အင်မော်တယ် ကူးသန်းရေး သင်္ဘော
Vol. 31 Ch. 423
“အစ်ကိုကြီး ... ဒီလူက အဲလောက် အားကောင်းတဲ့ မိုးကြိုးစမ်းသပ်ချက်ကို တကယ်ကြီး ကျော်လွှား နိုင်တယ်နော် ။ ပြီးတော့ ရူးလောက်တဲ့ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းရယ် ဟူး... သူ ဒီနေရာက အထူး သစ်သားစွမ်းအားကို မကြောက်ဘူးလား မသိဘူး။ သစ်သားဓာတ် ပျော်ဝင်ဆေးလုံးက ထိန်းရုံ ထိန်းပေးထားနိုင်ပြီးတော့ လုံးဝ မကာကွယ်နိုင်တာကို သူမသိဘူးလား ...” အနည်းငယ် ဝသည့် ကျင့်ကြံသူက မိုဝူကျီ၏ စမ်းသပ်ချက် ခံယူမှုကို သေချာ လေ့လာလိုက်ပြီး ယခုအခါ မိုဝူကျီက မိုးကြိုးစမ်းသပ်ချက်ကို ကျော်လွှားနိုင်သွား၍ အတော်လေး စိတ်ရှုပ်ထွေး မိသွားသည်။
အခြား ကျင့်ကြံသူက ခေါင်းခါကာ
“ငါလည်း သေချာတော့ မသိဘူး။ သူ့မှာ အထူး သစ်သားစွမ်းအား ကိစ္စဖြေရှင်းဖို့ နည်းလမ်း ရှိပုံပဲ ... အင်မော်တယ်တစ်ပိုင်း နယ်ပယ် သမိုင်းတစ်လျှောက်လုံးမှာ မိုးကြိုးစမ်းသပ်ချက် ခံယူတဲ့သူတိုင်း ရိုးရှင်းတဲ့သူ ဘယ်သူပါလို့လဲ။ ပြီးတော့ ဒီလူက သေမင်းမိုင်းတွင်းမှာ မိုးကြိုးစမ်းသပ်ချက် ခံယူသွားတာ။ အရောင်မဲ့မျှော့တွေ သူ့ကို သွားနှောင့်ယှက်တာ မင်း မြင်လား”
သေမင်းမိုင်းတွင်း အပေါ်မှ မိုးကြိုး တိမ်တိုက်များမှာ ကင်းစင်သွားပြီ ဖြစ်သည်။ မိုဝူကျီလည်း အဝတ်အစား အသစ်လဲလှယ်ကာ ထိုကျင့်ကြံသူ နှစ်ယောက်ရှေ့ ရောက်ရှိလာသည်။ စိတ်စွမ်းအင် ကျောက်ချော ငါးထောင်နှင့်အတူ သေမင်းမိုင်းတွင်းမှ ဝိညာဉ် စွမ်းအားများကြောင့် မိုဝူကျီက လောက အင်မော်တယ်အဆင့် ၇ မှ မြေကမ္ဘာ အင်မော်တယ်အဆင့် ၁ ကို တက်လှမ်းနိုင်ခဲ့သော်လည်း အတော်လေး ကျေနပ်မိနေသည်။
“ကျုပ်ကို ရှာတဲ့ အကြောင်းများ ရှိနေလား”
မိုဝူကျီက တစ်ချက်ကြည့်ရုံဖြင့် ထိုနှစ်ယောက် ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ကြောင်း သိပေသည်။
“ထုံချိန်က တာအိုရောင်းရင်းကို နှုတ်ဆက်ပါတယ်။ ဒါက ကျုပ် ညီလေး ထုံယဲ့ပါ။ ကျုပ်တို့က သေမင်းမိုင်းတွင်းကို ရောက်နေတာ ကြာပါပြီ။ ဒီက တာအိုရောင်းရင်း ကျင့်ကြံနိုင်တာကို ကြည့်ပြီးတော့ လေးစား အားကျမိလို့ မိတ်ဖွဲ့ချင်လို့ပါ ...” အနည်းငယ် ပိန်သည့် ကျင့်ကြံသူက မြန်မြန် နှုတ်ဆက်ကာ ပြောလိုက်သည်။
