး အဆင်ပြေတယ်ဆိုပေမဲ့ အာကာသနဲ့ကျ လိုက်လျောညီထွေ ဖြစ်မှာ မဟုတ်ဘူး” ဆရာကြီးဖူကျိက နတ်ဘုရားရွှေနေကြာကို ထိုသို့မျိုး မဖြုန်းတီးပစ်ချင်သည့်အတွက် ပြောပြလိုက်ခြင်း ဖြစ်သည်။
မိုဝူကျီက ခေါင်းခါပြကာ “ဆရာကြီးဖူကျိ ဒီယာဉ်ပျံပုံအတိုင်းပဲ လုပ်ပေးပါ။ ကျန်တာ ကျုပ် ကြည့်လုပ်လိုက်ပါ့မယ်”
အာကာသထဲ နှစ်များစွာ ကုန်ဆုံးလာသည့်သူအတွက်ဆရာကြီးဖူကျိ စကားများက အဓိပ္ပာယ်ရှိကြောင်း မိုဝူကျီက မည်သို့ မသိဘဲ နေမည်နည်း။ သို့သော် သူက စိတ်ထဲ မထားပေ။ အကြောင်းမှာ အာကာသထဲ ပျံသန်းဖို့ရာ ယာဉ်ပျံကို အထောက်အကူ အစီအရင်များ တပ်ဆင်လိုက်ရုံ ဖြစ်သည်။
ထိုယာဉ်ပျံမှာ ချိန်စုယင်ဆီက ရရှိထားခြင်း ဖြစ်သည်။ ယခု ချိန်စုယင်က သူနှင့် အတူတူ မရှိနေတော့သည့်အတွက် သူမနှင့် အမှတ်တရများမှ တစ်ဆင့် ယာဉ်ပျံကို ပုံတူပွားကာ အတူတူ လိုက်လုပ်ခြင်း ဖြစ်သည်။
“တာအိုရောင်းရင်းမိုက သေချာနေမှတော့ ကျုပ် ခင်ဗျားအတွက် ပြီးပြည့်စုံတဲ့ ယာဉ်ပျံကို လုပ်ပေးပါ့မယ်” ဆရာကြီးဖူကျိက ပြန်ပြောလိုက်သည်။ မိုဝူကျီအပေါ် အချိန် ထပ်မဖြုန်းချင်သည့်အလားမိုဝူကျီ၏ တောင်းဆိုချက်ကို သဘောတူပြီးနောက် သူက တိုက်သင်္ဘောပေါ် လုပ်ငန်းစရန် တက်သွားတော့သည်။
မိုဝူကျီက ဆရာကြီးဖူကျိနှင့် အခြားနှစ်ယောက်ကိုပါ မနှောင့်ယှက်တော့ချေ။ မိုဝူကျီက ကျောက်တုံးနက် ရှိသည့်နေရာကို ပြောထားသည့်အတွက် ကျာချီနှင် လော့ချွမ်းဟယ်တို့မှာ တူးနေကြပြီ ဖြစ်သည်။
အားလုံးက အလုပ်ကိုယ်စီ လုပ်ကိုင်နေပြီ ဖြစ်၍ မိုဝူကျီက သူ ကျင့်ကြံဖို့ရာအတွက် နေရာကို ပြုလုပ်လိုက်သည်။
***
မိုဝူကျီနှင့် အခြားလူများ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ထွက်လာသည်မှာ တစ်လကြာမြင့်သွားပြီ ဖြစ်၏။ ဒေါသူပုန် ထနေသည့် သခင်ပုဆိန်အပြင် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ မည်သူကမှ ထိုနုပ်စုတ်ကုပ်ချာ လူများကို ဂရုမစိုက်ကြချေ။
သခင်ပုဆိန်ကို ဒေါသထွက်စေသည်က မိုဝူကျီကို မည်သည့် အကြောင်းပြချက်ဖြစ်ဖြစ် သတ်ခွင့် ရရေးအတွက် တာအိုသခင်ကွမ်းချွမ်ဆီမှ ခွင်ပြုချက် ရရန် အချိန်များစွာ ကြိုးပမ်းလိုက်ရသည်။ သို့သော် မိုဝူကျီက ထွက်ပြေးသွားလေပြီ။
