← Chapters

ကျုပ်က စာဘယ်လို ဖတ်ရမှန်းတောင် သိတာ မဟုတ်ဘူး

Vol. 31 Ch. 426

ကျုပ်က စာဘယ်လို ဖတ်ရမှန်းတောင် သိတာ မဟုတ်ဘူး

Vol. 31 Ch. 426

“ဘယ်သူလဲ” မိုဝူကျီ လေသံမှာ အေးစက်နေသည်။ သူက တစ်ဖက်လူမှာ တာအိုသခင်ကွမ်းချွမ် ဖြစ်ကြောင်း သိထားသော်လည်း မသိချင် ဟန်ဆောင်နေခြင်း ဖြစ်၏။

ထိုလူ၏ ကျင့်ကြံဆင့်မှာ သူ့ထက် မြင့်နေပေမဲ့ ထိုသို့မြင့်နေလျှင်ပင် သူတို့နှစ်ယောက်လုံးမှာ မြေကမ္ဘာအင်မော်တယ် အဆင့်တူတူထဲ ရှိကြသည်။ ဝိညာဉ်ကြောမပါရှိဘဲ ချီသွေးကြောများကို အခြခံထားသည့် အစပြုသူ တစ်ဦးအနေနှင့် သူက အဆင့်တူအတွင်းမှ တခြားတစ်ယောက်ကို ကြောက်ရွံ့နေမည်ဆိုလျှင် သူ့ကိုယ်သူ အရှက်ခွဲသလို ဖြစ်မနေဘူးလား။ အကယ်၍ သူက အဆင့်တူအတွင်း ကြောက်ရွံ့နေမိလျှင် သူက ချီသွေးကြော ကျင့်စဉ် ဆက်လက် ကျင့်ကြံဖို့ရာ မတွေးသင့်တော့ပေ။

“ကျုပ်က ဒီ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ရဲ့ တာအိုသခင် ကွမ်းချွမ်ပါ။ ဒီနှစ်ယောက်ကတော့ အင်မော်တယ် ဖွေရှာရေး အဖွဲ့ခေါင်းဆောင် မုန့်ထျန်းယွီနှင့် ဧရာမကန္တာရ မဟာမိတ်ခေါင်းဆောင် ချင်ယွဲ့တို့ပါ ...” ကွမ်းချွမ်အသံမှာ တည်ငြိမ်နေပြီး ဖော်ရွှေစွာ ပြောလိုက်သည်။ သူက မိုဝူကျီကို လူသတ်သည့်အတွက် မေးခွန်းချက်ချင်း မထုတ်သေးဘဲ မိုဝူကျီကို သူ့ဘေးနားမှ လူနှစ်ယောက်နှင့် အရင် မိတ်ဆက်ပေးလိုက်သည်။

မိုဝူကျီက မုန့်ထျန်းယွီကို တစ်ချက် ကြည့်လိုက်သည်။ ထုံညီအစ်ကို အင်မော်တယ်တစ်ပိုင်း နယ်ပယ်သို့ မလာရဲသည့် အကြောင်းအရင်းမှာ သခင်ပုဆိန်ကြောင့်သာ မဟုတ်ဘဲ ထိုလူကိုလည်း ရန်စမိ၍ ဖြစ်သည်။ ထို့အပြင် အစ်ကိုလော့၏ ဝိညာဉ်ကြောများ သစ်သားအဖြစ် ပြောင်းလဲကုန်စေသည့် အဓိက တရားခံမှာလည်း ထိုလူ ဖြစ်ပေသည်။ သူ့ကြောင့်သာ မဟုတ်လျှင် အစ်ကိုလော့က အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ သေဆုံးသွားပေလိမ့်မည်။

ထိုလူက အထူးသစ်သားစွမ်းအားကို အသုံးချ၍ သူ့တိုက်ကွက်အဖြစ် ပြောင်းထားနိုင်သောကြောင့် လူတော်တစ်ယောက်ပင် ဖြစ်ရမည်။

