← Chapters

ပေသီးနှင့် ကူယာ

Vol. 32 Ch. 432

ပေသီးနှင့် ကူယာ

Vol. 32 Ch. 432

“နောက်တစ်ခါ လာတွေ့ရင် ဒီနေရာမှာပဲ အရောင်းအဝယ် လုပ်ကြမယ်။ အင်မော်တယ်ကျောက်တွေ အတွက် ကျောက်တုံးနက်တွေနဲ့ပေါ့ ... ခင်ဗျား မထွက်သွားခင် ကျုပ်ကို သိုလှောင်လက်စွပ် တစ်ကွင်းတော့ ပေးခဲ့ဦး မဟုတ်ရင် ဒီနေရာကို ကျောက်တုံးနက် အများကြီး သယ်လာနိုင်မှာ မဟုတ်ဘူး” မိုဝူကျီက ဖြေပေးလိုက်သည်။

“မင်းကို ဘယ်လိုယုံရမှာလဲ ..” ကုန်းဟို့က မိုဝူကျီကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“ခင်ဗျားက ကျုပ်ကို အဆိပ်ဆေးလုံး ပေးလိုက်လေ ... နောက်တစ်ခါတွေ့ပြီး အရောင်းအဝယ် ပြီးတော့မှ ကျုပ်ကို ဖြေဆေးပေးပေါ့ ... ဘယ်လိုလဲ” မိုဝူကျီက နောက်ထပ် အတွေးတစ်ခုဖြင့် ထပ်ဖြေပေးလိုက်သည်။

အစကတည်းမှ မိုဝူကျီသည် ကုန်းဟို့ဆီမှ သိုလှောင်လက်စွပ် ယူထားရန် အစီအစဉ် ရှိလေသည်။ အင်မော်တယ်နယ်မြေ၌ ပိုက်ဆံကောင်းကောင်း ရှာဖို့ရန် ကျောက်တုံးနက်များကို စုဆောင်းဖို့ ပြင်ဆင်နေမည်ဆိုပါက ဆရာကြီးဖူကျိ လုပ်ပေးထားသည့် လက်စွပ်မှာ အနည်းငယ် သေးနေပေသည်။ သူ့အတွက် နေရာကျယ်ကျယ်နှင့် သိုလှောင်လက်စွပ် တစ်ကွင်း လိုအပ်ပေလိမ့်မည်။

ကုန်းဟို့က မိုဝူကျီကို အတော်ကြာ စိုက်ကြည့်ပြီးနောက် သက်ပြင်းချကာ “မင်းလိုမျိုး ကျင့်ကြံသူတွေ တကယ် ရှိနေသေးတာပဲ ... ဟုတ်ပြီ မင်းကို ယုံလိုက်မယ် ...”

သူ စတင်ကျင့်ကြံစဉ် ကတည်းမှ သူ့အသက်ထက် ပိုက်ဆံကို ပိုမြတ်နိုးသူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က မိုဝူကျီသည် သူ့အဆိပ်ကို ဖြေနိုင်လိမ့်မည်ဟု ပြောလာလျှင် ယုံမည် မဟုတ်ပေ။ အကြောင်းမှာ ဤအင်မော်တယ်တစ်ပိုင်း နယ်ပယ် တစ်ခုလုံးနှင့် အဆင့်နိမ့် ကျင့်ကြံခြင်းလောက၌ အဆိပ်ဖြေဆေးပင်များ မရှိကြပေ။

“ဒီမှာ သိုလှောင်လက်စွပ် ... အထဲမှာ ကျုပ် နောက်တစ်ကြိမ် လာရင် အသိပေးဖို့ ဆက်သွယ်ရေး ပုတီးစေ့ ထည့်ထားတယ် ...”

