← Chapters

နောက်ထပ် အကြွေးမှတ်ခြင်း

Vol. 31 Ch. 428

နောက်ထပ် အကြွေးမှတ်ခြင်း

Vol. 31 Ch. 428

“ဘုန်း ...” မျက်စိစူးဖွယ် အလင်းက မိုဝူကျီရှေ့ ပေါက်ကွဲသွားလေ၏။ မိုဝူကျီ၏ အပြုအမူများမှာ အနည်းငယ် တုံ့ဆိုင်းသွားလေ၏။ ထိုအခိုက်အတန့်လေးကို အသုံးချ၍ မုန့်ထျန်းယွီမှာ သေခြင်းတရား လက်တစ်ကမ်းအလိုမှ ထွက်ပြေးသွားသည်။

မိုဝူကျီက စိတ်ထဲ ကျိန်ဆဲလိုက်သည်။ ထိုလူအိုကြီးများတွင် ကိုယ်ပိုင်လှည့်ကွက် ကိုယ်စီ ရှိကြပေသည်။ ဤလူမှာလည်း ဤသို့မျိုး အခြေအနေအောက်မှ လွတ်မြောက်အောင် ပြေးသွားနိုင်သေးသည်။ ယခု မုန့်ထျန်းယွီက သူ့လက်မှ လွတ်မြောက် သွားသောကြောင့် သူ့အတွက် ထိုလူကို သတ်ရန် ခက်ခဲပေလိမ့်မည်။

မိုဝူကျီက မုန့်ထျန်းယွီကို သတ်ရန် စိတ်ကူးထားသောကြောင့် လက်မလျှော့နိုင်ပေ။ သူ လှုပ်ရှားတော့မည့်ဆဲဆဲတွင် ကွမ်းချွမ်က မုန့်ထျန်းယွီရှေ့မှ ကာရပ်ကာ  လက်နှစ်ဖက်ဆုပ်လျက်   “တာအိုရောင်းရင်းမိုဆီက ကျုပ်တို့တွေ အများကြီး သင်ယူခဲ့ရပါတယ်”

“တာအိုသခင်ကွမ်းချွမ် ... ခင်ဗျားက သူ့ဘက် ပါလိုက်တာလား” မိုဝူကျီဆီမှ သတ်ဖြတ် အငွေ့အသက်များမှာ စတင် ဖြစ်တည်လာပြီး သူ့အသံမှာလည်း မလိုလားဟန်များ ပါဝင်နေသည်။ သူ့အကြံအစည်ကြောင့်သာ မဟုတ်လျှင် ကွမ်းချွမ်ဆီ လျှပ်စီးဓားတစ်ချက် ပစ်လွှတ်လိုက်လေပြီ။

သူ့ပါးစပ်က ကွမ်းချွမ်နှင့် ပြောဆိုနေသော်လည်း မိုဝူကျီ လက်က မလှုပ်ရှားဘဲ မနေချေ။ သူက လက်တစ်ချက် ဝှေ့ကာ မုန့်ထျန်းယွီ၏ တော်ဝင်တုတ်ကို ယူလိုက်သည်။ တစ်ချိန်တည်းတွင် သူက တော်ဝင်တုတ်ကို စိတ်စွမ်းအားဖြင့် ပိတ်လိုက်ပြီး လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။

ကွမ်းချွမ်က မိုဝူကျီ အပြုအမူများကို မမြင်လိုက်သကဲ့သို့ ပြုမူကာ ဆက်ပြုံးပြနေရင်း ပြောလိုက်သည်  “ကျုပ်ရဲ့အင်မော်တယ်တစ်ပိုင်း နယ်ပယ်က အမြဲတမ်း တရားမျှတမှု ရှိပါတယ်။  ကျုပ် ဘယ်ဘက်ကိုမှ မရွေးပါဘူး။

