စိတ်ပျက်သွားမိသည့် ချီသွေးကြောအသစ်
Vol. 31 Ch. 422
“အစ်ကိုကြီး ဒီနေရာမှာ ဒီလိုနှုန်းနဲ့ တကယ်ကြီး ကျင့်ကြံတဲ့သူ ရှိနေတာပဲ ...” မိုဝူကျီ၏ ကာကွယ်ရေး အစီအရင် အပြင်ဘက်၌ အမျိုးသား နှစ်ယောက်က ရုတ်ခြည်း ပေါ်လာကြသည်။
ထိုအမျိုးသား နှစ်ယောက်မှာ မိုဝူကျီကဲ့သို့ သူတို့ ဘေးပတ်လည်တွင် မီးအကွင်းလိုက် အကာအရံ ရှိနေပေသည်။ သူတို့မှာ အရပ်ရှည်ပြီး တူညီသည့် သွင်ပြင်များ ရှိကြသည်။ တစ်ချက်တည်း ကြည့်ရုံဖြင့် သူတို့မှာ သွေးသား တော်စပ်သည့် ညီအစ်ကိုဖြစ်ကြောင်း သိသာပေသည်။ ကွဲပြားခြားနားသည့် တစ်ခုတည်းသော သွင်ပြင်မှာ စကားပြောလိုက်သူ၏ သွင်ပြင်မှာ အနည်းငယ် ဝပြီး အစ်ကိုကြီးဟု ညွှန်းဆိုခံရသူမှာ အနည်းငယ် ပိုပိန်လေ၏။
“သေချာပေါက် ထိပ်တန်း ပါရမီရှင် တစ်ယောက်ပဲ ဖြစ်ရမယ်။ တကယ်လို့ သူက မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ဆိုရင်တော့ မကြာခင် ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းမဲ့ မိုးကြိုးစမ်းသပ်ချက်ကို ခံယူရလိမ့်မယ် ထင်တယ်” အစ်ကိုကြီးဖြစ်သူက ပြန်တုံ့ပြန် လိုက်သည်။
“ကျတော်လည်း ဒီလူ ဘယ်လိုလုပ် ရောက်လာတာလဲ ဆိုတာ အတော် သိချင်နေမိတယ်။ သူက အစီအရင် ထားထားတယ် ဆိုရင်တောင် ဒီနေရာကို ဗြုန်းခနဲ ရောက်လာတာတော့ မဟုတ်ဘူး မလား။ ပြီးတော့ ဒါက သေမင်းမိုင်းတွင်းရဲ့ အတွင်းပိုင်းလေ ...” ခပ်ဝဝ ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
အစ်ကိုကြီးက ပြန်လည် ပြောလိုက်သည်။
“မင်းကို ဘယ်နှခါ ပြောရမလဲ ငါတို့က အဲဒီလောက် တော်တတ်နေတယ်လို့ မထင်ပါနဲ့ဆိုနေ ... ငါတို့က ကံကောင်းထောက်မပြီးတော့ မီးတောက်နှလုံးသား မျိုးစေ့ကို ရခဲ့ပေမဲ့ ကမ္ဘာကြီးက အကျယ်ကြီး ... အဲဒီလို ကံကောင်းတာက ငါတို့ ညီအစ်ကိုတင် မကဘူး မှတ်ထားကွ ... ဒီနေရာကို ရောက်လာတဲ့သူမှာ သူ့ကိုယ်ပိုင် မီးတောက်တွေ ဘာတွေ မရှိဘဲ ရောက်လာနိုင်တယ် ဆိုတာ သေချာရဲ့လား။ ပြီးတော့ ဒီလူရဲ့ အစီအရင်တာအိုက ငါတို့ထက် အများကြီး အားကောင်းတယ်”
ညီငယ်ဖြစ်သူက အဆူခံရသည်ကို နေသားကျနေဟန်ဖြင့် ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“အစ်ကိုကြီး အဲဒါဆို ဒီလူကို သွားနှုတ်ဆက်သင့်လား။ ဒီလူက ဒီနေရာမှာ လာပြီး ကျင့်ကြံနေတာ ဆိုတော့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ မနေရဲတဲ့သူ ဖြစ်လောက်တယ်။ ကျတော်တို့မှာ အင်အားပိုများတာပဲ။ ကျတော်တို့က ကျောက်တုံးနက်တွေလည်း အများကြီး တူးထားပြီးပြီ။ ဒါပေမဲ့ ဒီနေရာမှာပဲ ပုံထားရမယ်ဆိုရင် ဘာလုပ်နိုင်မှာလဲ”
ခဏတာ တွေးတောပြီးနောက် အစ်ကိုကြီးဖြစ်သူက ခေါင်းညိတ်ကာ“မင်း ပြောတာ မှန်တယ်။ အခုတော့ သူ ကျင့်ကြံနေတာကို မနှောင့်ယှက်ဘဲ နေကြစို့ ...
