ကျုပ်ကို ယုံတာ ပိုကောင်းလိမ့်မယ်
Vol. 31 Ch. 429
အချိန်ကုန်လွန်လာသည်နှင့် အင်မော်တယ်တစ်ပိုင်းနယ်ပယ် အပြင်ဘက်၌ ဖြစ်ပျက်လာသည့် ကိစ္စများမှာ အခြေအမြစ်မရှိသည့် စကားများသာ ဖြစ်လာလေ၏။
မိုဝူကျီက တံခါးပိတ် ကျင့်ကြံနေသောကြောင့် ဆရာကြီးဖူကျိနှင့် ကျန်လူများမှာလည်း ကျင့်ကြံခြင်း၌ အာရုံစိုက်ထား ကြလိုက်သည်။ သူတို့အတွက် ကျောက်တုံးနက်တူးရမည့် ကိစ္စမှာ ထပ်မလိုအပ်တော့ပေ။
မိုဝူကျီ အကူအညီဖြင့် သူတို့တွင် အထူး သစ်သားစွမ်းအားများ သက်ရောက်မှု ရှိလာလျှင်ပင် စိုးရိမ်စရာ မလိုတော့ပေ။
မိုဝူကျီ လက်ချက်ဖြင့် အပြင်းအထန် ခံစားခဲ့ရသော်လည်း မုန့်ထျန်းယွီမှာ မိုဝူကျီဆီ ပြဿနာ သွားမရှာရဲချေ။ တစ်ဖက်တွင် သခင်ပုဆိန်က တစ်ခုခု ကြံစည်နေသည့်အလား ခရီးများ ဆက်တိုက် ထွက်နေလေ၏။
***
မိုဝူကျီအခန်းအတွင်း၌ သူ့ပတ်လည်မှ စိတ်စွမ်းအင် ကျောက်ချောများမှာ အဆက်မပြတ် ကွဲကြေနေသည်။ သူ့ဘေးနားတွင် စိတ်စွမ်းအင် ကျောက်ချော အနည်းဆုံး သောင်းဂဏန်း ရှိလေ၏။ မိုဝူကျီက စိတ်စွမ်းအင် ကျောက်ချောအတွက် စိတ်ပူနေရသည့် အချိန်မျိုး မဟုတ်တော့ပေ။ သူ့စွမ်းအား စုစည်းခြင်း အစီအရင်မှ စုစည်းလာသော စွမ်းအားများ အပါအဝင် မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ရေထဲမှ ငါးတစ်ကောင်အလား ချောချောမွေ့မွေ့ အဆင်ပြေနေသည်။
"ခွမ်း "
ကျောက်ချောများက အစိတ်စိတ် အမြွှာမြွှာ ဖြစ်ကုန်၏။ လပိုင်းလေးအတွင်း မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ မြေကမ္ဘာအင်မော်တယ် အဆင့် ၂ ရောက်နေပြီ ဖြစ်သည်။ မြေကမ္ဘာအင်မော်တယ် အဆင့် ၂ ကျင့်ကြံသူ စုပ်ယူနိုင်သည့် ဝိညာဉ်စွမ်းအားများမှာ ပင်လယ်ကြီးလောက် ကျယ်ပြောသည်။ သို့သော်လည်း မိုဝူကျီက သူ့ကိုယ်သူ မချုပ်ထိန်းထားဘဲ စိတ်စွမ်းအင် ကျောက်ချောများစွာကို ထုတ်ယူကာ အားရပါးရ စုပ်ယူလိုက်သည်။
သူက ချမ်းသာနေပေရာ သူ့အနီးအနားမှ စိတ်စွမ်းအင် ကျောက်ချောများသည် အရေအတွက် ငါးသောင်းနီးပါး ကပ်နေလေပြီ။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် မိုဝူကျီကဲ့သို့ အသုံးကြမ်းသူမှာ အခြားနှစ်ယောက်သာ ရှိပေသည်။
ကွမ်းချွမ်က မိုဝူကျီထက် ပိုသုံးနိုင်သော်လည်း သူက မိုဝူကျီကဲ့သို့ မကျင့်ကြံရဲပေ။ သူက မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ရောက်နေသည့် အချက်အပြင် သူက အထူး သစ်သားစွမ်းအား ကိုလည်း ဂရုစိုက်ရန် လိုအပ်နေသေး၏။
