ကျုပ်က ကျုပ်အသက်ထက် ပိုက်ဆံကို ပိုမက်တယ်
Vol. 31 Ch. 430
သခင်ပုဆိန် စိတ်ထဲ၌ သူ့အစွမ်းမဲ့မှုကိုသာ ခံစားမိလိုက်သည်။ သူက မိုဝူကျီဆီမှ သတ်ဖြတ်ငွေ့ မခံစားမိသော်လည်း မိုဝူကျီက လိမ်ညာနေခြင်း မဟုတ်ကြောင်း သေချာသည်။ မိုဝူကျီက မုန့်ထျန်းယွီနှင့် တိုက်ရဲသည့်အပြင် သူ့မှော်ရတနာကိုပါ လုယူရဲသည့်အတွက် သူသာ ရူးမနေသရွေ့ ဤနေရာသို့ လာမည် မဟုတ်ပေ။
သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ သူ့အတွက် ရလဒ်တစ်မျိုးသာ ရှိပေသည်။ အကယ်၍ သူ ဘာမှမပြောဘဲ နေပါက သူ သေမည် ဖြစ်သလို မိုဝူကျီက သူ့နောက် လိုက်မလာပါက သူသာ သေမည် ဖြစ်သည်။
သခင်ပုဆိန်က ထိုအတွေးဖြင့် အံကို ကြိတ်ကာ
“တာအိုရောင်းရင်းမို ... ကျုပ်က လိမ်နေတာ။ တကယ်တော့ ကျုပ်က ခင်ဗျားကို ခေါ်ထုတ်ချင်တာ မဟုတ်ဘူး။ ကျုပ် အထက်လူက ခင်ဗျားနဲ့ တွေ့ချင်တယ်ဆိုလို့ ...
အင်မော်တယ်နယ်မြေက လူတွေ ကျောက်တုံးနက် လာဝယ်တဲ့အခါတိုင်း ကွမ်းချွမ်ကပဲ အားလုံးကို ဦးစီးလုပ်ကိုင်သွားတာ။ ဒါပေမဲ့ ကံကောင်းချင်တော့ ကျုပ်က အင်မော်တယ်နယ်မြေက လာတဲ့ လူတစ်ယောက်နဲ့ သိကျွမ်းခဲ့တယ်။ အဲဒီလူက သူ့ဆီ ကျောက်တုံးနက်တွေကို လျှို့ဝှက်ရောင်းစေချင်တာ။ ကျုပ်က ခင်ဗျားကို စိတ်စွမ်းအင် ကျောက်ချောတွေ ပေးလိုက်တော့ သူ့အတွက် ကျောက်တုံးနက် မဝယ်နိုင်တော့ဘူး။ အဲဒီလူက ခင်ဗျားကို တွေ့ချင်နေတာ ...”
မိုဝူကျီက မထူးမခြားနား ပြောလိုက်သည်။
“ကျုပ်က သူ့ကို သွားမတွေ့မှာကို စိုးရိမ်နေတယ်မလား။ အဲဆို သူက ခင်ဗျားရဲ့ အသက်လေး ရန်ရှာမှာစိုးလို့ ကျုပ်ကို လာလိမ်နေတာ ဟုတ်တယ်မလား ”
“ဟုတ်တယ်” ကိစ္စအားလုံး ဘူးပေါ်သလို ပေါ်လာမှတော့ သခင်ပုဆိန်အနေဖြင့် အမှန်တိုင်းသာ ပြောလိုက်ရသည်။
“သူ့နာမည် ဘာလဲ။ သူ့ကျင့်ကြံဆင့် အကြမ်းဖျင်းကိုရော သိလား”
မိုဝူကျီက ဟုန်ဖူကျီ အပြုအမူများကို မအံ့ဩမိပေ။ တခြားတစ်ယောက် ဆိုပါက သူလည်း ဟုန်ဖူကျီကဲ့သို့ လုပ်ပေလိမ့်မည်။ သို့သော်လည်း သူက အခြားသူ မဟုတ်ချေ။ သူက အင်မော်တယ်နယ်မြေမှ စိတ်စွမ်းအင် ကျောက်ချောများ အသည်းအသန် လိုအပ်နေပေသည်။ ထို့ကြောင့် ဤအရာမှာ အကောင်းဆုံး ဖြစ်နိုင်ခေျ ဖြစ်လာလိမ့်မည်။
တစ်ဖက်လူ၏ ကျင့်ကြံဆင့်မှာ သူ့ထက်များစွာ မမြင့်နေသရွေ့ သူ့အသက်လေးကို ခြိမ်းခြောက်ခံရမည် မဟုတ်ပေ။ အများဆုံး သေမင်းမိုင်းတွင်းဆီ ထွက်ပြေးလို့ ရသေးသည် မဟုတ်ပါလော။ အဆိုးဆုံး အခြေအနေမှာ တစ်ဖက်လူ၏ ကျင့်ကြံဆင့်က သူ့ထက်များစွာ မြင့်နေပြီး ထွက်ပြေးဖို့ အခွင့်အရေးပင် မရနိုင်ခြင်း ဖြစ်သည်။