တကယ်တော့ သူ့စိတ်ထဲတွင် တုန်လှုပ်နေမိလေ၏။ မိုဝူကျီ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်ပေသည်။ မိုးကြိုးစမ်းသပ်ချက် ပြီးဆုံးခါစ ဖြစ်သော်လည်း မိုဝူကျီက သူတို့ရှေ့ ဗြုန်းခနဲ ပေါ်လာကာ အဝတ်အစား အသစ်ပင် လဲလှယ်ထားပြီးပြီ ဖြစ်၏။
“ထုံယဲ့က တာအိုရောင်းရင်းကို နှုတ်ဆက်ပါတယ် ...” အနည်းငယ် ဝသည့် ကျင့်ကြံသူက မိုဝူကျီကို လေးလေးစားစား နှုတ်ဆက်လိုက်သည်။ ဤနေရာတွင် ထိုမျှကြီးမားသော အစီအရင် ပြုလုပ်နိုင်ပြီး မိုးကြိုးစမ်းသပ်ချက်ပင် ခံယူနိုင်သေးသည့်အတွက် မိုဝူကျီမှာ နတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုး ဖြစ်၏။
မိုဝူကျီက ခေါင်းညိတ် ပြလိုက်သည်။ သူက ထိုလူနှစ်ယောက်တွင် မကောင်းသည့် ရည်ရွယ်ချက်များ မရှိကြောင်း ခံစားမိသည်။ မဟုတ်လျှင် သူတိုက သူ့အစီအရင် အပြင်ဘက်၌ မြင်မြင်သာသာ အစီအရင် ပြုလုပ်ထားမည် မဟုတ်ပေ။ သူနှင့် မိတ်ဆွေ ဖြစ်ဖို့ရန်အတွက် သူတို့က ဤနေရာတွင် တစ်နှစ်တာ စောင့်ဆိုင်း နေခဲ့ရသည်။ မိုဝူကျီအတွက် ထိုသို့မျိုး အရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“ကျုပ်က မိုဝူကျီပါ ... ခင်ဗျားတို့ မီးတောက်တွေက အတော်လေး ထူးခြားတာပဲ” မိုဝူကျီက နှုတ်ဆက်ပြီးနောက် ထိုနှစ်ယောက်၏ အကာအရံကို တစ်ချက် ကြည့်လိုက်သည်။
မိုဝူကျီက ထိပ်တန်း မီးတောက်နှင့် တွေ့ဖူးသည့်အတွက် ထိုညီအစ်ကို နှစ်ယောက်၏ မီးတောက်မှာ ထိပ်တန်းမီးတောက် အမျိုးအစားကွဲ တစ်ခုဖြစ်ဟန် ပေါ်သည်။ မီးတောက်အပေါ် အာရုံခံနိုင်စွမ်းကြောင့်သာ မဟုတ်လျှင် သူက သတိထားမိမည် မဟုတ်ပေ။
ထုံချိန်၏ စိတ်ဆန္ဒတစ်ခုဖြင့် မီးတောက်မှာ ရုတ်တရက် ပိုပြင်းလာသည်။ အပေါ်ယံတွင် နီညိုရောင် ရှိနေသော်လည်း အပူချိန်ကိုတော့ မမြင်နိင်ပေ။ သို့သော် ကြောက်မက်ဖွယ် အငွေ့အသက်ကိုတော့ မိုဝူကျီက ခံစားမိသည်။
“တာအိုရောင်းရင်းမို ... ကျုပ်တိုက ကံကောင်းပြီးတော့ မီးတောက် နှလုံးသား မျိုးစေ့ကို ရလာကြတာပါ။ နှစ်များစွာ မွေးမြူပြီးတဲ့နောက်မှာ ဒီလိုရလဒ် ဖြစ်လာတာပဲ ... တာအိုရောင်းရင်းရဲ့ မီးတောက်နဲ့ ယှဉ်ရင် ကျုပ်တို့ မီးတောက်က အတော်လေး အလှမ်း ကွာပါသေးတယ်” သူ့မီးတောက်ကို လှုံ့ဆော်ပြပြီးနောက် ထုံချိန်က ကျိုးကျိုးနွံနွံ ပြောလိုက်သည်။