***
မိုဝူကျီ တံခါးပိတ် ကျင့်ကြံနေသည်မှာ ခြောက်လခန့် ရှိသွားလေပြီ။ သခင်ပုဆိန်မှာလည်း နောက်တစ်ကြိမ် အင်မော်တယ်တစ်ပိုင်း နယ်မြေအပြင်ဘက်သို့ ခရီးထွက်သွားပြန်သည်။ သူက မိုဝူကျီဆီမှ သင်ခန်းစာ ရပြီးသည့်နောက်တွင် မှောင်ခိုဈေးကွက်ကို ဆက်၍ မလုပ်ရဲတော့ပေ။ ပထမဆုံးတစ်ချက်မှာ သူက မုန့်ထျန်းယွီလောက် မချမ်းသည့်အပြင် စိတ်စွမ်းအင် ကျောက်တုံး နှစ်သောင်းကျော် လက်လွတ်ရသည်ကိုက ခေါင်းကိုက်နေပြီ ဖြစ်၏။ ဒုတိယတစ်ချက်မှာ မိုဝူကျီကြောင့် မည်သူကမျှ သူနှင့် အရောင်းအဝယ် မလုပ်ရဲကြတော့ပေ။
သူက မိုဝူကျီကဲ့သို့ လူမျိုးကို လိမ်ညာရဲသည့်အတွက် မည်သူက သူ့အား လာရှာရဲမည်နည်း။ လူအားလုံးက မိုဝူကျီကဲ့သို့ မဟုတ်သည့်အတွက် အပြင်တွင် လအနည်းငယ် ကြာကြာ ထွက်ပြီးနောက် ပြန်လာသည့်အခါ သူ့ကို သင်ခန်းစာ ပေးဖို့ရာ ကိစ္စကား လုံးဝ မဖြစ်နိုင်ပေ။
“ဟုန်ဖူကျီရော ဘာတွေ လုပ်နေတုန်း။ သူက ကျုပ်နဲ့ အလုပ်မလုပ်ချင်ရုံတင် မကဘူး။ အခုတလော ဟိုသွားဒီသွားနဲ့ ...” မုန့်ထျန်းယွီက အခန်းအတွင်းမှ ဧရာမ စောင့်ကြည့်ရေး ပိတ်ကားချပ်ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။
သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေသူမှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်၏ တာအိုသခင် ကွမ်းချွမ်သာ ဖြစ်၏။ ကွမ်းချွမ်က ဟုန်ဖူကျီသည် ပျံသန်းရေး ရတနာ ထုတ်ယူကာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ထွက်သွားသည်ကို တွေ့တွေ့နေသည်။ သို့သော်လည်း သူက မုန့်ထျန်းယွီလောက် စိတ်မလှုပ်ရှားဘဲ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“သူ့စိတ်ကြိုက် လုပ်ခိုင်းလိုက်ပါ။ သူနဲ့သိတဲ့ အင်မော်တယ်နယ်မြေက ကျင့်ကြံသူတွေကလည်း သူတို့အကြံနဲ့ သူတို့ ရှိကြတယ်။ မဟုတ်ရင် အင်မော်တယ်နယ်မြေက လူတွေ အင်မော်တယ်တစ်ပိုင်းကို ကျောက်တုံးနက် ဝယ်ဖို့ ရောက်လာတဲ့ အကြိမ်တိုင်း သူ ဝင်ပါနိုင်မှာ မဟုတ်ဘူး”
မင်းလည်း ဟုန်ဖူကျီက သူ့မှောင်ခိုဈေးကွက် ဘာလို့ လုပ်ရဲတာလဲဆိုတာ သိမှာပါ။ သူ့စိတ်စွမ်းအင် ကျောက်ချောတွေက အင်မော်တယ်နယ်မြေ လူဆီက ရလာတာလေ။
ကြည့်ရတာ သူ မိုဝူကျီကို သင်ခန်းစာပေးဖို့အတွက် အဲဒီလူကို ဖိတ်ကြားဖို့ ခရီးတွေ စွတ်ထွက်နေတာ နေမယ်။ သူ့ကို ဂရုစိုက်စရာ မလိုဘူး။ ငါတို့ ဂရုစိုက်ဖို့ လိုတာက ဒီတစ်ခါ အင်မော်တယ် နယ်မြေက ရောက်လာမဲ့ ဧည့်သည်တွေကို ကြိုဆိုဖို့ပဲ ...”