မုန့်ထျန်းယွီ၏ မျက်နှာမှာ မည်းမှောင်လာသော်ငြား လော့ချွမ်းဟယ်နှင့် ထုံညီအစ်ကိုတို့ကို မြင်လိုက်သည့်အခါ မျက်ဝန်း၌ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

“ဪ ဒါက တာအိုသခင်ကွမ်းချွမ်ကိုး ... ဟုတ်ပါတယ်။ ကျုပ်က မိုဝူကျီပါ ...” မိုဝူကျီက လက်နှစ်ဖက် ဆုပ်လျက် နှုတ်ဆက်လိုက်သည်။

သူက မြေကမ္ဘာ အင်မော်တယ်အဆင့် ၁ ဖြစ်ကာ အဆင့်တူများကို စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်နိုင်သော်လည်း တာအိုသခင်ကို ဖိနှိပ်လိုလျှင်တော့ အနည်းငယ် လိုအပ်နေသေးပေ၏။ တာအိုသခင်မှာလည်း သူ့ကို ချိုးနှိမ် ဖိနှိပ်ထားနိုင်စွမ်း မရှိကြောင်း သိနေသည်။

“တာအိုရောင်းရင်းမိုရဲ့ စွမ်းရည်တွေက တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။ ကျုပ် ဒီကိစ္စကို အရင်က စုံစမ်းခဲ့ဖူးတယ်။ တာအိုရောင်းရင်းဟုန်က တာအိုရောင်းရင်းမိုကို ချောင်ပိတ်ထားတာက တကယ်ကို မသင့်တော်ပါဘူး။ ကျုပ် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ အားလုံးကို ညီတူညီမျှ ဆက်ဆံပေးပါတယ်။ တာအိုရောင်းရင်းဟုန်ရဲ့ အပြုအမူတွေကြောင့် တာအိုရောင်းရင်းမို ပြုမူလိုက်ရတယ် ဆိုတာ သိပါတယ်။ အခု ကျုပ်နဲ့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ရဲ့ မျှတ တရားမှုကို ထောက်ထားပြီးတော့ တာအိုရောင်းရင်းမိုက ဒီကိစ္စကို ခွင့်လွှတ်ပေးလို့ ရမလား” ကွမ်းချွမ် အသံမှာ အလွန် ညင်သာနေပေသည်။

မိုဝူကျီက ကွမ်းချွမ်အပေါ်တွင် အမြင်သစ်တစ်ခု ဖြစ်ပေါ်လာသည်။ သူက ကွမ်းချွမ်မှာ မုန့်ထျန်းယွီနှင့် အတူတူ လာစဉ်က သူတိုသည် သူ့အား သခင်ပုဆိန်ကို အတင်းကျပ် တောင်းပန်စေပြီးနောက် သူ့ကို ရှင်းထုတ်ရန် အကြောင်းပြချက် ရှာလိမ့်မည်ဟု တွေးထင်ခဲ့မိသည်။ တကယ် လက်တွေ့တွင်လည်း သူက ထိုသို့ ဖြစ်လာနိုင်ချေကို တွက်ထားပြီးသား ဖြစ်၏။ ကွမ်းချွမ်နှင့် မုန့်ထျန်းယွီတို့ တိုက်ခိုက်သည်နှင့် သူက အဆုံးမဲ့ လျှပ်စီးဓားကို အားအပြည့် ထုတ်လွှင့်လိုက်မည် ဖြစ်ကာ သွေးချောင်းစီးအောင် သတ်ပစ်မည် ဖြစ်သည်။