ဘာလို့လဲဆိုတော့ အဖွဲ့အစည်းခေါင်းဆောင်မုန့်က တာအိုရောင်းရင်းလော့ကို ဒဏ်ရာရစေခဲ့ပြီးတော့ တာအိုရောင်းရင်းမိုက ဆေးပင်တွေ၊ ဆေးလုံးများစွာနဲ့ ကုသပေးခဲ့ရတယ်။  ကျုပ်ကပဲ ဒီကိစ္စကို ကြားဝင် ဖြေရှင်းပေးပါရစေ ... အဖွဲ့အစည်းခေါင်းဆောင်မုန့်က တာအိုရောင်းရင်းမိုရဲ့ ခွင့်လွှတ်မှု ရအောင် လျော်ကြေးအဖြစ် သင့်တော်တဲ့ တစ်ခုခုကို ပြန်ပေးရင်ရော ဘယ်လိုလဲ။ အဖွဲ့အစည်းခေါင်းဆောင်မုန့်နဲ့ တာအိုရောင်းရင်းမိုရော ဘယ်လိုထင်လဲ။  ခင်ဗျားတို့နှစ်ယောက် သဘောမတူရင်တော့  ဒီဟာကို ကျုပ် လာရှုပ်မိတယ်ပဲ ထားလိုက်ပါ ... ”

မုန့်ထျန်းယွီက မိုဝူကျီ တစ်ယောက် သူ့ထိပ်သီး ရတနာဖြစ်သည့် တော်ဝင်တုတ်ကို သိမ်းလိုက်သည်ကို မြင်သောအခါ သူ့နှလုံးသားမှ သွေးစိမ်းရှင်ရှင် ထွက်နေလေပြီ။ သူက ဆေးလုံးတချို့ သောက်သုံးလိုက်ရပြီး မိုဝူကျီ လက်ချက်ဖြစ်သည့် သူ့လည်ပင်းမှ ထိခိုက်မှုကို ပြန်ကောင်းလာအောင် ပြုလုပ်လိုက်သည်။ သူကဲ့သို့ ထိပ်တန်း ကျင့်ကြံသူ တစ်ယောက်အတွက် သူ့အတွင်းအင်္ဂါများနှင့် အရိုးများ တစ်စစီ ဖြစ်နေလျှင်ပင် ဘာဆိုဘာမျှ မဟုတ်ပေ။ မိုဝူကျီ လက်ချက်ကြောင့် လည်ပင်းရိုး ကျိုးသည့်ကိစ္စက ဘာများ ထူးဦးမည်လဲ။

သူ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားသည့် အကြောင်းအရင်းကို နားလည်လိုက်သည်။ သူက မိုဝူကျီထက် အားနည်းနေ၍ မဟုတ်ဘဲ သူ့တိုက်ကွက်ကို အထင်ကြီးမိ၍ ဖြစ်သည်။ မိုဝူကျီက သူ့တိုက်ကွက်မှ လွတ်မြောက်လာပြီး သူ့ဘေးနား ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မျှောင်လင့်မထားမိပေ။ ထိုအရာမှာ အမှန်ပင် ကြောက်ဖို့ ကောင်းလှသည်။ ကွမ်းချွမ် သူ့ကို ကူညီသည့် အကြောင်းအရင်းမှာ ကွမ်းချွမ်က မိုဝူကျီ စွမ်းအားများကို မြင်တွေ့ပြီးပြီး ဖြစ်၍ မိုဝူကျီမှ  သူ့မဟာမိတ်များကို တစ်ယောက်ပြီး တစ်ယောက် ဖျက်ဆီးနေသည်ကို ထပ်မမြင်တွေ့လို၍သာ ဖြစ်သည်။