“အစ်ကိုကွမ်း ... မိုဝူကျီက အထူးသစ်သားစွမ်းအားကို မကြောက်ဖူးဆိုတော့ အင်မော်တယ်နယ်မြေက လူတွေဆီ အကူအညီ တောင်းသင့်လား” မုန့်ထျန်းယွီက နှုတ်ခမ်းကို သပ်ကာ ကွမ်းချွမ်အား ကပ်ပါးရပ်ပါး ပြောလိုက်သည်။
သူ့တော်ဝင်တုတ် မဆုံးရှုံးခင်က သူက ကွမ်းချွမ်နှင့် အဆင့်တူဟု သတ်မှတ်၍ ရပေသည်။ အပေါ်ယံတွင် သူက အင်မော်တယ်ဖွေရှာရေး အဖွဲ့အစည်းခေါင်းဆောင် ဖြစ်နေသော်လည်း တကယ်တမ်းတော့ သူ့၌ အင်မော်တယ်တစ်ပိုင်း နယ်ပယ်၏ စီမံထိန်းသိမ်းသူ ရာထူး ရှိလေသည်။
ယခု သူ့တော်ဝင်တုတ်မှာ မိုဝူကျီဆီ ပါသွားသောကြောင့် ကွမ်းချွမ်ရှေ့ သူ့အဆင့်အတန်းမှာ တစ်ဝက်လောက် ကျဆင်းသွားပြီ ဖြစ်၏။ ပို၍ စိုးရိမ်ဖို့ကောင်းသည်က ဟုန်ဖူကျီသည် မိုဝူကျီကို ဖြေရှင်းရန် အင်မော်တယ်နယ်မြေမှ ကျင့်ကြံသူ တစ်ယောက် ရလာမည်ကို ဖြစ်သည်။ ထိုသို့ဆိုလျှင် သူက သူ့တော်ဝင်တုတ်ကို ဘယ်တော့မှ ပြန်ရနိုင်တော့မည် မဟုတ်ပေ။
ကွမ်းချွမ်က ပြုံးကာ …
“ညီလေးမုန့် အရမ်းလည်း စိတ်ပူမနေပါနဲ့။ မိုဝူကျီက အင်မော်တယ်နယ်မြေ လူကိုယ်တိုင် ရောက်လာဖို့ ထိုက်တန်တယ် ထင်လို့လား။ ပြီးတော့ အရင်တစ်ခါက မင်းနဲ့တုန်းက သူ ကံကောင်းသွားတာပါ။ သူ တံခါးပိတ် လေ့ကျင့်တာကနေ ထွက်လာရင် ငါ့ကို လာရှာလိမ့်မယ်။ အဲဒီအခါကျ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ရဲ့ ပိုင်ရှင်အစစ်က ဘယ်သူလဲ ဆိုတာ သူ သိအောင် ပြကြတာပေါ့ ... ”
အင်မော်တယ်နယ်မြေ လူတွေကို မိုဝူကျီနဲ့ ရင်ဆိုင်ဖို့ အကူအညီတောင်းမည်လား ...
ကွမ်းချွမ်က မုန့်ထျန်းယွီကို အတွေးလွန်နေကြောင်း စိတ်ထဲ၌ ပြောနေမိသည်။ မိုဝူကျီက အထူးသစ်သားစွမ်းအားကို ဖြေရှင်းနိုင်စွမ်းရှိသည့် တစ်ခုခု သူ့ဆီ ရှိနေခြင်းသာ ဖြစ်၏။ ထိုအရာမှာ မှော်ရတနာလား ဒါမှမဟုတ် တခြားတစ်ခုလေလား မသိသော်ငြား သူ့အတွက် အရေးကြီးပေသည်။ ထို့အပြင် သူကိုယ်တိုင်လည်း တော်ဝင်တုတ်ကို လိုချင်နေမိသည်။ မိုဝူကျီလက်ထဲမှ ထိုအရေးပါသည့် အရာများကို အင်မော်တယ်နယ်မြေမှ လူဆီ အဘယ်ကြောင့် လွှဲပေးရမည်နည်း။ အင်မော်တယ်နယ်မြေမှ လူဆီ အကူအညီ သွားတောင်းသည့် ဟုန်ဖူကျီအတွက် ဟုန်ဖူကျီလည်း အတွေးလွန်နေခြင်းသာ ဖြစ်ကြောင်း ပြောနိုင်သည်။
အင်မော်တယ်နယ်မြေမှ လူနှင့် ဟုန်ဖူကျီတို့မှာ အမြဲတမ်း လျှို့ဝှက် တွေ့ဆုံကြသည့်အတွက် ထိုသူမှာ အင်မော်တယ်တစ်ပိုင်း နယ်မြေကို လာမည် မဟုတ်ပေ။ ယခု မိုဝူကျီက တံခါးပိတ် ကျင့်ကြံနေသည့်အတွက် မိုဝူကျီနှင့် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ တစ်ချိန်တည်းတွင် မိုဝူကျီသာ တုံးအ မနေပါက အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ခရီးထွက်နေသည့် ဟုန်ဖူကျီ စကားများကို ကြောက်ရွံ့နေမည် မဟုတ်ပေ။