ငါတို့တွေ ဒီနေရာမှာ ကာကွယ်ရေး အစီအရင်တစ်ခုထားပြီး ကျင့်ကြံကြရအောင်။ ဒီနေရာမှာ အရောင်မဲ့မျှော့လည်း သိပ်မရှိဘူးဆိုတော့ ဒီလူ တံခါးပိတ် ကျင့်ကြံနေတာကနေ ထွက်လာဖို့ စောင့်ရင် အဆင်ပြေတယ်။ ငါတို့တွေ သူနဲ့ ဆက်ဆံရေး အဆင်ပြေမယ်ဆိုရင် အဖွဲ့ဖွဲ့ကြတာပေါ့။ မဟုတ်ရင်တော့ ငါတို့တွေ ထွက်သွားကြမယ်”
***
အချိန်ကုန်လာသည်နှင့်အမျှ မိုဝူကျီဘေးမှ စိတ်စွမ်းအင် ကျောက်ချောများသည် တစ်တုံးပြီး တစ်တုံး အမှုန့် ဖြစ်ကုန်ကြသည်။
လောကအင်မော်တယ်အဆင့် ၁၀
လောကအင်မော်တယ်အဆင့် ၁၁
မိုဝူကျီ ထုတ်ယူထားသည့် စိတ်စွမ်းအင် ကျောက်ချော ထောင်ဂဏန်းမှာ ယခင်ကဲ့သို့ အမှုန့်အဖြစ် ပြောင်းလဲသွားကာ သူ့အဆင့်မှာ လောကအင်မော်တယ်အဆင့် ၁၂ အဖြစ် အတားအဆီးမရှိ တက်လှမ်း သွားတော့သည်။
တွေဝေမနေဘဲ မိုဝူကျီက လက်ကျန် စိတ်စွမ်းအင် ကျောက်ချောများကို ထုတ်ယူလိုက်သည်။ ထိုစဉ် သူ့ခန္ဓာမှ ချီသွေးကြော ၁၀၆ ခုလုံး၌ ပိုကြီးမားကျယ်ပြန့်သည့် လှည့်ပတ်ခြင်း လမ်းကြောင်း ဖြစ်ပေါ်နေပြီ ဖြစ်သည်။
မူလက စိတ်စွမ်းအင် ကျောက်ချောတစ်တုံးမှာ မကွဲခင် အချိန်တစ်ခု ခံသော်လည်း မိုဝူကျီ၏ ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ် စတင်လိုက်သည့်အခါ ဘေးပတ်လည်မှ စိတ်စွမ်းအင် ကျောက်တုံးများမှာ ပူဖောင်းများကဲ့သို့ တစ်တုံးပြီး တစ်တုံး ဆက်တိုက် ကွဲကြေကုန်ကြသည်။
အလယ်အလတ် လောကအင်မော်တယ်အဆင့် ၁၂ မှ နောက်ပိုင်းအဆင့်သို့ တက်လှမ်းသွားသည်။
“ဝူး”တစ်ခုခု ပွင့်ထွက်သွားသည့်အလား မိုဝူကျီက သူ့ခန္ဓာကိုယ်တွင် ချုပ်နှောင်ထားမှုများ ပြေလျော့သွားကြောင်း ခံစားလိုက်ရသည်။ သူ့ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာလည်း အဆများစွာ မြင့်တက်လာသည်။
လောကအင်မော်တယ်အဆင့် ၁၂ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိလာပြီး သူ့ ၁၀၇ ခုမြောက် ချီသွေးကြောမှာ ပွင့်လာလေ၏။
“ခွမ်း ခွမ်း...” ထိုစဉ် မိုဝူကျီ ဘေးပတ်လည်မှ စိတ်စွမ်းအင် ကျောက်ခေျာ အားလုံးမှာ အမှုန့်အဖြစ် ကွဲကြေသွားတော့သည်။
မိုဝူကျီက ရုတ်တရက် ကာကွယ်ရေး အစီအရင်ကို စွန့်ခွာကာ ဂူထဲမှ ထွက်လာလေသည်။
နောက်အခိုက်အတန့်လေး၌ သေမင်းမိုင်းတွင်း ကောင်းကင်ထက်၌ မိုးကြိုးသံများ ထွက်ပေါ်လာသည်။