“တာအိုရောင်းရင်းမို ... စောစောလေးက ကျုပ်က စွမ်းရည် စမ်းသပ်ကြည့်တာပါ။ တကယ်လို့  စိတ်မကြည်အောင် လုပ်မိရင် ကျုပ်ကပဲ တာအိုရောင်းရင်မိုရဲ့ ခွင့်လွှတ်မှုကို တောင်းခံပါတယ်။ တာအိုရောင်းရင်းလော့ ကုသမှုအတွက် ကုန်ကျစရိတ်ကိုတော့ ကျုပ် ပေးပါ့မယ်။ တာအိုရောင်းရင်းမိုပဲ တစ်ချက် တွက်ပေးပါဦး ...” မုန့်ထျန်းယွီက လက်သီးဆုပ်လျက် ချက်ချင်းဆိုသလို ပညာသင်‌ကျောင်းသား တစ်ယောက် ပုံစံ ပေါ်လာသည်။ မိုဝူကျီ၏ စွမ်းအားမှာ သူ့မျှော်မှန်းထားသည်ထက် ပိုပေသည်။ အကယ်ဥ မိုဝူကျီနှင့် ဆက်တိုက်နေပါက ကွမ်းချွမ်က ဝင်ပါလိမ့်မည် မဟုတ်ပေ။ မိုဝူကျီက မတန်တဆ တောင်းမည်မှန်း သိသော်လည်း အံကို ကြိတ်ထားကာ လက်ခံရုံပဲ တတ်နိုင်လေသည်။

မိုဝူကျီက ပြောစရာ ရှာမတွေ့ ဖြစ်သွားလေ၏။ တချို့လူများသည် အရေတော်တော်‌ ထူကြပေသည်။ သူလည်း သူတို့ဆီမှ သင်ယူသင့်ပေသည်။ တစ်ခါတစ်ရံ၌ အရေထူနေခြင်းက မကောင်းသည့် အရာတော့ မဟုတ်ပေ။ သို့သော်လည်း သူက ကွမ်းချွမ်နှင့် ကျောက်တုံးနက် လဲလှယ်ဖို့ရာ ကြံစည်နေသည့်အတွက်  အခု သူက ကွမ်းချွမ်နှင့် မရင်ဆိုင်လိုသေးပေ။ ထို့အပြင် သူက ကွမ်းချွမ်ကို အနိုင်ရသွားလျှင် အင်မော်တယ်နယ်မြေမှ ကျင့်ကြံသူများကို  သတိပေးသလို ဖြစ်သွားနိုင်သည်။

“စုစုပေါင်း စိတ်စွမ်းအင် ကျောက်ချော ၆ ၃၇၈ ၀၀၀ ကျတယ်။ ဒါပေမဲ့ တာအိုသခင်ကွမ်းချွမ်ကို ထောက်ထားပြီးတော့ ကျုပ် စိတ်စွမ်းအင် ကျောက်ချော ၆ သန်းပဲ ယူပါ့မယ်လေ ”

မိုဝူကျီ စကားများက လူအားလုံးကို ကြောင်အသွားစေသည်။ ထိုအရာမှာ အတော်‌လေး မရက်စက်လွန်းပေဘူးလား။ မုန့်ထျန်းယွီပင် ထိုမျှ စိတ်စွမ်းအင် ကျောက်ချောများ ထုတ်ပေးနိုင်မည် မဟုတ်ပေ။

စိတ်စွမ်းအင် ကျောက်ချော ၆ သန်းကို အသာထား မုန့်ထျန်းယွီမှာ ဆယ်ပုံတစ်ပုံ မဟုတ်သေးပါဘူး  ... အပုံတစ်ရာပုံလျှင်ပင် တစ်ပုံ ထုတ်ပေးနိုင်မည် မဟုတ်ပေ။

ကွမ်းချွမ်လည်း မျက်မှောင်ကြုတ်မိလိုက်သည်။ မိုဝူကျီက ထိုမျှ ဈေးကို ဆိုလိမ့်မည်ဟု ထင်မထားပေ။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် မည်သူကမျှ ထိုမျှပမာဏကို ထုတ်ပေးနိုင်မည် မဟုတ်ပေ။

