ညှိနှိုင်းခြင်း
Vol. 32 Ch. 431
“ကျုပ် နာမည်ကကုန်းဟို့ ... တကယ်လို့ မင်းပြောတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် မင်းကို စိတ်မပျက်စေရပါဘူး။ မင်းရဲ့ ဈေးကို ပြောလိုက် ...” မိုဝူကျီက ကျောက်တုံးနက်ရှစ်သောင်းနှင့် တစ်သိန်း အကြောင်း ပြောမိသောအခါ ကုန်းဟို့က ချက်ချင်း စိတ်ပြောင်းသွားပေသည်။ သူက ပြန်ထိုင်ချလိုက်ပြီး လေသံမှာ လျော့သွားလေ၏။
အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် ဟုန်ဖူကျီကို အစားထိုးမည့် လူရှာရန် လွယ်ကူသော်လည်း မိုဝူကျီကဲ့သို့ လူမျိုးကို ရှာတွေ့ဖို့က မဖြစ်နိင်သလောက် နည်းပါးပေသည်။
မိုဝူကျီက လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်နှင့် သူ့ဘေးတွင် သင့်လျော်သည့် အရွယ်အစားရှိသည့် ကျောက်တုံးတစ်တုံး ရောက်လာသည်။ ကုန်းဟိုက ထိုင်နေသည့်အတွက် သူ့ရှေ့တွင် မတ်တတ် ရပ်နေသည်ကို ကျင့်သား မရပေ။
ကုန်းဟို့က မိုဝူကျီက အရင်ဦးစွာ ထိုင်လိုက်သည်ကို မြင်သောအခါ သူ့မျက်လုံးတွင် စူးရှသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သို့သော်မကြာခင်၌ မှိန်ကျသွားလေ၏။ ဤတစ်ကြိမ်တွင် သူက ဘာမျှ မပြောတော့ပေ။ မိုဝူကျီ တစ်ယောက် ထိုမျှ မောက်မောက်မာမာ ပြုမူရဲစေလောက်သည့် အထိ သူ့၌ လျှို့ဝှက်ချက် ဘယ်လောက်များများ ရှိနေမည်ကိုသာ သိချင်နေမိသည်။
မိုဝူကျီက အလျင်မလိုဘဲ ပြောလိုက်သည်။
“အရောင်းအဝယ် မပြောခင် တာအိုရောင်းရင်းကုန်းကို မေးခွန်းလေးများ မေးလို့ ရမလား”
“အရောင်းအဝယ်နဲ့ ပတ်သက်နေသရွေ့ ကျုပ် ဖြေပေးမယ်” ကုန်းဟို့၏ ယခင် စိတ်လှုပ်ရှားမှုမှာ ပျောက်ကွယ်သွားပြီး ယခုအခါ တည်ငြိမ်လာပြီ ဖြစ်၏။
“ကောင်းပါပြီ။ ပထမဆုံးမေးခွန်းက ကျောက်တုံးနက်ရဲ့ လုပ်ဆောင်ချက်ကို သိချင်တယ်”
မိုဝူကျီက ထိုမေးခွန်းကို မေးပြီးနောက် ကုန်းဟို့ကို ကြည့်လိုက်သည်။ သူက ကုန်းဟို့မှာ သူ့မေးခွန်း မဖြေလောက်မှန်း မှန်းဆမိသော်လည်း မျှော်လင့်ချက် အနည်းငယ် လက်ကိုင်ထားပြီး မေးကြည့်လိုက်ခြင်း ဖြစ်သည်။
ကုန်းဟို့က မိုဝူကျီကို ရယ်ယောင်သန်းရင်း ကြည့်ကာ
“မိုဝူကျီ မင်းက လူတော် တစ်ယောက်ပါ။ ကျုပ် ဖြေနိုင်တဲ့ မေးခွန်းကို မေးစမ်းပါ ...”
မိုဝူကျီက စိတ်ထဲ မထားဘဲ ဆက်မေးလိုက်သည်
“ဒုတိယမေးခွန်းက စိတ်စွမ်းအင် ကျောက်ချောတွေက ဘာတွေလဲ။ အဲဒါက အင်မော်တယ်မိုင်းတွင်းရဲ့ စွန့်ပစ်ပစ္စည်းလား ...”