ကုန်းဟို့က သက်ပြင်း အရှည်ကြီးချလျက် မိုဝူကျီကို သိုလှောင်လက်စွပ် တစ်ကွင်း ပေးလိုက်သည်။ သူက မိုဝူကျီကဲ့သို့ ငွေကို ငမ်းငမ်းတက် ဖြစ်နေသည့် ကျင့်ကြံသူသည် မြေကမ္ဘာ အင်မော်တယ်အဆင့် တက်လှမ်း၍ ဤအင်မော်တယ်တစ်ပိုင်း နယ်ပယ်သို့ မည်သို့ ရောက်လာနိုင်ကြောင်း နားမလည်နိုင်ပေ။

မိုဝူကျီက သိုလှောင်လက်စွပ် လက်ခံထားပြီးနောက် စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်လိုက်သည့်အခါ အကျယ်အဝန်းမှာ ဆရာကြီးဖူကျိ လုပ်ပေးထားသည့် လက်စွပ်ထက် အနည်းဆုံး ဆယ်ဆခန့် ပိုကျယ်ဝန်းကြောင်း တွေ့လိုက်ရသည်။ ဤသိုလှောင်လက်စွပ်မှာ သူ့ကို ကျောက်တုံးနက်များ ပိုသိမ်းဆည်းစေနိုင်ပြီး အင်မော်တယ်နယ်မြေ အထိပင် ယူသွားနိုင်ပေလိမ့်မည်။

မိုဝူကျီက သိုလှောင်လက်စွပ် ယူသွားသည်ကို ကြည့်နေပြီးနောက် သူက အစိမ်းရောင် ဆေးလုံးကို ထုတ်ကာ မိုဝူကျီဆီ လှမ်းပစ်လိုက်သည်

“ဆေးလုံးကို အခုမျိုချလိုက် ... နောက်တစ်ခါတွေ့ရင် ဖြေဆေးပေးမယ် …”

မိုဝူကျီက တွေဝေမနေဘဲ တန်းမျိုချလိုက်သည်။ သူ့တစ်ကိုယ်လုံးအနှံ့ ငါးညှီနံ့ စိမ့်ဝင်လာသလို ခံစားလိုက်ရသည်။

မိုဝူကျီ ဆေးလုံးကို မျိုချလိုက်သည့် အခိုက်အတန့် မိုဝူကျီ၏ အဆိပ်ဖြေဆေး ချီသွေးကြောမှာ စတင်လှည့်ပတ်လာကာ အချိန်တိုအတွင်း သူ့ခန္ဓာထဲ စိမ့်ဝင်လာသည့် အဆိပ်များကို ချေဖျက်နိုင်လိုက်သည်။ အကယ်၍ မိုဝူကျီက အဆိပ်များကို အတင်းကြပ် မထိန်းချုပ်ထားပါက သူက ချက်ချင်းဆိုသလို အဆိပ်များကို ပြန်အန်မိပေလိမ့်မည်။ အဆိပ်ဖြေထားပြီးသော အဆိပ်များမှာ သန့်စင်သော ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး သူက မကျင့်ကြံနေသော်လည်း မိုဝူကျီက သူ့အင်အား တိုးပွားလာသည်ကို ခံစားမိနေသည်။

မိုဝူကျီက ဝိညာဉ်စွမ်းအားများကို စုပ်ယူလိုက်သည်နှင့် သူ့အတွက် မြေကမ္ဘာအင်မော်တယ် အဆင့် ၆ အဖြစ် တက်လှမ်းသွားမည့် ဖြစ်နိုင်ချေ မြင့်နေကြောင်း သတိထားမိလိုက်သည်။

ထိုစဉ် မိုဝူကျီက အမှန်တော့ ဤသို့ ထပ်ပြောလိုက်ချင်မိသည်။

“တာအိုရောင်းရင်းကုန်း.. ဒီလိုဆေးလုံးများ ထပ်ရှိသေးလား ... ရှိသေးရင်ကျုပ်ကို နည်းနည်းလောက် ထပ်ပေးပါ့လား ...”