ထင်ထားသည့်အတိုင်း မုန့်ထျန်းယွီ၏ မျက်နှာအရောင်မှာ ပြောင်းလဲလာသည်။ သူက မိုဝူကျီက ထိုမျှ ရူးမိုက်လိမ့်မည်ဟု ထင်မထားပေ။

“တာအိုရောင်းရင်းမို ... ကျုပ် အဲဒီလောက် မထုတ်ပေးနိုင်တာကို ခင်ဗျား သိသင့်ပါတယ် ...” မုန့်ထျန်းယွီ မျက်နှာမှာ အင်မတန် အေးစက်နေသည်။

မိုဝူကျီက ချက်ချင်း ချေပလိုက်သည်  “စိတ်စွမ်းအင်‌ ကျောက်ချော မရှိဘဲနဲ့ တခြားသူကို ထိခိုက်အောင် လုပ်ရဲတယ်လား။ ဒါက အနိုင်ကျင့်တာ မဟုတ်ဘူးလား ...”

မုန့်ထျန်းယွီက  စိတ်ထဲမှ “ဒီလူအိုကြီး‌တောင် မင်းဆီ အရိုက်ခံထားရတာ မဟုတ်ဘူးလား။ အဲဒါကျ ငါ့ကို အနိုင်ကျင့်တယ်လို့ မပြောရပါ့လား ...”

ကံဆိုးသည်က သူက ထိုအရာကို ထုတ်မပြောရဲချေ။

“ကျုပ်ဆီမှာ စိတ်စွမ်းအင် ကျောက်ချော သုံးသိန်း တစ်သောင်းပဲ ရှိတယ်။ တာအိုရောင်းရင်းမို ဆန္ဒရှိရင်တော့ အခုချက်ချင်း ပေးနိုင်ပါတယ်” မုန့်ထျန်းယွီက ပြောရင်း သတင်းပို့ အလင်းများ ထုတ်လွှင့်လိုက်သည်။

မကြာခင်တွင် သူ့ဘေး၌ ပုံရိပ်ဆယ်ခု ကျရောက်လာသလို အဝေးတွင်လည်း လူများက ဆက်တိုက် ရောက်လာဆဲ ဖြစ်သည်။

အမွှေးတိုင်တစ်ဝက်ခန့် ကြာချိန်တွင် မုန့်ထျန်းယွီဘက်၌ လူသုံးဆယ်ကျော် ရောက်နေလေပြီ။

တစ်ချိန်တည်းတွင် ကွမ်းချွမ်ဘက်၌လည်း ကျင့်ကြံသူများ စုရုံးလာကြသည်။ ကွမ်းချွမ်၏ အင်မော်တယ်တစ်ပိုင်း နယ်ပယ်အပေါ် ထိန်းချုပ်မှုသည် ဘာမှမဟုတ်သည့် အရာအတွက် မဟုတ်ကြောင်း သိသာနိုင်သည်။ ကွမ်းချွှမ်၏ လက်ရှိ အပြုအမူများသည် မိုဝူကျီကို ဖိအားပေးဖို့ ကြိုးစားနေခြင်းသာ ဖြစ်၏။ သူက မိုဝူကျီအား မုန့်ထျန်းယွီကို မသတ်စေလိုပေ။

“မုန့်ထျန်းယွီ ... ခင်ဗျားကလည်း ဟုန်ဖူကျီလိုမျိုး ကျပ်ကို ဝိုင်းတိုက်ချင်တာလား။ ဒီနေ့ ခင်ဗျား စိတ်ကြိုက် လုပ်ခွင့် ပေးလိုက်မယ်။ လာစမ်းပါ ...” မိုဝူကျီက ရှေ့တိုးလိုက်ရင်း မုန့်ထျန်းယွီဆီ ချဉ်းကပ်လိုက်သည်။