သို့သော် မိုဝူကျီက တုံးအနေလား။ အနည်းဆုံး ကွမ်းချွမ် အမြင်အရ မိုဝူကျီမှာ လူအ မဟုတ်ပေ။
မုန့်ထျန်းယွီမှာ သက်ပြင်းသာ ချလိုက်သည်။ သူ့တော်ဝင်တုတ်မှာ မိုဝူကျီဆီ ပါသွားမှန်း သိသော်လည်း ကွမ်းချွမ်ရှေ့တွင် ညှိနှိုင်းခွင့် မရှိပေ။
ကွမ်းချွမ်က ထရပ်လိုက်ပြီး
“ညီလေးမုန့် ... ဒီနေ့ အင်မော်တယ်နယ်မြေက လူတွေ ကျောက်တုံးနက် လာယူကြမှာပဲ။ သူတို့ကို စောစော သွားကြိုဆိုကြတာပေါ့ …”
သူ့စိတ်ထဲ၌ လေးလံနေသော်လည်း မုန့်ထျန်းယွီမှာ ကွမ်းချွမ်နောက်မှ လိုက်၍ တာအိုသခင်အိမ်တော်မှ ထွက်သွားလိုက်သည်။
***
တစ်ချိန်တည်းတွင် သခင်ပုဆိန်က ကျောက်တုံးနက်ကြီးကြီး ရှေ့တွင် ဒူးထောက်နေသလို ထိုကျောက်တုံးနက်ပေါ်တွင် ထိုင်နေသည့် လူတစ်ယောက်လည်း ရှိနေသည်။ ထိုလူ မျက်လုံးများမှာ ကျဉ်းရှည်ရှည် ဖြစ်ပြီး နှာတံမှာ တိုနေသည့်အတွက် ထူးဆန်းသည့်ပုံ ပေါက်နေသည်။
“ဘာလို့ လက်ဗလာနဲ့ လာတာလဲ။ ကျောက်တုံးနက်တွေ ဘယ်မှာလဲ” ထိုအမျိုးသား လေသံမှာ အေးစက်ပြီး အလောတကြီး နိုင်လှသည်။
သခင်ပုဆိန်က မျက်နှာနှင့်မြေကြီးကို အပ်ကာ တုန်ယင်နေရင်း “သခင်ကုန်း ကျေးဇူးပြုပြီးတော့ ကျတော်ကို ကယ်ပါဦး ...”
အကယ်၍ သခင်ပုဆိန်နှင့် ရင်းနှီးသည့်သူဆိုလျှင် ကောက်ကျစ် ယုတ်မာတတ်သည့် လူမျိုးက တစ်ယောက်ယောက်ရှေ့တွင် ရှိုက်ကြီးတငင် ငိုကြွေးရင်း ဒူးထောက် နေလိမ့်မည်ဟု တွေးမိမည် မဟုတ်ပေ။
“ဘာတွေ ဖြစ်နေတာလဲ ...” ကုန်းမျိုးရိုး အမည်ရှိ အမျိုးသားက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူက ဟုန်ဖူကျီကို ရွေးခဲ့သည်မှာ ထိုလူက ကြမ်းတမ်း ခက်ထန်သည်ဟု တွေးမိခဲ့၍ ဖြစ်သည်။ သခင်ပုဆိန်၏ လက်ရှိသွင်ပြင်မှာ သူ့ကို စိတ်အကြီးကြီး ပျက်စေသည်။ သူက တစ်ချက်တည်းကန်ကာ ထိုလူကို အသားစိုင် ပြောင်းပစ်ချင်မိသည်။
သခင်ပုဆိန်က မြန်မြန် ပြောလိုက်သည်။
“သခင်ကုန်းကို ပြောရမယ်ဆိုရင် ကျတော် ကျောက်တုံးနက် တစ်ထောင်ကျော် စုပြီးသွားပါပြီ။ ဒါပေမဲ့ တစ်ယောက်က လုယူသွားတယ်။ သူက ကျတော် ကျောက်တုံးနက်တွေကို ခိုးယူသွားရုံတင် မကဘူး။ ကျုပ် လက်အောက်ငယ်သား ဆယ်ယောက်ကိုလည်း သတ်သွားသေးတယ်။ ပြီးတော့ အင်မော်တယ်တစ်ပိုင်း ကျောက်တုံး အားလုံးကိုလည်း လုယူသွားတယ် ...”