“ဒီမီးတောက်တွေလည်း အတော်လေး အားကောင်းပါတယ်။ ခင်ဗျားတို့ နှစ်ယောက် ဒီမှာ ခဏစောင့်နေဦး ... ကျုပ်ရဲ့အစီအရင်ထဲမှာ မိတ်ဆွေအချို့ ကျန်သေးတယ်။ သူတို့နဲ့တိုင်ပင်ပြီးရင် ခင်ဗျားတို့ကို လာခေါ်လှည့်ပါ့မယ်”
မိုဝူကျီက ထုံချိန် သူ့မီးတောက် ကစားပြသည့် ရည်ရွယ်ချက်ကို ကောင်းကောင်း သိလေသည်။ ထိုညီအစ်ကိုနှစ်ယောက်လည်း အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ တစ်ယောက်ယောက်ကို ရန်စခဲ့မိသည်သာ ဖြစ်ရမည်။ ထို့ကြောင့် သူတို့က အင်မော်တယ်တစ်ပိုင်းကို ပြန်မသွားနိုင်ခြင်း ဖြစ်မည်။ သူ့မီးတောက်ကို ကစားပြခြင်းက သူ့အင်အားကို ပြသခြင်းသာ ဖြစ်ပြီး သူတို့က မိုဝူကျီ၏ ရဲဘော်ရဲဘက် ဖြစ်လာရန် လုံလောက်သည့် စွမ်းရည်ရှိကြောင်း ပြသနေခြင်း ဖြစ်သည်။
“တာအိုရောင်းရင်းမို သဘောအတိုင်းပါ ...” ထုံချိန်က နောက်တစ်ဖန် လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်သည်။
မိုဝူကျီက လှည့်ကာ သူ့အစီအရင်ထဲ ဝင်သွားလေသည်။ သူ့အစီအရင်အတွင်း ဆရာကြီးဖူကျိမှာ တိုက်သင်္ဘောကို ပြင်ဆင်နေဆဲ ဖြစ်၏။ မပြီးဆုံးခြင်း၊ ပြီးဆုံးခြင်းကို တခြားသူများကို မပြသလိုပေ။
“တာအိုရောင်းရင်းမို ခင်ဗျားရဲ့ မိုးကြိုးစမ်းသပ်ချက်က အတော် ပြင်းထန်တာပဲ” မိုဝူကျီက အစီအရင်ထဲ ဝင်လာသည်နှင့် ဆရာကြီးဖူကျိက ဟက်ဟက်ပက်ပက် ရယ်မောရင်း ကြိုဆိုလိုက်သည်။
သူ့အတွက် မိုဝူကျီက ပိုအားကောင်းလေလေ ပိုကောင်းလာလေလေ ဖြစ်၏။
“ညီလေးမို (မောင်လေးမို) ဂုဏ်ပြုပါတယ် ...” လော့ချွမ်းဟယ်နှင့် ကျာချီတို့လည်း မိုဝူကျီ မြေကမ္ဘာ အင်မော်တယ်အဆင့် တက်လှမ်းသွားနိုင်သည့် အရာကို ဂုဏ်ပြုဝမ်းသာစကား ဆိုလိုက်ကြသည်။
မိုဝူကျီက ပြုံးကာ ပြောမည့်ဆဲဆဲတွင် မနီးမဝေးမှ ကျောက်တုံးနက်များကို စိတ်စွမ်းအားမှ တစ်ဆင့် သတိပြုမိလိုက်သည်။ သူက တအံ့တဩ ပြောလိုက်သည်။
“ဒီကျောက်တုံးနက် မိုင်းတွင်းက အတော်လေး အံ့အားသင့်ဖို့ ကောင်းတာပဲ”