မုန့်ထျန်းယွီ မျက်နှာမှာ အမူအရာ ပိုပျက်လာသည်။ သူက မိုဝူကျီ၏ လျှပ်စီးဓား တိုက်ကွက်ကို သိထားပေ၏။ ရင်ဆိုင်တိုက်ခိုက်လျှင် သူ့ဘက်မှ အရေးမသာနိုင်ပေ။ ထို့အပြင် အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ သူ့ရန်သူမှာ မိုဝူကျီ တစ်ယောက်တည်း မဟုတ်ပေ။

“တာအိုရောင်းရင်းမို ... တကယ်လို့ စိတ်စွမ်းအင် ကျောက်ချောလိုချင်ရင် ကျုပ်နဲ့ ဆွေးနွေးလို့ ရပါတယ်” ကွမ်းချွမ်လည်း ရှေ့တက်လာသော်လည်း မျက်နှာတွင် ပြုံးထားဆဲ ဖြစ်သည်။ သို့သော်လည်း သူ့ဘေးနားမှ ကျင့်ကြံသူများက နေရာဖြန့်ကာ မိုဝူကျီတို့အဖွဲ့ကို  ဝိုင်းထားလိုက်ကြသည်။

ကွမ်းချွမ်က မိုဝူကျီသည် စိတ်စွမ်းအင် ကျောက်ချော အများအပြား လိုအပ်နေကြောင်း ခန့်မှန်းမိသည်။ သူက မိုဝူကျီ ဘာလုပ်ဖို့ လိုအပ်နေမှန်း မသိသော်လည်း မိုဝူကျီ၏ ရည်ရွယ်ချက်ကို သိနေသည် ဖြစ်၍ စီစဉ်နိုင်ပြီ ဖြစ်၏။

မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ အနည်းဆုံးတော့ လူရာကျော် ရှိပြီး အမှောင်ထဲ၌ ပုန်းကွယ်နေသူများလည်း ရှိနေနိုင်သေးသည်။

မိုဝူကျီက တိတ်တဆိတ် လက်သီး ဆုပ်ထားလိုက်သည်။ ဤနေရာတွင် အမှန်တကယ် တိုက်ခိုက်လိုသော်လည်း သူက သည်းခံရမည်မှန်း သိ၏။ သူ့ကျင့်ကြံဆင့်မှာ မလုံလောက်သေးရုံ သာမက ကွမ်းချွမ်၏ အကူအညီကို လိုအပ်နေဆဲ ဖြစ်သည်။ ကွမ်းချွမ်က စိတ်စွမ်းအင် ကျောက်ချော ဆယ်သန်းလောက် မရှိနိုင်သော်လည်း သူတွင် အင်မော်တယ်နယ်မြေနှင့် အရောင်းအဝယ် လုပ်နိုင်မည့် နည်းလမ်း ရှိနေပေသည်။

သူက ထိုအတွေးဖြင့် မိုဝူကျီက စိတ်မရှည်မှုကို ချိုးနှိမ်ထားလိုက်သည်။ ထို့နောက် သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “တာအိုသခင်ကွမ်းချွမ်က ပြောနေမှတော့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်အတွက် ကျုပ်လည်း စဉ်းစားပေးပါ့မယ်။ အဖွဲ့အစည်း ခေါင်းဆောင်မုန့် ခင်ဗျားရှိသလောက်သာ ပေးတော့။ ပြီးရင်တော့ ကြွေးကျန်  စိတ်စွမ်းအင် ကျောက်ချော ငါးသန်း ခုနစ်သိန်းအတွက် ချေးငွေစာချုပ် ရေးပေး။ လစဉ် အတိုးနှုန်းက စိတ်စွမ်းအင် ကျောက်‌ချော တစ်သောင်း ရှိလိမ့်မယ် ”