သို့သော်လည်း မိုဝူကျီက ထိုသို့ ပြောလိုက်သည်နှင့် ကုန်းဟို့မှာ တစ်ခုခုကို သံသယ ဝင်သွားမည်မှန်း သိ၏။

“မဆိုးဘူး ... မင်း အခုသွားလို့ ရပြီ” မိုဝူကျီက ဆေးလုံး မျိုချလိုက်သည်ကို သတိထားမိပြီးနောက် ကုန်းဟိုက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူက မိုဝူကျီဘေးပတ်လည်မှ အဆိပ်ကြောင့် ဖြစ်လာသည့် အဆိပ်အငွေ့အသက်များကို ခံစားမိ၍ ဖြစ်သည်။

မိုဝူကျီက ချက်ချင်း ထွက်မသွားသေးဘဲ လက်နှစ်ဖက် ဆုပ်လျက်

“တာအိုရောင်းရင်းကုန်း ... အခု ကျုပ်တို့က ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ် ယူဆလို့ ရပြီဆိုတော့ခင်ဗျားက အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကို သင်္ဘောပျံနှင့် လာတာလားလို့ မေးကြည့်လို့ ရမလား ...”

သူက သူတို့ တကယ်ကို သင်္ဘောပျံနှင့် ရောက်လာတာလား အမှန်ပင် သိချင်မိသည်။ မဟုတ်လျှင် သူတိုက အင်မော်တယ်လျှိုမှ အန္တရာယ်များကို မည်သို့များ ရင်ဆိုင်ဖြေရှင်းသနည်း။

ကုန်းဟို့ အမူအရာမှာ ပြောင်းသွားပြီး “မင်း သိခွင့် မရှိဘူး။ မင်းအတွက် များများသိလေလေ မင်း သက်တမ်းတိုလေလေပဲ ... ပြီးတော့ မင်းကို သတိပေးရဦးမယ်။ ခင်ဗျားကို အဆင့်နိမ့် အင်မော်တယ်ကျောက်‌ ပေးမယ်ဆိုတဲ့ ကျုပ်တို့ရဲ့ အလဲအလှယ်ကိစ္စက လုံးဝ အပြင်ကို ပေါက်ကြားလို့ မရဘူး။ အင်မော်တယ်နယ်မြေက အဆင့်နိမ့် အင်မော်တယ်ကျောက်တွေကို အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ ထွက်ပေါ်လာခွင့်ပြု မထားဘူး။ မဟုတ်ရင် တစ်ယောက်ယောက်တော့ သေခြင်းတရားနဲ့ ရင်ဆိုင်ရလိမ့်မယ် ...”

မိုဝူကျီက လေးလေးနက်နက် တောင်းဆိုလိုက်သည် “စိတ်မပူပါနဲ့ … တာအိုရောင်းရင်း ကျုပ်က အဲဒီအင်မော်တယ် ကျောက်တွေ အကြောင်း ဘယ်သူကိုမှ ပြန်မပြောပါဘူး။ ပြီးတော့ တာအိုရောင်းရင်းကုန်းမှာ အဆင့်နိမ့် အင်မော်တယ်ကျောက် နည်းနည်းများ ပါလာလား။ ကျုပ်ကို အရင်ဆုံး ထောင်ဂဏန်းလောက် အရင်ချေးထားပါ့လား ...”

ကုန်းဟို့က ထိုစကား ကြားသည့်အခါ သွေးအန်ထွက်မတတ် ဖြစ်သွားလေ၏။ ဒီလူက ပို၍ စက်ဆုပ်ဖွယ် ကောင်းလေသည်။ ထိုအရာက သူ ထိန်းချုပ်ရ လွယ်ကူသည့် ဟုန်ဖူကျီကို ပြန်လည် အမှတ်ရသွားစေသည်။