“ဟုတ်တယ် ... ညီမလေးကျာချီနဲ့ ကျုပ် ကျောက်တုံးနက် တစ်သန်းနီးပါးလောက်ကို တူးပြီးသွားပြီ။ နောက်ထပ် ကျန်နေသေးတယ် ... ဒီဟာက အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ အကြီးဆုံး မိုင်းတွင်း ဖြစ်လိမ့်မယ် ...” လော့ချွမ်းဟယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မိုဝူကျီက ထိုကျောက်တုံးနက် မိုင်းတွင်းမှာ အရေအတွက် များမှန်း သိသော်လည်း ထိုမျှအထိတော့ မမှန်းကြည့်ဖူးပေ။ အကြည့်နှင့်တင် သူတို့က ကျောက်တုံးနက် တူးယူဖို့ တခြားနေရာ သွားစရာ မလိုတော့ပေ။ ယခင်က လော့ချွမ်းဟယ်နှင့် ကျာချီတို့ကို ဖိတ်ခေါ်ခဲ့သည်မှာ မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်ပေသည်။ မဟုတ်လျှင် သူက ထိုကျောက်တုံးနက်များကို တူးယူဖို့ အချိန်များများ ရမည် မဟုတ်ပေ။
“ဆရာကြီးဖူကျိ ...” သို့သော်လည်း မိုဝူကျီက ကျောက်တုံးနက်များကို စိတ်ထဲမရှိချေ။ ထိုအရာများမှာ သူ အလွယ်တကူ ရှာလို့ ရနိုင်နေသည် မဟုတ်ပါလော။ သူ ဂရုအစိုက်ဆုံးမှာ သူ့တိုက်သင်္ဘော ဖြစ်သည်။ သူက “ဆရာကြီးဖူကျိ” ဟုသာ ခေါ်ဆိုနိုင်လိုက်ပြီး ဘေးမှ ခမ်းနားလှသော တိုက်သင်္ဘောက သူ့အာရုံကို ဖမ်းစား သွားတော့သည်။
ဆရာကြီးဖူကျိက ဘာမှမပြောသေးခင် မိုဝူကျီက တိုက်သင်္ဘောဆီ ခုန်တက်လိုက်ပြီး ဘေးစက်စက် ဖြစ်နေသည့် အမြောက်အိမ်ကို ကြင်နာစွာ ပွတ်သပ်လိုက်သည်။
များပြားစွာသော သင်္ကေတများနှင့် မှော်အစီအရင် အမျိုးမျိုး ပေါင်းစပ် ထားသောကြောင့် တိုက်သင်္ဘော၏ အပြင်ပန်းမှ အေးစက်စက် စွမ်းအားများ ထုတ်လွှင့်နေသည်။
“တာအိုရောင်းရင်းမို ... တိုက်သင်္ဘောကတော့ ပြီးစီးသွားပြီ။ အမြောက်တွေ တပ်ဖို့ ခင်ဗျားကို စောင့်နေတာ” ဆရာကြီးဖူကျိက ဘေးမှ ပြောလိုက်သည်။
တိုက်သင်္ဘောပေါ်မှ အဓိက အရာများမှာ ပြီးစီးထားပြီးသား ဖြစ်သော်လည်း အပြည့်အဝ အားလုံး ပြီးစီးဖို့ရန် သူ့အတွက် တစ်နှစ်တာ အချိန်ယူခဲ့ရသည်။
မိုဝူကျီက တိုက်သင်္ဘော ထိန်းချုပ်ခန်းဆီ လျှောက်သွားလိုက်ပြီး ထိုနေရာတွင် အနည်းဆုံး မောင်းတံ ဆယ်ခု ရှိနေသည်။ သူက လက်ကို မြှောက်ကာ “ဖြတ်” မောင်းတံကို ဆွဲချလိုက်သော်လည်း ဘာတုံ့ပြန်မှုမှ မရှိချေ။