မိုဝူကျီက ပြောလိုက်ရင်း ဆရာကြီးဖူကျိနှင့် အခြားလူများကို ကြည့်လိုက်သည်။

မုန့်ထျန်းယွီက နောက်ဆုံးတော့ သခင်ပုဆိန်၏ ခံစားချက်များကို နားလည်သွားလေသည်။ သူ့မျက်နှာမှာ အစိမ်းရောင် သမ်းနေပြီ ဖြစ်၏။ သို့သော်လည်း သူသာ သဘောမတူပါက ဤနေရာတွင် တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားလာလိမ့်မည်။ ဤတိုက်ပွဲ၌ ကွမ်းချွမ်က ဝင်ပါရန် ခက်ခဲလှပေမည်။ လက်ရှိ အခြေအနေဖြင့် တခြားသော ကျင့်ကြံသူများကို ဒေါသမထွက်စေရန် ရှောင်လွဲ၍ မရလောက်ချေ။ အကယ်၍ မိုဝူကျီက ဤကိစ္စကို အငြိုးထား၍  အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ ပုန်ကန်မှု ဖြစ်လာစေခဲ့လျှင် ကိစ္စများမှာ အဆုံးသတ်ကုန်မည် ဖြစ်သည်။

ကွမ်းချွမ်က မုန့်ထျန်းယွီကို စိတ်ချင်း ဆက်သွယ်လိုက်သည်  “ညီလေးမုန့် လက်ခံလိုက်ပါ ... သူက အဲဒီစိတ်စွမ်းအင် ကျောက်ချောတွေကို မရနိုင်ပါဘူး။ ဒီလူက ရူးနေတဲ့ လူတစ်ယောက်ပဲ။ အရင်ဆုံး ဒီအခြေအနေကို ဖြေရှင်းကြတာပေါ့။ ဒီလို အခြေအနေအောက်မှာ သူ့ကို တိုက်ခိုက်ဖို့က မသင့်တော်ဘူး   ”

“ကျုပ် လက်ခံတယ်” မုန့်ထျန်းယွီက ထိုစကားများကို ပြောလိုက်ရင်း မိုဝူကျီဆီ လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်သည်။ တစ်ချိန်တည်းတွင် သူက ကျောက်စိမ်းပေလွှာထုတ်၍ ချေးငွေစာချုပ် ရေးပေးလိုက်သည်။ အမှတ်အသား ပြုပြီးနောက် မိုဝူကျီဆီ ပစ်ပေးလိုက်သည်။

မိုဝူကျီက ကျောက်စိမ်းပေလွှာနှင့် လက်စွပ်ကို စိတ်စွမ်းအားဖြင့် သေချာ စစ်ဆေး ကြည့်လိုက်သည်။ ထို့နောက် သူက သိမ်းဆည်း ထားလိုက်သည်။ ယခင် သူ တောင်းယူထားသော စိတ်စွမ်းအင် ကျောက်ချော နှစ်သောင်းနှင့် ယခုအခါ သူ့၌ စိတ်စွမ်းအင် ကျောက်‌ချော ၃၃၂ ၀၀၀ ရှိနေလေပြီ။ ဤပမာဏမှာ သူ့အတွက် မြေကမ္ဘာအင်မော်တယ် အဆင့် ဆက်တက်ရန် လုံလောက်ပေသည်။

သူက မြေကမ္ဘာအင်မော်တယ် နောက်ပိုင်းအဆင့် ရောက်သည်နှင့် လူများစွာ ဝိုင်းရံခံထားရလျှင်ပင် သူ့လျှပ်စီးဓားဖြင့် အားလုံးကို သတ်ပစ်နိုင်လိမ့်မည်။ ထို့ကြောင့် သူက အလျင်မလိုပေ။ ယခု သူ ကြိုးစားရန် လိုအပ်နေသည့်အရာမှာ ကျင့်ကြံဆင့် မြင့်လာရန် ဖြစ်သည်။

“တာအိုရောင်းရင်းမို  ... ကျုပ်ကို ကျုပ်မှော်ရတနာ ပြန်မပေးသင့်ဘူးလား ” မိုဝူကျီက စိတ်စွမ်းအင် ကျောက်ချောများ သိမ်းလိုက်သည်ကို မြင်၍ မုန့်ထျန်းယွီ လေသံမှာ တည်ငြိမ်လာပြီး မေးလိုက်သည်။

မိုဝူကျီက နားမလည်စွာ ပြန်မေးခွန်း ထုတ်လိုက်သည်။

“ခင်ဗျားရဲ့ မှော်ရတနာလား။ ဘာပါလိမ့် ... စောစောက ကျုပ် ကြုံရာကျပန်း ကောက်ယူလိုက်တဲ့ သစ်သားတုတ်လေးလား ...”