မျက်လုံးကျဉ်းကျဉ်း အမျိုးသားက သခင်ပုဆိန်ကို တစ်ချက် ကန်လွှတ်လိုက်သည်။ သူ့မျက်ဝန်းအတွင်းမှ စူးရှထက်မြက်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက ဟုန်ဖူကျီကို သူ့တွဲဖက်အဖြစ် ရွေးချယ်ခဲ့သည်မှာ သူက ထိုလူကို အာဏာ ရလာဖို့အတွက် မဟုတ်ပေ။ အကယ်၍ သူက အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် အနိုင်ကျင့်ခံရလျှင် သူ့အတွက် ဘာအကျိုးထူးမည်နည်း။
သခင်ပုဆိန်က ဘယ်လိုများ မကျေမနပ် ပြရဲတာလဲ ...
သူ အသိပြန်ဝင်လာပြီးနောက် မျက်လုံးကျဉ်းရှည်ရှည် အမျိုးသားရှေ့ ချက်ချင်း ဒူးထောက်လိုက်သည်။
မျက်လုံးကျဉ်းရှည်ရှည် အမျိုးသားက အသက်ပြင်းပြင်းရှူကာ လေးလေးနက်နက် မေးလိုက်သည် “ကွမ်းချွမ်လား ”
သူ့အမြင်အရ ဟုန်ဖူကျီနှင့် ရင်ဆိုင်ရဲသည့် တစ်ဦးတည်းသော သူမှာ ကွမ်းချွမ်သာ ဖြစ်ပြီး တခြားသူ မရှိချေ။ သို့သော် ကွမ်းချွမ်လည်း မဖြစ်နိုင်ပေ။ ကွမ်းချွမ်က သူ့အကြောင်း သိနေသည် မဟုတ်ပါလော။ အကယ်၍ ကွမ်းချွမ်က ဟုန်ဖူကျီကို ဆန့်ကျင်သည်ဆိုလျှင် သူ ကုန်းဟို့ မျက်နှာကို ဖြတ်ရိုက်သည်နှင့် အတူတူ ဖြစ်သည်။
“မဟုတ်ပါဘူး။ မိုဝူကျီလို့ခေါ်တဲ့ လူသစ်လေးပါ။ သူက အင်မော်တယ်တစ်ပိုင်းနယ်ပယ်ကို ရောက်လာတာ နှစ်ပိုင်းလေးပဲ ရှိသေးပေမဲ့ အတော် မောက်မာတယ် ...” ဟုန်ဖူကျီက ပြန်ဖြေလိုက်သည်။
“အရမ်းကောင်းတယ်။ အဲဒီလူကို ဒီနေရာ ခေါ်ခဲ့ ... ဘယ်လောက်တောင် သတ္တိကောင်းနေလဲ ကြည့်ကြည့်ရတာပေါ့ ...”
“အာ ...” သခင်ပုဆိန်က ခဏတာ ကြောင်အမိသွားသည်။ မိုဝူကျီကို အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကနေ ခေါ်ထုတ်လာရမည်လား။ သူ့ကိုယ်သူ သေဖို့ မြေတွင်း တူးနေသလို ဖြစ်မနေဘူးလား။
“ဘာလဲ။ မင်းက သူ့ကို ခေါ်တောင် မခေါ်ရဲဘူးလား။ မင်း ဘဝကတော့ တကယ်ကို အလကားသက်သက် နေခဲ့တာပဲ ...” ကုန်းဟို့အသံမှာ အေးစက်လာသည်။
သခင်ပုဆိန်က ထိုအသံကို ကြားသောအခါ တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူက အခြားအရာများကို မပြောရဲတော့ဘဲ လေးလေးစားစား ပြန်ဖြေလိုက်သည် “သခင် စိတ်ချနေပါ။ မိုဝူကျီကို သေချာ သွားခေါ်လိုက်ပါ့မယ်”
ကုန်းဟို့အသံမှာ ချက်ချင်း နွေးထွေးသွားပြီး ခေါင်းညိတ်ကာ “မဆိုးဘူး။ မင်း သေချာလုပ်နိုင်ရင် မင်းကို နစ်နာကြေးပေးမယ် ...”