မိုဝူကျီဘေးသို့ လျှောက်လာပြီး ဆရာကြီးဖူကျိက ရှင်းပြလိုက်သည်“တာအိုရောင်းရင်းမို ... အဲဒီ ဖြတ်ဖို့ မောင်းတံက တိုက်သင်္ဘောရဲ့ အနီးကပ် တိုက်ခိုက်မှုအတွက်လေ။ အခုတော့ စွမ်းအား အရင်းအမြစ် မရှိတော့ ကျုပ်တို့ လုပ်ကြည့်လို့ မရသေးဘူး”
“ဒီတိုက်သင်္ဘောက အဝေးတိုက်ခိုက်မှုနဲ့ မကဘူး အနီးကပ် တိုက်ခိုက်မှုတွေရော ရတာလား” မိုဝူကျီက တအံ့တဩ မေးလိုက်သည်။ တိုက်သင်္ဘာအပေါ် သူ့သဘောကျမှုမှာ ပိုမို မြင့်တက်လာသည်။
ဆရာကြီးဖူကျိက ဂုဏ်ယူစွာ ပြောလိုက်သည် “ဒါပေါ့ ... အနီးကပ် တိုက်ပွဲဖြစ်လာရင် ဘယ်လို လုပ်မလဲ။ ကျုပ်တို့မှာ စွမ်းအား အရင်းအမြစ်ရှိတာနဲ့ “ဖြတ်” မောင်းတံကို ဆွဲလိုက်ရင် တိုက်သင်္ဘောရဲ့ ဘေးတစ်ဖက် တစ်ချက်စီက ဧရာမ ဓားနှစ်လက် ထွက်လာလိမ့်မယ်။ အဲဆို အခြားသင်္ဘောတွေကို ထပ်ခြမ်း အလွယ်တကူ ခွဲပစ်နိုင်လိမ့်မယ်။ ပြီးတော့ အဲဒီဓားအပြင် တိုက်သင်္ဘောရဲ့ အနီးကပ် တိုက်စွမ်းအားထဲမှာ “ရောင်ခြည်” မောင်းတံနဲ့ “လျှပ်စီး” မောင်းတံလည်း ပါသေးတယ်”
“အဲဒါဆို တိုက်သင်္ဘောရဲ့ စွမ်းအား အရင်းအမြစ်က ဘာကိုများ သုံးရမှာလဲ” မိုဝူကျီအသံမှာ အလောတကြီး ဖြစ်နေဟန် ပေါ်သည်။
ဆရာကြီးဖူကျိက မိုဝူကျီ မေးခွန်းကို ကြားသောအခါ သူ့အမူအရာမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး“အဲဒါက စိတ်စွမ်းအင် ကျောက်ချောကို သုံးတာ။ ဒါပေမဲ့ ပမာဏ နည်းနည်းလေးတော့ မဟုတ်ဘူး။ အင်မော်တယ်လျှိုကို ဖြတ်သန်းသွားနိုင်ဖို့ဆိုရင် အနည်းဆုံး သန်းပေါင်းများစွာ လိုလိမ့်မယ်။ အဲဒါတောင် ခန့်မှန်းခြေပဲ ရှိသေးတာ”
မိုဝူကျီစိတ်ထဲ လေးလံ သွားလေသည်။ ဆရာကြီးဖူကျိက မပြောသော်လည်း ထိုစိတ်စွမ်းအင် ကျောက်ချောများမှာ တိုက်သင်္ဘောအတွက် အကောင်းဆုံး စွမ်းအားအရင်းအမြစ် မဟုတ်သေးမှန်း မှန်းဆမိသည်။ လက်ရှိ၌ အကောင်းဆုံး စွမ်းအား အရင်းအမြစ်မှာ စိတ်စွမ်းအင် ကျောက်ချောတုံးများ ဖြစ်နေရုံသာ ဖြစ်သည်။
မိုဝူကျီ တိတ်ဆိတ်နေသည်ကို မြင်၍ ဆရာကြီးဖူကျိက ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ စိတ်စွမ်းအင် ကျောက်ချောများမှာ အင်မော်တယ်နယ်မြေ ဖြစ်သောကြောင့် သူတို့ ဖြေရှင်းနိုင်သည့် ပြဿနာ မဟုတ်ပေ။ အင်မော်တယ်နယ်မြေကို ရောက်ဖို့ရန် သူတို့က အင်မော်တယ်လျှိုကို ဖြတ်ဖို့ လိုအပ်ပေသည်။ သို့သော် အင်မော်တယ်လျှိုကို ဖြတ်ဖို့ရာ စိတ်စွမ်းအင် ကျောက်ချောများလည်း လိုအပ်ပေသည်။ ထို့ကြောင့် သံသရာ လည်နေခြင်း ဖြစ်သည်။