ကွမ်းချွမ်က အပေးအယူ သဘောမျိုးနှင့် ရောက်လာကာ သူ့အကြံအစည်များကို တားဆီးလိမ့်မည်ဟု ထင်မထားပေ။ သူက ထိုလူ ဘာတွေးနေသည်ကို မသိသော်လည်း ကွမ်းချွမ်က သူ့ကို ကြောက်သည်ဟု သူတို့ ပြောကြလျှင်ပင် မိုဝူကျီက ဘယ်တော့မှ ယုံမည် မဟုတ်ပေ။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်၏ တာအိုသခင် တစ်ယောက်အနေနှင့် သခင်ပုဆိန် အသတ်ခံရလျှင်ပင် ကွမ်းချွမ်အတွက် သူ့ကို ကြောက်ရွံ့နေဖို့ရာ မလိုအပ်ပေ။ ထိုလူမှာ ယခင် တာအိုသခင်ဝူနှင့်ပင် ရင်ဆိုင်ခဲ့ပြီး ဝူယုကို အနိုင်ယူခဲ့သေးသည် မဟုတ်ပါလော။

ဖြစ်နိုင်ချေ တစ်ခုမှာ ကွမ်းချွမ်က သူ့အား အသုံးချ၍ သခင်ပုဆိန်ကို ရှင်းထုတ်ကာ ဤနေရာရှိ ကျင့်ကြံသူ အားလုံးရှေ့တွင် တာအိုသခင် တစ်ယောက်၏ တည်ရှိမှုကို ပြသရန်သာ ဖြစ်လိမ့်မည်။

သခင်ပုဆိန် စိတ်ထဲ လေးလံလာလေကာ သူကွမ်းချွမ်ဆီမှ အစွန့်ပစ်ခံလိုက်ရမှန်း သိလိုက်သည်။ သူ့တွင် တန်ဖိုး မရှိတော့သောကြောင့် သူ ဟုန်ဖူကျီမှာ အသုံးမဝင်တော့ချေ။

ကွမ်းချွမ်က ထိုကိစ္စကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုနေသည်မှာ ကွမ်းချွမ်က သူ့အသက်ကို ကယ်တင်ချင်၍ မဟုတ်ဘဲ အင်မော်တယ်တစ်ပိုင်းနယ်ပယ်တွင် သူ့အာဏာစက် ချဲ့လို၍သာ ဖြစ်သည်။

သူ့ဘက်မှ အပျက်အစီးများစွာ ခံစားခဲ့ရသော်လည်း ကွမ်းချွမ်က ဂရုစိုက်မည် မဟုတ်ပေ။

“တာအိုသခင် ကွမ်းချွမ်က တောင်းဆိုမှတော့ ကျုပ်လည်း ငြင်းစရာတော့ မရှိပါဘူး” မိုဝူကျီက ပြောဖို့ရာ တွန့်ဆုတ်မနေပေ။

ကွမ်းချွမ် စကားများကြောင့် မိုဝူကျီသာ ဆက်တင်းခံနေပါက များပြားစွာသော ထိပ်တန်း ကျင့်ကြံသူများ ပူးပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရပေလိမ့်မည်။ သူက သခင်ပုဆိန်ကို သတ်ချင်သော်လည်း ယခုကား အချိန်မှန် မဟုတ်သေးပေ။ ဤတိုက်ပွဲတွင် သခင်ပုဆိန်၏ သဘာဝစွမ်းအားများ ထိခိုက်သွား၍ မြေကြီးမှ ကျောက်တုံးနက်ကိုပင် တူးနိုင်မည် မဟုတ်ပေ။ သူက သခင်ပုဆိန်ကို အချိန်မရွေး သတ်ပစ်နိုင်၏။ ထိုအခါ ရောက်လာသည့်အခါ ကွမ်းချွမ်က သေချာပေါက် ဝင်ပါတော့မည် မဟုတ်ပေ။

မုန့်ထျန်းယွီအတွက် မိုဝူကျီက တိုက်သင့်လားဟု စဉ်းစားနေဆဲ ဖြစ်သည်။ အကယ်၍ သူ တိုက်လိုက်ပါက ကွမ်းချွမ် အမူအရာ မည်သို့ ဖြစ်သွားမည်နည်း။