ကုန်းဟို့ အမူအရာ ဆိုးရွားသွားသည်ကို မြင်၍ မိုဝူကျီက အဆင့်နိမ့် ကျောက်တုံး တောင်းယူခြင်းမှာ စတေးမှု ဖြစ်ကြောင်း မှန်းဆမိလိုက်ပြီး မြန်မြန် ပြောလိုက်သည် “တာအိုရောင်းရင်းကုန်း... ကျုပ်တို့ မွေးရပ်မြေမှာဆိုရင် ဒါကို စရန် ချထားတယ်လို့ ခေါ်ကြတယ်။ စရန် ချထားတာက ဆက်ဆံရေးနဲ့ လုပ်ငန်းကိစ္စကို ချောမွေ့စေတယ်လေ။ မဟုတ်ရင် ကျုပ်က အဲဒီအဆင့်နိမ့် အင်မော်တယ် ကျောက်တွေကို စိတ်ဝင်စားနေမှာ မဟုတ်ပါဘူး။ ခင်ဗျားအတွက် အဲဒီပမာဏ နည်းနည်းလေးက မပြောပလောက်မှန်း သိပေမဲ့လည်း ကျုပ် ဘဝအတွက်တော့ စိတ်အားထက်သန်မှုနဲ့ အားထုတ်မှုကို ထောက်ပံ့ပေးနိုင်တယ်လေ ...”

မိုဝူကျီက သူ့တွင် စိတ်စွမ်းအင် ကျောက်ချောများစွာ ကျန်ရှိနေသေးသော်လည်း သူ့ကျင့်ကြံဆင့် မြင့်လာသည်နှင့် နောက်တစ်ဆင့် တက်ဖို့ရန် အချိန်လည်း တိုးမြင့်လာပေသည်။ အကယ်၍ သူ မြန်မြန် ကျင့်ကြံလိုပါက ယခု စုပ်ယူနေသည်ထက် ပိုမိုအားကောင်းသော၊ ပိုမို အဆင့်မြင့်သော ဝိညာဉ်စွမ်းအားမျိုး လိုအပ်နေသည်။

မိုဝူကျိက လျှောက်ပြောနေမှန်း သိသော်လည်း ကုန်းဟို့က မိုဝူကျီသည် ထိုအင်မော်တယ်ကျောက် အတွက် အသက်စွန့်ဖို့ရာ ဆန္ဒရှိသည်ကို တွေးမိပြီး အင်မော်တယ်ကျောက် တစ်ပုံကို ထုတ်ယူလိုက်သည်

“ဒီမှာ မင်းအရင်ဆုံး သုံးဖို့ အင်မော်တယ်ကျောက် တစ်ထောင်ပဲ။ ကျုပ်ကို ကျောက်တုံးနက် လုံလုံလောက်လောက် မပြနိုင်ရင် မင်းလည်း အကျိုးဆက်ကို ခံစားရလိမ့်မယ် ... ကျုပ်ကို စိတ်မပျက်စေနဲ့ ...”

“တာအိုရောင်းရင်းကုန်း ... အဲဒီအတွက် မစိုးရိမ်ပါနဲ့ ...” မိုဝူကျီက သူ့အာရုံမှာ အင်မော်တယ် ကျောက်များဆီ ရောက်နေပြီ ဖြစ်သောကြောင့် အသာ ရေရွတ်လိုက်သည်။ အင်မော်တယ် ကျောက်များမှ သိပ်သည်းကာ သန့်စင်လှသည့် ဝိညာဉ်စွမ်းအားများက မိုဝူကျီ စိတ်အတွင်းမှ မီးကို လောင်မြိုက်စေသည်။

သူက ရှေ့တစ်လှမ်းတိုးကာ ထိုအင်မော်တယ်ကျောက် တစ်ထောင်လုံးကို သူ့လက်စွပ်ထဲ ပြောင်းထည့်လိုက်သည်။ ယခုအခါ မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်ထိ တက်လှမ်းဖို့ရာ ပြဿနာ မရှိတော့ကြောင်း သိလိုက်၏။