ကုန်းဟို့က အားရပါးရ ရယ်မောလိုက်ပြီး
“ဒီမေးခွန်းကိုတော့ ကျုပ် ဖြေနိုင်တယ်။ မင်း ထင်နေတာ မမှားဘူး။ အင်မော်တယ် ကျောက်တွေကိုပဲ အင်မော်တယ် လောကမှာ အသုံးပြုကြတယ်။ အင်မော်တယ် ကျောက်ကို အကြမ်းဖျင်း တူညီတဲ့ အရွယ်ရအောင် ဖြတ်တောက်ရတယ်။
ပြီးသွားရင် ကျင့်ကြံခြင်းနဲ့ ရောင်းဝယ်ရေးမှာ သုံးကြတယ်။ အင်မော်တယ် ကျောက်တွေက အရွယ်အစားမျိုးမျိုး ဆိုတော့ အဲဒါတွေကို အရွယ်တူ ဖြတ်တောက်လိုက်လို့ ဘေးနားက အပိုထွက်လာတဲ့ဟာတွေက အင်မော်တယ်တစ်ပိုင်း ကျောက်တုံးပေါ့ .. အခု မင်းတို့ ခေါ်နေတဲ့ စိတ်စွမ်းအင် ကျောက်ချောပေါ့ ...”
မိုဝူကျီက ချီသွေးကြော ကျင့်စဉ်ကို ဖန်တီးခဲ့သည့် ဂုဏ်သိက္ခာရှိ စတင် တည်ထောင်သူ တစ်ဦး ဖြစ်၏။ ကုန်းဟို့စကားများ ကြားလိုက်သည်နှင့် သူက ချက်ချင်း သဘောပေါက် သွားသည်။ စိတ်စွမ်းအင် ကျောက်ချောများမှာ သူတို့ ကျင့်ကြံခြင်းလောကရှိ စိတ်စွမ်းအင် ကျောက်တုံးထက် များစွာ သာလွန်နေသော်လည်း အင်မော်တယ်လောကမှ စွန့်ပစ်ပစ္စည်းများသာ ဖြစ်နေသောကြောင့် တာအိုအငွေ့အသက်များ ပါဝင်မနေပေ။ ပြီးပြည်စုံသည့် အင်မော်တယ် ကျောက်ကို ပိုင်ဆိုင်ခြင်းသည် သူ့ကျင့်ကြံခြင်း၌ များစွာ ခြားနားသွားလိမ့်မည်။ ဖြစ်နိုင်သည်က အဆင့်တစ်ခုလုံးစာထိ ကွဲပြားသွားနိုင်သည်။
“ကျေးဇူးအများကြီး တင်ပါတယ်။ တတိယမေးခွန်းက အဲဒီစိတ်စွမ်းအင် ကျောက်ချောတွေကို အဆင့်နိမ့် အင်မော်တယ် ကျောက်တွေဆီက ဖြတ်လို့ ရလာတာလား။ အဲလိုဆိုရင် အဆင့်ပိုမြင့်တဲ့ အင်မော်တယ် ကျောက်တွေလည်း ရှိနေမှာပေါ့ ..”
ထိုစဉ် မိုဝူကျီက စိတ်ထဲတွင် အစီအစဉ် အကြမ်းဖျင်း ချထားပြီးလေပြီ။
ကုန်းဟို့က မိုဝူကျီကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်
“နမူနာ တစ်ခုတည်းနဲ့ ဒီလောက်အထိ တွေးနိုင်တယ်ဆိုတော့မင်းက အတော်လေး ဉာဏ်ကောင်းတာပဲ။မင်း ပြောတာ မှန်တယ်။ စိတ်စွမ်းအင် ကျောက်ချောတွေက အဆင့်နိမ့် အင်မော်တယ် ကျောက်တွေက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေပဲ။
အဆင့်နိမ့် အင်မော်တယ်ကျောက်အပြင် အလယ်အလတ်အဆင့်အင်မော်တယ်ကျောက်နဲ့ အဆင့်မြင့် အင်မော်တယ် ကျောက်လည်း ရှိတယ်။ ပြီးတော့ ထိပ်တန်း အင်မော်တယ် ကျောက်လည်း ရှိသေးတယ် ...”