“ဟုတ်တယ် ... ခင်ဗျား ကောက်ယူသွားတဲ့ သစ်သားတုတ်ပဲ ...” မုန့်ထျန်းယွီ နှလုံးခုန်နှုန်းမှာ မီးခိုးတိုင်မှ ထွက်လာသည့် မီးခိုးအလား မြင့်တက်လာသည်။

မိုဝူကျီက မုန့်ထျန်းယွီကို မကျေမနပ် ကြည့်ကာ   “အဖွဲ့အစည်း ခေါင်းဆောင်မုန့်  ... ခင်ဗျား ခေါင်း တစ်ခုခု ထိသွားတာလား။ ကျုပ် ကောက်ယူလိုက်မှန်း ခင်ဗျားလည်း သိနေတာကို ဘာလို့ ခင်ဗျားကို ပေးရမှာတုံး”

“ခင်ဗျား ဘာလိုချင်လဲ။ ကျုပ် အဲဒါအတွက် လဲပေးမယ် ...” မုန့်ထျန်းယွီက လက်သီးကျစ်ကျစ် ပါအောင် ဆုပ်ထားလိုက်သည်။ တော်ဝင်တုတ်မှာ သူ့အမြတ်နိုးဆုံး ပိုင်ဆိုင်မှု ဖြစ်ပေသည်။ ထိုအရာတွင် သူ့တိုက်ခိုက်စွမ်း ပါနေရုံသာမက သူ့စွမ်းရည်ဖြစ်သည့် အထူးသစ်သား စွမ်းအားအပေါ်လည်း သက်ရောက်မှု ရှိပေသည်။

မိုဝူကျီက မုန့်ထျန်းယွီကို အရူးတစ်ယောက်ကဲ့သို့ ကြည့်ကာ   “အဖွဲ့အစည်း ခေါင်းဆောင်မုန့် ... ကျုပ်နဲ့ နောက်ထပ် အလဲအလှယ် မလုပ်ခင် အရင်အကြွေးကို မရှင်းသင့်ဘူးလား”

ထိုသို့ပြောပြီး မိုဝူကျီက မုန့်ထျန်းယွီကို ဂရုမစိုက်တော့ပေ။ သူက ကွမ်းချွမ်ကို လက်နှစ်ဖက် ယှက်လျက် …

“တာအိုသခင်ကွမ်းချွမ် ... အခုလေးတင် ကျုပ် အဖွဲ့အစည်း ခေါင်းဆောင်မုန့်ကြောင့် ဒဏ်ရာအကြီးအကျယ် ရသွားပါတယ်။ ကျုပ် ခန္ဓာက ဒဏ်ရာတွေနဲ့ ပြည့်နေတာဆိုတော့ အရင်ဆုံး သက်သာအောင် လုပ်လိုက်ပါဦးမယ်။ ကျုပ် ပြန်ထွက်လာရင် တာအိုသခင်ဆီ တစ်ခေါက် လာတွေ့ပါဦးမယ် ... တာအိုသခင် ကွမ်းချွမ်အတွက် စီးပွားရေးညှိနှိုင်းမှု တစ်ခုလည်း ယူလာပါ့မယ် ... ”

“ကောင်းတယ်။ ကောင်းတယ် ...” ကွမ်းချွမ်က မိုဝူကျီကို ပြန်ပြောလိုက်သည်။

“သွားကြစို့  ...” မိုဝူကျီက ဆရာကြီးဖူကျိနှင့် အခြားလူများကို အချက်ပြကာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲ ဝင်သွားကြလေသည်။