“တာအိုရောင်းရင်းမို ... ကျုပ် ခင်ဗျားအတွက် ယာဉ်ပျံကို လုပ်ပေးထားတယ် ... ကြည့်ကြည့်ပါဦး ...” ဆရာကြီးဖူကျိက လက်ဖဝါးအရွယ် ယာဉ်ပျံကို ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်သည်။ သူက မိုဝူကျီကို စွမ်းအား အရင်းအမြစ် ကိစ္စအတွက် စိတ်ဓာတ် မကျစေလိုပေ။ ထိုအရာမှာ သူ့ကံကြမ္မာကိုပါ သက်ရောက်နိုင်လေ၏။
ဤအရာမှာ တကယ့်ထိပ်တန်း ပျံသန်းရေး ရတနာ တစ်ခု ဖြစ်ပေသည်။ ဆရာကြီးဖူကျိက အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် နေလာသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ တိုက်သင်္ဘော အပြီးသတ်ရာ၌လည်း ပါဝင်ခဲ့သလို ကျောက်တုံးနက်များကို သိမ်းဆည်းနိုင်သည့် လက်စွပ်ကိုလည်း ပြုလုပ်နိုင်ခဲ့သည်။ သူက အင်မော်တယ် ပစ္စည်းများနှင့် မပတ်သက်ဖူးသော်လည်း သူ ပြုလုပ်လိုက်သည့် ပျံသန်းရေး ရတနာမှာ ထိပ်တန်း မှော်ရတနာများထက် ကောင်းမွန်နေပြီ ဖြစ်သည်။
သူ့လက်ထဲတွင် ယာဉ်ပျံကို ကိုင်ဆောင်ထားရင်း မိုဝူကျီက ချိန်စုယင်ကို ထပ်မံ တွေးမိလာပြန်သည်။ ယာဉ်ပျံမှာ အင်မတန် အနုစိတ်ကာ လှပလွန်းပြီး ချိန်စုယင် ပေးထားသည့် ယာဉ်ပျံနှင့် ချွတ်စွပ် တူညီလုနီးပါး ဖြစ်သည်။
မိုဝူကျီက ယာဉ်ပျံကို တိတ်တဆိတ် သိမ်းထားလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည် “ဆရာကြီးဖူကျိ ... ကျုပ်တို့ အမြောက်တွေ ပြန်မတပ်ခင် စိတ်စွမ်းအင် ကျောက်ချော လုံလောက်အောင် အရင်စုကြတာပေါ့”
အမြောက်များကို တပ်ဆင်ဖို့ရာက ရိုးရှင်းလှပေသည်။ သို့သော်လည်း သူတို့တွင် စိတ်စွမ်းအင် ကျောက်ချောများ မရှိသောကြောင့် အမြောက်များ တပ်ဆင်ထားလျှင်ပင် တိုက်သင်္ဘောကို ရွေ့လျားအောင် လုပ်နိုင်မည် မဟုတ်ချေ။
“ညီလေးမို ... တိုက်သင်္ဘောက ပြီးသွားပြီဆိုတော့ နာမည် ပေးကြည့်ပါ့လား” လော့ချွမ်းဟယ် စကားများက မိုဝူကျီကို ခံစားချက်ထဲ မျောနေရာမှ သတိပြန်ဝင် လာစေသည်။
“တိုက်သင်္ဘောက အင်မော်တယ်လျှိုကို ဖြတ်ဖို့ဆိုတော့ နာမည်ပေးရမယ်ဆိုရင် ...” မိုဝူကျီက ခဏတာ စဉ်းစားနေပြီးနောက် ဆက်ပြောလိုက်သည်“ဒီတိုက်သင်္ဘောကို အင်မော်တယ် ကူးသန်းရေး သင်္ဘောလို့ ခေါ်ကြမယ်”