“ဘမ်း ဘမ်း ဘမ်း ...” ကောင်းကင်မှ မိုးကြိုးလျှပ်စီး ဆယ်ချက်ကျော် ကျရောက်လာကာ ကာကွယ်ရေး အစီအရင်မှ ထွက်လာသည့် မိုဝူကျီအပေါ် တန်းတန်းမတ်မတ် ကျရောက် သွားတော့သည်။
***
“အစ်ကိုကြီး ... ဒီလူက ဒီနေရာမှာ ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းတော့မှာလား။ အင်မော်တယ်နယ်မြေက လူတွေကို မကြောက်ဘူးလား မသိဘူး” မိုဝူကျီ၏ ကာကွယ်ရေး အစီအရင်ဘေးနားတွင် ရှိနေသော ကျင့်ကြံသူ နှစ်ယောက်က မိုးကြိုးလျှပ်စီးများ လွှမ်းခြုံနေသည့် မိုဝူကျီကို ကြည့်လိုက်ကြသည်။
ပိန်ပါးပါး အစ်ကိုဖြစ်သူက ခေါင်းခါကာ
“သူက အင်မော်တယ်နယ်မြေကို ဒီလိုနည်းနဲ့ ဝင်ဖို့ မျှော်လင့်နေတာ ဖြစ်နိုင်တယ်။ မိုးကြိုးစမ်းသပ်ချက် ခံယူပြီးတဲ့နောက်မှာ ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းသွားနိုင်တဲ့သူတွေအတွက် အင်မော်တယ် နယ်မြေဝင်ခွင့်ရတာက ကောလာဟလ မဟုတ်ဘူးလား”
“အစ်ကိုကြီး ပိုချင်က ကောင်းကင်အင်မော်တယ် အဆင့်ထိ တက်လှမ်းနိုင်တဲ့သူတွေကို အင်မော်တယ်နယ်မြေက လူတွေက အကြံဆိုးနဲ့ ခေါ်သွားကြတယ် ဆိုပြီးတော့ ပြောဖူးတယ်”
“သူတို့မှာ အကြံဆိုး ရှိနေမလား ဆိုတာ ဘယ်သူ သိမှာလဲ။ ပြီးတော့ အစ်ကိုကြီး ပိုချင်သာ မပြောဖူးရင် ငါတို့တွေလည်း သိမှာ မဟုတ်ဘူး” ပိန်ပါးပါး ကျင့်ကြံသူက နောက်တစ်ဖန် ခေါင်းထပ်ခါလိုက်သည်။
“အဲဒါဆို သူ့ကို သွားပြောပြသင့်လား” ညီငယ်က ကောင်းကင်မှ မိုးကြိုးလျှပ်စီးများကို မော့ကြည့်ရင်း ကြောက်ရွံ့ မိလာသည်။ ထိုမိုးကြိုးများ၏ အားမှာ ကြောက်ဖို့ ကောင်းလေသည်။
“ခဏ ... ဒါက ကောင်းကင်အင်မော်တယ် စမ်းသပ်ချက်နဲ့လည်း မတူပါ့လား။ ဒီလူက မြေကမ္ဘာအင်မော်တယ် အခုမှ ဖြစ်မှာလား။ ဒါက ပိုအလှမ်းဝေးသွားပြီ မလား” အစ်ကိုကြီး ဖြစ်သူက မိုဝူကျီ၏ မိုးကြိုး စမ်းသပ်ချက်တွင် တစ်ခုခု ထူးဆန်းနေသည်ကို ခံစားမိ၍ ပြောလိုက်သည်။
ခပ်ဝဝ ညီငယ်လည်း ခြားနားချက်ကို ခံစားမိလေသည်။ ထို့နောက် ဆက်လေ့လာ လိုက်ပြီး
“အစ်ကိုကြီး ... တကယ်လို့ သူက မြေကမ္ဘာအဆင့် တက်လှမ်းတာဆိုရင် ကျတော်တို့ တက်လှမ်းတာကနဲ့ တခြားစီ ဘယ်လိုလုပ် ဖြစ်နေမှာလဲ”