ထိုသို့ဆိုမှတော့ မိုဝူကျီက ကုန်းဟို့ကို လက်နှစ်ဖက် ဆုပ်လျက်
“တာအိုရောင်းရင်းကုန်း... ခင်ဗျားက အဆင့်နိမ့် ဒါမှမဟုတ် အလယ်အလတ်အဆင့် ထဲက ဘယ်ဟာကို ပေးနိုင်တာလဲ... ဒါမှမဟုတ် အဆင့်မြင့် အင်မော်တယ် ကျောက်ထဲကလား...”
ကုန်းဟို့က မိုဝူကျီ စကားများ ကြားသောအခါ နှုတ်ခမ်းများ တွန့်ချိုးသွားပြီး မိုဝူကျီကြောင့် ဒေါသထွက်သွားမိသည်။
အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် အင်မော်တယ်ကျောက်ကို တောင်းရဲရအောင် ဒီလူက ရူးနေတာလား ...
“မင်းဘာသာ အကျိုးသင့်အကြောင်းသင့် တွေးကြည့်ပါဦး။ ကျုပ်တောင် အဆင့်မြင့် အင်မော်တယ်ကျောက်ကို မမြင်ဖူးတာ မင်းဆို ဝေးလာဝေးပဲ။ အလယ်အလတ်အဆင့် အင်မော်တယ်ကျောက်ကိုတော့ မြင်တွေ့ဖူးပြီးတော့ နည်းနည်း ရှိပေမဲ့ တကယ့်ကို နည်းနည်းလေးပဲ ရှိတာ။ ကျုပ်မှာ အဆင့်နိမ့် အင်မော်တယ် ကျောက်တချို့တော့ ရှိပေမဲ့ မင်းနဲ့ အဲဒါတွေကို မလဲလှယ်နိုင်ဘူး။ ခင်ဗျားကို အင်မော်တယ်တစ်ပိုင်း ကျောက်စတွေပဲ ပေးနိုင်မယ်။ အဲထက် မရဘူး ... အများဆုံး အဆင့်နိမ့် အင်မော်တယ်ကျောက် နည်းနည်းလေးတော့ ပေးနိုင်မယ် ..." ကုန်းဟို့ လေသံမှာ ပြတ်သားလှပေသည်။ သူက မိုဝူကျီမှာ ယုတ္တိတန်တန် မစဉ်းစားကြောင်း ခံစားမိလိုက်သည်။
မိုဝူကျီက ခံစားချက် တစ်စက်လေးမျှ အပြောင်းအလဲ မရှိဘဲ လက်ကို ဆန့်ကာ ပြောလိုက်သည်
“ခင်ဗျားကို ကျောက်တုံးနက် ငါးထောင်ပေးမယ် အဲဆို စိတ်စွမ်းအင် ကျောက်ချော ဘယ်လောက်တန်လဲ...”
ကုန်းဟို့က ရုတ်ခြည်း မတ်တတ်ရပ်ကာ မိုဝူကျီကို အေးစက်စွာ ကြည့်လိုက်ရင်း
“မိုဝူကျီ ... မင်းမှာ ထိပ်တန်း လေလွတ်မြောက်ရေး နည်းစနစ် ရှိတယ်ဆိုပြီး ကျုပ် ကုန်းဟို့ကို လာအကဲစမ်းလို့ ရတယ် ထင်နေလား ...”