မိုဝူကျီ ထွက်သွားပြီးနောက်တွင် ဘေးနားမှ ကျင့်ကြံသူများလည် စတင် ထွက်သွားကြတော့သည်။ အားလုံးက ရှင်းရှင်းလင်းလင်း သိလိုက်ကြသည်။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် နောက်ထပ် အရေးကြီးသည့် ပုဂ္ဂိုလ်တစ်ယောက် ရှိနေလေပြီ။ ထိုလူမှာ မိုဝူကျီသာ ဖြစ်၏။

သခင်ပုဆိန်ကို ဆန့်ကျင်နိုင်ပြီး အင်မော်တယ်ဖွေရှာရေး ခေါင်းဆောင်မုန့်ထျန်းယွီကို သင်ခန်းစာ ပေးနိုင်သည်သူ့ကို မည်သူကများ ပြဿနာ သွားရှာရဲမည်နည်း။ တချို့ဆိုလျှင်  မိုဝူကျီ၏ အဖွဲ့ထဲ ဝင်လိုကြသည်။

***

“တာအိုရောင်းရင်းမို ... ဒီတစ်ခါ ခင်ဗျား မုန့်ထျန်းယွီကိုပင် ရန်စမိခဲ့တာ မဟုတ်ဘူး။ ကွမ်းချွမ်ကိုလည်း  ရန်စမိခဲ့တယ် ...  ကျုပ်တို့ ဒီနေရာမှာ နေနေတာ အန္တရာယ် မများလွန်းဘူးလား” မိုဝူကျီ နေရာ ပြန်ရောက်သည်နှင့် ဆရာကြီးဖူကျိက အရင်ဦးစွာ ပြောလိုက်သည်။

မိုဝူကျီ ပြန်မဖြေခင် ထုံယဲ့က ခပ်ကျယ်ကျယ် ပြောလိုက်သည်။

“ဘာအန္တရာယ်လဲ။ အများဆုံး နောက်ထပ် တိုက်ပွဲဖြစ်ရုံလောက်ပေါ့။ ကျုပ်တော့ ညီလေးမိုက ကျုပ်တို့ ညီအစ်ကို ဒီနေရာကို ပြန်လိုက်လာဖို့ ခွင့်ပြုပေးခဲ့တဲ့ ညီလေးမိုကို ကျေးဇူးတင်တယ်။ ပြီးတော့ ဟုန်ဖူကျီကို အနိုင်ယူနိုင်ခဲ့သေးတယ်လေ …”

မိုဝူကျီက မုန့်ထျန်းယွီကို ပြက်ရယ်ပြုခဲ့သည့် အချိန်ကဲ့သို့  စိတ်မအေးတော့ဘဲ လေးလေးနက်နက် ပြောလိုက်သည်။

“ကျုပ်က ဒီနေရာကို ပြန်လာဖို့ ဖိအားပေးခံရတာ။ ကျုပ် ကျင့်ကြံဆင့်က အရမ်းနိမ့်နေရုံတင် မကဘူး။ ပြီးတော့  ကွမ်းချွမ်နဲ့ စိတ်စွမ်းအင် ကျောက်ချောကိစ္စ ဖြေရှင်းဖို့ ရှိနေသေးတယ်။

ဒီတစ်ခါ ကျုပ် ကျင့်ကြံတာကနေ ထွက်လာရင်တာ့ ကွမ်းချွမ်နဲ့ မုန့်ထျန်းယွီတို့ကို ကြောက်ဖို့ မလိုတော့ပါဘူး။ ကျုပ်က သူတို့တွေ အင်မော်တယ်နယ်မြေကနေ  ထိပ်တန်း ကျင့်ကြံသူတွေကို ဖိတ်ထားမှာကိုပဲ စိုးရိမ်မိတာ ”

***

All Chapters