မိုဝူကျီက အင်မော်တယ် ဖွေရှာရေး အဖွဲ့သားများကို ဂရုမစိုက်ပေ။ ထိုအဖွဲ့အစည်းမှ အဖွဲ့ဝင်များမှာ အသက်ရှင်ဖို့ ကြိုးစားနေရုံမျှသာ ဖြစ်ပြီး အဖွဲ့အစည်းအတွက် သစ္စာတရား များများ စောင့်ထိန်းကြမည် မဟုတ်ပေ။ အဖွဲ့ဝင် ဆယ်ယောက် ရှိသည့်အထဲမှ တစ်ယောက်က မုန့်ထျန်းယွီအတွက် ကူညီပေးဖို့ ဆန္ဒရှိနေမည် ဆိုလျှင်ပင် အတော်လေး အံ့အားသင့်ဖို့ ကောင်းနေပြီ ဖြစ်၏။

ပိုအရေးကြီးသည့် တစ်ချက်မှာ မိုဝူကျီက ကွမ်းချွမ်နှင့် အခြားအဖွဲ့အစည်း ခေါင်းဆောင်များနှင့် စိတ်စွမ်းအင် ကျောက်ချောများ လဲလှယ်လိုသေးသည်။ အကယ်၍ ဤနေရာတွင် ထကြွသောင်းကျန်းလိုက်ပါက သူ့အတွက် စိတ်စွမ်းအင် ကျောက်ချော ရဖို့ရာ အလွန် ခက်ခဲသွားကာ အင်မော်တယ်လျှို တခြားတစ်ဖက်မှ ထိပ်တန်း ကျင့်ကြံသူကိုပါ အပြစ်ပြုမိ သွားနိုင်သည်။

“ရှီရှားကို ခေါ်လိုက် ... ငါတို့တွေ သွားကြမယ် ...” သခင်ပုဆိန်က ဒေါသကို ထိန်းချုပ်ရင်း ပြောလိုက်သည်။

မိုဝူကျီက နှာခေါင်းရှုံ့ကာ ခင်ဗျားတို့က ရှီရှားကို ခေါ်သွားချင် သေးတာလား ...

သူက လက်တစ်ချက် မြောက်လိုက်သည့်အခါ တျန်းဂျီတုတ်က ရှီရှားဆီ ရောက်ရှိသွားပြီး သူ့နောက်ဆုံး ထွက်သက်ကို နုတ်ယူသွားတော့သည်။

သေဆုံးသွားသည့် ရှီရှားကို ကြည့်ကာ မိုဝူကျီက မထူးမခြားနား ပြောလိုက်သည်။

“နောက်တစ်ခါဆိုတာ ထပ်မရှိတော့ဘူးလို့ ပြောခဲ့တယ် မလား”

သခင်ပုဆိန်က လက်သီးကျစ်ကျစ် ပါအောင် ဆုပ်ထားလိုက်ရင်း သူ့စိတ်ထဲ၌ ဒေါသမီး တောက်လောင် လာသည်။ သူက ပြန်မတိုက်ရဲသည်က ကံဆိုးလှပေသည်။ မိုဝူကျီက သူ့ကို တိုက်လာရန် တမင်ဆွနေခြင်း ဖြစ်ကြောင်းလည်း သိပေသည်။

မည်သူက ဘာမှ မပြောကြဘဲ သခင်ပုဆိန်ကိုသာ ကြည့်လိုက်ကြပြီး သူ ဘာလုပ်မည်ကို မြင်တွေ့လိုကြသည်။

“သခင်ပုဆိန် သွားကြရအောင်ပါ...” ယခုလေးတင် ရောက်လာသည့် ကူယာက မိုဝူကျီကို လျှော့တွက်မိကြောင်း သိသွားလေ၏။

သခင်ပုဆိန်မှာ အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး လှည့်ထွက်သွားသည်။ သူက စိတ်ထဲမှ ဒေါသမီးတောက်ကို ချိုးနှိမ်ထားရသည်။