ဟုန်ဖူကျီက မိုဝူကျီဖက်မှ လိုက်လာမည့် သဘောမျိုး ပြောသောအခါ သူက ချက်ချင်း ပြောလိုက်သည်။
“သူ့နာမည်က ကုန်းဟို့တဲ့။ သူက ကောင်းကင် အင်မော်တယ်အဆင့်ပဲ ရှိလောက်ဦးမယ်။ အင်မော်တယ်လျှို အခြားတစ်ဖက်က ကျင့်ကြံသူတွေက အများဆုံး ကောင်းကင်အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်ပဲ ရှိသေးတယ်လို့ သတင်းထွက်သေးတယ်။ အကြောင်းပြချက်ကတော့ ကျောက်တုံးနက် အတွက်ကြောင့်ပေါ့......”
“ခင်ဗျားလည်း ကျောက်တုံးနက် အသုံးပြုပုံကို သိနေတာလား” မိုဝူကျီက ချက်ချင်း စိတ်ဝင်စားသွားသည်။ တစ်ဖက်လူမှာ ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူမှန်း သိပြီးနောက် သူက ကြောက်မနေပေ။
ဟုန်ဖူကျီက ခေါင်းခါကာ
“ကျုပ်က အင်မော်တယ်တွေက ကျောက်တုံးနက်နဲ့ ဆက်နွှယ်နေတယ် ဆိုတာပဲ သိတာ။ အတိအကျတော့ ကျုပ်လည်း မသေချာဘူး”
မိုဝူကျီက ခေါင်းညိတ်ကာ “ကောင်းပြီလေ ... ခင်ဗျားနောက်က လိုက်ခဲ့မယ်”
“အာ ... တာအိုရောင်းရင်းမို လိုက်ခဲ့ပါ ... ” ဟုန်ဖူကျီက ဘဝင်ခိုက်သွားသည်။ မိုဝူကျီသည် သူ့နောက် လိုက်ရဲလိမ့်မည်ဟု ထင်မထားပေ။
သူက မိုဝူကျီသည် မုန့်ထျန်းယွီအား တိုက်ခိုက်ရဲသည်ကို ပြန်အမှတ် ရလိုက်သောအခါ အကြမ်းဖျင်း နားလည်သွားပေ၏။ မိုဝူကျီမှာ နွားပေါက်လေးကဲ့သို့ ဖြစ်ကာ အားကောင်းနေသော်လည်း သူ့ထက် အားများစွာ ကောင်းနေသူနှင့် မတွေ့ဖူးသေးပေ။ ဤတစ်ကြိမ်တွင် သူက အင်မော်တယ်ဆိုသည့် အဓိပ္ပာယ်ကို ကောင်းကောင်း သဘောပေါက် သွားပေလိမ့်မည်။ သခင်ကုန်းဟို့က သူ့အတွက် လက်စားချေပေးမည်ကို တွေးလိုက်ရင်း ဟုန်ဖူကျီမှာ သူ့ခြေထောက်များ တုန်ယင်လာသည့်အထိ စိတ်လှုပ်ရှားနေမိသည်။
မိုဝူကျီက ဆရာကြီးဖူကျိဆီ သတင်းတစ်ခု ပို့လိုက်သည်။ ထိုသတင်းမှာ သူက အင်မော်တယ် တစ်ယောက်နှင့် သွားတော့မည် ဖြစ်၍ တစ်ရက်အတွင်း ပြန်ရောက်မလာခဲ့လျှင် ဆရာကြီးဖူကျိနှင့် အခြားလူများကို အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ချက်ချင်း ထွက်သွားခိုင်းထားသည့် အကြောင်း ဖြစ်သည်။
ဆရာကြီးဖူကျိနှင့် အခြားလူများ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲ ရှိနေခြင်းမှာ သူ့ကြောင့်သာ ဖြစ်၏။ သို့သော် သူက အင်မော်တယ်တစ်ပိုင်း နယ်ပယ်သို့ ပြန်ရောက်မလာနိုင်ခဲ့လျှင် ဆရာကြီးဖူကျိနှင့် အခြားလူများအတွက် အန္တရာယ်ရှိပေသည်။