“နောက်တစ်ခု သတိပေးချင်တာက အရေးကြီးတဲ့ အခြေအနေနဲ့ ရွေးချယ်စရာ မရှိတော့တဲ့ အခြေအနေမျိုး မဟုတ်ရင်ကွမ်းချွမ်ရဲ့ အိမ်တော်ဆီ မသွားဖို့ပဲ” ကုန်းဟို့က မိုဝူကျီ အင်မော်တယ် ကျောက်များ သိမ်းဆည်းပြီးသည်ကို စောင့်ဆိုင်းပြီးနောက် ရုတ်ခြည်း ပြောလိုက်သည်။

မိုဝူကျီက ပြန်မေးလိုက်သည် “ဘာလို့လဲ ”

သူက ကွမ်းချွမ်နှင့် စိတ်စွမ်းအင် ကျောက်ချောများ လဲလှယ်ဖို့ရာ ဆန္ဒမရှိသော်လည်း သူ့ဖက်မှ ဘယ်လိုအဖိုးတန် ပစ္စည်းများ ပေးနိုင်မလဲ သိချင်၍ သူ့ဆီ သွားတွေ့ဖို့ရာ ကြံစည်နေခြင်း ဖြစ်သည်။

“သူ့တာအိုသခင် အိမ်တော်မှာ တစ်စိတ်တစ်ပိုင်း သတ်ဖြတ်ခြင်း အစီအရင်လို့ ခေါ်တဲ့ထောင်ချောက် အစီအရင်လည်း ရှိတယ်။ အဲဒါက အင်မော်တယ်နယ်မြေမှာ သုံးတဲ့ ထောင်ချောက်ပဲ။ ကျုပ်တောင် မလွတ်နိုင်ဘူး။ တစ်နည်းနဲ့ ပြောရမယ်ဆိုရင် မင်း အဲအထဲကို ဝင်လိုက်တာနဲ့ မင်းအသက်ကို မင်း မပိုင်တော့ဘူး။ ကွမ်းချွမ်နဲ့ အင်မော်တယ်လူကြားက တစ်မူထူးတဲ့ ဆက်ဆံရေးကြောင့် မင်းကို သတ်ဖို့က ကြက်လေးငှက်လေး သတ်သလိုပဲ... ဘာဆို ဘာမှ မဟုတ်ဘူး...”

မိုဝူကျိ အမူအရာမှာ ပြောင်းလဲသွားလေ၏။ ကွမ်းချွမ်က သူ့ကို ထိုသို့မျိုး အစီအရင်ဖြင့် စောင့်ကြိုနေလိမ့်မည်ဟု ထင်မထားပေ။ ထိုလူမှာ မိုဝူကျီ၏ စွမ်းအားကို သတိတကြီး ထားနေဟန် ပေါ်သည်။

“ကျုပ် သိပါပြီ။ တာအိုရောင်းရင်းကုန်းကို ကျေးဇူးတင်ပါတယ် ...” မိုဝူကျီက လက်နှစ်ဖက် ဆုပ်ထားကာ သူ့ကျေးဇူးတင်မှုကို ဖော်ပြလိုက်သည်။

ကုန်းဟို့က မိုဝူကျီ သဘောထားကို အလွန် ကျေနပ်သွားပြီး လှည့်ထွက် သွားတော့သည်။ ဤတစ်ကြိမ် သူ ပြန်လာသည့်အခါ စိတ်စွမ်းအင် ကျောက်ချောများသာ ပေးနိုင်လိမ့်မည်။ သူ တစ်ယောက်တည်း အင်မော်တယ် ကျောက်တုံး ရာဂဏန်း ထပ်ရှာဖို့က သူ့အတွက် မဖြစ်နိုင်ချေ။

မိုဝူကျီက အင်မော်တယ်တစ်ပိုင်း နယ်ပယ်ဆီ ပြန်လာသည့်အခါ အင်မော်တယ်တစ်ပိုင်း နယ်ပယ် အဝင်ဝတွင် သင်္ဘောပျံ တစ်စင်းက အစအနမရှိ ပျောက်ကွယ် သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။