“ဟုန်ဖူကျီ ... ဒီလို ထွက်သွားတော့မှာလား” မိုဝူကျီ၏ အသံက ထွက်ပေါ်လာသည်။

သခင်ပုဆိန်က ရုတ်တရက် ပြန်လှည့်လာကာ အော်ပြောလိုက်သည်။

“မိုဝူကျီ ... မင်းက ငါ့လူ၁၁ ယောက်ကိုတောင် သတ်ထားတာ ဘာများ ထပ်လိုချင်သေးလို့လဲ”

မိုဝူကျီက ကျောက်စိမ်းပေလွှာကို ထုတ်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။

“ဘာမှတော့ မဟုတ်ပါဘူး။ ခင်ဗျားက ကျုပ်ကို စိတ်စွမ်းအင် ကျောက်ချောတွေ အကြွေးတင် နေသေးတယ်လေ။ ခင်ဗျားလည်း သိတဲ့အတိုင်း အရင်တစ်ခါ ကျောက်တုံးနက်တွေ အတွက် ခင်ဗျားဆီက စိတ်စွမ်းအင် ကျောက်ချောကို ပြန်မရသေးဘူးလေ”

သခင်ပုဆိန်မှာ စိတ်လှုပ်ရှား လာသည်။ ရုတ်တရက်ဆိုသလို မိုဝူကျီကို ပေးဖို့ ကျန်ရှိနေသည့် စိတ်စွမ်းအင် ကျောက်ချော ငါးထောင်ကို အမှတ်ရသွား၏။ မဟုတ်သေးပါဘူး ... အတိုး ကျန်နေသေးသည်။

ဒေါသကို ချိုးနှိမ်ထားရသော သခင်ပုဆိန်က ဆက်၍ သည်းမခံနိုင်တော့ဘဲ သွေးတစ်ပွက်သာ အန်လိုက်ရတော့သည်။ ယခင် သူက ရှီရှားကို ကယ်တင်ရန် ချေးငွေစာရွက် ရေးပေးခဲ့ရသည်။ အစမှအဆုံးအထိ သူ ဟုန်ဖူကျီသည် ထို စိတ်စွမ်းအင် ကျောက်ချောများကို ပြန်ပေးရန် အစီအစဉ် မရှိခဲ့ချေ။

မိုဝူကျီက ထိုစာရွက်ကို ထုတ်၍ စိတ်စွမ်းအင် ကျောက်ချော တောင်းလိမ့်မည်ဟု မျှော်လင့်မထားပေ။

ဘေးနားမှ လေ့လာ စပ်စုနေကြသူများလည်း နားလည် သွားကြသည်။ သခင်ပုဆိန်က မိုဝူကျီနှင့် ရန်ငြိုးရန်စ ရှိလာသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သခင်ပုဆိန်က မိုဝူကျီ၏ ကျောက်တုံးနက်များကို လိုချင်သော်လည်း မပေးချေလိုသောကြောင့် ဖြစ်မည်မှန်း မှန်းဆမိကြသည်။

မဟုတ်သေးပါဘူး ... သခင်ပုဆိန်ကဲ့သို့ စက်ဆုပ် ရက်စက်တတ်သည့်သူက ချေးငွေစာရွက်ကို ရေးမည်လား။ သူတို့ တွေးမိသွားသည့်အခါ ထိုအရာမှာ မဖြစ်နိုင်ချေ။ သို့သော်လည်း သခင်ပုဆိန်က စိတ်စွမ်းအင်ကျောက်ချော သန်းဂဏန်းအတွက် ချေးငွေစာရွက် ရေးခဲ့လျှင်ပင် မည်သူက ပြန်တောင်းရဲမည်နည်း။

ယခု ထိုသို့လူမျိုး ပေါ်လာလေပြီ။ ထို့အပြင် သူက လူအများရှေ့တွင် တောင်းယူနေခြင်း ဖြစ်သည်။