ညီအစ်ကို နှစ်ယောက်လုံးတွင် မီးတောက်နှလုံးသား မျိုးစေ့ရှိသည့်အတွက် သူတို့ မြေကမ္ဘာအင်မော်တယ် စမ်းသပ်ချက်သည် သာမန် ကျင့်ကြံသူများနှင့် ပိုပြင်းထန်လေ၏။ သို့သော် ယခု သူတို့က မိုဝူကျီ၏ မိုးကြိုးစမ်းသပ်ချက်မှာ သူတို့ထက် များစွာ အားကောင်းကြောင်း သိရှိလိုက်ရသည်။
“သူ့စမ်းသပ်ချက် ပြီးသွားတဲ့အထိ ဒီမှာ စောင့်ကြတာပေါ့။ ပြီးသွားရင်တော့ သွားနှုတ်ဆက် ကြည့်ကြမယ်။ ဒီလူက မရိုးရှင်းဘူး ... ဘာပဲဖြစ်ဖြစ် ငါတို့တွေ အစ်ကိုကြီးပိုချင်ရဲ့ သတင်းစကားကိုတော့ သူ့ဆီ ရောက်အောင် ပို့ရမယ်” မိုဝူကျီဆီ ကျရောက်လာသည့် မိုးကြိုးလျှပ်စီးများ ပိုမို များပြားလာသောကြောင့် အစ်ကိုဖြစ်သူ အမူအရာမှာ ပို၍ လေးနက်လာသည်။
***
ထိုသို့ ဖိနှိပ်နိုင်စွမ်း ရှိသည့် မိုးကြိုးစမ်းသပ်ချက်က အပြင်တွင် ကျောက်တုံးနက် တူးနေကြသော လော့ချွမ်းဟယ်နှင့် ကျာချီတို့ကို ဆိုမထားနှင့် ... တိုက်သင်္ဘောအတွင်း ရှိနေသည့် ဆရာကြီးဖူကျိကိုပင် တုန်လှုပ်စေသည်။
“ညီလေးမိုက မြေကမ္ဘာအင်မော်တယ် အဆင့်အတွက် စမ်းသပ်ချက် ခံယူတော့မှာ ထင်တယ် ...” လော့ချွမ်းဟယ်က သူ့မိုင်းတွင်း အသေးလေးထဲမှ အရင်ဆုံး ထွက်လာသူ ဖြစ်သည်။ ဤကျောက်တုံးနက် အုပ်စုမှာ ကြီးမားရုံသာမက ကျောက်တုံးနက်မှာ တူးယူဖို့ ခက်ခဲသည့်အတွက် တစ်နှစ်တာ တူးယူပြီး နောက်တွင်ပင် သူတို့က နေရာမှ ကျောက်တုံးနက် အားလုံးကို တူးမယူနိုင်သေးချေ။
အစပိုင်း၌ စိတ်လှုပ်ရှား နေသော်လည်း မကြာခင်၌ ကျောက်တုံးနက် တူးယူခြင်းမှာ သာမန်ကိစ္စ ဖြစ်လာသည်။
“ဆရာကြီးဖူကျိ ... တိုက်သင်္ဘော ပြင်တာ ပြီးသွားပြီလား” ကျာချီလည်း ထွက်လာသည်။ မည်မျှ အဖိုးတန်သည့် အရာ ဖြစ်နေစေကာမူ အရေအတွက်များများ ရရှိပြီးပါက ကိုယ့်အမြင်မှ တန်ဖိုးမှာ ကျသွားပေလိမ့်မည်။ ထို့အပြင် သူတို့က ကျောက်တုံးနက်များကို စိတ်စွမ်းအင် ကျောက်ချောနှင့် သစ်သားဓာတ် ပျော်ဝင်ဆေးလုံး လဲလှယ်ခြင်းအတွက် သုံးကြောင်းသာ သိပေသည်။
“အကြမ်းဖျင်းတော့ ပြီးသွားပြီ။ တာအိုရောင်းရင်းမိုက မိုးကြိုးစမ်းသပ်ချက် ခံယူတော့မှာလား။ အတော်လေး အားကောင်းတာပဲ ...” ဆရာကြီးဖူကျိက ပြောလက်စ ရပ်လိုက်ရင်း မိုဝူကျီ၏ မိုးကြိုးစမ်းသပ်ချက် ခံယူနေသည့် နေရာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“အာ ... ဒီလူတွေက ဘယ်တုန်းက ပေါ်လာတာလဲ” ယခုအချိန်အထိ ဆရာကြီးဖူကျိမှာ မိုဝူကျီ၏ မိုးကြိုးစမ်းသပ်ချက်ကို အဝေးတစ်နေရာမှ လေ့လာနေကြသော ထိုညီအစ်ကို နှစ်ယောက်ကို သတိမထားမိခဲ့ပေ။