ဤလူမှာ သူ့နေရာက အစီအရင်ကို ဖျက်ဆီးသွားရုံသာမက စိတ်စွမ်းအင် ကျောက်ချော ငါးထောင်လည်း ယူသွားသေး၏။ အကယ်၍ သူ ဟုန်ဖူကျီက မိုဝူကျီကို သူ့လက်နှင့်မှ သတ်မပစ်ရလျှင် သည်းခံနိုင်တော့မည် မဟုတ်ပေ။ မိုဝူကျီ လဲလှယ်သွားရန် ထားသွားသည့်ကျောက်တုံးနက်များကိုတော့ လုံးဝလျစ်လျူရှု ထားလေသည်။
***
တစ်ချိန်တည်းတွင် မိုဝူကျီ၏ ကာကွယ်ရေး အစီအရင်အတွင်း အရာအားလုံးမှာ တိတ်ဆိတ် ငြိမ်းချမ်းနေလေ၏။ မိုဝူကျီ၏ ကောင်းကင်မီးတောက် အစီအရင်မှာ တစ်လကျော်သည့်အထိ ခံနေဆဲ ဖြစ်ကာ အရောင်မဲ့မျှော့များလည်း ထိုအရာမှာ မည်မျှ ကြောက်ဖို့ ကောင်းကြောင်း သိနေကြလေပြီ။ အစပိုင်းတွင် အရောင်မဲ့မျှော့များက ဆက်တိုက် ချဉ်းကပ်လာသော်လည်းယခုအခါ နည်းပါးသွားပြီး အများစုမှာ ဤနေရာကို ရှောင်ကွင်း သွားကြသည်။
အစီအရင်အတွင်း ဧရာမ တိုက်သင်္ဘောကြီးမှာ တဖြည်းဖြည်း ပြီးစီးလာပြီ ဖြစ်သည်။ ဆရာကြီးဖူကျိ အတွက်တော့ တိုက်သင်္ဘောမှ လွဲ၍ အခြားအရာများကို ကြည့်ရန် အချိန်ပင် မရပေ။
အကယ်၍ တခြားအသံများ ဆိုပါက ကျာချီနှင့် လော့ချွမ်းဟယ်တို့ ကျောက်တုံးနက် တူးနေသည့် အသံများသာ ရှိပေသည်။
“အစ်ကိုလော့ ... ကျမတို့တွေ မီတာ ၂၀ ရောက်တော့မယ် ဆိုပေမဲ့ အခုထိ ကျောက်တုံးနက်လည်း မတွေ့သေးဘူး” ကျာချီနှင့် လော့ချွမ်းဟယ်တို့မှာ ကျောက်တုံးနက် အတူတူ တူးရင်း ရင်းနှီးနေပြီ ဖြစ်ရာ “တာအိုရောင်းရင်း” အစား “အစ်ကိုလော့” ဟု ပြောင်းလဲ ခေါ်ဆိုနေပြီ ဖြစ်သည်။
ယခင်ကသူမက ဆရာကြီးဖူကျိမှ လွဲ၍ စကားမပြောသော်လည်း မိုဝူကျီနှင့် သိရှိပြီးနောက်တွင် တဖြည်းဖြည်းချင်း ပွင့်လင်းလာလေ၏။ ယခု သူမက လော့ချွမ်းဟယ်နှင့် ပြောဆို ဆက်ဆံနေနိုင်ပြီ ဖြစ်သည်။ သူမက လော့ချွမ်းဟယ်မှာ မိုဝူကျီနှင့် တူကြောင်း သတိထားမိ၍ ရင်းနှီးလာမိခြင်း ဖြစ်သည်။
လော့ချွမ်းဟယ်က ရယ်မောရင်း
“ညီမလေးကျာ ... ညီလေးမိုက သာမန်လူ မဟုတ်ဘူး။ သူ အမှားလုပ်မိမှာ မဟုတ်ဘူးဆိုတာ အစ်ကိုတော့ ယုံကြည်တယ်။ အာကာသ ချောက်နက်ထဲမှာ တုန်းကလည်း အစ်ကိုတို့ ပိတ်မိနေတာ ကြာလှပြီ။ ဒါပေမဲ့ ညီလေးမိုပဲ ထွက်လမ်းကို တွေ့သွားခဲ့တာ ... မဟုတ်ရင် အဲထဲပဲ ရှိနေရင် ရှိနေဦးမှာ ... ဒီနေရာမှာ အထူး သစ်သားစွမ်းအားတွေ ရှိနေတယ်ဆိုပေမဲ့ ချောက်နက်ကြီးထက် စာရင်တော့ အတော်လေး အဆင်ပြေတယ်”
ကျာချီလည်း ရယ်လိုက်ကာ “ကျမလည်း မောင်လေးမိုကို ယုံပါတယ် ... ဒါပေမဲ့ ကျောက်တုံးနက်က ရွေ့နိုင် ... အာ ...”