မိုဝူကျီက မလှုပ်မယှက် ဆက်ထိုင်နေရင်း “ကုန်းဟို့ ... ကျုပ်က ဘယ်အချိန်က ခင်ဗျားကို အကဲစမ်းလိုက်လို့လဲ”
“အခုလေးတင် ... မင်းပဲ တစ်နှစ်ကိုတစ်သောင်း၊ နှစ်သောင်း ပြီးတော့ ရှစ်သောင်းကနေ တစ်သိန်းအထိ ပြောသွားတာလေ။ ဒါပေမဲ့ အခု မင်းက တစ်နှစ်ကို ကျောက်တုံးနက် ငါးထောင်ပဲ ပေးမယ်ဆိုတော့ မင်းမှာ သိပ်သတ္တိ ရှိနေတာလား ...” ကုန်းဟို့က ပြောလိုက်ရင်း သတ်ဖြတ်ငွေ့များကို ထုတ်လွှတ်လိုက်သောကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါလာသည်။
မိုဝူကျီက မထီမဲ့မြင် ပြောလိုက်သည်။
“ကုန်းဟို့ ... ခင်ဗျားက ကျင့်ကြံဆင့် မြင့်တယ်ဆိုပြီး ကျုပ်ရဲ့ ကျောက်တုံးနက်တွေကို လာလုချင်တာလား။ မဟုတ်ရင် ကျုပ်ရဲ့ ကျောက်တုံးနက် သောင်းဂဏန်းအတွက် စိတ်စွမ်းအင် ကျောက်ချောနဲ့ လဲဖို့ဘယ်လိုများ အရှက်မဲ့ပြီး ပြောထွက်ရတာတုန်း။
ကျုပ်က မြေကမ္ဘာအင်မော်တယ် အဆင့်လေး ဆိုပေမဲ့ အလွယ်တကူ အနိုင်ကျင့်လို့ ရမယ် ထင်နေတာလား။ ကျုပ် ကျောက်တုံးနက်တွေ ဘယ်လိုရလာတာလဲဆိုတာ ခင်ဗျား သိရဲ့လား ... ကျုပ် ဝိညာဉ်လမ်းကြောင်းတွေ သစ်သားမဖြစ်ဖို့ ကုန်ကျ ခံထားရတာရော သိရဲ့လား”
မိုဝူကျီက သူ့ကို ကျောက်တုံးနက်များအတွက် အင်မော်တယ်ကျောက်စများဖြင့် လဲလှယ်လိုခြင်းသည် ရိုက်စားလုပ်ကြောင်း ပြောသောအခါ ကုန်းဟို့မှာ ချက်ချင်း ဒေါသူပုန် ထလာလေ၏။ မိုဝူကျီက ကျောက်တုံးနက် သောင်းချီ ပေးမည်ဆိုသည့် အချက်ကြောင့်သာ မဟုတ်လျှင် ကုန်းဟို့က တိုက်ခိုက်ပြီးလောက်လေပြီ။
“မိုဝူကျီ ... မင်း သိအောင် တစ်ခု ပြောရဦးမယ်။ ငါတို့ကြားက အရောင်းအဝယ်ကိစ္စကို မပြောနဲ့ဦး။ ကွမ်းချွမ်နဲ့ အင်မော်တယ်နယ်မြေက လူတွေလည်း အင်မော်တယ်ကျောက်စနဲ့ လဲလှယ်နေကြတာပဲ ...” ကုန်းဟို့က ဒေါသကို ချိုးနှိမ်၍ စကားတစ်လုံးချင်းစီ အချိန်ယူ ပြောလိုက်ရသည်။
မိုဝူကျီက အေးအေးဆေးဆေး ခံစားချက် ကင်းမဲ့စွာ ကျန်ရှိနေရင်း ကွမ်းချွမ်တောင် ကျုပ်လောက် ကျောက်တုံးနက် ပေးနိုင်လို့လား။ ပြီးတော့ ခင်ဗျားက အပေးအယူ ကောင်းကောင်း မပေးနိုင်ဘဲနဲ့ ကျုပ်က ဘာလို့ ခင်ဗျားနဲ့ အရောင်းအဝယ် လုပ်ရမှာလဲ။