ထိုသင်္ဘောပျံ အမြန်နှုန်းမှာ သူ့ယာဉ်ပျံထက်ပင် ပိုမြန်နေသောကြောင့် ထိုသင်္ဘောပျံမှာ ကျောက်တုံးနက် လာလှယ်သည့် အင်မော်တယ်နယ်မြေမှ လူများဆီမှ ဖြစ်ကြောင်း ခန့်မှန်း မိလိုက်သည်။

“မိုဝူကျီက တံခါးပိတ် ကျင့်ကြံနေတာကနေ ထွက်လာပြီးတော့ အပြင်ထွက်သွားသေးတာပဲ .....” ကွမ်းချွမ်၏ တာအိုသခင် အိမ်တော်အတွင်း ကွမ်းချွမ်က သူ့ရှေ့က စောင့်ကြည့်ရေး ပိတ်ကားချပ်ကို ကြည့်ကာ ရေရွတ်လိုက်၏။

မုန့်ထျန်းယွီက သူ့တော်ဝင်တုတ် ပျောက်ဆုံး သွားပြီးနောက်တွင် ကွမ်းချွမ်၏ လက်အောက်ခံ တစ်ယောက်အပြင် ဘာမျှ မပိုသောကြောင့် ဝင်မပြောတော့ပေ။

“ညီလေးမုန့် ... မိုဝူကျီက အခန်းထဲကနေ ထွက်ထွက်လာချင်း အပြင်တန်းထွက် သွားတာဆိုတော့ သူ ဘယ်များ သွားတယ် ထင်တုန်း။ ငါ့ကိုရော လာရှာမယ် ထင်လား ...” ကွမ်းချွမ်က မုန့်ထျန်းယွီဘက် လှည့်ကာ ရုတ်တရက် မေးလိုက်သည်။

ယခင် အင်မော်တယ်နယ်မြေမှ လူများ ကျောက်တုံးနက် လာလဲလှယ်သည့်အခါ ကွမ်းချွမ်က စောင့်ကြည့်ရေး ပိတ်ကားချပ်ကို ကြည့်ဖို့ရာ အာရုံမရှိသောကြောင့် မိုဝူကျီက သခင်ပုဆိန်နှင့် အတူတူ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ထွက်ခွာသွားခြင်းကို မသိပေ။

မုန့်ထျန်းယွီက နှာခေါင်းရှုံ့ကာ“သူ သေချာပေါက် ဒီနေရာကို ရောက်လာလိမ့်မယ်လို့ ယုံတယ် ...”

ကွမ်းချွမ်က မုန့်ထျန်းယွီ ပြောသည့်စကားကို သဘောကျသောကြောင့် ကျယ်ကျယ် လောင်လောင် ရယ်မောလိုက်သည်။ အကယ်၍ မိုဝူကျီက သူ့အား လာမရှာလျှင်ပင် သူက မုန့်ထျန်းယွီကိုတော့ သေချာပေါက် သွားရှာလိမ့်မည်။ ထိုသို့ဆိုလျှင် သူ ယခု တာအိုသခင် အိမ်တော်၌ ရှိနေသည့် သတင်းမှာ မိုဝူကျီဆီ ရောက်ရှိ သွားလိမ့်မည်။

သို့သော်လည်း မိုဝူကျီက မုန့်ထျန်းယွီကို သွားမရှာသလို ကွမ်းချွမ်ဆီလည် မသွားခဲ့ပေ။ အကြောင်းမှာ ဆရာကြီးဖူကျိတို့ဆီ သတင်းပို့ပြီးသည်နှင့် ဆက်လက် ကျင့်ကြံရန် ပြင်ဆင် နေသောကြောင့် ဖြစ်၏။

သူ့တွင် ရှိနေသော ချမ်းသာမှုနှင့်အတူ သူက စိတ်စွမ်းအင် ကျောက်ချောများ ထပ်ရဖို့ရန် စိတ်ကူး မထားတော့ပေ။ အရင်ဆုံး သူက ကျောက်တုံးနက် အတွက် သေမင်းမိုင်းတွင်းဆီ ထပ်မသွားခင် မြေကမ္ဘာအင်မော်တယ် နောက်ပိုင်းအဆင့်ထိ ကျင့်ကြံဖို့ရာ ရည်ရွယ် ထားလေသည်။ ကုန်းဟို့နှင့် အလဲအလှယ် လုပ်ပြီးသည့်အချိန်တွင် သူတို့က အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ အင်မော်တယ်လျှိုဆီ ထွက်သွားကြမည် ဖြစ်သည်။