ကျာချီက ပြောနေရင်း ရပ်လိုက်သည်။ သူမက ဆက်မပြောချင်၍ မဟုတ်ဘဲ သူမရှေ့မှ မြင်ကွင်းကို ကြောင်ကြည့်နေမိ၍ ဖြစ်သည်။ ကျာချီ တစ်ယောက်တည်း မဟုတ်ဘဲ လော့ချွမ်းဟယ်လည်း အပါအဝင် ဖြစ်ပေသည်။
သူတို တူးနေသည့် နေရာတွင် ကျောက်တုံးနက်များက အတန်းလိုက် သေသေသပ်သပ် ရှိနေပြီး အများစုမှာ နှင်းပွင့် သဏ္ဌာန် ရှိနေလေသည်။ မြန်မြန် ရေတွက်ကြည့်လျှင် ရာဂဏန်းတော့ ရှိပေသည်။
အသက်ရှူကြိမ် အနည်းငယ်အကြာတွင် လော့ချွမ်းဟယ်က အသက်ပြင်းပြင်း ရှူကာ “ဒီကျောက်တုံးနက်တွေက...”
“ဒီနေရာမှာ တစ်ထောင်တည်း မဟုတ်ဘူး အနည်းဆုံး တစ်သောင်း ကျော်လောက်တယ်” ကျာချီက သူမလက် တုန်တုန်ယင်ယင်ဖြင့် ညွှန်ပြကာ ပြောလိုက်သည်။ သူမစိတ်စွမ်းအားမှာ ထို့ထက် မထိုးဖောက်နိုင်သော်လည်း အောက်၌ ကျောက်တုံးနက်များ ထပ်ရှိနေသေးကြောင်း သိနေသည်။
ထိုသို့မျိုး မိုင်းတွင်း တစ်တွင်း ရှာတွေ့ပါက လုံလောက်လေပြီ။
လော့ချွမ်းဟယ်က ခေါင်းခါကာ
“မဟုတ်သေးဘူး။ တစ်သောင်းမကဘူး။ တစ်သောင်းထက် ပိုလိမ့်မယ်။ ဒါက အင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲက ကျောက်တုံးနက် ပင်မအရင်းအမြစ်လို့ ထင်တယ်။ တခြားနေရာက ကျောက်တုံးနက်တွေက ဒီနေရာကနေ ထွက်ပြေးသွာတာ ဖြစ်လောက်တယ်”
“ဒါတော့ အမှန် မဟုတ်လောက်သေးဘူး။ ဒါက မီတာ ၂၀ အထိဆိုတော့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ မီတာ ၂၀ အထိ အာရုံခံနိုင်တဲ့သူ မရှိသေးတော့ မီတာ ၂၀ အောက်မှာ ကျောက်တုံးနက်တွေ ပိုရှိနေတာလည်း ဖြစ်နိုင်တယ်”
ကျာချီ၏ စိတ်စွမ်းအားက ကျင့်ကြံနေသည့် မိုဝူကျီနှင့် တိုက်သင်္ဘော အပြီးသတ်ဖို့ရန် အလုပ်ရှုပ်နေသည့် ဆရာကြီးဖူကျိဆီ ရောက်ရှိသွားသည်။ ထို့နောက် သူမက ဆက်ပြောလိုက်သည်။
“အစ်ကိုလော့ ... ဒီကျောက်တုံးနက်တွေကို မြန်မြန် တူးရအောင်။ ဆရာကြီးဖူကျိ ပြီးသွားတာနဲ့ ညီမတို့တွေ အင်မော်တယ်လျှိုကို ဖြတ်ဖို့ အဆင်သင့် ဖြစ်နေလောက်ပြီ”
“ကောင်းပြီ” လော့ချွမ်းဟယ်က ပြန်ဖြေလိုက်သည်။ သူတို့က ကျောက်တုံးနက်များကို အရူးအမူး အားတက်သရော တူးလိုက်ကြသည်။
***
မိုဝူကျီ၏ ကာကွယ်ရေး အစီအရင် အပြင်ဘက်တွင် အဆုံးမဲ့သော ဝိညာဉ်စွမ်းအားများက မြစ်တစ်စင်းအလား ဖြစ်ပေါ်လာကာ မိုဝူကျီ တံခါးပိတ် ကျင့်ကြံနေသည့် နေရာဆီ စီးဆင်း သွားကြသည်။
အမှုန့်ဖြစ်သွားသည့် စိတ်စွမ်းအင် ကျောက်ချောများကို ဘေးပို့လိုက်သည့်အခါ မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ လောက အင်မော်တယ်အဆင့် ၈ ရောက်နေလေပြီ။ ထိုအရာမှာ အစလေးသာ ရှိသေးပြီး နောက်ထပ် စိတ်စွမ်းအင် ကျောက်ချော ရာကျော်ကို ထုတ်ယူလိုက်ပြန်သည်။ ထိုစဉ် သူ့ဘေးနားမှ ဝိညာဉ်စွမ်းအားများနှင့် ပူးပေါင်းသွားပြီး သူ့ဆီ စီးဆင်း သွားကြသောကြောင့် သူ့ကျင့်ကြံဆင့်မှာလည်း လောကအင်မော်တယ် အဆင့် ၉ သို့ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် နီးကပ်လာလေသည်။
***