“ဒီနာမည် မဆိုးဘူး။ ကျုပ်တို့ရဲ့ အင်မော်တယ်လျှိုကို ဖြတ်ဖို့ ဆုံးဖြတ်ချက်ကို ဖော်ပြရာလည်း ရောက်တယ်” ဆရာကြီးဖူကျိက ဝင်ထောက်ခံ လိုက်သည်။
မိုဝူကျီက လက်ကို မြှောက်ကာ တိုက်သင်္ဘောကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အစီအရင်အလံ တစ်ခုကို ယူကာ အစီအရင် ဖွင့်ပေးပြီး ထုံညီအစ်ကိုဆီ လှမ်းအော် ပြောလိုက်သည် “တာအိုရောင်းရင်းတို့ ဝင်ခဲ့ပါ”
သူတို့က အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသော်လည်း ထုံချိန်နှင့် ထုံယဲ့တို့မှာ စိတ်ထဲ မထားပေ။ သေမင်းမိုင်းတွင်းတွင် နှစ်များစွာ ကုန်ဆုံးပြီးနောက် သူတို့၏ စိတ်ရှည်နိုင်စွမ်းမှာ သာမန်လူ တစ်ယောက်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ မဟုတ်လျှင် သူတို့နှစ်ယောက်က မိုဝူကျီ အစီအရင်ဘေး တစ်နှစ်လုံးလုံး နေခဲ့မည် မဟုတ်ပေ။
“အာ ... ခင်ဗျားက ဆရာကြီးဖူကျိလား” ထုံချိန် ဝင်လာသည်နှင့် သူက ဆရာကြီးဖူကျိကို ချက်ချင်း သတိပြုမိလိုက်ပြီး တအံ့တဩ မေးလိုက်သည်။
ဆရာကြီးဖူကျိက ထုံချိန်နှင့် ထုံယဲ့တို့မှာ ရင်းနှီးကြောင်း ခံစားမိနေသော်လည်း သူက ထိုနှစ်ယောက်၏ အမည်ကိုတော့ မသိပေ။ ထိုနှစ်ယောက်က သူ့ကို သတိပြုမိသည်ကို မြင်ပြီး သူက လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်သည် “ကျုပ်က ဖူကျိပါ ... တာအိုရောင်းရင်းတို့က ဘယ်သူများလဲ”
ထုံချိန်က မြန်မြန် ပြန်ဖြေလိုက်သည်“ကျုပ်တို့တွေက ဆရာကြီးပိုချင်ရဲ့ လမ်းညွှန်မှုတွေကို လက်ခံဖူးပါတယ်။ ဆရာကြီးပိုချင်က ခင်ဗျား အကြောင်းကို ခဏတိုင်း ပြောဖူးပါတယ်”
“ပိုချင် ... သူရော ရှိနေသေးလား” ဆရာကြီးဖူကျိ မျက်ဝန်းတွင် ပျော်ရွှင်ဝမ်းသာမှုများ ရုတ်ခြည်း ထွက်ပေါ်လာကာ တန်းမေးလိုက်သည်။
ထုံချိန် အမူအရာမှာ မှုန်မှိုင်းသွားပြီး “ဆရာကြီးပိုချင်က မုန့်ထျန်းယွီကြောင့် ဒီသေမင်းမိုင်းတွင်းထဲ အတင်းကျပ် အပို့ခံလိုက်ရတယ်။ ဆရာကြီးပိုချင်ကို ကျုပ်တို့ တွေ့တော့ သူ့ဝိညာဉ် လမ်းကြောင်းတွေက အရောင်မဲ့မျှော့တွေကြောင့် သစ်သားဖြစ်ပြီးနေပြီ ...”