အင်မော်တယ်နယ်မြေက လူတွေနဲပဲ လုပ်မှာပေါ့။ ကွမ်းချွမ် လုပ်နိုင်မှတော့ ကျုပ် မလုပ်နိုင်စရာ အကြောင်းမရှိဘူး။ နှစ်စဉ် ကျောက်တုံးနက် ငါးထောင်အတွက် ဟုန်ဖူကျီတောင် အဲလောက် ပမာဏ ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ကျုပ် ယုံတယ် ... မိုဝူကျိ စကားများက ကုန်းဟို့ကို ချက်ချင်း ငြိမ်ကျသွားစေသည်။ မိုဝူကျီ စကားများမှာ မှန်ကန်နေပေသည်။ အကယ်၍ သူက အပေးအယူ ကောင်းကောင်း မပေးနိုင်လျှင် မိုဝူကျီက ဘာကြောင့် သူနှင့် အလဲအလှယ် လုပ်နေမည်နည်း။ သူ ဟုန်ဖူကျီနှင့် အလုပ်တွဲလုပ်စဉ်က ဟုန်ဖူကျီမှာ ပုရွက်ဆိတ်သာသာမျှ ဖြစ်ပြီး သူက အထက်လူကြီး ဖြစ်ပေသည်။ မိုဝူကျီနှင့် စီးပွားရေး ဆွေးနွေးစဉ် မိုဝူကျီက အထက်လူကြီး ဖြစ်ပြီး သူက လက်အောက်ခံ ဖြစ်နေသလို အဘယ်ကြောင့် ခံစားနေမိသနည်း။
“တကယ်လို့ ကျုပ်က တစ်နှစ်ကို ကျောက်တုံးနက် နှစ်သောင်းလိုချင်ရင် ကျုပ်ဆီက ဘာလိုချင်လဲ” ကုန်းဟို့က မကျေနပ်ချက်ကို ဘေးဖယ်ထားလိုက်သည်။ ဤအချိန်တွင် ကျောက်တုံးနက်မှာ အရေးကြီးဆုံး ဖြစ်ပေသည်။
“အဆင့်နိမ့် အင်မော်တယ်ကျောက် တစ်သန်း” မိုဝူကျီက မတန်တဆ ဈေးကို ဆိုလိုက်သည်။
ကုန်းဟို့က သီးလုမတတ် ဒေါသထွက်လာမိကာ
“မိုဝူကျီ ... မင်းရဲ့ ကျောက်တုံးနက် နှစ်သောင်းအတွက် ကျုပ်ဘက်က အဆင့်နိမ့် အင်မော်တယ်ကျောက် တစ်သန်း ပေးမယ် ထင်နေလား”
မိုဝူကျီက ကုန်းဟို့ စကားများမှာ မှန်ကန်ကြောင်း သိသည်။ ကျောက်တုံးနက် နှစ်သောင်း တန်ဖိုးမှာ အဆင့်နိမ့် အင်မော်တယ်ကျောက် တစ်သန်းထက် ပိုတန်ဖိုး ရှိမှန်း သိသော်လည်း သူက ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူက ဘာများ လုပ်နိုင်မှာလဲ။ သူက အင်မော်တယ် နယ်မြေဆီ သွား၍ ကျောက်တုံးနက်များကို ရောင်းဖို့ရာ မဖြစ်နိုင်သေးပေ။
ထိုအတွေး ပေါ်လာသည်နှင့် မိုဝူကျီက မချိုးနှိမ်နိုင်တော့ပေ။ သူ့တွင် ကျောက်တုံးနက် တစ်သန်းကျော် ရှိနေသော်လည်း ဤကျောက်တုံးနက် ပမာဏမှာ လုံလောက်သည်ထက် ပိုပေ၏။ သူက ကျောက်တုံးနက်များ ထပ်လိုနေဆဲ ဖြစ်သည်။ ထိုသို့ဆိုလျှင်သူက အင်မော်တယ်နယ်မြေထိ ကျောက်တုံးနက်များ သယ်ဆောင် သွားသည့်အခါ ငွေများများ ဝင်လာလိမ့်မည်။
မိုဝူကျီက ထိုအတွေး တွေးမိလိုက်သောကြောင့် ယခုတွင် သူ့ဘက်မှ အလျှော့ပေးလိုက်သည့် ကိစ္စမှာ အဆင်ပြေနေသေး၏။
“ကျောက်တုံးနက် နှစ်သောင်းအတွက် မင်းကို အင်မော်တယ်ကျောက်စ တစ်သန်းနဲ့ အဆင့်နိမ့် အင်မော်တယ်ကျောက် တစ်သောင်း ပေးမယ်။ အခုဈေးကိုက ဟုန်ဖူကျီကို ပေးတာထက် များနေပြီ” ကုန်းဟို့က ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူက မိုဝူကျီ တောင်းဆိုသည့် ဈေးကို ပေးနိုင်သော်လည်း ဤသဘောတူမှုတွင် အခြားလူများ ရှိနေသေးသည့်အတွက် သူ တစ်ယောက်တည်း ထိုအမြတ်များကို သိမ်းထား၍ မရပေ။