မိုဝူကျီနှင့် ဟုန်ဖူကျီတို့ အင်မော်တယ်တစ်ပိုင်းနယ်ပယ် အဝင်ပေါက် ရောက်လာသည်နှင့် အင်မတန် ပြင်းထန်သည့် စိတ်စွမ်းအားတစ်ခု ကျရောက်လာသောကြောင့် မိုဝူကျီက သူ့အရှိန်အဝါကို ချက်ချင်း ရုပ်သိမ်းလိုက်ရသည်။ ထိုအားကောင်းလှသည့် စိတ်စွမ်းအားမှာ ကွမ်းချွမ်ဆီမှ မဟုတ်သလို အင်မော်တယ်တစ်ပိုင်း ကျင့်ကြံသူများဆီမှ မဟုတ်နိုင်ပေ။ ထိုအရာမှာ အင်မော်တယ်နယ်မြေမှ ကျင့်ကြံသူ တစ်ယောက် ပိုင်ဆိုင်ခြင်းသာ ဖြစ်ရမည်။
“အင်မော်တယ်နယ်မြေက လူတွေ ရောက်လာကြတာလား” အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ထွက်လာပြီးနောက် မိုဝူကျီက မေးလိုက်သည်။
ဟုန်ဖူကျီက ခေါင်းညိတ်ကာ
“ဟုတ်တယ်လေ။ နှစ်ဝက်ကနေ တစ်နှစ်ပြည့်တိုင်း သူတို့က ကျောက်တုံးနက် အရောင်းအဝယ် လာလုပ်ကြတာ။ အခု ကျုပ်တို့ကို အာရုံခံသွားတဲ့ စိတ်စွမ်းအားကလည်း အင်မော်တယ်နယ်မြေက ကျင့်ကြံသူဆီကပဲ ...”
ထိုသို့ဆိုပါက မိုဝူကျီက သူ့စိတ်ထဲ၌ နားလည်သွားပေသည်။ သူက ထိုကျင့်ကြံသူအတွက် ပြိုင်ဘက် မဟုတ်နိုင်သေးချေ။ အကြည့်နှင့်တင် သူ့မြေကမ္ဘာ အင်မော်တယ်အဆင့် ၅ မှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် ဘုရင်ဖြစ်ဖို့ရုံသာ လုံလောက်ပေသည်။ သို့သော် ကောင်းကင်အင်မော်တယ် ကျင့်ကြံသူ အစစ်အမှန်နှင့် တွေ့ပါက သူ့အနေနှင့် သတိကြီးကြီး ထားရလိမ့်မည်။
သခင်ပုဆိန်အနေနှင့် မိုဝူကျီက လမ်းတဝက်၌ စိတ်ပြောင်းသွားမည်ကို စိုးရိမ်လာ၍ သူ့ပျံသန်းရေး ရတနာကို အရှိန်အဆုံးထိ မြင့်တင်လိုက်သည်။ မိုဝူကျီ၏ ယာဉ်ပျံမှာ နတ်ဘုရားရွှေနေကြာ အများကြီးသုံး၍ ဆရာကြီးဖူကျိကိုယ်တိုင် ဆောက်လုပ်ပေးထားခြင်း ဖြစ်သည်။ သခင်ပုဆိန် မည်မျှ အရှိန်မြင့်စေကာမူ မိုဝူကျီက နောက်မှ အမီလိုက်နိုင်လေ၏။ သခင်ပုဆိန် စိတ်ထဲ၌ မိုဝူကျီသာ သူ့ကို လိုက်ဖမ်းပါက သူ့အနေနှင့် လွတ်မြောက်ရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း တွေးမိသွား၏။
နေ့ဝက်အကြာတွင် သခင်ပုဆိန်က ရပ်တန့်လိုက်သည့်အတွက် မိုဝူကျီလည်း သူ့ယာဉ်ပျံကို သိမ်းဆည်းလိုက်သည်။ ကျောက်တုံးနက်ကြီးပေါ်တွင် ခြေချိတ်ထိုင်နေသော မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသားကို မြင်လိုက်ရသည်။ ထိုလူက မျက်လွှာချထားပြီး အရှိန်အဝါကို သိမ်းထားလေသည်။ မိုဝူကျီက သူ့စိတ်စွမ်းအားဖြင့် ထိုလူ၏ ကျင့်ကြံဆင့်ကို မပြောနိုင်ပေ။