“ငါက မင်းကို ဘယ်လောက် ပေးရမှာလဲ” မိုဝူကျီက ချေးငွေစာရွက်ကို အများရှေ့ ထုတ်ပြ လိုက်သောကြောင့် သခင်ပုဆိန်က နောက်ထပ် ရှောင်ရှား၍ မရသည်မှန်း သိလိုက်သည်။ အကယ်၍ သူက ထိုအကြွေးကို ငြင်းဆန်၍ မိုဝူကျီက တိုက်ခိုက်လာလျှင် ကွမ်းချွမ်အနေနှင့် သူ့ကို ကယ်တင်ဖို့ရာ အကြောင်းပြချက် ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် ယခု ကွမ်းချွမ်က မိုဝူကျီ စွမ်းအားများ တွေ့မြင်ထားသည့်အတွက် ကွမ်းချွမ်က သူ့ဘက် ရောက်လာဖို့ အခွင့်အရေး ပိုနည်းပေသည်။ ယခင်တစ်ခါ သူ့အား ကာကွယ်ပေးခဲ့ခြင်းသည် သူ့အာဏာစက် အတွက်ကြောင့် ဖြစ်သည်။

“အရင်က ခင်ဗျား ကျုပ်ကို စိတ်စွမ်းအင် ကျောက်ချော ငါးထောင် ပေးရမှာ။ နှစ်ထပ်အတိုး မှတ်ရတာတွေက အတော်လေး ရှုပ်သားဗျ ... ကျုပ်က စာ ဘယ်လို ဖတ်ရမှန်းတောင် သိတာ မဟုတ်ဘူး။ အဲဒါလည်း ကျုပ် မိုက်မဲမှုအတွက် ကိုယ့်ဘာသာ လွဲပြီး ဘယ်သူ့ကို အပြစ်ဖို့နိုင်မှာလဲ။ ကျုပ်ပဲ ဆုံးရှုံးမှာပဲလေ။ အဲဒါကြောင့် ကျုပ် နံပါတ်တစ်ခု သတ်မှတ်လိုက်တယ်။ ခင်ဗျားက ကျုပ်ကို စိတ်စွမ်းအင် ကျောက်ချော တစ်သောင်း ပေးရမယ်လို့ပဲ မှတ်လိုက်စို့ ...

အတိုးနှုန်းရယ်ဆိုရင် စုစုပေါင်း စိတ်စွမ်းအင် ကျောက်ချောနှစ်သောင်း နှစ်ထောင် ပေးရမယ် ...” မိုဝူကျီက ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည့်အလား နစ်နာဟန်ဖြင့် ပြောလိုက်သည်။

သခင်ပုဆိန်က သူ့လည်ချောင်းမှ ချိုမြမှုကို ခံစားမိလိုက်ရပြီးနောက် နောက်ထပ် သွေးတစ်ပွက် ထပ်အန်သွားသည်။ သူက ထိုသို့ အရှက်မဲ့သည့်သူမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ နှစ်ထပ် အတိုး တွက်လျှင်ပင် စိတ်စွမ်းအင် ကျောက်‌ချော နှစ်သောင်း နှစ်ထောင်နှင့် အလှမ်း ကွာဦးမည် ဖြစ်သည်။

“တာအိုရောင်းရင်းမို ... နှစ်ထပ် အတိုးကို ကျုပ် တွက်ပေးပါ့မယ် ...” ပေသီးက ပေသီးတွက်ခုံဖြင့် တွက်ချက်ရင်း ပြောလိုက်သည်။

မိုဝူကျီက လက်ကာပြရင်း အေးစက်စွာ ပြောလိုက်သည်။

“ကျုပ်က စာမတတ်ဘူးဆိုပြီး အနိုင်ကျင့်မလို့လား။ ခင်ဗျား တွက်တာ မှန်၊ မမှန် ဘယ်လိုလုပ် သိမှာလဲ။ ကျုပ်ကို မပေးချင်တာ မလား။ ကောင်းတယ် ... ကောင်းတယ်”

အကယ်၍ ပေသီးသာ မိုဝူကျီက ကမ္ဘာမြေ၌ ထိပ်တန်း ဇီဝဗေဒနှင့် ဆေးဝါးဆိုင်ရာ ပညာရှင်မှန်း သိလျှင် သခင်ပုဆိန်ကဲ့သို့ သွေးအန် သွားပေလိမ့်မည်။