လော့ချွမ်းဟယ်က ဟက်ဟက်ပက်ပက် ရယ်မောရင်း “ဆရာကြီးဖူကျိ ... သူတို့ ရောက်နေတာ နှစ်ဝက်လောက်တောင် ရှိနေပြီ။ သူတို့က ညီလေးမို တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာဖို့ စောင့်နေတာ ထင်တယ်”
မိုဝူကျီ၏ ကာကွယ်ရေး အစီအရင်အတွင်း ပုန်းကွယ်ရေး အစီအရင်များပါ ရှိနေ၍ အပြင်ဘက်မှ လူများက အထဲရှိ အဖြစ်အပျက်များကို မသိနိုင်ပေ။ အထဲမှ လူများသာ အပြင်ကို ကောင်းကောင်း မြင်ရခြင်း ဖြစ်သည်။
“...” ကြည့်ရသည်မှာ ဆရာကြီးဖူကျိက လော့ချွမ်းဟယ် စကားများကို ကြားပုံမပေါ်ဘဲ လော့ချွမ်းဟယ်နှင့် ကျာချီတို့ ကျောက်တုံးနက် တူးသည့်နေရာသို့ အပြေးအလွှား ရောက်လာသည်။
တစ်နှစ်လုံး သူက တိုက်သင်္ဘောအပေါ် အာရုံစိုက်ထားသည့်အတွက် တခြားနေရာတွင် ဘာတွေ ဖြစ်ပျက်နေမှန်း ဂရုမစိုက်မိပေ။ ထို့ကြောင့် သူက ကျောက်တုံးနက်တွင်းကို မြင်လိုက်သောအခါ အဘယ်ကြောင့် မအံ့ဩမိဘဲ နေမည်နည်း။
“ဆရာကြီးဖူကျိ ... ကျောက်တုံးနက် ပမာဏကတော့ အတော်လေး အံ့အားသင့်စရာပဲ။ အစ်ကိုလော့နဲ့ ကျမတူးနေတာ တစ်နှစ်ကျော်ပြီ။ အခုထိ မပြီးသေးဘူး ... ဒီနေရာမှာ ဘယ်လောက်ရှိလဲ ကျမတော့ သေချာတောင် မသိတော့ဘူး” ကျာချီက ဆရာကြီးဖူကျိ ဘေး ရောက်သွားကာ ရှင်းပြလိုက်သည်။
သူ့ရှေ့မှ ကျောက်တုံးနက်များကို ကြောင်ကြည့်နေရင်း အတော်ကြာမှ ဆရာကြီးဖူကျိက ပြောလိုက်သည်“အံ့ဩဖို့ ကောင်းလိုက်တာ”
ကျာချီက ဆရာကြီးဖူကျိ စကားနောက်မှ အဓိပ္ပာယ်ကို နားလည်သည့်အတွက် ပြန်မပြောတော့ပေ။ သူမနှင့် လော့ချွမ်းဟယ်မှာ အံ့အားသင့်ဖို့ ကောင်းသည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ မိုဝူကျီကို ဆိုလိုခြင်း ဖြစ်သည်။
“တာအိုရောင်းရင်းမို စမ်းသပ်ချက် ခံယူတာ အရင် ကြည့်ကြတာပေါ့” ဆရာကြီးဖူကျိက စိတ်လှုပ်ရှားစွာ ရုတ်တရက် ပြောလိုက်သည်။ ထိုစဉ် သူက တိုက်သင်္ဘော ပြင်ဆင်နေသည့် အချိန်ထက်ပင် ပိုမို ယုံကြည်မှု ပြင်းထန်နေသည်။