ထိုလူမှာ သခင်ပုဆိန်နှင့် အရောင်းအဝယ် လုပ်နေသည့် အင်မော်တယ်နယ်မြေမှ လူသာ ဖြစ်ရမည်။ မိုဝူကျီ မျက်နှာထားမှာ တည်ငြိမ်နေပြီး မည်သည့်ခံစားချက်မှ ရှိမနေပေ။ သူ့တွင် ဝိညာဉ်စွမ်းအား လှိုင်းများလည်း ရှိမနေပေ။ သို့သော်လည်း သူ့စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းများကို အဆုံးအစွန်အထိ ဖွင့်ဟထားသည်။ သူက အချိန်မရွေး အင်အားအပြည့် ထုတ်သုံးနိုင်လေသည်။
“သခင်ကုန်း ... ကျတော် မိုဝူကျီကို ခေါ်လာပါပြီ။ ဒီလူပါပဲ ...” ဟုန်ဖူကျီက ရှေ့တိုးကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ သူ့လေသံတွင် လေးစားမှုများနှင့် သတိထားမှုများ ပါဝင်နေသည်။ မိုဝူကျီက သူ့အသံထဲ၌ စိုးရိမ်သောက ကင်းသွားသည့် ခံစားမှုမျိုးပါ သတိထားမိလိုက်သည်။
“မင်းက ဟုန်ဖူကျီဆီက ကျောက်တုံးနက်နဲ့ အင်မော်တယ် တစ်ပိုင်း ကျောက်တုံးတွေကို လုယူသွားတဲ့ မိုဝူကျီလား ... ” ကုန်းဟို့က မိုဝူကျီကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
မိုဝူကျီက သူ့ရှေ့မှ အင်မော်တယ်ကို ကြည့်လိုက်သည်။ သူ့တွင် ကျဉ်းရှည်ရှည် မျက်လုံးအစုံရှိပြီး သူ့နှာခေါင်းမှာ တိုနေသည့်အတွက် ထူးထူးဆန်းဆန်း ဖြစ်ကာ ရုပ်ဆိုးနေသည်။
“ဟုတ်ပါတယ်၊ ကျုပ်က မိုဝူကျီပါ။ ကျုပ်က အဲဒီစိတ်စွမ်းအင် ကျောက်ချောတွေကို ကျုပ် ရောင်းပေးလိုက်တဲ့ ကျောက်တုံးနက်တွေအတွက် ရတာပါ။ ကျုပ် မိုဝူကျီက မချမ်းသာပေမဲ့ ခိုးယူရအောင်အထိ အောက်မကျပါဘူး”
မိုဝူကျီက လက်သီးဆုပ်လျက် ပြောလိုက်သည်။ ဟုန်ဖူကျီကဲ့သို့ ဤလူ အကြိုက် ဆောင်မည်ဆိုလျှင် ဟာသတစ်ခုသာ ဖြစ်လိမ့်မည်။ သူ့မိဘအပြင် မိုဝူကျီက မည်သူရှေ့မှ ဒူးမထောက်ဖူးပေ။ ကောင်းကင်အင်မော်တယ် အဆင့်မျှဖြင့် ဆရာကြီးဖူကျိ ပြောသည့်စကားအရ သူက အင်မော်တယ်အတုအယောင် ဖြစ်နေနိင်ပေသည်။ သို့သော် မိုဝူကျီကို ဒူးထောက်စေရန် သူက အရည်အချင်း ပြည့်မီရဲ့လား။
ဟုန်ဖူကျီက မိုဝူကျီ စကာများ ကြားသောအခါ သူ့တစ်ကိုယ်လုံးမှာ တုန်ယင်လာပြီး မြန်မြန် ပြောလိုက်သည်။
“သခင်ကုန်း ... မိုဝူကျီက ကျုပ် အင်မော်တယ်တစ်ပိုင်း ကျောက်အားလုံးကို လုသွားလို့ ကျုပ် ကျောက်တုံးနက်တွေ ထပ်မဝယ်နိုင်တော့တာပါ။ အဲဒါကြောင့် သခင်အတွက် ကျောက်တုံးနက် မစုဆောင်းပေးနိုင်တော့တာ ...”