“ဟုတ် ... အခုချက်ချင်း လုပ်လိုက်ပါ့မယ်” သခင်ပုဆိန်က နောက်ဆုတ်လိုက်ရင်း လေးစားစွာ ပြန်ဖြေလိုက်သည်။
***
“ခွမ်း” မိုဝူကျီဘေးနားမှ ကျောက်တုံးများမှာ ကွဲကြေကုန်ပြန်သည်။ တစ်ချိန်တည်းတွင် မိုဝူကျီက မြေကမ္ဘာအင်မော်တယ်အဆင့် ၄ ကို ချိုးဖျက်၍ အဆင့် ၅ သို့ ရောက်ရှိသွားလေပြီ။ သူ တံခါးပိတ် ကျင့်ကြံနေသည်မှာ ဆယ်လ ရှိသွားပြီ ဖြစ်၏။
မိုဝူကျီက စိတ်စွမ်းအားသုံး၍ စိတ်စွမ်းအင် ကျောက်ချောများကို အာရုံခံကြည့်လိုက်သည့်အခါ သူ့စိတ်စွမ်းအင် ကျောက်ချော သုံးသိန်းကျော်တွင် တစ်ဝက်ခန့်လောက် သုံးပြီးသွားကြောင်း သိလိုက်သည်။ သူက ထိုစိတ်စွမ်းအင် ကျောက်ချောများနှင့် ကောင်းကင် အလွန်ဆုံးအဆင့်ကို တက်လှမ်းရန် အခွင့်အရေး ရှိနေသေးသည်။
မိုဝူကျီက ဆက်လက် ကျင့်ကြံဖို့ စိတ်စွမ်းအင် ကျောက်ချောများ ထပ်ထုတ်တော့မည့်ဆဲဆဲတွင် သူ့အိမ်ရှိ အတားအဆီးများမှာ ရုတ်ခြည်း တုန်ခါလာသည်။
မိုဝူကျီက သူ့ကျင့်ကြံနေသည်ကို မည်သူကများ နှောင့်ယှက်ရဲလဲဟု သိချင်မိသည်။ သူ တံခါးပိတ် မကျင့်ကြံခင် ဆရာကြီးဖူကျိနှင့် အခြားလူများကို ထူးခြားသည့်အရာ မဟုတ်သရွေ့ မနှောင့်ယှက်ရန် ပြောထားသည်။
မိုဝူကျီက စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သည့်အခါ သူ့အိမ် အပြင်ဘက် ရပ်နေသူမှာ မျှော်လင့်မထားသည့် သခင်ပုဆိန် ဖြစ်နေပေသည်။ ထိုလူက ယခင်တစ်ခါ အသတ် မခံလိုက်ရသည့်အတွက် သူ့ကံကောင်းမှုကို ကျေးဇူးတင်သင့်ပေသည်။ မိုဝူကျီက ထိုလူမှာ သူ့အိမ်ရှေ့ တံခါးဝ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမည်ဟု တွေးမထားပေ။
မိုဝူကျီက လက်ကို မြောက်ကာ အတားအဆီးကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည် “ဟုန်ဖူကျီ ကျုပ် ကျင့်ကြံနေတာကို နှောင့်ယှက်ရဲတယ်ဆိုတော့ ခင်ဗျား တော်တော် သတ္တိကောင်းနေတာပဲ”
သခင်ပုဆိန်က မိုဝူကျီ အတားအဆီးများကို ထိလိုက်ကတည်းမှ သူက သေခြင်းရှင်ခြင်းကို ဘေးချိတ်ထားလိုက်ပြီ ဖြစ်၏။ အကယ်၍ သူက သခင်ရှေ့ မိုဝူကျီကို ခေါ်မသွားနိုင်လျှင် ဟုန်ဖူကျီမှာ အဆုံးသတ် ဆိုးရွားမည်မှန်း သိနေသည်။
ယခု သူက မိုဝူကျီက အတားအဆီးများ ဖယ်ရှားလိုက်သည်ကို မြင်သောအခါ အံကြိတ်၍ မိုဝူကျီ နေရာထဲ ဝင်လိုက်သည်။ ထို့နောက် မိုဝူကျီကို လက်သီးဆုပ်လျက်
“မိုဝူကျီ .... ငါ မင်းကို စိန်ခေါ်ချင်တယ်။ ဒါပေမဲ့ အင်မော်တယ်တစ်ပိုင်းနယ်ပယ်မှာတော့ မဟုတ်ဘူး။ အပြင်ဘက်မှာ တွေ့ကြမယ်။ တကယ်လို့ မင်း သတ္တိရှိရင် ငါ့နောက် လိုက်ခဲ့ ...”