ဆရာကြီးဖူကျိက သက်ပြင်းချလိုက်သည်။ အချိန် ခဏအကြာတွင် သူက မိုဝူကျီကို ပြောလိုက်သည် “တာအိုရောင်းရင်းမို ... ကျုပ် ဒီအင်မော်တယ် ကူးသန်းရေး သင်္ဘောမှာ စပါစဉ်က တာအိုရောင်းရင်းပိုချင်လည်း ကျုပ်နဲ့ အတူတူ ရှိတယ်။ သူ့ကို မုန့်ထျန်းယွီ ခေါ်သွားတာဆိုတော့ သေချာပေါက် မုန့်ထျန်းယွီမှာသတင်းပေး ရှိကို ရှိရမယ်”
မူလက ထုံချိန်နှင့် ထုံယဲ့မှာ အစီအရင်အတွင်း ဆရာကြီးဖူကျိကို မြင်လိုက်ရ၍ ဆရာကြီးဖူကျိမှာ ခေါင်းဆောင် ဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော် သူတို့က ဆရာကြီးဖူကျိ မိုဝူကျီကို ပြန်လည် ရှင်းပြနေသည်ကို ကြား၍ မိုဝူကျီမှာ ခေါင်းဆောင်မှန်း သိလိုက်ကြသည်။
“အာ ... ကျောက်တုံးနက်တွေ အများကြီးပဲ” ထုံယဲ့၏ စိတ်စွမ်းအားက ကျောက်တုံးနက်တွင်းဆီ ရောက်သွားကာ တအံ့တဩ ရေရွတ်လိုက်သည်။ တစ်ချိန်တည်းတွင် ထုံချိန်လည်း ကျောက်တုံးနက်များကို မြင်လိုက်ရ၍ အတော်လေး အံ့အားသင့်မိသွားသည်။ သူတို့က ထိုကျောက်တုံးနက် များစွာကို သယ်ဆောင် မသွားနိုင်ကြောင်း သိထားသော်လည်း အံ့ဩနေဆဲ ဖြစ်သည်။
“ခင်ဗျားတို့ နှစ်ယောက်က ဒီမှာ ပုန်းနေတာဆိုတော့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ တစ်ယောက်ယောက်ကို ရန်စမိလို့လား” မိုဝူကျီက ရုတ်တရက် မေးလိုက်သည်။
ထုံချိန်နှင့် ထုံယဲ့တို့က သေမင်းမိုင်းတွင်း၌ နေလာသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ ကျောက်တုံးနက် တွင်း အမျိုးမျိုးကို မြင်တွေ့ဖူးလေ၏။ ထို့ကြောင့် တအင်္ဂ အံ့ဩသွားပြီးနောက် သူတိုက ပြန်လည် တည်ငြိမ်သွားကြသည်။ မိုဝူကျီ စကားများကို ကြားပြီး ထုံချိန်က သက်ပြင်းချကာ “ဟုတ်တယ် ... ကျုပ်တို့က ဟုန်ဖူကျီလို့ ခေါ်တဲ့ လူကို ရန်စမိခဲ့တာပဲ။ သူ့မှာ နာမည်ပြောင် ရှိသေးတယ် ... သခင်ပုဆိန်တဲ့ ...”
***