မူလက သူ့တွင် ကျောက်တုံးနက် အနည်းငယ် ရှိပေသည်။ သို့သော် ကွမ်းချွမ်အား မိုဝူကျီကို အချိန်မရွေး တိုက်ခိုက်ခွင့်ရရန် ပေးကမ်းခဲ့သည့်အတွက် ထိုကျောက်တုံးနက် အားလုံးမှာ ကွမ်းချွမ် အိတ်ထဲ ရောက်သွားလေပြီ။
ကုန်းဟို့က ခေါင်းညိတ်ပြကာ ဟုန်ဖူကျီကို ပူပင်ကြောင်ကြမဲ့စွာ ပြောလိုက်သည်။
“မင်းကို အပြစ်မတင်ပါဘူး။ မင်းလည်း ဒီနှစ်တွေမှာ တော်တော် ကြိုးစားခဲ့ပါတယ်။ အခုတော့ သွားပေတော့ ...”
သူက နောက်ဆုံးစကားကို ကြားသောအခါ ဟုန်ဖူကျီ၏ တစ်ကိုယ်လုံးမှာ အေးစက်သွားပြီး သူ့နှလုံးသားမှ အရာအားလုံး ပြီးဆုံးသွားသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။ သူက ကုန်းဟို့မှာ သူ့ကို သတ်ပစ်ချင်နေမှန်း သိလိုက်သည်။ သူက အခြားအရာများကို မတွေးတောနိုင်တော့ဘဲ သဘာဝစွမ်းအားများကို လှည့်ပတ်ရင်း ထွက်ပြေးဖို့ရာ ကြိုးစားလိုက်သည်။
“ဘုန်း ” အနက်ရောင်အလင်း တစ်ချက် ဖြတ်ပြေးသွားပြီးနောက် ဟုန်ဖူကျီမှာ အော်သံပင် မထွက်လိုက်ဘဲ ထိုအလင်းကြောင့် အမှုန့် ဖြစ်သွားတော့သည်။
မိုဝူကျီက စိတ်စွမ်းအား သုံးမထားသလို သဘာဝစွမ်းအားများ ထုတ်မလွှင့်ထားသော်လည်း သူက သခင်ကုန်းဟို့မှာ သူ့ထက် များစွာ အားကောင်းကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ သူ့ကို လွှမ်းခြုံထားသည့် သဘာဝစွမ်းအားများမှာ သာမန် သဘာဝစွမ်းအားများထက် ကျော်လွန်နေပေသည်။
ဖြစ်နိုင်တာ ဒဏ္ဍာရီလာ အင်မော်တယ် စွမ်းအားများလား ...