မိုဝူကျီက သူ့အိမ်ထဲ ဝင်လာသည်နှင့် တစ်စုံတစ်ယာက်က သူ့အိမ်အပြင်ဘက်မှ အတားအဆီးများကို နှောင့်ယှက်ထားကြောင်း သတိပြုမိလိုက်သည်။ သူက ထိုလူမှာ ဆရာကြီးဖူကျိ မဟုတ်မှန်း သေချာ သိနေသည်။ အကြောင်းမှာ သူတို့အားလုံး မရှိသည့်အတွက် သူတို့လုပ်သည့် ကိစ္စ မဖြစ်နိုင်ချေ။

မိုဝူကျီက ကွမ်းချွမ်များ သူ့ကို လာရှာတာလားဟု စဉ်းစားမိလိုက်စဉ် တစ်စုံတစ်ယောက်က သူ့အိမ်ရှိ အတားအဆီးများကို နောက်တစ်ကြိမ် လာထိကြောင်း သတိပြုမိလိုက်ပြန်သည်။

မိုဝူကျီက အတားအဆီးကို ဖွင့်ဟ၍ ကြည့်လိုက်သည့်အခါ အပြင်ဘက်တွင် လူနှစ်ယောက် ရပ်နေလေ၏။ မိုဝူကျီက သူတို့နှစ်ယောက်လုံးကို မှတ်မိလိုက်ပြီး ထိုသူတို့မှာ သူနှင့်ရန်ငြိုး အကြီးကြီး ရှိကြသည့်သူများ ဖြစ်နေသည်။

တစ်ယောက်မှာ သခင်ပုဆိန်၏ ပေသီး ဖြစ်ပြီး နောက်တစ်ယောက်မှာ လှပကြော့ရှင်းသည့် အမျိုးသမီး ကူယာ ဖြစ်နေ၏။

“တာအိုရောင်းရင်းမိုကို နှုတ်ဆက်ပါတယ် ...” မိုဝူကျီ ထွက်လာသည်နှင့် ပေသီးနှင့် ကူယာတို့က မိုဝူကျီကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

မိုဝူကျီက မြန်မြန် တုံ့ပြန်လိုက်သည်“အထဲ ဝင်လာပါ ...”

သူတို့က သူ့ကို တစ်လျှောက်လုံး စောင့်နေခဲ့သည်မှာ သေချာလှပေသည်။ ထို့အပြင် သူ ပြန်ရောက်ရောက်ချင်း သူတို့ ရောက်ရှိလာသည့် ကိစ္စမှာတိုက်ဆိုင်မှု သပ်သပ်တော့ မဖြစ်နိုင်ပေ။

နှစ်ယောက်သား တွေဝေမနေဘဲ မိုဝူကျီ အိမ်အတွင်း ဝင်လိုက်ကြသည်။

“ခင်ဗျားတို့ နှစ်ယောက် ကျုပ်ကို လာရှာတာ တစ်ကြိမ် မကတော့ဘူးမလား။ ဘာလို့ လာရှာတာလဲ ...” မိုဝူကျီက မပြောခင် သူ့အိမ် အတားအဆီးများကို ပြန်အသက်သွင်း လိုက်သည်။

ပေသီးက လေးလေးစားစား ဖြေလိုက်သည် “ကျုပ်တို့တွေ အရင်ဆုံး တာအိုရောင်းရင်းမိုကို တစ်ခု မေးလို့ ရမလား။ သခင်ပုဆိန် အသတ်ခံလိုက်ရပြီလား ...”