တစ်နှစ်တာမျှ အချိန်လေးဖြင့် မိုဝူကျီက လောကအင်မော်တယ် အဆင့်မှ မြေကမ္ဘာအင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူက ယခင် လောကအင်မော်တယ် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေလျှင်ပင် တစ်နှစ်အတွင်း မြေကမ္ဘာ အင်မော်တယ်အဆင့် တက်လှမ်းဖို့ရာမှာ ရိုးရှင်းသည့် ကိစ္စ မဟုတ်ပေ။
မိုဝူကျီက လောက အင်မော်တယ် အဆင့်နှင့်ပင် အားကောင်းနေလှပြီ ဖြစ်ရာ သူသာ မြေကမ္ဘာ အင်မော်တယ်အဆင့် တက်လှမ်းသွားသည်နှင့် မည်မျှ အားကောင်းသွားမည်ကို ဆရာကြီးဖူကျိက သိချင်နေမိသည်။
“ဘမ်း ဘမ်း ဘမ်း” ဆက်တိုက် ကျရောက်နေသည့် မိုးကြိုးချက်များကြောင့် သုံးယောက်သား ကြောင်အသွားမိသည်။ အကယ်၍ မိုဝူကျီ၏ မိုးကြိုးစမ်းသပ်ချက်မှာ အားကောင်းသည်ဟု ယူဆလျှင် နားလည်၍ ရသော်လည်း မိုးကြိုးချက်များ၏ စွမ်းအားမှာ သူတို့ မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေလေပြီ။
“ဒါက ကောင်းကင်အင်မော်တယ် စမ်းသပ်ချက်များ ဖြစ်နေမလား” လော့ချွမ်းဟယ်က တအံ့တဩ ထုတ်မေးလိုက်သည်။ သူက မြေကမ္ဘာအင်မော်တယ် စမ်းသပ်ချက် ခံယူဖူးသော်လည်း မိုဝူကျီ ရင်ဆိုင်ရသည့် အရာနှင့် လုံးဝ ကွဲပြားနေသည်။
ဆရာကြီးဖူကျိက လေးလေးနက်နက် ပြန်ဖြေပေးလိုက်သည် “မဟုတ်သေးဘူး ... တာအိုရောင်းရင်းမိုက မြေကမ္ဘာအင်မော်တယ်အဆင့် စမ်းသပ်ချက် ခံယူမှာ ဟုတ်တယ်။ ကျုပ် ကောင်းကင်အင်မော်တယ် စမ်းသပ်ချက် ခံယူတာကို တွေ့ဖူးတယ်။ ဒီလိုမျိုး မဟုတ်ဘူး။ ဒါက အားမကောင်းတာတော့ မဟုတ်ပေမဲ့ အင်မော်တယ် တာအို သဘောတရားတွေ လစ်ဟာနေတယ်”
“ဒါက အတော်လေး အားကောင်းလွန်းနေတယ်” ကျာချီက ဝင်ပြောလိုက်သည်။ အကယ်၍ သူမသာ ဤသို့မျိုး မိုးကြိုးစမ်းသပ်ချက်နှင့် ရင်ဆိုင်ရပါက သူမ ပျောက်ကွယ် သွားနိုင်သည်။
***
မိုဝူကျီ၏ လျှပ်စီးချက်များမှာ အဆုံးအစမဲ့ကာ မိုးကြိုးချက်များ တစ်ချက်ပြီး တစ်ချက် ကျရောက်လာကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သို့သော် ထိုအရာမှာ သူ့အရိုးများနှင့် ကြွက်သားမျာကိုသာ နာကျင်စေပြီး သေစေလောက်သည့် နာကျင်မှုမျိုး မဟုတ်ချေ။ ထို့အပြင် မိုးကြိုးချက်နှင့်အတူ ကျရောက်လာသော ဝိညာဉ်စွမ်းအားများမှာ သူ့အတွက် အရှိန်ဟုန်ပြင်းပြင်းဖြင့် မြေကမ္ဘာ အင်မော်တယ်အဆင့် တက်လှမ်းဖို့ရာ အထောက်အကူ ပြုနေသည်။