မိုဝူကျီက သခင်ပုဆိန်ကို အေးစက်စွာ ကြည့်ရင်း “ဟုန်ဖူကျီ ... ကျုပ် ဘောင်းဘီဝတ်ဖို့ မသင်ခင်ကတည်းက ဒီလိုလှည့်ကွက်တွေ သိပြီးသား။ ခင်ဗျားက မြေကမ္ဘာ အင်မော်တယ်အဆင့် ဖြစ်ပြီးတော့ ခင်ဗျား လှည့်ကွက်တွေက အဆင့်နိမ့်လှချည်လား။ ခင်ဗျားရဲ့ ဆိုးရွားလှတဲ့ အနေအထားနဲ့ ကျုပ်ကို စိန်ခေါ်ချင်တယ်ပေါ့။ လာစမ်းပါဗျာ ... အမှန်တိုင်းပြော ဘာလို့ကျုပ်ကို အပြင်ခေါ်ထုတ်ချင်တာလဲ။
ခင်ဗျားမှာ အခွင့်အရေးတစ်ခါပဲ ရှိတယ်ဆိုတာ မှတ်ထားနော်။ တစ်ခုခု မှားပြောတာနဲ့ ခင်ဗျားကို ချက်ချင်း အမှုန့်ဖြစ်အောင် လုပ်ပစ်မယ်။ ပြီးတော့ ကွမ်းချွမ်က တစ်ခုခု မပြောခဲ့တာလဲ ကျုပ် အတည်ပြုရဲတယ်။ ကျုပ်ကို ယုံတာ ပိုကောင်းမယ် ...”
သခင်ပုဆိန်က သူနောက်ကျောတွင် ချွေးအေးများ ထွက်လာသည်ကို ခံစားမိလိုက်သည်။ မှောင်ခိုဈေးကွက် လုပ်စဉ်က အခြား ကျင့်ကြံသူများရှေ့တွင် မောက်မောက်မာမာ ပြုမူရဲသည်က ရယ်စရာ ကောင်းလှသည်ဟု ရုတ်ခြည်း ခံစားမိလိုက်သည်။ သူက ကုန်းဟို့ဆီ ခယနေရသည့် ပိုးကောင်သာသာ ဖြစ်ရုံသာမက မိုဝူကျီကဲ့သို့ လူသစ်လေးရှေ့တွင်ပင် ကိုယ်ပိုင်မာန မကျန်ရှိတော့ပေ။
မှောင်ခိုသခင်က ဘာများတုန်း ...
ထိပ်တန်း ကျင့်ကြံသူများရှေ့တွင် သူက ပုရွက်ဆိတ်သာသာမျှ ဖြစ်၏။ မဟုတ်သေးပါဘူး ... ပုရွက်ဆိတ် အနေအထားပင် မရှိချေ။ သူက ကုန်းဟို့ဆီမှ မစင်သာသာ ဆက်ဆံခံနေရခြင်း ဖြစ်သည်။ ယခုအခါ သူက မိုဝူကျီဆီမှ ဖွတ်ကျားကဲ့သို့ ဆက်ဆံခံနေရသည်။
“ခင်ဗျားမှာ အမှန်တိုင်းပြောဖို့ အခွင့်အရေး တစ်ခါပဲ ရှိတယ်ဆိုတာ မှတ်ထား” မိုဝူကျီ စကားများက သခင်ပုဆိန်၏ နောက်ဆုံးလက်ကျန် ကိုယ်ပိုင်တန်ဖိုး အပိုင်းအစလေးကို တစ်စစီ ကွဲကြေသွားစေသည်။
***