အင်မော်တယ်တစ်ပိုင်း နယ်ပယ်၏ မှောင်ခိုဈေးကွက်ကို အုပ်စိုးခဲ့သည့် သခင်ပုဆိန်မှာ တစ်ချက်တည်းဖြင့် ပျောက်ကွယ်သွားရ၏။
“မိုဝူကျီ ... ငါ ဘာလို့ သူ့ကို သတ်လိုက်တာလဲ ဆိုတာ သိလား” ကုန်းဟို့က ဟုန်ဖူကျီကို သတ်ပြီးနောက် ဘာမျှ မဖြစ်ပျက်ခဲ့သည့်အလား မိုဝူကျီကို မေးလိုက်သည်။
မိုဝူကျီက စိတ်ထဲတွင် သရော်လိုက်သည်။ အကယ်၍ ဤနည်းလမ်းကို အသုံးပြု၍ သူ့အား ခြိမ်းခြောက်ဖို့ ကြိုးစားနေသည်ဆိုလျှင် သူကဲ့သို့ အင်မော်တယ် အတုအယောင်က မလုံလောက်သေးပေ။
“အရှင် သူ့ကို ဘာအကြောင်းနဲ့ပဲ သတ်သတ် ကျုပ်ကိစ္စ မဟုတ်ပါဘူး။ အရှင်မှာ ကိစ္စမရှိတော့ရင် ကျုပ်လည်း ဆက်အဖော် မပြုပေးတော့ပါဘူး ...” မိုဝူကျီက ပြောလိုက်သော်လည်း သူ့ခြေထောက်များမှာ လုံးဝ မရွေ့လျားနိုင်ပေ။ သူ့အမူအရာမှာလည်း အပြောင်းအလဲ မရှိချေ။
ကုန်းဟို့က အားရပါးရ ရယ်မောရင်း …
“မဆိုးဘူး။ မင်းက သတ္တိရှိသားပဲ။ မင်း ဒီကို ရောက်လာတာတောင် မင်းကိုယ်မင်း ဘာမှ ကာကွယ်မထားဘူး။ ငါ့ကိုမြင်တုန်းကလည်း ဒူးမထောက်ဘူး။ အခု မင်းလေသံက အတော်လေး အထက်စီးဆန်နေပါ့လား။ မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား”
မိုဝူကျီက မပြောင်းမလဲ ဆက်ပြောလိုက်သည်။
“ခင်ဗျား စမ်းကြည့်ပေါ့။ ဒါပေမဲ့ ကျုပ် တစ်ခုတော့ ပြောချင်တယ်။ တကယ်လို့ ခင်ဗျား စမ်းကြည့်ရင်တော့ ကျုပ်တို့တွေ အလုပ်အတူတူ တွဲလုပ်ဖို့ အခွင့်အရေးရမှာ မဟုတ်တော့ဘူး။ ကျုပ်ကို သတ်ချင်နေတဲ့သူနဲ့တော့ အလုပ်တွဲ မလုပ်နိုင်ဘူး ”
သူက ပြောလိုက်ပြီးနောက် မိုဝူကျီ ခန္ဓာကိုယ်မှ သဘာဝ စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုစွမ်းအားလှိုင်းများမှာ တည်ငြိမ်နေသည့် ရေပြင်ကို ဖြတ်တိုက်လာသည့် လေပြေလေညင်းလေးကဲ့သို့ မသိမသာလေး ဖြစ်သည်။
ကုန်းဟို့က မိုဝူကျီ စကားများကို ကြားပြီးနောက် ချက်ချင်း ဒေါသထွက်လာသည်။ သူကလက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ တိုက်မည့်အစား သူ့လက်ထဲ၌ အစိမ်းရောင် ဆေးလုံးတစ်လုံး ပေါ်လာပေသည်။
“မျိုချလိုက် ... အဲဒါဆို မင်းနဲ့ အတူတူ တွဲလုပ်မယ် ” ထိုသို့ ပြောပြီး ကုန်းဟို့က မိုဝူကျီဆီ ဆေးလုံး ပစ်ပေးလိုက်သည်။
မိုဝူကျိက လက်မခံဘဲ ဆေးလုံးကို ပြန်ပစ်ပေးလိုက်ကာ
“ကျုပ်ရဲ့အသက် ခြိမ်းခြောက်ခံရပြီးတော့ တွဲလုပ်ရတာကိုလည်း သဘောမကျဘူး။ တကယ်လို့ တာအိုရောင်းရင်းကုန်းက ဒီလို ဆက်လုပ်နေမယ်ဆိုရင် ကျုပ် ဒီမှာ ဆက်မနေနိုင်တော့ဘူး”
ထို့နောက် မိုဝူကျီ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး ဆယ်မီတာအကျော်တွင် ပြန်ပေါ်လာလေ၏။
“ထိပ်တန်း လေလွတ်မြောက်ရေး နည်းစနစ်ပါလား” ကုန်းဟို့၏ မျက်လုံးများမှာ ပိုမှေးသွားရင်း
“မင်းစကားတွေက အဲဒီလောက် အထက်စီးဆန်နေတာ အံ့ဩစရာ မရှိတော့ပါဘူး။ မင်းမှာ စွမ်းဆောင်ရည် အချို့တော့ ရှိနေတာပဲ။ ပြော ... ဘယ်လိုလဲလှယ်ချင်တာလဲ။ ငါ့ကို ကျောက်တုံးနက် ဘယ်လောက်ပေးနိုင်လဲ”
မိုဝူကျီက ကုန်းဟို့ စကားများ ကြားသောအခါ ရပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
“ဒါက ခင်ဗျားဘက်က စိတ်စွမ်းအင် ကျောက်ချော ဘယ်လောက် ပေးနိုင်လဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ တကယ်လို့ ခင်ဗျားက အရည်အသွေး ကောင်းကောင်း ဒါမှမဟုတ် အရည်အသွေး မြင့်မြင့်ထဲက ပေးနိုင်မယ်ဆိုရင် ကျုပ်ကို အဆိပ်တိုက်လည်း ကိစ္စမရှိဘူး။ ပြောရမယ်ဆိုရင် ခင်ဗျား စောစောက ထုတ်လိုက်တဲ့ အစိမ်းရောင်ဆေးလုံးလိုပေါ့ ...”