“အဲဆို တာအိုရောင်းရင်းကုန်းက ကျောက်တုံးနက် နှစ်သောင်းပဲ လိုချင်တာလား”
မိုဝူကျီက လက်မခံသလို ငြင်းလည်း မငြင်းပယ်ပေ။ ကျောက်တုံးနက် နှစ်သောင်း သဘောတူမှုမှာ သူ့အာရုံ မဖမ်းစားနိုင်ပေ။ သို့သော်လည်း ကုန်းဟို့က သူ့အား အဆင့်နိမ့် အင်မော်တယ်ကျောက် တစ်သောင်းပေးမည်ဟု ဆိုသောအခါ သူ့ခံစားချက်မှာ ပြောင်းလဲ သွားပေသည်။
ကုန်းဟို့က သူ့အား အဆင့်နိမ့် အင်မော်တယ် ကျောက် တစ်သောင်းပေးနိုင်လျှင် သူက တစ်သိန်းလဲ ထုတ်ပေးနိုင်လိမ့်မည်။ ထိုသို့ဆိုလျှင် တစ်သန်းလျှင် ထုတ်ပေးနိုင်လိမ့်မည်။ ထိုအရာများမှာ ဖြစ်စဉ် တစ်ခု ဖြစ်ပေသည်။
ဆေးစွဲသူမျိုးကဲ့သို့ ဖြစ်သည်။ သူက ပထမဆုံးအကြိမ် ကြိုးစား ကြည့်လိုက်သော်လည်း ပထမအချိန် ရှိနေသောကြောင့် ဒုတိယအကြိမ်လည်း ရှိလာပေလိမ့်မည်။ မကြာခင်၌ သူ စွဲလမ်း သွားပေလိမ့်မည်။
“ကျုပ် ကျောက်တုံးနက် များများ လိုချင်တာပေါ့။ မင်းမှာ ကျောက်တုံးနက် တစ်သိန်းရှိရင် မင်းကို အင်မော်တယ်ကျောက်စ ဆယ်သန်းနဲ့ အဆင့်နိမ့် အင်မော်တယ်ကျောက် တစ်သိန်း ပေးမယ် ...” ကုန်းဟို့က ပြောဖို့ရာ တွန့်ဆုတ်မနေပေ။ ဤဈေးမှာ သူ့အရင်တစ်ခါ ပြောသည်ထက်ပင် ပိုကောင်းမွန်နေလေပြီ။
“ကျုပ်က အင်မော်တယ်ကျောက်စတွေ မလိုချင်ဘူး။ ကျောက်တုံးနက် တစ်သိန်းအတွက် ကျုပ်ကို အဆင့်နိမ့် အင်မော်တယ်ကျောက် သုံးသန်း ပေးရမယ်။ နောက်ထပ် ညှိနှိုင်းစရာ မရှိတော့ဘူး ...” မိုဝူကျီက မတ်တတ်ရပ်လိုက်သည်။ သူက ကျောက်တုံးနက်များက အကျိုးမြတ်များမျာ ရလိမ့်မည်ဟု သေချာသည်။ သူ့ဈေးနှုန်းမှာ သူပြောထားသည့် ယခင်ဈေးနှုန်းထက် နည်းနေပြီဖြစ်ရာ ကုန်းဟို့က ဤသို့မျိုး အကျိုးမြတ်ကို လက်လွတ်ပေးလိမ့်မည်ဟု မယုံပေ။
ဆရာကြီးဖူကျိက စိတ်စွမ်းအင် ကျောက်ချော ဆယ်သန်းမှာ အင်မော်တယ်လျှို ဖြတ်သန်းဖို့ရာ လုံလောက်နေပြီဟု ပြောခဲ့ဖူးသည်။ အကယ်၍သူက အဆင့်နိမ့် အင်မော်တယ် ကျောက် သုံးသန်း ရခဲ့လျှင် သူတို့ အင်မော်တယ် ကူးသန်းရေး သင်္ဘောအတွက် စွမ်းအား အဖြစ် သုံးရန် ပိုကောင်းပေလိမ့်မည်။ အဆင့်နိမ့် အင်မော်တယ်ကျောက် သုံးသန်းက စိတ်စွမ်းအင် ကျောက်ချော ဆယ်သန်းကျော်နေသည်မှာ သေချာပေသည်။