သခင်ပုဆိန်က ပေသီးကို လက်ကာပြလိုက်သည်။ သူက မိုဝူကျီဆီ သိုလှောင်လက်စွပ် တစ်ကွင်း ပစ်ကာ

“ဒီထဲမှာ စိတ်စွမ်းအင် ကျောက်ချော နှစ်သောင်း နှစ်ထောင် ပါတယ်။ ကျုပ်ဆီကို ကျောက်စိမ်းပေလွှာ ပြန်ပေး။ အခု တစ်ယောက်နဲ့ တစ်ယောက် ဘာမှ အကြွေး မရှိတော့ဘူး”

မိုဝူကျီလက်ထဲတွင် ထိုသို့ ကျောက်စိမ်းပေလွှာမျိုး အခုရေတစ်သောင်း ရှိနေလျှင်ပင် သူ ဟုန်ဖူကျီက ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် ယခုတွင် မိုဝူကျီ လုပ်နိုင်စွမ်းကို မျက်မြင်ကိုယ်တွေ့ မြင်ထားပြီးပြီ ဖြစ်ရာ မိုဝူကျီလက်ထဲ၌ နောက်ထပ် ချေးငွေစာရွက် ချန်မထားရဲတော့ပေ။ အကယ်၍ သူ ပြန်မယူလျှင် မိုဝူကျီက ထိုကျောက်စိမ်းပေလွှာကို သုံး၍ သူ့ဆီမှ စိတ်စွမ်းအင် ကျောက်ချောများကို ဆက်လက် တောင်းယူနေမည်မှာ သေချာနေသည်။

မိုဝူကျီက လက်စွပ်ကို ယူရင်း စိတ်စွမ်းအားဖြင့် အလျင်အမြန် စစ်ဆေး ကြည့်လိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပေလွှာကို သခင်ပုဆိန်ဆီ ပစ်ပေးလိုက်ကာ မထူးမခြားနား ပြောလိုက်သည်

“ဟုန်ဖူကျီ ... နောင် ကျုပ် ကိစ္စရှိရင် ခင်ဗျားကို ဆက်ဆက် လာရှာလှည့်မယ်”

သခင်ပုဆိန် မျက်နှာတွင် ဒေါသရိပ်များ ဖုံးလွှမ်းနေသည်။ သူက ကျောက်စိမ်းပေလွှာကို လက်ခံပြီးသည်နှင့် ကြည့်ပင် မကြည့်တော့ဘဲ လှည့်ထွက်သွားသည်။

“တာအိုရောင်းရင်းမိုက ကျုပ် တာအိုသခင် အိမ်တော်ကို‌ရော လာရောက်ဖို့ အချိန်အားရဲ့လား ...” သခင်ပုဆိန် ထွက်သွားသည်နှင့် ကွမ်းချွမ်က မိုဝူကျီကို ပြုံးကာ မေးလိုက်သည်။

မိုဝူကျီက ကွမ်းချွမ်နှင့် အရောင်းအဝယ် လုပ်ရန် စိတ်ကူးထားသည့်အတွက် ယခု ကွမ်းချွမ်က အရင်ဖိတ်ကြား လာသည့်အခါသူ မငြင်းသည်မှာ သဘာဝကျပေသည်။ သူက ပြုးရင်း

“တာအိုသခင်ကွမ်းချွမ် ဖိတ်ကြားတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျုပ်လည်း တာအိုသခင်ဆီ လာတွေ့ဖို့ စဉ်းစားနေတာပါ ...”