“ဟားဟား စိတ်ဝင်စားစရာပဲ” ကုန်းဟို့က အားရပါးရ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဤသည်မှာ သူ့အသက်အတွက် အကျိုးမြတ်ကို ပို၍ ဂရုစိုက်သောသူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
ကုန်းဟို့ တွေးနေသည့် အရာများကို သိနေသည့်အလား မိုဝူကျီက အေးဆေး ပြောလိုက်သည်။
“ခင်ဗျား တွေးနေတာ မှန်တယ်။ ကျုပ်က ကျုပ်အသက်ထက် ပိုက်ဆံကို ပိုမက်တယ်။ အဲဒီတော့ ခင်ဗျားက ကျုပ်ကို အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည် ရှိမလားတော့ စောင့်ကြည့်တာပေါ့ ...”
“ဟုန်ဖူကျီက တစ်နှစ်ကို ကျောက်တုံးနက် ထောင်ဂဏန်း ပေးတယ်။ အခု ငါက ကျောက်တုံးနက် တစ်သောင်းကနေ နှစ်သောင်းကြား လိုချင်တယ်။ မင်းမှာ ရှိလား” ကုန်းဟို့က မိုဝူကျီကို စိုက်ကြည့်ရင်း မေးလိုက်သည်။
မိုဝူကျီက ခံစားချက် ကင်းမဲ့နေသည့် ပုံအတိုင်း ကျန်ရှိနေပြီး
“တစ်သောင်းနဲ့ နှစ်သောင်းကြားမှာ သူ့ဈေးရှိပြီးတော့ ရှစ်သောင်းနဲ့ တစ်သိန်းကြားမှာလည်း သူ့ဈေးနဲ့သူ ရှိတယ်။ ခင်ဗျားက နည်းနည်းလေး လိုချင်တယ် ဆိုရင်တော့ ကျုပ်တော့ ဒီကိစ္စကို စိတ်တောင် မပါတော့ဘူး”
“ဘာ ... မင်းမှာ ရှစ်သောင်းကနေ တစ်သိန်းကြားထိ ရှိတာလား” စကားဝိုင်းကို ဦးဆောင်နေသူဟု သူ့ကိုယ်သူ အမြဲတွေးခဲ့သည့် ကုန်းဟို့က ရုတ်ခြည်း မတ်တတ် ရပ်လိုက်သည်။ သူ့မျက်ဝန်းမှာ ခံစားချက်မျိုးစုံ ရောပြွန်းနေပေသည်။ ကျောက်တုံးနက် သောင်းဂဏန်းမှာ များပြားနေပြီ ဖြစ်ရာ တစ်သိန်းအထိ ဆိုလျှင် အံ့မခန်း အရေအတွက် ဖြစ်၏။ တကယ်တော့ ဟုန်ဖူကျီ သူ့ကို ပေးနိုင်သည့် ကျောက်တုံးနက် အရေအတွက်မှာ တစ်ထောင်မှ နှစ်ထောင်ကြားသာ ရှိပေ၏။
***