“ဘမ်း ဘမ်း ဘမ်း” နောက်ထပ် မိုးကြိုးချက် ဆယ်ချက်ကျော်က မိုဝူကျီပေါ် ထပ်မံ ကျရောက် လာပြန်သောကြောင့် လောကအင်မော်တယ်နှင့် မြေကမ္ဘာ အင်မော်တယ်ကြားမှ အတားအဆီးမှ ကျိုးပျက်သွားပြီး သူ့ကျင့်ကြံဆင့်ကို အံ့မခန်း အမြန်နှုန်းဖြင့် တိုးလာစေသည်။
ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများမှာ သူ့ဆီ စုပြုံတိုးဝင်သွားပြီး မကြာခင်တွင် မြေကမ္ဘာအင်မော်တယ် အဆင့်၌ အခြေတည် သွားလေပြီ။ သူတို့က မိုဝူကျီ မြေကမ္ဘာ အင်မော်တယ်အဆင့် တက်လှမ်းသွားပြီးကြောင်း တွေ့ပြီးနောက်တွင် တိမ်များ ကင်းစင်သွားပြီး အစပိုင်း ရူးရူးမူးမူး ကျရောက်နေသော မိုးကြိုးချက်များလည်း ပျောက်ကွယ်သွားသည်။
ထိုစဉ် မိုဝူကျီက လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူ့ ၁၀၇ ခုမြောက် ချီသွေးကြော လုပ်ဆောင်ချက်က သူ့အား စိတ်လှုပ်ရှားမိစေသလို စိတ်လည်း စိတ် ပျက်စေသောကြောင့် သူ့ကျင့်ကြံဆင့် ဆက်လက် တည်ငြိမ်ဖို့ လုပ်ဆောင်ရန်ပင် မေ့လျော့ထားမိသည်။
၁၀၇ ခုမြောက် ချီသွေးကြောမှာ အသက်ဓာတ် လမ်းကြောင်း တစ်ခုဖြစ်ပြီး အဆုံးအစမဲ့သည့် အသက်ဓာတ်များ ပါဝင်နေသည်။ အကယ်၍ သူက တိုက်ပွဲထဲ ရှိနေ၍ သူ့အသက်ဓာတ် လမ်းကြောင်းသာ အဆင်ပြေနေသရွေ့ သူ့အတွက် အသက်ဆက်ရှင်ရန် အခွင့်အရေး ရပေလိမ့်မည်။ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသောကြောင့် သူ သေသည်နှင့် တကယ်သေသွားမည် ဖြစ်သည်။ သို့သော်လည်း ယခုအခါ ကွဲပြားသွားပေသည်။ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ်ထက်ပင် ပိုများ အသုံးဝင်သော အသက်ဓာတ် လမ်းကြောင်းအပို ရှိနေပြီ ဖြစ်သည်။
တစ်ခုတည်းသော စိတ်ပျက်မှုမှာ သူ၏ ထိုလမ်းကြောင်းမှာ စောစီးစွာ ပွင့်မလာသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် ချိန်စုယင် သေဆုံးမည် မဟုတ်ချေ။ ဤအသက်ဓာတ် လမ်းကြောင်းဖြင့် သူက ချိန်စုယင်၏ ဝိညာဉ်ကို မပြိုကွဲခင် ကယ်တင်ပေးလို့ ရပေလိမ့်မည်။ သို့သော်လည်း ယခုအခါ နောင်တရားတို့သာ ထွေးပွေ့ထားရ၏။
ယခု နောက်ဆုံး မိုးကြိုးချက်လည်း ပျောက်ဆုံးသွားလေပြီ။ မိုဝူကျီ၏ အရှိန်အဝါများကို အာရုံခံမိ၍ အရောင်မဲ့မျှော့များက သူ့၌ မီးတောက် အကာအရံ မရှိလျှင်ပင် ကပ်လာရဲမည် မဟုတ်ပေ။
***