မိုဝူကျီက ပြန်ဖြေလိုက်သည် “ဟုတ်တယ်။ ဟုန်ဖူကျီက အသတ်ခံလိုက်ရပြီ .... ဒါပေမဲ့ ကျုပ်လက်ချက်တော့ မဟုတ်ဘူး”

မိုဝူကျီက သူတို့ကို မကြောက်သည့်အတွက် ဖုံးကွယ်နေဖို့ရာ မလိုအပ်ပေ။ သူတို့ သူနှင့်လာရင်ဆိုင်လျှင် သူတို့နှစ်ယောက်ကို မိနစ်ပိုင်းလေးအတွင်း အဆုံးသတ်ပစ်ဖို့ရာ သူ့အတွက် သိပ်ခက်ခဲမည် မဟုတ်ချေ။

“ကုန်းဟို့ သတ်ခဲ့တာလား” ကူယာက တန်းမေးလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ“အင်း ”

သူတို့နှစ်ယောက်လုံးမှာ ကုန်းဟို့ မည်သူမှန်း သိကြသည့်အတွက် ရောက်လာသည်ကို မြင်တွေ့ဖူးခြင်း ဖြစ်နိုင်သည်။

ပေသီးနှင့် ကူယာတို့မှာ မိုဝူကျီက ထိုအချက်ကို အတည်ပြုပေးပြီး နောက်တွင် တိတ်ဆိတ် သွားကြသည်။

ခဏအကြာတွင် ပေသီးနှင့်ကူယာက လက်နှစ်ဖက်ယှက်လျက် “ကျုပ်တို့ နှစ်ယောက်က အစ်ကိုမို အဖွဲ့ကို ဝင်ချင်ပါတယ်။ အစ်ကိုမိုက ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ ...”

မိုဝူကျီက သူတို့နှစ်ယောက်သည် ထိုသို့ တောင်းဆိုလိမ့်မည်ဟု မျှော်လင့်မထားသည့်အတွက် သူတို့ကို လက်ခံဖို့ရာလည်း တစ်ခါမျှ မတွေးကြည့်ဖူးပေ။ မိုဝူကျီက ထိုစကားကို ကြားသောအခါ အလွန် အံ့အားသင့်သွားပြီး ချက်ချင်း ပြန်မဖြေနိုင်ပေ။

မိုဝူကျီ ပြန်မဖြေနိုင်သည်ကို တွေ့ပြီး ပေသီးက သက်ပြင်းချကာ “အစ်ကိုမိုလည်း သူ့ကိစ္စနဲ့သူ ရှိနေမှတော့ ကျုပ်တို့ သွားလိုက်ပါဦးမယ် ...”

မိုဝူကျီ အသံထွက်ပေါ်လာ၏ “ဘာလို့ အဲလို ဆုံးဖြတ်လိုက်တာလဲ။ သေချာရှင်းပြနိုင်ရင် ခင်ဗျားတို့ကို ဝင်ခွင့်ပေးမယ် ...”

သူ့တွင် အင်မော်တယ် ကူးသန်းရေး သင်္ဘောရှိနေသည့်အတွက် လူများများ ရလေလေ ပိုကောင်းလေလေ ဖြစ်သည်။ မိုဝူကျီက ကူယာ စွမ်းဆောင်ရည်ကို မျက်မြင်ကိုယ်တွေ့ မကြုံတွေ့ဖူးသော်လည်း‌ ပေသီး၏ စွမ်းရည်ကိုတော့ ကောင်းကောင်း သိပေသည်။ မိုဝူကျီအတွက် ပေသီးမှာ လော့ချွမ်းဟယ်ထက်ပင် ပိုအားကောင်း နေသေးသည်။ မိုဝူကျီက အကယ်၍ သခင်ပုဆိန်သာ ပေသီးကို ထုံညီအစ်ကိုနှင့် ရင်ဆိုင်ခိုင်းပါက ထုံညီအစ်ကိုမှာ ပေသီးကို ချုပ်နှောင်ထားနိုင်မည် မဟုတ်ကြောင်း သံသယရှိမိသည်။

***

All Chapters