“တာအိုရောင်းရင်းမိုက အတော်လေး အံ့ဩဖို့ကောင်းသား။ ခင်ဗျားရဲ့ လျှပ်စီးတိုက်ကွက်က သာလွန်နေရုံတင် မကဘူး။ အထူး သစ်သားစွမ်းအားကို ဖြေရှင်းနိုင်တာကလည်း ကျုပ် လုပ်နိုင်ဖို့ မျှော်လင့်ရုံပဲ တတ်နိုင်တဲ့ အရာလေ” ဘေးမှ မုန့်ထျန်းယွီက ဝင်ပြောလိုက်သည်။

မုန့်ထျန်းယွီက ကွမ်းချွမ်အားမိုဝူကျီကို ပို၍ သတိထားသင့်ကြောင်း ပြောနေခြင်း ဖြစ်သည်။ သို့သော်လည်း သူက မိုဝူကျီက မည်သို့ လူစားမျိုး ဖြစ်ကြောင်းနှင့် စောစောလေးမှ မိုဝူကျီ လုပ်ဆောင်ခဲ့သည့် အရာများကို မေ့လျော့ ထားလေ၏။

မုန့်ထျန်းယွီက ဆက်မပြောခင် မိုဝူကျီက ဖြတ်ပြောလိုက်သည်“အဖွဲ့အစည်း ခေါင်းဆောင် မုန့် ... ခင်ဗျားနဲ့ကျုပ် ဖြေရှင်းဖို့ အကြွေးတချို့ ကျန်သေးတယ်မလား”

အကယ်၍ မုန့်ထျန်းယွီ မပြောလျှင် မိုဝူကျီက မုန့်ထျန်းယွီနှင့် ဖြေရှင်းဖို့ရာအတွက် အကြောင်းပြချက် ရှာမည့်ကိစ္စကို စဉ်းစားနေမိဦးမည် ဖြစ်သည်။ ယခု မုန့်ထျန်းယွီက တောင်းဆိုသောကြောင့် ဖြစ်လာသမျှကိစ္စတိုင်းအတွက် မိုဝူကျီကို အပြစ်မတင်သင့်ပေ။

စကားအဆုံးတွင် မိုဝူကျီက လူအုပ်ကြီးဘက် လှည့်ကာ “တာအိုရောင်းရင်း မိတ်ဆွေတို့ ... ကျုပ် စီနီယာအစ်ကို လော့ချွမ်းဟယ် အင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲ ရောက်လာစဉ်က မုန့်ထျန်းယွီကြောင့် မည်မည်ရရ အကြောင်းပြချက် မရှိဘဲ သစ်သားအဖြစ် အပြောင်း ခံလိုက်ရတယ်။ အဲဒီ အကြောင်းပြချက်ကိုတော့ အားလုံးလည်း သိကြမယ် ထင်ပါတယ်။ အခု ကျုပ်က အင်မော်တယ်‌ ဖွေရှာရေး ခေါင်းဆောင်ကိုယ်တိုင် ရှင်းပြနိုင်လိမ့်မယ်လို့ ထင်တယ်။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ရဲ့ တရားမျှတမှုကို နာမည်မပျက်စေဖို့ မဟုတ်တတ်ကရ အကြောင်းပြချက်တွေ မပေးဖို့ မျှော်လင့်ပါတယ် ...”

လော့ချွမ်းဟယ် ကိစ္စကို သိလိုက်ကြသည့် လူများမှာ သိပ်မများလှပေ။ လော့ချွမ်းဟယ်မှာ မိုဝူကျီကဲ့သို့ ဖမ်းဝရမ်း ထုတ်ခံရသည့် လူသစ်လေး မဟုတ်ချေ။ ယခု မိုဝူကျီက ပြောလိုက်သည့်အခါ ဘေးနားမှ လူများက စတင် မေးမြန်းလာကြရင်း အကြောင်းအရင်းမှာ အမြန်အဆန် ပေါ်လာလေ၏။

မုန့်ထျန်းယွီ၏ မျက်နှာမှာ ပုံဆိုးပန်းဆိုး အမူအရာ ပျက်လာပြီး မိုဝူကျီက သူ့ကို ဤသို့ စိန်ခေါ်လိမ့်မည်ဟု ထင်မထားပေ။ ဟုန်ဖူကျီက မိုဝူကျီကို ကြောက်သော်လည်း သူ မုန့်ထျန်းယွီက မကြောက်ချေ။

***

All Chapters