ကုန်းဟို့က လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူက ဒေါသ မထွက်ပေ။ သို့သော် လက်ရှိ သူ့အကျိုးမြတ် ချင့်ချိန်နေရခြင်း ဖြစ်သည်။ ကျောက်တုံးနက်ကဲ့သို့ အရာမျိုးသည် သူ့တွင် များများရှိလေလေ တန်ဖိုးပိုရှိလာလေလေ ဖြစ်၏။ အကယ်၍ မိုဝူကျီက ကျောက်တုံးနက် တစ်သိန်း ထုတ်ပေးနိုင်လျှင် အင်မော်တယ်နယ်မြေနှင့် ယှဉ်ပြိုင်နိုင်လိမ့်မည်။ သူက အထက်လူကြီးများကို ဤကိစ္စသိခွင့် မပြုနိုင်ပေ။ သူက အင်မော်တယ်နယ်မြေမှ လူများနောက် လိုက်ပါလာသည့် အဓိက အကြောင်းအရင်းမှာ သူ့လျှို့ဝှက် အပေးအယူ၌ ကျောက်တုံးနက် များများ မရနိုင်သောကြောင့် ဖြစ်သည်။ အင်မော်တယ် နယ်မြေအတွက် ထိုအရာမှာ စားကြွင်းစားကျန်မျှ ဖြစ်၏။
သို့သော် အကယ်၍ သူက ကျောက်တုံးနက် တစ်သိန်းကို ရယူနိုင်လျှင် ကိစ္စများမှာ ယခင်နှင့် တူတော့မည် မဟုတ်ချေ။
“တာအိုရောင်းရင်းမို ... အဆင့်နိမ့် အင်မော်တယ်ကျောက် သုံးသန်းက အတော်လေး များလွန်းပါတယ်။ ကျုပ် ဟုန်ဖူကျီကို ပေးတာထက် ဆယ်ဆတောင် မကတော့ဘူး ...” ကုန်းဟို့က အေးဆေး ပြောလိုက်သည်။ သူက မိုဝူကျီနှင့် အပေးအယူ လုပ်ကို လုပ်ရမည်။ အကယ်၍ နှစ်တိုင်း သူက ကျောက်တုံးနက် တစ်သိန်း ရနိုင်ပါက ဆယ်နှစ်အကြာတွင် မည်သို့ ဖြစ်လာမည်နည်း။ သူက မိုဝူကျီသည် သူ့ကို ဤတစ်နှစ်တည်း အပေးအယူ လုပ်မည် ဖြစ်ကြောင်း မသိပေ။
ဤသည်မှာ သူ့အတွက် မိုဝူကျီကို တာအိုရောင်းရင်းဟု ပထမဆုံးအကြိမ် ခေါ်မိခြင်း ဖြစ်သည်။
မိုဝူကျီက အေးဆေး ပြန်ပြောလိုက်သည်။
“ကျုပ်ပေးနိုင်တဲ့ ကျောက်တုံးနက် ပမာဏကလည်း ဟုန်ဖူကျီထက် ဆယ်ဆ မကတော့ဘူးလေ ...”
ကုန်းဟို့က စိတ်အတွင်းမှ ပြောလိုက်သည်။
တကယ်လို့ မင်းသာကျောက်တုံးနက် တစ်သိန်း ပေးနိုင်ရင်တော့ သေချာပေါက် ဆယ်ဆကျောက်တာပေါ့ ... အဆတစ်ရာလောက်တောင် ဖြစ်နေပြီကိုး ...
“ကောင်းပြီ အဲဆို သုံးသန်းပဲ ... မင်းရဲ့ ကျောက်တုံးနက်တွေကို ဘယ်နေရာမှာ သိမ်းထားမှာလဲ ...” ကုန်းဟို့က အံကြိတ်ကာ မိုဝူကျီ ဈေးကို လက်ခံလိုက်ရသည်။
မိုဝူကျီက ပြုံးလိုက်ရင်း
“တာအိုရောင်းရင်းကုန်း ... ကျုပ်က ကျောက်တုံးနက်တွေ မသယ်လာဘူးဆိုတာ သိမှာပါ။ တကယ်တော့ ကျုပ်ဆီမှာ ကျောက်တုံးနက် နှစ်သောင်းပဲ ရှိသေးတယ်။ တူးဖို့ သောင်းဂဏန်း ကျန်နေသေးတယ်။ ခင်ဗျားလည်း အဆင့်နိမ့် အင်မော်တယ်ကျောက် သုံးသန်းကို သယ်ပြီးတော့ လျှောက်သွား မနေဘူးမလား ...”
***